အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
Chapter 179
ခြေတစ်လှမ်းအကွာ
“စီနီယာက ရှုဓားဂိုဏ်းရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်လား”
အစီအရင်ဝိညာဉ်က ရယ်မောလိုက်သည်၊၊
“ငါက မူလကတော့ သာမန်ဓားတစ်လက်သက်သက်ပါပဲ၊၊ ရှုဓားဂိုဏ်းရဲ့ ဘိုးဘေးတစ်ဦးဖြစ်တဲ့ ချင်ဖုန်းနောက်ကိုလိုက်ပြီး လောကကြီးထဲမှာ နှစ်ပေါင်း ၁၀၀လောက် ကျင့်ကြံခဲ့ရင်းနဲ့ နောက်ဆုံးမှာ ဓားဝိညာဉ် ဖြစ်လာခဲ့တာပဲ”
“ချင်ဖုန်းက ရှုဓားဂိုဏ်းကို တည်ထောင်ပြီး နတ်ဘုရားဘုံကို တက်လှမ်းသွားတဲ့အခါ ဓား ၇၂လက် မြင့်မြတ်မြေကို စောင့်ကြပ်ဖို့ ငါ့ကို ဒီအစီအရင်ရဲ့ ဗဟိုချက်မှာ ထားခဲ့တာပဲ၊၊ အတိအကျပြောရရင်တော့ ငါက ချင်ဖုန်း တစ်ချိန်က အသုံးပြုခဲ့ဖူးတဲ့ တုံးနေတဲ့ ဓားဟောင်းတစ်လက်ပဲဖြစ်လို့ ဘိုးဘေးဆိုတဲ့ နာမည်ကိုမယူရဲပါဘူး”
ချင်ဖုန်း...။
ဝမ်ရှန်းသည် ရှုဓားဂိုဏ်း၏ မဟာနန်းတော်တွင် သူမြင်တွေ့ခဲ့ရသည့် ရှေးဟောင်းပန်းချီကားချပ်ကို သတိရသွားခဲ့သည်၊၊ ၎င်းပန်းချီကားတွင် ရှုတောင်တန်းထိပ်၌ ရပ်ကာ တိမ်ပင်လယ်ကြီးကို ငေးမောကြည့်နေသော ချင်ဖုန်း၏ ကျောပြင်ကိုသာ သရုပ်ဖော်ထားခြင်းဖြစ်သည်၊၊
ဝမ်ရှန်း ချီးမွမ်းလိုက်သည်၊၊
“သူက တကယ့် နတ်ဘုရားတစ်ပါးလိုဖြစ်နေမှာပဲနော်”
“ချင်ဖုန်းက တကယ့် နတ်ဘုရားတစ်ပါးပါပဲ၊၊ ‘ချင်ဖုန်း’ ဆိုတာက နာမည်ပွားတစ်ခုပါပဲ၊၊ သူက မင်းတို့ရဲ့ ဘိုးဘေးဖြစ်တဲ့ လုတုံပင်းနဲ့ ဓားပြိုင်ဖူးတယ်၊၊ အဲဒါက တကယ့်ကို အသက်ရှူမှားလောက်စရာကောင်းတဲ့ ဓားနတ်ဘုရားတွေရဲ့ တိုက်ပွဲပဲ”
အစီအရင်ဝိညာဉ်က ပြုံးလျက် ပြောလိုက်သည်၊၊
ဓားနတ်ဘုရားတွေရဲ့ တိုက်ပွဲလား၊၊
ဝမ်ရှန်း၏ မျက်ဝန်းများသည် စိတ်အားထက်သန်မှုကြောင့် တောက်ပလာခဲ့သည်၊၊ သူက ပြုံးလျက် မေးလိုက်သည်၊၊
“ဘိုးဘေးလုက ဘယ်လိုပုံစံမျိုးလဲ”
အစီအရင်ဝိညာဉ်လည်း စိတ်ဝင်စားသွားပုံရသည်၊၊
“သေချာကြည့်ထား”
အစိမ်းရောင်အလင်းတန်းများ ဝေဝါးသွားပြီးနောက် အစီအရင်ဝိညာဉ်သည် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်၊၊ သူသည် ပွပွယောင်းယောင်းတာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံ့သောအကြည့်များရှိသည့် ချောမောသော လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်၊၊ သူ၏ နှုတ်ခမ်းထောင့်များတွင် ဖျော့တော့သောအပြုံးရှိနေပြီး လွတ်လပ်ပေါ့ပါးသော ဆွဲဆောင်မှုရှိသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်၊၊
ဒါက ဘိုးဘေးလုတုံပင်းရဲ့ ပုံစံပေါ့လေ၊၊
ဝမ်ရှန်းသည် ဓာတ်ပုံရိုက်ရန်အတွက် သူ၏ ဖုန်းကို အလိုအလျောက်လှမ်းကိုင်လိုက်သော်လည်း အစီအရင်ဝိညာဉ်က ချင်ဖုန်းအသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်၊၊ ဝမ်ရှန်းသည် သူ၏ ဖုန်းကို ကြည့်ရင်း အလိုမကျစွာဖြင့် နှုတ်ခမ်းတွန့်သွားခဲ့သည်၊၊
လွန်ခဲ့သော တစ်ခဏကပင် အစီအရင်ဝိညာဉ်သည် သူ့အား နှစ်ပေါင်းထောင်ချီ ကုန်ဆုံးသွားပြီဖြစ်ကြောင်း သက်သေပြရန် တောင်းဆိုခဲ့သည် မဟုတ်ပါလား၊၊ ဓာတ်ပုံအချို့ ရိုက်ပြလိုက်ခြင်းက အကောင်းဆုံး သက်သေဖြစ်နေမည် မဟုတ်ပါလား၊၊ ကံမကောင်းစွာဖြင့် ထိုအချိန်က အစီအရင်ဝိညာဉ်၏ ရုတ်တရက် ပေါ်လာမှုကြောင့် သူလန့်ဖြန့်သွားခဲ့သဖြင့် ဤအကြောင်းကို လုံးဝမေ့လျော့နေခဲ့ခြင်းဖြစ်သည်၊၊
