အခန်း (၃၂၁-၃၂၂)
Vol. 23 Ch. 321-322
အပိုင်း(၃၂၁)
"လာ... သူတို့နဲ့ မိတ်ဆက်ပေးမယ်… ဒီအရှင်က အနောက်အရပ် မဟာမိုးကြိုးကျောင်းတော် မှာ ကျမ်းစာပင့်ဆောင်ဖို့ ထန်ဧကရာဇ် နဲ့ ကွမ်ယင် ဗောဓိသတ် တို့ရဲ့ စေခိုင်းချက်အရ သွားရောက်နေတဲ့ မဟာထန်ပြည်က ရွှမ်ကျန်းဆရာတော် ပဲ… သူ့ရဲ့ တပည့်သုံးယောက်ကလည်း နာမည်ကြီး ပုဂ္ဂိုလ်တွေချည်းပဲ..."
၎င်းမှာ နားလည်မှုလွဲမှားခြင်းတစ်ခုသာ ဖြစ်ပြီး ပြေလည်သွားခဲ့ပြီဖြစ်ရာ လွီတုန်းပင်း သည် ကောင်းကင်ဓားဂိုဏ်း ရှိ သူ၏ တပည့်အားလုံးကို ကျန်လျို နှင့် သူ၏အဖော်များ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းပြရန် စကားဆိုလိုက်လေသည်။
ထိုမိတ်ဆက်ပေးမှုက ကောင်းကင်ဓားဂိုဏ်း မှ လူတိုင်းကို ဆွံ့အသွားစေခဲ့လေသည်။
‘မဟာထန်ပြည် က ဆရာတော်... အနောက်အရပ် မှာ ကျမ်းစာပင့်ဆောင်ဖို့ ထန်ဧကရာဇ် နဲ့ ကွမ်းယင် ဗောဓိသတ် တို့ရဲ့ စေခိုင်းချက်အရ သွားနေတယ် ဆိုပါလား…’
‘ကောင်းကင်နဲ့ တစ်ဂိုဏ်းတည်း သတ်မှတ်ခံရတဲ့ မဟာပညာရှိကြီး ဟုတ်သလား…’
‘ထျန်းဖုန် စစ်သူကြီး ဆိုပါလား…’
‘ကျွမ်လျန် စစ်သူကြီး လား…’
‘သူတို့အားလုံးက လူ့ပြည်ကို ဆင်းသက်လာတဲ့ ကောင်းကင်ဘုံက နတ်မင်းတွေချည်းပဲလား... ရွှမ်ကျန်းဆရာတော် ကို ကာကွယ်ပေးဖို့ ဆိုပါလား…’
‘ဘုရားရေ... ဒါက ဘယ်လို အဖွဲ့မျိုးကြီးလဲ…’
အစပိုင်းတွင် တာအိုကျင့်ကြံသူ သည် ကျန်လျို၏ စကားများအပေါ် သံသယဝင်နေခဲ့ပြီး စွန်ဝူခုန်း နှင့် ကျူးပါကျဲ တို့၏ စကားများမှာ လက်ခံရန် ပို၍ပင် ခက်ခဲနေပုံပေါ်ခဲ့လေသည်။
သို့သော် ယခုအခါ ဆရာသခင် ၏ မိတ်ဆက်စကားကို ကြားပြီးနောက် တာအိုကျင့်ကြံသူ အဘိုးအို သည် သူတို့က ဟန်ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် အံ့မခန်း အထင်ကြီးလောက်စရာ ပုဂ္ဂိုလ်များ ဖြစ်နေကြောင်း နားလည်သဘောပေါက်သွားလေသည်။
"ဒီ တာအိုကျင့်ကြံသူ အဘိုးအိုက မျက်စိရှိပေမယ့် ထိုက်တောင်ကြီး ကို မမြင်နိုင်ခဲ့ဘဲ အရှင်တို့အားလုံးကို စော်ကားမိသွားပါတယ်… အတိတ်က ကိစ္စတွေအတွက် ကျုပ်ကို အပြစ်မယူဖို့ မျှော်လင့်ပါတယ်..."
သူ၏ ဆရာသခင် ပင်လျှင် သတိထားကာ သူတို့ကို အလိုလိုက်ရန် စိတ်အားထက်သန်နေပုံရသည်ကို မြင်တွေ့ရသောအခါ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော တာအိုကျင့်ကြံသူ အဘိုးအိုသည် အခြေအနေ၏ ကြီးမားမှုကို နားလည်သွားခဲ့ပြီး ကျန်လျို အား အလျင်အမြန် တောင်းပန်လိုက်လေသည်။
"အောမိတော်ဖော... နားလည်မှုလွဲတာဆိုတော့လည်း ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့… ဒီနေ့ကိစ္စအတွက်ကတော့ နှစ်ဖက်စလုံးမှာ အမှားကိုယ်စီ ရှိခဲ့တယ်လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့..."
