← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 23 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 23 Ch. 317-318

အပိုင်း(၃၁၇)

"တောင်းပန်ပါတယ် ကိုရင်လေး ရယ်… ကျုပ်... ကျုပ်နည်းနည်း စိတ်လိုက်မာပါ ဖြစ်သွားတယ်..."

ကျန်းလျို၏ စိတ်အနှောင့်အယှက်ဖြစ်နေသော စကားများကို ကြားလိုက်ရသောအခါ ဆရာချင်းရွှီမှာ အရှက်ရကာ အပြစ်မကင်းသည့် မျက်နှာအမူအရာဖြင့် အလျင်အမြန်ပင် တောင်းပန်လိုက်လေသည်။

"ဇာတ်ကောင် အချက်အလက်..."

စကားအများကြီး မပြောတော့ဘဲ ကျန်းလျို၏ အကြည့်တို့က တစ်ဖက်လူထံသို့ ရောက်ရှိသွားပြီး သူ၏ စိတ်ထဲတွင် 'ဇာတ်ကောင် အချက်အလက်' ဟု တိတ်တဆိတ် ရေရွတ်လိုက်သည်။

လျင်မြန်စွာပင် မှန်တစ်ပိုင်းလို ကြည်လင်နေသော ဇာတ်ကောင် အချက်အလက် မျက်နှာပြင်တစ်ခု ကျန်းလျို၏ ရှေ့တွင် ပေါ်လာခဲ့သည်။

အမည် - ဆရာချင်းရွှီ

လိင် - ကျား

အသက်မွေးဝမ်းကျောင်း - တာအိုကျင့်ကြံသူ

အဆင့် - ၄၂

တပ်ဆင်ထားသည့်ပစ္စည်း - နဂါးသတ်ဓား (ပြီးပြည့်စုံသော အရည်အသွေး) - အဆင့် ၄၀ လိုအပ်သည်၊ တိုက်ခိုက်ရေးစွမ်းအား + ...

တစ်ဖက်လူ၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို ကြည့်ပြီးနောက် ဤသူမှာ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ရှိ ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ကျန်းလျို နားလည်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အသက် နှစ်ဆယ့်ခုနစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ် အရွယ်ခန့်သာ ရှိသေးပြီး နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်မဟုတ်ပါလော။ အမှန်တကယ်ပင် ၎င်းမှာ ခြွင်းချက်ဖြစ်သော ပါရမီပင် ဖြစ်ပေသည်။

သိထားရမည်မှာ မဟာထန်ပြည်၏ မဟာဗုဒ္ဓကျောင်းတော် အတွင်းရှိ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ရဟန်းတော်များမှာ ငယ်ရွယ်သူများ မဟုတ်ကြပေ။

"ဒါဆိုလည်း ပြီးတာပါပဲ… နားလည်မှုလွဲတာဆိုရင်လည်း ဒီမှာပဲ လမ်းခွဲကြတာပေါ့..."

ခေါင်းကိုယမ်းရင်း ကျန်းလျိုသည် ဆက်လက်ပတ်သက်ရန် အကြံအစည်မရှိတော့သဖြင့် လှည့်ထွက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

"ခဏလေး နေပါဦး..."

သို့သော် ကျန်းလျို လှည့်ထွက်သွားသည်ကို မြင်သောအခါ ဆရာချင်းရွှီက သူ့ကို တားဆီးရန် လှမ်းခေါ်လိုက်ပြီး သူ၏ ကျောဘက်ရှိ ကောင်းကင်အရိုးတောင်ပံနက် ကို အကဲခတ်လိုက်ရင်း ပြောလိုက်သည်။

"ကိုရင်လေး… မင်းကျောပေါ်က မှော်လက်နက် က မင်းနဲ့ သိပ်လိုက်ဖက်ပုံ မပေါ်ဘူး… အမြန်ဆုံး လဲပစ်လိုက်ဖို့ ကျုပ် အကြံပေးချင်တယ်… မဟုတ်ရင် ဒီနေ့လို ကိစ္စမျိုးတွေက နည်းမှာမဟုတ်ဘူး..."

"ဘာလဲ... ခင်ဗျားက ကျုပ်ကို ပျံသန်းနိုင်တဲ့ မှော်လက်နက် တစ်ခု လက်ဆောင်ပေးမလို့လား..."

ဆရာချင်းရွှီ၏ စကားကို ကြားသောအခါ ကျန်းလျိုသည် ခေါင်းကိုစောင်းကာ သူ့ကို စူးရှသော အကြည့်တစ်ချက်ဖြင့် ကြည့်ရင်း မေးလိုက်သည်။

"အဲဒါကတော့... အခုလောလောဆယ် ကျုပ်လက်ထဲမှာ အဲဒီလို မှော်လက်နက် မျိုး မရှိသေးဘူး… ကျုပ်ဂိုဏ်းကို ပြန်ပြီး အဲဒါမျိုး ရှိမရှိ သွားကြည့်ပေးရမလား..."