“နှမြောစရာပဲ၊၊ မင်းတို့ဂိုဏ်းရဲ့ သန့်စင်ယန်အင်မော်တယ်ဓားသံစဥ်က ပျောက်ကွယ်သွားခဲ့ပြီပဲ၊၊ အဲဒါက ကမ္ဘာမှာ အကောင်းဆုံးဓားသိုင်းတွေထဲက တစ်ခုပေါ့၊၊ ဒါပေမဲ့ မင်းက ကောင်းကင်ဇီဝေဓားသိုင်းကို ကျင့်ကြံနေတာဆိုတော့ အဲဒီအတွက် စိတ်မကောင်းဖြစ်နေစရာတော့ မလိုပါဘူး”
အစီအရင်ဝိညာဉ်က သက်ပြင်းချလိုက်သည်၊၊
ဝမ်ရှန်းက အလျင်အမြန်မေးလိုက်သည်၊၊
“စီနီယာ… ကောင်းကင်ဇီဝေဓားသိုင်းမှာကော နောက်ခံသမိုင်းကြောင်းရှိလား၊၊ အခုခေတ် တာအိုအမွေအနှစ်တွေက အများကြီးပြတ်တောက်ကုန်ပြီး အရာအတော်များများ ပျောက်ကွယ်ကုန်ပြီမလို့ပါ”
အစီအရင်ဝိညာဉ်သည် ခပ်ဖွဖွသက်ပြင်းချလိုက်ပြီး ကျောက်တံခါးအတွင်း ဝမ်ရှန်းနှင့် မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်၊၊
“ပြောပြလို့လည်း ဘာမှမဖြစ်ပါဘူး၊၊ ငါ့ရဲ့ အသိပညာက အကန့်အသတ်ရှိပေမဲ့ တစ်ချိန်က ချင်ဖုန်းက သူ့တပည့်တွေကို ကောင်းကင်၊ မြေကြီးနဲ့ လူသားဆိုတဲ့ ဓားတာအိုသုံးရပ်အကြောင်း ရှင်းပြတာကို ငါကြားဖူးတယ်”
“ဓားတာအိုသုံးရပ်က ဘယ်ဟာက ပိုသာလွန်တယ်လို့ သတ်မှတ်လို့မရဘူး၊၊ အဆုံးစွန်ထိကျင့်ကြံနိုင်ရင် ဘယ်လမ်းစဉ်မဆို လောကီနယ်ပယ်ကနေ ကျော်လွန်ပြီး ဓားတာအိုရဲ့ ထိပ်ဆုံးကို ရောက်ရှိနိုင်တာပဲ၊၊ သာမန်လူသားတွေရဲ့ အမြင်အရတော့ ကောင်းကင်ဓားတာအိုက သံသယဝင်စရာမလိုဘဲ အစွမ်းထက်ဆုံးပေါ့၊၊ မင်းရဲ့ ကျင့်ကြံခြင်းက အခုမှစတာမလို့ ငါ အကြမ်းဖျင်းပဲ ပြောပြမယ်”
ဝမ်ရှန်းသည် အသက်ရှူသံကို ထိန်းထားရင်း အစွမ်းကုန်အာရုံစိုက်ကာ နားထောင်နေခဲ့သည်၊၊
အစီအရင်ဝိညာဉ်၏ အသံသည် သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်၊၊
“လူသားဓားတာအိုဆိုတာ တာအိုခန္ဓာကိုယ်ကို ကျင့်ကြံခြင်းကတစ်ဆင့် မိမိကိုယ်ပိုင် တာအိုကျမ်းစာကို ဖွင့်လှစ်တဲ့ လမ်းစဉ်ပဲ၊၊ လူနဲ့ဓားတစ်သားတည်းဖြစ်တည်မှုကို ရှာဖွေပြီး လူသားကိုယ်တိုင် ဓားဖြစ်လာတဲ့ နယ်ပယ်ကို ရောက်ရှိအောင် ကျင့်ကြံကာ ခန္ဓာကိုယ်ကတစ်ဆင့် ပြည့်စုံတဲ့ ဓားတာအိုကို သွန်းလုပ်တာဖြစ်တယ်”
“မြေကြီးဓားလမ်းစဉ်ကတော့ မိမိရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ အဟုန်ကို ဆွဲယူအသုံးပြုတာပဲ၊၊ သဘာဝတရားနဲ့ သဟဇာတဖြစ်မှုကို ရှာဖွေပြီး လောကကြီးရဲ့ စွမ်းအားကတစ်ဆင့် မိမိရဲ့ ဓားလမ်းစဉ်ကို သွန်းလုပ်တာဖြစ်တယ်၊၊ ချင်ဖုန်းအနှစ်သက်ဆုံးဖြစ်တဲ့ ထိပ်တန်းဓားသိုင်း ချင်ဖုန်းနေလအသွင်ပြောင်းလဲခြင်းကို မြေကြီးဓားတာအိုရဲ့ အထွတ်အထိပ်လို့ သတ်မှတ်နိုင်တယ်”
“ကောင်းကင်ဓားတာအိုကတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကနေ တိုက်ရိုက်မွေးဖွားလာတဲ့ တာအိုဖြစ်ပြီး လူ့လောကမှာ တွေ့ရခဲတယ်၊၊ မင်းကျင့်ကြံနေတဲ့ ကောင်းကင်ဇီဝေဓားသိုင်းက လူ့လောကထဲမှာ သိရှိရတဲ့ ကောင်းကင်ဓားတာအိုအနည်းငယ်ထဲက တစ်ခုပဲဖြစ်ပြီး အဲဒါက ကြယ်တာရာတွေရဲ့ စွမ်းအားအပေါ် အခြေခံထားတာဖြစ်တယ်”
“အခုအချိန်မှာ မင်းက အောင်မြင်မှုအသေးစားလေးပဲရရှိသေးတာ၊၊ အဲဒါရဲ့ စစ်မှန်တဲ့ စွမ်းအားကို ထုတ်ဖော်နိုင်ဖို့က အဝေးကြီးလိုပါသေးတယ်”
ဝမ်ရှန်း မျက်ခုံးပင့်ကာ လေးနက်စွာ စဉ်းစားလိုက်သည်၊၊
ကောင်းကင်၊ မြေကြီး၊ လူသား... ဓားတာအိုသုံးရပ်လား၊၊ ဒါဆို ယွမ်ဖူကျန်းရန် တစ်ချိန်က ငါ့ကို ရှင်းပြခဲ့ဖူးတဲ့ ဓားတာအိုရဲ့ နယ်ပယ်တွေက တကယ်တော့ လူသားဓားတာအိုသက်သက်ပဲပေါ့လေ၊၊
