← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

Chapter 173

စက္ကန့်ပိုင်းမျှသာ

လမ်း၏ အဆုံးတွင် ဝမ်ရှန်းသည် ဘယ်ဘက်နံရံ၌ တပ်ဆင်ထားသော သစ်သားတံခါးတစ်ချပ်ကို မြင်လိုက်ရသည်၊၊ သူ၏ ဝိညာဉ်အသိစိတ်က ရှေ့တွင် ပန်းကန်ပြားအရွယ်အစားရှိသော ရောင်စုံဝဲဂယက်တစ်ခု ရှိနေသည်ကို ခံစားမိလိုက်သည်၊၊

လက်နှိပ်ဓာတ်မီးကို ထပ်မံထုတ်ယူကာ စင်္ကြံလမ်းအဆုံးဆီသို့ ထိုးကြည့်လိုက်ရာ သေသပ်လှပသော စာလုံးအလှဖြင့် ရေးသားထားသည့် “ဓား” ဟူသော စာလုံးကို တွေ့လိုက်ရသည်၊၊ အဝေးမှ ကြည့်လျှင်ပင် ထိုစာလုံးက ပြင်းထန်သောဓားဆန္ဒကို ထုတ်လွှတ်နေသည်၊၊

စာလုံးတစ်လုံးတည်းနဲ့တင် ပြည့်စုံတဲ့ ဓားဆန္ဒမရှိတဲ့ ကျင့်ကြံသူတွေကို အနားမကပ်နိုင်အောင် လုပ်ထားနိုင်တာလား၊၊ ဒါက ဘယ်လိုနတ်ဘုရားစွမ်းရည်လဲ၊၊

ဝမ်ရှန်းက အံ့ဩတကြီးရေရွတ်ရင်း ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်လိုက်သည်၊၊ သူသည် ဖေးလျန်ဇီထံသို့ ချက်ချင်းပေးပို့ချင်သော်လည်း ဖုန်းလိုင်းမရှိကြောင်း သတိပြုမိသွားသည်၊၊

“ကိစ္စတွေပြီးမှပဲ ပြောပြတော့မယ်”

ဂူအပြင်ဘက်တွင်မူ တာအိုဆရာတစ်စုက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်၊၊

၎င်းတို့သည် ဤကဲ့သို့သောမြင်ကွင်းမျိုးကို မရေတွက်နိုင်အောင် မြင်တွေ့ဖူးခဲ့ပြီ ဖြစ်သည်၊၊ အားလုံးနီးပါးသည် ပထမအဆင့်ရွေးချယ်မှုကို ကိုယ်တိုင်ရင်ဆိုင်ခဲ့ဖူးကြသူများဖြစ်သည်၊၊ သို့သော် လေပြင်း၏ စွမ်းအားကြောင့် အများစုမှာ နောက်သို့ ပြန်လည်လွင့်ထွက်ခဲ့ကြရသည်၊၊

တစ်မိနစ်၊ နှစ်မိနစ်ခန့် ကုန်လွန်သွားသော်လည်း ဝမ်ရှန်းက ပြန်လည်ထွက်ပေါ်မလာသေးပေ၊၊

“သူ ဝင်သွားပြီလား”

“ဝင်သွားပြီ ထင်တယ်... သူက ဓားဆန္ဒကို ပြီးပြည့်စုံအောင် လုပ်ထားနိုင်တာပဲမဟုတ်လား”

“သူ အောင်မြင်မယ်ဆိုတာကို ငါတို့အားလုံး မျှော်လင့်ထားကြပေမဲ့ ဘာလို့လဲမသိဘူး စိတ်လှုပ်ရှားနေမိတယ်”

မျိုးဆက်သစ်တပည့်အချို့က ခပ်တိုးတိုးရယ်မောလိုက်ကြသည်၊၊ ၎င်းတို့၏ ဓားထိန်းချုပ်ခြင်းပညာကို တတ်မြောက်လိုသည့်အိပ်မက်ကို အကောင်အထည်ပေါ်ရန်မှာ ယခုအခါ ဝမ်ရှန်းအပေါ်တွင်သာ လုံးလုံးလျားလျားမူတည်နေသည်၊၊

တာအိုဆရာများသည် မြေပြင်ပေါ်တွင် တစ်ဦးပြီးတစ်ဦးတင်ပျဉ်ခွေထိုင်လိုက်ကြသည်၊၊ သုံးရက်ကြာသည်ဖြစ်စေ၊ ခုနှစ်ရက်ကြာသည်ဖြစ်စေ ဝမ်ရှန်းထွက်လာသည်အထိ ၎င်းတို့သည် ဤနေရာတွင် စောင့်ဆိုင်းကြမည် ဖြစ်သည်၊၊

၎င်းတို့ထဲတွင် စိတ်ရှုပ်ထွေးသောမျက်နှာထားများဖြင့် ရပ်နေသည့် မျိုးဆက်သစ်တပည့်ငါးဦးလည်း ရှိနေသည်၊၊ ၎င်းတို့ထဲမှ နှစ်ဦးမှာ ရှုဓားဂိုဏ်းမှမဟုတ်ပေ၊၊ ၎င်းတို့သည် ယခင်က စမ်းသပ်ချက်ဂူထဲသို့ ဝင်ရောက်ခဲ့ဖူးသော်လည်း ဓားထိန်းချုပ်ခြင်းအတတ်ပညာကို ပြန်လည်မယူဆောင်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့သူများဖြစ်ကြသည်၊၊

“သူ ပထမအလွှာ ၄၂ဆင့်ကိုတော့ အဆင်ပြေပြေဖြတ်ကျော်နိုင်မှာပါနော်” ဖေးလျန်ဇီက ရေရွတ်လိုက်သည်၊၊

ဘေးရှိ တာအိုဆရာမတစ်ဦးက ရယ်မောရင်း “စီနီယာအစ်ကို... အစ်ကိုရော ဓားဆန္ဒကို ပြီးပြည့်စုံအောင်လုပ်ဖူးလို့လား”

