← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း (၁၂၀)

ကောင်းယွမ်၏ စိတ်ကျေနပ်မှုကို ရယူခြင်း

အစည်းအဝေးမှာ ရုတ်တရက် ပြီးဆုံးသွားခဲ့လေ၏။ ရုံးခန်းသို့ ပြန်ရောက်သည့်အခါ ခေါင်းဆောင်သစ် မှာ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားပြီး ပစ္စည်းများကို စတင် ရိုက်ခွဲလေတော့သည်။

ဖုန်း၊ ကလောင်၊ ရေနွေးကြမ်းခွက်နှင့် ကွန်ပျူတာ...။ အမျိုးမျိုးသော စာရွက်စာတမ်းများမှာလည်း ကြမ်းပြင်ပေါ်တွင် ပျံ့ကျဲနေခဲ့ပေတော့သည်။

သူမသည် ကြမ်းပြင်ပေါ်တွင် တိုက်ရိုက် ထိုင်ချလိုက်ပြီး မတရားသဖြင့် ခံစားနေရသော စိတ်ဖြင့် ငိုကြွေး နေခဲ့မိလေသည်။ လူအများအပြားက သူမကို ဖိအားပေးနေကြခြင်း ဖြစ်ချေ၏။

ကောင်းယွမ်ကို သတ်ဖို့က ထိုမျှလောက် လွယ်ကူပါသလော။ အကယ်၍ တစ်ခုခု မှားယွင်းသွားပါက သူမသည်သာ အရင်ဆုံး သေရမည့်သူ ဖြစ်သည်။ သူမသည် အသက်ကို ပြင်းပြင်းရှူနေရလေ၏။

ထိုအထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးမှ လူများသည် သူမဘက်တွင် မရှိကြပေ။ ထိုသူတို့သည် မိမိတို့၏ အကျိုးစီးပွားကိုသာ ကြည့်ကြသူမျာသာဖြစ်လေသည်။ သူမသည် သမ္မတ ရာထူး ရရှိရန် အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသော်လည်း ယခုမူ ကြွက်တစ်ကောင်ထက်ပင် ဆိုးရွားသော ဘဝ သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်တော့သည်။

ထိုအချိန်တွင် ယခင်က သူမ၏ အတွင်းရေးမှူးဖြစ်ခဲ့ပြီး ယခု နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေသူ တိုက်ဂါး ဝင် ရောက်လာခဲ့လေသည်။

"တိုက်ဂါး... နင် ရောက်လာပြီလား..."

"ခေါင်းဆောင်ကြီး... ခင်ဗျား ဘာတွေ လုပ်နေတာလဲ..."

တိုက်ဂါးသည် ပရမ်းပတာ ဖြစ်နေသော ရုံးခန်းကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်လေ၏။

"ဘာမှ မဟုတ်ပါဘူး... ငါ စိတ်မထိန်းနိုင် ဖြစ်သွားတာပါ... တိုက်ဂါး... နောက်ထပ် ငါ ဘာဆက်လုပ်သင့် တယ်လို့ မင်း ထင်လဲ..."

တိုက်ဂါးသည် ခေါင်းဆောင်သစ်၏ ဘေးတွင် ထိုင်လိုက်လေသည်။

"အန်နီ... ငါ မင်းရဲ့ နာမည်ကို မခေါ်ဖြစ်တာ ကြာပြီ... မင်း စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်..."

"တိုက်ဂါး... ဆက်ပြောပါ..."

