← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

Chapter 177

ဆောင်းဦးခွဲခွာခြင်း

ကျောက်တံခါးအတွင်းမှ မျက်နှာအနည်းငယ် ဝေဝါးနေသော ဆံပင်ဖြူအဘိုးအိုတစ်ဦးသည် ဓားတစ်လက်ကို ဆွဲကိုင်ရင်း လွင့်မျောထွက်ပေါ်လာခဲ့သည်၊၊ စိမ်းဖန့်ဖန့်အလင်းတန်းများသည် သူ၏ နာမ်ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီးနောက် လက်ထဲမှ ဓားသည်လည်း တစ်စတစ်စပိုမိုထင်ရှားပြတ်သားလာခဲ့သည်၊၊

ယခင် ၅၃ ဆင့်ရှိ ပုံရိပ်ယောင်များသည် လူရိပ်သဏ္ဌာန်မျှသာပြသနိုင်ခဲ့သော်လည်း ယခုဆံပင်ဖြူအဘိုးအိုမှာမူ ဝေဝါးနေသော မျက်နှာမှအပ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး စေ့စပ်သေချာလွန်းလှသဖြင့် လူအစစ်နှင့်ပင် ခွဲခြားရခက်ခဲလှသည်၊၊

သူ၏ သဏ္ဌာန်ပိုမိုပီပြင်လာခြင်းက ဤတိုက်ပွဲတွင် ဝမ်ရှန်းအား ရှုဓားဂိုဏ်း၏ ဓားထိန်းချုပ်ခြင်းပညာကို မရရှိစေရန် ထိုပုံရိပ်ယောင်က အစွမ်းကုန်တားဆီးလိမ့်မည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်၊၊ ကံကောင်းသည်မှာ ယခုအထိ ပေါ်လာသမျှ ပုံရိပ်ယောင်များ၏ ကျင့်ကြံခြင်းအဆင့်သည် ဝမ်ရှန်းထက် အဆင့်ဝက်ခန့်သာ သာလွန်ပြီး ယခုအဘိုးအိုသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်၊၊

ဒါက စမ်းသပ်ပွဲရဲ့ စည်းမျဉ်းပဲကိုး၊၊ အစီအရင်ဝိညာဉ်က စိတ်တိုင်းကျပြောင်းလဲလို့ရတဲ့အရာမဟုတ်ဘူး၊၊

ထိုသို့ဖြစ်သော်လည်း ဝမ်ရှန်းသည် အဘိုးအိုထံမှ ထွက်ပေါ်လာသော ဖိအားများကို ခံစားနေရဆဲဖြစ်သည်၊၊ ထို့အပြင် အဘိုးအို၏ ဓားဆန္ဒသည် ဝမ်ရှန်း၏ ခုနှစ်စင်ကြယ်ဓားဆန္ဒကို အနည်းငယ်ဖိနှိပ်ထားသည်၊၊ ၎င်းမှာ ဓားဆန္ဒအချင်းချင်းကွာခြားခြင်းကြောင့်မဟုတ်ဘဲ အဘိုးအို၏ ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုက ဝမ်ရှန်းထက် များစွာသာလွန်နေသောကြောင့်သာဖြစ်သည်၊၊

ကျင့်စဉ်အဆင့်ချင်း နီးစပ်နေသရွေ့ ဓားကွက်နှင့် ဓားသိုင်းအစီအစဉ်ကသာ အရာရာထက် ပိုအရေးကြီးပေသည်၊၊ ပုံရိပ်ယောင်ဟူသည် နောက်ဆုံးတွင် လူသားမဟုတ်ဘဲ ဓား ၇၂လက် စမ်းသပ်ချက်ကို စောင့်ကြပ်သည့် အစီအရင်၏ ဝိညာဉ်မျှသာဖြစ်သည်၊၊ သူသည် ရှုတောင်မှ ရှေးဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် အရာဖြစ်လင့်ကစား ဝမ်ရှန်းကဲ့သို့ အသက်ရှင်နေသော လူသားတစ်ဦးက ဝိညာဉ်အကြွင်းအကျန်မျှကို အဘယ်ကြောင့် ရှုံးနိမ့်ရမည်နည်း၊၊

ဝမ်ရှန်းသည် မိမိကိုယ်မိမိ စိတ်ဓာတ်မြှင့်တင်ရန်အတွက် ပြိုင်ဘက်ကို တမင်အထင်သေးထားရသည်၊၊ ရိုးရိုးသားသားပြောရလျှင် သူဓားကို စတင်ကိုင်စွဲကတည်းက ယခုတိုက်ပွဲသည် အပြင်းထန်ဆုံးဖိအားနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်၊၊ ထို့အပြင် ယခင်ပြိုင်ဘက်အားလုံးထဲတွင် ဤအဘိုးအိုသည် ခန့်မှန်းရအခက်ဆုံးလည်းဖြစ်သည်၊၊

“လမ်းညွှန်ပေးပါဦး”

ဝမ်ရှန်းက အော်ဟစ်လိုက်ရင်း သူ၏ ဓားဖြင့် ဓားချီအလင်းတန်းအချို့ကို ပစ်လွှတ်လိုက်သည်၊၊