ကျန်းလျို၏ စကားကို ကြားသောအခါ ဆရာချင်းရွှီမှာ အနည်းငယ် အရှက်ရသွားပုံပေါ်ပြီး ခေတ္တမျှ စဉ်းစားကာ ပြောလိုက်လေသည်။

"ခင်ဗျား နောက်နေတာလား..."

ဆရာချင်းရွှီ၏ စကားများကြောင့် ကျန်းလျိုမှာ သူ့ကို သံသယမျက်လုံးဖြင့် ကြည့်လိုက်မိသည်။

ပျံသန်းနိုင်သော မှော်လက်နက် မျိုးကို ခပ်ပေါ့ပေါ့ ပြောလိုက်ရုံဖြင့် သူက အမှန်တကယ်ပင် သူ့ကို ပေးရန် အကြံအစည် ရှိနေခဲ့သည်လား… အဲဒါ တကယ်ကြီးလား…

ဒီကောင်က အရူးများလား… ဒါမှမဟုတ် သူက တတိယမင်းသား နယ်ချာ လိုမျိုး… အဖိုးတန်ပစ္စည်းတွေကို ဘာမှမဟုတ်သလို ခပ်လွယ်လွယ် လက်ဆောင်ပေးတတ်သည့် သူဌေးကြီး တစ်ယောက်များလား…

"အို... ကျုပ်က ကောင်းကင်ဓားဂိုဏ်းက တပည့် ဆရာချင်းရွှီပါ… ဒီက ဆရာတော်လေးကို ဘယ်လိုခေါ်ရမလဲ..."

ကျန်းလျို အံ့အားသင့်နေသည်ကို မြင်သောအခါ ဆရာချင်းရွှီက မိမိကိုယ်ကို မိတ်ဆက်ရင်း စကားဆိုလိုက်လေသည်။

"ကျုပ်နာမည်က ရွှမ်ကျန်းပါ… အရှေ့အရပ် မဟာထန်ပြည်က လာတဲ့ ရဟန်းတစ်ပါးဖြစ်ပြီး… အနောက်အရပ်ကို ဘုရားဖူးရင်း ကျမ်းစာပင့်ဆောင်ဖို့ သွားနေတာပါ..."

ဆရာချင်းရွှီ၏ စကားကို ကြားသောအခါ ကျန်းလျိုသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် အကြံအစည်မရှိဘဲ ပြန်လည်ဖြေကြားလိုက်လေသည်။

"ဒါဆိုရင် ဘယ်လိုလဲ… ရွှမ်ကျန်းဆရာတော် က ကျုပ်ရဲ့ ကောင်းကင်ဓားဂိုဏ်းကို လာလည်ဖို့ ဆန္ဒရှိမလား..."

ကျန်းလျို၏ မိတ်ဆက်စကားကို ကြားသောအခါ ဆရာချင်းရွှီက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် ဖိတ်ခေါ်လိုက်လေသည်။

"ကောင်းပြီလေ… ဒီလိုဆိုမှတော့လည်း ကျုပ်က ငြင်းနေစရာ အကြောင်းမရှိပါဘူး..."

တစ်ခဏမျှ စဉ်းစားပြီးနောက် ကျန်းလျိုသည် ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။

အကယ်၍ တစ်ဖက်လူက လျော်ကြေးအနေဖြင့် ပျံသန်းနိုင်သော မှော်လက်နက် တစ်ခုကို အမှန်တကယ် ပေးအပ်ရန် ရည်ရွယ်ထားပါက ကျန်းလျိုသည် ၎င်းကို လိပ်ပြာသန့်သန့်ဖြင့်ပင် လက်ခံယူမည်ဖြစ်သည်။

အကယ်၍ တစ်ဖက်လူတွင် အခြားသော အကြံအစည်များ ရှိနေပြီး သူ့ကို လုပ်ကြံရန် ရည်ရွယ်ထားမည်ဆိုပါကလည်း ကျန်းလျိုအတွက် 'ကောင်းကင်ဓားဂိုဏ်း' ဆိုသည့် သီးသန့်နယ်မြေသစ်တစ်ခု ရရှိသွားမည် မဟုတ်ပါလော။

သူတို့၏ ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေကာမူ ကျန်းလျိုအတွက်မူ ၎င်းသည် အကျိုးရှိပြီး အန္တရာယ်ကင်းလှပေသည်။ လက်ရှိ အခြေအနေများနှင့် အချိန်ဆွဲရန် အခွင့်အရေးရရှိမှုတို့ကြောင့် ကျန်းလျိုအနေဖြင့် ငြင်းဆန်ရန် အကြံအစည် မရှိခဲ့ပေ။

"ကောင်းပြီလေ သွားကြတာပေါ့..."

