← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

Chapter 175

ဓားဝိညာဥ်

ကမ်းခြေမြို့တစ်မြို့ရှိ ဟိုတယ်အခန်းကျယ်တစ်ခု။

ချင်ယန်ဇီက တည်ငြိမ်နေသောပင်လယ်ပြင်ကို ကြည့်နေသည်။ နွေးထွေးသောနေရောင်ခြည်သည် ရေပြင်ပေါ်တွင် တောက်ပနေပြီး ပင်လယ်လှိုင်းလုံးများသည် သိသိသာသာနူးညံ့လာခဲ့သည်။

တံခါးမှာ အနည်းငယ်ပွင့်နေပြီး ထိုနေရာမှ ခပ်ဖွဖွနင်းလာသောခြေသံများ ထွက်ပေါ်လာသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူသည် အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီး တည်ငြိမ်ကာ အနုပညာဆန်သော လေသံဖြင့် ရွတ်ဆိုလိုက်သည်။

“ပင်လယ်ပြင်နဲ့ တောက်ပနေတဲ့ လှိုင်းလုံးတွေကို ငေးမောရတာ စိတ်ကို ကြည်လင်စေတယ်၊၊ ဒီနေရာကနေ ကြည့်ရင် တိမ်တိုက်တွေကြားထဲမှာ ကြိုးကြာငှက်တွေ အော်မြည်နေသလိုမျိုး နတ်ဘုရားကျွန်းကို လှမ်းမြင်နေရတယ်”

တံခါးတစ်ဖက်မှ ချောင်းဆိုးသံသဲ့သဲ့ထွက်ပေါ်လာသည်။ ထို့နောက် တံခါးပွင့်သွားပြီး ပင်ပန်းနွမ်းနယ်နေသော ပုံစံရှိသည့် ချီလင်းက ဝင်လာခဲ့သည်။

ချင်ယန်ဇီက သူမကို နူးညံ့သောအပြုံးဖြင့် ချက်ချင်းကြိုဆိုလိုက်သည်။

“အလုပ်တွေ ပြီးပြီလား”

ချီလင်း က ပုခုံးတွန့်ပြရင်း “အင်း၊ လေးနာရီလောက် နားလို့ရတယ်”

သူမသည် ဆိုဖာပေါ်တွင် ထိုင်ရန် ပြင်လိုက်စဉ်မှာပင် နွေးထွေးသော ချီစီးကြောင်းတစ်ခုက သူမကို ဝန်းရံသွားပြီး ကုတင်ပေါ်သို့ ဖြည်းညှင်းစွာ ပင့်တင်ပေးလိုက်သည်ကို ခံစားလိုက်ရသည်။

ချင်ယန်ဇီက တည်ကြည်သော လေသံဖြင့် ပြောလာသည်၊၊ “လှဲနေလိုက်ပါ… မင်းရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်အောင် ငါ ကူညီပေးမယ်”

“ရှင်...”

စုံစမ်းစစ်ဆေးရေးအဖွဲ့ကပ္ပတိန်သည် ငြင်းဆန်ရန် ပြင်လိုက်သော်လည်း သန်မာသော လက်တစ်စုံက သူမ၏ ခြေကျင်းဝတ်ကို ဖိနှိပ်ပေးလိုက်သည်ကို ခံစားလိုက်ရသည်။ နွေးထွေးသော စီးကြောင်းတစ်ခုသည် ထိုနေရာမှတစ်ဆင့် သူမ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ၎င်းသည် အလွန်သက်တောင့်သက်သာရှိလှသဖြင့် သူမ ငြင်းဆန်ရန် စိတ်မကူးမိတော့ပေ။

ချီလင်းလည်း ညည်းတွားသံသဲ့သဲ့ပြုလုပ်ရင်း ထပ်မံကန့်ကွက်ခြင်းမရှိတော့ပေ။

ချင်ယန်ဇီသည် ချီလင်း၏ ခြေထောက်နှင့် ခြေဖဝါးတစ်လျှောက်ရှိ သွေးကြောမှတ်များကို ဖြည်းညှင်းစွာ နှိပ်နယ်ပေးရင်း သူမ၏ ပင်ပန်းနွမ်းနယ်မှုများကို လျင်မြန်စွာ ပြေပျောက်စေသည်။ တစ်ချိန်တည်းမှာပင် တံခါးမှာ ပိတ်သွားခဲ့ပြီး လုံခြုံရေးလော့ခ်မှာ အလိုအလျောက်တက်သွားကာ ပိတ်ဆို့သွားခဲ့သည်။

ချီလင်းက စောင်ကို ဆွဲခြုံရင်း “ပုယွီက စကားကို ကောင်းကောင်းမပြောနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လား”

“မဟုတ်ပါဘူး” ဟု ချင်ယန်ဇီ က ပြန်ဖြေသည်။

“သူမက မွေးရာပါချို့ယွင်းချက်တချို့ ရှိနေတာ... ဒါက ရှင်းပြဖို့ သိပ်မလွယ်ဘူး၊၊ ငါ့ရဲ့ နားလည်မှုအရဆိုရင် သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရမယ့် ကံပါလာခဲ့တာလေ၊၊ အဲဒီကံကြမ္မာကနေ လွတ်မြောက်ဖို့ ငါ ဆယ်စုနှစ်တစ်ခုကျော် ကူညီပေးခဲ့ရတယ်၊၊ အခုတော့ သူမရဲ့ အသက်အန္တရာယ်က တည်ငြိမ်သွားပါပြီ၊၊ စကားပြောတဲ့ ပြဿနာကတော့ ကျန်ရှိနေတဲ့ ဘေးထွက်ဆိုးကျိုးသက်သက်ပါပဲ”

