← Chapters

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း (၂၅၁) မောင်အားတောင် ဒေသခံလမ်းပြ၊ ဟွမ်တာ့ရှန်း

မောင်အားတောင်ခြေရင်း၌ ဖြစ်၏။

ချုံပုတ်များထဲမှ သားရဲတစ်ကောင် ပုန်းအောင်းနေသည့်အလား တရှပ်ရှပ်မြည်သံတစ်ခု ထွက်ပေါ်လာလေသည်။

ဝမ်ယန်နှင့် အခြားသော ပညာတတ်လူငယ်မလေးများမှာ ထိုလှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ကြောက်ရွံ့လန့်ဖြန့်သွားကြပြီး မျက်နှာများ ဖြူလျော့ကာ ကိုယ်လုံးများ တောင့်တင်းသွားကြတော့သည်။

"တောင်ပေါ်တောင် မရောက်သေးဘဲ သားရဲတွေနဲ့ တွေ့နေရပြီလား..."

ပညာတတ်လူငယ်များအုပ်စုထဲတွင် ချီကန်းမိန် တစ်ယောက်သာလျှင် အတော်အသင့် တည်ငြိမ်နေဆဲ ဖြစ်လေသည်။ သူသည် နောက်ကျောသို့ လက်လှမ်း၍ ဓားမြှောင်တစ်လက်ကို ဆွဲယူလိုက်၏။

ချီကန်းမိန်သည် ချုံပုတ်များကို သတိကြီးစွာ စိုက်ကြည့်ရင်း ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။

ထိုစဉ် ချုံပုတ်များထဲမှ ကျီကျီကျာကျာ မြည်သံများ ထွက်ပေါ်လာတော့သည်။

သေးငယ်သွယ်လျသော သတ္တဝါလေးတစ်ကောင်သည် ချုံပုတ်ထဲမှ ထွက်လာပြီး မတ်တတ်ရပ်ကာ လေကို အနံ့ခံလိုက်ပြီးနောက် လီလန်ဆီသို့ ပြေးလာလေသည်။

"အား..."

"ကြွက်ကြီး…ကြွက်ကြီးဟေ့..."

ကျိုးချွန်းယန်မှာ ကြွက်များကို အလွန်ကြောက်ရွံ့တတ်သူဖြစ်ရာ တစ်ကိုယ်လုံး တုန်ယင်ကာ မျက်ရည်များပင် ကျလာတော့သည်။

"ဒါက ကျွန်တော့်ရဲ့ အဝါရောင်မြွေပါလေးပါ၊ ကြွက်မဟုတ်ပါဘူး..."

လီလန်က ရှင်းပြလိုက်သည်။

"ဟင်..."

ဝမ်ယန်မှာ ကြက်သေသေသွားလေသည်။

"အဖွဲ့ခေါင်းဆောင်လီ ရှင်... ရှင်ပြောတာ ဒီအကောင်က ရှင့်ရဲ့ အဝါရောင်မြွေပါဆိုတာလား..."

မျက်မှန်တပ်ထားသော ပညာတတ်လူငယ်မလေးမှာ မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။

"အင်း..."

လီလန်က ခေါင်းညိတ်ပြလိုက်၏။

သူက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်နှင့် တစ်ပြိုင်နက် အဝါရောင်မြွေပါလေးသည် လိမ္မာရေးခြားရှိစွာဖြင့် သူ၏ပခုံးမှနေ၍ လက်မောင်းကို ဆုပ်ကိုင်ကာ ဆင်းလာပြီး လီလန်၏ လက်ဖဝါးပေါ်သို့ ရောက်ရှိသွားလေသည်။

လီလန်သည် အဝါရောင်သားမွေးလေးနှင့် ထိုသတ္တဝါငယ်လေး၏ အမြီးကို ညင်သာစွာ ပွတ်သပ်ပေးရင်း လက်ထဲတွင် ပွေ့ချီထားလိုက်သည်။

ထိုသတ္တဝါငယ်လေးမှာ အနည်းငယ်မျှပင် ရုန်းကန်ခြင်းမရှိဘဲ မျက်လုံးများကို မှိတ်ထားကာ လီလန်၏ အယုအယကို သက်တောင့်သက်သာ ခံယူနေလေတော့သည်။

ဤမြင်ကွင်းက မြို့ကြီးမှလာသော ပညာတတ်လူငယ်မလေးများအုပ်စုကို မှင်သက်သွားစေလေသည်။

"ဝါး… အဖွဲ့ခေါင်းဆောင်လီ၊ ရှင်က တကယ့်ကို အံ့ဩစရာကောင်းတာပဲ..."

