အခန်း (၂၄၈၅-၂၄၈၆)
Vol. 249 Ch. 2485-2486
အခန်း (၂၄၈၅) - တစ်သက်စာ ကပ်ပါးဘဝ
လီဝူ နှင့်ချီယမ်သူတော်စင်တို့သည် ဖန့်ချန် ရောက်ရှိလာသည်ကို သတိပြုမိပြီးနောက် အနားသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
ရှေ့ဆုံးမှ လူက အကြောင်းအကျိုး ပိတ်ကာမျက်နှာပြင် ထဲရှိ မြင်ကွင်းကို တစ်ချက်ကြည့်လိုက်သည်။ အောက်ဝူဖားတို့ကဲ့သို့ ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင် တစ်ဒါဇင်ကျော် ခေါင်းချင်းဆိုင် တိုင်ပင်နေကြသည်ကို မြင်သောအခါ သိချင်စိတ်ဖြင့်
“အရှင်သခင်၊ သူတို့ ဘာတွေ လုပ်နေကြတာလဲ။”
ဟု မေးသည်။
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် -
“သူတို့က တောကစားနေကြတာပါ။ ဂရုစိုက်မနေပါနဲ့၊ ဒီကိစ္စနဲ့ ငါတို့နဲ့ ဘာမှ မသက်ဆိုင်ဘူး။”
ဟု ဆိုပြီး ခဏမျှ တိတ်ဆိတ်သွားကာ -
“အဲဒီ ကလေး ကိုးယောက်ရဲ့ လက်ရှိ အခြေအနေက ဘယ်လိုရှိလဲ။”
ဟု မေးလိုက်သည်။
ချီယန်သူတော်စင်က ထိုစကားကို ကြားသောအခါ ဟားတိုက်၍ ရယ်မောလိုက်သည်။
“အထဲမှာ နှစ်ပေါင်း ၃၀ ကျော်သွားပြီ။ ကျန်တဲ့ ခုနစ်ယောက်ကတော့ သာမန်ပါပဲ။ လီကုန်းကုန်း နဲ့ မင်ကျင်း နှစ်ယောက်ကတော့ တစ်သက်စာ ကပ်ပါးဘဝ ရောက်တော့မလို ဖြစ်နေပြီ။”
ဟု ရယ်မောပြောဆိုလိုက်သည်။
ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး လီဝူတို့ နှစ်ယောက်နှင့်အတူ ထိုမြို့တော်၏ အထက်ကောင်းကင်သို့ ရောက်ရှိလာသည်။
မြို့တော်ထဲတွင် ယခုအခါ အပူဆုံးအချိန် ဖြစ်သည်။
လီကုန်းကုန်းမှာ စုတ်ပြတ်နေသော ဘောင်းဘီတို တစ်ထည်ကို ဝတ်ဆင်ထားပြီး အေးမြသော အမိုးစောင်းအောက်တွင် လဲလျောင်းနေသည်။ လမ်းသွားလမ်းလာများကို ကြည့်ကာ စိတ်ဓာတ်ကျသံဖြင့်
“စိတ်ထားကောင်းကြတဲ့ အဘိုးကြီး အဘွားကြီးတို့၊ တူမောင်တို့ တူမတို့ရေ၊ အစာလေး ဘာလေး ဝယ်စားဖို့ ကြေးပြားလေး တစ်ပြားလောက် ပေးပါဦးဗျာ”
ဟု အော်ဟစ်နေသည်။
ပြောပြီးနောက်တွင် သူသည် ခြေချောင်းကို ကုတ်လိုက်ပြီး နှာခေါင်းရှေ့တွင် ထားကာ အနံ့ရှူကြည့်လိုက်သည်။ ထိုအခါမှသာ အနည်းငယ် စိတ်နိုးကြားလာပြီး အသံကို ပိုကျယ်အောင် ဆိုလိုက်သည်။
“နံစော်တဲ့ ကပ်ပါးကောင်၊ ဘယ်သူ့ကို တူမောင်လို့ ခေါ်တာလဲ ”
ခွေးချေးတစ်ခဲ လွင့်ပျံလာပြီး လီကုန်းကုန်း၏ နဖူးတည့်တည့်ကို ထိမှန်သွားသည်။
လီကုန်းကုန်းက မထူးခြားသလို ခေါင်းကို ခါယမ်းလိုက်ပြီး ရှုပ်ပွနေသော ဆံပင်များကို လက်ဖြင့် သပ်တင်ကာ ဆက်လက် အော်ဟစ်နေပြန်သည်။
အချိန်ပေါင်း နှစ်ပေါင်း ၃၀ ကျော်သွားပြီဖြစ်ရာ သူသည်လည်း အရင်ကကဲ့သို့ ငယ်ရွယ်နုပျိုခြင်း မရှိတော့ဘဲ နားထင်စပ်တွင် ဆံပင်အဖြူများပင် ပေါက်နေပြီ ဖြစ်သည်။ တစ်ခါတစ်ရံ သူ စဉ်းစားမရနိုင်သည်မှာ သူသည် အဘယ်ကြောင့် မွေးရာပါ ကပ်ပါးကောင် ဖြစ်နေရသနည်း။