ခဏမျှ ဝမ်ရှန်းသည် သူသိထားသမျှနှင့် သင်ယူထားသမျှအရာအားလုံးက အလွန်ကို အပေါ်ယံဆန်လွန်းနေသည်ဟု ခံစားလိုက်ရသည်၊၊ ဓားတာအိုတစ်ခုတည်းတွင်ပင် သူ ရှာဖွေရမည့် အဆုံးမရှိသေးသောနယ်ပယ်များစွာရှိနေသေးသည်မဟုတ်ပါလား၊၊
သူ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံဖြစ်ပေါ်လာခဲ့သည်၊၊ သူသည် မာန်မာနထောင်လွှားခြင်း သို့မဟုတ် ဘဝင်မြင့်ခြင်းများမရှိသင့်ကြောင်း ကောင်းစွာ နားလည်သွားခဲ့သည်၊၊ အဘယ်ကြောင့်ဆိုသော် ဓားတာအိုတွင် အဆုံးသတ်ဟူ၍ မရှိသောကြောင့် ဖြစ်သည်၊၊ ဤဘဝတွင် ရောင့်ရဲတင်းတိမ်နေ၍ မရနိုင်ပေ၊၊
“လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”
“ဒါက ဘာမှမဟုတ်ပါဘူး၊၊ ငါလည်း ဒီနေရာမှာ တစ်ယောက်တည်းအထီးကျန်နေတာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး၊၊ ကံကောင်းတာက ဒီနှစ်ပေါင်းထောင်ချီကို အိပ်ပျော်ရင်း ဖြတ်သန်းခဲ့လို့ပေါ့၊၊ မဟုတ်ရင် စိန်ခေါ်သူတစ်ယောက်မှမရှိဘဲ နှစ်ပေါင်းထောင်ချီကို ဘယ်လိုတောင့်ခံရမလဲဆိုတာ ငါတကယ် မတွေးရဲဘူး”
အစီအရင်ဝိညာဉ်က သက်ပြင်းချလိုက်သည်၊၊
ဝမ်ရှန်းလည်း ခေါင်းကို အကြိမ်ကြိမ်ညိတ်လိုက်သည်၊၊ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်၊၊
“စီနီယာ၊၊ ဇီယန်ကျောင်းတော်အောက်မှာ ပိတ်လှောင်ခံထားရတဲ့ ရှေးဟောင်းနတ်ဆိုးက ဘာကောင်လဲ၊၊ ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင်တွေ ပြန်နိုးထလာတာ သုံးနှစ်ပဲ ရှိသေးပေမဲ့ အဲဒီရှေးဟောင်းနတ်ဆိုးက ချီစွမ်းအင်တွေမရှိဘဲ ဘယ်လိုရှင်သန်နေခဲ့လဲ မသိဘူး၊၊ ကျွန်တော် အခုတောင် နတ်ဆိုးချီတွေ စိမ့်ထွက်လာတာ ခံစားနေရပြီ”
“အဲဒါက မြေခွေးမိစ္ဆာပေါက်စလေးတစ်ကောင်ထင်တယ်၊၊ တပည့်တွေ စမ်းသပ်ပွဲလာရင် ဘေးကနေပြောသွားတာပဲ ကြားဖူးတာ၊၊ အသေးစိတ်တော့ ငါမသိဘူး၊၊ ဒီနေရာကို အသက် ၂၅ နှစ်အောက် တပည့်တွေကိုပဲ ဝင်ခွင့်ပြုတာဆိုတော့ ငါ့ကို လာပြီး အသေအချာ ပြောပြမယ့်လူမရှိဘူးလေ”
အစီအရင်ဝိညာဉ်က အိုးတိုးအမ်းတမ်းဖြင့် ရယ်မောကာ ပြောလိုက်သည်၊၊
အိုး… မြေခွေး... မိစ္ဆာပေါက်စလေးလား၊၊
ဝမ်ရှန်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ၏ စုတ်ပြဲနေသော တာအိုဝတ်စုံအနားသတ်ကို ခါထုတ်ကာ တဖြည်းဖြည်းချင်းမတ်တတ်ရပ်လိုက်သည်၊၊
“မင်း စမ်းသပ်ပွဲကို ဆက်သွားချင်သေးလား”
အစီအရင်ဝိညာဉ်က မေးလိုက်သည်၊၊
ဝမ်ရှန်းက ခေါင်းညိတ်လိုက်ရင်း “ဟုတ်ကဲ့၊၊ ရှုတောင်တန်းကိုယ်စား ဓားထိန်းချုပ်ခြင်းပညာကို ပြန်ယူပေးဖို့ သဘောတူထားတာဆိုတော့ ကျွန်တော်ပြီးဆုံးအောင် လုပ်ရပါလိမ့်မယ်၊၊ ဒီနေ့ လမ်းညွှန်ပေးတဲ့အတွက် စီနီယာကို ထပ်ပြီး ကျေးဇူးတင်ပါတယ်—”
“နှုတ်ဆက်ဖို့ အလောမကြီးပါနဲ့ဦး၊၊ ဆက်သွားလိုက်ပါ၊၊ ငါ နောက်တစ်လွှာမှာ စောင့်နေမယ်”
အစီအရင်ဝိညာဉ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အစိမ်းရောင်အလင်းတန်းများသည် ဖျတ်ခနဲပြောင်းလဲသွားပြီးနောက် ၎င်းသည် လုံးဝပျောက်ကွယ်သွားခဲ့သည်၊၊
ဝမ်ရှန်း ခေါင်းကုတ်လိုက်ရင်း သူ့ရှေ့ရှိ အနည်းငယ်ဟနေသော ကျောက်တံခါးကြီးကို တွန်းဖွင့်ကာ ဓားကို ကိုင်ဆွဲလျက် လှေကားထစ်များအတိုင်း တက်လာခဲ့သည်၊၊ သူ ၇လွှာသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ခြေလှမ်းများယိမ်းထိုးသွားပြီး ဒူးထောက်ကျလုနီးပါးဖြစ်သွားခဲ့သည်၊၊
အတွင်းပိုင်းဖွဲ့စည်းပုံသည် ယခင် ၆လွှာနှင့် လုံးဝကွာခြားနေသည်၊၊
