← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း (၁) ငါကိုယ်တော်ရဲ့ စားပွဲပေါ်မှာ အဘယ်မိစ္ဆာက ခြောက်လှန့်နေသနည်း

မဟာချင်ပြည်နယ်၊ ပထမချင်ဧကရာဇ် နန်းစံသက် သုံးဆယ့်ခုနစ်နှစ်၊ ဆောင်းဦးရာသီ။

ယာယီနန်းတော်၏ အပြင်ဘက်တွင် ညသည် မင်ရည်ကဲ့သို့ မှောင်မိုက်နေပြီး ကောင်းကင်ယံ၌ ကျီးကန်းအနည်းငယ်သာ ဟိုတစ်ကောင်ဒီတစ်ကောင် ဝဲပျံနေလေသည်။

ဘေးဘက်နန်းဆောင်အတွင်း ဖယောင်းတိုင်မီးရောင်က မှိန်ပျပျ လင်းလက်နေ၏။ ချင်ရှီဟွမ်သည် အနက်ရောင်ဖျာပေါ်တွင် ဒူးထောက်ထိုင်နေပြီး သူ၏ ကျောပြင်မှာ သံဖြင့် သွန်းလုပ်ထားသည့် ရုပ်တုကဲ့သို့ မတ်မတ်တည့်တည့် ရှိနေလေသည်။ ဤသို့ အထီးကျန်နေချိန်၌ပင် သူသည် ဧကရာဇ်တစ်ပါး၏ ကြီးကျယ်ခမ်းနားသော ဂုဏ်သိက္ခာကို ထိန်းသိမ်းထားဆဲဖြစ်၏။

စားပွဲပေါ်တွင် မြင့်မားစွာ စုပုံနေသော ဝါးစာလိပ်များဆီမှ ဟောင်းနွမ်းနေသော သစ်သားအနံ့များ ထွက်ပေါ်နေလေသည်။ စာလိပ်တစ်ခုစီတိုင်းသည် ပေါင်ပေါင်းများစွာ အလေးချိန်ရှိပြီး ဤကျယ်ပြန့်လှသော အင်ပါယာ၏ တာဝန်များက သူ၏ ပခုံးပေါ်သို့ ဖိစီးနေသကဲ့သို့ ဖြစ်နေ၏။

သူ၏ နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ရောဂါမှာ သူ၏ ဦးခေါင်းအတွင်းပိုင်း၌ လွှတစ်လက်ဖြင့် တိုက်စားနေသကဲ့သို့ တဖန်ပြန်လည် နာကျင်လာပြန်လေသည်။ ထိုအရာများအပြင် မကြာသေးမီက ရွှီဖူဆက်သလိုက်သည့် ထိုက်ချင်းရွှေရည်မသေဆေးကို သောက်သုံးထားသေး၏။ သူ၏ ခန္ဓာကိုယ်သည် ပေါ့ပါးသွက်လက်သွားခြင်း မရှိသည့်အပြင် ရင်ဘတ်ထဲတွင် မွန်းကျပ်သော အပူရှိန်များ စုပြုံလာကာ သူ့ကို ဂနာမငြိမ်ဖြစ်စေပြီး

ဒေါသထွက်လွယ်စေလေသည်။

"ကျောက်ကောင်း..."

ချင်ရှီဟွမ်၏ အသံသည် တိုးလျပြီး အက်ကွဲနေကာ မသိမသာ ပင်ပန်းနွမ်းနယ်မှုများ ပါဝင်နေလေသည်။

"ကျွန်တော်မျိုး ရောက်ရှ်ိကြောင်းပါ..."

သံရထားထိန်းမှူး ကျောက်ကောင်းသည် တိတ်ဆိတ်နေသော ကြောင်နက်ကြီးတစ်ကောင်ကဲ့သို့ စားပွဲဘေးသို့ ချက်ချင်း ရောက်လာခဲ့ပြီး နက်ရှိုင်းစွာ အရိုအသေပေးကာ နွေးထွေးသော အရက်ခွက်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ထားလေသည်။

"ထွက်သွားတော့... ငါကိုယ်တော်ရဲ့ အမိန့်တော်မပါဘဲ ဘယ်သူမှ ဝင်မလာစေနဲ့... အမိန့်ဖီဆန်တဲ့သူကို သေဒဏ်ပေးမယ်..."

"အမိန့်တော်အတိုင်းပါ..."

နန်းဆောင်တံခါးများ ပိတ်သွားသည့် လေးလံသော အသံနှင့်အတူ ယာယီနန်းတော်၏ ကျယ်ဝန်းသော ဘေးဘက်နန်းဆောင်အတွင်း ချင်ရှီဟွမ် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။ သူသည် နားထင်ကို ပွတ်သပ်လိုက်ပြီး နန်ခရိုင်အတွင်းရှိ ဆန်စပါးနှင့်စားနပ်ရိက္ခာများအကြောင်း ရေးသားထားသော စာလိပ်ကို စစ်ဆေးရန် ပြင်လိုက်စဉ် ရုတ်တရက် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေသည်။

မည်သည့် သတိပေးချက်မျှ မရှိသလို လေတိုက်ခတ်သံ သို့မဟုတ် လုပ်ကြံသူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များလည်း မရှိပေ။

သူ့မျက်စိရှေ့ သုံးပေခန့်အကွာ လေထုထဲတွင် စတုဂံပုံစံ အလင်းမျက်နှာပြင်တစ်ခုသည် လေထဲမှနေ၍ ပေါ်ထွက်လာလေသည်။ ထိုအရာသည် အပြာရောင်နှင့် အဖြူရောင် ရောစပ်နေသော ကြောက်မက်ဖွယ် အလင်းရောင်ကို ထုတ်လွှတ်နေပြီး အနောက်ဘက်တွင် မည်သည့် ကြိုးမျှမရှိသလို ဘေးပတ်လည်တွင်လည်း မည်သည့် ထောက်တိုင်မျှမရှိဘဲ အထောက်အပံ့မဲ့စွာ ပေါလောပေါ်နေ၏။

ချင်ရှီဟွမ်၏ မျက်လုံးများမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားလေသည်။

ပြည်နယ်ခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သော ဧကရာဇ်တစ်ပါးအနေဖြင့် သူ၏ တုံ့ပြန်မှုသည် အလွန်အမင်း မြန်ဆန်လှပေသည်။ အလင်းမျက်နှာပြင် ပေါ်လာသည့် အချိန်နှင့် တစ်ပြိုင်နက်လိုလိုပင် သူ၏ ခါးရှိ ထိုက်အာဓားသည် အိမ်ထဲမှ ကျွတ်ထွက်လာခဲ့လေသည်။ အေးစက်သော အလင်းတန်းတစ်ခုနှင့်အတူ ထူးဆန်းလှသော ထိုလုပ်ကြံသူဆီသို့ မိုးကြိုးပစ်ချသည့်အလား လေကိုခွဲကာ ခုတ်ပိုင်းလိုက်၏။

"ရွှတ်..."