ထိုအချိန်တွင် အရပ်ဝေးမှ လူတစ်ယောက်မှာ အမောတကော ပြေးလာသည်။
သူ၏လက်ထဲတွင် ရေခဲစိမ်ထားသော ဖရဲသီးတစ်စိပ်ကို ကိုင်ထားပြီး -
“သခင်လေး၊ စားစရာ ဖရဲသီး ရလာတယ်” ဟု အော်ပြောသည်။
ထိုရေခဲစိမ် ဖရဲသီးမှာ ပူပြင်းသော လေထဲတွင် အငွေ့အသက်များ ထွက်ပေါ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် တစ်စုံတစ်ယောက် ကိုက်စားထားပြီးသား ဖြစ်ကြောင်း သိသာသော်လည်း ကျန်ရှိနေသော အသားမှာ မြိန်ယှက်ဖွယ်ကောင်းလှသည်။ လီကုန်းကုန်းမှာ မသိစိတ်ဖြင့် ထိုင်လိုက်မိပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
သို့သော် နောက်တစ်စက္ကန့်တွင် မင်ကျင်း၏ နောက်မှ လူအုပ်ကြီးက ပြေးလိုက်လာကြပြီး မင်ကျင်းကို ဝိုင်း၍ ရိုက်နှက်ကြသည်။ ရေခဲစိမ် ဖရဲသီးမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျကာ ချက်ချင်းပင် နင်းခြေခံလိုက်ရသည်။
“သေစမ်း၊ နံစော်တဲ့ ကပ်ပါးကောင်၊ မင်းကို ခိုးခိုင်းတာလား မင်းကို ခိုးခိုင်းတာလား ”
“သူ့ကို သေအောင် ရိုက် ငါ့အတွက် သေအောင် ရိုက် ”
“မရိုက်ပါနဲ့၊ မရိုက်ပါနဲ့၊ ကျွန်တော် ခိုးတာ မဟုတ်ပါဘူး၊ ကောက်ရလာတာပါ၊ ခင်ဗျားတို့ ပစ်ထားတဲ့ဟာကို ”
“ငါ့သမီး စားကျန်တဲ့ဟာကိုတောင် မင်းက ထိရဲတယ်ပေါ့၊ သေလိုက်တော့ ”
မင်ကျင်း၏ တောင်းပန်သံမှာ ထိုးနှက်ချက်များနှင့် ဆဲဆိုသံများကြားတွင် ချက်ချင်း ပျောက်ကွယ်သွားသည်။ လီကုန်းကုန်းမှာ ထိုမြင်ကွင်းကို ကြောင်ကြည့်နေပြီး လူအုပ်ကြီး ပြိုကွဲသွားမှသာ မင်ကျင်းအနားသို့ ဖြည်းဖြည်းချင်း သွားလိုက်သည်။
“မင်ကျင်း၊ မင်း အဆင်ပြေရဲ့လား။”
သူသည် မင်ကျင်းကို ထူမပေးရန် ကြိုးစားလိုက်သော်လည်း ခေါင်းမှာ တစ်ဖက်သို့ ယိုင်ကျသွားသည်ကို တွေ့လိုက်ရသည်။ လီကုန်းကုန်း ခဏမျှ ကြောင်သွားပြီးနောက် ခွန်အားရှိသမျှ အသုံးပြုကာ မင်ကျင်းကို အမိုးစောင်းအောက်သို့ ဆွဲခေါ်သွားသည်။ အနီးအနားမှ လမ်းသွားလမ်းလာများက ထိုမြင်ကွင်းကို မြင်သော်လည်း ခေါင်းခါယမ်းကာ မိမိအလုပ်ကိုယ် လုပ်ကြသည်။ မည်သူမျှ နံစော်နေသော ကပ်ပါးကောင် နှစ်ယောက်ကို ဂရုမစိုက်လိုကြပေ။
အရိပ်ထဲတွင် လီကုန်းကုန်းမှာ မင်ကျင်းကို နိုးထလာစေရန် အမြဲ ကြိုးစားနေသည်။ အတော်ကြာပြီးနောက်မှသာ လီကုန်းကုန်းမှာ ဝေဝါးစွာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် ထရပ်ကာ အနီးနားရှိ ဆေးဆိုင်သို့ အပြေးသွားလေသည်။ သို့သော် ဆိုင်ထဲသို့ ဝင်ဝင်ချင်းမှာပင် အရိုက်ခံရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။
လီကုန်းကုန်းမှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ -
“ဆရာကြီးရေ၊ ကျွန်တော့်ညီလေးကို ကယ်ပေးပါ၊ ဆရာကြီးရေ၊ ကျွန်တော့်ညီလေးကို ကယ်ပေးပါ၊ ဆရာကြီး...”