"အမေရိကန်နိုင်ငံကို စတင် တည်ထောင်ခဲ့စဉ်ကတည်းက အုပ်ချုပ်သူဆိုတာ ကျွန်ပိုင်ရှင်တွေနဲ့ ကုမ္ပဏီ ရှယ်ယာရှင်တွေ ရွေးချယ်ထားတဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်သာ ဖြစ်ခဲ့တယ်... အချိန်ကြာလာ လေလေ ဒီအခြေအနေက ပိုပြီး ဆိုးရွားလာလေလေပဲ... "

"လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ တုန်းဝမ် တစ်ယောက်ပဲ ခြွင်းချက် ဖြစ်ခဲ့တယ်... ဘာလို့လဲဆိုတော့ သူ ကိုယ်တိုင်က အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေလို့ပဲ... ဒါကြောင့် သူက စိတ်ကြိုက် လုပ်ဆောင်နိုင်ခဲ့တာ... "

"ဒါပေမဲ့ ငါတို့ကတော့ မတူဘူး... အကယ်၍ ငါတို့က အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးကို အား မကိုးရင် လုပ်ကြံခံရတာ၊ ရာထူးက ဖယ်ရှားခံရတာနဲ့ ဆန္ဒပြမှုတွေက ငါတို့ရဲ့ နိဂုံး ဖြစ်သွားလိမ့်မယ်... ဒါ့ပြင် မင်း ရာထူးကို တက်လှမ်းခြင်း ကလည်း တရားမဝင်တာကြောင့် သူတို့က ပိုပြီးတော့တောင် ရိုင်းစိုင်းလာကြလိမ့်မယ်..."

ခေါင်းဆောင် အန်နီမှာ ခါးသီးစွာ ပြုံးလိုက်မိ၏။ ဟုတ်ပေသည်၊ သူမသည် ဤရာထူးကို ပုံမှန်မဟုတ် သော နည်းလမ်းဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမသာ ဤနည်းလမ်းများကို မသုံးခဲ့ပါက တစ် သက်လုံးတွင် ဤအခွင့်အရေးမျိုး ရရှိလိမ့်မည် မဟုတ်ပေ။

အပေါ်ယံတွင်မူ သူမသည် အမေရိကန်၏ ဒုတိယသမ္မတ ဖြစ်သော်လည်း လက်တွေ့တွင်မူ ရုပ်ပြသက် သက်သာ ဖြစ်လေ၏။

"တိုက်ဂါး... ငါ ဒီအလုပ်ကနေပဲ နုတ်ထွက်လိုက်ရင် ကောင်းမလား..."

"အန်နီ... အခု မင်း နုတ်ထွက်လိုက်ရင်လည်း နောင်မှာ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး... မင်းမှာ ဘာ အောင်မြင်မှုမှ ရှိမှာ မဟုတ်သလို လူထုအမြင်မှာလည်း လေယာဉ်တင်သင်္ဘောတွေကို ဖျက်ဆီးပစ်ခဲ့တဲ့ သူလို့ပဲ အမှတ်ရနေကြလိမ့်မယ်... မင်း သေသွားရင်တောင် လူတွေက ဆဲဆိုနေကြဦးမှာပဲ... မင်းဟာ မတရားမှုကို ခံစားခဲ့ရပြီး အမည်းစက်တွေနဲ့ ကျန်ရစ်ခဲ့လိမ့်မယ်... အဲဒီတော့ မင်း ဘာရခဲ့လို့လဲ..."

ခေါင်းဆောင် အန်နီ၏ မျက်နှာမှာ ညှိုးငယ်သွားခဲ့ရလေသည်။

"ဒါပေမဲ့ သူတို့အားလုံးက ငါ့ကို ဖိအားပေးနေကြတာလေ... ငါ ဘာလုပ်နိုင်မှာလဲ..."

"ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ဆိုတာ အင်အားကြီးတဲ့ နောက်ခံလူ ရှာဖို့ပဲ... အထက်တန်းလွှာ စီးပွား ရေးလုပ်ငန်းစုကြီးဆီကို ချဉ်းကပ်ခဲ့တာလည်း ဒါကြောင့်ပဲ မဟုတ်လား... အခု သူတို့က ကောင်းယွမ်နဲ့ အသေအလဲ တိုက်ခိုက်နေကြတယ်... ဒါဆိုရင် ငါတို့က ဘာလို့ ကောင်းယွမ်ဘက်ကို လှည့်ပြီး ပူးပေါင်း လို့ မရရမှာလဲ..."