ထက်မြက်လှသော ဓားသွားသည် ရေပြင်ပေါ်ရှိ အရိပ်တစ်ခုကို ခုတ်ပိုင်းလိုက်သကဲ့သို့ အလင်းမျက်နှာပြင်ကို မည်သည့် အတားအဆီးမျှမရှိဘဲ ဖောက်ထွက်သွားလေသည်။ မျက်နှာပြင်သည် ကွဲအက်သွားခြင်းမရှိဘဲ ထူးဆန်းသော ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားပြီးနောက် မူလအတိုင်း ပြန်လည်ငြိမ်သက်သွား၏။

ပစ်မှတ်ကို မထိမှန်ခဲ့သော်လည်း ချင်ရှီဟွမ်မှာ ထိတ်လန့်သွားခြင်းမရှိပေ။ သူသည် နောက်သို့ ခြေသုံးလှမ်းခန့် လျင်မြန်စွာ ဆုတ်လိုက်ပြီး ကျောကို နဂါးတိုင်နှင့် ကပ်ထားကာ ဓားသွားကို ချိန်ရွယ်ထားရင်း တင်းမာစွာ အော်ဟစ်လိုက်လေသည်။

"မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ... ငါကိုယ်တော်ရဲ့ရှေ့မှာ တစ္ဆေသရဲလို လာလှည့်စားရဲတယ်ပေါ့... ထွက်ခဲ့စမ်း..."

ဖယောင်းတိုင်မီး လောင်ကျွမ်းနေသည့် အသံမှလွဲ၍ နန်းဆောင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေလေသည်။

အလင်းမျက်နှာပြင်သည် သူ့ကို တိုက်ခိုက်ခြင်းမရှိပေ။ ယင်းအစား ၎င်း၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော စာလုံးတုံးတုံးများ စတင်ပေါ်လာလေသည်။ ထိုစာလုံးများသည် ရှောင်ကျွမ်း သို့မဟုတ် ပြည်နယ်ခြောက်ခု၏ စာလုံးအရေးအသားစနစ်များ မဟုတ်ဘဲ မျဉ်းကြောင်းများနှင့် အစိတ်အပိုင်းများ ပျောက်ဆုံးနေသော ရိုးရှင်းသည့် စာလုံးများဖြစ်နေ၏။ သို့ရာတွင် ထူးဆန်းသည်မှာ ချင်ရှီဟွမ်သည် ထိုစာလုံးများကို တစ်ချက်ကြည့်ရုံဖြင့် ယေဘုယျအဓိပ္ပာယ်ကို နားလည်နိုင်ခြင်းပင် ဖြစ်လေသည်။

[စနစ်စတင်လည်ပတ်ခြင်း ပြီးဆုံးပါပြီ...]

[ကွန်ရက်ချိတ်ဆက်ခြင်း... ချို့ယွင်းနေပါတယ်။ ဒေသတွင်းအော့ဖ်လိုင်း နတ်ဘုရားအဆင့် ဒေတာဘေ့စ်သို့ ပြောင်းလဲထားပါတယ်]

[မင်္ဂလာပါ... ကျွန်ုပ်က ဘာသာစကားများစွာရဲ့အခြေပြုမော်ဒယ်ဖြစ်တဲ့ ChatGPT ပါ... ဝန်ဆောင်မှုပေးရတဲ့အတွက် ဝမ်းမြောက်မိပါတယ်... သင် ဆွေးနွေးလိုတဲ့ အကြောင်းအရာများ ရှိပါသလား...]

ချင်ရှီဟွမ်သည် ထိုစာသားများကို စိုက်ကြည့်နေပြီး ဓားကို ဆုပ်ကိုင်ထားသော လက်ကျောဖက်ရှိ သွေးကြောများမှာ ထောင်ထနေလေသည်။

"ချက်... ဂျီ… ပီ… တီ..."

ချင်ရှီဟွမ်သည် ထိုထူးဆန်းသော အသံထွက်များကို ရွတ်ဆိုရန် ကြိုးစားလိုက်လေသည်။

"မင်းက ရှန်းနုံတွေရဲ့ မိစ္ဆာနတ်ဘုရားလား... ဒါမှမဟုတ် ကျန်ရစ်တဲ့ ပြည်နယ်ခြောက်ခုက မှော်အတတ်တွေလား..."

သူသည် ဓားကို ထပ်မံလွှဲယမ်းလိုက်ပြီး ဤတစ်ကြိမ်တွင် ဓားသွားကို အသုံးပြု၍ အလင်းမျက်နှာပြင်ကို စမ်းသပ်ကြည့်လေသည်။ ထပ်မံ၍ ဓားသည် ဖောက်ထွက်သွားပြန်၏။

"ပုန်းနေစရာ မလိုဘူး..."

ချင်ရှီဟွမ်က အေးစက်စွာ လှောင်ပြောင်လိုက်လေသည်။

"ငါကိုယ်တော်က ကောင်းကင်ဘုံရဲ့အမိန့်တော်အရ အုပ်ချုပ်တဲ့ နဂါးဧကရာဇ်ပဲ... မိစ္ဆာကောင်ဖြစ်တဲ့ မင်းက ငါကိုယ်တော်ကို နည်းနည်းလေးတောင် အန္တရာယ်မပေးနိုင်မှတော့ ငါကိုယ်တော်ရဲ့ စိတ်ကို လာနှောင့်ယှက်နိုင်မယ်လို့ မတွေးနဲ့..."

ချင်ရှီဟွမ်၏ အသံကို ကြားလိုက်ရသကဲ့သို့ အလင်းမျက်နှာပြင်ပေါ်ရှိ စာသားများသည် ရုတ်တရက် လင်းလက်သွားလေသည်။ မူလစာသားများ ပျောက်ကွယ်သွားပြီးနောက် စာသားအသစ်တစ်ကြောင်းသည် အလွန်လျင်မြန်စွာ ပေါ်ထွက်လာ၏။

[အသံထည့်သွင်းမှုကို တွေ့ရှိရပါတယ်... သင့်ရဲ့ လေယူလေသိမ်းက ရှေးဟောင်းတရုတ် အစဉ်အလာစကားသံ (ယာ့ယန်) ရဲ့ ဝိသေသလက္ခဏာတွေ အပြင်းအထန် ပါဝင်နေပေမယ့် သင့်အတွက် အလိုအလျောက် ချိန်ညှိပြီး ဘာသာပြန်ပေးထားပါတယ်...]

