← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း (၂၅၄) ယူနန်သားများ အလွန်အားကျသွားရသည့် ကြီးမားလှသော ကျန့်ရှိုးချင်း မှိုခင်းကြီး

"စားလို့မရတဲ့ ကွေကွမ်ကျွင်းမှိုဟုတ်လား..."

ကျိုးချွန်းယန်က အံ့သြတကြီး မေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ အခြားသော ပညာတတ်လူငယ်မလေးများက လီလန်ကို လှမ်းကြည့်လိုက်ကြ၏။

"ဟုတ်တယ်..."

လီလန်က ခေါင်းညိတ်ပြလိုက်သည်။

"ဒီမှိုတွေက စားလို့မရတဲ့ ကွေကွမ်ကျွင်းမှိုတွေပဲ၊ စားလိုက်ရင် အပြင်းအထန် ဝမ်းလျှောလိမ့်မယ်..."

ဝမ်းလျှောခြင်းဆိုသည်မှာ သာမန်ဝမ်းသွားခြင်းမျိုးဖြစ်သော်လည်း အပြင်းအထန် ဝမ်းလျှောခြင်းမှာ အစားအသောက် အဆိပ်သင့်ခြင်းနှင့် ဆင်တူလေသည်။

ဝမ်းလျှောခြင်းကို ကုသရန်မှာ အလွန်ရိုးရှင်းလှပြီး ကွမ်ယင်ရွှံ့စေးကို စားလိုက်ရုံပင် ဖြစ်သည်။ ကွမ်ယင်ရွှံ့စေးမှာ အစာမကြေနိုင်သောကြောင့် ဝမ်းလျှောခြင်းကို ကုသရန်အတွက် အကောင်းဆုံးပင်ဖြစ်၏။

သို့သော် လူတစ်ယောက်သည် လုံးဝ ရူးမိုက်နေခြင်းမျိုး မဟုတ်ဘဲ တောရိုင်းမှိုများမှာ အဆိပ်ရှိမှန်း သိသိရက်နှင့် ဆက်စားနေမည်လား။

"အဖွဲ့ခေါင်းဆောင်လီ ရှင်က တောင်ပေါ်က တောရိုင်းမှိုတွေကို ခွဲခြားသိတာလား..."

ဝမ်ယန်က အံ့သြတကြီးဖြင့် မေးလိုက်သည်။

လီလန်မှာ တောင်တက်သူတစ်ယောက် မဟုတ်ဘဲ မုဆိုးတစ်ယောက်သာဖြစ်ကြောင်း တာဝန်ခံဟွမ်ထံမှ သူမ သိထားခဲ့သည်။

မုဆိုးနှင့် တောင်တက်သူများအကြားတွင် ကွာခြားချက် ရှိလေသည်။ အချို့သော ရွာသားများမှာ တောင်တက်သမားရော မုဆိုးအဖြစ်ပါ နှစ်မျိုးစလုံးကို

လုပ်ကိုင်တတ်ကြ၏။

သို့သော်လည်း အချို့သော ရွာသားများမှာ အမဲလိုက်ခြင်းကို အထူးပြုလုပ်ကိုင်ကြပြီး အချို့ကမူ တောင်တက်ခြင်းကို အထူးပြုလုပ်ကိုင်ကြသော်လည်း တောင်တက်သမားများက အများစုဖြစ်နေဆဲပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မုဆိုးအဖွဲ့သို့ ဝင်ရောက်ရန်အတွက် သေနတ်ပစ်စွမ်းရည်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သားကောင်ရှာဖွေနိုင်စွမ်း စသည့် စစ်ဆေးမှုများကို ခံယူရသောကြောင့် ဖြစ်သည်။ အကယ်၍ စစ်ဆေးမှုကို မအောင်မြင်ပါက မုဆိုးတစ်ယောက် မဖြစ်နိုင်တော့ဘဲ တောင်တက်ခြင်းကိုသာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။

တစ်ဦးတည်းအနေဖြင့် မုဆိုးတစ်ယောက် ဖြစ်လာနိုင်သော်လည်း မုဆိုးအဖွဲ့သို့ မဝင်ဘဲ အမဲလိုက်သေနတ်တစ်လက်ဖြင့် တောင်ပေါ်သို့ တစ်ယောက်တည်း သွားရောက်ခြင်းမှာ အလွန်အန္တရာယ်များလှသည်။

တောင်ပေါင်းတစ်သောင်းဆီသို့ တစ်ယောက်တည်း ဝင်ရောက်ခြင်းမှာ သေချာပေါက် သေလမ်းရှာခြင်းပင် ဖြစ်၏။