၎င်းသည် အချင်းမီတာသုံးဆယ်ရှိသော ကျောက်ခန်းမဆောင်တစ်ခုဖြစ်နေဆဲဖြစ်သော်လည်း နံရံများပေါ်တွင် မည်သည့်ထုဆစ်မှုမျှ မရှိတော့ပေ၊၊ ထိုအရာများ၏ နေရာတွင် လေထုထဲ၌ မျောလွင့်နေသော ကြေးအိုးငယ် ၉လုံး ရှိနေပြီး ၎င်းတို့တစ်ခုချင်းစီ၏ အောက်တွင် ဓားတစ်လက်စီရှိနေသည်၊၊ ၎င်းတို့အားလုံးသည် ဓားဆန္ဒတစ်ခုစီ ထုတ်ဖော်လျက် ဝမ်ရှန်းထံသို့ အာရုံစိုက်ထားကြသည်၊၊
“နောက်ဆုံးမှာ မင်းကို ငါမတားဆီးနိုင်တော့ဘူးဆိုတာ သိပေမဲ့…”
အစီအရင်ဝိညာဉ်သည် ပိတ်ထားသော ကျောက်တံခါးဆီမှ ပြောလိုက်ပြီးနောက် ချင်ဖုန်း၏အသွင်ကို ထပ်မံယူလိုက်သည်၊၊ သူသည် ပထမဆုံးဓားကို ညင်သာစွာ လှမ်းယူလိုက်ပြီး ဝမ်ရှန်းကို ပြုံးပြလိုက်သည်၊၊
“ဒါပေမဲ့ မင်း ဓားထိန်းချုပ်ခြင်းပညာကို ရချင်ရင်တော့ အားစိုက်ထုတ်ရလိမ့်မယ်၊၊ ဓားထိန်းချုပ်ခြင်းပညာကို ၆၁ ဆင့်၊ ၆၂ ဆင့်နဲ့ ၆၃ ဆင့်တွေမှာ ခွဲထားတယ်၊၊ အဲဒါက အတွဲသုံးတွဲ ရှိတယ်၊၊ ဓားမွေးမြူခြင်းနည်းစနစ်၊ ဓားထိန်းချုပ်ခြင်းနည်းလမ်းနဲ့ ဓားထိန်းချုပ်ခြင်းပညာဆိုပြီးတော့ပေါ့၊၊ ရှုဓားဂိုဏ်းရဲ့ လက်ရှိလူတွေက မင်းကို ဒီမှာလွတ်လွတ်လပ်လပ်ကျင့်ကြံခွင့်ပေးထားတာပဲ၊၊ မင်း ငါ့ဆီမှာ ခဏလောက် ထပ်မနေချင်ဘူးလား၊၊ ဓားထိန်းချုပ်ခြင်းပညာကို အရင်ဆုံးကျွမ်းကျင်အောင်လုပ်ပြီးမှ နောက်ဆုံး ၉ဆင့်ကို ဆက်ပြီး စိန်ခေါ်ပေါ့၊၊ အဲဒါက မင်းအတွက် အများကြီးအကျိုးရှိလိမ့်မယ်”
ဝမ်ရှန်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်၊၊ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် အစီအရင်ဝိညာဉ်သည် သူ၏ စွမ်းအားအားလုံးကို ထပ်မံထုတ်ဖော်လိုက်သည်ကို ခံစားလိုက်ရသည်၊၊
ဓားဆန္ဒအသစ်တစ်ခုပေါ်ထွက်လာပြီး ၎င်းနှင့်အတူ သက်ဆိုင်ရာ ဓားအရှိန်အဝါသည်လည်း ပတ်ပတ်လည်သို့ ပြန့်နှံ့သွားခဲ့သည်၊၊ ပတ်ဝန်းကျင်၏ အပူချိန်သည်လည်း တဖြည်းဖြည်းမြင့်တက်လာပုံရသည်၊၊
စကားတွေအများကြီးပြောပြီးတာတောင် သူက ငါ့ကို အလျှော့ပေးမယ့်ပုံမပေါ်ဘူး၊၊
“ကျွန်တော်လည်း ဓားထိန်းချုပ်ခြင်းပညာကို စိတ်ရှည်လက်ရှည်သင်ယူချင်တာပေါ့ စီနီယာ”
ဝမ်ရှန်းက အော်ဟစ်လိုက်ရင်း “ဒါပေမဲ့ ချင်ဖုန်းရဲ့ မျိုးဆက်တွေက ဂိုဏ်းကို ပြန်လည်ဦးမော့လာစေဖို့အတွက် အဲဒါကို ရင်တမမနဲ့စောင့်နေကြတာမလို့ပါ”
“ကိစ္စမရှိပါဘူး၊၊ ဒါက သူတို့ဘာသာအသုံးမကျလို့ ဖြစ်ရတာပဲ”
အစီအရင်ဝိညာဉ်သည် လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်ရာ သူ၏ မျက်ဝန်းများသည် နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပသောအလင်းတန်းများ ထပ်မံထွက်ပေါ်လာခဲ့သည်၊၊
“ရှုတောင်ရဲ့ ၁၄ခုမြောက် ဓားသိုင်း - လောင်ကျွမ်းနှလုံးသားဓား”
ဝမ်ရှန်းလည်း အစွမ်းကုန်အာရုံစိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ၊၊ ပြင်းထန်သောတိုက်ပွဲတစ်ခုက သူ့ထံသို့ ထပ်မံရောက်ရှိလာခဲ့ပြီဖြစ်သည်၊၊
Chapter 180
ဓားထိန်းချုပ်ခြင်းပညာ
ကျယ်ဝန်းလှသော ကျောက်ခန်းမကြီးအတွင်း လူရိပ်နှစ်ခုသည် ပြင်းထန်စွာ ဓားချင်းယှဉ်ပြိုင်လျက်ရှိသည်။ သူတို့သည် အဆက်မပြတ်တိုက်ခိုက်နေကြခြင်းဖြစ်သည်။ ပြင်းထန်သော စိန်ခေါ်မှုများတစ်ခုပြီးတစ်ခုကျော်ဖြတ်လာသည်နှင့်အမျှ ကြေးအိုးကြီးများအောက်တွင် ချိတ်ဆွဲထားသော ရတနာဓားများသည် တစ်လက်ပြီးတစ်လက်အရောင်အဝါမှိန်ဖျော့သွားကြသည်။ ယင်းက ဝမ်ရှန်းသည် စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နေကြောင်း ပြသနေခြင်းပင်။