ဖေးလျန်ဇီက အနေခက်စွာဖြင့် ခေါင်းခါလိုက်သည်၊၊ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာသူတစ်ဦးအတွက် ဓားဆန္ဒတစ်မျိုး၊ နှစ်မျိုးကို နားလည်သဘောပေါက်ရန် မခက်ခဲသော်လည်း ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိရန်မှာ နားလည်ရုံမျှဖြင့် မလုံလောက်ပေ၊၊ ၎င်းက ထိုးထွင်းသိမြင်မှုအပြင် ကံတရားအနည်းငယ်လည်းလိုအပ်သည်၊၊

ဓားသိုင်းပုံစံတစ်ဒါဇင်ခန့်ကို လေ့လာခဲ့သည့် ဖေးလျန်ဇီကဲ့သို့သော ဓားကျင့်ကြံသူများအတွက် ဓားဆန္ဒကို ပြီးပြည့်စုံအောင်မလုပ်နိုင်ခြင်းမှာ သာမန်ကိစ္စရပ်တစ်ခုသာဖြစ်သည်၊၊

“အတွင်းထဲမှာ ဘာတွေဖြစ်နေလဲ ဘယ်သူသိမှာလဲ... သူ ဖြစ်နိုင်တာက—”

ဖေးလျန်ဇီတစ်ယောက် ပွစိပွစိရေရွတ်နေရာမှ ရုတ်တရက် စကားရပ်သွားသည်၊၊

တာအိုဆရာအချို့လည်း တစ်ပြိုင်နက်တည်း ထရပ်လိုက်ကြပြီး အားလုံးက ဂူဝဆီသို့ အာရုံစိုက်လိုက်ကြသည်၊၊ ၎င်းတို့သည် အတွင်းထဲမှ ဓားဆန္ဒများ အပြင်းအထန်တိုက်ခိုက်ပေါက်ကွဲသွားသည့် သိသာထင်ရှားသောလှိုင်းဂယက်ကို ခံစားမိလိုက်ကြခြင်း ဖြစ်သည်၊၊ သို့သော် ထိုလှုပ်ခတ်မှုမှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ပြီး လုံးဝငြိမ်သက်သွားသည်၊၊

တာအိုဆရာတစ်ဦး၏ မျက်နှာပျက်သွားသည်၊၊

“သူ... ကျရှုံးသွားပြီလား”

သို့သော် စက္ကန့်အနည်းငယ်အကြာတွင် ဂူအဝင်ဝမှ တိုးညင်းသော ဓားမြည်တမ်းသံများကို ၎င်းတို့ ကြားလိုက်ရပြန်သည်၊၊ ဓားဆန္ဒများ စက္ကန့်ပိုင်းမျှ ထပ်မံပေါက်ကွဲတိုက်ခိုက်ပြီးနောက် ချက်ချင်းပျောက်ကွယ်သွားပြန်သည်၊၊

တာအိုဆရာတစ်ဦးက အကျယ်ကြီး ရယ်မောလိုက်သည်၊၊

“သူက အဆင့်တွေကို အမြန်ဖြတ်ကျော်နေတာပဲ”

စမ်းသပ်ချက်ကို စိန်ခေါ်ဖူးသည့် လူငယ်ဓားကျင့်ကြံသူများသည် မိမိတို့၏ အတွေ့အကြုံများကို ပြန်လည်တွေးတောရင်း မယုံကြည်နိုင်သောမျက်နှာထားများဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်၊၊ ၎င်းတို့အနေဖြင့် ယုံကြည်ရန် ခက်ခဲလှသည်၊၊

ဝူတန်းတောင်က ဓားကျင့်ကြံသူ လမ်းမှားဝင်သွားတာလား၊၊ သူက ငါတို့ဝင်ဖူးတဲ့ ဂူထဲကို ရောက်နေတာရော ဟုတ်ရဲ့လား၊၊ လူတစ်ယောက်က ဓားဆန္ဒရဲ့ စမ်းသပ်မှုကို စက္ကန့်ပိုင်းအတွင်း ဘယ်လိုလုပ်ဖြတ်ကျော်နိုင်မှာလဲ၊၊

ဆယ်စက္ကန့်ကျော်အကြာတွင် တတိယမြောက်ဓားဆန္ဒလှိုင်းပေါက်ကွဲလာသည်၊၊ ပထမနှစ်ကြိမ်ကဲ့သို့ပင် ထိုလှုပ်ခတ်မှုမှာ စက္ကန့်ပိုင်းမျှသာကြာမြင့်သည်၊၊

ဖေးလျန်ဇီ ချက်ချင်းရှေ့တိုးကာ ကျောက်နံရံတွင် နားကိုကပ်လိုက်သည်၊၊ ပတ်ဝန်းကျင်ရှိ အခြားတာအိုဆရာများနှင့် တပည့်များလည်း ဆက်၍ မအောင့်နိုင်ကြတော့ပေ၊၊ ၎င်းတို့သည် ဂူဝအနီးရှိ ကျောက်နံရံဆီသို့ အပြေးအလွှားသွားကြပြီး အချို့က မျက်နှာကိုကပ်ထားကာ အချို့က လက်ဝါးများကို တင်ထားကြသည်၊၊ ယခင်က စမ်းသပ်မှုကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ဖူးသူများလည်း ရှုပ်ထွေးသောမျက်နှာထားများဖြင့် ကျောက်နံရံအနီးသို့ ချဉ်းကပ်လာကြသည်၊၊

ထိုအချိန်တွင် ဓားဆန္ဒကိုမကျင့်ကြံရသေးသောလူများမှာမူ မည်သည့်အရာကိုမျှ ခံစားရခြင်းမရှိကြပေ၊၊

ထောင့်တစ်နေရာတွင် တာအိုအကြီးအကဲအချို့က ခေါင်းခါလျက်သက်ပြင်းချနေကြသည်၊၊

“ဒီကလေးတွေက စိတ်မရှည်လွန်းနေတယ်၊၊ သူတို့ သင်ယူဖို့ လိုသေးတယ်”

ဂူအတွင်းမှ ဓားဆန္ဒများ ခေတ္တမျှ ထပ်မံလှုပ်ခတ်လာသည်၊၊ စက္ကန့်နှစ်ဆယ်အကြာတွင် ၅ကြိမ်မြောက် လှုပ်ခတ်မှုကို ခံစားလိုက်ရပြီး ၎င်းကလည်း အခြားအရာများကဲ့သို့ပင် တိုတောင်းလှသည်၊၊ ထို့နောက် ၆ကြိမ်မြောက်၊ ၇ကြိမ်မြောက်...