ဆံပင်ဖြူအဘိုးအိုသည် ဓားကို မြှောက်ကာ သာမန်ကာလျှံကာသာ ဝှေ့ယမ်းလိုက်သည်၊၊ သူ၏ လှုပ်ရှားမှုများသည် စနစ်တကျမရှိဘဲ ရမ်းသန်းလုပ်ဆောင်နေသကဲ့သို့ ထင်ရသော်လည်း ဝမ်ရှန်း၏ ဓားချီအားလုံးကို အကွက်စေ့စေ့ပိတ်ဆို့နိုင်ခဲ့သည်၊၊ ထို့နောက် အဘိုးအိုသည် မြေပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်၊၊ သူသည် ဝိညာဥ်တစ်ခုဖြစ်သော်လည်း မြေပြင်ပေါ်သို့ နင်းမိချိန်တွင် အသံဖျော့ဖျော့ထွက်ပေါ်လာခဲ့သည်၊၊

ဒေသသုံးစကားသံနှင့် ဆန်းပြားစွာ တူညီနေသောအသံဖြင့် အစီအရင်ဝိညာဉ်က ရှေးဆန်သောလေယူလေသိမ်းဖြင့် ခပ်ဖြည်းဖြည်းရေရွတ်လိုက်သည်၊၊

“ရှုတောင်ရဲ့ ၁၂ခုမြောက် ဓားသိုင်း - ဆောင်းဦးခွဲခွာခြင်း”

ဝမ်ရှန်းသည် အသက်ရှူသံကို ထိန်းထားရင်း ချက်ချင်း တိုက်ခိုက်ခြင်းမပြုဘဲ အဘိုးအို၏ အသေးငယ်ဆုံးသောလှုပ်ရှားမှုကိုပင် သေချာစောင့်ကြည့်နေခဲ့သည်၊၊

အဘိုးအို၏ စူးရှသောအကြည့်များ မိမိထံ ရောက်ရှိနေသည်ကို သူခံစားသိရှိနိုင်သည်၊၊ သို့သော် အဘိုးအိုသည် ငြိမ်သက်စွာ ရပ်နေပြီး မည်သည့်တိုက်ခိုက်မှုကိုမျှ စတင်ခြင်းမရှိပေ၊၊ သူသည် ဝမ်ရှန်း၏ ဓားသိုင်းကို အတန်ကြာစောင့်ကြည့်လေ့လာထားပြီးဖြစ်ပုံရကာ ဇီဝေဓားကို သတိထားနေပုံရသည်၊၊ ထို့ကြောင့် သူသည် ဝမ်ရှန်း၏ အားနည်းချက်ပေါ်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်၊၊

ဝမ်ရှန်းသည်လည်း အစီအရင်ဝိညာဉ်အား မိမိ၏ နည်းစနစ်ကို ချိုးဖျက်ရန် အခွင့်အရေးမပေးလိုသဖြင့် အရင်စတင်တိုက်ခိုက်ရန် အစီအစဉ်မရှိပေ၊၊ ပြိုင်ဘက်သည် ရှုတောင်၏ ဓားသိုင်းအားလုံးကို ကျွမ်းကျင်နှံ့စပ်ထားသည်မှာ သေချာသည်၊၊ ၎င်းတို့၏ ဆန်းပြားလှသော ဓားကွက်များကို ထောက်ရှုပါက အသာစီးရရန် ခက်ခဲလိမ့်မည် ဖြစ်သည်၊၊

မိမိ၏ အားသာချက်ကို သုံးပြီး အားနည်းချက်ကို ရှောင်လွှဲရန်အတွက် ပြိုင်ဘက်ကို ဓားဆန္ဒချင်းပြိုင်ဆိုင်သည့်အခြေအနေသို့ ဆွဲခေါ်ရမည်ဖြစ်ပြီး မိမိ၏ ဓားသိုင်းတွင် မည်သည့်အားနည်းချက်မျှ အဖြစ်မခံနိုင်ပေ၊၊

နှစ်ဦးစလုံး လှုပ်ရှားမှုမရှိသေးသော်လည်း တိုက်ပွဲမှာ စတင်နေပြီ ဖြစ်သည်၊၊ ၎င်းမှာ အရှိန်အဝါနှင့် စိတ်ဝိညာဉ်ချင်းပြိုင်ဆိုင်နေခြင်းပင် ဖြစ်သည်၊၊

ကျွမ်းကျင်သူချင်း ထိပ်တိုက်တွေ့ရာတွင် သေးငယ်သောအမှားတစ်ခုကပင် အနိုင်အရှုံးကို ဆုံးဖြတ်သွားနိုင်လေ၏၊၊ ဝမ်ရှန်းသည် ယခင်က ထိုစကားကို ချဲ့ကားပြောဆိုခြင်းဟု ထင်မှတ်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်၊၊

အချိန်များသည် တရွေ့ရွေ့ကုန်ဆုံးသွားသည်၊၊ ဝမ်ရှန်းနှင့် အစီအရင်ဝိညာဉ်နှစ်ဦးစလုံး တိုက်ခိုက်ခြင်းမရှိသေးသော်လည်း စိတ်ရှည်မှုပြိုင်ပွဲကမူ စတင်နေပြီဖြစ်သည်၊၊

မိနစ်နှစ်ဆယ်ကျော်ကြာပြီးနောက် ဝမ်ရှန်း၏ ဘယ်ဘက်ခြေထောက်သည် အနည်းငယ်တုန်ယင်သွားပြီး သူ၏ အရှိန်အဝါသည်လည်း မသိမသာ မတည်မငြိမ်ဖြစ်သွားခဲ့သည်၊၊ ထိုခဏ၌ အဘိုးအို၏ ခန္ဓာကိုယ်ဘေးတွင် အလင်းတန်းစိမ်းများ ချက်ချင်း ထွက်ပေါ်လာပြီး ဓားကို ကိုင်ဆွဲကာ ရှေ့သို့ ပြေးဝင်လာခဲ့သည်၊၊ သူ၏ လက်ထဲမှ ဓားသည် တောက်ပသောအလင်းတန်းများ ဖြာထွက်လာပြီး ဝမ်ရှန်းကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်၊၊