ထို့ကြောင့် မုဆိုးဆိုသည်မှာ မုဆိုးသာဖြစ်ပြီး တောင်တက်သမားဆိုသည်မှာ တောင်တက်သမားသာဖြစ်သည်ဟူသော အချက်မှာ ရွှမ်းရွှေရွာတွင် အများသဘောတူ လက်ခံထားသော အချက်တစ်ခု ဖြစ်လာခဲ့သည်။

လီလန်မှာ မုဆိုးတစ်ယောက်ဖြစ်သည်ဟူသော အချက်မှာ ကျိုးချွန်းယန်၊ ဝမ်ယန်နှင့် အခြားသော ပညာတတ်လူငယ်မလေးများအကြားတွင်လည်း အများသဘောတူ လက်ခံထားသော အချက်တစ်ခု ဖြစ်လေသည်။

သို့သော် လီလန်တွင် တောင်တက်သမားဟူသော တိတ်တဆိတ် ဖုံးကွယ်ထားသည့် အခြားကိုယ်ပိုင်လက္ခဏာတစ်ခု ရှိနေသည်ကိုမူ သူတို့ လုံးဝ မသိခဲ့ကြပေ။

"အနည်းအကျဉ်းလောက်တော့ ခွဲခြားသိနိုင်ပါတယ်..."

လီလန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"အိုး အရမ်းကောင်းတာပဲ..ယန်ဇီ၊ ငါတို့တော့ ရွှေတွင်းတူးမိပြီ..."

ကျိုးချွန်းယန်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

ရဲဘော်လုအန်းနာကို ကျေးဇူးတင်ရမည်ဖြစ်သည်။ အကယ်၍ ရဲဘော်လုအန်းနာကသာ အဖွဲ့ခေါင်းဆောင်လီကို လမ်းပြအဖြစ် ခေါ်ဆောင်ရန် အကြံပြုမပေးခဲ့ပါက တောင်ပေါ်ရှိ မှိုများကို ခွဲခြားသိနိုင်သော လမ်းပြတစ်ယောက်ကို သူတို့ မည်သည့်နေရာတွင် သွားရှာနိုင်မည်နည်း။

ပညာတတ်လူငယ်မလေး အတော်များများမှာ လုအန်းနာကို မနာလိုသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

လုအန်းနာအနေဖြင့် လီလန်ကဲ့သို့ ထူးချွန်သော အဖော်တစ်ယောက် ရရှိထားသည်ကို သူတို့ မနာလိုဖြစ်မိကြ၏။

သူတို့၏ အကြည့်များကြောင့် ရှက်ရွံ့သွားသဖြင့် လုအန်းနာသည် ကျိုးချွန်းယန်၏ ခြင်းတောင်းထဲမှ ကွေကွမ်ကျွင်းမှိုများကို အမြန်ကောက်ယူလိုက်သည်။

"အစ်ကိုလီ… ရဲဘော်ချွန်းယန်တို့ကို ဘာကြောင့် ကွေကွမ်ကျွင်းမှိုတွေ စားလို့မရတာလဲဆိုတာ ရှင်းပြပေးနိုင်မလား..."

လီလန်သည် ကွေကွမ်ကျွင်းမှိုကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ငါတို့တောင်ပေါ်မှာ အဝါရောင်ကွေကွမ်ကျွင်းဖြစ်တဲ့ ခြေတံရှည်မှိုနဲ့ ထီး‌ဆောင်းမှိုစတဲ့ မှိုအမျိုးအစား အများကြီး ရှိတယ်..."

"မင်း လက်ထဲမှာ ကိုင်ထားတာက ခြေတံရှည်မှိုလို့ ခေါ်တယ် ဒီမှိုက ထီးဆောင်းမှိုနဲ့ အရမ်းတူပေမယ့် စားလိုက်ရင် ဝမ်းလျှောစေပြီး လူတွေရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို အဆိပ်သင့်စေတယ်..."

"သေချာကြည့်မယ်ဆိုရင် စားလို့ရတဲ့ ထီးဆောင်းမှိုရဲ့ မှိုပွင့်အောက်က အပေါက်တွေက နည်းနည်းကြီးပြီး မင်းရဲ့ ခြေတံရှည်မှိုအောက်က အပေါက်တွေကတော့ အရမ်းသေးငယ်နေတယ်..."