ဓား ၇၂လက် အစီအရင်၏ အလွှာတစ်ခုစီသည် ရှေ့ကအလွှာထက် ပိုမိုခက်ခဲလာမည်မှာ ဓမ္မတာပင်ဖြစ်သည်။ အလွှာတစ်ခုစီတွင် ပြသနေသော အစီအရင်ဝိညာဉ်၏ စွမ်းအားသည် ဓား ၇၂လက် အစီအရင်က သတ်မှတ်ထားသော အမြင့်ဆုံးအကန့်အသတ်အတိုင်းဖြစ်သည်။
ဝမ်ရှန်း ဓားထိန်းချုပ်ခြင်းပညာကို ယူဆောင်သွားမည့်အရေးကို မိမိအနေဖြင့်မတားဆီးနိုင်ကြောင်း ဓားဝိညာဥ်က ပြောခဲ့ဖူးသော်လည်း ယခုအချိန်အထိ တိုက်ခိုက်ခဲ့သမျှ တိုက်ပွဲတိုင်းတွင် ဝမ်ရှန်းသည် သူ၏အကောင်းဆုံးအခြေအနေကို အမြဲမထိန်းသိမ်းနိုင်ခဲ့ပေ။
အမှားတစ်ခုခု သို့မဟုတ် ဟာကွက်တစ်ခုခုပြလိုက်သည်နှင့် ဓားဝိညာဉ်၏ ဓားက သူ့ကို ချက်ချင်းပင် လာရောက်ပိတ်ဆို့တော့သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးမှာ အတန်ငယ်ရင်းနှီးသွားခဲ့ကြပြီ ဖြစ်သည်။ ဓားဝိညာဉ်သည် ဝမ်ရှန်းကို နာကျင်အောင်လုပ်ရန် မကြိုးစားတော့ပေ။ ဝမ်ရှန်းကို နောက်သို့ တွန်းထုတ်လိုက်သည့်အကြိမ်တိုင်းတွင် လမ်းညွှန်ချက်အချို့ ပေးတတ်ပြီး ထိုလမ်းညွှန်ချက်များသည် နောက်ပိုင်းတွင် စနောက်ကျီစယ်မှုများအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာသည်။
ဝမ်ရှန်း သည် ၅၅ဆင့် စိန်ခေါ်မှုကို နှစ်ကြိမ်မြောက်တွင် ကျော်ဖြတ်နိုင်ခဲ့ပြီး ၅၆ဆင့်မြောက်ကို လေးကြိမ်မြောက်တွင် ကျော်ဖြတ်ကာ ၅၇ဆင့်မြောက်ကိုမူ တစ်ကြိမ်တည်းဖြင့်ကျော်ဖြတ်နိုင်ခဲ့သည်။
သူသည် ဓား ၇၂လက်အစီအရင်အတွင်း အချိန်တော်ကြာကုန်လွန်ခဲ့သည်။ သူ၏ ဖုန်းဘက်ထရီကုန်သွားချိန်တွင်မူ အချိန်မည်မျှ ကုန်လွန်သွားခဲ့ပြီလဲဆိုသည်ကို လုံးဝသတိမထားမိတော့ပေ။
အစီအရင်ဝိညာဉ်က ရည်ရွယ်ချက်ရှိရှိဖြင့် အခက်တွေ့အောင်လုပ်နေသဖြင့် ဝမ်ရှန်းလည်း အလျင်မလိုတော့ပေ။ အပြင်လောကတွင် ဓားပညာကို နက်နက်ရှိုင်းရှိုင်းနားလည်ပြီး မိမိနှင့် ကျင့်ကြံခြင်းအဆင့်ချင်းတူညီကာ လှည့်ကွက်ပေါင်းစုံအသုံးချနိုင်သည့် လေ့ကျင့်ဖော်မျိုးကို မည်သည့်နေရာတွင် ရှာတွေ့နိုင်ပါဦးမည်နည်း။
ထိုသို့တွေးကာ ဝမ်ရှန်းသည် စမ်းသပ်နယ်မြေအတွင်း၌ပင် ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သူ၏ စွမ်းအင်များပြန်လည်ပြည့်ဝလာသောအခါ ဓားဝိညာဉ်ကို ထပ်မံစိန်ခေါ်သည်။ နိုင်လျှင် ရှေ့သို့ ဆက်တက်ပြီး ရှုံးလျှင် နောက်ဆုတ်ကာ ကျောက်တံခါးအပြင်ဘက်ရှိ သန့်စင်ပြီး အားအကောင်းဆုံးသော ကမ္ဘာဦးချီစွမ်းအင်များရှိရာနေရာတွင် တရားထိုင်ကျင့်ကြံခဲ့သည်။
သူ၏ ချီစွမ်းအင်စုစည်းသည့် ကိရိယာနှင့် ဘက်စုံသုံး ချီစွမ်းအင်လက်အိတ်တို့မှာလည်း အားကုန်သွားခဲ့ပြီ ဖြစ်သည်။ ယခုတိုက်ပွဲသည် အသက်လုတိုက်ပွဲမျိုးမဟုတ်သဖြင့် ဝမ်ရှန်းလည်း မိမိနှင့်အတူပါလာသော ရတနာပစ္စည်းကို ထုတ်မသုံးခဲ့ပေ။
ဆက်တိုက်တိုက်ခိုက်နေရခြင်းက သူ၏ စိတ်နှင့် ဝိညာဉ်ကို သိသိသာသာပင်ပန်းနွမ်းနယ်စေသည်။ ဓားထိန်းချုပ်ခြင်းပညာနှင့် နီးစပ်လာလေလေ မိမိကိုယ်ကို ပို၍ စိတ်အေးအေးထားရန် သတိပေးနေရသည်၊၊ နေ့စဉ်နှင့်အမျှ မိမိကိုယ်ကို အားပေးပြီး ဟာသများတွေးကာ စိတ်တည်ငြိမ်အောင်ကြိုးစားရင်း အိမ်တွင် ကျန်ရစ်ခဲ့သော မိဘများ၊ ဆရာနှင့် စီနီယာအစ်မတို့ကို သတိရမိလေသည်။