ကျန်းလျို၏ စကားကို ကြားပြီး အကြံပြုချက်ကို လက်ခံလိုက်သောကြောင့် ဆရာချင်းရွှီသည် စကားအများကြီး မပြောတော့ဘဲ ခေါင်းညိတ်လိုက်ကာ ရှေ့မှ လမ်းပြရန် အသင့်ပြင်၍ လှည့်ထွက်လိုက်လေသည်။

"နေပါဦး..."

သို့သော် ကျန်းလျိုက သူ့ကို ရပ်တန့်ရန် စကားဆိုလိုက်ပြီး ပြောလိုက်သည်။

"ကျုပ်နဲ့အတူ လိုက်ပါလာတဲ့ တပည့်တချို့ ရှိသေးတယ်… သွားမယ်ဆိုရင် ကျုပ်တပည့်တွေ ရောက်လာတဲ့အထိ စောင့်ကြတာပေါ့… ဘယ်လိုလဲ..."

"မင်းအသက်က ဘယ်လောက်ရှိသေးလို့ ကိုယ်ပိုင်တပည့်တွေ ရှိနေရတာလဲ..."

ကျန်းလျို၏ မျက်နှာပေါ်တွင် ငယ်ရွယ်နုနယ်မှု အရိပ်အယောင်များ ရှိနေဆဲဖြစ်ကာ မဖြစ်နိုင်လောက်အောင် ငယ်ရွယ်နေပြီး သာမန် ကိုရင်ငယ်လေး တစ်ပါးမျှသာ ဖြစ်ပုံရသော်လည်း တပည့်များ ရှိနေသည်ဟူသော အချက်က ဆရာချင်းရွှီ၏ မျက်နှာပေါ်သို့ အံ့သြမှုများကို ယူဆောင်လာခဲ့ပြီး သူ၏ နားကိုပင် သူ မယုံနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

"ကောင်းပြီ… အောက်ဆင်းကြတာပေါ့..."

ခေါင်းအနည်းငယ် ညိတ်ပြလိုက်ရင်း ကျန်းလျိုသည် အများကြီး ရှင်းပြနေရန် အကြံအစည်မရှိပေ။ သူသည် တိုက်ရိုက်ဆင်းသက်သွားကာ နဂါးမြင်းဖြူ ၏ ကျောပေါ်သို့ ကွက်တိ ကျဆင်းသွားလေသည်။

"မိစ္ဆာလား... ရွှမ်ကျန်းဆရာတော်လေး… မင်းပြောတဲ့ တပည့်ဆိုတာ သူတို့ကို ဆိုလိုတာလား..."

သူ၏ မှော်ပစ္စည်းကို ထိန်းချုပ်ကာ ဆင်းသက်လာခဲ့သော ဆရာချင်းရွှီသည် စွန်းဝူခုန်း နှင့် အခြားသူများကို ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ရှောင်လွှဲ၍မရနိုင်စွာပင် အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။

လူသား ရဟန်းတစ်ပါး ဖြစ်နေပါလျက်နှင့် ဆိုးသွမ်းသော မိစ္ဆာ အချို့ကို တပည့်များအဖြစ် လက်ခံထားသည်ဆိုပါလား။ မည်သို့ပင် ကြည့်စေကာမူ ၎င်းက အလွန်ထူးဆန်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေလေသည်။

"မှန်ပါတယ်… သူတို့တစ်ယောက်ချင်းစီက ကျုပ်ရဲ့ တပည့်တွေချည်းပါပဲ… ဆက်သွားကြတာပေါ့ ဆရာချင်းရွှီ..."

နဂါးမြင်းဖြူ ၏ အပေါ်တွင် ထိုင်နေရင်း ကျန်းလျိုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ဒါဆိုလည်း... သွား... သွားကြတာပေါ့..."

ကျန်းလျို၏ စကားကို ကြားသောအခါ ဆရာချင်းရွှီ၏ မျက်နှာတွင် ခက်ခဲကျပ်တည်းနေသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သော်လည်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင် သူသည် ခေါင်းကို ညိတ်ပြလိုက်လေသည်။

မတတ်နိုင်ပေ။ မိစ္ဆာ အချို့ကို ဂိုဏ်းသို့ ပြန်ခေါ်သွားရန် သူ စိတ်မပါသော်လည်း သူကိုယ်တိုင် ဖိတ်ခေါ်ထားခဲ့ပြီးဖြစ်ရာ သူ၏ စကားကို ပြန်ရုပ်သိမ်းရန် မသင့်တော်သည် မဟုတ်ပါလော။

"ရွှမ်ကျန်းဆရာတော်လေး… မင်းရဲ့ တပည့်တွေထဲမှာ ပျံတတ်တဲ့သူ တစ်ယောက်မှ မရှိဘူးလား..."