ဝမ်ရှန်းသည် အစီအစဉ်အောင်မြင်သွားသော သူတစ်ဦးကဲ့သို့ ပါးနပ်စွာ ပြုံးလိုက်သည်၊၊ ကြီးမားလှသော ဖိအားများမှ လွတ်မြောက်သွားရသဖြင့် စိတ်သက်သာရာရမှုကိုလည်း ပြသနေသည်၊၊ သို့သော် သူ၏ အပြုံးတွင် အထင်ရှားဆုံးအရာမှာ တည်ငြိမ်သော ယုံကြည်ချက်ပင်ဖြစ်သည်၊၊

ခုနှစ်စင်ကြယ်ရွေ့လျားခြင်း၊၊

အလင်းစက်ဖြူများသည် လွှမ်းမိုးထားသော အလင်းတန်းစိမ်းများကို ရုတ်တရက် ထိုးဖောက်ထွက်လာခဲ့သည်၊၊ ညကောင်းကင်ယံမှ ကြယ်ကြွေကျလာသကဲ့သို့ ဖြူဖွေးသောအလင်းတန်းများ ပစ်ထွက်လာပြီး အစိမ်းရောင်အလင်းတန်းများကို အတင်းအကျပ်တွန်းထုတ်ပစ်လိုက်သည်၊၊

ဓားသွားချင်း အဆက်မပြတ်ရိုက်ခတ်သံများ ထွက်ပေါ်လာခဲ့သည်၊၊

အဘိုးအို၏ ကျင့်ကြံခြင်းအဆင့်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အထိ ဖိနှိမ်ခံထားရသော်လည်း သူ၏ ဆောင်းဦးခွဲခွာခြင်းသိုင်းကွက်သည် အံ့ဩဖွယ်အစွမ်းထက်နေဆဲဖြစ်သည်၊၊ နောက်ဆုံးတွင်မူ ဤအစီအရင်ဝိညာဉ်ကို ချန်ထားရစ်ခဲ့သူများမှာ ရှုတောင်၏ ဘိုးဘေးများပင် ဖြစ်သည်၊၊

အဘိုးအို၏ ဓားဆန္ဒတွင် ဆောင်းဦးလေညင်း၏ ခြောက်သွေ့မှုနှင့် ဆောင်းဦးမိုးရွာသွန်းမှု၏ အငွေ့အသက်တို့ပါဝင်နေသည်၊၊ ထို့အပြင် ၎င်းတွင် ဝမ်ရှန်း၏ စိတ်အခြေအနေကို သက်ရောက်စေနိုင်သော ဝမ်းနည်းကြေကွဲဖွယ်ရာခံစားချက်များလည်း ကိန်းအောင်းနေသည်၊၊

ဝမ်ရှန်းအား ရှုဓားဂိုဏ်း၏ ဓားထိန်းချုပ်ခြင်းပညာကို မရရှိစေရန်အတွက် အစီအရင်ဝိညာဉ်သည် ဓားဆန္ဒထက် သာလွန်သော နယ်ပယ်တစ်ခုဖြစ်သည့် ဓားအရှိန်အဝါနယ်ပယ်ကို ထုတ်ဖော်ပြသလိုက်သည်၊၊

ဝမ်ရှန်းသည် ပြိုင်ဘက်၏ ဓားအရှိန်အဝါမှ ဖိအားများကို လျှော့ချရန် နောက်သို့ အလျင်အမြန်ဆုတ်ခွာလိုက်သည်၊၊ ထို့နောက် သူ၏ ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်နည်းစနစ်များကို အသုံးပြုကာ အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာသော စိမ်းလဲ့လဲ့ဓားအလင်းတန်းများကို ခုခံလိုက်သည်၊၊

အစီအရင်ဝိညာဉ်၏ ဓားအရှိန်အဝါသည် ပိုမိုပြင်းထန်လာပြီး ဆောင်းဦးမိုးဖွဲလေးများမှာ မုန်တိုင်းအသွင်သို့ ပြောင်းလဲသွားခဲ့သည်၊၊ ထိုအခြေအနေတွင် ဝမ်ရှန်းသည် မာန်သွင်းလိုက်ပြီး နောက်သို့ အလျင်အမြန်ဆုတ်ခွာနေသော်လည်း သူ၏ အရှိန်မှာ ပိုမိုမြန်ဆန်လာကာ အစီအရင်ဝိညာဉ်၏ တိုက်ခိုက်မှုတိုင်းကို ပိတ်ဆို့နိုင်ခဲ့သည်၊၊ တစ်မိနစ်အတွင်းမှာပင် ၎င်းတို့နှစ်ဦးသည် ဓားချက်ပေါင်း ၁၀၀ကျော် ရိုက်ခတ်မိခဲ့ကြသည်၊၊

သို့သော် မကြာမီမှာပင် ဝမ်ရှန်းသည် သူ၏ နောက်ကွယ်ရှိ လေထုစီးဆင်းမှု၌ ထူးဆန်းသော လှုပ်ခတ်မှုကို ခံစားလိုက်ရသည်၊၊ သူသည် ကျောက်နံရံအထိ နောက်ဆုတ်ခဲ့ရပြီးဖြစ်ရာ နောက်ထပ်ဆုတ်ခွာစရာ နေရာမရှိတော့ပေ၊၊ သို့သော် သူသည် တည်ငြိမ်မှုရှိနေဆဲဖြစ်သည်၊၊ သူ့၏ ကျင့်ကြံခြင်းကို အဆုံးစွန်အထိမြှင့်တင်ကာ မဟာဝက်ဝံကြယ်စု၏ ခုနှစ်စင်ကြယ်ပုံစံအတိုင်း ဓားပုံရိပ်ယောင်များကို လှိုင်းလုံးများသဖွယ် ဆက်တိုက်ထုတ်ဖော်ရင်း အစီအရင်ဝိညာဉ်နှင့် ဆက်လက်ရင်ဆိုင်နေခဲ့သည်၊၊

