အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇)
ပြီးမြောက်ခြင်း အခမ်းအနား
မုကျားရွာသို့ ပြန်ရောက်သည့်အခါ...။
ကောင်းယွမ်သည် သူ၏ လက်ပတ်ဖုန်းကို ဖွင့်လိုက်လေသည်။ အမေရိကန်၏ စစ်အင်အားကို ဖျက် သိမ်းနိုင်ခဲ့သည့် ပထမဆုံးအဆင့်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။
ယခုအခါ တစ်ရက်မျှ ကြာမြင့်သွားခဲ့ပြီ ဖြစ်ရာ တစ်ကမ္ဘာလုံးက မည်သို့ တုံ့ပြန်လာကြမည်ကို သူ သိလို နေခဲ့ခြင်းဖြစ်ပေသည်။
သူ၏ ဝေ့ပေါ် အကောင့်ထဲသို့ ဝင်ရောက်ကြည့်ရှုလိုက်သည့်အခါ သူသည် အံ့အားသင့်သွားခဲ့ရလေ သည်။ သူသည် တစ်ခါမျှ စာသားတစ်ကြောင်းပင် မတင်ခဲ့ဖူးသော်လည်း ဖော်လိုဝါ ငါးသန်းကျော် ရှိနေခဲ့သည့်အပြင် 'ကောင်းယွမ် စူပါတောပစ်' ဆိုသည့် ခေါင်းစဉ်တစ်ခုပင် ရှိနေခဲ့ပြီ ဖြစ်သည်။
ကောင်းချိုးနှင့် တွေ့ဆုံပြီးနောက်တွင်မူ ကောင်းယွမ်၏ စိတ်နေစိတ်ထားမှာ ယခင်ကနှင့် မတူတော့ပေ။ ယခုအခါ ကောင်းယွမ်သည် လက်ရှိကမ္ဘာနှင့် ပတ်သက်၍ ပိုမို ကင်းကွာလာခဲ့ပြီ ဖြစ်၏။ သူကိုယ်တိုင် မှာ အနာဂတ်ကမ္ဘာမှ လာသူ ဖြစ်သလို ထိပ်တန်း မိသားစုတစ်ခု၏ သခင်လေးလည်း ဖြစ်ပေသည်။
ဤသို့ နောက်ကျကျန်နေသော ကမ္ဘာသို့ ရောက်ရှိလာမှတော့ သူသည်သာ အစိုးရသူ ဖြစ်သင့်သည် မဟုတ်ပါလော။
ကောင်းယွမ်သည် ခေတ္တမျှ တွေဝေပြီးနောက် သူ၏ ပထမဆုံးသော ဝေ့ပေါ် စာသားကို တင်လိုက်လေ သည်။
[ငါးရံ့နက် နည်းပညာကုမ္ပဏီဟာ ယခုအခါ အပူချိန်ထိန်းအဝတ်အစားနဲ့ လက်ပတ်ဖုန်းတွေကို ကမ္ဘာ တစ်ဝန်းက ဒေသအားလုံးဆီသို့ ပေးပို့ရောင်းချသွားတော့မှာ ဖြစ်တယ်...]
ကောင်းယွမ်သည် စာသားတင်ပြီးနောက် အမေရိကန် လေယာဉ်တင်သင်္ဘောကြီးများ ဖျက်ဆီးခံရသည့် ကိစ္စအပေါ် ကမ္ဘာတစ်ဝန်းမှ တုံ့ပြန်မှုများကို စစ်ဆေးရန် ပြင်ဆင်လိုက်၏။ သို့သော် သူ မထွက်ခွာမီမှာ ပင် သူ၏ ဝေ့ပေါ် မှတ်ချက်ကဏ္ဍမှာ လူသစ်များဖြင့် ပွက်လောရိုက်လာခဲ့လေသည်။ စာမျက်နှာကို တစ် ခါ ပြန်ဖွင့်တိုင်း မှတ်ချက်ပေါင်း ရာနှင့်ချီ၍ တိုးလာနေခဲ့ပေသည်။
[ဦးလေးကောင်းကတော့ နောက်ဆုံးမှာ အသက်ဝင်လာပြီပဲ...]