သို့သော် အခိုက်အတန့်မျှ စောင့်ဆိုင်းပြီးနောက် ကျန်းလျိုနှင့် သူ၏အဖွဲ့ ခြေလျင်လျှောက်ကာ လာနေကြသည်ကို မြင်သောအခါ ဆရာချင်းရွှီမှာ အနည်းငယ် အံ့အားသင့်သွားပြီး အံ့သြတကြီးဖြင့် မေးလိုက်လေသည်။

"ကျုပ်ရဲ့ တပည့်အားလုံးက သေချာပေါက် ပျံသန်းနိုင်ကြပါတယ်… ဒါပေမယ့် အနောက်အရပ်ကို ဘုရားဖူးပြီး ကျမ်းစာပင့်ဆောင်ဖို့ သွားနေတဲ့ ရဟန်းတစ်ပါး အနေနဲ့… အနောက်အရပ်ကို ရောက်တဲ့အထိ ခြေတစ်လှမ်းချင်းစီ လျှောက်သွားဖို့ လိုအပ်လို့ပါ..."

"ဒါကြောင့် သွားရတဲ့ အရှိန်က နည်းနည်း နှေးကွေးပြီး… ပျံသန်းတာနဲ့တော့ ဘယ်နှိုင်းယှဉ်လို့ ရပါ့မလဲ… ဆရာချင်းရွှီကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားပြီ..."

ကျန်းလျိုသည် ရှင်းပြလိုက်၏။ သူ၏ လေသံမှာ နှိမ့်ချမှုရှိကာ ယဉ်ကျေးပျူငှာနေဆဲပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဆရာချင်းရွှီမှာ အမှန်တကယ်ပင် နောင်တအချို့ကို ခံစားလိုက်ရလေသည်။ အမည်းရောင် တောင်ပံတစ်စုံကို မြင်တွေ့လိုက်ရပြီးနောက် မည်သည့်အတွက်ကြောင့် စိတ်လိုက်မာပါ ဖိတ်ခေါ်လိုက်မိသနည်း။ ထို့နောက်တွင်လည်း ပျံသန်းနိုင်သော မှော်လက်နက် တစ်ခု ပေးပါမည်ဟု မရည်ရွယ်ဘဲ အဘယ်ကြောင့် သဘောတူလိုက်မိပါသနည်း။

ယခုတော့ ဘယ်လိုလုပ်ရမည်နည်း။ သူသည် ဆိုးသွမ်းသော မိစ္ဆာ တစ်စုကို ဂိုဏ်းသို့ ခေါ်သွားရမည့်အပြင် လမ်းတစ်လျှောက်လုံးကိုလည်း ခြေတစ်လှမ်းချင်း လျှောက်သွားရမည် ဖြစ်သည်။

မှော်ပစ္စည်းထိန်းချုပ်ပျံသန်းခြင်းဖြင့် သွားမည်ဆိုပါက နာရီဝက်ခန့်သာ ကြာမြင့်မည့် ခရီးအကွာအဝေးသည် ယခုအခါ ခြေလျင်လျှောက်ရမည်ဖြစ်၍ နှစ်ရက် သို့မဟုတ် သုံးရက်ခန့် အချိန်ယူရတော့မည် ဖြစ်သည်။

ဆရာချင်းရွှီ၏ စိတ်ထဲတွင် မည်သို့ပင် တွေးတောနေစေကာမူ သူ၏ ဦးဆောင်မှုအောက်တွင် ကျန်းလျိုနှင့် အခြားသူများသည် ဦးတည်ရာကို အနည်းငယ် ပြောင်းလဲလိုက်ကြပြီး အနောက်မြောက်ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့ကြတော့သည်။

***

အပိုင်း(၃၁၈)

"ဒါနဲ့ ဆရာချင်းရွှီ… ခင်ဗျားရဲ့ ကောင်းကင်ဓားဂိုဏ်းမှာလည်း ခင်ဗျားလိုပဲ ဓားကျင့်ကြံသူတွေချည်းပဲလား..."

လမ်းလျှောက်နေစဉ်အတွင်း ကျန်းလျိုသည် ကျင့်ကြံရန် အလျင်စလို မလုပ်တော့ဘဲ ဘေးနားရှိ ဆရာချင်းရွှီနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် စတင်ပြောဆိုလိုက်လေသည်။

"မှန်ပါတယ် ကျုပ်တို့ရဲ့ ကောင်းကင်ဓားဂိုဏ်းက ဓားလမ်းစဉ်ကို အဓိကထားပြီး ကျင့်ကြံကြတာပါ… ကျုပ်တို့ရဲ့ ဂိုဏ်းတည်ထောင်သူ ဆရာသခင်က နတ်အဆင့် ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်… တကယ်တော့ အထက်ဘုံ နတ်ရှစ်ပါး ထဲက ဘိုးဘေး လွီတုန်းပင်း ပဲ ဖြစ်ပါတယ်..."

ကျန်းလျို၏ မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် ဆရာချင်းရွှီက ခေါင်းညိတ်လိုက်ပြီးနောက် ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ဟင်... မင်းက အဲဒီကောင်လေး လွီတုန်းပင်း ရဲ့ မြေးပေါက်စလား..."