လုအန်းနာနှင့် ကျိုးချွန်းယန်တို့သည် မှိုတစ်ပွင့်စီကို ကောက်ယူ၍ သေချာစွာ စစ်ဆေးကြည့်လိုက်ကြသည်။ တကယ်ပင် မှိုပွင့်အောက်ရှိ အပေါက်ငယ်များမှာ လီလန်ပြောသည့်အတိုင်း ဖြစ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။

"ဝိုး…အစ်ကိုလီ ပြောတဲ့အတိုင်းပဲ..."

"ဒါတိုရင် ဒီမှိုက အဆိပ်ရှိတဲ့မှိုပဲ..."

ထိုမှိုမှာ အဆိပ်ရှိမှန်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် လုအန်းနာသည် ချက်ချင်းပင် လွှင့်ပစ်လိုက်ပြီး အဆိပ်များ အရေပြားထဲသို့ စိမ့်ဝင်သွားမည်ကို စိုးရိမ်သဖြင့် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်၍ သုတ်လိုက်လေသည်။

"မစားသရွေ့တော့ လက်ကို ဘာမှမဖြစ်ပါဘူး..."

လီလန်သည် ပညာတတ်လူငယ်မလေး လုအန်းနာကို စိတ်မပူရန် လက်ဟန်ခြေဟန်ဖြင့် ပြသရင်း ခေါင်းယမ်းလိုက်သည်။

လီလန်၏ စကားကို ကြားလိုက်ရသောအခါ လုအန်းနာသည် များစွာစိတ်သက်သာရာ ရသွားတော့၏။

"ဘာ... တကယ့်ကို စိတ်ပျက်စရာပဲ အဆိပ်ရှိတဲ့မှို ဖြစ်နေတာကိုး..."

ကျိုးချွန်းယန်သည် မှုန်ကုပ်နေသော မျက်နှာထားဖြင့် ဝါးခြင်းတောင်းထဲမှ မှိုများအားလုံးကို သွန်ချလိုက်သည်။

"လီရှန်းဟွာက တကယ့်ကို ယုတ်မာတာပဲ၊ သူမက ငါ့ကို အဆိပ်ရှိတဲ့မှိုတွေ ပေးခဲ့တယ်၊ သူမမှာ မကောင်းတဲ့ရည်ရွယ်ချက် ရှိနေတာပဲ..."

ကျိုးချွန်းယန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ဟုတ်တယ် လီရှန်းဟွာက ဘယ်လိုလုပ်ပြီး နင့်ကို အဆိပ်ရှိတဲ့မှိုတွေ ပေးနိုင်ရတာလဲ..."

"အဲ့မိန်းမက အရမ်းဆိုးဝါးတာပဲ သူမက နင့်ကို ဖျက်ဆီးနေတာ..."

"ကံကောင်းလို့ ဝမ်းလျှောစေတဲ့ တောရိုင်းမှိုတွေ ဖြစ်နေတာ တကယ်လို့ တခြားအဆိပ်ပြင်းတဲ့မှိုတွေသာဆိုရင် ရဲဘော်ချွန်းယန် ဘာဖြစ်သွားမလဲဆိုတာ ငါ တောင် မတွေးရဲတော့ဘူး..."

"..."

အခြားသော ပညာတတ်လူငယ်အချို့ကလည်း ကျိုးချွန်းယန်ဘက်မှ မားမားမတ်မတ်ရပ်တည်ပေးကြပြီး သူမအား အဆိပ်ရှိသောမှိုများ ပေးခဲ့သည်ဟု လီရှန်းဟွာကို စွပ်စွဲလိုက်ကြသည်။

"မရဘူး ငါတို့ ဒီကိစ္စကို ဒီအတိုင်း အဆုံးသတ်ခွင့်မပေးနိုင်ဘူး နောက်မှ ငါ လီရှန်းဟွာနဲ့ ဒီကိစ္စအကြောင်း စကားပြောရမယ်..."

"ငါက သူမအပေါ် ဘာရန်ငြိုးမှမရှိဘဲနဲ့ သူမက ဘာလို့ ငါ့ကို ဒုက္ခပေးချင်ရတာလဲ..."

ကျိုးချွန်းယန်သည် ဤစော်ကားမှုကို မမျိုသိပ်နိုင်ဘဲ မှိုများခူးဆွတ်ပြီး တောင်အောက်သို့ဆင်းပြီးနောက် လီရှန်းဟွာနှင့် စာရင်းရှင်းရန် စီစဉ်လိုက်သည်။

လီလန်မှာ တိတ်ဆိတ်စွာပင် နေလိုက်၏။

ဤခြေတံရှည်မှိုမှာ ထီးဆောင်းမှိုနှင့် အလွန်ဆင်တူပြီး အရောင်မှာလည်း များစွာတူညီလှသည်။