အန်နီမှာ မှင်သက်သွားခဲ့ရ၏။

*ကောင်းယွမ်နဲ့ ပူးပေါင်းရမယ် ဟုတ်လား...*

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အမေရိကန်၏ ခေါင်းဆောင် ဖြစ်လိုပါက အမေရိကန်ကို ဆန့်ကျင်ခြင်းမှာသာ နိုင်ငံရေးအရ မှန်ကန်သည့် လုပ်ရပ် ဖြစ်နေခဲ့သည်။

ရှနိုင်ငံနှင့် ပူးပေါင်းရန် မည်သူမျှ မစဉ်းစားခဲ့ဖူးပေ။

တိုက်ဂါးသည် အန်နီ၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေသည်။

"ခေါင်းဆောင်ကြီး... စဉ်းစားကြည့်ပါ... အရင်က အမေရိကန်ကို ဘာတွေက အင်အားကြီးစေခဲ့တာ လဲ..."

"ဘာတွေလဲ..."

"စီးပွားရေးနဲ့ နည်းပညာ အင်အား၊ စစ်အင်အား၊ ပြီးတော့ ယဉ်ကျေးမှု ဩဇာလွှမ်းမိုးမှု... အခု ဒီသုံးခုလုံး က စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီ... အမေရိကန်ရဲ့ ဆုတ်ယုတ်မှုကတော့ မလွဲမသွေပဲ... "

"ငါးရံ့နက် နည်းပညာကုမ္ပဏီမှာ ကမ္ဘာ့အဆင့်မြင့်ဆုံး နည်းပညာတွေ ရှိနေသလို ကောင်းယွမ်မှာလည်း အစွမ်းထက်ဆုံး စစ်အင်အား ရှိနေတယ်... ယဉ်ကျေးမှုပိုင်းမှာလည်း ရှနိုင်ငံက တောက်ရင်ဟာ လူငယ် တွေကို လွှမ်းမိုးနေသလို ကောင်းယွမ်ရဲ့ 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ကလည်း ပြသနေဆဲပဲ... ဒါ ကြောင့် အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးနဲ့ ကောင်းယွမ်တို့ရဲ့ တိုက်ပွဲမှာ အဖြေက တစ်ခုပဲ ရှိတယ်..."

အန်နီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရလေသည်။

"ရှုံးနိမ့်မှုက ရှောင်လွှဲလို့ မရဘူးပေါ့..."

"ဟုတ်တယ်... ဒါဆိုရင် ငါတို့က အင်အားကြီးတဲ့သူဘက်ကနေ ဘာလို့ မရပ်တည်ရမှာလဲ... "

"အမေရိကန်မှာ ကျယ်ပြန့်တဲ့ နယ်မြေနဲ့ ကြွယ်ဝတဲ့ သယံဇာတတွေ ရှိတယ်... ဒါတွေနဲ့ ကောင်းယွမ်ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရင် ကောင်းယွမ်ကလည်း မင်းကို အပြည့်အဝထောက်ခံလာလိမ့်မယ်... အဲဒီအခါ မင်းရဲ့ ရာထူးက တကယ့်ကို ခိုင်မာသွားလိမ့်မယ် ... မင်းက ကောင်းယွမ် တစ်ယောက်တည်းကိုပဲ ဦးညွှတ်ဖို့ လိုအပ်ပြီး တခြားသူတွေကို ဂရုစိုက်နေစရာ မလိုတော့ဘူးပေ့ါ..."

တိုက်ဂါး၏ စကားကို ကြားရသည့်အခါ အန်နီမှာ ချက်ချင်းပင် နားလည်သွားခဲ့လေတော့သည်။

*ဟုတ်တယ်… သူတို့က ရှုံးဖို့ ကံပါနေမှတော့ ငါက ဘာလို့ သူတို့ဘက်က ရပ်တည်နေရမှာလဲ… ကောင်းယွမ်နဲ့ ပူးပေါင်းတာက ပိုပြီး မကောင်းဘူးလား…*

"ခေါင်းဆောင်ကြီး... ဒါဟာ အမေရိကန်ရဲ့ သယံဇာတတွေကို သုံးပြီး ကောင်းယွမ်ရဲ့ မျက်နှာသာပေးမှုကို ယူတာ ပဲ... စဉ်းစားကြည့်ပါ... မင်းရဲ့ ရာထူးကို ကောင်းယွမ်က ပေးခဲ့တာလေ... သူက မင်းရဲ့ ကျေးဇူးရှင် ပဲ..."