“နောက်တစ်နည်းစဉ်းစားကြည့်ရင်တော့ သူမဟာ အတိတ်ဘဝက ကောင်းကင်ဘုံက နတ်သမီးတစ်ပါးဖြစ်ခဲ့လို့နေမှာပါ၊၊ ကောင်းကင်ဘုံက သူမကို ဒီဘဝမှာ လွတ်လွတ်လပ်လပ်စကားပြောခွင့်မပြုတာက လူ့လောကကို ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာစိုးလို့ဖြစ်လိမ့်မယ်”

“အယူသီးလိုက်တာ” ချီလင်းက မျက်ခုံးပင့်လိုက်သည်၊၊

“ကျွန်မ ပုယွီကို စိတ်ပညာရှင်တစ်ယောက်နဲ့ ပြသပေးဖို့ စဉ်းစားနေတာ”

ချင်ယန်ဇီက သက်ပြင်းချရင်း “ပုယွီမှာ ဘာစိတ်ပိုင်းဆိုင်ရာပြဿနာမှမရှိပါဘူး၊၊ သူမက အရမ်းကို ဖြူစင်ပါတယ်၊၊ ပုယွီအတွက် စိုးရိမ်နေမယ့်အစား ဖေးယွီအတွက်ပဲ စိုးရိမ်သင့်တယ်”

ချီလင်းက မျက်တောင်ခတ်လိုက်သည်၊၊

“သူက ဘာဖြစ်လို့လဲ၊၊ သူက အခုအဆင်ပြေနေတာပဲ မဟုတ်ဘူးလား”

“ဇီဝေကြယ်က ကြယ်၉ပွင့်ကို အုပ်စိုးတယ်၊၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက အဲဒီဓားသိုင်းကို လေ့ကျင့်နေတယ်၊၊ မနေ့က ငါ ဝမ်ရှန်းရဲ့ ကံကြမ္မာကို တစ်နေ့လုံးတွက်ချက်နေခဲ့တယ်၊၊ အဲဒီညက ကြယ်တွေကို ကြည့်လိုက်တဲ့အခါ သူ့ရဲ့ ကံကြမ္မာက ပြောင်းလဲသွားပြီဆိုတာ ငါမြင်ခဲ့ရတယ်”

ချီလင်း ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်၊၊

“ဒါကို ပိုပြီး တိုတိုတုတ်တုတ်ရှင်းပြလို့ရမလား”

“ကောင်းပြီ… ငါ့တပည့်နှစ်ယောက်အကြောင်းကို အခုမပြောကြရအောင်… မင်းက အမြဲတမ်းအလုပ်များနေတာ… အခုမှ ငါတို့ အတူတူရှိဖို့ အချိန်အနည်းငယ်ရတာလေ”

“ဟွန့်”

သူမကို မြတ်နိုးစွာ ကြည့်ရင်း ချင်ယန်ဇီက နူးညံ့စွာခေါ်လိုက်သည်၊၊

“အားလင်း...”

“ဟိုဘက်မှာ သွားထိုင်နေ… မနှိပ်တော့ရင် ကျွန်မ အိပ်တော့မယ်”

“အင်း… အိပ် အိပ်”

ချင်ယန်ဇီ ကုတင်ပေါ်မှ ဆင်းကာ အနီးရှိ ဆိုဖာပေါ်တွင် တင်ပလ္လင်ခွေထိုင်လိုက်သည်။ ချီလင်းက သူ့ကို ကျောပေးကာ စောင်ကိုဆွဲခြုံရင်း ရေရွတ်လိုက်သည်၊၊

“ရှင် အရင်က ဒီလောက်စကားနားထောင်တာ မဟုတ်ပါဘူး”

ချင်ယန်ဇီ တစ်ကိုယ်ထဲပြုံးလိုက်မိပြီး သူမ၏ ကျောပြင်ကို နွေးထွေးစွာ ငေးကြည့်နေခဲ့သည်။ သူသည် မသင့်လျော်သော အတွေးများကို မတွေးခဲ့ပေ။ အဆုံးတွင် သူမတွင် နားနေရန် လေးနာရီသာရှိသည်။ သူမကို ပို၍ ပင်ပန်းအောင် မလုပ်သင့်ကြောင်း သူ သိရှိထားသည်။

….

၆လွှာ ၅၃ဆင့်။

စီးဆင်းနေသော ရေအလား ငါသည် ဓားနောက်သို့ သဘာဝကျကျလိုက်ပါမည်။ သင်၏ အရှိန်အဟုန်ပြင်းသော မီးလျှံများကို တောက်လောင်ခွင့်ပြုလိုက်ပါ… မိုးကြိုးမုန်တိုင်းလို ငါသည် ၎င်းတို့ကို ပိုင်းဖြတ်ပစ်မည်။

ဝမ်ရှန်းက ယခုအခါ ခန်းမကြီး၏ အလယ်တွင် တောင်တစ်လုံးကဲ့သို့ မားမားရပ်တည်နေသည်။ သူသည် ဓားရှည်ဖြင့် အရွယ်အစားအမျိုးမျိုးရှိသော စက်ဝိုင်းများကို တစ်ခုပြီးတစ်ခုအချိတ်အဆက်မိမိဆွဲလိုက်ပြီး အရပ်မျက်နှာအသီးသီးမှ တိုက်ခိုက်လာသော ဓားပုံရိပ်ယောင်များကို ဆက်တိုက်ကာကွယ်နေခဲ့သည်။

လျှပ်စီးကဲ့သို့ လျင်မြန်လှသော ပုံရိပ်ယောင်တစ်ခုသည် အေးစိမ့်သော နှင်းငွေ့အလင်းတန်းဓားရှည်ကို ကိုင်စွဲကာ သူ၏ပတ်လည်တွင် ရွေ့လျားနေသော အလင်းတန်းတစ်ခုကဲ့သို့ ပြေးလွှားနေသည်။ ၎င်း၏ ဓားအရှိန်အဝါသည် မိုးသီးမိုးပေါက်များအလား ရွာသွန်းကျလာပြီး သူ၏စက်ဝိုင်းပုံစံ ကာကွယ်ရေးများကို တစ်ခုပြီးတစ်ခုရိုက်ခတ်တိုက်ခိုက်နေတော့သည်။