လီရှန်းဟွာသည် ထိုတောရိုင်းမှိုနှစ်မျိုးကို ရောထွေးသွားကာ အဆိပ်ရှိသောမှိုကို ကျိုးချွန်းယန်အား မှားယွင်းစွာ ပေးခဲ့ခြင်း ဖြစ်တန်ရာသည်။

လီလန်သည် လီရှန်းဟွာအတွက် ရှင်းပြပေးရန် ပျင်းရိနေသဖြင့် ဘေးသို့ဖယ်ရပ်ကာ ပွဲကိုသာ ကြည့်နေလိုက်တော့သည်။

ယွမ်တစ်ရာတိတိ တင်တောင်းစရိတ်တောင်းရဲသော မိန်းမမျိုးမှာ မည်သို့သော မိန်းမမျိုးနည်း။

သူမအနေဖြင့် အထင်လွဲခံရပြီး ပြဿနာများ တံခါးလာခေါက်သည့် ခံစားချက်ကို မြည်းစမ်းခွင့်ရရန် ထိုက်တန်လှပေသည်။

"အဖွဲ့ခေါင်းဆောင်လီကို ကျေးဇူးတင်ရမှာပဲ၊ အကယ်၍ သူသာ အဆိပ်ရှိမှန်း အချိန်မီ မခွဲခြားနိုင်ခဲ့ရင် ငါ ဒုက္ခရောက်သွားနိုင်တယ်..."

ကျိုးချွန်းယန်က လီလန်အား ကျေးဇူးတင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး..."

လီလန်က ခေါင်းယမ်းလိုက်သည်။

"ကောင်းပြီ၊ အချိန်ဖြုန်းမနေကြဘဲ တောင်ပေါ်ဆက်တက်ကြစို့..."

လီလန်သည် သူ၏ နာရီကို တစ်ချက်ကြည့်ရင်း ပြောလိုက်၏။

အချိန်တိုလေးအတွင်းမှာပင် နာရီဝက်ကျော် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

အချိန်သည် အလွန်အရေးကြီးကြောင်း သိထားသဖြင့် ပညာတတ်လူငယ်များမှာ ထပ်မံကြန့်ကြာနေရန် မဝံ့ရဲကြတော့ဘဲ မောင်အားတောင်ပေါ်သို့ ဆက်လက် တက်လှမ်းကြလေသည်။

ယခုဆိုလျှင် ဧပြီလ နွေဦးရာသီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ တောင်ပေါ်ရှိ နှင်းများ အရည်ပျော်သွားပြီ ဖြစ်သော်လည်း အပူချိန်မှာ နိမ့်ကျနေဆဲဖြစ်ပြီး အချို့သော နှင်းများမှာ အရည်မပျော်သေးပေ။ အရည်ပျော်သွားသော နှင်းများမှာ ရေအဖြစ်ပြောင်းလဲသွားကာ ရွှံ့နွံများနှင့် ရောနှောသွားသဖြင့် တောင်တက်လမ်းမှာ လမ်းလျှောက်ရန် အလွန်ခက်ခဲနေလေသည်။

မကြာမီမှာပင် သူတို့၏ ဖိနပ်များမှာ ရွှံ့များဖြင့် ဖုံးလွှမ်းသွားကာ ညစ်ပတ်ပြီး ကပ်စေးစေး ဖြစ်သွားတော့သည်။

"ဟေး... အဖွဲ့ခေါင်းဆောင်လီ ဟိုမှာကြည့်... ကျွန်မ တောရိုင်းမှိုခင်းကြီးတစ်ခုလုံးကို တွေ့လိုက်ပြီ..."

မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပြီးနောက် ပညာတတ်လူငယ်မလေး ဝမ်ယန်သည် ထောင့်တစ်နေရာရှိ သစ်ရွက်ခြောက်များ ဖုံးအုပ်နေသော နေရာကို ရုတ်တရက် လက်ညှိုးထိုးပြကာ လီလန်အား စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

သစ်ရွက်ခြောက်များ ဖုံးအုပ်နေသော နေရာများတွင် အနီရောင်မှို အတော်များများ ပေါက်ရောက်နေကြသည်။

"ဟင်..."