ဆရာချင်းရွှီ၏ စကားကို ကြားလိုက်ရသောအခါ ကျူးပါကျဲ က ရုတ်တရက် အံ့သြတကြီး ဝင်ရောက်ပြောဆိုလိုက်လေသည်။

"မိုက်ရိုင်းလှတဲ့ မိစ္ဆာ… ငါ့ရဲ့ ဘိုးဘေးကြီး နာမည်ကို မင်းကများ ရဲရဲတင်းတင်း ခေါ်ရဲတယ်ပေါ့လေ..."

လွီတုန်းပင်းအား ကောင်လေး ဟု ရည်ညွှန်းလိုက်သော ကျူးပါကျဲ၏ စကားကို ကြားသောအခါ ဆရာချင်းရွှီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သိသိသာသာပင် မကျေမနပ်ဖြစ်သွားကာ ကျူးပါကျဲကို အပြစ်တင် ကြိမ်းမောင်းလိုက်လေသည်။

"ဟီးဟီးဟီး... မင်းလို တာအိုကျင့်ကြံသူ ဘုန်းကြီးပေါက်စလေးက အတော်လေး ဒေါသကြီးတာပဲ… မင်းတို့ရဲ့ ဝက်ဘိုးဘိုးကြီး ကောင်းကင်ဘုံမှာ ရှိနေတုန်းကဆိုရင်… လွီတုန်းပင်း တို့လို ကောင်တွေတောင် ငါ့ကို 'စစ်သူကြီး' လို့ ရိုရိုသေသေ ခေါ်ခဲ့ရတာကွ..."

လူငယ် တာအိုကျင့်ကြံသူလေး၏ ကြိမ်းမောင်းမှုကို ကျူးပါကျဲက ဒေါသမထွက်ဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး ပြန်လည်ပြောဆိုလိုက်လေသည်။

"ဒါက အနောက်သို့ ခရီးသွားခြင်း မှတ်တမ်းမှာ ဖော်ပြမထားတဲ့ အင်အားစုတစ်ခုလား… လွီတုန်းပင်း ရဲ့ တာအိုဝါဒ အမွေအနှစ်လား… ကောင်းကင်ဓားဂိုဏ်း ဆိုပါလား..."

ဆရာချင်းရွှီနှင့် ကျူးပါကျဲတို့၏ စကားပြောဆိုမှုကို ဂရုမစိုက်တော့ဘဲ ကျန်းလျို၏ အတွေးများက သူ့ဘာသာသူ တိတ်တဆိတ် လှုပ်ရှားနေခဲ့လေသည်။

ဤ ကောင်းကင်ဓားဂိုဏ်း ဆိုသောအရာသည် မူရင်းဇာတ်လမ်းတွင် လုံးဝ ဖော်ပြထားခြင်း မရှိခဲ့ပေ။

"ဒါနဲ့ ဆရာချင်းရွှီ… ကျောင်းသင်္ခမ်းမှာ ကြိုးကြိုးစားစား မကျင့်ကြံဘဲ ဘာလို့ လျှောက်သွားနေရတာလဲ ဘာကိစ္စများ ရှိလို့လဲ..."

အပေါ်ယံတွင် ပေါ့ပေါ့ပါးပါးဟန်ဖြင့် ကျန်းလျိုက ဆရာချင်းရွှီကို မေးလိုက်သည်။

"အင်း... တကယ်တော့ ကိစ္စတစ်ခု ရှိလို့ပါ..."

ဤစကားကို ကြားသောအခါ ဆရာချင်းရွှီက ပွင့်လင်းရိုးသားသော အမူအရာဖြင့် ချက်ချင်းပင် ခေါင်းညိတ်လိုက်လေသည်။

"အနောက်ဘက် လီငါးရာလောက် အကွာမှာ ရတနာဆင်တိုင်းပြည် ဆိုတာ ရှိတယ်… ရတနာဆင်တိုင်းပြည်ရဲ့ မင်းသမီးကို မိစ္ဆာ တစ်ကောင်က ဖမ်းခေါ်သွားပြီး ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာ ကြာနေပြီလို့ ကျုပ်ကြားထားတယ်… ဒါကြောင့် မင်းသမီးကို ရှာဖွေကယ်ဆယ်ဖို့ တော်ဝင်ကြေညာစာတမ်း တစ်ခု ထုတ်ပြန်ထားတာလေ… ကျုပ်က အဲဒါကို သွားကြည့်မလို့ သွားနေရင်းနဲ့ လေထဲမှာ မင်းတို့နဲ့ လာဆုံမယ်လို့ ဘယ်သူက ထင်မှာလဲ..."

ဆရာချင်းရွှီက ခေါင်းညိတ်ကာ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ သူ၏ကိစ္စကို ကျန်းလျိုအား ပွင့်ပွင့်လင်းလင်း ပြောပြလိုက်လေသည်။

‘လီငါးရာ အကွာမှာလား… ရတနာဆင်တိုင်းပြည် ဆိုပါလား…’

ဤသည်ကို ကြားသောအခါ ကျန်းလျိုမှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

"ဝတ်ရုံဝါ မိစ္ဆာရဲ့ ဇာတ်ကွက်က စတင်တော့မယ့်ပုံပဲ မဟုတ်လား..."