[တကယ်ကို လန်းတယ် ကောင်းယွမ်... မင်းဟာ ယောကျ်ားအစစ်ပဲ...]
[ကောင်းတယ်... စစ်သင်္ဘောကြီးကို နိုင်ငံတော်ကို လှူလိုက်ပါ...]
[ငါးရံ့နက် နည်းပညာကတော့ အံ့ဩစရာပဲ... ငါ အပူချိန်ထိန်းအဝတ်အစား တစ်ထည် ဝယ်ပြီး ဧဝရက် တောင်ကို တက်မလို့... ဧဝရက် အခြေစိုက်စခန်းမှာ အပူချိန်ထိန်းအဝတ်အစား ဝတ်ထားတဲ့သူတွေရဲ့ ဗီဒီယိုကိုလည်း ငါ တွေ့ပြီးပြီ... ခေါင်းစွပ်မှာပါ အပူချိန်ထိန်းစနစ် ပါရင်တော့ ပိုကောင်းမှာပဲ...]
[လက်ပတ်ဖုန်းဆိုတာ အနာဂတ်က လာတဲ့ နည်းပညာအသစ်ပဲ...]
ကောင်းယွမ်သည် မှတ်ချက်များကို ကြည့်လိုက်သော်လည်း ထိုအရာများက သူ့အတွက် အသုံးမဝင် ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် နိုင်ငံအသီးသီးမှ အဓိက သတင်းများကို ဘာသာပြန်ရန် စက်ရုပ်ကို ညွှန်ကြားလိုက်လေသည်။
ဤဖြစ်ရပ်မှာ အမေရိကန်တွင် အကြီးအကျယ် ရိုက်ခတ်သွားခဲ့ခြင်း ဖြစ်၏။ တောင်ရင် နိုင်ငံတကာ ဗားရှင်းနှင့် တွစ်တာတို့တွင် အမေရိကန် ခေါင်းဆောင်သစ်၏ ဗီဒီယိုများကို အကန့်အသတ်မရှိ ဖြန့်ချီ မည်ဟု ကတိပြုထားသည့် သတင်းများ ရှိနေခဲ့ပေသည်။ လေယာဉ်တင်သင်္ဘောကြီးများ နစ်မြုပ်နေ သည့် ဗီဒီယိုများလည်း အများအပြား ရှိနေခဲ့လေ၏။
အမေရိကန်၏ အဓိက ဝက်ဘ်ဆိုက်များတွင်မူ လွှတ်တော်အမတ်အချို့က ငါးရံ့နက် နည်းပညာကုမ္ပဏီ ကို စစ်ကြေညာရန် တောင်းဆိုနေကြသည်ကို ကောင်းယွမ် တွေ့ရှိလိုက်ရသည်။
[ဒါဟာ အမေရိကန် သမိုင်းမှာ အရှက်ရစရာအကောင်းဆုံး ဖြစ်ရပ်ပဲ... စီးပွားရေးသမား တစ်ယောက် က... ငါတို့ သမ္မတကို ဈေးကွက်ဖွင့်ပေးဖို့ အတင်းအကျပ် လုပ်ခဲ့တယ်... ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာက ရှနိုင်ငံရဲ့ အခြေအနေနဲ့ တူတူပဲ...]
[ရှနိုင်ငံရဲ့ သမိုင်းက ငါတို့ကို သင်ခန်းစာ ပေးခဲ့တယ်... အကယ်၍ ငါတို့ကသာ အလျှော့ပေးလိုက်ရင် နောင်မှာ ဒီထက်ဆိုးတဲ့ တောင်းဆိုမှုတွေ ရောက်လာလိမ့်မယ်... ဒါကြောင့် သူတို့ကို ဖယ်ရှားဖို့ကလွဲပြီး တခြားနည်းလမ်း မရှိဘူး... ငါတို့ရဲ့ ဒုံးကျည်တွေ၊ လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ ရှိနေသေးသလို... ရေငုပ်သင်္ဘောတွေလည်း ရှိနေဆဲပဲ... ငါတို့ဟာ ဒီကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး နိုင်ငံ ဖြစ်နေတုန်း ပဲ...]