တာအိုကျင့်ကြံသူ အဘိုးအိုဘက်က တောင်းပန်နေသည်ကို ကြားသောအခါ ကျန်လျို သည် ဟန်ဆောင်ပန်ဆောင် မလုပ်တော့ဘဲ နှိမ့်ချမှုရှိကာ ယဉ်ကျေးပျူငှာစွာဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။
အကယ်၍ ကျန်လျို၏ ခန္ဓာကိုယ်တွင် သွေးများနှင့် ဒဏ်ရာများ စွန်းထင်းနေခြင်း မရှိခဲ့ပါက ထို့အပြင် သူ တစ်ယောက်တည်းဖြင့် ကောင်းကင်ဓားဂိုဏ်း မှ တပည့်တစ်ရာကျော်ကို အနိုင်ယူထားခဲ့ခြင်းမျိုး မရှိခဲ့ပါက သူ၏ နှိမ့်ချပြီး ယဉ်ကျေးပျူငှာသော အမူအရာမှာ ယုံကြည်နိုင်ဖွယ် ကောင်းနေမည် ဖြစ်ပေသည်။
"ရွှမ်ကျန်းဆရာတော်... ဘာပဲဖြစ်ဖြစ် အမှားက ဒီအဘိုးအို ကနေ စတင်ခဲ့တာပါ… ဆရာချင်းရွှီ က အရှင်ဘုရားကို ပျံသန်းနိုင်တဲ့ မှော်လက်နက် တစ်ခု ပေးမယ်လို့ သဘောတူထားပြီးပြီဆိုတော့… အခု အဲဒါကို သွားယူပေးပါ့မယ်..."
ကျန်လျို နှင့် သူ၏အဖော်များမှာ သူ တွေးထင်ထားသည်ထက် များစွာ ကျော်လွန်နေသည်ကို သတိပြုမိသွားသောကြောင့် တာအိုကျင့်ကြံသူ အဘိုးအိုသည် မိမိကိုယ်ကို အပြစ်ရှိသည်ဟု ခံစားလိုက်ရပြီး စကားပြောဆိုနေစဉ်မှာပင် သူ၏ လက်ဝါးကို မြှောက်လိုက်လေသည်။
ထို့နောက်တွင် တောင်ပံပုံသဏ္ဌာန်ရှိသော ပျံသန်းနေသော ဓားမြှောင် တစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်ထွက်လာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် တာအိုကျင့်ကြံသူ အဘိုးအို ၏ ရင်ထဲ၌ ရယ်ချင်ငိုချင်ဖြစ်နေသည့် ခံစားချက်များ ရောပြွမ်းနေခဲ့လေသည်။ ပျံသန်းနိုင်သော အသုံးအဆောင်များသည် အဖိုးတန်လှသော်လည်း ဥပဒေသထိန်းချုပ်ခြင်းအဆင့် အောက်ရှိ ကျင့်ကြံသူများအတွက်သာ အမှန်တကယ် တန်ဖိုးရှိခြင်းဖြစ်ပြီး နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် တွင် ရှိနေသူများမှာ သူတို့၏ ကိုယ်ပိုင် မှော်ပစ္စည်းထိန်းချုပ်ပျံသန်းခြင်း ဖြင့် ပျံသန်းနိုင်နေပြီ ဖြစ်လေသည်။
ဤမျှ ထူးကဲသော အဆင့်အတန်းမျိုး ရှိနေပါလျက်နှင့် ပျံသန်းနိုင်သော အသုံးအဆောင်ပစ္စည်းလေး တစ်ခုကို သူတို့က စိတ်ဝင်စားလိမ့်မည်ဟု ဘယ်သူကများ တွေးထင်မိမည်နည်း။
"ဟင်... ဒါက ပျံသန်းနိုင်တဲ့ အသုံးအဆောင်ပစ္စည်းလား..."
ကျန်လျိုသည် သူ့ထံတွင် ပျံသန်းနိုင်သော အသုံးအဆောင်ပစ္စည်း တစ်ခု ရှိနေပြီးဖြစ်ရာ နောက်ထပ်တစ်ခု မလိုအပ်တော့ဟု ခံစားနေရသော်လည်း တာအိုကျင့်ကြံသူ အဘိုးအို ၏ လက်ထဲရှိ တောင်ပံပုံသဏ္ဌာန် ပျံသန်းနေသော ဓားမြှောင်ကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။
ဤပျံသန်းနိုင်သော ပစ္စည်းလေး၏ ပုံပန်းသဏ္ဌာန်မှာ သူ၏ ကိုယ်ပိုင် ကောင်းကင်အရိုးတောင်ပံနက် နှင့် အလွန် ကွဲပြားခြားနားနေလေသည်။
"ငှက်တောင် မိစ္ဆာဓား..."