ဝမ်ရှန်း တရားထိုင်ခြင်းမှ နိုးလာသည့်အခါတိုင်း ဓားဝိဉာဉ်သည် စကားစမြည်ပြောရန် ရောက်လာတတ်သည်။ ထိုဓားဝိညာဥ်အစ်ကိုကြီးမှာ တကယ်ပင် ပျင်းရိနေကြောင်း သိသာလှသည်။ သူတို့နှစ်ဦး ပိုမိုရင်းနှီးစွာ စကားပြောဖြစ်ကြသည့်အခါ ဓားဝိဉာဉ်က စိတ်ဝင်စားစရာ ရှေးဟောင်းပုံပြင်အများအပြားကို ပြောပြခဲ့သည်။
သူ့စကားအရ ရှေးခေတ်က ကျင့်ကြံသူများသည် အသက် ၅နှစ်၊ ၆နှစ် အရွယ်ကတည်းက ဂိုဏ်းများ၏ ရွေးချယ်ခြင်းကို ခံခဲ့ကြရသည်။ ဂိုဏ်း၏ အပြည့်အဝပံ့ပိုးကူညီမှုကြောင့် သူတို့တွင် ဆေးလုံးများ၊ ကျင့်စဉ်များနှင့် ကျော်ကြားသော ဆရာသမားများ၏ လမ်းညွှန်မှုများအလုံအလောက်ရှိခဲ့ကြသည်။ ထို့ကြောင့် စမ်းသပ်ချက်အဆင့်သို့ ရောက်ရှိချိန်တွင် အများစုမှာ ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
မိမိ၏ စီနီယာအစ်မကို တွေးမိသောအခါ ဝမ်ရှန်းအနေဖြင့် ထိုသို့သော ကျင့်ကြံခြင်းအမြန်နှုန်းမှာ အံ့ဩစရာ မဟုတ်ဟု ခံစားရသည်။ သူမသည်လည်း ငယ်စဉ်ကတည်းက ဆရာဖြစ်သူ၏ လက်အောက်တွင် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ အတိတ်က ဆေးလုံးများနှင့် ကမ္ဘာဦးချီစွမ်းအင်များမပြည့်စုံခဲ့သော်လည်း ယခုအခါတွင်မူ အသက် ၂၅နှစ်မပြည့်ခင်မှာပင် ပုံရိပ်ယောင်အမြုတေအဆင့်သို့ သေချာပေါက်ရောက်ရှိပေလိမ့်မည်။ သူမ၏ ပါရမီမျိုးသည် ရှေးခေတ်တွင်ပင် ထိပ်တန်း သို့မဟုတ် အထူးချွန်ဆုံးပါရမီရှင်အဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။
သူသည် စီနီယာအစ်မလောက် ပါရမီမပါသည်မှာ သေချာသည်။ သို့သော် ယခုအခါ ဆေးလုံးမျိုးစုံနှင့် ချီကျောက်တုံးများ၏ အကူအညီဖြင့်...။
ဝမ်ရှန်းလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ချီကျောက်တုံးများကို ထုတ်ယူလိုက်သည်။ သူ့၏ ချီစွမ်းအင်များကုန်ခမ်းသွားပြီးနောက် လမ်းညွှန်စာအုပ်ပါအတိုင်း ကျောက်တုံးများကို အသုံးပြုကာ သေးငယ်သောချီစွမ်းအင်စုဆောင်းသည့် အစီအရင်တစ်ခုပြုလုပ်လိုက်သည်။ ကျောက်တုံးများမှ ထူထပ်သော ကမ္ဘာဦးချီစွမ်းအင်များ စတင်ထွက်ရှိလာသောအခါ ဝမ်ရှန်း ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ကာ စုပ်ယူလိုက်သည်။
ဓားဝိညာဥ်သည် ကျောက်တံခါးမှ လွင့်မျောထွက်လာပြီး မျက်မှောင်ကြုတ်လျက် ပြောသည်။
“ကျွတ်... ကျင့်ကြံခြင်းလောကက တကယ်ပဲ ဒီလောက်အထိဖြစ်သွားရတာလား… အစီအရင်တွေကို ဖြစ်သလိုပဲလုပ်ထားကြတယ်… ဒါက သိပ်ပြီး ကြမ်းတမ်းလွန်းတယ်”
ဝမ်ရှန်း ဘာမှမပြောရသေးခင်မှာပင် ဓားဝိညာဥ်က လက်တစ်ဖက်ကို မြှောက်ကာ လေထုထဲသို့ ညွှန်ပြလိုက်သည်။ ဝမ်ရှန်း ဘေးပတ်လည်တွင် ချထားသော ကျောက်တုံး ၁၈တုံးက နေရာပြောင်းလဲသွားကြသည်။
ချီကျောက်တုံးများမှ ကမ္ဘာဦးချီစွမ်းအင်ပမာဏအနည်းငယ်သာထွက်ရှိသော်လည်း ထိုစွမ်းအင်များသည် ဝမ်ရှန်း ဘေးပတ်လည်တွင် စုစည်းလာသဖြင့် သူ့မျက်လုံးများတောက်ပသွားသည်။ ဤအစီအရင်၏ တန်ဖိုးကို သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။
၎င်းသည် ချီကျောက်တုံးများကုန်ဆုံးမှုကို အများကြီးလျှော့ချပေးနိုင်သည်။
ဝမ်ရှန်းလည်း စာအုပ်တစ်အုပ်ကို ထုတ်ကာ အစီအရင်ကို အမြန်ပင်ပုံကြမ်းဆွဲလိုက်ပြီး ဓားဝိညာဉ်ဘက်သို့ လှည့်ကာ ရိုသေစွာ လက်သီးဆုပ်လိုက်သည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ… ဒီအစီအရင်ကို ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ ဖြန့်ဝေပေးလို့ရမလား… ဒါက ရှုတောင်ရဲ့ ဓားဝိဉာဉ်ဖြစ်တဲ့ စီနီယာပေးတဲ့ လက်ဆောင်ဆိုတာကို လူတိုင်းကို ကျွန်တော် သေချာပေါက်ပြောပြပါ့မယ်”