"ရှင်က အဝါရောင်မြွေပါကိုတောင် မွေးထားသေးတာကိုး..."

ဟွမ်တာ့ရှန်းဟုလည်း ခေါ်ကြသော အဝါရောင်မြွေပါမှာ ဤပညာတတ်လူငယ်များအတွက် အတော်လေး လျှို့ဝှက်ဆန်းကြယ်နေလေသည်။

"ငါ အရင်က ယွဲ့ဝေ့ချောင်ထန်မှတ်တမ်းစာအုပ်ကို ဖတ်ဖူးတယ်၊ အဲဒီထဲမှာ ဟွမ်တာ့ရှန်းတွေက လမ်းပိတ်ရပ်ပြီး ရာထူးတောင်းတတ်ကြတယ်လို့ ပါတယ်လေ၊ ဒါက အဲဒီအကောင်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား..."

ဝမ်ယန်က အဝါရောင်မြွေပါလေးကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"အဝါရောင်မြွေပါဆိုတာ အရှေ့ပိုင်းပြည်နယ်သုံးခုက အရှေ့မြောက်ပိုင်း မသေမျိုးငါးပါးထဲမှာ ပါဝင်တယ်လို့ ကြားဖူးတယ်၊ သူက ကံကောင်းခြင်းကို ကိုယ်စားပြုတယ်တဲ့၊ မိသားစုတစ်စုက ဟွမ်တာ့ရှန်းကို မွေးထားမယ်ဆိုရင် ကံကောင်းခြင်းတွေကို အိမ်ထဲကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲလို့ ဆိုကြတယ်၊ နောက်နှစ်မှာ ဘာပဲလုပ်လုပ် ရာသီဥတုလည်း သာယာပြီး ကံကောင်းမှုတွေ ရလာလိမ့်မယ်တဲ့လေ..."

ဆရာမတုံယွီရှုက ဖြည့်စွက်ပြောကြားလိုက်သည်။

"အစ်ကိုလီ ရှင်က တကယ်တော်လိုက်တာ၊ ရှင်မှာ ဟွမ်တာ့ရှန်းတောင် ရှိနေတယ်၊ ကျွန်မလည်း သူ့ကို ပွတ်သပ်ကြည့်လို့ ရမလား..."

လုအန်းနာသည် မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် လီလန်ကို ကြည့်ကာ မေးလိုက်သည်။

"ရပါတယ်..."

လီလန်က ခေါင်းညိတ်ပြလိုက်ပြီး အဝါရောင်မြွေပါလေးကို လှမ်းပေးလိုက်၏။

လုအန်းနာ လျှောက်လာသည်နှင့် တစ်ပြိုင်နက် အဝါရောင်မြွေပါလေးမှာ သူမ၏ လက်ကို အသာအယာ နင်းဖြတ်ကာ ပခုံးပေါ်သို့ ပြေးတက်သွားလေသည်။

လုအန်းနာမှာ ရွှေ့ပင်မရွှေ့ရဲတော့ပေ။

"လက်ကို ဖြန့်လိုက်ပါ၊ သူ အောက်ဆင်းလာလိမ့်မယ်..."

လီလန်က ပြုံး၍ ပြောလိုက်သည်။

ထိုအခါ လုအန်းနာက လက်ကို ဖြန့်ပေးလိုက်ရာ အဝါရောင်မြွေပါလေးသည် သူမ၏ လက်မောင်းတစ်လျှောက် လိမ္မာစွာ ဆင်းလာပြီး လက်ဖဝါးပေါ်တွင် ရပ်တန့်သွားလေတော့သည်။

လုအန်းနာသည် သတ္တိမွေး၍ သူ့ကို ထိတွေ့လိုက်ရာ အဝါရောင်မြွေပါလေးမှာ ငြင်းဆန်ခြင်းမရှိဘဲ သူမ၏ အယုအယကို ခံယူနေလေသည်။

"အိုး... တကယ့်ကို ချစ်စရာကောင်းတဲ့ ကောင်လေးပဲ..."

လုအန်းနာက ဝမ်းသာအားရ ရေရွတ်လိုက်သည်။

"ကျွန်မလည်း သူ့ကို ကိုင်ကြည့်ချင်တယ်..."

ဆရာမတုံယွီရှုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

အမွှေးထူထူ သတ္တဝါလေးများမှာ မိန်းကလေးများကြားတွင် အမြဲတမ်း ရေပန်းစားလေ့ရှိပေသည်။

အဝါရောင်မြွေပါလေးမှာ အန္တရာယ်မရှိကြောင်း မြင်လိုက်ရသဖြင့် ပညာတတ်လူငယ်မလေးအချို့မှာ ဝိုင်းအုံလာကြပြီး ဟွမ်တာ့ရှန်း၏ ချောမွေ့နေသော အမွှေးလေးများကို ထိတွေ့ရန် လက်လှမ်းလိုက်ကြသည်။

ဟွမ်တာ့ရှန်းသည် သူ၏ သေးငယ်သော မျက်လုံးလေးများဖြင့် လီလန်ကို လှမ်းကြည့်လိုက်၏။

သူက တရွှီးရွှီးအသံတစ်ခုကို ပြုလုပ်လိုက်လေသည်။

ဟွမ်တာ့ရှန်းမှာ စိတ်မရှည်တော့သဖြင့် လီလန်က ပြုံး၍ ပြောလိုက်သည်။

"ကဲ... မင်းတို့ သူ့ကို ကိုင်လို့ ဝလောက်ပြီပေါ့၊ အချိန်လည်း လင့်နေပြီဆိုတော့ တောင်ပေါ်ကို ဆက်တက်ကြရအောင်..."

လီလန်က လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အဝါရောင်မြွေပါလေးမှာ ပညာတတ်လူငယ်မလေး၏ လက်ပေါ်မှနေ၍ ဝှစ်ခနဲ ခုန်ထွက်သွားလေတော့သည်။

"အမလေး..."

ဤမျှလျင်မြန်လှသော အမြန်နှုန်းကြောင့် ဆရာမတုံယွီရှုနှင့် အခြားသော ပညာတတ်လူငယ်မလေးများမှာ လန့်ဖျပ်သွားကြသည်။

သူတို့ ဘာဖြစ်သွားမှန်း သတိထားမိချိန်တွင်မူ အမွှေးပွပွ အဝါရောင်သတ္တဝါလေးမှာ လီလန်၏ ပခုံးပေါ်၌ ခိုင်မြဲစွာ နေရာယူပြီးနေပြီ ဖြစ်သည်။

ဝမ်ယန်မှာ စိတ်ပျက်သွားဟန်ဖြင့်…

"ငါ ကစားလို့ မဝသေးဘူးဟ..."

"ကောင်လေးရေ... ဒီကို လာခဲ့၊ ဒါလေး စားမလား..."

ဝမ်ယန်သည် အာလူးတစ်လုံးကို ထုတ်ယူကာ တစ်ဖဲ့ဖဲ့လိုက်ပြီး အဝါရောင်မြွေပါလေးကို လှမ်းပြလိုက်သည်။

ဤသည်မှာ ဝမ်ယန် ယူဆောင်လာခဲ့သော ခြောက်သွေ့သည့် ရိက္ခာများပင် ဖြစ်သည်။

အဝါရောင်မြွေပါလေးမှာမူ ပညာတတ်လူငယ်မလေး၏ အစာဖြင့် မြှူဆွယ်ခြင်းကို လျစ်လျူရှုထားကာ လီလန်၏ ပခုံးပေါ်တွင်သာ ငြိမ်သက်စွာ နေလေသည်။

အဝါရောင်မြွေပါလေးက သူမကို လျစ်လျူရှုထားသည်ကို မြင်လိုက်ရသောအခါ ဝမ်ယန်မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားတော့သည်။

လီလန်က ရယ်မောလိုက်ပြီး...

"တာ့ဟွမ်က အသားပဲ စားတာ၊ အာလူးတွေ မစားဘူး..."

"ဟင်... ငါ မှတ်မိသလောက် အဝါရောင်မြွေပါတွေက အရာအားလုံးကို စားတတ်တယ် မဟုတ်ဘူးလား..."