အစွန်းနှစ်ဖက်ဓားဆန္ဒသည် ကာကွယ်ရေးတွင် အစွမ်းထက်သဖြင့် အင်အားသုံး၍ အလွယ်တကူဖျက်ဆီး၍မရနိုင်ပေ။ သို့သော် ဝမ်ရှန်း၏ ကာကွယ်ရေးသည် လုံးဝအပြစ်အနာအဆာကင်းသည်တော့ မဟုတ်ပေ။ သူ၏ တာအိုဝတ်စုံ နေရာအတော်များများတွင် စုတ်ပြဲနေခဲ့ပြီဖြစ်သည်။ ကံကောင်းသည်မှာ ထိုပုံရိပ်ယောင် အသုံးပြုသော ဓားသိုင်းသည် ပြင်းထန်သော အင်အားထက် မြန်ဆန်သွက်လက်မှုကိုသာ အာရုံစိုက်သဖြင့် ကြီးမားသော ထိခိုက်ဒဏ်ရာရမှုကို မဖြစ်စေခဲ့ပေ။

၆လွှာရှိ ကျောက်နံရံပေါ်တွင် ထုဆစ်ထားသော ဓားသိုင်းများသည် နက်ရှိုင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့ထဲမှ တစ်ခုခုသာ အပြင်သို့ ပျံ့နှံ့သွားပါက ဂိုဏ်းအသီးသီးက သိမ်းဆည်းကြပြီး သူတို့၏ ကျင့်စဉ်များတွင် အဓိကအတွင်းပိုင်းအနှစ်သာရအဖြစ် သတ်မှတ်ကြလိမ့်မည်။ ရှုဓားဂိုဏ်းသည် အမှန်တကယ်ပင် နာမည်နှင့်လိုက်ဖက်ပြီး ၎င်း၏ အခြေခံအုတ်မြစ်မှာ ငြင်းပယ်၍မရအောင်နက်နဲလှသည်။

ကံကောင်းသည်မှာ ဓားသိုင်းအများစုကို ဂိုဏ်းအတွင်း၌ ထိန်းသိမ်းထားပြီးဖြစ်သဖြင့် ဝမ်ရှန်း အနေဖြင့် ၎င်းတို့ကို ကူးယူရန် မလိုအပ်ပေ။ သူသည် ဂိုဏ်း၏ တောင်းဆိုချက်ကို ဖြည့်ဆည်းရန်အတွက် ဓားထိန်းချုပ်ခြင်းပညာကိုသာ ရှာဖွေရန် လိုအပ်သည်။

၅၃ဆင့်၏ ပြင်းထန်သော တိုက်ပွဲအတွင်း ပုံရိပ်ယောင်၏ တိုက်ခိုက်မှုကြောင့် ဝမ်ရှန်းသည် သူ၏ အစွန်းနှစ်ဖက်ဓားအရှိန်အဝါကို ထိန်းချုပ်မှုလွတ်လုနီးပါးဖြစ်ခဲ့ရသည်။ သို့သော်လည်း သူသည် ခုနှစ်စင်ကြယ်ဓားဆန္ဒကို အသုံးမပြုခဲ့ပေ။ ထိုအစား သူသည် တည်ငြိမ်စွာ ကာကွယ်ရင်း တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို စိတ်ရှည်စွာရှာဖွေနေခဲ့သည်။

သူ၏ အစွန်းနှစ်ဖက်ဓားဆန္ဒသည် အစပိုင်းတွင် မည်သည့်ပုံသေဓားကွက်များနှင့်မျှ ချိတ်ဆက်ထားခြင်း မရှိပေ။ သို့သော် တိုက်ပွဲအတွင်း ၎င်းကို ဆက်လက်အသုံးပြုရင်း ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်သည့် ပုံသေဓားကွက်အချို့ကို တဖြည်းဖြည်းရှာဖွေတွေ့ရှိလာခဲ့သည်။

ဒါက ဓားသိုင်းအသစ်တစ်ခုဖန်တီးလိုက်တာလို့တော့ ပြောလို့မရဘူး… အသုံးများပြီး ကျွမ်းကျင်သွားတဲ့ သဘောပါပဲလေ။

အဆုံးတွင် ပုံရိပ်ယောင်၏ တိုက်ခိုက်မှု၌ ဟာကွက်အနည်းငယ်ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် သူ့ထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်လာသောအခါ ဝမ်ရှန်းသည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုက်ပြီး သူ၏ အစွန်းနှစ်ဖက်ဓားဆန္ဒဖြင့် နှင်းငွေ့အလင်းတန်းဓားကို ဖမ်းချုပ်နိုင်ခဲ့သည်။

နာရီဝက်ကျော်ကြာ ပြင်းထန်သောတိုက်ပွဲအပြီးတွင် ပုံရိပ်ယောင်သည် ၎င်း၏ တစ်ခုတည်းသော အားနည်းချက်ကိုပြသလာခဲ့သည်။

အခုပဲ။

သူ့ခြေဖဝါးအောက်တွင် ထိုက်ကျိသင်္ကေတတစ်ခု ထွက်ပေါ်လာပြီး ယင်ယန်ငါးနှစ်ကောင်မှာ သဟဇာတဖြစ်စွာ လှည့်ပတ်နေကြသည်။

ဝမ်ရှန်း ဓားကို လက်ဖဝါးထဲတွင် စက်ဝိုင်းဝက်ခန့် လှည့်လိုက်ပြီး ပြောင်းပြန်အနေအထားဖြင့် ကိုင်ဆွဲလိုက်သည်။ ထို့နောက် ရှေ့သို့လှမ်းကာ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်တော့သည်။