ဟု တောင်းပန်နေသည်။
အကြိမ်အနည်းငယ်အတွင်းမှာပင် သူ၏ နဖူးမှာ နီရဲလာပြီး သွေးများ စီးကျလာသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ လီကုန်းကုန်း၏ အခြေအနေမှာ အလွန် သနားစရာကောင်းနေ၍ ဖြစ်နိုင်သည်။ သက်လတ်ပိုင်း ဆရာဝန်တစ်ဦး ထွက်လာပြီး သက်ပြင်းချကာ မင်ကျင်း ရှိရာသို့ သွားလိုက်သည်။ မင်ကျင်း အရိုက်ခံရသည်ကို လမ်းတစ်လမ်းလုံးက မြင်ခဲ့ကြသော်လည်း မည်သူမျှ ဝင်မစွက်ဖက်ရဲခဲ့ကြပေ။ ထို့ပြင် အရိုက်ခံရသူမှာ နံစော်သော ကပ်ပါးကောင် တစ်ကောင်သာ မဟုတ်ပါလော။
လီကုန်းကုန်းမှာ ဝမ်းသာအားရဖြင့် ထရပ်ပြီး ဆရာဝန်၏ ဘေးတွင် လိုက်သွားသည်။ ခဏအကြာတွင် ဆရာဝန်က မင်ကျင်း၏ အခြေအနေကို ကြည့်ရှုပြီးနောက် သွေးခုန်နှုန်းကို စမ်းသပ်ကာ မျက်ခွံကို လှန်ကြည့်ပြီးနောက် ခေါင်းခါယမ်းကာ -
“သေသွားပြီ၊ အပြင်မှာပဲ သွားမြှုပ်လိုက်တော့။ ဒီလိုရာသီမျိုးမှာ တစ်ရက်တောင် မခံဘူး၊ အနံ့ထွက်လာလိမ့်မယ်။”
ဟု ပြောပြီး ထွက်ခွာသွားသည်။
သို့သော် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ရပ်တန့်သွားသည်။
လီကုန်းကုန်းက ဆရာဝန်၏ ပေါင်ကို ဖက်ထားပြီး -
“ဆရာကြီး ထပ်ကြည့်ပေးပါဦး၊ ကျွန်တော့်ညီလေးက အသက်အရမ်းမာတယ်၊ ဒီလောက် လွယ်လွယ်နဲ့ သေမှာ မဟုတ်ပါဘူး။”
ဟု တောင်းပန်သည်။
“တကယ် သေသွားတာပါ၊ လက်လွှတ်လိုက်တော့”
ဆရာဝန်က မျက်မှောင်ကြုတ်ကာ လီကုန်းကုန်းကို ရွံရှာသော မျက်လုံးဖြင့် ကြည့်သည်။ လီကုန်းကုန်းသည် သူ၏ အကြည့်နှင့် ထိတွေ့ပြီးနောက် အချိန်အနည်းငယ် ကြာမှသာ ဖြည်းဖြည်းချင်း လက်ကို လွှတ်လိုက်သည်။
သူသည် ရူးသွပ်နေသည့်အလား မိမိကိုယ်ကို -
“ဘယ်လိုလုပ်ပြီး သေရတာလဲ၊ ဘယ်လိုလုပ်ပြီး သေရတာလဲ... ဖရဲသီး တစ်စိပ်အတွက်နဲ့လား။ ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီလိုပဲ ပြောမိတာကို၊ ဘာလို့... ဒီလောက်တောင် မိုက်မဲရတာလဲ ငါ့လို နံစော်တဲ့ ကပ်ပါးကောင်က ဘာလို့ ဖရဲသီး စားချင်ရတာလဲ၊ ဘာလို့ စားချင်ရတာလဲ”
ဟု တိုးတိတ်စွာ ပြောဆိုနေသည်။
လီကုန်းကုန်းသည် ပြောရင်းနှင့် မင်ကျင်း၏ ရုပ်အလောင်းကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ထရပ်ကာ မင်ကျင်းကို ကျောပိုး၍ မြို့ပြင်သို့ ထွက်ခွာသွားသည်။ လီကုန်းကုန်း မင်ကျင်း၏ ရုပ်အလောင်းကို မြှုပ်နှံပြီးချိန်တွင် သန်းခေါင်ယံ အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လီကုန်းကုန်းမှာ အလွန်ပင်ပန်းနွမ်းနယ်နေပြီး မြေပုံဘေးတွင် လှဲလျောင်းကာ အသက်ပြင်းပြင်း ရှူနေရသည်။ ဗိုက်ထဲမှလည်း ဆာလောင်မှုကြောင့် အူသံများ မြည်ဟီးနေသည်။
“မင်ကျင်း၊ သခင်လေးမှာ အခုလက်ရှိ ပိုက်ဆံ မရှိတော့လို့ မင်းအတွက် ဂူဗိမာန် မဆောက်ပေးနိုင်သေးဘူး။ ဒါပေမဲ့ မင်း စောင့်နေပါ၊ တစ်နေ့ကျရင် သခင်လေး မင်းအတွက် ခမ်းနားတဲ့ ဂူဗိမာန် ဆောက်ပေးမယ်။ ပြီးရင် အဲဒီလူတွေကို မင်းနဲ့အတူ အောက်ပြည်ကို လိုက်ပို့ပေးမယ်။”