ဆရာချင်းရွှီ က တာအိုကျင့်ကြံသူ အဘိုးအို ၏ လက်ထဲရှိ ပျံသန်းနေသော ဓားမြှောင်ကို မြင်သောအခါ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ကျန်လျို၏ အကြည့်သည် တောင်ပံပုံသဏ္ဌာန် ပျံသန်းနေသော ဓားမြှောင်ပေါ်သို့ ကျရောက်သွားသည်နှင့် ၎င်း၏ အချက်အလက်များကလည်း သူ၏ရှေ့တွင် ပေါ်ထွက်လာခဲ့လေသည်။
ငှက်တောင် မိစ္ဆာဓား (ဒဏ္ဍာရီလာ အရည်အသွေး) - အထူးအသုံးအဆောင်ပစ္စည်း၊ အဆင့် ၃၁ လိုအပ်သည်၊ တပ်ဆင်ထားသည့်အခါ ကောင်းကင်ယံတွင် ပျံသန်းနိုင်စေပြီး၊ အရှိန်မှာ မိမိ၏ အဆင့်ပေါ်တွင် မူတည်သည်၊ အထူးအကျိုးသက်ရောက်မှု - ငှက်မွေးဓားသွားများ အားလုံးကို ပစ်လွှတ်နိုင်ပြီး၊ ရှေ့ရှိ ပစ်မှတ်အားလုံးအပေါ်သို့ ယပ်တောင်ပုံသဏ္ဌာန် တိုက်ခိုက်မှုကို ဖြစ်ပေါ်စေသည်၊ တိကျသော ထိခိုက်ပျက်စီးမှုမှာ မိမိ၏ တိုက်ခိုက်ရေးစွမ်းအား ပေါ်တွင် မူတည်သည်၊ ကြံ့ခိုင်မှု ၈၀/၁၂၀။
ငှက်တောင် မိစ္ဆာဓား ၏ အချက်အလက်များကို ကြည့်ပြီးနောက် ကျန်လျို ၏ မျက်လုံးများထဲတွင် အံ့သြမှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့၏။
အဓိက လုပ်ဆောင်ချက်အရ ဆိုလျှင် ငှက်တောင် မိစ္ဆာဓားသည် သူ၏ မဟူရာ ကောင်းကင် အရိုးတောင်ပံ နှင့် အကျိုးသက်ရောက်မှု အတူတူပင် ဖြစ်သည်။ သို့သော်လည်း... ပစ္စည်း၏ အရည်အသွေးပိုင်းတွင်မူ ဒဏ္ဍာရီလာ အရည်အသွေးသည် ပြီးပြည့်စုံသော အရည်အသွေးထက် သေချာပေါက် တစ်ဆင့်ပို၍ မြင့်မားနေလေသည်။
အရှိန်ကို သူ မစမ်းသပ်ရသေးသော်လည်း အုပ်စုလိုက် တိုက်ခိုက်သည့် အကျိုးသက်ရောက်မှု ပါဝင်သော ဤအထူးအကျိုးသက်ရောက်မှုသည် အခြေခံအားဖြင့် သူ့အတွက် နောက်ထပ် တိုက်ခိုက်ရေးစွမ်းရည် တစ်ခုကို ထပ်ဆောင်းရရှိလိုက်ခြင်းပင် မဟုတ်ပါလော။
"အကြီးအကဲက ဒါကို ပေးသနားတာဆိုတော့… ကျုပ် ငြင်းဆန်ဖို့ မဝံ့ရဲပါဘူး… ကျေးဇူးတင်ပါတယ်..."
ငှက်တောင် မိစ္ဆာဓား၏ အချက်အလက်များကို သေချာစွာ စစ်ဆေးပြီးနောက် ကျန်လျို သည် တိတ်တဆိတ် ဝမ်းသာကျေနပ်သွားခဲ့ပြီး ကျေးဇူးတင်စကားဆိုရန်လည်း တွန့်ဆုတ်မနေခဲ့ပေ။
"ရွှမ်ကျန်းဆရာတော်... အရှင်ဘုရား သဘောကျတယ်ဆိုရင် ကောင်းတာပေါ့..."
ရွှမ်ကျန်းဆရာတော်၏ အဖြေကို ကြားပြီး သူ၏ ပျော်ရွှင်နေသော အမူအရာကို မြင်သောအခါ တာအိုကျင့်ကြံသူ အဘိုးအို က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
ဇနီးသည်ကိုရော တပ်သားများကိုပါ ဆုံးရှုံးလိုက်ရသည်ဆိုသည့် စကားပုံအတိုင်း ကောင်းကင်ဓားဂိုဏ်း အတွက်မူ ဤသည်ကို အမှန်တကယ်ပင် ဇနီးရော တပ်သားပါ ဆုံးရှုံးလိုက်ရခြင်းဟု ဖော်ပြနိုင်ပေသည်။ သူတို့သည် ငှက်တောင် မိစ္ဆာဓား ကို ဆုံးရှုံးလိုက်ရရုံသာမက တောက်ကျောင်းတော် အတွင်းရှိ လူတိုင်းနီးပါးလည်း ရိုက်နှက်ခံလိုက်ရလေသည်။ သူတို့၏ ဘိုးဘေး လွီတုန်းပင်း ကို ပင့်ဖိတ်ခဲ့ခြင်းကပင် မည်သည့် အကျိုးကျေးဇူးမျှ မဖြစ်ထွန်းခဲ့ပေ။
သို့သော်လည်း ကောင်းကင်ဓားဂိုဏ်း အနေဖြင့် ဤမျှကြီးမားသော ဘေးဒုက္ခကို ရင်ဆိုင်ခဲ့ရပြီး ဤမျှ အရေးပါအရာရောက်သော ပုဂ္ဂိုလ်တစ်ဦးကို စော်ကားမိခဲ့ပြီးနောက် လျော်ကြေးအနေဖြင့် ငှက်တောင် မိစ္ဆာဓား တစ်လက်တည်းကိုသာ ဆုံးရှုံးလိုက်ရခြင်းမှာ အတော်လေး ကောင်းမွန်နေသေးပုံရလေသည်။
အရှုံးနည်းခြင်းကို အမြတ်အဖြစ် သတ်မှတ်လိုက်မည်ဟု သူတို့ တွေးလိုက်ကြသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို စော်ကားမိခဲ့ပြီးနောက် ငှက်တောင် မိစ္ဆာဓား တစ်လက်တည်းဖြင့် ဤဘေးဒုက္ခကို ဖြေရှင်းနိုင်ခဲ့မည်ဆိုပါက ၎င်းထက် ပိုကောင်းသောအရာ ရှိနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ငှက်တောင် မိစ္ဆာဓားသည် နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် အထက်ရှိ ကျင့်ကြံသူများအတွက် အသုံးဝင်မှု နည်းပါးလှသော ပျံသန်းနိုင်သည့် မှော်လက်နက် တစ်ခုမျှသာ ဖြစ်လေသည်။
"ဒီလိုဆိုတော့လည်း အရမ်းကောင်းတာပေါ့..."