ဆောင်းဦးခွဲခွာခြင်းသည် ဝမ်းနည်းဖွယ်ခံစားချက်နှင့် သေစေနိုင်လောက်သော အစွမ်းရှိသော်လည်း ခုနှစ်စင်ကြယ်ဓားဆန္ဒသည် မိစ္ဆာများကို နှိမ်နင်းပြီး ကြယ်တာရာများကိုပါ ဖိနှိမ်နိုင်၏၊၊

ဝမ်ရှန်းသည် သူ၏ ဗျူဟာကို ရုတ်တရက် ပြောင်းလဲလိုက်သည်၊၊ ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ကို ရုတ်တရက်ရပ်တန့်လိုက်ရာ အစိမ်းရောင်ဓားအလင်းတန်းများသည် အနီးကပ်သို့ ရောက်ရှိလာခဲ့သည်၊၊

သူ၏ ခြေလှမ်းတိုင်းတွင် ကြယ်တစ်ပွင့်စီ လင်းထိန်လာပြီး သူရွေ့လျားရာနောက်သို့ ကြယ်ပုံစံများလည်း လိုက်ပါပြောင်းလဲသွားခဲ့သည်၊၊

ဝမ်ရှန်းသည် တစ်ချက်တည်းဖြင့် ခုန်တက်လိုက်ပြီး ခုနှစ်စင်ကြယ်ခြေလှမ်းကို အသုံးပြုကာ ချောမွတ်နေသော ကျောက်နံရံပေါ်တွင် စောင်း၍ ပြေးလွှားလိုက်သည်၊၊ သူသည် ဘေးတိုက်ပြေးလွှားရင်း ဓားပုံရိပ်ယောင် ၁၀ခုကျော်၏ တိုက်ခိုက်မှုကို ပွတ်ကာသီကာရှောင်လွှဲနိုင်ခဲ့သည်၊၊

ကျောက်နံရံပေါ်တွင် အစိမ်းရောင်အလင်းတန်းတစ်ခုပေါ်လာပြီး တိုက်ခိုက်မှုများကို အပြည့်အဝတုံ့ပြန်ပယ်ဖျက်လိုက်ရာ အဘိုးအို၏ ဓားအရှိန်အဝါလည်း ပျက်ပြားသွားခဲ့သည်၊၊ အဘိုးအိုသည် ဝမ်ရှန်းနှင့် ထိပ်တိုက်ရင်ဆိုင်နေစဉ် အစီအရင်သည် ကျောက်နံရံပေါ်တွင် ထုဆစ်ထားသော သိုင်းကွက်များ ပျက်စီးခြင်းမရှိစေရန် လွင့်စင်လာသော စွမ်းအင်များကို ဆက်လက်ကာကွယ်ပေးနေသည်၊၊

ဝမ်ရှန်းသည် ခြေထောက်ကို ကွေးကာ နံရံကို အရှိန်ပြင်းစွာ ကန်ထုတ်ပြီး အစီအရင်ဝိညာဉ် ဖန်တီးထားသော အဘိုးအိုပုံရိပ်ထံသို့ တည့်တည့် တိုးဝင်သွားခဲ့သည်၊၊ သူသည် ဓားရှည်ကို အစွမ်းကုန်ဝှေ့ယမ်းကာ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်သုံးခုကို ထုတ်ဖော်လိုက်သည်၊၊

ခရမ်းရောင်ဓား၊၊

နဂါးငွေ့တန်းလှီးဖြတ်ခြင်း၊၊

ခုနှစ်စင်ကြယ်မိစ္ဆာနှိမ်နင်းခြင်း၊၊

ဓားအရှိန်အဝါ၏ ပံ့ပိုးမှုရှိနေလင့်ကစား အစီအရင်ဝိညာဉ်သည် ခံစစ်သို့ ပြောင်းလဲရန် အတင်းအကျပ်ဖိအားပေးခံလိုက်ရသည်၊၊

အခြေအနေများပြောင်းလဲသွားပြီးနောက် ဝမ်ရှန်းသည် ပုံမှန်ခုနှစ်စင်ကြယ်ဓားအစီအရင်ကို အသုံးပြုကာ ပြင်းထန်စွာ တိုက်စစ်ဆင်တော့သည်၊၊ အဘိုးအိုသည် ဆောင်းဦးခွဲခွာခြင်းကို အသုံးပြုကာ ဖိအားများအောက်တွင် နောက်သို့ တစ်လှမ်းချင်းဆုတ်ခွာရင်း ဆက်လက်ခုခံနေရသည်၊၊

ဝမ်ရှန်း၏ စိတ်ထဲတွင် ကျေနပ်မှု သို့မဟုတ် ပျော်ရွှင်မှု အရိပ်အယောင်မျှ မရှိပေ၊၊ အကယ်၍ တစ်စုံတစ်ဦးက သူ့စိတ်ကို ချောင်းကြည့်နိုင်ပါက ကြယ်တံခွန်များဖြတ်သန်းသွားသကဲ့သို့ ဓားသိုင်းများနှင့် ဓားပုံရိပ်ယောင်များသာပြည့်နှက်နေသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်၊၊