လီကုန်းကုန်းမှာ တိုးညှင်းစွာ ရေရွတ်ရင်း အိပ်ပျော်သွားသည်။ မနက်စောစောတွင် သူသည် ပင်ပန်းနွမ်းနယ်သော ကိုယ်ခန္ဓာဖြင့် မြစ် ဘက်သို့ တရွတ်တိုက် သွားလိုက်သည်။ သူသည် ရေချိုးရန် ထိုင်ချလိုက်ပြီး ရေထဲတွင် ပေါ်နေသော မိမိ၏ ရုပ်ပုံကို မြင်လိုက်ရသောအခါ ရုတ်တရက် ကြောင်သွားသည်။ ထိုအိုမင်းရင့်ရော်နေသော၊ အမောဆို့နေသော မျက်နှာမှာ တကယ်ပင် သူ၏ မျက်နှာ ဟုတ်ပါသလော။
လီီကုန်းကုန်း၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာသည်။ သူသည် ထိုနေရာရှိ အရာအားလုံးမှာ အတုအယောင်များ ဖြစ်သည်ဟု ခံစားရသည်။ သူသည် ကပ်ပါးကောင် တစ်ယောက် မဟုတ် ဤသို့သော အကြောင်းမဲ့ အတွေးကြောင့် သူ ရုတ်တရက် ရယ်မောလိုက်ပြီး -
“ငါ တကယ် ရူးနေပြီ၊ ဒီအရာအားလုံးက အတုအယောင်လို့ သံသယ ဝင်နေမိတာလား။ မင်ကျင်းက ဖရဲသီးတစ်စိပ်အတွက်နဲ့ အရိုက်ခံသေရတာကို ငါ လက်မခံနိုင်တာ ဖြစ်မယ်။”
ဟု ဆိုသည်။
ထို့နောက် သူသည် မြစ်ထဲသို့ ခုန်ဆင်းကာ ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို ဆေးကြောလိုက်ပြီး မြက်ကြိုးဖြင့် ဆံပင်များကို သပ်ရပ်စွာ စည်းနှောင်လိုက်ကာ မြို့တော်ဆီသို့ ဦးတည် လျှောက်သွားလေသည်။ မြို့ထဲသို့ ဝင်ပြီးနောက် သူသည် အလုပ်သမား လိုအပ်သော ဆိုင်များကို လိုက်မေးသော်လည်း လီကုန်းကုန်း၏ ပုံစံကို မြင်သည်နှင့် မည်သူမျှ အလုပ်မပေးကြပေ။ လီကုန်းကုန်း၏ စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုတို့ ပေါ်လာသည်။
သူသာ ငယ်စဉ်ကတည်းက ကြိုးစားခဲ့ပါက၊ ကပ်ပါးကောင်အဖြစ်သာ နေမနေခဲ့ပါက မင်ကျင်း သေဆုံးလိမ့်မည် မဟုတ်ပေ။ သူလည်း တစ်ယောက်တည်း ကျန်ခဲ့မည် မဟုတ်ပေ။
“ဟေ့ကောင်၊ အလုပ် ရှာနေတာလား။ ငါ့အိမ်မှာ ဥယျာဉ်မြေဩဇာ သယ်မယ့်သူ လိုတယ်၊ မင်း လာမလား။”
လူတစ်ယောက်က လီကုန်းကုန်းကို အော်ခေါ်သည်။
လီကုန်းကုန်း၏ မျက်လုံးမှာ တောက်ပသွားပြီး -
“လာမယ်” ဟု ဆိုသည်။
...
“ဖန့်ငရဲမင်း၊ သူတို့သာ နိုးလာရင် မင်းကို စိတ်ထဲမှာ အငြိုးထားနေလိမ့်မယ် မဟုတ်လား။”
ချီယန်သူတော်စင်က ဖန့်ချန်ကို ကြည့်ကာ ထူးဆန်းသော လေသံဖြင့် မေးသည်။
“အငြိုးထားစရာ ဘာရှိလို့လဲ၊ ဒါက အတွေ့အကြုံပါ၊ မင်ကျင်းလည်း တကယ် သေတာ မဟုတ်ဘူးလေ။”
ဖန့်ချန်က ပြုံး၍ -
“ပြောရရင် ငါ ငယ်ငယ်တုန်းကလည်း ဒီလို အတွေ့အကြုံမျိုး ရှိဖူးတယ်၊ ဒါပေမဲ့ ငါကတော့ အစကတည်းက ဘာတစ်ခုမှ မမေ့ခဲ့ဘူး။”
ဟု ဆိုသည်။
ထိုအကြောင်းကို တွေးမိရင်း ဖန့်ချန်သည် လီဝူ နှင့် ချီယန်သူတော်စင်ကို ကြည့်၍ -
“မင်းတို့ နှစ်ယောက် သံသရာမသေမျိုးဂိုဏ်း အကြောင်း ကြားဖူးလား။”
ဟု မေးသည်။
လီဝူ နှင့် ချီယန်သူတော်စင်၏ မျက်လုံးများမှာ ဝေဝါးသွားပြီး မေးလိုက်သည်။
“ဘာ သံသရာမသေမျိုးဂိုဏ်း လဲ။”
“ဘာမှ မဟုတ်ပါဘူး။”