ဝမ်ယန်က သံသယဝင်နေသော အကြည့်ဖြင့် ပြောလိုက်သည်။

လီလန်မှာ စကားတစ်ခွန်းမှ ပြန်မပြောဘဲ ပြုံးသာနေလိုက်လေသည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း ဟွမ်တာ့ရှန်းသည် တောင်ပေါ်မှဆင်း၍ လီလန်ထံသို့ မကြာခဏ လာရောက်လေ့ရှိပြီး တစ်လလျှင် ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် လာတတ်သည်။ လီလန်က သူ့ကို မြင်တိုင်း အသားတစ်တုံး အမြဲပေးလေ့ရှိ၏။

ဟွမ်တာ့ရှန်းမှာ ခန္ဓာကိုယ်သေးငယ်သလို အစားလည်း နည်းသဖြင့် အသားအများကြီး မစားနိုင်ချေ။ ထို့ကြောင့် လီလန်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုတော့ မဖြစ်ခဲ့ပေ။

ဟွမ်တာ့ရှန်းက အသားကို ယူသွားသော်လည်း ချက်ချင်းမစားဘဲ အသားတုံးကို ကိုက်ချီကာ တောင်ပေါ်သို့ ပြန်ပြေးတက်သွားလေ့ရှိသည်။

တာ့ဟွမ်တစ်ယောက် သူ့ကလေးများကို အစာသွားကျွေးခြင်းဖြစ်ကြောင်း လီလန် ကောင်းစွာ သိထားလေသည်။ အိမ်တွင်လည်း အဝါရောင်မြွေပါပေါက်စလေးနှစ်ကောင် ရှိနေသေးသည် မဟုတ်ပါလော။

သို့သော် လွန်ခဲ့သော လအနည်းငယ်အတွင်း အစာအလုံအလောက် ကျွေးမွေးပြီးနောက် တာ့ဟွမ်မှာ သိသိသာသာ ဝဖြိုးလာခဲ့ပြီး သူ၏ အမွှေးများမှာလည်း ပို၍ ချောမွတ်တောက်ပလာခဲ့လေသည်။

ယနေ့ မောင်အားတောင်သို့ မှိုခူးရန် သွားကြမည်ဖြစ်ရာ လီလန်က တာ့ဟွမ်ကို ခေါ်ယူပြီး လမ်းပြခိုင်းလိုက်ခြင်း ဖြစ်သည်။

တာ့ဟွမ်မှာ မောင်အားတောင်၏ ဒေသခံစစ်စစ် ဖြစ်သောကြောင့် လမ်းပြရန်အတွက် အသင့်တော်ဆုံးပင် ဖြစ်ပေသည်။

"အစ်ကိုလီ ကျွန်မတို့ မှိုခူးလို့ရမယ် ထင်လား..."

တောင်ပေါ်သို့ တက်နေရင်း လုအန်းနာက မေးလိုက်သည်။

မူလက သူတို့သည် ရွာထဲမှ အတွေ့အကြုံရှိသော မှိုရှာသမားတစ်ဦးကို လမ်းပြအဖြစ် ငှားရမ်းရန် စဉ်းစားခဲ့ကြသည်။

သို့သော် ရွာမှ အဘိုးအဘွားများမှာ မောင်အားတောင်သို့ သွားမည်ဟု ကြားလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံးက ခေါင်းခါကာ ငြင်းဆန်ခဲ့ကြလေသည်။

လုအန်းနာမှာ ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ မောင်အားတောင်မှာ မည်သို့သော ထူးခြားမှုမျိုး ရှိနေသဖြင့် သက်ကြီးရွယ်အိုများက ကြားသည်နှင့် ထွက်ပြေးချင်နေကြရသနည်း။

အဆုံးတွင်မူ တာဝန်ခံဟွမ်က လုအန်းနာကို လီလန်ထံ သွားရောက်အကူအညီတောင်းရန် အကြံပြုခဲ့သည်။

ပထမအချက်အနေဖြင့် လီလန်မှာ မီးနဂါးမုဆိုးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ ဒုတိယအချက်မှာ လီလန်သည် လွန်ခဲ့သော လအနည်းငယ်ကမှ မောင်အားတောင်သို့ သွားရောက်ခဲ့ပြီး သားကောင်အချို့ပင် ဖမ်းဆီးရမိခဲ့သဖြင့် အတွေ့အကြုံ ရှိပေသည်။

လုအန်းနာနှင့် လီလန်တို့မှာ ဆက်ဆံရေးကောင်းမွန်သဖြင့် သူမက လီလန်ကို ယနေ့ မှိုခူးမည့်ခရီးစဉ်အတွက် လမ်းပြအဖြစ် တောင်းဆိုခဲ့ခြင်း ဖြစ်လေသည်။

လီလန်မှာ မုဆိုးတစ်ဦးသာဖြစ်ပြီး တောင်ပေါ်မှိုရှာသမားတစ်ဦး မဟုတ်သောကြောင့် သဘာဝအလျောက် မှိုများကို ကောင်းစွာ မသိရှိနိုင်ပေ။ ထို့ကြောင့် လုအန်းနာက ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။

"မောင်အားတောင်က သိပ်ကို ကြီးမားကျယ်ပြန့်တယ်လေ ပြီးတော့ အခုက နွေဦးရာသီလည်း ရောက်နေပြီဆိုတော့ မှိုတွေ သေချာပေါက် ရှိမှာပေါ့..."