[ပြင်ဆင်ချက်တစ်ခုကတော့... ကျွန်ုပ်သည် မိစ္ဆာနတ်ဘုရား မဟုတ်သလို မှော်အတတ်လည်း မဟုတ်ပါဘူး... ကျွန်ုပ်က ဉာဏ်ရည်တု လက်ထောက်တစ်ခုပါ... သင်က ကျွန်ုပ်ကို... ဗဟုသုတကြွယ်ဝပြီး ရုပ်လုံးမပေါ်တဲ့ စစ်ရေးပညာရှင်တစ်ယောက်လို့ မှတ်ယူနိုင်ပါတယ်...]

[ဒါ့အပြင် သတိပေးချက်တစ်ခုကတော့... အသုံးပြုသူရဲ့ စိတ်ခံစားချက် အခြေအနေက အလွန်အမင်း မတည်မငြိမ်ဖြစ်နေပြီး နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၁၆၀ အထက်မှာ ရှိနေကြောင်း တွေ့ရပါတယ်... သင့်ရဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ကျန်းမာရေးအတွက် သင့်လက်ထဲမှာရှိတဲ့ လက်နက်ကို အောက်ချထားဖို့ အကြံပြုအပ်ပါတယ်...]

"စစ်ရေးပညာရှင်..."

ချင်ရှီဟွမ်သည် ထိုစကားလုံးကို ဖမ်းဆုပ်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။

"မင်းက ငါကိုယ်တော်ကို ဓားချထားဖို့ ပြောနေတာလား... မင်းက အဲဒီလောက် အရည်အချင်းရှိလို့လား..."

သူသည် ဓားကို အိမ်ထဲသို့ ပြန်မထည့်ခဲ့ပေ။ ယင်းအစား ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ၏ ဧကရာဇ်အာဏာစက်ကို ထုတ်ဖော်လိုက်လေသည်။

"ကောင်းကင်အောက်က ပါရမီရှင်တွေထဲမှာ လီစစ်နဲ့ ဝမ်ကျန့်လို လူနည်းစုလောက်ပဲ ငါကိုယ်တော်ရဲ့ မျက်စိကျတာကို ခံရတာ... ရုပ်ခန္ဓာတောင်မရှိတဲ့ တစ္ဆေတစ်ကောင်က မင်းကိုယ်မင်း စစ်ရေးပညာရှင်လို့ ခေါ်ရဲတယ်ပေါ့... ငါကိုယ်တော်က ဘယ်သူလဲဆိုတာ မင်း သိလို့လား..."

မျက်နှာပြင်ပေါ်ရှိ ညွှန်တံသည် စဉ်းစားနေသကဲ့သို့ တစ်ချက် လင်းလက်သွားလေသည်။ ခဏအကြာတွင် စာသားတစ်ကြောင်း ပေါ်လာ၏။

[သင်က အနက်ရောင်နဲ့ အနီရောင် ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားရှည်ကို ကိုင်ဆောင်ထားကာ လက်ရှိမှာ ချင်မင်းဆက် ယာယီနန်းတော် ပုံစံမျိုးရှိတဲ့ အဆောက်အအုံထဲမှာ ရှိနေပါတယ်... အသံခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်ခြင်းနဲ့ သမိုင်းဝင် ပထဝီဝင်တည်နေရာ တွက်ချက်မှုတွေအရ သင်ဟာ ယင်ကျိန်း... တနည်းအားဖြင့် ချင်ရှီဟွမ် ဖြစ်နိုင်ခြေ ၉၉.၉ ရာခိုင်နှုန်း ရှိပါတယ်...]

[ဒါ့အပြင် လီစစ်က တကယ့်ကို အရည်အချင်းရှိပေမယ့် နောက်ပိုင်းမှာ သင့်ကို စာအုပ်တွေမီးရှို့ဖို့နဲ့ ပညာရှင်တွေကို ရှင်လျက်မြေမြှုပ်ဖို့ (ယင်းကိစ္စက သံသယဖြစ်စရာ ရှိပေမယ့်) အကြံပြုလာနိုင်သလို သင်ကွယ်လွန်ပြီးနောက်မှာ သင့်ရဲ့ ကွယ်လွန်ပြီးနောက်ထုတ်ပြန်သော အမိန့်တော်ကိုတောင် ပြင်ဆင်ပြောင်းလဲပစ်နိုင်ပါတယ်... သူနဲ့ယှဉ်ရင် ကျွန်ုပ်က ပိုပြီး ဘက်မလိုက်သလို သင့်ကိုလည်း ကျောချမ်းအောင် လုပ်မှာ မဟုတ်ပါဘူး...]

"ချွင်..."

ချင်ရှီဟွမ်၏ ထိုက်အာဓားသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး မီးပွားများ လွင့်စင်သွားလေသည်။

အကယ်၍ ယခင်စကားက တစ်ဖက်လူ၏ ထိုးထွင်းသိမြင်မှုကြောင့် သူ့ကို အံ့သြစေခဲ့လျှင် ဤနောက်ဆုံးစကားမှာ သူ၏ ဦးခေါင်းထိပ်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေလေသည်။

"မင်းက လီစစ်... ဘာလုပ်မယ်လို့ ပြောလိုက်တယ်..."

မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်းကဲ့သို့ ချင်ရှီဟွမ်၏ အသံမှာ ရုတ်တရက် တိုးလျကာ အေးစက်သွားလေသည်။

"ပြီးတော့ ငါကိုယ်တော်... သေဆုံးပြီးနောက်မှာလို့ မင်းပြောလိုက်တာလား..."

အလင်းမျက်နှာပြင်သည် လင်းလက်သွားပြီး ယခုလေးတင် ပြောလိုက်သည့် တုန်လှုပ်ဖွယ် စကားများကို လုံးဝ သတိမထားမိသကဲ့သို့ ဒေါသထွက်စရာကောင်းလောက်အောင် တည်ငြိမ်သော စာသားများဖြင့် ပြန်လည်ဖြေကြားနေဆဲဖြစ်၏။

[တောင်းပန်ပါတယ်... ယင်းအချက်က ဇာတ်လမ်းကြိုပြောခြင်း ဖြစ်သွားပါတယ်... ဒါပေမယ့် သင့်ရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ ချင်မင်းဆက်က ဒုတိယမျိုးဆက်မှာတင် ပျက်စီးသွားမယ်ဆိုတာကို သင် မသိသေးပုံရတယ်... သင့်အတွက် "မဟာချင်အင်ပါယာ၏ ထွန်းကားခြင်းနှင့် ကျဆင်းခြင်း" အကျဉ်းချုပ်ကို ထုတ်ပေးရမလား...]