အရာအားလုံးကို ဘေးဖယ်ထားပြီး သူ၏ ဓားနှင့် ရန်သူသာလျှင် ကျန်ရှိတော့သည်၊၊

ခဏချင်းမှာပင် တစ်ခန်းလုံးတွင် ဓားအလင်းများနှင့် ဓားပုံရိပ်ယောင်များပြည့်နှက်သွားခဲ့သည်၊၊ ဓားစွမ်းအင်များ အဆက်မပြတ်လွင့်ပျံနေသဖြင့် ပတ်ပတ်လည်ရှိ မီးဖိုများမှ မီးတောက်များသည် ပြင်းထန်စွာ တုန်ခါနေကြသည်၊၊

ကံမကောင်းစွာဖြင့် ဝမ်ရှန်းသည် ဤပြင်းထန်သော တိုက်ပွဲကို တစ်ဦးတည်းသာရင်ဆိုင်နေရခြင်း ဖြစ်သည်၊၊ မည်သည့်ပရိသတ် သို့မဟုတ် သက်သေမျှ ရှိမနေပေ၊၊

Chapter 178

အနိုင်ယူခြင်း

ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ဓားဆန္ဒနှင့် လက်ထဲမှ သုံးပေရှည်သောဓားကို အားကိုးကာ အစီအရင်ဝိညာဉ်၏ ဆောင်းဦးခွဲခွာခြင်းဓားဆန္ဒနှင့် အကြိတ်အနယ်ယှဉ်ပြိုင်နေခဲ့သည်၊၊ ဓားဆန္ဒနှစ်ခုသည် ဆက်တိုက်ရိုက်ခတ်နေပြီး တိုက်ခိုက်သူနှစ်ဦးစလုံးသည် နောက်ဆုတ်လိုက်၊ ရှေ့တိုးလိုက်နှင့် တစ်ခါတစ်ရံတွင် ဘေးချင်းယှဉ်လျက် ဓားကွက်ချင်းထိပ်တိုက်ရင်ဆိုင်နေကြသည်၊၊

ကျောက်နံရံများကို ကာကွယ်ထားသော အလင်းသည်လည်း အနားမရပဲ အဆက်မပြတ်တဖျတ်ဖျတ်လင်းထိန်နေသည်၊၊

၎င်းသည် စစ်တလင်းပြင်ထက်တွင် တကယ့်ဓားနှစ်လက်ပေါ်ထွက်လာပြီး တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ပိတ်ဆို့ထားသကဲ့သို့ ဖြစ်သည်၊၊ ဤပြင်းထန်သောတိုက်ပွဲက မည်မျှကြာအောင် ဖြစ်ပွားခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ၊၊ ၎င်းတို့နှစ်ဦးသည် လျင်မြန်သော တိုက်ကွက်များကို အားကိုးကာ ဓားချက်ပေါင်း ၁၀၀၀ကျော် ဖလှယ်ခဲ့ပြီး ဖြစ်သည်၊၊

ဝမ်ရှန်းသည် သွားဖုံးကြားတွင် ဝှက်ထားသော ဆေးလုံးနှစ်လုံးကို ကိုက်ခွဲလိုက်သည်၊၊ ထို့နောက် သူသည် ဓားသိုင်းပုံစံကို ထပ်မံပြောင်းလဲလိုက်သည်၊၊ ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် သူသည် အသာစီးရနေမှုကို လက်လွှတ်ကာ ခုနှစ်စင်ကြယ်ခြေလှမ်းကို အသုံးပြုပြီး ဘေးဘက်သို့ ၁၀မီတာကျော်ခန့် ဆုတ်ခွာလိုက်သည်၊၊

ဤကဲ့သို့ အစွမ်းကုန် တိုက်ခိုက်ရခြင်းက စိတ်လှုပ်ရှားစရာကောင်းသော်လည်း သူ၏ အစစ်မှန်ချီများစွာကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်၊၊ ဤနေရာတွင်မူ အစီအရင်ဝိညာဉ်၏ စွမ်းအင်သည် ကုန်ခမ်းခြင်းမရှိဘဲ အားနည်းသွားမည့် အရိပ်အယောင်လည်းမပြပေ၊၊ ထိုအချက်ကို ထည့်သွင်းစဉ်းစားကာ သူသည် အစီအရင်ဝိညာဉ်နှင့် အပြန်အလှန်တိုက်ခိုက်နေရုံဖြင့် အားမရနိုင်တော့ဘဲ နောက်ဆုံးတိုက်ကွက်အတွက် အားလုံးကို ပုံအောရတော့မည် ဖြစ်သည်၊၊

အစီအရင်ဝိညာဉ်ကို ရင်ဆိုင်ရာတွင် ဝမ်ရှန်းသည် ဓားသိုင်းမှလွဲ၍ အခြားမည်သည့်နည်းလမ်းကိုမျှ အသုံးမပြုနိုင်ပေ၊၊ သူ၏ ပြိုင်ဘက်သည် ဤနေရာ၏ အရှင်သခင်ဖြစ်သည်၊၊ သူသည် သိက္ခာရှိရှိနှင့် ဓားသိုင်းဖြင့်သာ အနိုင်ယူရမည် ဖြစ်သည်၊၊

ရလဒ်သည် ဤနောက်ဆုံးတိုက်ကွက်ပေါ်တွင်သာ မူတည်တော့သည်၊၊

“မဆိုးဘူး”