ထိုဆောင်းပါး၏ အောက်ခြေရှိ မှတ်ချက်များမှာမူ စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ကောင်းယွမ် သည် သူ့အား ဝေဖန်သူများနှင့် ဆောင်းပါးရှင်ကို ထောက်ခံသူများ များပြားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ သော်လည်း အမှန်တကယ်တွင်မူ ထောက်ခံသူမှာ (၂၀) ရာခိုင်နှုန်းခန့်သာ ရှိလေသည်။
ကျန်ရှိသူများ၏ ထက်ဝက်ကျော်မှာ အမေရိကန် စစ်တပ်ကို ဖျက်သိမ်းရန် တောင်းဆိုနေကြပြီး အမေရိ ကန် စစ်တပ်သည်သာ မငြိမ်မသက်မှုများ၏ အရင်းအမြစ် ဖြစ်ကြောင်း ပြောဆိုနေခဲ့ကြခြင်းဖြစ်၏။
[လေယာဉ်တင်သင်္ဘော နစ်သွားတာ ကောင်းတာပေါ့... ဒါဆိုရင် တခြား အသုံးမဝင်တဲ့ အရာတွေအ တွက် ငွေအမြောက်အမြား သုံးစရာ မလိုတော့ဘူး...]
[လေယာဉ်တင်သင်္ဘော နစ်မြုပ်တာက ငါတို့လို အိုးမဲ့အိမ်မဲ့တွေနဲ့ ဘာဆိုင်လို့လဲ...]
ထိုမှတ်ချက်များကို ဖတ်ပြီးနောက် ကောင်းယွမ်သည် အမေရိကန် ပြည်သူများသည် တကယ်ပင် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရလေသည်။ ထိုကဲ့သို့သော သူများသည် ဝက်မွေးမြူရန်အတွက် အကောင်းဆုံးသူများပင် ဖြစ်ကြပေသည်။
...
ကောင်းယွမ်သည် ဤဖြစ်စဉ်၏ ရလဒ်အပေါ် ကျေနပ်နေမိခဲ့လေသည်။
သူသည် လက်ပတ်ဖုန်းကို ဖွင့်ကာ ကျန်းပိုင်ရီကို ခေါ်လိုက်၏။ ကောင်းယွမ်သည် ကမ္ဘာတစ်ဝန်းရှိ ဒေသ အသီးသီးတွင် အပူချိန်ထိန်းအဝတ်အစားနှင့် လက်ပတ်ဖုန်း ရောင်းချခွင့်များကို လေလံတင်ရောင်းချရန် အတွက် ဖြန့်ချီသူများ ညီလာခံတစ်ခု ကျင်းပလိုနေခြင်း ဖြစ်သည်။
ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ကုန်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီနိုင်ရုံသာမက ကိုယ်စား လှယ်ကြေးများကိုလည်း ကြိုတင် ရရှိနိုင်မည် ဖြစ်သည်။ ထိုရရှိလာသော ရန်ပုံငွေများကိုမူ ပေါင်းစပ် စွမ်းအင်၊ စူပါဘက်ထရီများနှင့် အထူးအုပ်ဆေးများကို အသုံးပြုလိုသော ပြည်တွင်း ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရန် အသုံးပြုသွားမည် ဖြစ်ပေ၏။