ပုံရိပ်ယောင်၏ လက်ထဲရှိ နှင်းငွေ့အလင်းတန်းဓားသည် ဝမ်ရှန်း၏ ဘယ်ဘက်ပုခုံးထံသို့ စောင်း၍ ခုတ်ပိုင်းလိုက်သော်လည်း မီလီမီတာအနည်းငယ်မျှ လွဲချော်သွားခဲ့သည်။ အနည်းငယ်မျှ ပိုနီးကပ်သွားပါက သူ့ကို ဒဏ်ရာရစေမည်ဖြစ်သည်။

မကြာမီ သူတို့နှစ်ဦး ရှေ့နောက်ကျော်လွန်သွားကြသည်။ ဝမ်ရှန်းသည် ဓားကိုကိုင်ဆောင်ကာ မတ်မတ်ရပ်နေဆဲဖြစ်ပြီး ပုံရိပ်ယောင်မှာမူ ၎င်း၏ ပြတ်တောက်သွားသော ခန္ဓာကိုယ်ကို ငုံ့ကြည့်နေခဲ့သည်။ ပြတ်သားသော အက်ကွဲသံနှင့်အတူ ၎င်းသည် အစိမ်းရောင်အလင်းပွင့်များအဖြစ် ပေါက်ကွဲသွားပြီး ကျောက်တံခါးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။

ဝမ်ရှန်း ထိုနေရာတွင်ပင် ရပ်နေရင်း ခေတ္တမျှ စဉ်းစားနေခဲ့သည်။ သူသည် ဓားကွက်အချို့ကို ထပ်မံပြုလုပ်ကြည့်ပြီး ယခင်တိုက်ပွဲတွင် အစွန်းနှစ်ဖက်ဓားဆန္ဒကို ထုတ်ဖော်စဉ်က ပေါ်ပေါက်ခဲ့သော အားနည်းချက်များနှင့် လိုအပ်ချက်များကို ပြန်လည်သုံးသပ်နေခဲ့သည်။

မကြာမီတွင် သူက ရယ်မောလိုက်သည်။

“တကယ်ကို အံ့ဩစရာပဲ”

ဝမ်ရှန်း မိမိကိုယ်ကိုယ် ငုံ့ကြည့်လိုက်သောအခါ သူ၏ တာအိုဝတ်စုံမှာ စုတ်ပြဲနေပြီး အပေါက်အပြဲများ ဗရပွဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူ အပြင်သို့ ရောက်ရှိပါက ရှုဓားဂိုဏ်းထံမှ ဝတ်စုံအသစ်အချို့ကို လျော်ကြေးအဖြစ် ကျိန်းသေတောင်းဆိုရမည်ဖြစ်သည်။

သူ့တွင် ပြင်ပဒဏ်ရာအချို့လည်း ရရှိခဲ့သော်လည်း သူ၏ အခြေအနေကို ထိခိုက်စေလောက်အောင် မပြင်းထန်ပေ၊၊ ၎င်းတို့က အနည်းငယ်နာကျင်ပြီး သူ့ကို ပင်ပန်းနွမ်းနယ်ပုံပေါက်စေရုံမျှသာဖြစ်သည်။

Chapter 176

သက်သေပြ

ဝမ်ရှန်း သက်ပြင်းချလိုက်သည်။

“ထားလိုက်ပါတော့… ဂရုစိုက်တာက ပိုကောင်းပါတယ်၊၊ သူတို့က ငါ့ကို ဒီအလုပ်ကို ယုံကြည်လို့ အပ်နှံထားကတည်းက ငါလည်း ဒါကို သေချာပြီးမြောက်အောင် လုပ်ပေးရမှာပေါ့”

သူ၏ အစွန်းနှစ်ဖက်ဓားဆန္ဒမှာ သိသိသာသာတိုးတက်လာခဲ့ပြီဖြစ်သော်လည်း ဤနေရာမှစ၍ ကျောက်တံခါးများမှ ထွက်ပေါ်လာမည့် ပုံရိပ်ယောင်များကို ကာကွယ်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

သူသည် ငါးဆယ့်လေးဆင့်သို့ ဝင်ရောက်ရန်ပြင်ဆင်လိုက်သည်။ ထိုနေရာရှိ ပုံရိပ်ယောင်ကို အောင်နိုင်ပြီးပါက ဓားထိန်းချုပ်ခြင်းပညာတည်ရှိရာ ၇လွှာသို့ ဦးတည်သည့် တံခါးကို တွန်းဖွင့်နိုင်မည်ဖြစ်သည်။

ခေတ္တမျှတိတ်ဆိတ်စွာစဉ်းစားပြီးနောက် ဝမ်ရှန်းက မျက်လုံးများကို ဖွင့်လိုက်ရာ ၎င်းတို့အတွင်း၌ ကြယ်တာရာအလင်းတန်းများတောက်ပနေခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် ကျောက်နံရံပေါ်ရှိ ဓားသိုင်းများကို ဆက်လက်လေ့လာရန် ရည်ရွယ်ချက်မရှိပေ။ အဆုံးမှာတော့ ထိုအရာများသည် ရှုဓားဂိုဏ်းအတွက် အဖိုးတန်အမွေအနှစ်များဖြစ်ပြီး ပြင်ပသို့ လက်ဆင့်ကမ်းရန် မရည်ရွယ်ထားပေ။