ကျန်းလျိုနှင့် တာအိုကျင့်ကြံသူ အဘိုးအိုတို့ကြားရှိ သဘောထားများကို မြင်တွေ့ရသောအခါ လွီတုန်းပင်းသည်လည်း အရာရာတိုင်းအတွက် ကျေနပ်သွားကာ တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်လေသည်။
အနောက် အရပ်သို့ ခရီးသွားခြင်း ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ ကပ်ဘေးတစ်ခုဖြစ်ပြီး သာမန်လူများအနေဖြင့် ရန်စရန်မဆိုထားနှင့် မည်သည့်နည်းနှင့်မဆို ရှောင်ကြဉ်ကြမည့် အရာမျိုး ဖြစ်ပေသည်။
နတ်မင်းကြီး တစ်ပါး၏ မြွေပါသည် အောက်ဘုံ သို့ဆင်းသက်ကာ ဘုရားဖူးအဖွဲ့အား ဒုက္ခပေးခဲ့သောကြောင့် သေဆုံးသွားခဲ့ရသည့် ကိစ္စကို ကောင်းကင်ဘုံ က ဖုံးကွယ်ထားခြင်း မရှိတော့ပေ။
ယခု သူ၏ တပည့်များမှာ သူတို့ကို ပြစ်မှားစော်ကားမိခဲ့သော်လည်း မှော်လက်နက် တစ်ခုတည်းဖြင့် ဤအခြေအနေကို ငြိမ်းအေးစေနိုင်ခြင်းက နတ်မင်းကြီး ကြုံတွေ့ခဲ့ရသည်ထက် များစွာ ပိုမိုကောင်းမွန်သော ရလဒ်တစ်ခု ဖြစ်ပေသည်။
ကိစ္စရပ်များ အားလုံး ပြီးပြည့်စုံစွာ ဖြေရှင်းပြီးသွားသည်ကို မြင်သောအခါ လွီတုန်းပင်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် နောက်ထပ် ဆက်လက်နေထိုင်ရန် အကြံအစည် မရှိတော့ပေ။ နောက်ဆုံးအနေဖြင့် မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် သူသည် လှည့်ကာ နတ်ပလ္လင်ပေါ်သို့ တက်လှမ်းသွားခဲ့ပြီး သူ၏ ရုပ်တုမှာလည်း မူလကျောက်ဆစ်ရုပ်တု အသွင်သို့ ပြန်လည်ရောက်ရှိသွားလေသည်။
လွီတုန်းပင်း၏ အစစ်အမှန် နတ်ဝိညာဉ် သည် ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းနေလေသည်။
ဤအချိန်တွင်မူ နားလည်မှုလွဲမှားခြင်းများ အားလုံး ရှင်းလင်းသွားခဲ့ပြီဖြစ်ရာ လူတိုင်းမှာ ဝမ်းသာပျော်ရွှင်နေကြလေသည်။
"ဒါနဲ့... ရွှမ်ကျန်းဆရာတော်..."
ရုတ်တရက် ဆရာချင်းရွှီ က တစ်စုံတစ်ရာကို အမှတ်ရသွားပုံဖြင့် စကားဆိုလိုက်သည်။
"ရတနာဆင်တိုင်းပြည်မှာ ဒုက္ခပေးနေတဲ့ မိစ္ဆာက အရမ်း အစွမ်းထက်ပြီး ကျုပ်တို့ ကိုင်တွယ်နိုင်တဲ့သူ မဟုတ်ဘူးလို့ ဆရာတော် ပြောခဲ့တယ်နော်... အဲဒါ တကယ်ပဲလား..."
"မှန်ပါတယ်… အဲဒီနေရာမှာ မိစ္ဆာ နှိမ်နင်းဖို့ မကြိုးစားပါနဲ့လို့ ကျုပ် တိုက်တွန်းချင်ပါတယ်… မဟုတ်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်..."
ကျန်းလျိုက အလေးအနက် ခေါင်းညိတ်ကာ ပြန်လည်ဖြေကြားလိုက်သည်။
ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ ကောင်းကင်ဘုံမှ ခွေမု ဝံပုလွေ ကို သူတို့ မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ မည်သို့ပင်ဆိုစေကာမူ ခွေမုဝံပုလွေ သည် ကောင်းကင်ဘုံရှိ ကြယ်တာရာ နှစ်ဆယ့်ရှစ်ပါး ထဲတွင် ခေါင်းဆောင်တစ်ဦး ဖြစ်ပေသည်။
"နားလည်ပါပြီ… ရတနာဆင်တိုင်းပြည် ကိစ္စမှာ ကျုပ်တို့ လုံးဝ ထပ်ပြီး မပါဝင်ပတ်သက်တော့ပါဘူး..."