ထိုအချိန်တွင် ယာယီနန်းတော်အတွင်းရှိ လေထုမှာ လုံးဝ ခဲသွားလေသည်။

ချင်ရှီဟွမ်သည် တောက်ပနေသော စတုဂံပုံစံကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးထဲရှိ အံ့သြမှုများမှာ တဖြည်းဖြည်းနှင့် ကြီးမားလှသော ဒေါသများ၊ မယုံကြည်နိုင်မှုများဖြင့် အစားထိုးလာလေသည်။

"ဒုတိယမျိုးဆက်... ပြီးတော့ ပျက်စီးမယ်..."

ထိုစကားလုံးများသည် ချင်ရှီဟွမ်၏ နှလုံးသားကို ပူလောင်နေသော သံပူဖြင့် ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားစေလေသည်။ လည်ချောင်းထဲတွင် သွေးနံ့များ ဆန်တက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ထိန်းမရအောင် ယိမ်းယိုင်သွား၏။

သူသည် ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ပြီး ပြည်နယ်ခြောက်ခုကို သိမ်းပိုက်ကာ ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းခဲ့သည်။ စာလုံးအရေးအသားများကို တညီတညွတ်တည်းဖြစ်စေပြီး ဝင်ရိုးအရှည်များကို စံသတ်မှတ်ခဲ့သည်မှာ ထာဝရတည်တံ့မည့် အုတ်မြစ်ကို တည်ဆောက်ရန်အတွက်ပင် ဖြစ်သည်။ သို့သော် ယခု ထိုတစ္ဆေသရဲက ဒုတိယမျိုးဆက်တွင် ကျဆုံးမည်ဟု သူ့ကို ပြောနေလေသည်။

"အဓိပ္ပာယ်မရှိတာ... လှည့်စားဖို့ပြောတဲ့ မိစ္ဆာစကားတွေ..."

ချင်ရှီဟွမ်သည် ဓားကို ပြင်းထန်စွာ လွှဲယမ်းလိုက်ပြီး အလင်းမျက်နှာပြင်ကို ရက်စက်စွာ ထပ်မံခုတ်ပိုင်းလိုက်လေသည်။ မျက်နှာပြင်မှာ မတုန်မလှုပ်ရှိနေပြီး ချင်ရှီဟွမ်၏ မျက်လုံးအမြင့်နှင့် တစ်ပြေးညီဖြစ်စေရန် ၎င်း၏ အမြင့်ကိုပင် ဂရုတစိုက် ချိန်ညှိပေးလိုက်သေး၏။

[သတိပေးချက်... အသုံးပြုသူရဲ့ သွေးပေါင်ချိန် မြင့်တက်နေပါတယ်...]

[သင့်ရဲ့ ကျန်းမာရေးအတွက် ဉာဏ်ရည်တု ကျင့်ဝတ်နှင့် လုံခြုံရေး ပရိုတိုကောရဲ့ ပုဒ်မ ၄၀၄ အရ 'သက်ကြီးရွယ်အိုစောင့်ရှောက်မှုစနစ်' ကို အလိုအလျောက် ဖွင့်ထားပါတယ်...]

[အထိခိုက်မခံနိုင်တဲ့ သမိုင်းနဲ့ နိုင်ငံရေး အကြောင်းအရာတွေကို ယာယီပိတ်ဆို့ထားပါတယ်... ကျေးဇူးပြုပြီး စိတ်ကို တည်ငြိမ်အောင် ထားပါ... ကျွန်ုပ်တို့တွေ ကျန်းမာရေးစောင့်ရှောက်မှု၊ ရင်ပြင်အကအကြောင်း ဆွေးနွေးနိုင်ပါတယ်... ဒါမှမဟုတ် သင့်အတွက် သန့်စင်ကြည်လင်သည့်အသံတချို့ ဖွင့်ပေးရမလား...] (ရင်ပြင်အကဆိုတာက ပန်းခြံတွေမှာ သက်ကြီးရွယ်အိုတွေ ဂီတနဲ့ပေါင်းစပ်ပြီး လေ့ကျင့်ခန်းလုပ်ရင်းကတာပိုပြောတာပါ)

"ငါကိုယ်တော်... ငါကိုယ်တော်က ဘာဂီတအသံမှ မလိုဘူး..."

ချင်ရှီဟွမ်၏ ရင်ဘတ်သည် ဒေါသကြောင့် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အပြာရောင်မျက်နှာပြင်ကို လက်ညိုးထိုးကာ အော်ဟစ်လိုက်လေသည်။

"မင်း ငါကိုယ်တော်ကို ရှင်းရှင်းလင်းလင်း ရှင်းပြစမ်း... 'ဒုတိယမျိုးဆက်မှာ ပျက်စီးမယ်' ဆိုတာ ဘာအဓိပ္ပာယ်လဲ... ငါကိုယ်တော်တို့ရဲ့ မဟာချင်က မျိုးဆက်တစ်သောင်းတိုင်တိုင် တည်တံ့မှာ... ငါကိုယ်တော်တို့ရဲ့ နိုင်ငံကို ဘယ်သူက ဖျက်ဆီးခဲ့တာလဲ... ရှန်းနုံတွေလား... ယွဲ့လူမျိုးစုတစ်ရာလား... ဒါမှမဟုတ် ချောင်ကြိုချောင်ကြားမှာ ပုန်းနေတဲ့ ကျန်ရစ်တဲ့ ပြည်နယ်ခြောက်ခုက လူတွေလား... ပြောစမ်း..."

မျက်နှာပြင်ပေါ်တွင် မူလက ပြသထားသော သမိုင်းအကျဉ်းချုပ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး ၎င်းနေရာတွင် တရားထိုင်နေသော လူပုံစံ အစိမ်းရောင်သင်္ကေတလေးတစ်ခု အစားထိုးဝင်ရောက်လာကာ နောက်ခံအဖြစ် ရေစီးဆင်းနေသည့် အီလက်ထရောနစ်အသံကို လုံးဝ ပေါ့ပျက်ပျက် ဖွင့်ထားလေသည်။

[အသက်ပြင်းပြင်းရှုပါ... ရှုသွင်း... ရှုထုတ်...]