ဖန့်ချန် ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။ သူသည် လွမ်းချူးထျန်း နှင့် စကားပြောရန် ရည်ရွယ်ထားသည်။
အခန်း (၂၄၈၆) - အပြစ်ထမ်းထားရသူ
“လွမ်း အစ်ကိုကြီး၊ ဒီမှာ ငေးမောနေတာလား။”
ဖန့်ချန်သည် လွမ်းချူးထျန်း၏ ဘေးနားသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။ လွမ်းချူးထျန်းမှာ အနည်းငယ် ကြောင်သွားပြီးနောက် ရယ်မောလျက် -
“ဖန့်ညီလေး၊ ငါက ရှန်လုနန်းတော်က ကျောင်းသားတွေ ဘယ်တော့လောက် နန်းတော်ကိုးခု ကို ရောက်လာမလဲဆိုတာ တွေးနေတာပါ။”
ဟု ပြောသည်။
“ဂူဆရာကမှ ပြောထားတာပဲ၊ နှစ်ပေါင်း ၃၀ အတွင်းမှာ ရောက်နိုင်တယ်တဲ့။”
ဖန့်ချန်က ဆိုသည်။
လွမ်းချူးထျန်းက ခေါင်းညိတ်၍ -
“နှစ်ပေါင်း ၃၀ ဆိုတာ ကြာတယ်လို့ ဆိုရမလား၊ မကြာဘူးလို့ ဆိုရမလားပဲ။ ဒါဆိုလည်း ခဏတော့ စောင့်နေရမှာပေါ့။”
ဟု ပြောသည်။
“လွမ်းအစ်ကိုကြီး၊ ဒီတစ်ခါ ဆရာ့ဘက်ကနေ တစ်စုံတစ်ရာ လှုပ်ရှားဖို့ ရှိသေးလား။”
ဖန့်ချန်က အသံကို တိုး၍ မေးလိုက်သည်။
လွမ်းချူးထျန်းက ပြုံးစစဖြင့် -
“ဆရာ့ဘက်ကနေ ဘာများ လှုပ်ရှားစရာ ရှိမှာလဲ။ မင်းကတော့ ဘာမှ စိတ်မပူပါနဲ့၊ ဒီမှာပဲ သေချာ စောင့်ကြည့်နေရင် ရပါပြီ။”
ဟု ပြောသည်။
ဖန့်ချန်လည်း ထိုအကြောင်းအရာကို ဆက်မမေးတော့ဘဲ လွမ်းချူးထျန်းနှင့် အခြားသော အကြောင်းအရာများကိုသာ စကားစမြည် ပြောဆိုနေတော့သည်။ စကားပြောရင်းနှင့် ဖန့်ချန်က 'ပုရွက်ဆိတ်အသိုက်' တည်ရှိရာ နေရာများအကြောင်းကို စကားစလိုက်သည်။
လွမ်းချူးထျန်းမှာ ထိုအကြောင်းအရာကို အလွန်ပင် စိတ်ဝင်စားပုံရသည်။ အလွန်ပင် ကျွမ်းကျင်နှံ့စပ်နေသည် သူသည် အားစိုက်ထုတ်စရာမလိုဘဲ လုံးဝ ကွဲပြားခြားနားသော ပုရွက်ဆိတ်အသိုက် တည်ရှိရာ နေရာဒေသ ဒါဇင်နှင့်ချီ၍ ပြောပြနိုင်သည်။
ဖန့်ချန်က စမ်းသပ်သည့်အနေဖြင့် -
“လွမ်းအစ်ကိုကြီးက ဒီနှစ်တွေအတွင်း အပြင်ဘက်မှာ ပုရွက်ဆိတ်အသိုက်တွေကို သွားရောက် တိုက်ခိုက်နေတာလား။”
ဟု မေးသည်။
“ဟုတ်တယ်။”
လွမ်းချူးထျန်းက ပြုံးပြီး ခေါင်းညိတ်ကာ -
“ကမ္ဘာငယ် သူတော်စင် အဆင့်ကနေ ကမ္ဘာကြီး သူတော်စင် အဆင့် ကို တက်လှမ်းတဲ့ ကျောင်းသားတိုင်းက ဒီလမ်းကြောင်းကို မဖြစ်မနေ ဖြတ်သန်းကြရတာပဲ။ ငါကတော့ နေမင်းခုနှစ်ပါးခန်းမ ကနေ ကျောင်းပြီးခါစမှာ ရမှတ်တွေ ကောင်းတာကြောင့် တာဝန်ကြီးကြီး ပေးအပ်ခံခဲ့ရတယ်။ ကျောင်းပြီးတာနဲ့ ချက်ချင်း ထွက်သွားခဲ့ရတာပေါ့၊ ကြည့်လေ၊ အခုမှပဲ ပြန်ရောက်တော့တယ်။”
ဟု ပြောသည်။
“ဒါဆို အစ်ကိုကြီးတို့ မြင်တွေ့ခဲ့ရတဲ့ ကောင်းကင်လမ်းစဥ် တွေ အများကြီး ရှိမှာပေါ့။”
ဖန့်ချန်က သိချင်စိတ်ဖြင့် မေးသည်။
“မင်း ပြောတာက လမ်းမှား လျှောက်ထားတဲ့ ကောင်တွေ အကြောင်းမလား။”
လွမ်းချူးထျန်းက -