အစီအရင်ဝိညာဉ်က မှတ်ချက်ပေးလိုက်သည်၊၊ သူသည် ဆောင်းဦးလေညင်းကဲ့သို့ အေးစက်လှသော သူ၏ အရှိန်အဝါများကို ဖြန့်ကျက်ရင်း ဓားအရှိန်အဝါကို ထပ်မံစုစည်းလိုက်သည်၊၊

“ဓား ၇၂လက် စမ်းသပ်ချက်ထဲကို ဝင်ရောက်ဖူးသူတွေထဲမှာ မင်းရဲ့ နားလည်နိုင်စွမ်းနဲ့ အရည်အချင်းက ထိပ်ဆုံး ၁၀ယောက်ထဲမှာ ပါတယ်၊၊ အကယ်၍ မင်းသာ ရှုတောင်ရဲ့ တပည့်တစ်ဦးဖြစ်ရင် ငါမင်းကိုလွှတ်ပေးခဲ့တာ ကြာပြီ၊၊ ကံမကောင်းစွာပဲ မင်းက ရှုဂိုဏ်းက မဟုတ်ဘူးဖြစ်နေတယ်”

“ကျွန်တော့်မှာ နောက်ထပ် တိုက်ကွက်တစ်ခု ရှိသေးတယ်”

ဝမ်ရှန်းက ဖြည်းညှင်းစွာ အသက်ရှူလိုက်ရင်း “စီနီယာ့ရှေ့မှာ ထုတ်ဖော်ပြသခွင့် ပြုပါဦး”

“ဒါဆိုလည်း လာခဲ့လေ၊၊ မင်းရဲ့ အကန့်အသတ်က ဘယ်ထိရှိလဲဆိုတာ ငါ့ကို ပြစမ်း”

အစီအရင်ဝိညာဉ်သည် ဝမ်ရှန်းထံသို့ ပြေးဝင်လာခဲ့သည်၊၊ ဆောင်းဦးမိုးသည် မိုးကြိုးမုန်တိုင်းများနှင့်အတူ ထပ်မံရွာသွန်းလာခဲ့ပြန်သည်၊၊

ဝမ်ရှန်းသည် ထိုနေရာတွင်ပင် ရပ်တန့်ကာ အစစ်မှန်ချီများကို အဆုံးစွန်အထိ မြှင့်တင်လိုက်သည်၊၊ ထို့နောက် သူသည် ဓားကို ဝှေ့ယမ်းကာ ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်၊ နည်းစနစ်များကို တစ်ခုပြီးတစ်ခုအလွန်လျင်မြန်စွာ ထုတ်ဖော်လိုက်သဖြင့် သူ၏ ပတ်လည်တွင် ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့သည်၊၊

သို့သော် သူ၏ ဓားသိုင်းကို အပြည့်အဝမထုတ်ဖော်နိုင်မီမှာပင် အစီအရင်ဝိညာဉ်သည် သူ့ထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်၊၊ သူ၏ ဓားရှည်သည် ဝမ်ရှန်း၏ အရေးကြီးသောအစိတ်အပိုင်းများထံသို့ အလင်းတန်းများစွာ ပစ်လွှတ်လိုက်သည်၊၊

ဝမ်ရှန်းသည် သူ၏ ဓားသိုင်းတွင် လုံးဝစိတ်နှစ်ထားသဖြင့် သတိမပြုမိသကဲ့သို့ ရှိနေသည်၊၊ သူ၏ မျက်နှာတွင် ပဲစေ့ခန့်ရှိသော ချွေးစက်များဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်၊၊

အစီအရင်ဝိညာဉ် လုံးဝနီးကပ်မလာမီမှာပင် ဝမ်ရှန်း၏ ပတ်လည်၌ တောက်ပသောကြယ်အလင်းတန်းများပေါက်ကွဲထွက်လာခဲ့သည်၊၊ ဓားပုံရိပ်ယောင်များသည် သက်ရှိများကဲ့သို့ ဖြစ်လာပြီး အစီအရင်ဝိညာဉ်ထံသို့ မြှားများသဖွယ်ပစ်လွှတ်လိုက်သည်၊၊

ထိုအချိန်၌ အစီအရင်ဝိညာဉ်သည် သူ၏ ဗျူဟာကို ချက်ချင်းပြောင်းလဲလိုက်သည်၊၊ သူ၏ ဆောင်းဦးခွဲခွာခြင်း ဓားဆန္ဒကို အပြည့်အဝထုတ်ဖော်လိုက်ရာ ၎င်းတို့၏ လက်နက်ချင်း ပြင်းထန်စွာ ရိုက်ခတ်မိကြကာ အစီအရင်ဝိညာဉ်သည် ၁၀မီတာကျော်ခန့် နောက်သို့ ဆုတ်ခွာသွားခဲ့ရသည်၊၊

ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် ဓားအစီအရင်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်၊၊

ရာပေါင်းများစွာသော ဓားပုံရိပ်ယောင်များသည် ကောင်းကင်ယံမှ ကြယ်ကြွေကျလာသကဲ့သို့ အစီအရင်ဝိညာဉ်ထံသို့ ပစ်ဝင်သွားခဲ့သည်၊၊ အစီအရင်ဝိညာဉ်သည် အလျင်အမြန်ဆုတ်ခွာသော်လည်း မလွတ်မြောက်နိုင်တော့ပေ၊၊

ကြယ်အလင်းတန်းများသည် ပင်လယ်ပြင်ကဲ့သို့ လှိုင်းထလာပြီးနောက် ရုတ်တရက် ဓားတစ်လက်တည်းအဖြစ် စုစည်းသွားခဲ့သည်၊၊ ကောင်းကင်ယံမှ မရေတွက်နိုင်သော ကြယ်ကြွေမှုများသည် ပုံရိပ်ယောင်များသာဖြစ်သည်၊၊