"ရတနာဆင်တိုင်းပြည်... အဲဒီကို မသွားဖို့ ခင်ဗျားကို ကျုပ် အကြံပေးချင်တယ်..."

ဆရာချင်းရွှီ၏ စကားကို ကြားသောအခါ ကျန်းလျိုက ခေါင်းယမ်းလိုက်ပြီး ရိုးသားပွင့်လင်းစွာ ပြောလိုက်လေသည်။

"ဘာဖြစ်လို့လဲ..."

ကျန်းလျို၏ စကားများကြောင့် ဆရာချင်းရွှီမှာ နားမလည်နိုင်ဘဲ သူ့ကို အံ့သြတကြီး ကြည့်နေမိလေသည်။ သူ ဦးတည်သွားနေသော အရပ်မျက်နှာအရ ဆိုလျှင် သူလည်း ရတနာဆင်တိုင်းပြည် သို့ သွားနေခြင်းပင် မဟုတ်ပါလော။ ဆိုလိုသည်မှာ သူကိုယ်တိုင်လည်း ရတနာဆင်တိုင်းပြည်က မည်သို့ရှိသည်ကို မြင်ဖူးဦးမည် မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သူ့ကို သွားရန် တားဆီးနေရသနည်း။

"ရတနာဆင်တိုင်းပြည်က မိစ္ဆာတွေက ခင်ဗျားရဲ့ တိုက်ခိုက်ရေးစွမ်းအား နဲ့ ယှဉ်နိုင်မယ့်အရာတွေ မဟုတ်ဘူး… အဲဒီကို သွားတာက သေတွင်းထဲ သွားနေသလိုပဲ ဖြစ်နေလိမ့်မယ်..."

ကျန်းလျိုက ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။

ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ အထူးသဖြင့် မူရင်းဝတ္ထုထဲရှိ ဝတ်ရုံဝါမိစ္ဆာ နှင့် ပတ်သက်သည့် အပိုင်းကို ကျန်းလျိုက ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ ဖြစ်သည်။

အစပိုင်းတွင် အရိုးဖြူသခင်မ နှင့် ရင်ဆိုင်ရစဉ်အတွင်း စွန်းဝူခုန်း နှင့် ထန်ဆရာတော် တို့အကြား သဘောထားကွဲလွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စွန်းဝူခုန်းကို နှင်ထုတ်ခဲ့သည်။ နောက်ပိုင်းတွင် သူတို့ ရတနာဆင်တိုင်းပြည်သို့ ရောက်ရှိသောအခါ ထန်ဆရာတော်မှာ ဒုက္ခရောက်ခဲ့ရပြီး ဝတ်ရုံဝါမိစ္ဆာ ၏ လှည့်စားမှုကြောင့် ကျားတစ်ကောင်အဖြစ် အသွင်ပြောင်းခံရကာ ထိုမှတစ်ဆင့် ထန်ဆရာတော်ကို မိစ္ဆာ အဖြစ် မဟုတ်မမှန် စွပ်စွဲပြီး သံလှောင်အိမ်ထဲတွင် ပိတ်လှောင်ထားခြင်း ခံခဲ့ရသည်။

ကျူးပါကျဲသည် ဟွာကော်တောင် သို့ သွားရောက်ကာ စွန်းဝူခုန်း အား ပြန်လာရန် တောင်းဆိုခဲ့ရပြီး ထိုအချိန်ကျမှသာ ထန်ဆရာတော် ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသည်က ဝတ်ရုံဝါမိစ္ဆာ သည် မိစ္ဆာ တစ်ကောင်အဖြစ် ခံယူထားသော်လည်း တကယ်တမ်းတွင် သူသည် ကောင်းကင်ဘုံ မှ နတ်မင်းတစ်ပါးဖြစ်သော ခွေမု ဝံပုလွေ ဖြစ်ကာ မူလက မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။

နံ့သာ နန်းဆောင်မှ ပိုင်ဟွာရှို့ မင်းသမီးကို ချစ်မြတ်နိုးခဲ့သောကြောင့် ပိုင်ဟွာရှို့သည် ရတနာဆင်တိုင်းပြည် တွင် ဝင်စားခဲ့သည်။ ထို့နောက်... ခွေမုဝံပုလွေသည်လည်း ဝတ်ရုံဝါမိစ္ဆာ အဖြစ် အသွင်ပြောင်းကာ ပိုင်ဟွာရှို့နှင့်အတူ လူ့ပြည်တွင် ဇနီးမောင်နှံအဖြစ် ပေါင်းဖက်ခဲ့ပြီး ဆယ့်သုံးနှစ်တိုင်တိုင် နေထိုင်ခဲ့ကြသည်။