"အင်း... အဲဒါတော့ ဟုတ်တယ်..."

အမြင်ကို ပြောင်းလဲလိုက်သည့်အခါ ပြဿနာများစွာမှာ လွယ်ကူသွားခဲ့လေသည်။

အကယ်၍ ကောင်းယွမ်သည် သူမ၏ ထောက်ခံမှုကို ရရှိပါက သူမကိုလည်း ပြန်လည် ထောက်ခံမည်မှာ သေချာလှ ပေသည်။ အခြား မည်သူတက်လာသည်ဖြစ်စေ ကောင်းယွမ်အနေဖြင့် ထိုမျှ ခိုင်မာသော ထောက်ခံမှုမျိုး ရရှိလိမ့်မည် မဟုတ်ပေ။

ကောင်းယွမ်တွင် အန်နီကို သူမ၏ ရာထူး၌ ခိုင်မြဲစွာ ရှိနေစေရန် စွမ်းဆောင်နိုင်သည့် အင်အား ရှိပါ သ လော။ အန်နီ ပြန်စဉ်းစားကြည့်သည့်အခါ ၎င်းမှာ တကယ်ပင် ဖြစ်နိုင်ကြောင်း သိလိုက်ရလေသည်။

ကောင်းယွမ်သည် ရှနိုင်ငံ၏ အင်အားကို ကိုယ်စားပြုနေခြင်း ဖြစ်ပေသည်...။

မီဒီယာပိုင်းတွင်လည်း တောက်ရင် နိုင်ငံတကာဗားရှင်း ရှိနေ၏။ တောက်ရင်သည် အမေရိကန် လူငယ် များကြားတွင် အကျော်ကြားဆုံး အက်ပ်တစ်ခု ဖြစ်ပေသည်။ ယခုလောလောဆယ်တွင် သူမမှာ ရွေးကောက်ပွဲ မရှိသေးသဖြင့် နိုင်ငံရေး ရန်ပုံငွေများစွာ မလိုအပ်ပေ။ သူမအနေဖြင့် တည်ငြိမ်စွာ နေရန် သာ လိုအပ်ပေသည်။ လုံခြုံရေး ကိစ္စများအတွက်မူ ကောင်းယွမ်ထံတွင် အကူအညီ တောင်းနိုင်ပေ သည်။

သို့သော် မေးခွန်းတစ်ခု ကျန်ရှိနေသေး၏။

"တိုက်ဂါး... တကယ်လို့ သူတို့က လွှတ်တော်ကနေတစ်ဆင့် ငါ့ကို ရာထူးက ဖယ်ရှားဖို့ ကြိုးစားရင် ရော..."

"ရိုးရှင်းပါတယ်... လွှတ်တော်ကို ဖျက်သိမ်းလိုက်ပေါ့..."

"ဒါ... ဒါက ဖြစ်နိုင်လို့လား..."

"ဖြစ်နိုင်တာပေါ့... လုံလောက်တဲ့ စစ်အင်အား ရှိရင် ဖြစ်နိုင်ပါတယ်... စီးပွားရေး ဆုတ်ယုတ်မှုကတော့ သေချာနေပြီဖြစ်သလို အမေရိကန် ဒေါ်လာကလည်း ကမ္ဘာ့အရန်ငွေကြေး အဆင့်အတန်းကနေ တ ဖြည်းဖြည်း လျော့ကျနေပြီ... ဒီအခြေအနေမှာ အမေရိကန်ကို ဘယ်သူမှ မကယ်နိုင်ဘူး..."

"အန်နီ... မင်း ကောင်းယွမ်နဲ့ လက်တွဲမှသာ အခွင့်အရေး ရှိလိမ့်မယ်..."