အစီအရင်ဝိညာဉ်၏ ဝေဝါးနေသော မျက်နှာသည် ခဏမျှ ပီပြင်လာပြီး လုံးဝအံ့ဩတုန်လှုပ်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်၊၊

ဇီဝေဓား၊၊

ဝမ်ရှန်းသည် ရှုဓားဂိုဏ်း၏ ဓားထိန်းချုပ်ခြင်းပညာကို ရရှိရန်အတွက် မည်သူ့ကိုမျှ တားဆီးခွင့်ပြုမည် မဟုတ်ပေ၊၊

ဓား ၇၂လက် အစီအရင်၏ ၆လွှာမြောက်တွင် အရေးအကြီးဆုံးနေရာသို့ ဦးတည်ထားသည့် ကျောက်တံခါးကြီးရှေ့၌ ဖြစ်သည်၊၊

ဝမ်ရှန်းက ခြေလှမ်းကျဲကာ မတ်တတ်ရပ်နေသည်၊၊ သူ၏ ညာလက်က ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး လက်ညှိုးဖြင့် ဓားတစ်လျှောက်ဖိထားကာ ဓားရှည်နှင့် လက်မောင်းကို တစ်ဖြောင့်တည်း ချိန်ရွယ်ထားသည်၊၊

အစိမ်းရောင်အလင်းတန်းတစ်ခုက သူ၏ ဓားသွားကို လွှမ်းမိုးထားသော်လည်း ၎င်းသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး နွေညတစ်ခု၏ ပိုးစုန်းကြူးများကဲ့သို့ ကျောက်တံခါးအတွင်းသို့ ဖြည်းညှင်းစွာ ပြန်လည်လွင့်မျောဝင်ရောက်သွားခဲ့သည်၊၊

ဝမ်ရှန်း၏ မျက်ဝန်းထောင့်မှ မျက်ရည်နှစ်စက်ဖြည်းဖြည်းချင်းစီးကျလာ၏၊၊ သူသည် ဓားကို ဓားအိမ်ထဲသို့ ဖြည်းညှင်းစွာ ပြန်ထည့်လိုက်ပြီးနောက် အချိန်အတော်ကြာအောင် မလှုပ်မယှက်ရပ်နေခဲ့သည်၊၊ သူ အဘယ်ကြောင့် မျက်ရည်ကျသည်ကို ကိုယ်တိုင်ပင်မသိသော်လည်း မျက်ရည်များကို တားဆီး၍မရခဲ့ပေ၊၊ ၎င်းမှာ ဆောင်းဦးခွဲခွာခြင်းသိုင်းကွက်၏ သက်ရောက်မှုကြောင့် ဖြစ်နိုင်သည်၊၊

ယခုအခါ ဝမ်းနည်းပူဆွေးမှု၏ ခါးသီးခြင်းအရသာကို မြည်းစမ်းဖူးသွားပြီဖြစ်ပြီး ဆောင်းဦး၏ အေးစိမ့်မှုသည်လည်း အတော်ပင် ကောင်းမွန်သည်ဟုဆိုရမည် ဖြစ်သည်၊၊ ကံကောင်းသည်မှာ ဝမ်ရှန်း၏ အတွေးများသည် ရှင်းလင်းနေပြီး စိတ်ထဲတွင် အပူအပင်ကင်းမဲ့နေ၍သာဖြစ်သည်၊၊ သို့မဟုတ်ပါက သူသည် ထိုနေရာ၌ပင် ထိုင်ချကာ ရှိုက်ကြီးတငင်ငိုကြွေးမိပေလိမ့်မည်၊၊

ပြိုင်ဘက်၏ ခံစားချက်ကို သက်ရောက်စေရန် ဓားဆန္ဒကို အသုံးပြုခြင်းသည် ဓားလမ်းစဉ်၏ တတိယမြောက်နယ်ပယ်ဖြစ်သော ဓားအရှိန်အဝါနယ်ပယ်၏ သာမန်အသုံးချမှုတစ်ခုသာဖြစ်သည်၊၊

အတိအကျပြောရလျှင် အစီအရင်ဝိညာဉ်သည် ဝမ်ရှန်းအား ဓားဆန္ဒနှင့် ဓားသိုင်းနည်းစနစ်များဖြင့်သာ ယှဉ်ပြိုင်ရမည် ဖြစ်သည်၊၊ သာလွန်သောနယ်ပယ်အဆင့်မှတစ်ဆင့် ဖိအားပေးရန် ဓားအရှိန်အဝါကို အသုံးပြုခြင်းသည် စည်းကျော်ခြင်းပင်ဖြစ်သည်၊၊ အစီအရင်ဝိညာဉ် အနိုင်ရရှိခဲ့လျှင်ပင် ၎င်းသည် ဂုဏ်သိက္ခာမရှိသော အနိုင်ရမှုမျိုးသာဖြစ်ပေလိမ့်မည်၊၊ ပို၍ဆိုးသည်မှာ ထိုကဲ့သို့သောစွမ်းအားကို ထုတ်ဖော်ခဲ့သည့်တိုင် သူသည် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်၊၊

ကျောက်တံခါးသည် အစိမ်းရောင်အလင်းတန်းများ ထပ်မံတောက်ပလာပြီး အလင်းထဲတွင် အဘိုးအိုပြန်လည်ပေါ်ထွက်လာခဲ့သည်၊၊ ယခုအကြိမ်တွင်မူ သူ၏ စစ်မှန်သောရုပ်သွင်ကို ထုတ်ဖော်ပြသလာခဲ့ပြီ ဖြစ်သည်၊၊