မူရင်းဇာတ်လမ်းအရ ဝတ်ရုံဝါမိစ္ဆာ သည် နက်ရှိုင်းသော ခံစားချက်နှင့် သစ္စာရှိမှုကို ပိုင်ဆိုင်ထားသည့် ဇာတ်ကောင်တစ်ကောင် ဖြစ်ကြောင်း ရှင်းလင်းစွာ သိမြင်နိုင်ပြီး ပိုင်ဟွာရှို့အပေါ်တွင်လည်း အလွန် ဂရုစိုက်ကြင်နာမှု ရှိခဲ့သည်။

ပိုင်ဟွာရှို့ နှလုံးရောဂါ ခံစားရသောအခါ ဝတ်ရုံဝါမိစ္ဆာသည် သူမ၏ ဝေဒနာကို ကုသပေးရန်အတွက် သူ၏ ကိုယ်ပိုင် ရှာရီပုတ္တရာ ထူးကဲသော အတွင်းအားဆေးလုံး ကို ချက်ချင်း ထုတ်ပေးခဲ့ခြင်းက သူ၏ စရိုက်လက္ခဏာကို ဖော်ပြနေပေသည်။

ထို့အပြင် ဝတ်ရုံဝါမိစ္ဆာ၏ အတွင်းအနှစ်သာရသည် ဗုဒ္ဓဘာသာ နှင့် သက်ဆိုင်ပြီး ထူးကဲသော အတွင်းအားဆေးလုံးသည် တာအိုဝါဒ နှင့် သက်ဆိုင်သည်ကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုပါက သူသည်ဗုဒ္ဓဘာသာ နှင့် တာအိုဝါဒ ကျင့်စဉ်နှစ်ရပ်လုံးကို ကျင့်ကြံအားထုတ်ခဲ့ကြောင်း ပေါ်လွင်နေပေသည်။

မူရင်းဇာတ်လမ်းတွင် မိုးကြိုးကျောင်းတော်၌ တိုက်ခိုက်ခြင်းနှင့် ကြံ့မိစ္ဆာ ကို နှိမ်နင်းခြင်းတို့တွင် ခွေမု ဝံပုလွေသည် ကူညီရန် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။

သို့သော်လည်း ရတနာဆင်တိုင်းပြည်၏ ကံကြမ္မာဆိုးတွင် ချစ်သူနှစ်ဦး ကွဲကွာခဲ့ရရုံသာမက ဝတ်ရုံဝါမိစ္ဆာ နှင့် ပိုင်ဟွာရှို့ တို့မှ မွေးဖွားလာသော ကလေးငယ်မှာလည်း ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ဇာတ်လမ်း၏ ဤအပိုင်းမှနေ၍ ဝတ်ရုံဝါမိစ္ဆာသည် အတော်လေး သနားစရာကောင်းကြောင်း ထင်ရှားနေသော်လည်း သူသည် နောက်ပိုင်းတွင် အနောက်အရပ်သို့ ခရီးသွားခြင်း၌ ပါဝင်သူများကို မိစ္ဆာ များ နှိမ်နင်းရာ၌ လိုလိုလားလားပင် ကူညီပေးခဲ့သေးသည်။

ဝတ်ရုံဝါ မိစ္ဆာသည် ရက်စက်မှုကို ကြင်နာမှုဖြင့် ပြန်လည်ပေးဆပ်ခဲ့သည်နှင့် တူနေသည် မဟုတ်ပါလော။

"ခင်ဗျားက ရတနာဆင်တိုင်းပြည် ကို ရောက်ဖူးလို့လား… ကျုပ်က အဲဒီ မိစ္ဆာ ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို ခင်ဗျားက ဘယ်လိုလုပ် သိနေတာလဲ..."

ကျန်းလျို၏ စကားများကြောင့် ဆရာချင်းရွှီမှာ သူ့ကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်မိလေသည်။

"အင်း... တိုက်ဆိုင်မှုတစ်ခုကြောင့် အဲဒီ မိစ္ဆာ ရဲ့ အကြောင်းကို ကျုပ် နည်းနည်းပါးပါး သိထားလို့ပါ..."

ကျန်းလျိုသည် နောက်ထပ် ရှင်းပြရန် ဆန္ဒမရှိကြောင်း ပြသသည့်အနေဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်။

ကျန်းလျိုသည် နောက်ထပ် အသေးစိတ်ရှင်းပြရန် ဆန္ဒမရှိသည်ကို မြင်သောအခါ ဆရာချင်းရွှီက ဆက်လက်၍ မမေးမြန်းတော့ပေ။ သို့သော်လည်း သူ၏ မျက်နှာအမူအရာမှာ ခိုင်မာပြတ်သားနေပြီး သူက ပြောလိုက်သည်။

"ဒီ ရတနာဆင်တိုင်းပြည် ကို သွားရမယ့် ခရီးစဉ်က ကျုပ်ဂိုဏ်းက ပေးထားတဲ့ တာဝန်ဖြစ်လို့ မဖြစ်မနေ သွားရမှာပဲ… မဟုတ်ရင် ကျုပ်အပေါ်ထားတဲ့ ဂိုဏ်းရဲ့ ယုံကြည်မှုကို ကျုပ်က ဘယ်လိုလုပ် တာဝန်ကျေနိုင်ပါ့မလဲ..."