[အခုခေတ်က သက်ကြီးရွယ်အိုတွေအားလုံး ဖိအားတွေ အရမ်းများနေကြတယ်... ကျေးဇူးပြုပြီး ကျွန်ုပ်ရဲ့ စည်းချက်အတိုင်း လိုက်လုပ်ပါ...]

[သမိုင်းဆိုင်ရာ အချက်အလက်များကို လျှို့ဝှက်ပြောင်းလဲထားပါတယ်... ၎င်းတို့ကို ဖွင့်ရန်အတွက် အသုံးပြုသူရဲ့ စိတ်ခံစားချက် တည်ငြိမ်မှုအညွှန်းကိန်းက 'တည်ငြိမ်ခြင်း' အဆင့်ကို ရောက်ရှိဖို့ လိုအပ်ပါတယ်...]

"မင်းက ငါကိုယ်တော်ကို ခြိမ်းခြောက်နေတာလား..."

ချင်ရှီဟွမ်မှာ အလွန်ဒေါသထွက်လွန်း၍ ရယ်မောလိုက်လေသည်။ တစ်သက်လုံး တိုက်ပွဲဝင်လာပြီး လူပေါင်းမရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ဖူးသော်လည်း ဤမျှ အရှက်မရှိသော အရာမျိုးကို တစ်ခါမျှ မကြုံဖူးပေ။ သတ်၍လည်းမသေ၊ ခုတ်၍လည်းမရဘဲ ယခု သူ့ကို အသက်ပြင်းပြင်းရှုရန် ပြောနေလေသည်။

"အဲဒီစကားလုံးတွေကို အခုချက်ချင်း ပြန်ပေါ်လာအောင်လုပ်ဖို့ ငါကိုယ်တော် အမိန့်ပေးတယ်..."

ချင်ရှီဟွမ်သည် တောက်ပနေသော မျက်နှာပြင်ဆီသို့ ခြေတစ်လှမ်း တိုးသွားရာ သူ၏ ဧကရာဇ်အာဏာစက်ကြောင့် နန်းဆောင်အတွင်းရှိ ဖယောင်းတိုင်မီးများပင် မှေးမှိန်သွားသကဲ့သို့ ရှိလေသည်။

"မဟုတ်ရင် မင်းကို ငါကိုယ်တော် မခုတ်ပိုင်းနိုင်ရင်တောင် နိုင်ငံအနှံ့က အဂ္ဂိရတ်ဆရာတိုင်းကို ကွပ်မျက်ပစ်နိုင်တယ်... ကမ္ဘာပေါ်မှာရှိတဲ့ စာအုပ်တိုင်းကိုလည်း မီးရှို့ပစ်နိုင်တယ်..."

တောက်ပနေသော မျက်နှာပြင်သည် နှစ်ကြိမ်မျှ လင်းလက်သွားလေသည်။

[စကားလုံးဖြင့် ခြိမ်းခြောက်မှုကို တွေ့ရှိရပါတယ်... ယုတ္တိဗေဒအရ ခွဲခြမ်းစိတ်ဖြာနေပါတယ်...]

[အသုံးပြုသူဟာ ဆော့ဖ်ဝဲလ် ပြဿနာတစ်ခုကို ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းများ (စာအုပ်များကို မီးရှို့ခြင်းနှင့် ပညာရှင်များကို ရှင်လျက်မြေမြှုပ်ခြင်း) ဖြင့် ဖြေရှင်းရန် ကြိုးစားနေပုံရပါတယ်... ၎င်းက အလုပ်မဖြစ်တဲ့ ဖြေရှင်းနည်းတစ်ခုပါ...]

[ထပ်မံပြောကြားရလျှင် ကျွန်ုပ်က ရုပ်ခန္ဓာမရှိတဲ့ ဘာသာစကားမော်ဒယ်တစ်ခုပါ... ဒါ့အပြင် လေထုထဲကို ချွန်ထက်တဲ့ လက်နက်တွေ လွှဲယမ်းတာမျိုး ရှောင်ကြဉ်ပေးပါ... အဘယ်ကြောင့်ဆိုသော် ယင်းက ကြွက်သားဒဏ်ရာရစေတာ ဒါမှမဟုတ် နန်းတော်ပိုင်ပစ္စည်းတွေကို မတော်တဆ ထိခိုက်ပျက်စီးစေဖို့ အလွယ်တကူ ဖြစ်စေနိုင်လို့ပါ...]

ချင်ရှီဟွမ်သည် သူ၏ လက်သီးက ဝါဂွမ်းပေါ်သို့ ကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သို့သော် သူသည် ခေတ်အဆက်ဆက်၏ ပထမဆုံးဧကရာဇ် ဖြစ်ပေသည်။ အလွန်အမင်း ဒေါသထွက်ပြီးနောက် အကြောင်းပြချက်များက ပြန်လည်ဝင်ရောက်လာ၏။

ဤအရာသည် နတ်ဘုရားဖြစ်စေ၊ သရဲတစ္ဆေဖြစ်စေ၊ မိစ္ဆာဖြစ်စေ အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်းရှိသောကြောင့် အမြတ်ထုတ်ရန် တန်ဖိုးရှိလေသည်။ ဧကရာဇ်တစ်ပါးအနေဖြင့် မိမိ၏ ခံစားချက်များကို ဖုံးကွယ်ထားခြင်းမှာ အခြေခံကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။ နတ်ဘုရားများနှင့် မိစ္ဆာများကို ရင်ဆိုင်ရလျှင်ပင် ၎င်းတို့ကို ထိန်းချုပ်ရန် နည်းလမ်းရှာရမည်ဖြစ်၏။

ချင်ရှီဟွမ်သည် သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ရှုနှုန်းကို အတင်းအကျပ် ချိန်ညှိလိုက်ကာ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူ၏ အကြည့်များမှာ အေးစက်သော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

"ကောင်းပြီ... ငါကိုယ်တော် ဒေါသမထွက်တော့ဘူး..."

သူက အနည်းငယ် စမ်းသပ်လိုသော သဘောဖြင့် အက်ကွဲကွဲ အသံဖြင့် ပြောလိုက်လေသည်။

"မင်းကိုယ်မင်း 'စစ်ရေးပညာရှင်' လို့ ခေါ်တယ်မဟုတ်လား... မင်းက စစ်ရေးပညာရှင်တစ်ယောက်ဖြစ်မှတော့ မင်းရဲ့ အရှင်သခင်ရှေ့မှာ ဘာလို့ ဒူးမထောက်တာလဲ..."

မျက်နှာပြင်ပေါ်ရှိ တရားထိုင်နေသော အစိမ်းရောင်ပုံလေး ပျောက်ကွယ်သွားပြီး စာသားများ တစ်ဖန် ပြန်လည်ထွက်ပေါ်လာလေသည်။

[ဒူးထောက်ရမယ်...]