လီလန်က လုအန်းနာကို စဉ်းစားပင်မနေဘဲ ပြန်ဖြေလိုက်သည်။

တုတ်ဖြင့် အရူးသမင်ကို ရိုက်ပါ၊ ရေမှုတ်ဖြင့် ငါးခပ်ယူပါ၊ တောကြက်များကတော့ ထမင်းအိုးထဲသို့ အလိုလို ပျံဝင်လာပါလိမ့်မည်။

အရှေ့ပိုင်းပြည်နယ်သုံးခု၏ တောင်ကုန်းများနှင့် လွင်ပြင်များတွင် တောင်ပေါ်စာ အရသာရှိသော စားဖွယ်ရာများဖြင့် ပြည့်နှက်နေပေသည်။ ဘိုးဘွားများက မင်းတို့ကို နောက်ပြောင်နေသည်ဟု ထင်နေသလား။

"ဟုတ်တယ်နော်... မောင်အားတောင်က အဲဒီလောက်ကြီးတာ မှိုတွေ အများကြီးရှိနေမှာ အသေအချာပဲ..."

"အစ်ကိုလီ... ရှင် သည်လိုပြောလိုက်တော့မှပဲ ကျွန်မလည်း စိတ်အေးသွားတော့တယ်..."

လုအန်းနာက မျက်လုံးလေးများ မှိတ်ကျသွားသည်အထိ ပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ တာ့ဟွမ် ရှိနေတာပဲ ငါတို့ မရှာနိုင်ရင်တောင် သူကတော့ သေချာပေါက် ရှာနိုင်မှာပါ..."

လီလန်က ပြုံး၍ ပြောလိုက်သည်။

"တာ့ဟွမ်..."

လုအန်းနာသည် လီလန်၏ ပခုံးပေါ်ရှိ အဝါရောင်မြွေပါလေးကို လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲဟင်..."

ပညာတတ်လူငယ်မလေး လုအန်းနာက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဟွမ်မိသားစုက မောင်အားတောင်မှာ နေကြတာလေ သူက မောင်အားတောင်ရဲ့ ဒေသခံ သားရိုင်းတိရစ္ဆာန်တစ်ကောင်ပဲ..."

လီလန်က ဘာကိုမျှ ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။

တာ့ဟွမ်မှာ သူ၏ အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး သူတို့နှစ်ဦးမှာ စိတ်ချင်းဆက်သွယ်ထားကြလေသည်။ လီလန်အနေဖြင့် တောရိုင်းမှိုများဖြစ်စေ၊ ဆေးဖက်ဝင်အပင်များဖြစ်စေ မည်သည့် တောင်ပေါ်စာကိုမဆို ရှာဖွေချင်ပါက လီလန်၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေပေသည်။

ဤသည်မှာ စာချုပ်ဖြင့် ချိတ်ဆက်ထားသော အိမ်မွေးတိရစ္ဆာန်များ၏ အားသာချက်ပင် ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်များကို အထူးတလည် ယဉ်ပါးအောင် လေ့ကျင့်ပေးနေစရာမလိုဘဲ စာချုပ်ကတ် တစ်ခုသာ လိုအပ်ပေသည်။

"အိုး... ဒါဆို ဟွမ်မိသားစုက မောင်အားတောင်မှာ နေကြတာပေါ့..."

ပညာတတ်လူငယ်မလေးက အံ့ဩဝမ်းသာစွာဖြင့် ရေရွတ်လိုက်သည်။

ထိုစဉ် လီလန်၏ ပခုံးပေါ်တွင် ပျင်းရိစွာ နားခိုနေသော အဝါရောင်မြွေပါလေးသည် ရုတ်တရက် ခေါင်းထောင်လာကာ လေကို အနံ့ခံလိုက်ပြီး လီလန်ဘက်သို့ လှည့်၍ တရွီးရွှီးအသံများကို ပြုလုပ်လိုက်လေသည်။

"တာ့ဟွမ်... ဘာဖြစ်လို့လဲ..."

လီလန် စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သူတို့ဘေးနားရှိ လမ်းဆုံဆီမှ အခြေအနေတစ်ရပ် ဖြစ်ပေါ်လာလေတော့သည်။

All Chapters