ယခုအခါ သူသည် အစွမ်းကုန်ကြိုးစားရန်သာ အာရုံစိုက်တော့မည်။

ဝမ်ရှန်း မတ်တတ်ရပ်လိုက်ပြီး သူ့ကျောပေါ်ရှိ ဓားရှည်နှစ်လက်၏ အခြေအနေကို စစ်ဆေးကာ ကြိုးကြာဝိညာဉ်ရတနာအိတ်ထဲမှ အစစ်မှန်ချီကို ပြန်လည်ဖြည့်တင်းပေးသည့် ဆေးလုံးနှစ်လုံးကို ထုတ်ယူလိုက်သည်။ သူသည် ဆေးလုံးများကို အစစ်မှန်ချီဖြင့် အရည်မပျော်စေဘဲ ပါးစပ်ထဲတွင် ငုံထားလိုက်သည်။

အရသာက တကယ်ကို ချဉ်ပြီး ခါးလွန်းတယ်…၊၊

သို့သော် ရှေ့မှာ ပြင်းထန်တဲ့ တိုက်ပွဲနဲ့ ကြုံရရင် ဆေးလုံးတွေကို အချိန်မရွေးဝါးစားပြီး အစစ်မှန်ချီကို ပြန်လည်ဖြည့်တင်းဖို့ ဆေးစွမ်းအင်ကို စုပ်ယူနိုင်ပေမည်၊၊

သူသည် ခြေတစ်လှမ်းချင်းစီဖြင့် ကျောက်တံခါးထံသို့ ချဉ်းကပ်သွားခဲ့သည်။ သူ လက်လှမ်း၍ ၎င်းကို ထိတွေ့ရန်ပြင်လိုက်စဉ်မှာပင် ဝမ်ရှန်း ချက်ချင်းတင်းမာသွားပြီး နောက်သို့လျင်မြန်စွာဆုတ်ခွာလိုက်သည်။

ကျောက်တံခါးသည် အစိမ်းရောင်အလင်းတန်းများဖြင့် တောက်ပလာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် ၎င်းသည် ချက်ချင်းပြေးထွက်လာခြင်းမရှိဘဲ ဓားကိုင်ကာ ကျောက်တံခါးအတွင်း၌သာ ရပ်နေခဲ့သည်။

ဝမ်ရှန်းလည်း စူးရှသောမျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရပြီး သူ၏ ဓားဆန္ဒနှစ်ခုစလုံး လှုပ်ရှားသွားခဲ့သည်။ သူ၏ကျောပေါ်ရှိ ဓားများနှင့် လက်ထဲရှိ ရတနာဓားတို့သည် ထိန်းချုပ်၍မရအောင် တုန်ခါလာပြီး ဓားမြည်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

“ရှုတောင်မှာ ဒီစမ်းသပ်မှုကို ဖြတ်ကျော်နိုင်မယ့်သူတစ်ယောက်မှ မကျန်တော့ဘူးလား”

ဒါက ဘာလဲ။

ဝမ်ရှန်းလည်း ပုံရိပ်ယောင်ကို စိုက်ကြည့်နေခဲ့ပြီး သာမန်မဟုတ်သော ရှေးခေတ်စကားလုံးများသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

ပထမဆုံးစမ်းသပ်မှုမှသည် ယခုအချိန်အထိ သူကြုံတွေ့ခဲ့ရသော ပုံရိပ်ယောင်တိုင်းသည် တူညီသောပုံစံရှိကြသည်။ ၎င်းတို့သည် ဤမြင့်မြတ်မြေကို ဖန်တီးခဲ့သည့် ရှုဓားဂိုဏ်း၏ တည်ထောင်သူဘိုးဘေး ချန်ရစ်ခဲ့သော အကြွင်းအကျန်များဖြစ်ရမည်။

ဝမ်ရှန်းသည် ၎င်းတို့ကို အစီအရင်၏ အကျိုးသက်ရောက်မှုသက်သက်သာဖြစ်လိမ့်မည်ဟု အမြဲတစေ ထင်မှတ်ထားခဲ့သည်။ ထို့ကြောင့် ပုံရိပ်ယောင်တစ်ခုက အမှန်တကယ် စကားပြောလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

အခြားတစ်ဖက်တွင်မူ ဘေးကပ်လျက်၌ ဇီယန်ကျောင်းတော်၏ မိစ္ဆာချုပ်ရေတွင်းနှင့် ၎င်းအတွင်း၌ ရှေးဟောင်းနတ်ဆိုးရှိနေခဲ့သည်။ ထို့ပြင် ရှုတောင်သည် နှစ်ပေါင်းထောင်ချီ၍ ထွန်းကားခဲ့သည်။ မြင့်မြတ်မြေအတွင်းရှိ အစီအရင်ကြီးတွင် အစီအရင်ဝိညာဉ်တစ်ခုပေါ်ပေါက်လာခြင်းမှာ အံ့ဩစရာမဟုတ်ပေ။

ဝမ်ရှန်း မိမိကိုယ်ကို လျင်မြန်စွာ တည်ငြိမ်စေလိုက်သည်။ ထို့နောက် စကားလုံးတစ်လုံးချင်းစီကို ပြတ်သားစွာဖြင့် သူက ပြောလိုက်သည်။

“ကျွန်တော်က ဝူတန်းတောင်က ဓားကျင့်ကြံသူ ဝမ်ရှန်းပါ၊၊ ရှုတောင်က စီနီယာတွေက ရှုဓားဂိုဏ်းအတွက် ဓားပျံထိန်းချုပ်ခြင်းအတတ်ကို ရှာဖွေပေးဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တာပါ”

“နှစ်ပေါင်းထောင်ချီကြာအောင် ချီစွမ်းအင်တွေ ပြတ်တောက်သွားခဲ့ပေမဲ့ ရှုဓားဂိုဏ်းကတော့ မျိုးဆက်ပေါင်းများစွာတိုင်အောင် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ပါတယ်၊၊ ဆရာကြီးတွေထဲက ဘယ်သူမှ မကျင့်ကြံနိုင်ခဲ့ကြပေမဲ့ သူတို့ဟာ ဒီအမွေအနှစ်ကို ယနေ့တိုင်အောင် လက်ဆင့်ကမ်းခဲ့ကြပါတယ်၊၊ ဒါပေမဲ့ ဓားထိန်းချုပ်ခြင်းပညာကတော့ စစ်မက်အရှုပ်အထွေးတွေကြားထဲမှာ ကံဆိုးစွာပဲ ပျောက်ဆုံးသွားခဲ့ရပါတယ်”