"ဒါဆိုလည်း ကိုယ့်သဘောနဲ့ကိုယ်ပေါ့ဗျာ..."

ကျန်းလျိုက တစ်ဖက်လူကို ဖျောင်းဖျရန် တတ်နိုင်သမျှ ကြိုးစားခဲ့ပြီးဖြစ်ရာ တစ်ဖက်လူက နားမထောင်ပါက သူ ထပ်မံလုပ်ဆောင်နိုင်စရာ ဘာမှမရှိတော့ပေ။

သူတို့ ခရီးဆက်လာရာတွင် လမ်းခုလပ်၌ အချိန်မဖြုန်းခဲ့ကြပေ။ အချိန်အတန်ကြာ ပြီးနောက်တွင် ကောင်းကင်ယံမှာ တဖြည်းဖြည်း မှောင်မိုက်လာခဲ့သည်။ ဆရာချင်းရွှီ၏ ဦးဆောင်မှုဖြင့် ကျန်းလျိုနှင့် အခြားသူများသည် ကောင်းကင်ဓားဂိုဏ်း သို့ ရောက်ရှိသွားကြလေသည်။

ကောင်းကင်ဓားဂိုဏ်း သည် မြင့်မားသော တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ မှတ်သားဖွယ်ကောင်းသည်က ထိုတောင်သည် တိမ်တိုက်များအတွင်းသို့ ထိုးတက်သွားသော်လည်း ၎င်း၏ ဧရိယာမှာ မကျယ်ဝန်းလှပေ။

၎င်းသည် သဘာဝအတိုင်း မတ်စောက်စွာ မြင့်မားနေသော ကောင်းကင်တိုင်လုံးကြီး တစ်ခုကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေ၏။ တာအိုကျောင်းတော် မှာ တောင်ထိပ်တွင် တည့်မတ်စွာ တည်ရှိနေလေသည်။

ဆရာချင်းရွှီ၏ ဦးဆောင်မှုအောက်တွင် သူတို့အဖွဲ့ ကောင်းကင်ဓားဂိုဏ်း ၏ ရှေ့တွင် ရပ်လိုက်သောအခါ ကျောင်းတော်၏ အထက်တွင် ဓားအလင်းတန်းများ တဖျပ်ဖျပ် လင်းလက်နေသည်ကို မြင်တွေ့နိုင်ပြီး အတွင်းဘက်တွင်လည်း လူအများအပြား ဓားသိုင်းပညာကို လေ့ကျင့်နေကြလေသည်။

ကောင်းကင်ဓားဂိုဏ်းသည် လွီတုန်းပင်းမှ လူ့ပြည်တွင် ချန်ရစ်ခဲ့သော တောက်ဝါဒ အမွေအနှစ်တစ်ခု ဖြစ်သည်။ လွီတုန်းပင်းသည် သူ၏ ဓားသိုင်းပညာဖြင့် နာမည်ကြီးသူဖြစ်ရာ ထိုနေရာတွင် ဓားသိုင်းပညာကို လေ့ကျင့်ခြင်းမှာ အံဝင်ခွင်ကျပင် ဖြစ်လေသည်။

"နောင်တော် ဆရာချင်းရွှီ... ဒီလူတွေက ဘယ်သူတွေလဲ..."

ဆရာချင်းရွှီက ကျန်းလျိုနှင့် အဖွဲ့အား ကောင်းကင်ဓားဂိုဏ်း ထံသို့ ခေါ်ဆောင်လာသောအခါ ဓားသိုင်းလေ့ကျင့်နေသော တပည့်အများအပြားက သူတို့ကို နှုတ်ဆက်ကြလေသည်။ သူတို့အားလုံးက ကျန်းလျိုနှင့် သူ၏ အဖွဲ့အား ထူးဆန်းသော အကြည့်များဖြင့် ကြည့်ရှုကြပြီး အထူးသဖြင့် ကျူးပါကျဲ နှင့် ရှားဝူကျင်း တို့ကို သတိထားမိကြလေသည်။

"ငါ ဆရာသခင်နဲ့ သွားတွေ့လိုက်ဦးမယ်… မင်းတို့တွေ ဆက်ပြီး လေ့ကျင့်ကြဦး..."

တပည့်ငယ်များကို နှုတ်ဆက်ပြီးနောက် ဆရာချင်းရွှီက ပြောလိုက်လေသည်။

ထို့နောက်တွင် သူသည် ကျန်းလျိုနှင့် အခြားသူများကို အဓိကခန်းမဆောင် အတွင်းသို့ ခေါ်ဆောင်သွားလေသည်။

***

All Chapters