ဤလုပ်ငန်းများအတွင်းသို့ ဝင်ရောက်နိုင်သော ကုမ္ပဏီများမှာ ၎င်းတို့၏ ကဏ္ဍအသီးသီးတွင် ထိပ်တန်း ကုမ္ပဏီများ ဖြစ်ကြပေသည်။
ကောင်းယွမ်၏ ရင်းနှီးမြှုပ်နှံမှုမှာ အမှန်စင်စစ် ရှနိုင်ငံရှိ အစွမ်းထက် ကုမ္ပဏီများကို စုစည်း၍ ငါးရံ့နက် နည်းပညာကုမ္ပဏီက ဦးဆောင်သည့် စီးပွားရေး မဟာမိတ်အဖွဲ့ကြီးတစ်ခုကို တည်ထောင်လိုက်ခြင်းပင် ဖြစ်၏။
ထို့ပြင် ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ထိုအဖွဲ့၏ ခေါင်းဆောင်နေရာတွင် ရှိနေမည်မှာလည်း သေချာ လှပေသည်။
ချင်ထျဲ့ကျွင်းက ရန်ပုံငွေ ပြဿနာကို ဖြေရှင်းပေးမည်ဟု ကတိပြုထားသော်လည်း ကောင်းယွမ်သည် သူ၏ ယခင် ကျရှုံးမှုများကြောင့် ဘဏ်များကို သဘာဝအရ ယုံကြည်မှု မရှိတော့ပေ။
ဖြန့်ချီသူများ ညီလာခံ ကျင်းပခြင်းအားဖြင့် အကျိုးကျေးဇူး သုံးခုကို တစ်ပြိုင်နက် ရရှိနိုင်ပေသည်။
ပထမတစ်ခု မှာ ဈေးကွက်ကို ကိုယ်တိုင် ဖော်ဆောင်ရသည့် အခက်အခဲနှင့် ကုန်ကျစရိတ်များကို သက် သာစေခြင်း၊ ဒုတိယမှာ ကမ္ဘာလုံးဆိုင်ရာ အကျိုးတူ အသိုက်အဝန်းတစ်ခုကို ဖန်တီးနိုင်ခြင်း ဖြစ်ပြီး ထို ဖြန့်ချီသူများသည် သူ၏ မဟာမိတ်များ ဖြစ်လာကြပေလိမ့်မည်။ တတိယ အကျိုးကျေးဇူးမှာ ရန်ပုံငွေ များ စုဆောင်းနိုင်ခြင်းပင် ဖြစ်ပေတော့သည်။
ကောင်းယွမ်သည် ဤကဲ့သို့သော အခွင့်အရေးကောင်းကို လက်လွှတ်ခံမည် မဟုတ်ပေ။
ယခင်က ဖြန့်ချီသူများ ညီလာခံ မကျင်းပဖူးသေးသောကြောင့် ကောင်းယွမ်သည် ကျန်းပိုင်ရီနှင့် ဆွေး နွေးလိုနေခြင်း ဖြစ်သည်။ အမှန်စင်စစ် ကျန်းပိုင်ရီမှာ အဓိက အလုပ်များကို လုပ်ဆောင်ရသူ ဖြစ်ပြီး ကောင်းယွမ်မှာမူ အနာဂတ်ကမ္ဘာတွင်လည်း အလုပ်လုပ်ရသလို လက်ရှိကမ္ဘာတွင်လည်း စီးပွားရေး လုပ်ဆောင်နေရသဖြင့် အလွန်ပင် အလုပ်များနေခဲ့လေ၏။
ထို့ပြင် ကောင်းယွမ်သည် ရေစက်ရုံနှင့် လေထုတ်လုပ်ရေး စက်ရုံများကိုလည်း တည်ထောင်ရန် စီစဉ် ထားပြီး ထိုကုန်ပစ္စည်းများကို အနာဂတ်ကမ္ဘာသို့ အဓိက ပေးပို့သွားရန် ရည်ရွယ်ထားခဲ့လေသည်။
...