“ရှုတောင်က စီနီယာတွေက ကျွန်တော့်ကို ဓားထိန်းချုပ်ခြင်းပညာကို ကျင့်ကြံခွင့်ပြုထားပြီးပါပြီ၊၊ ကျွန်တော်က ကူညီပေးဖို့သက်သက်လာခဲ့တာပါ၊ စီနီယာအနေနဲ့ နားလည်ပေးဖို့ တောင်းပန်ပါတယ်”

ကျောက်တံခါးအတွင်းရှိ ပုံရိပ်ယောင်သည် လုံးဝတိတ်ဆိတ်နေခဲ့သည်။ ၎င်းသည် ထပ်မံစကားပြောခြင်းမရှိဘဲ သူ၏ ဝိညာဉ်အသိစိတ်ကို ဝမ်ရှန်း၏ စိတ်ထဲသို့ တိုက်ရိုက်ပေးပို့လိုက်သည်။

ပုံရိပ်ယောင်သည် လက်ရှိခေတ်၏ ဘာသာစကားအသံထွက်နှင့် လေယူလေသိမ်းမှာ ၎င်းသိရှိထားခဲ့သည့်အရာနှင့် များစွာကွဲပြားနေပြီကြောင်း သဘောပေါက်သွားပုံရသည်။ ဝိညာဉ်ချင်းအဆက်အသွယ်ပြုလုပ်ခြင်းက ပိုမိုထိရောက်သည်မှာ ထင်ရှားလှသည်။

ပင်ပန်းနွမ်းနယ်နေသော သက်ပြင်းချသံတစ်ခု ဝမ်ရှန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“မင်းပြောတာတွေက တကယ်ပဲလား”

“ကျွန်တော် စီနီယာကို နည်းနည်းမှ မလိမ်ညာရဲပါဘူး” ဝမ်ရှန်းက ရိုသေစွာပြန်ဖြေလိုက်သည်။

“ငယ်ရွယ်တဲ့ ဓားကျင့်ကြံသူအချို့ကိုလည်း အရင်က ဒီစမ်းသပ်မှုကို စိန်ခေါ်ဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ်၊၊ အကယ်၍ စီနီယာမှာ ဝိညာဉ်ရှိနေသေးရင် ဒါကို အာရုံခံမိမှာပါ”

ရှေးဟောင်းလေသံဖြင့် ပုံရိပ်ယောင်က ပြန်လည်ပြောကြားလိုက်သည်။

“ဒီမြင့်မြတ်မြေကို အပြင်လူတွေ ဝင်ရောက်နိုင်ပေမဲ့ သူတို့ကို ဒီနေရာအထိပဲ လာခွင့်ပြုထားတယ်၊၊ ဒီနေရာရဲ့ နောက်မှာတော့ ရှုတောင်က မဟုတ်တဲ့သူတွေကို မျှဝေလို့မရတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်၊၊ ပြန်လှည့်သွားလိုက်ပါ”

ဝမ်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ဓားထိန်းချုပ်ခြင်းပညာက လက်တစ်ကမ်းအကွာတွင် ရှိနေပြီဖြစ်သည်။ သူ ဘယ်လိုလက်လျှော့နိုင်မည်နည်း။

“စီနီယာ။ ရှုဓားဂိုဏ်းက ဓားထိန်းချုပ်ခြင်းပညာကို အရေးတကြီးလိုအပ်နေတာပါ...”

“အကယ်၍ သူတို့ တကယ်လိုအပ်ရင် သူတို့ဘာသာ ဒီဂူထဲကိုဝင်လာပါစေ၊၊ ဓားထိန်းချုပ်ခြင်းပညာက ရှုတောင်ရဲ့အခြေခံအုတ်မြစ်ပဲ၊၊ ဒါကို ငါ့ရဲ့ မိုက်မဲတဲ့မျိုးဆက်တွေက ပျောက်ဆုံးအောင်လုပ်ခဲ့ကြတာလား”

“လက်ရှိအချိန်မှာတော့ ရှုတောင်မှာ ဒီနေရာကို ရောက်ရှိနိုင်တဲ့ အသက် ၂၅ နှစ်အောက် ဓားကျင့်ကြံသူမရှိပါဘူး၊၊ ချီစွမ်းအင်ပြတ်တောက်သွားတာ နှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်လို့ အမွေအနှစ်ကို ထိန်းသိမ်းထားနိုင်ဖို့တင် တကယ်ကို ခက်ခဲလှပါတယ်”

ပုံရိပ်ယောင်သည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့သည်။ ဝမ်ရှန်း၏ စကားများက ၎င်းကို တွေဝေသွားစေသည်မှာ ထင်ရှားလှသည်။

ခေတ္တမျှကြာပြီးနောက် ၎င်းက မေးမြန်းလိုက်သည်။ “ကမ္ဘာဦးချီပြတ်တောက်သွားတာ နှစ်ပေါင်းထောင်ချီရှိပြီလို့ မင်းပြောတယ်၊၊ မင်းမှာ ဘာသက်သေရှိလဲ”

ဝမ်ရှန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ၏ ဝတ်စုံအတွင်းမှ ဓာတ်မီးကို ထုတ်ယူကာ ရှေ့သို့ လင်းထိန်စေလိုက်သည်။

“ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက မရှိခဲ့ပါဘူး”

ပုံရိပ်ယောင်က နှာခေါင်းရှုံ့လိုက်သည်။

“ဒါက သာမန်မျက်လှည့်တစ်ခုသက်သက်ပဲ”

“ဒါဆို ဒါကို ကြည့်လိုက်ပါ”

ဝမ်ရှန်းက ပြောရင်း သူ၏ ဘယ်ဘက်လက်မှ လက်အိတ်ကို အသက်သွင်းလိုက်ပြီး အစစ်မှန်ချီကို ၎င်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ ချီကာကွယ်ရေးဒိုင်းတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

“ဒါကလည်း ချီစွမ်းအင်ကို အခြေခံထားတဲ့ နည်းပညာတစ်ခုပဲ၊၊ အရင်ကထက် ပိုပြီး ရိုးရှင်းသွားတာပဲ ရှိတယ်”

ဒါကတော့...