“ရတာပေါ့… ဒါက သေးငယ်တဲ့ အစီအရင်အသိပညာတစ်ခုပါပဲ… လောကကြီးကို ဖြန့်ဝေပေးလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ” ဓားဝိဉာဉ်က တည်ငြိမ်စွာ ပြန်ပြောသည်။
“ဒါပေမဲ့ ငါ့နာမည်ကို လူသိဖို့တော့မလိုပါဘူး၊၊ စမ်းသပ်နယ်မြေထဲက အစီအရင်အကျိုးအပဲ့အချို့ကို ရှာတွေ့ခဲ့တယ်လို့ပဲ ပြောလိုက်ပါ… ငါ့ဆီမှာ တခြားအစီအရင်တွေလည်းရှိသေးတယ်… မင်းစာအုပ် ငါ့ကိုပေး… မင်းအတွက် အသုံးဝင်မယ့်အချို့ကို ရေးပေးမယ်”
ဝမ်ရှန်း အလွန်ဝမ်းသာသွားသည်။ စမ်းသပ်မှုအတွင်း အလျှော့မပေးသည်ကို ဖယ်ထားလျှင် ဤဓားဝိညာဉ်သည် အခြားကိစ္စအားလုံးတွင် တကယ်ပင် သဘောကောင်းလှသည်။ သူသည် ဖေးလျန်ဇီထံမှ ငါးယွမ်ပေး၍ ဝယ်ထားသော စာအုပ်ကို လွှဲအပ်ပေးလိုက်ပြီး တရားထိုင်ရန် ပြန်ထိုင်လိုက်သည်။
ဓားဝိညာဉ်သည် ဝမ်ရှန်းထံမှ မှတ်စုကိုယူကာ အသုံးပြုပုံကို ခဏတာလေ့လာပြီးနောက် ၇လွှာသို့ သွားရောက်ကာ ရေးနေတော့သည်။ ဝမ်ရှန်းက ဓားဝိညာဉ်ကို ထပ်မံစိန်ခေါ်ရန် မတ်တပ်ရပ်လိုက်သည့်အချိန်တွင် ဓားဝိညာဉ်သည် စာအုပ်တစ်အုပ်လုံးကို အစီအရင်ပုံကြမ်းများနှင့် အခြေခံသဘောတရားရှင်းလင်းချက်များဖြင့် ဖြည့်စွက်ပေးပြီးသားဖြစ်နေလေပြီ။
ဝမ်ရှန်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ ကြည့်ရှုစောင်မပေးမည့် လူကြီးသူမများရှိခြင်းက တကယ်ပင် ရတနာတစ်ပါးကို ရှာဖွေတွေ့ရှိရသကဲ့သို့ဖြစ်သည်။
သူ၏ သိုလှောင်အိတ်ထဲတွင် စာအုပ်အလွတ်နှစ်အုပ်ကျန်သေးသည်ကို သတိရကာ ဤစီနီယာကို အစီအရင်အချို့ထပ်မံရေးဆွဲပေးရန် တောင်းဆိုဖို့ တွေးလိုက်မိသော်လည်း အားနာလှသဖြင့် မပြောဖြစ်တော့ပေ။
ထားလိုက်ပါတော့လေ…၊၊
သူသည် အစီအရင်သုတေသနပညာရှင်တစ်ဦးမဟုတ်သဖြင့် အများကြီးယူထားခြင်းက အဓိပ္ပာယ်မရှိပေ။ ထို့အပြင် ဓားထိန်းချုပ်ခြင်းပညာကို ကူးယူရန် ထိုစာအုပ်နှစ်အုပ်ကို လိုအပ်သေးသည်။
ဝမ်ရှန်းသည် ၅၉ဆင့်မြောက်နှင့် ၆၀ ဆင့်မြောက် စိန်ခေါ်မှုများကို ကိုးကြိမ်စီ ကြိုးစားကာ ကျော်ဖြတ်ခဲ့ရသည်။
၆၁ဆင့်မြောက် စိန်ခေါ်မှုတွင်မူ ဓားထိန်းချုပ်ခြင်းပညာ၏ သုံးပုံတစ်ပုံကို ရရှိမည်ဖြစ်ရာ ဓားဝိညာဉ်သည် အစီအရင်၏ အကန့်အသတ်အတွင်းရှိသမျှစွမ်းအားအားလုံးကို ထုတ်သုံးခဲ့သည်။ ဝမ်ရှန်းသည် ၁၂ပွဲတိုင်တိုင် တိုက်ခိုက်ခဲ့ရပြီးနောက်မှသာ နောက်ဆုံးတွင် အနိုင်ရရှိခဲ့သည်။
သေးငယ်သော ကြေးအိုးလေးတစ်ခု တဖြည်းဖြည်း သက်ဆင်းလာပြီး ထိုအိုးထဲတွင် စာလိပ်တစ်ခု ရှိနေသည်။ အလွန်မောဟိုက်နေသော ဝမ်ရှန်းသည် စာလိပ်ကို လှမ်းယူကာ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပိုက်ပွေ့ထားလိုက်သည်။
သူသည် စာလိပ်ကို ချက်ချင်း မဖွင့်သေးပေ။ ထိုအစား ၇လွှာ၏ ထောင့်တစ်နေရာသို့ သွားကာ ခဏတာအိပ်စက်လိုက်သည်။ နိုးလာမှသာ စာလိပ်ကို ဂရုတစိုက်ဖြန့်လိုက်သည်။
ထိုစာလိပ်သည် သာမန်ပစ္စည်းတစ်ခုမဟုတ်ပေ။ မည်မျှကြာအောင် သိမ်းဆည်းထားခဲ့သည်ကို မသိရသော်လည်း ကမ္ဘာဦးချီစွမ်းအင်၏ ကာကွယ်မှုမရှိဘဲ နှစ်ပေါင်း ၁၀၀၀တိုင်တိုင် တည်ရှိနေခဲ့သော်လည်း လုံးဝပျက်စီးခြင်းမရှိဘဲ အကောင်းပကတိအတိုင်း ရှိနေသေးသည်။