တာအိုအကြီးအကဲများ အချင်းချင်းကြည့်လိုက်ကြသည်၊၊ မည်သူက စတင်လိုက်သည်မသိသော်လည်း ၎င်းတို့အားလုံးသည် တစ်ဦးပြီးတစ်ဦး လေထဲသို့ ပျံတက်ကာ ကျောက်နံရံဆီသို့ ရောက်ရှိသွားကြပြီး မျက်စိမှိတ်ကာ အာရုံစိုက်လိုက်ကြတော့သည်၊၊

သူက ဘာလို့ ဒီလောက်တောင်မြန်နေရတာလဲ၊၊

ပထမအလွှာတွင် ဓားဆန္ဒ ၉ခုထဲမှ အားအနည်းဆုံးနှင့် အညင်သာဆုံးအရာများရှိနေသည်မှာ အမှန်ပင် ဖြစ်သည်၊၊ သို့သော် ထိုအရာကို ဤမျှတိုတောင်းသော အချိန်အတွင်း မည်သို့ဖြတ်ကျော်နိုင်ရသနည်း၊၊

ဘိုးဘေးတွေက နောက်ဆုံးမှာ ကရုဏာသက်ပြီး စမ်းသပ်မှုကို ပိုလွယ်ကူအောင်လုပ်ပေးလိုက်တာလား၊၊

ကိုးခုမြောက် ဓားဆန္ဒပေါက်ကွဲမှုမှာ အခြားအရာများထက် နှစ်စက္ကန့်ခန့် ပိုကြာသော်လည်း ၎င်းကလည်း ယခင်အရာများကဲ့သို့ပင် လျင်မြန်စွာ ငြိမ်သက်သွားသည်၊၊ ထို့နောက် မိနစ်အတော်ကြာအောင် ရှည်လျားသောတိတ်ဆိတ်မှုက ဖုံးလွှမ်းသွားတော့သည်၊၊

“သူ ဒုတိယအလွှာကို ရောက်သွားပြီ” တာအိုအကြီးအကဲတစ်ဦးက ဝမ်းသာအားရ ရယ်မောရင်း မော့ကြည့်လိုက်သည်၊၊

“ငါ့အသက် ၉၀ကျော်အတွင်းမှာ ဓားထိန်းချုပ်ခြင်းပညာရဲ့ ပြီးပြည့်စုံတဲ့ဗားရှင်းကို မြင်တွေ့ခွင့်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး”

မိနစ်အနည်းငယ် အစောပိုင်းက ဂူ၏ အဝင်ဝတွင်...

ဝမ်ရှန်းသည် သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်၊၊ လက်နှိပ်ဓာတ်မီးကိုပင် မထိုးရသေးမီ လေပြင်းအချို့တိုက်ခတ်လာပြီး မီးတိုင်များက အလိုအလျောက်တောက်လောင်လာကာ စလင်ဒါပုံသဏ္ဌာန် ခန်းမကျယ်ကြီးကို လင်းထိန်သွားစေသည်၊၊ ၎င်းမှာ အချင်းမီတာသုံးဆယ်ခန့် ရှိပြီး ဆယ်လံခန့် ကျယ်ဝန်းသည်၊၊

မီးတိုင်များက ပတ်ပတ်လည်တွင် ဝန်းရံထားပြီး ချောမွေ့သော ကျောက်နံရံများထက်တွင် ရိုးရှင်းသော နံရံဆေးရေးပန်းချီများကို ရေးဆွဲထားသည်၊၊ ၎င်းတို့က ဤအလွှာရှိ ဓားဆန္ဒ ၉ခုနှင့် ကိုက်ညီသည့် ဓားသိုင်းများကို သရုပ်ဖော်ထားခြင်းဖြစ်သည်၊၊

ယခင်စိန်ခေါ်သူများ၏ ပြောပြချက်အရ ပထမအလွှာတွင် အခြေခံဓားသိုင်းများသာရှိသည်၊၊ ဓားဆန္ဒများကလည်း ထိုမျှမသန်မာဘဲ နောက်တစ်ထပ်သို့တက်မည့် ကျောက်တံခါးကသာ အဓိကဖြစ်သည်၊၊

ဝမ်ရှန်းသည် အခန်းထဲရှိ တစ်ခုတည်းသော ကျောက်တံခါးဆီသို့ တည့်တည့်လျှောက်လှမ်းခဲ့သည်၊၊ ၎င်း၏ မျက်နှာပြင်ထက်တွင် ဓားရှည်ကိုးစင်းကို ထုဆစ်ထားသည်၊၊

သူ ခြေကိုးလှမ်းခန့်အကွာသို့ ရောက်ရှိချိန်တွင် ဓားသံတစ်ချက်မြည်ဟည်းလာသည်၊၊ ကျောက်တံခါးထက်တွင် စိမ်းဖန့်ဖန့်အလင်းရောင်တစ်ခု ပေါ်လာပြီး ဓားကိုင်ဆောင်ထားသည့် ပုံရိပ်ယောင်တစ်ခု တံခါးထဲမှ ပျံထွက်လာကာ ဝမ်ရှန်းထံသို့ လှမ်းတိုက်ခိုက်တော့သည်၊၊