အကယ်၍ သူသာ ဓားသေတ္တာကို ယူဆောင်လာခဲ့လျှင် ကောင်းလိမ့်မည်။ သူ၏ နည်းပညာမြင့် ဓားသေတ္တာတွင် လက်ဗွေရာလော့ခ်ပင် ပါရှိသဖြင့် ပို၍ယုံကြည်လောက်စရာဖြစ်လိမ့်မည်။

ဝမ်ရှန်း၏ စိတ်သည် နောက်ထပ်ဘာလုပ်ရမည်ကို စဉ်းစားရန် လျင်မြန်စွာ လည်ပတ်နေခဲ့သည်။ ပုံရိပ်ယောင်သည် နောက်ထပ် သက်သေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ပုံရိပ်ယောင်သည် သံသယရှိနေဆဲဖြစ်သော်လည်း ဝမ်ရှန်း၏ စကားများကို လုံးငြင်းပယ်လိုက်ခြင်းတော့ မဟုတ်ပေ။

ဝမ်ရှန်းသည် အရင်က ကျောက်နံရံပေါ်ရှိ ဓားသိုင်းများကို လေ့လာရုံသာ ပြုလုပ်ခဲ့ပြီး မည်သည့်ဓားကွက်ကိုမျှ ခိုးယူရန် မကြိုးစားခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ သို့မဟုတ်ပါက ပုံရိပ်ယောင်သည် သူ့ကို စကားပြောလိမ့်မည်မဟုတ်ဘဲ ငါးဆယ့်လေးဆင့်သို့ မရောက်ခင်ကတည်းက သူ့ကို မောင်းထုတ်ခဲ့ပြီး ဖြစ်လိမ့်မည်။

ခေတ္တမျှစဉ်းစားပြီးနောက် ဝမ်ရှန်း က မေးမြန်းလိုက်သည်။

“စီနီယာ။ စီနီယာရဲ့ အမြင်အရဆိုရင် ကမ္ဘာရဲ့ ချီစွမ်းအင်ပြတ်တောက်သွားတာ နှစ်ပေါင်းထောင်ချီရှိပြီဆိုတာကို သက်သေပြဖို့ ဘယ်အရာက လုံလောက်မလဲ”

“ငါ အိပ်မောကျသွားတဲ့အချိန်တုန်းက ကောင်းကင်နဲ့ မြေကြီးရဲ့ ကမ္ဘာဦးချီက တဖြည်းဖြည်းနည်းပါးလာနေတာတော့ အမှန်ပဲ...” ပုံရိပ်ယောင်က သက်ပြင်းချလိုက်သည်။

“မင်းက ပညာတတ်တစ်ယောက်နဲ့ တူပါတယ်၊၊ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီအတွင်း ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ငါ့ကို အကျဉ်းချုပ်ပြောပြ”

ကောင်းပြီ။ ကိုးနှစ်တာ မဖြစ်မနေသင်ကြားရတဲ့ ပညာရေးစနစ်ကို ကျေးဇူးတင်ရမှာပဲ။

သူသည် တင်ပလ္လင်ခွေထိုင်လိုက်ပြီး ဓားရှည်ကို ရှေ့တွင် ချထားကာ လည်ချောင်းရှင်းလိုက်ပြီး မေးမြန်းလိုက်သည်။

“စီနီယာ မှတ်မိသလောက် နောက်ဆုံး လူသားဧကရာဇ်က ဘယ်သူလဲ”

“အစီအရင်ထဲကို နောက်ဆုံးဝင်လာတဲ့ ဂိုဏ်းသားတစ်ယောက် ပြောတာကတော့ ချန်ခေတ်က လူတစ်ယောက်လို့ ထင်တယ်”

ဝမ်ရှန်း ခေတ္တမျှ ရပ်တန့်သွားပြီး ၎င်းက မည်သည့်အချိန်ဖြစ်သည်ကို မသေချာပေ။ သူ၏ အထက်တန်းကျောင်း သမိုင်းသင်ခန်းစာတွင် ထိုကဲ့သို့သော ရှေးဟောင်းမင်းဆက်များအကြောင်း မပါဝင်ခဲ့ပေ။

“ဒါဆိုရင် ကျွန်တော် ထန်မင်းဆက်ကနေ စပြီး ပြောပြပါမယ်၊၊ အကယ်၍ ကြားထဲမှာ စီနီယာ ယုံကြည်သွားရင် ကျွန်တော့်ကို စကားဖြတ်ပြီး ပြောနိုင်ပါတယ်”

ဝမ်ရှန်းသည် ထန်၊ စုန့်၊ ယွမ်၊ မင်နှင့် ချင်မင်းဆက်များ၏ သမိုင်းကြောင်းကို အကျဉ်းချုပ်ရှင်းပြခဲ့သည်။ သူသည် အင်ပါယာများ၏ ထွန်းကားမှုနှင့် ပျက်သုဉ်းမှု၊ အဓိကအလှည့်အပြောင်းများနှင့် သူ မှတ်မိသမျှကိုသာ ပြောကြားခဲ့သည်။ အတိတ်က အဖြစ်အပျက်များကို အကျဉ်းချုပ်ပြောပြနေစဉ်မှာပင် အွန်လိုင်းဝတ္ထုများထဲက ရှေးခေတ်သို့ ကူးပြောင်းသွားပြီး သမိုင်းအသေးစိတ်ကို အကုန်မှတ်မိနေကြသည့် သမိုင်းပညာရှင်များကို သူမနာလိုဖြစ်နေမိသည်။