“သူတို့ထဲက အချို့က သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံလမ်းစဥ် လို့ ခေါ်ကြသလို၊ တခြား ရှုပ်ထွေးတဲ့ အမည်နာမတွေနဲ့လည်း ခေါ်ကြတယ်။ ဒါပေမဲ့ တစ်ခုတည်း တူတာကတော့ သူတို့ရဲ့ လက်ရှိ ကမ္ဘာကို အတွင်းကမ္ဘာအဖြစ် သတ်မှတ်ထားမှသာ ကမ္ဘာကြီး သူတော်စင်တွေနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်တာပဲ။ ဒါပေမဲ့ သူတို့က နေရာတစ်ခုမှာတင် ပိတ်မိနေပြီး အစစ်အမှန် ကမ္ဘာကြီး သူတော်စင်တွေလိုပဲ လွတ်လပ်ပေါ့ပါးစွာနဲ့ ဘယ်နေရာမဆို သွားနိုင်တဲ့ အခွင့်အရေးမျိုး မရှိကြဘူး။”
ဟု ပြောသည်။
“ငါက ဒီလို တည်ရှိမှုမျိုးတွေနဲ့ တိုက်ခိုက်ဖူးတယ်။ အချို့က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ကြဘူး၊ အလွယ်လေးပဲ ရှုံးသွားကြတယ်။ ဒါပေမဲ့ အချို့ကတော့ စွမ်းအား အရမ်းကြီးပြီး ငါကိုယ်တိုင်တောင် အတော်လေး အားထုတ်မှ အနိုင်ရခဲ့တာမျိုး ရှိတယ်။ သာမန် နယ်မြေပိုင်ရှင် တွေဆိုရင်တော့ သူတို့ရဲ့ ပြိုင်ဘက် ဖြစ်လာဖို့ တောင် မလွယ်ဘူး။”
လွမ်းချူးထျန်းက ရယ်မော၍ -
“အဲဒီနှစ်တွေက ငါတွေ့ခဲ့ရတဲ့ တည်ရှိမှုမျိုးတွေက အများကြီးပဲ။ အချို့က ခေါင်းမာကြပေမဲ့ တစ်ခါလောက် အရိုက်ခံရပြီးရင်တော့ ကြောက်သွားကြပြီး 'ချင်းမင် မဟာမိတ်အဖွဲ့' ထဲ ဝင်ဖို့ ဝန်မလေးကြတော့ဘူး၊ ငါတို့ စကားကို နားထောင်ကြတယ်။”
ဟု ဆိုသည်။
“ကောင်းကင်ဘုံလမ်းစဥ် မရှိတဲ့ ပုရွက်ဆိတ်အသိုက်တွေကတော့ ငါတို့ ချင်းမင် မဟာမိတ်အဖွဲ့ရဲ့ ကျွန်စစ်သည်တွေ ဖြစ်သွားကြတာပေါ့။ ကံကောင်းတာက ငါတို့က သူတို့ကို အသက်ရှင်ဖို့ လမ်းစတော့ ချန်ထားပေးပါတယ်။ အဲဒီ ကျွန်စစ်သည်တွေထဲက တစ်ယောက်ယောက်ကသာ 'သူတော်စင်လမ်းစဉ်' ကို လျှောက်လှမ်းနိုင်ပြီး သူတော်စင် ဖြစ်လာရင်တော့ လွတ်မြောက်ခွင့် ရသွားမှာပေါ့။”
ထိုအကြောင်းကို ပြောသည့်အခါ လွမ်းချူးထျန်းမှာ တစ်ခုခုကို သတိရသွားပုံဖြင့် မျက်လုံးများတွင် လေးနက်မှုနှင့် စဉ်းစားဟန်တို့ ပိုမို ပေါ်လွင်လာသည်။
ဖန့်ချန်က ပေါ့ပေါ့ပါးပါးဖြင့် -
“လွမ်းအစ်ကိုကြီးက အတွေ့အကြုံ ရင့်ကျက်သူဆိုတော့ ကျွန်တော်တို့ရဲ့ ချင်းမင် မဟာမိတ်အဖွဲ့က တကယ်တော့ ဘယ်လောက်တောင် ကြီးမားသလဲဆိုတာ သိလား။”
ဟု မေးလိုက်သည်။
“ဒါတော့ ပြောရခက်တယ်။ သီအိုရီအရဆိုရင် ငါတို့ ချင်းမင် မဟာမိတ်အဖွဲ့က သတ်မှတ်ထားတဲ့ နယ်မြေတိုင်းက ငါတို့ပိုင်တဲ့ နေရာတွေပေါ့။”
လွမ်းချူးထျန်း -
“ဒါပေမဲ့ အချို့သော ပုရွက်ဆိတ်အသိုက်တွေက ဒီအကြောင်းကို မသိကြဘူး၊ ဒါကြောင့် ငါတို့ ရောက်သွားတဲ့အခါ သူတို့က ခုခံကြသေးတယ်။ ပြောရရင် မဟာမိတ်အဖွဲ့က အမြဲလိုလို စစ်သည်အင်အား အများကြီးကို အပြင်ဘက်မှာ တိုက်ပွဲဝင်ခိုင်းနေရတာပဲ။ ငါပြောနေတာက ရှေ့တန်းမှာ လင်ယောင် မဟာမိတ်အဖွဲ့ နဲ့ တိုက်နေတာမျိုး မဟုတ်ဘူး၊ ပုရွက်ဆိတ်အသိုက်တွေကို သိမ်းပိုက်တာ။
ဒီကိစ္စက မဟာမိတ်အဖွဲ့ စတင်ခဲ့တဲ့အချိန်ကတည်းက တစ်ခါမှ ရပ်မသွားခဲ့ဘူး။ ဒါကြောင့် မဟာမိတ်အဖွဲ့ရဲ့ နယ်မြေတွေကလည်း အဆက်မပြတ် တိုးချဲ့နေတာပေါ့။”