ကျန်းလျို သည် ပြိုင်ဘက်တစ်ဦးကို ဖယ်ရှားလိုသည်ဟု အစပိုင်းတွင် သူတို့ သံသယရှိခဲ့ကြသော်လည်း ယခုအခါ ကောင်းကင်ဓားဂိုဏ်း မှ တာအိုကျင့်ကြံသူများသည် သူ၏စကားများကို အပြည့်အဝ ယုံကြည်သွားကြပြီဖြစ်ကာ အလေးအနက် ခေါင်းညိတ်၍ ပြန်လည်တုံ့ပြန်လိုက်ကြလေသည်။
"ကောင်းပြီလေ… အချိန်လည်း လင့်နေပြီ... တပည့်တို့ သွားကြစို့..."
ကောင်းကင်ဓားဂိုဏ်း ၏ ကိစ္စရပ်များ ကျေနပ်ဖွယ်ကောင်းစွာ ပြီးဆုံးသွားပြီးနောက် လက်ထဲတွင် ရတနာများ ရရှိထားသလို အတွေ့အကြုံမှတ် များလည်း ရရှိခဲ့သောကြောင့် ကျန်းလျိုသည် ပြည့်စုံမှု ခံစားချက်ကို ခံစားလိုက်ရသည်။ ထို့ကြောင့်ပင်... သူက အော်ခေါ်လိုက်ပြီး စွန်းဝူခုန်း နှင့် အခြားသူများကို ဦးဆောင်ကာ အနောက်အရပ်သို့ ခရီးဆက်ခဲ့ကြလေသည်။
***
အပိုင်း(၃၂၂)
ကောင်းကင်ဓားဂိုဏ်း မှ ဆင်းသက်လာရာတွင် တောင်တက်လမ်းမှာ ကြမ်းတမ်းပြီး မတ်စောက်ကာ သဘာဝအတိုင်း သွားလာရန် ခက်ခဲလှပေသည်။ ထို့ကြောင့်ပင် ကျန်းလျိုသည် ငှက်တောင် မိစ္ဆာဓားသို့ ပြောင်းလဲတပ်ဆင်လိုက်ပြီး ၎င်း၏ အကျိုးသက်ရောက်မှုများကို စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေခဲ့လေသည်။
ရွှမ်း... ရွှမ်း...
ကျန်းလျို စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် ငှက်မွေးနှင့်တူသော ဓားသွားပေါင်းမြောက်မြားစွာသည် သူ၏ ကျောဘက်တွင် ရုတ်တရက် ဖြန့်ကြက်သွားခဲ့ပြီး ပျံသန်းနေသော ဓားမြှောင်များ ဖြင့် ဖွဲ့စည်းထားသည့် တောင်ပံတစ်စုံအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ကျန်းလျိုသည် သူ၏ တောင်ပံအသစ်များကို လှုပ်ရှားရန် စိတ်ကူးလိုက်ရာ ၎င်းတို့သည် သူ၏ ကျောဘက်တွင် ပြင်းထန်စွာ တဖျပ်ဖျပ် ခတ်သွားကြလေသည်။ ထို့နောက်တွင် သူ၏ ပုံရိပ်မှာ လျှပ်စီးတန်းတစ်ခုကဲ့သို့ အထက်သို့ ထိုးတက်သွားခဲ့လေသည်။
ဝှစ်... ဝှစ်... ဝှစ်...
ငှက်တောင် မိစ္ဆာဓား၏ အဆက်မပြတ် လှုပ်ရှားမှုနှင့်အတူ ကျန်းလျိုသည် ပတ်လည်ရှိ လေပြင်းများက သူ၏ မျက်နှာကို ဓားများကဲ့သို့ ဖြတ်တောက်နေပြီး အနည်းငယ် နာကျင်မှုကို ဖြစ်ပေါ်စေကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ယခင်က မဟူရာကောင်းကင် အရိုးတောင်ပံ ကို သေချာပေါက် စမ်းသပ်ကြည့်ခဲ့ပြီးဖြစ်ရာ ယခု ငှက်တောင် မိစ္ဆာဓား ၏ ပျံသန်းမှုအရှိန်မှာ လုံးဝကို ကွဲပြားခြားနားသော အဆင့်တစ်ခုတွင် ရှိနေကြောင်း ကျန်းလျို ခံစားသိရှိနိုင်လေသည်။
အကယ်၍ ယခင် မဟူရာကောင်းကင် အရိုးတောင်ပံ ၏ ပျံသန်းမှုအရှိန်သည် စက်ဘီးတစ်စီး၏ အရှိန်နှင့် တူမည်ဆိုပါက လက်ရှိ ငှက်တောင် မိစ္ဆာဓား ၏ အရှိန်မှာ မော်တော်ဆိုင်ကယ်တစ်စီးနှင့် ပို၍တူနေပြီး အရှိန်အဟုန်မှာ သိသိသာသာ တိုးတက်လာခဲ့လေသည်။
"ကောင်းလိုက်တာ… ဒဏ္ဍာရီလာ အရည်အသွေး ရှိတဲ့ မှော်လက်နက် ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်… ဒီလို အရှိန်တိုးတက်လာတာက အမှန်တကယ်ကို ကြီးမားလွန်းတယ်..."