ပါးလျသောမျက်နှာရှိသည့် ထိုအဘိုးအိုတွင် စူးရှထက်မြက်သော မျက်ဝန်းများ၊ ရှည်လျားသော မျက်ခုံးမွှေးများ၊ ဖြောင့်စင်းသော နှာတံတို့ ရှိပြီး မုတ်ဆိတ်မွှေးမရှိပေ၊၊ သူ၏ မျက်နှာပေါ်တွင် အရေးအကြောင်းတစ်ခုမျှပင် မရှိချေ၊၊ အကယ်၍ သူ၏ မျက်ခုံးမွှေးများနှင့် ဆံပင်ဖြူများကို အမည်းရောင်ဆိုးလိုက်မည်ဆိုပါက ခန့်ညားချောမောသူတစ်ဦးဟုပင် သတ်မှတ်နိုင်သည်၊၊

ဝမ်ရှန်းသည် မျက်ရည်များကို သုတ်လိုက်ပြီး လည်ချောင်းတစ်ချက်ရှင်းကာ ဆောင်းဦးခွဲခွာခြင်းက ချန်ထားရစ်ခဲ့သော ဝမ်းနည်းဖွယ်အရှိန်အဝါများမှ တဖြည်းဖြည်းရုန်းထွက်လိုက်သည်၊၊

“စီနီယာ၊၊ ဒါကို ကျွန်တော်အနိုင်ရတယ်လို့ သတ်မှတ်လို့ရမလား”

အစီအရင်ဝိညာဉ်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်၊၊ ထို့နောက် ကျောက်တံခါးကြီးသည် မသိမသာဟသွားခဲ့သည်၊၊

ဝမ်ရှန်းက ကျေးဇူးတင်ကြောင်း လက်သီးဆုပ်နှုတ်ဆက်လိုက်သည်၊၊ သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းမည်အပြုတွင် အစီအရင်ဝိညာဉ်က ရုတ်တရက် ပြောလိုက်သည်၊၊

“ဓား ၇၂ လက်အစီအရင်က သတ်မှတ်ထားတဲ့ စမ်းသပ်ပွဲတစ်ခုချင်းစီရဲ့ ခက်ခဲမှုကန့်သတ်ချက်တွေကြောင့် ငါ မင်းကို ထပ်ပြီး တားဆီးလို့ရမှာ မဟုတ်တော့ဘူး”

“မင်းက ဓားလမ်းစဉ်မှာ ရှားမှရှားတဲ့ ပါရမီရှင်တစ်ယောက်ပဲ၊၊ ငါ ဒီနေရာကို နှစ်ပေါင်းထောင်ချီ စောင့်ကြပ်လာခဲ့တာ မင်းလိုလူမျိုး လက်ချိုးရေလို့ရတဲ့ အရေအတွက်လောက်ပဲ တွေ့ဖူးသေးတယ်၊၊ သူတို့အားလုံးက အပြင်လောကမှာ နာမည်ကျော်ကြားခဲ့ကြတာချည်းပဲ၊၊ အကယ်၍ မင်းသာ ရှုဓားဂိုဏ်းထဲကို ဝင်မယ်ဆိုရင် နောက်ထပ် ခြေတစ်လှမ်း ပိုတက်လှမ်းနိုင်အောင် ငါ ကူညီပေးနိုင်တယ်၊၊ မင်း ကျိန်းသေပေါက် အသစ်တစ်ဖန်မွေးဖွားပြီး ပြောင်းလဲသွားလိမ့်မယ်”

ဝမ်ရှန်း အံ့အားသင့်သွားခဲ့သည်၊၊ အစီအရင်ဝိညာဉ်က သူ့ကို ရှုတောင်တန်းထဲဝင်ဖို့ စည်းရုံးနေတာလား၊၊ သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကျောက်တံခါးရှေ့တွင် တင်ပျဉ်ခွေထိုင်ချလိုက်ကာ အစီအရင်ဝိညာဉ်ကို ကြည့်လိုက်သည်၊၊

“စီနီယာ၊၊ ကျွန်တော် စီနီယာနဲ့ ခဏလောက် စကားပြောလို့ရမလား၊၊ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ကျင့်ကြံခြင်းလောကအကြောင်းကို ကျွန်တော် အရမ်းစိတ်ဝင်စားလို့ပါ၊၊ ဒါပေမဲ့ ကြိုပြောပါရစေ စီနီယာ၊၊ ကျွန်တော့်ရဲ့ ဂိုဏ်းက ကျွန်တော့်အပေါ် ကျေးဇူးတရားကြီးမားလှပါတယ်၊၊ ကျွန်တော် ဘယ်တော့မှ ဆရာ့ကို သစ္စာဖောက်ပြီး အခြားဂိုဏ်းထဲ ဝင်မှာမဟုတ်ပါဘူး”

အစီအရင်ဝိညာဉ်၏ အသံသည် ပျော့ပြောင်းသွားခဲ့သည်၊၊

“အိုး…. ဒါဆို မင်းက ဘာအကြောင်းပြောချင်လို့လဲ၊၊ ငါ နားထောင်ပေးပါ့မယ်၊၊ အခုအချိန်မှာ ရှုတောင်တန်းက ဆုတ်ယုတ်နေပြီဆိုတော့ ငါတတ်နိုင်တဲ့ဘက်ကနေ အနည်းငယ်ဖြစ်ဖြစ် ကူညီပေးချင်ရုံပါပဲ”

ဝမ်ရှန်းက မေးလိုက်သည်၊၊

All Chapters