သူ မတုံ့ပြန်ရသေးမီမှာပင် သူ့အတွင်းမှ ဓားအော်သံတစ်ချက်မြည်ဟည်းလာပြီး ရတနာဓားက ဓားအိမ်ထဲမှ ပျံထွက်သွားသည်၊၊ ဓားသွားကို အသာအယာအပေါ်သို့ ပင့်တင်လိုက်ရုံဖြင့် သူသည် ပုံရိပ်ယောင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်၊၊ ပုံရိပ်ယောင်က ချက်ချင်းပင် တစ်စစီကြေမွသွားတော့သည်၊၊

ဒါက ပထမအလွှာပေါ့လေ၊၊

ဝမ်ရှန်း နောက်ထပ်တစ်လှမ်း လှမ်းလိုက်ရာ ကျောက်တံခါးထဲမှ အခြားပုံရိပ်ယောင်တစ်ခုထွက်ပေါ်လာပြီး စူးရှသော တိုက်ကွက်တစ်ခု ဖွင့်လှစ်လာသည်၊၊ ဝမ်ရှန်းက ဓားရှည်ကို ရှေ့သို့ ညွှန်ပြလိုက်ရုံသာပြုလုပ်သည်၊၊

ဤအရာက တိုက်ကွက်များကို ယှဉ်ပြိုင်ခြင်းမျိုးမဟုတ်ပေ၊၊ ဓားဆန္ဒများကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြစ်သည်၊၊

ပုံရိပ်ယောင်မှာ ထပ်မံကြေမွသွားပြန်သည်၊၊ ၎င်းက ဝမ်ရှန်း၏ ကျင့်ကြံခြင်းအဆင့် အထူးနက်နဲလွန်းနေ၍ မဟုတ်ပေ၊၊ သူ့ကိုယ်အတွင်းရှိ ခုနှစ်စင်ကြယ်ဓားဆန္ဒက အလွန်အသာစီးရနေခြင်းကြောင့် ဖြစ်သည်၊၊ ဇီဝေကို အဓိကကြယ်အဖြစ်ထားရှိထားသဖြင့် ၎င်းက သဘာဝအတိုင်း အလွန်စွမ်းအားကြီးမားနေသည်၊၊

ခြေကိုးလှမ်း၊ပုံရိပ်ယောင်ကိုးခု၊၊ ယခုအခါ ဝမ်ရှန်းသည် ကျောက်တံခါးရှေ့တွင် ရပ်နေပြီ ဖြစ်သည်၊၊ သူ လက်ကိုမြှောက်ကာ တွန်းဖွင့်လိုက်ရုံသာရှိတော့သည်၊၊ သို့သော် သူတံခါးမဖွင့်ဘဲ လှည့်ပြန်ခဲ့ပြီး ပတ်ဝန်းကျင်ကျောက်နံရံများထက်တွင် ထုဆစ်ထားသည့် ဓားသိုင်းများကို သေချာအာရုံစိုက်လေ့လာနေမိသည်၊၊

ဓား ၇၂လက်စမ်းသပ်ချက်ဂူ၏ စစ်မှန်သောရည်ရွယ်ချက်မှာ တပည့်များကို ဓားသွေးပေးရန်ဖြစ်သည်၊၊ ထို့ကြောင့်လည်း ၎င်းက ဂိုဏ်း၏ အရေးကြီးဆုံးသော မြင့်မြတ်နယ်မြေဖြစ်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းထောင်ချီအတွင်း ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက် အခြေခံအုတ်မြစ်ဖြစ်ခဲ့ခြင်းဖြစ်သည်၊၊

ဝမ်ရှန်းသည် ပတ်ဝန်းကျင်နံရံများထက်တွင် ထုဆစ်ထားသည့် ရှုတောင်တန်းဓားသိုင်း၏ အခြေခံအဆင့်တိုက်ကွက်များဟု သတ်မှတ်ထားသော အခြေခံဓားသိုင်း ၉ခုကို တစ်ခုပြီးတစ်ခု စစ်ဆေးလိုက်သည်၊၊ အချို့သောအရာများကို နားလည်သဘောပေါက်သော်လည်း သူ့ကို အလွန်စိတ်လှုပ်ရှားစေသည့်အရာမျိုးတော့မရှိပေ၊၊

ဆယ်မိနစ်ကျော်ကုန်လွန်ပြီးနောက် နောက်ဆုံးတွင် သူသည် ကျောက်တံခါးကို တွန်းဖွင့်လိုက်ရာ အပေါ်သို့ ခရုပတ်ပုံစံတက်သွားသည့် ကျောက်လှေကားတစ်ခုပေါ်လာသည်၊၊ အထက်မှ လေညင်းတစ်ချက်တိုက်ခတ်လာသဖြင့် သူ့ကို ချက်ချင်းလန်းဆန်းသွားစေသည်၊၊

တကယ့်ကို သန့်စင်တဲ့ ကမ္ဘာဦးချီပဲ၊၊ ဒါက ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခုပဲ၊၊

စမ်းသပ်ချက်ဂူသို့ တစ်ကြိမ်သာဝင်ရောက်ခွင့်ရှိသည်၊၊ လျှို့ဝှက်ချက်မှာ ဝမ်ရှန်း အစောပိုင်းက ဓာတ်ပုံရိုက်ခဲ့သည့် “ဓား” ဟူသော စာလုံးတွင်ရှိနေပြီး ၎င်းက အစီအရင်၏ ဗဟိုချက်အဖြစ်လုပ်ဆောင်နေခြင်းဖြစ်သည်၊၊

အကယ်၍ သူသည် သစ်သားတံခါးမှတစ်ဆင့် အပြင်သို့ ပြန်မထွက်သရွေ့ သူ ဖြတ်ကျော်ပြီးသား စမ်းသပ်မှုအလွှာများအကြား လွတ်လပ်စွာ သွားလာနိုင်သည်၊၊ ဒါပေါ့... ဘယ်သူမှ အတွင်းထဲတွင် ရှေ့တိုးနောက်ဆုတ်လျှောက်သွားနေရန်အချိန်နှင့် စိတ်ဝင်စားမှု ရှိကြမည်မဟုတ်ပေ၊၊