အဖွဲ့၏ ရှေ့ဆုံးမှ သွားနေသော လီလန်သည် ရပ်တန့်လိုက်ရာ သူ၏နောက်မှ လိုက်ပါလာသော ပညာတတ်လူငယ် အတော်များများလည်း ရပ်တန့်သွားကြသည်။

ဝမ်ယန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားပြီး သစ်ရွက်ခြောက်များကို သူမ၏ လက်များဖြင့် ဖယ်ရှားလိုက်လေသည်။

သစ်ရွက်ခြောက်များအောက်တွင်မူ အနီရောင် တောရိုင်းမှိုများမှာ တစ်ပွင့်ပြီးတစ်ပွင့် ထွက်ပေါ်လာကြ၏။

ကံကောင်းထောက်မစွာဖြင့် ဝမ်ယန်သည် မျက်စိရှင်သောကြောင့်သာဖြစ်ပြီး သို့မဟုတ်ပါက ဤမျှကြီးမားသော မှိုခင်းကြီးကို သူတို့ လွတ်သွားနိုင်ပေသည်။

"အဖွဲ့ခေါင်းဆောင်လီ ဒီတောရိုင်းမှိုတွေက စားလို့ရလား..."

ဝမ်ယန်က လီလန်အား စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

လီလန်က ခေါင်းညိတ်လိုက်ပြီး

"အင်း... ငါတို့ ကံကောင်းတာပဲ ဒါက ကြက်သွန်နီမှိုဖြစ်လို့ စားလို့ရတယ်..."

"အိုး.. အရမ်းကောင်းတာပဲ..."

ဝမ်ယန်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်ပြီး အမြန်ပင် ငုံ့ကာ ခူးဆွတ်လိုက်လေသည်။

"ယန်ဇီက မျက်စိအရမ်းရှင်တာပဲ၊ သူမက မှိုတွေ အများကြီးကို တကယ်ရှာတွေ့ခဲ့တာပဲ..."

ကျိုးချွန်းယန်က ဘေးမှနေ၍ အားကျစွာဖြင့် ပြောလိုက်သည်။

"ငါ ဒီမှိုကို အရင်က မြင်ဖူးသလိုမျိုး ဘာကြောင့် ခံစားနေရတာလဲ..."

ကျန်းချောင်ရင်က ရုတ်တရက် ပြောလိုက်သည်။

"ငါ မှတ်မိပြီ ဒါကျန့်ရှိုးချင်းပဲ... အရင်က ယူနန်က ငါ့သူငယ်ချင်းတစ်ယောက်က ငါ့ကို ဒီလို တောရိုင်းမှိုမျိုး ပို့ပေးဖူးတယ် ဒီမှိုတွေနဲ့ လုံးဝကို တစ်ပုံစံတည်းပဲ..."

ကျန်းချောင်ရင်က ရုတ်တရက် ဆက်ပြောလိုက်၏။

သူသည် မှိုခင်းရှိရာသို့ အမြန်ပြေးသွားပြီး မှိုတစ်ပွင့်ကို ငုံ့ခူးကာ မှိုပွင့်ကို ဆွဲဖြဲလိုက်သည်။

အံ့သြစရာကောင်းသည်မှာ မှိုပွင့်ကို ဆွဲဖြဲလိုက်သည်နှင့် တစ်ပြိုင်နက် မှိုသားမှာ အစိမ်းရောင်သို့ အမြန်ပြောင်းလဲသွားပြီးနောက် အပြာရောင်သို့ ပြောင်းလဲသွားတော့သည်။

"တကယ့်ကို ကျန့်ရှိုးချင်းပဲ..."

ကျန်းချောင်ရင်က အံ့သြတကြီးဖြင့် အော်ပြောလိုက်သည်။

"ရဲဘော် ကျန်းချောင်ရင် နင့်လို စာအုပ်ပိုးကောင်က စာဖတ်တာအပြင် တစ်ခါတလေကျရင် ဒီလောက် အသုံးဝင်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး..."

ကျိုးချွန်းယန်က စနောက်လိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ ပညာတတ်လူငယ်မလေး အတော်များများမှာ သဘောကျသွားကြသည်။

လီလန်ကလည်း ရယ်မောလိုက်ပြီး ပြောလိုက်၏။

"ဒါက တကယ့်ကို ကျန့်ရှိုးချင်းပဲ..."

"သူ့ကို အနီရောင်ထီးမှိုလို့လည်း ခေါ်ကြတယ်၊ ဒါမှမဟုတ် ငါတို့ ဒေသခံစကားနဲ့ဆိုရင် ကြက်သွန်နီမှိုလို့ ခေါ်တယ်၊ သူ့မှာ ပြင်းထန်တဲ့ ကြက်သွန်နီအနံ့ရှိပြီး မှိုသားက ထူထူထဲထဲရှိတာကြောင့် ကြော်စားရင်ဖြစ်ဖြစ် စွပ်ပြုတ်လုပ်သောက်ရင်ဖြစ်ဖြစ် အရမ်းအရသာရှိတယ်..."

All Chapters