"အကယ်၍ မအောင်မြင်ခဲ့ရင်ရော..."

အန်နီက မေးလိုက်လေ၏။

"ခေါင်းဆောင်ကြီး ကိုယ်တိုင်ပဲ စဉ်းစားကြည့်ပါ... အဆုံးမှာ မအောင်မြင်ရင်တောင် မင်း ရာထူးကနေ နုတ်ထွက်လိုက်ရုံပဲ... ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ မင်းရဲ့ အနာဂတ် ဘဝအတွက် လုံလောက်တဲ့ အရင်းအနှီး တွေ ရရှိထားပြီး ဖြစ်လိမ့်မယ်... ရှနိုင်ငံကိုပဲ သွားသွား၊ ဥရောပကိုပဲ သွားသွား၊ မင်း သက်တောင့် သက်သာ နေထိုင်နိုင်တာပဲ... အဖြေက အခုထက်တော့ ပိုဆိုးမှာ မဟုတ်ဘူး မဟုတ်လား..."

ဟုတ်ပေသည်...။ အကယ်၍ သူမ ကောင်းယွမ်နှင့် ပူးပေါင်းလိုက်လျှင်ပင် အဆိုးဆုံး အခြေအနေမှာ ယခု သူမ ဖြစ်နေသည့် အခြေအနေနှင့်သာ ဆင်တူပေလိမ့်မည်။ သို့သော် ကောင်းယွမ်ကို ဆန့်ကျင်မည် ဆိုပါက သူမသည် မနက်ဖြန်တွင်ပင် သေဆုံးသွားနိုင်ပေသည်။

သူမသည် ရုတ်တရက် မတ်တတ်ရပ်လိုက်လေ၏။

"ငါ ဆုံးဖြတ်လိုက်ပြီ... ငါ ကောင်းယွမ်နဲ့ အပြည့်အဝ ပူးပေါင်းမယ်... တိုက်ဂါး... ငါ့အတွက် တောက်ရင် အကောင့်တစ်ခု ဖွင့်ပေးပါ... ပြီးတော့ အခုကစပြီး အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးက ဘယ် သူ့ကိုမှ ငါ မတွေ့တော့ဘူး... ဪ... ကောင်းယွမ်နဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းကို ရှာပြီး ငါ့မှာ သူ့ရဲ့ အကာအကွယ် လိုအပ်နေတယ်လို့ ပြောပေးပါ..."

...

ထိုအချိန်တွင် ကောင်းယွမ်မှာ လင်းဟိုင်ဆေးရုံရှိ ဒဏ်ရာရရှိသူများထံသို့ သွားရောက် ကြည့်ရှုနေခဲ့ လေသည်။ ဒဏ်ရာရသူ အများစုမှာ ယခုအခါ ပြန်လည် သက်သာလာကြပြီ ဖြစ်၏။ ကောင်းယွမ် ပေးခဲ့ သော အသက်ဆက်ဆေးရည် မှာ ပျက်စီးသွားသော အရေပြား တစ်သျှူးများကို လျင်မြန်စွာ ပြန်လည် ပြုပြင်ပေးခဲ့ခြင်း ဖြစ်ပေသည်။

အခြေအနေများကို ကြည့်ရှုပြီးနောက် သူ ထင်ထားသည်ထက် ပိုမို ကောင်းမွန်နေသည်ကို တွေ့လိုက် ရလေသည်။ သို့သော် ဤကိစ္စကိုမူ သူ လုံးဝ အလွတ်ပေးမည် မဟုတ်ပေ။

ဆေးရုံမှ ထွက်လာသည့်အခါ လင်းမေက နောက်မှ လိုက်လာခဲ့လေသည်။

"အစ်ကိုယွမ်..."

"ဘာလို့ အပြင်ထွက်လာတာလဲ... လူနာခန်းထဲမှာ မနေဘူးလား..."

"ကျွန်မ အဆင်ပြေပါတယ်... ဒဏ်ရာလည်း မရပါဘူး... ဆံပင်လေး နည်းနည်း လောင်သွားလို့ အခု ညှပ်ပစ်လိုက်ပြီ..."