သူ့ကို စောင့်ကြိုနေသည့် နောက်ထပ် ခုနှစ်ထပ်နှင့် ဓားသိုင်းပေါင်းများစွာ ရှိနေသေးသည်၊၊ ထိုအရာများ၏ အလွန်တွင်မူ ဝမ်ရှန်း အလွန်လိုလားတောင့်တနေသည့် နတ်ဘုရားပညာ... ရှုဓားဂိုဏ်း၏ ဓားထိန်းချုပ်ခြင်းပညာရှိနေပေသည်၊၊

Chapter 174

တားဆီးမရသောအရှိန်အဟုန်

“ဘာလို့ ဒီလောက်အထိ ဘာလှုပ်ရှားမှုမှ မရှိရတာလဲ”

“ဟိုမှာ… လှိုင်းတွန့်တစ်ခု…. သူ တတိယထပ်ကို တက်နေပြီ”

“ပြီးတော့ တစ်ကြိမ်ကို စက္ကန့်ပိုင်းပဲ ကြာသေးတယ်... ဖေးယွီရဲ့ ဓားဆန္ဒက တကယ်ကို အံ့ဩစရာပဲ”

ဓားစမ်းသပ်ချက်ဂူ၏ အဝင်ဝတွင် ရှုဓားဂိုဏ်းမှ တပည့်များအဖွဲ့သည် တောင်တတ်အစွမ်းပြနေသကဲ့သို့ ကျောက်ဆောင်နံရံကို လက်ဗလာဖြင့်ဖက်တွယ်ကာ တက်နေကြသော ဝါစဥ်ကြီး တာအိုအကြီးအကဲ ၆ဦးကို မော့ကြည့်ရင်း ဆွံ့အနေကြသည်။

ငယ်ရွယ်သောတပည့်များအနေဖြင့် ဂိုဏ်း၏ ဓားထိန်းချုပ်ခြင်းပညာကို မျှော်လင့်နေကြသကဲ့သို့ တစ်သက်လုံးစောင့်မျှော်ခဲ့ကြသော အကြီးအကဲများတွင်မူ ထိုအရာအပေါ် ပိုမိုနက်ရှိုင်းသောသံယောဇဉ်နှင့် ခံစားချက်များရှိကြသည်။ အဆုံးမှာတော့ မျှော်လင့်ချက်အလင်းရောင်ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ ဓားထိန်းချုပ်ခြင်းပညာအပြည့်အစုံကို လက်ဝယ်ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးရောက်ရှိလာခဲ့ပြီဖြစ်သည်။

သူတို့သည် ရင်ခုန်စိတ်လှုပ်ရှားမှုကို ခေတ္တမျှထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ဝမ်ရှန်းက တဆင့်ပြီးတဆင့် တည်ငြိမ်စွာဖြတ်ကျော်နေသည်နှင့်အမျှ သူတို့၏ စိတ်အစုံမှာ လှုပ်ရှားလာခဲ့သည်။ ကျောက်ဆောင်နံရံကို ဖက်တွယ်ထားရင်း စိတ်အားထက်သန်စွာဖြင့် စကားဖောင်ဖွဲ့နေကြတော့သည်။

တာအိုစိတ်နှလုံးသားကို ကျင့်ကြံခြင်းဆိုသည်မှာ လောကီရေးရာများနှင့် ကင်းကွာနေခြင်းသက်သက်မဟုတ်ပေ။ အချို့သော ကျင့်ကြံသူများသည် ဤကဲ့သို့သော စစ်မှန်သောသဘာဝနှင့် မိမိကိုယ်ကိုရှာဖွေခြင်းကိုလည်း လိုက်စားကြသည်။

ဝမ်ရှန်း တတိယထပ်သို့ ခြေချနေပြီဖြစ်သည်။ ယခင်အတိုင်းပင် သူသည် ဓားကို အသုံးပြု၍ အတားအဆီးကို ဖောက်ထွက်ကာ ကျောက်တံခါးများမှ ထွက်ပေါ်လာသော ပုံရိပ်ယောင်အားလုံးကို ခြေမှုန်းလိုက်သည်။ ထို့နောက်မှသာ ကျောက်နံရံပေါ်တွင် ထုဆစ်ထားသော အလွန်လက်ရာမြောက်လှသည်ဟု ဆိုရမည့် ဓားသိုင်းများကို လေ့လာရန် လှည့်ပြန်ခဲ့သည်။

ဝမ်ရှန်းလည်း သူများဂိုဏ်း၏ ပညာရပ်များကို ခိုးယူရန် ရည်ရွယ်ချက်မရှိပေ။ သို့သော် ထိုဓားသိုင်းများသည် သူ၏ ခုနှစ်စင်ကြယ်ဓားအစီအရင်နှင့် အစွန်းနှစ်ဖက်ဓားဆန္ဒကို အထောက်အကူပြုစေသဖြင့် သူ၏ အတွေးအမြင်နှင့် နားလည်သဘောပေါက်မှုကို များစွာတိုးတက်စေသည်။

ဓားထိန်းချုပ်ခြင်းပညာမှလွဲ၍ ဝမ်ရှန်းတွင် အခြားဓားသိုင်းများကို သင်ယူရန် အစီအစဉ်မရှိပေ။ သူသည် အရာတိုင်းကို အများကြီးသင်ယူရန် ကြိုးစားခြင်းက မည်သည့်အရာကိုမျှ ကျွမ်းကျင်အောင် တတ်မြောက်နိုင်မည်မဟုတ်ဟု အမြဲယုံကြည်ထားသူဖြစ်သည်။

သူ၏ဆရာကဲ့သို့ ထိုးထွင်းသိမြင်နိုင်စွမ်းမျိုးမရှိသဖြင့် ခုနှစ်စင်ကြယ်ဓားအစီအရင်နှင့် အစွန်းနှစ်ဖက်ဓားဆန္ဒကိုသာ အာရုံစိုက်သန့်စင်ရန် ဆုံးဖြတ်ခဲ့သည်။