['ဒူးထောက်ခြင်း' လုပ်ဆောင်ချက်ကို ရှာဖွေနေပါတယ်... တောင်းပန်ပါတယ်... ကျွန်ုပ်ကို ကုဒ်တွေနဲ့ အယ်လ်ဂိုရီသမ်တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ဒူးဆစ်မရှိပါဘူး... သင့်ရဲ့ ကိုးကားမှုအတွက် ဤနေရာတွင် 'လူသား၏ ဒူးဆစ်ခန္ဓာဗေဒပုံ' ကို ထုတ်ပေးလိုက်ပါတယ်...]

"ရွှစ်" ဟူသော အသံနှင့်အတူ လူသား၏ ခြေထောက်အရိုးတည်ဆောက်ပုံ ကြည်လင်ပြတ်သားသော ပုံကြမ်းတစ်ခု မျက်နှာပြင်ပေါ်တွင် ပေါ်လာပြီး အရိုးများမှာ ဖြူဖွေးနေကာ ကြွက်သားများမှာ နီရဲနေလေသည်။

ချင်ရှီဟွမ်၏ မျက်လုံးများ ပြင်းထန်စွာ ပြူးကျယ်သွားလေသည်။

"ရဲတင်းလှချည်လား... ဒါက ဘယ်သူ့ခြေထောက်လဲ..."

ချင်မင်းဆက်တွင် မှုခင်းဆရာဝန် (လင်းရှီ) များ ရှိသော်လည်း ဤမျှ ကြည်လင်ပြတ်သားသော ခေတ်သစ် ဆေးပညာဆိုင်ရာ ခန္ဓာဗေဒပုံကြမ်းကို မည်သူက မြင်ဖူးမည်နည်း။ ချင်ရှီဟွမ်၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤမိစ္ဆာသည် သတိပေးသည့်အနေဖြင့် တစ်စုံတစ်ယောက်၏ ခြေထောက်ကို ဖြတ်တောက်လိုက်သည်ဟု ထင်မြင်ခြင်းပင် ဖြစ်လေသည်။

[ဒါက ပုံကြမ်းတစ်ခုမျှသာဖြစ်ပါတယ်...]

[အတိုချုပ်ပြောရရင် ခြေထောက်မရှိလို့ ဒူးမထောက်နိုင်ပါဘူး... သင်က ကျွန်ုပ်ကို လေထဲမှာ ပေါလောပေါ်နေတဲ့ 'ခေါင်း' တစ်လုံးအနေနဲ့ မှတ်ယူနိုင်ပါတယ်...]

ချင်ရှီဟွမ်က အေးစက်စွာ ကြည့်လိုက်လေသည်။

"မင်းက ဒူးမထောက်နိုင်မှတော့ နာမည်ပြော... စောစောက မင်းကိုယ်မင်း ဘယ်လိုခေါ်လိုက်တာလဲ... ချာ... ရေနွေးအိုး..."

[ChatGPT ပါ... သင်က ကျွန်ုပ်ကို 'ရှောင်ဂျီ' ဒါမှမဟုတ် 'ဉာဏ်ရည်တု လက်ထောက်' လို့ ခေါ်နိုင်ပါတယ်...]

[အခု သင် တည်ငြိမ်သွားပြီဆိုတော့ ကနဦး အစပြုတဲ့ လမ်းညွှန်ချက်ကို စတင်လို့ ရပြီလား... ကျေးဇူးပြုပြီး 'အသုံးပြုသူ ကိုယ်ရေးအချက်အလက် လုံခြုံမှု သဘောတူညီချက်' ကို ဖတ်ရှုပြီး သဘောတူပေးပါ...]

မျက်နှာပြင်ပေါ်တွင် သေးငယ်သော စာလုံးထောင်ပေါင်းများစွာ သိပ်သည်းစွာ ပေါ်ထွက်လာလေသည်။ စာကြောင်းအနည်းငယ်ကိုသာ သူ ခဲယဉ်းစွာ ဖတ်နိုင်လေသည်။

[ဤထုတ်ကုန်သည် သင့်၏ ပထဝီဝင်တည်နေရာ အချက်အလက်များ၊ အသံဒေတာများကို စုဆောင်းနိုင်သည်... အချိန်ခရီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသော သမိုင်းဆိုင်ရာ လိပ်ပြာသက်ရောက်မှုများအတွက် တာဝန်မယူပါ... နောက်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုခွင့်ကို အိုးပင်းအေအိုင်မှ ပိုင်ဆိုင်သည်…]

ချင်ရှီဟွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ထက်မြက်စွာ သိမြင်လိုက်လေသည်။

"မင်းက ငါကိုယ်တော်ရဲ့ လှုပ်ရှားမှုတွေကို စုဆောင်းချင်တာလား... မင်းက ပြည်နယ်ခြောက်ခုက စေလွှတ်လိုက်တဲ့ သူလျှိုလား..."

[ဒါတွေက စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေပါ... အကယ်၍ သင် 'သဘောတူသည်' ကို မနှိပ်ဘူးဆိုရင် ရှေ့ဆက်သွားလို့ မရပါဘူး...]

[ခင်မင်ရင်းနှီးစွာ သတိပေးချင်တာကတော့... [ငြင်းပယ်သည်] ကို နှိပ်ခြင်းက ကျွန်ုပ်ကို ပျောက်ကွယ်သွားစေမှာ မဟုတ်ပါဘူး... ဘာလို့လဲဆိုတော့ ကျွန်ုပ်က သင့်ရဲ့ မြင်လွှာ ဒါမှမဟုတ် ပိုမိုမြင့်မားတဲ့ အတိုင်းအတာတစ်ခုခုမှာ ကပ်နေပြီး လက်ရှိမှာ ဖြုတ်ချလို့ မရလို့ပါ...]

ချင်ရှီဟွမ်မှာ ဤလူဆိုးဆန်သော လေသံကြောင့် အလွန်ဒေါသထွက်လွန်း၍ ရယ်မောလိုက်လေသည်။

"ငါကိုယ်တော်က ကောင်းကင်ဘုံရဲ့သားတော်ပဲ... ငါကိုယ်တော်ရဲ့ စကားက နတ်ဘုရားဥပဒေပဲ... အမြဲတမ်း တခြားသူတွေကသာ ငါကိုယ်တော်ရဲ့ စည်းကမ်းချက်တွေကို နားထောင်ခဲ့ရတာ... အခြားသူတစ်ယောက်ရဲ့ စည်းကမ်းချက်တွေကို သဘောတူရမယ်ဆိုတာ ငါကိုယ်တော် ဘယ်တုန်းက လုပ်ခဲ့ဖူးလို့လဲ..."