ထိုအခါမှသာ ကောင်းယွမ်သည် ရှည်လျားလှပသော ဆံနွယ်များကို ဖြတ်တောက်ကာ ဆံပင်အတိုလေး နှင့် လန်းဆန်း ထက်မြက်နေသော လင်းမေကို သတိထားမိလိုက်လေသည်။

"ဆံပင်ပုံစံသစ်လေးက လှသားပဲ..."

"ဟုတ်လား အစ်ကိုယွမ်... ငါးရံ့နက် နည်းပညာကုမ္ပဏီက တင်ထားတဲ့ သတင်းကို ကျွန်မ မြင်တယ်... ဒါ က အမေရိကန်နဲ့ ပတ်သက်နေတာလား... သူတို့က ဘာလို့ ကျွန်မတို့ကို တိုက်ခိုက်ရတာလဲ..."

"သူတို့က ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားတာ ဖြစ်လိမ့်မယ်..."

"ဒါပေမဲ့ ပြည်တွင်းက အစွန်းရောက်အဖွဲ့တစ်ခုက မုကျား တိုက်ခိုက်မှုအတွက် တာဝန်ယူကြောင်း ကြေ ညာထားတယ်လေ... အမျိုးသား လုံခြုံရေးဌာနကလည်း အပြင်းအထန် ကန့်ကွက်ထားပြီး ဒီဒေသမှာ နှိမ်နင်းမှုတွေ စတင်နေပြီလို့ ပြောတယ်..."

"တစ်ယောက်ယောက်က တာဝန်ယူတယ် ဟုတ်လား..."

ကောင်းယွမ်က ပြန်လည် မေးလိုက်လေသည်။

"ဟုတ်တယ်..."

"အားလုံးကို တစ်ခါတည်း ရှင်းပစ်ရမှာပေါ့... ဒီကိစ္စကို စိတ်မပူပါနဲ့... ဒါနဲ့... မင်းအမေရော အခု ဘယ်လို နေလဲ..."

"အစ်ကိုယွမ် ပေးတဲ့ဆေးကို အမေ့ကို တိုက်လိုက်တာ အခု အများကြီး သက်သာနေပါပြီ... လွန်ခဲ့တဲ့ ရက်ပိုင်းက သွားစစ်တာ ဆရာဝန်တောင် အံ့ဩစရာပဲလို့ ပြောတယ်..."

"သက်သာသွားရင်တော့ အကောင်းဆုံးပေါ့..."

ကောင်းယွမ်က ပြောလိုက်လေ၏။

"အစ်ကိုယွမ်..."

လင်းမေ၏ မျက်ဝန်းများမှာ ဆောင်းဦးနှောင်းပိုင်းက ကြည်လင်နေသော ရေကန်လေးကဲ့သို့ အရည်လဲ့ နေခဲ့လေသည်။

"ဘာဖြစ်လို့လဲ..."

"ကျေးဇူးတင်ပါတယ်နော်..."

လင်းမေသည် ကောင်းယွမ်ကို စိုက်ကြည့်နေရင်း ရုတ်တရက် ခြေဖျားထောက်ကာ သူ၏ ပါးကို ဖွဖွလေး နမ်းလိုက်လေသည်။ ကောင်းယွမ် သတိမမူမိခင်မှာပင် သူမသည် ပြေးထွက်သွားခဲ့လေပြီဖြစ်၏။

*ဒီကောင်မလေးကတော့... ချုံခိုတိုက်ခိုက်ဖို့တောင် တတ်နေပြီပဲ...*

ကောင်းယွမ်သည် တိုးတိုးလေး ရေရွတ်လိုက်ရင်း ငါးရံ့နက် နည်းပညာစက်မှုဇုန်ဆီသို့ လျှောက်လှမ်း သွားခဲ့လေတော့သည်။

*ငါ့ကို တိုက်ခိုက်ဝံ့တဲ့သူတိုင်း ထိုက်တန်တဲ့ အကျိုးဆက်ကို ခံစားစေရမယ်...*

All Chapters