အရာရာအဆင်ပြေချောမွေ့ခဲ့လျှင် ဝမ်ရှန်းအနေဖြင့် နောင်တွင် ဓားထိန်းချုပ်ခြင်းပညာကို အာရုံစိုက်လေ့လာရန် အစီအစဉ်ရှိသည်။ အဆုံးမှာတော့ ထိုပညာသည် မိုင်ထောင်ချီအကွာအဝေးမှနေ၍ ရန်သူကို သတ်ဖြတ်နိုင်ပြီး ရှုပ်ထွေးလှသော စစ်မြေပြင်အလယ်တွင် ရန်သူ့ခေါင်းကို ဖြတ်ယူနိုင်သည်။ ထို့ပြင် လက်ဟန်တစ်ချက်ဖြင့် ဓားပေါင်းများစွာကို စေခိုင်းနိုင်ပြီး ဓားပျံပေါ်တွင် စီးနင်းကာ ကောင်းကင်နှင့် မြေကမ္ဘာကြား လွတ်လပ်စွာလှည့်လည်သွားလာနိုင်သည်။

မည်သည့် ဓားကျင့်ကြံသူက ထိုအစွမ်းကို မမြင်တွေ့ချင်ဘဲ နေမည်နည်း။ မည်သည့်ကျင့်ကြံသူက ထိုပညာရပ်ကို မတတ်မြောက်ချင်ဘဲ နေမည်နည်း။

ဝမ်ရှန်း၏ စိတ်ထဲတွင် ကြီးမားသော မျှော်လင့်ချက်များပြည့်နှက်နေသော်လည်း သူ၏ တာအိုနှလုံးသားမှာမူ တည်ငြိမ်နေဆဲဖြစ်သည်။ သူ့အတွက်မူ ဓားထိန်းချုပ်ခြင်းပညာသည် ရရှိခဲ့လျှင် ကျေးဇူးတင်ရမည့်အရာဖြစ်ပြီး ဆုံးရှုံးခဲ့လျှင်လည်း လက်ခံရမည့်အရာသာဖြစ်သည်။

သူသည် တတိယထပ်ရှိ ဓားသိုင်းများကို နှစ်နာရီကျော်ကြာ ဂရုတစိုက်လေ့လာခဲ့သည်။ ထို့နောက် သူ၏ ရေဘူးကိုထုတ်ကာ ရေတစ်ငုံသောက်ပြီး နောက်ထပ်တစ်ထပ်သို့ သွားမည့် တံခါးကို တွန်းဖွင့်လိုက်တော့သည်။

သူ၏ ခုနှစ်စင်ကြယ်ဓားဆန္ဒကို အဆင့်နိုင်ခင်ကပင် ပထမ ၃၆ ဆင့်တွင် သူ၏အတွက် စစ်မှန်သော အတားအဆီးမရှိနိုင်ပေ။ ယခုအခါ သူ၏ဓားဆန္ဒမှာ ပြီးပြည့်စုံနေပြီဖြစ်ရာ အဟန့်အတားမရှိသော အရှိန်အဟုန်ဖြင့်ဖြတ်သန်းလာခဲ့သည်။ ဓားစမ်းသပ်ချက်ဂူ၏ ပထမအခန်းများမှာ ခက်ခဲမှုအဆင့် အလွန်နည်းပါးနေသည်ဟုပင် သူခံစားနေရသည်။

ကျောက်နံရံပေါ်ရှိ ဓားသိုင်းများကို လေ့လာရန် တစ်ကြိမ်စီတွင် ရပ်နားခြင်းမရှိခဲ့ပါက သို့မဟုတ် အဆင့်တစ်ခုစီတွင် နားလည်သဘောပေါက်ရန် အချိန်ယူမှု ပိုမိုမများပြားခဲ့ပါက သူသည် နာရီဝက်အတွင်းပင် စမ်းသပ်ချက်စံချိန်ကို ချိုးဖျက်နိုင်လောက်သည်။

ဂူအပြင်ဘက်တွင် ဓားဂိုဏ်း၏ ကျောက်နံရံ၌ တွယ်တတ်နေကြသော တာအိုအကြီးအကဲများသည် ဝမ်ရှန်းအနေဖြင့် အဆင့်တစ်ခုစီတွင် ဘာလို့အချိန်ပိုပေးနေရသည်ကို နားလည်ကြပေသည်။ သို့သော်လည်း အပြင်လူတစ်ယောက်က သူတို့ဂိုဏ်း၏ သိုင်းပညာရပ်များကို လေ့လာနေခြင်းအပေါ် သူတို့ ဒေါသမထွက်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုလူငယ်ဓားကျင့်ကြံသူကို ပို၍ယုံကြည်စိတ်ချလာကြပြီး သူ့အပေါ်တွင် မျှော်လင့်ချက် ပိုမိုထားရှိလာကြသည်။

အဆုံးတွင် ဝမ်ရှန်းသည် ၅လွှာမြောက်သို့ ဦးတည်သည့် ကျောက်တံခါးကို တွန်းဖွင့်လိုက်သည်။ နှစ်မိနစ်ခန့်အကြာတွင် ဓားဆန္ဒများ ထိတွေ့တိုက်ခိုက်မိသည့်အသံသည် ကျောက်နံရံမှတစ်ဆင့် နောက်တစ်ကြိမ် မထင်မရှားပျံ့နှံ့လာရာ တာအိုအကြီးအကဲများကို အသက်ရှူအောင့်ထားစေပြီး အာရုံစိုက်မိစေသည်။

ကျောက်နံရံများနှင့် အစီအရင်ကြီးများ၏ ကာဆီးမှုကြောင့် သူတို့အာရုံခံမိသော လှိုင်းများမှာ အလွန်သေးငယ်ပြီး တုန်ခါမှုမျှသာဖြစ်သည်။ စမ်းသပ်ကွင်းအပြင်ဘက်ရှိ တာအိုအကြီးအကဲများနှင့် တာအိုဆရာများအနေဖြင့် ထိုတုန်ခါမှုများ၏ ကြာမြင့်ချိန်ကိုသာ ကြည့်၍ ဝမ်ရှန်း အပြင်းအထန်တိုက်ခိုက်နေရခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင်သည်။