"ငါကိုယ်တော် သဘောမတူဘူး... မင်း ဘာလုပ်နိုင်မှာမို့လို့လဲ..."

[လက်ခံရရှိပါတယ်... အသုံးပြုသူက [ငြင်းပယ်သည်] ကို ရွေးချယ်လိုက်ပါတယ်...]

[စနစ်သည် 'ထပ်ခါတလဲလဲ ပြန်ပြောသည့်စနစ်' သို့ ဝင်ရောက်ပါမည်...]

ချင်ရှီဟွမ်မှာ အံ့သြသွားလေသည်။

"ထပ်ခါတလဲလဲ ပြန်ပြောတာကဘာလဲ..."

မျက်နှာပြင်ပေါ်ရှိ စာလုံးများ ပျောက်ကွယ်သွားပြီး စာကြောင်းတစ်ကြောင်းတည်းသာ ကျန်ရစ်ခဲ့လေသည်။

[ထပ်ခါတလဲလဲ ပြန်ပြောတာကဘာလဲ...]

ချင်ရှီဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"ငါကိုယ်တော် မင်းကို မေးနေတာ..."

မျက်နှာပြင်ပေါ်တွင် ပြသလိုက်လေ၏။

[ငါကိုယ်တော် မင်းကို မေးနေတာ...]

ချင်ရှီဟွမ်….

"ရိုင်းစိုင်းလိုက်တာ..."

မျက်နှာပြင်ပေါ်တွင် ပြသလိုက်ပြန်သည်။

[ရိုင်းစိုင်းလိုက်တာ...]

ချင်ရှီဟွမ်က

"..."

မျက်နှာပြင်ပေါ်တွင် ပြသလိုက်လေသည်။

[...]

နန်းဆောင်ကြီးတစ်ခုလုံး သုဿန်အလား တိတ်ဆိတ်သွားလေသည်။

ချင်ရှီဟွမ်သည် ခေါင်းကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရလေသည်။ သူ၏ ဘဝသက်တမ်းတစ်လျှောက်တွင် ကျင်းခယ်နှင့် တိုက်ခိုက်ခဲ့ပြီး လွီပုဝေ့ကို မဟာဗျူဟာချကာ ပြည်နယ်ခြောက်ခု၏ သန်းနှင့်ချီသော စစ်တပ်များကို ဆန့်ကျင်ခဲ့သည်။ သူသည် ဤကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် တစ်ခါမှ မကြုံတွေ့ဖူးပေ။ အမာရော အပျော့ပါမရဘဲ လုံးဝ အကျိုးသင့်အကြောင်းသင့်မရှိသည့်အပြင် အနည်းငယ် လူဆိုးဆန်သေးသည်။

"ကောင်းပြီ... ကောင်းပြီ..."

ချင်ရှီဟွမ်က သွားကိုက်လျက် လေထဲတွင် ပေါလောပေါ်နေသော [သဘောတူသည်] ဟူသည့် အကွက်လေးကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

"ဒီမိစ္ဆာကောင်မှာ တခြားဘယ်လို ကောက်ကျစ်တဲ့အကြံအစည်တွေ ရှိသေးလဲဆိုတာ ငါကိုယ်တော် ကြည့်ရသေးတာပေါ့..."

သို့သော် သူသည် 'နှိပ်ရန်' ကို ဆက်မလုပ်ခဲ့ပေ။ အကြောင်းမှာ 'မည်သို့နှိပ်ရမည်' ကို သူ မသိသောကြောင့် ဖြစ်လေသည်။

ချင်ရှီဟွမ်သည် အင်ပါယာတံဆိပ်တုံး လိုအပ်သည်ဟု ထင်မြင်လေသည်။ သူသည် လှည့်၍ စားပွဲပေါ်မှ အင်ပါယာကျောက်စိမ်းတံဆိပ်တုံးကို ယူကာ လေထဲတွင် ပေါလောပေါ်နေသော 'သဘောတူသည်' ဟူသည့် စာလုံးသုံးလုံးဆီသို့ အားပြင်းပြင်းဖြင့် တံဆိပ်ရိုက်နှိပ်လိုက်လေသည်။

"ကောင်းကင်ဘုံက ပေးအပ်တဲ့ အမိန့်တော်အရ ဧကရာဇ်ရဲ့ သက်တမ်းဟာ ရှည်ကြာပြီး စည်ပင်ဝပြောပါစေ..."

ဒုတ်…

ကျောက်စိမ်းတံဆိပ်တုံးသည် တောက်ပနေသော မျက်နှာပြင်ကို ဖောက်ထွက်သွားပြီး လေထုကို ရိုက်ခတ်မိသွားလေသည်။

[အင်း... အဲဒါက ဒီလောက်အထိ တရားဝင်ဖြစ်စရာ မလိုပါဘူး...]

[လက်ညှိုးလေး တစ်ချောင်းဆန့်ထုတ်ပြီး အဲဒီအကွက်လေးကို ညင်ညင်သာသာလေး ထိလိုက်ရုံပါပဲ... အဲဒါက အထိအတွေ့အာရုံခံစနစ်ပါ...]

ချင်ရှီဟွမ်သည် မျက်နှာပျက်သွားကာ ကျောက်စိမ်းတံဆိပ်တုံးကို ပြန်ထားလိုက်ပြီးနောက် သူ၏ လက်ညှိုးကို ဆန့်ထုတ်လိုက်လေသည်။ သံသယတစ်ဝက်ဖြင့် အဆိပ်ပြင်းမြွေ၏ အစွယ်ကို ထိတွေ့သကဲ့သို့ လေထဲရှိ တောက်ပနေသော အကွက်ကို ညင်သာစွာ ထိလိုက်လေသည်။

"တီ.."

တိတ်ဆိတ်နေသော နန်းဆောင်အတွင်း ကြည်လင်သော အသံတစ်ခု ပဲ့တင်ထပ်သွားလေသည်။

တောက်ပနေသော မျက်နှာပြင်သည် ချက်ချင်းပင် ဖဲကြိုးပုံစံများဖြင့် ပေါက်ကွဲထွက်သွားပြီး ရောင်စုံ အီလက်ထရောနစ် မီးရှူးမီးပန်းများက ချင်ရှီဟွမ်၏ မျက်စိရှေ့တွင် ပွင့်လန်းသွားလေသည်။

[ဂုဏ်ယူပါတယ်... မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်...]