နာရီဝက်ခန့် ပျံသန်းပြီးနောက် ငှက်တောင် မိစ္ဆာဓား ၏ အရှိန်ကို အပြည့်အဝ ခံစားခဲ့ရပြီးသောအခါ ကျန်းလျိုမှာ လွန်စွာ ကျေနပ်သွားခဲ့ပြီး သဘောတူလက်ခံသည့်အနေဖြင့် ခေါင်းကို ညိတ်လိုက်လေသည်။
အတွေးတစ်ချက်နှင့်အတူ ကျန်းလျိုသည် ငှက်တောင် မိစ္ဆာဓား ၏ အခြားသော အထူးအကျိုးသက်ရောက်မှု လုပ်ဆောင်ချက်ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
သူ၏ စိတ်အလိုကျ စေခိုင်းလိုက်သည်နှင့် သူ၏ ကျောဘက်ရှိ ငှက်တောင် မိစ္ဆာဓား သည် ရှေ့သို့ ပြင်းထန်စွာ ရမ်းခါသွားလေသည်။
ရွှစ်... ရွှစ်... ရွှစ်...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပျံသန်းနေသော ဓားမြှောင် ရာပေါင်းများစွာသည် ယပ်တောင်ပုံသဏ္ဌာန် ဖြန့်ကျက်သွားပြီး ရှေ့သို့ အညှာအတာမဲ့စွာ ပစ်လွှတ်သွားလေသည်။
တိုက်ခိုက်ရန် ပစ်မှတ် မရှိသဖြင့် ဤ ပျံသန်းနေသော ဓားမြှောင်များ ၏ စွမ်းအားက မည်မျှအထိ ပြင်းထန်ကြောင်းကို ရှင်းလင်းစွာ မသိနိုင်ပေ။
သို့သော်လည်း ပျံသန်းနေသော ဓားမြှောင် တစ်ရာကျော် တစ်ဟုန်ထိုး ပစ်လွှတ်သွားသည်ကို မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ ယုံကြည်နိုင်လောက်အောင်ပင် ခမ်းနားထည်ဝါနေဆဲ ဖြစ်လေသည်။
"မဆိုးဘူးပဲ… လက်ထဲမှာ ကိုင်ထားရင် ဓားပျံ တစ်လက်တည်း ဆိုပေမယ့်… အသုံးပြုလိုက်တဲ့အခါမှာတော့ ဓားမြှောင် ရာနဲ့ချီ ထောင်နဲ့ချီပြီး ပြောင်းလဲသွားတယ်… အခုဆိုရင် ငါက မှော်ပစ္စည်းထိန်းချုပ်ပျံသန်းခြင်း အတွက် ကျွမ်းကျင်မှတ် တစ်မှတ် သက်သာသွားရုံတင်မကဘူး… တိုက်ခိုက်ရေးစွမ်းရည် တစ်ခုကိုပါ ရလိုက်ပြီပဲ… ဒီပစ္စည်းက တကယ်ကို တန်ဖိုးကြီးတာပဲ..."
ငှက်တောင် မိစ္ဆာဓား ၏ အကျိုးသက်ရောက်မှုကို သေချာစွာ စမ်းသပ်ပြီးနောက် ကျန်းလျို သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
မြေပြင်သို့ ဆင်းသက်ပြီးနောက် ညဉ့်နက်နေပြီဖြစ်ရာ ကျန်းလျိုသည် သူ၏ခရီးကို ဆက်ရန် အလျင်စလို မလုပ်တော့ဘဲ နတ်စံအိမ်တော် ကို ထုတ်ယူလိုက်လေသည်။
စိတ်အားထက်သန်စွာဖြင့် ဆရာနှင့် တပည့်များသည် အစားအသောက် အိုးကြီးတစ်အိုးကို ချက်ပြုတ်လိုက်ကြပြီး စိတ်တိုင်းကျ စားသောက်ပြီးနောက်တွင် တစ်ဦးစီ အနားယူရန် ထွက်သွားကြလေသည်။
...
ကောင်းကင်ဓားဂိုဏ်း မှ ရတနာဆင်တိုင်းပြည် ၏ မြို့တော်သို့ လီငါးရာ၊ ခြောက်ရာခန့် ကွာဝေးပြီး ကျန်းလျိုနှင့် သူ၏အဖွဲ့ သွားလာသည့် အရှိန်ဖြင့် ရတနာဆင်တိုင်းပြည် ၏ မြို့တော်သို့ ရောက်ရှိရန် လဝက်ခန့် အချိန်ယူခဲ့ရလေသည်။
မြို့တော်အပြင်ဘက်သို့ ရောက်ရှိသောအခါ ကျန်းလျိုသည် လူစည်ကားနေသော ရတနာဆင်တိုင်းပြည် ၏ မြို့တော်ကြီးကို ကြည့်ကာ ပြောလိုက်လေသည်။
"ကျူးပါကျဲ နဲ့ ရှားဝူကျင်း… မင်းတို့နှစ်ယောက် အသွင်အပြင်ကို မြန်မြန်ပြောင်းလိုက်ကြ… ငါတို့ မြို့ထဲ ဝင်ကြမယ်..."
ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲ သည် အနည်းငယ် မတရားဟု ခံစားလိုက်ရပြီး မေးလိုက်သည်။
"ဆရာ... ဘာဖြစ်လို့ ကျွန်တော်နဲ့ ညီလေး ရှားဝူကျင်း ပဲ ပြောင်းရမှာလဲ… အစ်ကိုကြီး ဝူခုန်း ကကော အသွင်ပြောင်းဖို့ မလိုဘူးလား..."
ကျူးပါကျဲသည် ညည်းတွားနေသော်လည်း သူ၏ လှုပ်ရှားမှုများမှာ လျင်မြန်လှပေသည်။ ကောင်းကင်ကြယ်တာရာ သုံးဆယ့်ခြောက်ပါး၏ နက်နဲသော နတ်စွမ်းရည်များကို အသုံးပြုကာ သူသည် ထျန်းဖုန် စစ်သူကြီး ဘဝက ရှိခဲ့သည့် ချောမောသော အသွင်အပြင်သို့ ပြောင်းလဲလိုက်လေသည်။
ကျန်းလျို၏ စကားကို ကြားသောအခါ ရှားဝူကျင်း က အနည်းငယ် အခက်တွေ့စွာဖြင့် ပြောလိုက်လေသည်။
"အင်း... ကျွန်တော့်ရဲ့ အသွင်ပြောင်းလဲခြင်း အတတ်ပညာ တွေက... သိပ်ပြီး မကျွမ်းကျင်လှဘူးဗျ..."
၎င်းကို ကြားသောအခါ စွန်းဝူခုန်း သည် စကားအများကြီး မပြောတော့ပေ။ သူက ရှားဝူကျင်း ထံသို့ လက်ညှိုးညွှန်လိုက်ပြီး လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်လေသည်။
ရုတ်တရက်ဆိုသလိုပင် မူလက သုံးမီတာ၊ လေးမီတာခန့် အရပ်ရှည်သော ရှားဝူကျင်း ၏ ပုံပန်းသဏ္ဌာန်မှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး သာမန်လူတစ်ယောက်၏ အရွယ်အစားသို့ ကျုံ့သွားကာ တောင့်တင်းခိုင်မာသော စစ်သည်တော်တစ်ဦး၏ အသွင်အပြင်ကို ရရှိသွားလေသည်။
မကျေမနပ်ဖြစ်နေသော ကျူးပါကျဲ၏ အမူအရာကို ကြည့်ရင်း ကျန်းလျိုသည် သူ့ကို မျက်စောင်းတစ်ချက် နောက်ပြောင်စွာ ထိုးလိုက်ပြီး ပြောလိုက်သည်။
"မင်းတို့ရဲ့ အစ်ကိုကြီးက မြို့ထဲဝင်တဲ့အခါ သူ့ရဲ့ မူလရုပ်သွင်အတိုင်းပဲ နေရုံပဲ… ဒါက ဘယ်သူ့ကိုမှ မလန့်စေဘူးလေ… မင်းတို့ နှစ်ယောက်ကော အဲဒီလို လုပ်နိုင်လို့လား..."
"ဒါကတော့..."
ကျန်းလျို၏ စကားများကြောင့် ကျူးပါကျဲ မှာ စကားဆွံ့အသွားခဲ့ရလေသည်။ ၎င်းက အမှန်ပင်ဖြစ်သည်။ အဝတ်အစားများ ဝတ်ဆင်ထားသော မျောက်တစ်ကောင်ဖြစ်သည့် စွန်းဝူခုန်း သည် မြို့ထဲသို့ ဝင်ရောက်လာသောအခါ အကြည့်အချို့ကို ပိုမိုရရှိနိုင်ရုံမျှသာဖြစ်ပြီး မည်သူ့ကိုမျှ ထိတ်လန့်စေမည် မဟုတ်ပေ။ ဤအချက်တွင်တော့ သူသည် အမှန်တကယ်ပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေကာမူ မျောက်များတွင် သူတို့၏ ကိုယ်ပိုင် အားသာချက်များ ရှိနေသည် မဟုတ်ပါလော။ မတ်မတ်လမ်းလျှောက်ခြင်းက သူတို့အတွက် သဘာဝပင် ဖြစ်လေသည်။
ကျန်းလျိုနှင့် အဖွဲ့သည် ပြောရင်းဆိုရင်းပင် မြို့ဝင်ကြေးကို ပေးဆောင်ကာ ရတနာဆင်တိုင်းပြည် ၏ မြို့တော်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ခဲ့ကြလေသည်။ ကျန်းလျိုသည် နဂါးမြင်းဖြူ ၏ အပေါ်တွင် ထိုင်နေပြီး တက်ကြွလန်းဆန်းနေသော ကျူးပါကျဲ၊ တောင့်တင်းခိုင်မာသော ရှားဝူကျင်း နှင့် မျောက်တစ်ကောင်တို့က ဝန်းရံ လိုက်ပါလာကြသည်။ ဝန်ခံရမည်ဆိုလျှင် ဤပေါင်းစပ်မှုမှာ အနည်းငယ်တော့ ထူးဆန်းနေပုံရလေသည်။
မြို့တော်အတွင်းသို့ ဝင်ရောက်လာသောအခါ ဆရာချင်းရွှီ ပြောခဲ့သကဲ့သို့ပင် ရတနာဆင်တိုင်းပြည် ၏ မြို့တော်တစ်ခုလုံးတွင် တော်ဝင်ကြေညာစာတမ်း များ ကပ်ထားသည်ကို တွေ့ရလေသည်။ ဘုရင်ကြီးသည် မိစ္ဆာ ကို နှိမ်နင်းကာ မင်းသမီးကို ကယ်တင်ရန်အတွက် နေရာအနှံ့မှ ထူးချွန်ထက်မြက်သူများကို ခေါ်ယူနေခြင်း ဖြစ်သည်။
ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့သော်လည်း ဘုရင်ကြီးက လက်မလျှော့သေးခြင်းမှာ သမီးတော်အပေါ်ထားရှိသည့် သူ၏ နက်ရှိုင်းသော မေတ္တာတရားကို ပြသနေလေသည်။
သို့သော်လည်း ပိုင်ဟွာရှို့ မင်းသမီး ဖမ်းဆီးခံရသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး မည်သူကမျှ သူမကို ကယ်တင်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အခြေအနေကို အနည်းငယ်မျှ သိရှိနားလည်သူတိုင်းက ထို တော်ဝင်ကြေညာစာတမ်းကို ဆွဲခွာရန် မဝံ့မရဲ ဖြစ်နေကြလေသည်။
အဘယ်ကြောင့်ဆိုသော် ကြေညာချက်ကို တုံ့ပြန်ရန် ရဲစွမ်းသတ္တိရှိသူများသည် လွန်ခဲ့သော အချိန်များစွာကတည်းကပင် လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သောကြောင့်တည်း။
အကျိုးဆက်များမှာမူ ပြောနေစရာပင် မလိုတော့ပေ။
သို့သော် မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ကျန်းလျို သည် တော်ဝင်ကြေညာစာတမ်း ကို တုံ့ပြန်ရန် အလျင်စလို မလုပ်ဘဲ မြို့တော်အတွင်းရှိ အကောင်းဆုံး ပန်းပဲဖို၏ တည်နေရာကို စုံစမ်းမေးမြန်းလေသည်။
"ဒီမြို့မှာ အကောင်းဆုံး ပန်းပဲဖိုလား… သေချာပေါက် သံစင်ပန်းပဲဖို ကို သွားရမှာပေါ့..."
ကျန်းလျို မေးမြန်းလိုက်သော လူတစ်ဦးက မဆိုင်းမတွပင် ချက်ချင်း ပြန်လည်ဖြေကြားလေသည်။
"သံစင်ပန်းပဲဖို ဟုတ်လား… အဲဒီကို ဘယ်လိုသွားရမလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးလို့ ရမလား..."
ကျန်းလျိုသည် သံစင်ပန်းပဲဖို ၏ တည်နေရာကို မေးမြန်းလိုက်ပြီးနောက် ထိုနေရာသို့ ထွက်ခွာသွားလေသည်။
...
သံစင်ပန်းပဲဖို...
သံစင်ပန်းပဲဖိုသည် ရတနာဆင်တိုင်းပြည် ၏ မြို့တော်တွင် အကောင်းဆုံး ပန်းပဲဖို ဟူသော နာမည်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ ကြီးမားကျယ်ဝန်းသော ပန်းပဲဖိုကြီးထဲတွင် ပန်းပဲဆရာ အများအပြားသည် ချွေးတလုံးလုံးဖြင့် ကြိုးကြိုးစားစား သံပန်းပဲခတ်နေကြပြီး နေရာအနှံ့တွင် မီးတောက်မီးလျှံများက တောက်လောင်နေလေသည်။
"လူကြီးမင်း... ဘာများ ထုလုပ်ချင်လို့လဲ… ဒါမှမဟုတ် တစ်ခုခု ဝယ်ချင်လို့များလား..."
အရပ်မြင့်မြင့် မြင်းတစ်ကောင်ပေါ်မှ ရောက်ရှိလာသော ကျန်းလျိုကို မြင်သောအခါ အလွန် ချမ်းသာကြွယ်ဝသော ရဟန်းတစ်ပါးဖြစ်ကြောင်း သိသာထင်ရှားနေသဖြင့် လူငယ်လေး တစ်ဦးက ပြေးလာကာ မေးမြန်းလေသည်။
"အို... ငါက အိုးတစ်လုံး လုပ်ချင်လို့ပါ… ဒီမှာ စိတ်ကြိုက်မှာလုပ်လို့ ရလား..."
ကျန်းလျိုက ခေါင်းညိတ်ကာ မေးမြန်းလိုက်သည်။
"အိုးတစ်လုံး လုပ်ဖို့အတွက် သက်သက်ပဲလား… ကျွန်တော်တို့ဆီမှာ အိုးအမျိုးအစား အများကြီး ရှိပါတယ် လူကြီးမင်း... သဘောကျတာ ရှိရင် ချက်ချင်း ဝယ်သွားလို့ ရပါတယ်..."
လူငယ်လေးက ပြန်ဖြေလေသည်။
"မဟုတ်ဘူး... ငါပြောတဲ့ အိုးက မင်းတို့ သိထားတဲ့ အိုးတွေနဲ့ မတူဘူး..."
ကျန်းလျိုက ခေါင်းယမ်းလိုက်ပြီး ဆက်ပြောလိုက်သည်။
"ငါလိုချင်တဲ့ အိုးက ယွမ်ယန်အိုး လို့ ခေါ်တယ်..."
***