ပုံရိပ်ယောင်၏ ပတ်ပတ်လည်ရှိ အစိမ်းရောင်အလင်းတန်းများသည် ပိုမိုတောက်ပလာခဲ့သော်လည်း ၎င်းသည် ဝမ်ရှန်း၏ စကားကို ဖြတ်ပြောခြင်းမရှိခဲ့ပေ။

ခုနှစ်မိနစ် သို့မဟုတ် ရှစ်မိနစ်ခန့်အကြာတွင် ဝမ်ရှန်း သည် ခေတ္တရပ်နားလိုက်ပြီး ကျောက်တံခါးအတွင်းရှိ ပုံရိပ်ယောင်ကို ကြည့်လိုက်သည်။

“စီနီယာ။ အခု ကျွန်တော့်ကို ယုံကြည်ပြီလား”

“မင်းကျင့်ကြံတဲ့ ကျင့်စဉ်ကို ငါ့ကို ပြပါဦး”

“ကောင်းပါပြီ”

ဝမ်ရှန်း လက်ဖဝါးများကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး သူ၏ လက်များမှ သန့်စင်သော အစစ်မှန်ချီစီးကြောင်းကို ကျောက်တံခါးထံသို့ ထုတ်လွှတ်လိုက်သည်။

တံခါး၏ အစိမ်းရောင်အလင်းတန်းမှာ လှုပ်ရှားသွားပြီး ပုံရိပ်ယောင်က ရေရွတ်လိုက်သည်။

“မင်းက လုတုံပင်းရဲ့ တပည့်လား”

ဝမ်ရှန်းသည် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး စကားထပ်မပြောရဲတော့ပေ။

ဤပုံရိပ်ယောင်က မည်သူနည်း… မဟုတ်သေးပေ… ၎င်းကို ချန်ရစ်ခဲ့သည့် ရှုတောင်၏ ဘိုးဘေးက အတိအကျမည်သူနည်း။ ကြည့်ရသရွေ့တော့ ၎င်းသည် ဝမ်ရှန်း၏ ဂိုဏ်းဘိုးဘေးနှင့် အတော်လေးရင်းနှီးပုံရသည်။

“ဒါဆို မင်းက ဘာလို့ လုတုံပင်းရဲ့ သန့်စင်ယန်အင်မော်တယ်ဓားသံစဥ်ကို မကျင့်ကြံဘဲ ကောင်းကင်ဇီဝေဓားသိုင်းကို ကျင့်ကြံနေရတာလဲ” ပုံရိပ်ယောင်က မေးမြန်းလိုက်သည်။

ကောင်းကင်ဇီဝေဓား။ သန့်စင်ယန်အင်မော်တယ်ဓားသံစဥ်။

ဝမ်ရှန်း ထိုနာမည်နှစ်ခုကို စိတ်ထဲတွင် တိတ်တဆိတ်မှတ်သားလိုက်ပြီး သက်ပြင်းချလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီအတွင်းမှာ ဘယ်တာအိုမျိုးဆက်မှ အဆင်မပြေခဲ့ကြပါဘူး၊၊ လူအများစုက သူတို့ ရှာဖွေတွေ့ရှိသမျှကိုပဲ ကျင့်ကြံနေကြရတာပါ၊၊ ရှုတောင်ရဲ့ တာအိုအမွေအနှစ်ကတော့ အတော်လေးပြည့်စုံသေးတယ်လို့ ပြောလို့ရပါတယ်၊၊ ကျွန်တော့်ရဲ့ ဂိုဏ်းမှာတော့ ကျွန်တော်၊ ကျွန်တော့်ရဲ့ ဆရာနဲ့ ကျွန်တော့်ရဲ့စီနီယာအစ်မအပါအဝင် သုံးယောက်ပဲ ကျန်ပါတော့တယ်”

ပုံရိပ်ယောင်သည် နောက်တစ်ကြိမ်တိတ်ဆိတ်သွားခဲ့သည်။ ဝမ်ရှန်းလည်း ပုံရိပ်ယောင်ကို ဆွဲဆောင်ရန် ထပ်မံစကားပြောရန် ပြင်လိုက်စဉ်မှာပင် အဆုံး၌ ၎င်းက ခွင့်ပြုလိုက်သည်။

“အဲဒီလိုဆိုရင်တော့ စမ်းသပ်မှုကို ဆက်လုပ်ပါ၊၊ ငါလည်း အလျှော့ပေးမှာ မဟုတ်ဘူး၊၊ အကယ်၍ ဒီလုပ်ငန်းစဉ်အတွင်း မင်းရဲ့ တာအိုနှလုံးသားထိခိုက်သွားခဲ့ရင် ရှုဓားဂိုဏ်းက လူတွေကို အပြစ်မတင်ပါနဲ့”

ဝမ်ရှန်း ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ပြတ်သားသော အလင်းတန်းများ တောက်ပနေခဲ့သည်။ သူ၏ ရတနာဓားသည်လည်း မြည်ဟီးလာခဲ့သည်။

“စီနီယာကို အရမ်းကျေးဇူးတင်ပါတယ်”

သူက အော်ဟစ်လိုက်ပြီး သူ၏ ခုနှစ်စင်ကြယ်ဓားဆန္ဒကို အစွမ်းကုန်ထုတ်ဖော်လိုက်တော့သည်။

All Chapters