ဝမ်ရှန်းလည်း ဓာတ်မီးကို ပါးစပ်ဖြင့် ကိုက်ကာ ဓားမွေးမြူခြင်းနည်းလမ်းကို ဂရုတစိုက်ဖတ်ရှုလိုက်သည်။ သူ နားမလည်သော ရှေးဟောင်းစာလုံးများနှင့် ကြုံတွေ့ရသည့်အခါတိုင်း အသံထွက်၍ မေးမြန်းနေသည်။ ထိုအခါ သူ၏ စိတ်ထဲတွင် ဓားဝိညာဉ်၏ အသံကို ကြားရပြီး ထိုစာလုံးများ၏ အဓိပ္ပာယ်ကို ဝိညာဉ်အသိစိတ်ဖြင့် ရှင်းပြပေးခဲ့သည်။
စာလိပ်ကို ဖတ်ရှုပြီးနောက် ဝမ်ရှန်းသည် ဓားမွေးမြူခြင်းနည်းလမ်းကို အနည်းနှင့်အများမှတ်မိသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူသည် ၎င်းကို ဂရုတစိုက် တစ်ကြိမ်ကူးယူပြီး မူရင်းနှင့် ကူးယူထားသောစာသားကို အကြိမ်ကြိမ်တိုက်ဆိုင်စစ်ဆေးကာ စိတ်ထဲတွင် စွဲမြဲနေအောင် မှတ်သားထားလိုက်သည်။
ဓားမွေးမြူခြင်းနည်းလမ်းသည် အနှစ်သာရအားဖြင့် ဓားပျံထိန်းချုပ်ခြင်းပညာ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး မိမိ၏ ဓားပျံကို ပြုစုပျိုးထောင်သည့် နည်းလမ်းဖြစ်သည်။ စုစုပေါင်းဓားမွေးမြူရေးနည်းလမ်း (၄)မျိုး ရှိသည်။ ပထမနှစ်မျိုးမှာ အခြေခံဖြစ်ပြီး နောက်ထပ်နှစ်မျိုးမှာမူ ဓားဆန္ဒအဆင့်တစ်ခုလိုအပ်သည်။
ပထမနည်းလမ်းမှာ အလွယ်ကူဆုံးဖြစ်ပြီး ဓားထိန်းချုပ်ခြင်းပညာ၏ အစောပိုင်းအဆင့်ဟု သတ်မှတ်သည်။ သို့သော် ကျင့်ကြံသူသည် ဝိညာဉ်စွမ်းအင်အလုံအလောက်ရှိသော ရတနာဓားတစ်လက်ကို အရင်ဆုံးရှာဖွေရမည် ဖြစ်သည်။ ထို့နောက် ၎င်းတို့၏ ဝိညာဉ်အသိစိတ်နှင့် ကြိုးစားအားထုတ်မှုဖြင့် ထိုဓားကို နည်းလမ်းအတိုင်း ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး ဓားနှင့်ပိုင်ရှင် စိတ်ချင်းဆက်သွယ်မိသွားသည့်အခါမှသာ ဓားထိန်းချုပ်ခြင်းပညာကို စတင်လေ့ကျင့်နိုင်သည်။
ဒုတိယနည်းလမ်းမှာ ရှုဓားဂိုဏ်းတပည့်များ၏ ဓားထိန်းချုပ်ခြင်းပညာကို လေ့ကျင့်ရန် အသုံးအများဆုံးနည်းလမ်းဖြစ်သည်။ ၎င်းတွင် မှတ်တမ်းတင်ထားသော လုပ်ငန်းစဉ်အတိုင်း ကောင်းကင်အဆင့် သို့မဟုတ် အဖိုးတန်ပစ္စည်းများကို အသုံးပြု၍ ဓားသန္ဓေသားကို သွန်းလုပ်ခြင်းဖြစ်ပြီး ၎င်းကို ဓားအမြုတေအဖြစ်သန့်စင်ကာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်း၌ ထည့်သွင်းမွေးမြူရခြင်းဖြစ်သည်။
တိုက်ပွဲတွင် ဓားအမြုတေသည် ဓားပျံအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ရာ ၎င်း၏ စွမ်းအားမှာ ပထမနည်းလမ်းထက် များစွာသာလွန်ပေသည်။ ထိုဓားပျံသည် အသက်ရတနာပစ္စည်းဖြစ်ပြီး ပိုင်ရှင်၏ အသက်အန္တရာယ်နှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။ ဓားရှိလျှင် လူရှိမည်ဖြစ်ပြီး ဓားပျက်စီးလျှင် လူလည်း ထိခိုက်ပေလိမ့်မည်။
တတိယမြောက် နည်းလမ်းကိုမူ ဓားထိန်းချုပ်ခြင်းပညာတွင် အောင်မြင်မှုအဆင့်တစ်ခုသို့ ရောက်ရှိပြီး ဓားဆန္ဒကိုပြည့်စုံပြီးမှသာ လေ့ကျင့်နိုင်သည်။ ၎င်းတွင် ဓားဆန္ဒကို တိုက်ရိုက်မွေးမြူပြီး စိတ်ဖြင့် ဓားကိုထိန်းချုပ်ခြင်း ဖြစ်သည်။
ဝမ်ရှန်း အနေဖြင့် ဓားထိန်းချုပ်ခြင်းပညာ၏ ကျန်ရှိသော စာလိပ်နှစ်စုံကိုရရှိပါက ဤနည်းလမ်းကို စတင်လေ့ကျင့်နိုင်မည်ဖြစ်သည်။ သို့သော် ရေရှည်ကျင့်ကြံခြင်းကို လိုအပ်သည်။ ဓားဝိညာဉ်၏ အကြံပြုချက်အရ ဝမ်ရှန်းအနေဖြင့် ဓားဆန္ဒကို တဖြည်းဖြည်းမပျိုးထောင်မီ ဓားအမြုတေကို အရင်ဆုံးသွန်းလုပ်သင့်သည်။
ဓားပျံသွန်းလုပ်ရန် လိုအပ်သော ပစ္စည်းများကို စာလိပ်အတွင်း အသေးစိတ်ဖော်ပြထားပြီး အဆင့်အမျိုးမျိုး ခွဲခြားထားသည်။ ဝမ်ရှန်းအနေဖြင့် ထိုပစ္စည်းများကို မိမိဘာသာရှာဖွေရမည်ဖြစ်သည်။