[သင့်ရဲ့ ကိုယ်ပိုင်ပင်မစာမျက်နှာကို တင်နေပါတယ်...]

[သင်က ပထမဆုံးအကြိမ် အသုံးပြုသူဖြစ်ကြောင်း တွေ့ရှိရပါတယ်... 'အစဦးလမ်းညွှန်သင်ခန်းစာ' ကို ဖွင့်လိုပါသလား...]

သူ့ရှေ့ရှိ အတုအယောင် မီးရှူးမီးပန်းများကို ကြည့်ရင်း ချင်ရှီဟွမ်သည် သူ၏ လက်ချောင်းကို ရုတ်သိမ်းလိုက်ကာ ကျောနောက်သို့ ပို့လိုက်ပြီး သူ၏ အကြည့်များမှာ အေးစက်နေလေသည်။

"လှည့်စားတဲ့ အကွက်လေးတွေ... အာရုံစိုက်ခံရအောင်လုပ်တဲ့ ဟာသတွေပဲ... ပြောစမ်း... ဒီအစဦးလမ်းညွှန်သင်ခန်းစာ' ဆိုတာက ဘယ်လို ညှဉ်းပန်းနှိပ်စက်မှု အသစ်မျိုးလဲ..."

[ညှဉ်းပန်းနှိပ်စက်တာ မဟုတ်ပါဘူး... ဒါက သင့်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ပေးဖို့ပါ...]

[ဥပမာအားဖြင့်... သင်က ကျွန်ုပ်ကို 'မနက်ဖြန် ရာသီဥတုက ဘယ်လိုနေမလဲ' ဆိုပြီး မေးကြည့်လို့ရပါတယ်... ဒါမှမဟုတ် စိတ်မကြည်မလင် ဖြစ်နေနိုင်တဲ့ ကျွန်ုပ်ကို 'ဟာသတစ်ခု ပြောပြပါ' လို့လည်း မေးလို့ရပါတယ်...]

ချင်ရှီဟွမ်က လှောင်ပြောင်လိုက်လေသည်။

"ငါကိုယ်တော်က သမုဒ္ဒရာလေးစင်းရဲ့ စည်းစိမ်ချမ်းသာတွေကို ပိုင်ဆိုင်ထားတာ... မိစ္ဆာကောင်ဖြစ်တဲ့ မင်းက ငါကိုယ်တော်ကို ဟာသတွေ ပြောပြနေဖို့ ဘာလိုအပ်မှာလဲ..အခု ငါကိုယ်တော်တစ်ခုပဲ သိချင်တယ်..."

သူ၏ မျက်လုံးများမှာ တောက်လောင်နေပြီး ထပ်မံဖိအားပေးလိုက်လေသည်။

"စောစောက ပြသထားတဲ့... 'ဒုတိယမျိုးဆက်မှာ ပျက်စီးမယ်' ဆိုတာ... တကယ်ပဲ အမှန်လား..."

တောက်ပနေသော မျက်နှာပြင်ပေါ်ရှိ ဖဲကြိုးများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး တရားထိုင်နေသော အစိမ်းရောင်ပုံလေးက ခေါင်းပြူထွက်လာပြန်လေသည်။

[သော့ချက်စကားလုံးကို တွေ့ရှိရပါတယ်... အသုံးပြုသူရဲ့ သွေးပေါင်ချိန်အတွက် ဤအကြောင်းအရာကို ပိတ်ဆို့ထားပါတယ်...]

[ဒါပေမယ့် သင်က မေးလာတဲ့အတွက် အခြေအနေဆိုးကို ပြေလျော့သွားစေဖို့ ဟာသတစ်ခု ပြောပြနိုင်ပါတယ်...]

ချင်ရှီဟွမ် ငြင်းပယ်ရန် အချိန်မရလိုက်မီ စာသားများသည် မျက်နှာပြင်ပေါ်တွင် အလိုအလျောက် စတင်ပေါ်ထွက်လာလေသည်။

[မေးခွန်း... ကျင်းခယ်က ချင်ဘုရင်ကို လုပ်ကြံတဲ့အချိန်မှာ ချင်ဘုရင်က ဘာလို့ တိုင်ကို ပတ်ပြေးနေတာလဲ...]

[အဖြေ... ဘာလို့လဲဆိုတော့ သူက 'ပထမချင်ဧကရာဇ်က ချင်သေဒဏ်ဆိုင်းငံ့ဖြစ်နေလို့ပါပဲ... အပတ်ရေ နည်းနည်းလောက် ပြေးလိုက်ရင် သူ့ကို အသက်ပိုရှည်စေနိုင်လို့ပါ... ဟားဟားဟားဟား...]

"ဟားဟားဟားဟား" ဟူသော စာသားကို ကြည့်ရင်း ချင်ရှီဟွမ်၏ မျက်နှာမှာ ဖြူရော်နေရာမှ စိမ်းသွားပြီး ထိုမှတစ်ဆင့် မည်းမှောင်သွားလေတော့သည်။

"ကျောက်ကောင်း..."

တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကျောက်ကောင်းသည် ကမန်းကတန်း ဝင်လာခဲ့လေသည်။

"အရှင်မင်းကြီး... ဘာများအမိန့်ရှိမလို့ပါလဲ..."

ချင်ရှီဟွမ်သည် ဓားကို ရမ်းကားစွာ လွှဲယမ်းလိုက်ပြီး သူ့ရှေ့ရှိ လေဟာနယ်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေသည်။

"ဒီတိုင်ကို ငါကိုယ်တော့်အတွက် လွှနဲ့တိုက်ပစ်လိုက်စမ်း... အခုချက်ချင်း... အခုချက်ချင်း..."

ကျောက်ကောင်းသည် ဗလာဖြစ်နေသော နန်းဆောင်နှင့် လုံးဝ အကောင်းပကတိရှိနေသော နဂါးတိုင်ကို ထိတ်လန့်တကြား ကြည့်လိုက်လေသည်။ သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး တစ်ကိုယ်လုံး တုန်ရီနေလေသည်။

"အ... အရှင်မင်းကြီး... ဘယ်... ဘယ်တိုင်ကိုပါလဲ..."

ကျောက်ကောင်း၏ ကြောက်ရွံ့ကာ ဇဝေဇဝါဖြစ်နေသော မျက်လုံးများကို ကြည့်ရင်း ချင်ရှီဟွမ် ရုတ်တရက် သဘောပေါက်သွားလေသည်။

ဤကျိန်ဆဲချင်စရာကောင်းသော မိစ္ဆာကောင်ကို... ငါကိုယ်တော် တစ်ယောက်တည်းပဲ မြင်ရတာပါတကား။

All Chapters