ကျန်းပိုင်ရီမှာ ယခုအခါ အလွန်ပင် ဩဇာတက်နေခဲ့ပြီ ဖြစ်၏။ ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် သူသည် အောင်မြင်မှုများစွာကို ရရှိထားပြီး ပူးပေါင်းဆောင်ရွက်လိုသူများ၏ ဖုန်းဆက်သွယ်မှုများကို နေ့စဉ်နှင့်အမျှ လက်ခံနေရလေသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းယွမ်မှာ ဤနေရာတွင် အမြဲရှိမနေသောကြောင့် ဖြစ်ပေတော့သည်။
ကောင်းယွမ်၏ ဖုန်းကို လက်ခံရရှိသည့်အခါ ကျန်းပိုင်ရီသည် ရောက်ရာအရပ်မှ ချက်ချင်းပင် ပြန်လှည့် လာခဲ့လေသည်။
ကျန်းပိုင်ရီကို စောင့်နေစဉ်မှာပင် ကောင်းယွမ်သည် လင်းမေထံမှ ဖုန်းတစ်ကောကို လက်ခံရရှိလိုက်၏။
"အစ်ကိုယွမ်... မုကျားမှာ ရှိနေတာလား..."
"ရှိတယ်လေ... ဘာကိစ္စ ရှိလို့လဲ..."
"မုကျား ကျေးရွာသစ် တည်ဆောက်ပြီးသွားပြီလေ... ဒီနေ့ အထိမ်းအမှတ် အခမ်းအနား ရှိတယ်... ရွာလူကြီးက အစ်ကို့မှာ အချိန်ရှိမလား သိချင်နေလို့ပါ..."
"ဒီလောက် မြန်မြန်ကြီးလား..."
"ဟုတ်တယ်... တကယ်ကို မြန်တယ်... ရွာသားတွေက အစ်ကို့ကို အရမ်း ကျေးဇူးတင်နေကြတာ..."
ကောင်းယွမ် ခေတ္တမျှ စဉ်းစားလိုက်လေ၏။
"ဘယ်အချိန် စမှာလဲ..."
"အခုပဲ စတော့မှာပါ..."
ကောင်းယွမ်သည် သူ ငယ်စဉ်က ဤရွာလေးတွင် ဖြတ်သန်းခဲ့ရသည့် ပျော်စရာ ဖြစ်ရပ်များကို သတိရ သွားပြီး သူ ရှိနေမှတော့ မသွားဘဲ နေစရာ အကြောင်း မရှိပေ။ သူ၏ မျက်နှာကို ပြသလိုက်ရုံဖြင့် ရွာသားများအတွက် ကြီးမားသော အားပေးမှု ဖြစ်လာပေလိမ့်မည်။
"ရှောင်မေ... ငါ အခုပဲ လာခဲ့မယ်..."
ကျန်းပိုင်ရီ ပြန်ရောက်လာရန် အချိန်အနည်းငယ် လိုသေးသဖြင့် ကောင်းယွမ်သည် လုံခြုံရေးစက်ရုပ် များ ဖြစ်သည့် အန်းကျိုနှင့် အန်းရှီတို့ကို ကားမောင်းခိုင်းကာ မုကျား ကျေးရွာသစ်သို့ သွားလိုက်လေ သည်။
ထိုနေရာမှာ မဝေးလှဘဲ မိနစ်အနည်းငယ်သာ ကြာမြင့်လေသည်။
ကားပေါ်မှ ဆင်းလိုက်သည့်အခါ လင်းမေ၊ ရွာလူကြီးနှင့် ရွာသားအမြောက်အပြား ရောက်ရှိ လာကြ သည်ကို တွေ့လိုက်ရလေသည်။
"အစ်ကိုယွမ်..."
လင်းမေက ပြုံးလျက် နှုတ်ဆက်လိုက်၏။
ကောင်းယွမ်သည် ခြေလှမ်းများကို မြှင့်လိုက်ပြီး ရွာလူကြီးနှင့် လက်ဆွဲနှုတ်ဆက်လိုက်လေ သည်။
"ကောင်းမိသားစုကတော့ ကံထူးလိုက်တာ... ဒီလို လူတော်တစ်ယောက် ထွက်ပေါ်လာတယ်..."
"ရွာလူကြီး... ခင်ဗျားကသာ မုကျားရွာရဲ့ အဓိက မှီခိုအားထားရာပါ..."