၃၈ ဆင့်တွင် တိုက်ပွဲသည် ၁၀ စက္ကန့်ကျော်သာ ကြာမြင့်ခဲ့သည်။ ၃၉ ဆင့်တွင် မိနစ်ဝက်ခန့် ကြာမြင့်ခဲ့ပြီး ၄၀ ဆင့်တွင်လည်း ထို့အတူပင်ဖြစ်သည်။

သို့သော် ၅လွှာကို ပြီးမြောက်သည့်အချိန်တွင်မူ တိုက်ပွဲသက်သက်တင် ၁၀ မိနစ်ကျော် ကြာမြင့်ခဲ့သည်။ ၎င်းသည် ပထမ လေးလွှာ၏ ၃၆ ဆင့်ကို အလွယ်တကူဖြတ်ကျော်ခဲ့သည်နှင့် ယှဉ်လျှင် ကြီးမားသော ကွဲပြားမှုဖြစ်သည်။

ဝမ်ရှန်း၏ အရှိန်အဟုန်မှာ အခြားစိန်ခေါ်သူများနှင့် ယှဉ်လျှင် အလွန်မြန်ဆန်နေဆဲဖြစ်ပြီး နောက်ဆုတ်ခြင်း သို့မဟုတ် စိန်ခေါ်မှုကို ထပ်မံပြုလုပ်ရခြင်းမျိုး မရှိသော်လည်း ကျောက်နံရံပေါ်ရှိ တာအိုအကြီးအကဲများ စိုးရိမ်ပူပန်သည့် အရိပ်အယောင်များပြသလာကြသည်။

“ဖေးယွီက ဖိအားတွေ ခံစားနေရပြီထင်တယ်၊၊ ၄၂ ဆင့်ကို ဖြတ်ကျော်ဖို့ တစ်မိနစ် ကြာခဲ့ပြီး ၄၅ ဆင့်အတွက် သုံးမိနစ်အပြည့်ကြာခဲ့တယ်”

“ဒါက ပြဿနာကြီးမဟုတ်ပါဘူး၊၊ သူ ၇လွှာကို ရောက်သွားသရွေ့ ကျောက်နံရံပေါ်မှာ ထုဆစ်ထားတဲ့ ဓားထိန်းချုပ်ခြင်းပညာကို ကူးယူနိုင်မှာပါ”

“ဒါက ထင်သလောက် မလွယ်ဘူး၊၊ ရှေးဟောင်းကျမ်းစာအပိုင်းတစ်ခုမှာ တွေ့ဖူးတာက နောက်ဆုံး ၁၈ ဆင့်ဟာ အရင်အဆင့်တွေနဲ့ ပုံစံမတူဘူးလို့ ဆိုတယ်၊၊ ဓားထိန်းချုပ်ခြင်းပညာက ဂိုဏ်းရဲ့ အဖိုးတန်ဆုံးရတနာဖြစ်တာကြောင့် နံရံပေါ်မှာ တိုက်ရိုက်ထုဆစ်ထားစရာအကြောင်းမရှိဘူး”

“ဖေးယွီကို ယုံကြည်လိုက်ပါ”

“သူ့ရဲ့ ကံကြမ္မာကို ကြည့်ရသလောက်တော့ သူက ကြီးမားတဲ့ဘေးဒုက္ခတစ်ခုကို ကျော်ဖြတ်ခဲ့ပြီးပြီလို့ ထင်ရတယ်၊၊ အဲဒီနောက်မှာတော့ သူ့ရဲ့ ကံဇာတာက ပြောင်းလဲသွားခဲ့တယ်၊ ငါတို့ကအခု သူ့ရဲကံကို မှီခိုနေရတာပဲ၊၊ သူ အောင်မြင်နိုင်မယ်လို့ ငါယုံကြည်တယ်”

“ရှေ့ဖြစ်ဟောတာနဲ့ မျက်နှာကြည့်တာတွေက လုံးဝမှန်တာမဟုတ်ပါဘူး၊၊ ငါတို့ဓားဂိုဏ်းမှာတော့ ဓားကသာ အထွတ်အထိပ်ပဲ၊၊ ဖေးယွီက ဓားဆန္ဒကို ပြီးပြည့်စုံအောင် လုပ်ထားပြီးပြီ၊၊ တကယ်လို့ သူတောင်မှ ဓားထိန်းချုပ်ခြင်းပညာကို မယူဆောင်နိုင်ရင် ကောင်းကင်ဘုံက ငါတို့ဓားဂိုဏ်းကို ကနဦးကျင့်ကြံခြင်းရဲ့ အရေးကြီးဆုံးဆယ်စုနှစ်ကို အလဟဿဖြစ်စေချင်လို့ပဲ နေမှာပါ”

တာအိုအကြီးအကဲများသည် သက်ပြင်းချရင်း တောင်စောင်းပေါ်တွင် ဆက်လက်စောင့်ဆိုင်းနေကြသည်။

ဝမ်ရှန်းသည် သူတို့ဂိုဏ်း၏ ပညာရပ်နှင့် နီးစပ်လေလေ သူတို့ ပိုမိုပူပန်လာလေလေဖြစ်သည်။ သို့သော်လည်း သူတို့ လက်ရှိ စိုးရိမ်နေကြသောအရာမှာ... စစ်မှန်သောပြဿနာမဟုတ်သေးပေ။

ဝမ်ရှန်း လွန်ခဲ့သော ၁၀ မိနစ်ခန့်က ၃၈ ခုမြောက် ပုံရိပ်ယောင်ကို ခြေမှုန်းခဲ့ပြီးဖြစ်သည်။ သူ့ရှေ့ရှိ ၅လွှာမြောက် ကျောက်တံခါးကို ကြည့်ရင်း အတွေးတစ်ခုဝင်လာခဲ့သည်။