ဟု ပြောသည်။
ဖန့်ချန်က ဆက်မေးသည်
“ဒါဆိုရင် အဲဒီကာလအတွင်းမှာ တိုက်ခိုက်ရ ခက်ခဲတဲ့ တည်ရှိမှုမျိုး မတွေ့ဖူးဘူးလား။ မဟာမိတ်အဖွဲ့အပြင်ဘက်မှာ ကမ္ဘာကြီး သူတော်စင်တွေထက် ပိုသန်မာတဲ့သူ မရှိဘူးလား။”
လွမ်းချူးထျန်းမှာ အတွေးနက်သွားပြီး လက်ဖက်ရည် တစ်ခွက်စာ အချိန်လောက် ကြာမှသာ ဖြည်းဖြည်းချင်း ပြောသည်။
“သာမန်အားဖြင့်ဆိုရင်တော့ မရှိသင့်ဘူး။ သူတို့ရဲ့ လမ်းကြောင်းက ကမ္ဘာကြီး သူတော်စင် အဆင့်ထိ ရောက်ရင်တင် အမြင့်ဆုံးပဲ။ နောက်ဆုံးတော့ သူတို့ရဲ့ လမ်းကြောင်းက လွဲမှားနေတာလေ၊ ငါတို့ရဲ့ 'သူတော်စင်လမ်းစဉ်' ကသာ အမှန်ကန်ဆုံးပဲ။ ဒါဟာ ကောင်းကင်ဘုံက ပေးတဲ့ လမ်းကြောင်းပဲ၊ ဖခင်နဲ့ သားဖြစ်နေရင်တောင် လျှောက်လှမ်းတဲ့ လမ်းကြောင်းက တူချင်မှ တူမှာ။ ဒါပေမဲ့……”
လွမ်းချူးထျန်းမှာ တစ်ခုခုကို ပြန်အမှတ်ရနေပုံဖြင့် စကားရပ်သွားပြီး စက္ကန့်အနည်းငယ် ကြာမှ ဆက်ပြောသည်။
“ငါတော့ ထူးဆန်းတဲ့ ကိစ္စအချို့ ကြုံဖူးတယ်။ အဲဒီသူတွေက ငါတို့ ကောင်းကင် ငါးပါး မဟာမိတ်အဖွဲ့က သူတော်စင်တွေ မဟုတ်ကြသလို၊ ငါတို့ရဲ့ သူတော်စင်လမ်းစဉ်ကိုလည်း မသုံးကြဘူး။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားကတော့ ထူးဆန်းနေတယ်။”
“ထူးဆန်းတယ် ဟုတ်လား။”
ဖန့်ချန်မှာ စိတ်ဝင်စားသွားပြီး -
“ဘယ်လို ထူးဆန်းတာလဲ။ ဟင်းလင်းပြင် ကွပ်မျက်သူ တွေလိုမျိုးလား။”
ဟု မေးသည်။
“သူတို့တွေလည်း မဟုတ်ပါဘူး။”
လွမ်းချူးထျန်းက ရယ်မော၍ ခေါင်းခါကာ -
“ပုရွက်ဆိတ်အသိုက်တွေမှာ မပြည့်စုံတဲ့ ယင်လောက ရှိတတ်တယ်၊ ဟင်းလင်းပြင် တံခါးပေါက်တွေလည်း ပေါ်လာတတ်တယ်။ ဒါပေမဲ့ အဲဒီနေရာကနေ ထွက်လာတဲ့ ဟင်းလင်းပြင် ကွပ်မျက်သူတွေရဲ့ စွမ်းအားက မင်း ထင်ထားတာထက် အများကြီး ပိုအားနည်းပါတယ်။ အဲဒီလို ထူးဆန်းတဲ့ နည်းလမ်းတွေ သူတို့ဆီမှာ မရှိနိုင်ဘူး။
ငါပြောတဲ့ ထူးဆန်းတာကတော့ သူတို့က ငါ့ရဲ့ အမှတ်တရ တချို့ကို ဖျောက်ပစ်နိုင်တဲ့ စွမ်းအား ရှိနေတာပဲ။ ဒီတစ်ခါ ငါ အထူးတလည် ပြန်လာပြီး ဆရာ့ကို ရှာတာကလည်း ငါ့ခန္ဓာကိုယ်မှာ ဘာပြဿနာ ဖြစ်နေလဲဆိုတာကို သိချင်လို့ပဲ။ ဒါပေမဲ့ ဆရာကိုယ်တိုင်တောင် ဘာမှ မသိလိုက်ဘူး။”
“မှတ်ဉာဏ်တချို့ ပျောက်သွားတာလား။”
ဖန့်ချန်၏ မျက်ဝန်းထဲတွင် လေးနက်မှုတို့ ပေါ်လာသည်။ သူကိုယ်တိုင် သမိုင်းမသေမျိုး စာအုပ် ထဲ ဝင်သွားတုန်းက ထွက်လာပြီးနောက်ပိုင်း အဲဒီထဲက တည်ရှိမှုတွေက သူ့ကို လုံးဝ မမှတ်မိတော့ပေ။
“ဟုတ်တယ်၊ ငါကတော့…… ငါ တစ်စုံတစ်ယောက်ရဲ့ လက်ချက်နဲ့ ရှုံးနိမ့်ခဲ့ရတယ်လို့ ခံစားရတယ်။ အဆိုးရွားဆုံး ရှုံးနိမ့်ခဲ့တာ၊ ငါ့ရဲ့ နတ်စစ်သည်တောင်မှ……”
လွမ်းချူးထျန်းက လက်ဝါးကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ လက်ထဲတွင် အလင်းတန်းများ တလက်လက် တောက်နေပြီး ဓားငယ်လေး တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထိုဓားငယ်လေးပေါ်တွင် သိသာထင်ရှားသော အက်ကွဲကြောင်းများ ရှိနေသည်။