"အခု ဘဝတွေ ဘယ်လောက် ကောင်းလာပြီလဲ ကြည့်ပါဦး... အိမ်လှလှလေးတွေနဲ့ အိမ်မှာနေရင်းနဲ့တင် ငွေရှာလို့ ရနေပြီ... ငါးရံ့နက် နည်းပညာကုမ္ပဏီက တကယ့်ကို ကောင်းတယ်... ငါ အခု အများကြီး နားမလည်တော့ပေမဲ့ ရွာက ကလေးတွေ အများကြီး ပြန်ရောက်လာကြပြီ..."
"နောင်ဆိုရင် ပိုပြီးတော့တောင် ပြန်လာကြဦးမှာပါ..."
ကောင်းယွမ်က ပြောလိုက်လေ၏။
ကောင်းယွမ် တည်ဆောက်ရန် စီစဉ်ထားသော ရေစက်ရုံနှင့် လေထုတ်လုပ်ရေး စက်ရုံများတွင် စက်ရုပ် များကို အသုံးပြုမည် မဟုတ်သလို ၎င်းတို့မှာ အဆင့်မြင့် နည်းပညာများလည်း မဟုတ်ပေ။ ထို့ကြောင့် သူသည် အလုပ်သမား အမြောက်အမြားကို အသုံးပြုသွားမည် ဖြစ်၏။ ရှာထားသော ငွေများကို မသုံးဘဲ ထားခြင်းမှာ အသုံးမဝင်သော စက္ကူများသာ ဖြစ်သောကြောင့်ပင်ဖြစ်ပေသည်။
ရွာသားများ အားလုံးသည် ကောင်းယွမ်၏ ပတ်လည်တွင် စုဝေးလာကြ၏။ သူတို့၏ မျက်လုံးများတွင် ကောင်းယွမ်ကို မျှော်လင့်တကြီး ကြည့်နေသည့် အကြည့်များ ရှိနေခဲ့ကြလေသည်။
ကောင်းယွမ်သည် သူ၏ မူလတန်းကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမ အမြောက်အပြားကိုလည်း တွေ့ဆုံခဲ့ရလေသည်။
သူ ငယ်စဉ်က ရွာရှိ ကလေးများ အားလုံးသည် မိမိတို့ ရွာရှိ ကျောင်းတွင်သာ ပညာသင်ကြားခဲ့ကြ သော်လည်း ယခုမူ ရွာမူလတန်းကျောင်းမှာ ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပြီး ကလေးများမှာ မြို့ပေါ်သို့ သွားရောက် ပညာသင်ကြားနေကြရလေသည်။
ထိုစဉ်က ကျေးလက် ဆရာ၊ ဆရာမများမှာမူ အလုပ်လက်မဲ့ ဖြစ်နေကြရ၏။ ၎င်းတို့အနက် အများစုမှာ ပုဂ္ဂလိက ဆရာများ ဖြစ်ကြပြီး ကျောင်းများ မရှိတော့သည့်အခါ ၎င်းတို့မှာလည်း မလိုအပ်တော့ပေ။ ၎င်းတို့သည် တစ်သက်လုံး စာသင်ကြားခဲ့ကြပြီး ၎င်းတို့၏ တပည့်များမှာ ကမ္ဘာအနှံ့တွင် ရှိနေကြသော် လည်း ယခုအခါ အငြိမ်းစားယူချိန်တွင် ပင်စင်လစာပင် မရှိခဲ့ကြပေ။
စိတ်လှုပ်ရှားသွားသော ကောင်းယွမ်သည် အားလုံး၏ ရှေ့မှောက်တွင် ဆုံးဖြတ်ချက်တစ်ခုကို ရုတ် တရက် ကြေညာလိုက်လေသည်။
"ကျောင်းအုပ်ကြီးဟောင်း... ဆရာယွီ... ဆရာမကျိုး... ဆရာနီ... ခင်ဗျားတို့ အားလုံးက ကျွန်တော့်ရဲ့ ဆရာတွေပါပဲ..."
"ဟို... ငါတို့က အခု စာမသင်တော့ပါဘူး..."
ကောင်းယွမ်၏ အတန်းပိုင် ဆရာမဟောင်းက အားနာစွာဖြင့် ပြောလိုက်လေသည်...။