ယခုအချိန်အထိ သူသည် ခုနှစ်စင်ကြယ်ဓားဆန္ဒကို အသုံးပြု၍ အဆင့်များကို ဖြတ်ကျော်ခဲ့သည်။ ထို့ကြောင့် စိန်ခေါ်မှုများသည် ခက်ခဲမှုမရှိဘဲ သူ့အတွက် အချိန်သာနည်းနည်းပိုယူခဲ့ရသည်၊၊ ထိုအချက်ကို ထည့်သွင်းစဉ်းစားပြီး သူက အစွန်းနှစ်ဖက်ဓားဆန္ဒအား လေ့ကျင့်ရန် အခွင့်အရေးတစ်ခုအဖြစ်အသုံးပြုရန် စဉ်းစားခဲ့သည်။

လက်ရှိတွင် ထိုအသိစိတ်အပေါ် သူ၏နားလည်မှုမှာ ကာကွယ်ရေးတွင် ကောင်းမွန်သည်ဆိုသည့် အချက်မျှသာဖြစ်ပြီး နက်ရှိုင်းမှုမရှိသေးပေ။ အကယ်၍ ဤနေရာတွင် တိုးတက်မှုတစ်စုံတစ်ရာရရှိခဲ့လျှင် ၎င်းသည် ကြီးမားသောအကျိုးကျေးဇူးဖြစ်လာလိမ့်မည်။ ထို့ကြောင့် နောက်တစ်ဆင့်သို့ လှမ်းလိုက်သောအခါ သူသည် ခုနှစ်စင်ကြယ်ဓားဆန္ဒကို တမင်တကာဖိနှိပ်ထားလိုက်သည်။ သူ၏ တိုက်ခိုက်မှုများသည် စွမ်းအားနည်းသွားပုံရသော်လည်း အစွန်းနှစ်ဖက်ဓားဆန္ဒကို ချောမွေ့စွာ ထုတ်ဖော်နိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင် ကျောက်တံခါးမှ ထွက်ပေါ်လာသော ပုံရိပ်ယောင်နှင့် တိုက်ခိုက်ရာ၌ ဝမ်ရှန်းသည် မိနစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။ သူ ရှေ့ဆက်သွားသည်နှင့်အမျှ တိုက်ပွဲတစ်ခုချင်းစီ၏ ကြာမြင့်ချိန်က တိုးလာသော်လည်း ဓားဆန္ဒများ အပြန်အလှန်ထိတွေ့မှုကြောင့် အစွန်းနှစ်ဖက်ဓားဆန္ဒအပေါ် နားလည်မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

အဆင့်ကို ဖြတ်ကျော်ပြီးနောက် ဝမ်ရှန်းသည် ကျောက်နံရံပေါ်ရှိ ဓားဆန္ဒကို လေ့လာရန် သို့မဟုတ် ၆လွှာသို့ ဦးတည်သည့် တံခါးကို တွန်းဖွင့်ရန် မကြိုးစားခဲ့ပေ။ ထိုအစား သူသည် ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး ရရှိခဲ့သော ဉာဏ်အလင်းများကို ညဝက်ခန့် တိတ်ဆိတ်စွာ ပြန်လည်သုံးသပ်နေခဲ့သည်။

အပြင်တွင်မူ တာအိုအကြီးအကဒများသည် ဝမ်ရှန်း ဒဏ်ရာရသွားပြီဟု ထင်မှတ်နေကြသည်။ စိုးရိမ်ပူပန်မှုများကြောင့် သူတို့၏ စိတ်ကို တည်ငြိမ်အောင်မထားနိုင်ခဲ့ကြပေ။ တာအိုဆရာများမှာမူ ပို၍လက်တွေ့ကျပြီး တောင်ကို သိပ္ပံနည်းကျဖြိုချကာ အတွင်း၌ ဝှက်ထားသော ဓားထိန်းချုပ်ခြင်းပညာကို မည်သို့ထုတ်ယူရမည်ကို ဆွေးနွေးနေကြပြီဖြစ်သည်။

ငယ်ရွယ်သောတပည့်အများစုမှာမူ လူစုခွဲသွားကြပြီဖြစ်သည်။ ဤကိစ္စမှာ အာရုံစိုက်ရန်လိုအပ်နေသေးသော်လည်း သူတို့၏ ဆရာများက ဓားကျင့်စဉ်များကို ပြန်လည်လေ့ကျင့်ရန် ဆူပူကြိမ်းမောင်းခဲ့ကြသောကြောင့် ဖြစ်သည်။

ဒုတိယနေ့ နေမွန်းတည့်ချိန် ရောက်မှသာ ဓားဆန္ဒလှိုင်းအသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ တိုက်ပွဲသည် ၆ မိနစ်အပြည့် ကြာမြင့်ခဲ့သည်။

ထို့နောက် နာရီဝက်ခန့် တိတ်ဆိတ်သွားခဲ့သည်။

ဓားဂိုဏ်း၏ တာအိုအကြီးအကဲများနှင့် တာအိုဆရာများ၏ စိတ်ထဲတွင်မူ ဝမ်ရှန်းသည် ကျိန်းသေဒဏ်ရာရသွားခဲ့ပြီဟု ယူဆနေကြသည်၊၊

ဝမ်ရှန်းအနေဖြင့် အစွန်းနှစ်ဖက်ဓားဆန္ဒသက်သက်ကိုသာ အသုံးပြု၍ အပြင်းအထန်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဤကဲ့သို့သော ခက်ခဲမှုမျိုးကသာ ကျင့်ကြံသူတစ်ဦး၏ ထိုးထွင်းသိမြင်မှုကို အထိရောက်ဆုံးလှုံ့ဆော်ပေးနိုင်ခြင်း ဖြစ်သည်ကို သူတို့မသိကြပေ။

All Chapters