“ငါ့ရဲ့ နတ်စစ်သည်တောင် ဒီလောက်တောင် ဒဏ်ရာပြင်းထန်နေပြီဆိုတော့ အလွန် ပြင်းထန်တဲ့ တိုက်ပွဲကို ဖြတ်သန်းခဲ့ရတာ သေချာတယ်။ ဒါပေမဲ့ ငါ့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာကို ငါ မမှတ်မိတော့ဘူး။ အဲဒီ တိုက်ပွဲအကြောင်း အသေးစိတ်ကိုလည်း မမှတ်မိတော့ဘူး။ ငါ သိတာက ငါနဲ့အတူ စစ်ထွက်ခဲ့တဲ့ အသက််််််််စွမ်းအင် ကျင့်ကြံသူ သုံးရာနဲ့ တစ်သောင်းခြောက်ထောင်သော တစ်ပိုင်းသူတော်စင်အားလုံး သေဆုံးကုန်ကြပြီ ဆိုတာပဲ။”
လွမ်းချူးထျန်းမှာ ထိုအကြောင်းကို ပြောရင်း အပြုံးမပီပြင်သော မျက်နှာဖြင့် -
“ဖန့်ညီလေး မသိသေးဘူးထင်တယ်၊ ငါက အခု အပြစ်ထမ်းထားရသူ ဖြစ်နေလို့ စုံစမ်းစစ်ဆေးရေးဌာန ရဲ့ စစ်ဆေးမှုကို ခံယူနေရတယ်။ သေဆုံးမှုက အရမ်း များပြားသွားတော့ မဟာမိတ်အဖွဲ့ထဲက ခေါင်းဆောင်ကြီးတွေက မကျေမနပ် ဖြစ်နေကြတယ်။
ဆရာက ငါ့အတွက် ပြောပေးထားပေမဲ့ ခဏအတွင်းမှာတော့ မဟာမိတ်အဖွဲ့အတွက် အလုပ်ပြန်လုပ်ပေးဖို့ မဖြစ်နိုင်တော့ဘူး။ သူတို့ မျက်လုံးထဲမှာ ငါက အယုံအကြည် မရှိတော့တဲ့သူ ဖြစ်သွားပြီ။”
ဟု ပြောသည်။
ဖန့်ချန်မှာ အလွန်ပင် တုန်လှုပ်သွားသည်။ ကျင့်ကြံသူ သုံးရာနှင့် တစ်ပိုင်းသူတော်စင် တစ်သောင်းခြောက်ထောင် သေဆုံးသွားသည်။ ပုရွက်ဆိတ်အသိုက်ဆိုတဲ့ နေရာမျိုးမှာ ဖြစ်ပျက်ခဲ့တာဆိုတော့ တိုက်ခိုက်သူက ချင်းမင် မဟာမိတ်အဖွဲ့က သူတော်စင် ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
“လွမ်းအစ်ကိုကြီး၊ တခြား ကောင်ူကင် လေးပါး က သူတော်စင်တွေ ဖြစ်နိုင်မလား။”
ဖန့်ချန်က မေးသည်။
လွမ်းချူးထျန်းက ခေါင်းညိတ်၍ -
“ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးရေးဌာန က စုံစမ်းနေတုန်းပဲ။ ဒါပေမဲ့ ငါ မကြာသေးခင်က ကျင့်ကြံရင်းနဲ့ ရံဖန်ရံခါ အကြားအာရုံ ထူးခြားမှု တွေ ကြုံနေရတယ်။ တစ်စုံတစ်ယောက်က ငါ့နားထဲမှာ စကားလုံး အချို့ကို ပြောနေသလိုပဲ။”
“ဘာတဲ့လဲ။”
“သံသရာ မသေမျိုးဂိုဏ်း တဲ့။”
လွမ်းချူးထျန်းက ပြတ်ပြတ်သားသားပင် -
“ဟုတ်တယ်၊ သံသရာ မသေမျိုးဂိုဏ်း ပဲ။ ငါက ရှေးဟောင်း မှတ်တမ်းတွေကို လိုက်ရှာပြီး ဒီအကြောင်း အချက်အလက် ရှိမလားလို့ ကြည့်မလို့လုပ်တာ၊ ရလဒ်ကတော့……”
ဖန့်ချန်သည် အစကတည်းက ခန့်မှန်းထားသော်လည်း ဤမျှ လွယ်လွယ်ကူကူနှင့် လွမ်းချူးထျန်း၏ ပါးစပ်မှ ထိုစကားလုံး လေးလုံးကို ကြားလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“လွမ်းအစ်ကိုကြီး၊ ရလဒ်က ဘာဖြစ်လဲ။”
ဖန့်ချန်က အသံကို တိုး၍ မေးလိုက်သည်။
“ဘာရလဒ်လဲ။”
လွမ်းချူးထျန်း၏ မျက်ဝန်းထဲတွင် ခဏတာ ဝေဝါးမှုတို့ ပေါ်လာပြီးနောက် ပေါ့ပေါ့ပါးပါးပင် -
“မင်း ခုနက ငါ့ကို ဘာမေးလိုက်တာလဲ။”
ဟု ပြန်မေးလေသည်။