အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈) နောက်ထပ် လျှို့ဝှက်သေတ္တာတစ်ခု ထပ်ဖွင့်ခြင်း၊ ထိပ်တန်းစာပေပညာရှင်တစ်ဦး၏ စာရေးသားခြင်း ပါရမီကို နိုးကြားစေခြင်း
ပုစွန်နီသီးများ၏ အပြင်ပန်းသဏ္ဍာန်မှာ မီးပုံးများနှင့်တူပြီး အခွံကို ခွာလိုက်သောအခါ အတွင်းရှိ အသီးများမှာ ပုလဲလုံးများကဲ့သို့ လုံးဝန်းနေပေသည်။
"ဒီတောသီးတွေက တော်တော်စားကောင်းတာပဲ၊ ချဉ်ဖန်ဖန် အရသာလေးနဲ့..."
လုအန်းနာသည် အသီးတစ်လုံးကို အခွံခွာ၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရင်း ပြောလိုက်သည်။
ပညာတတ်လူငယ်တိုင်းသည် ပုစွန်နီသီးအခိုင်များကို ကိုယ်စီကိုင်ဆောင်ထားကြပြီး ခရီးဆက်ရင်း တောရိုင်းသီးများကို မြိန်ယှက်စွာ စားသုံးနေကြသည်။
လီလန်က ရယ်မောလိုက်သည်။
"ပုစွန်နီသီးတွေက စားလို့ကောင်းပေမယ့် စင်္ကြာမင်းပင်လိုပဲ မမှည့်သေးရင် အဆိပ်ရှိတတ်လို့ လုံးဝမစားသင့်ဘူး..."
"အစ်ကိုလီ ဘယ်လိုအခြေအနေမျိုးမှာ အသီးက အဆိပ်ရှိတာလဲ..."
လုအန်းနာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ပုစွန်နီသီးဆိုတဲ့အတိုင်း အသီးက အနီရောင်ပြောင်းသွားမှသာ စားလို့ရတာ၊ အနီရောင်မပြောင်းသေးတဲ့ အသီးတွေကိုတော့ စားလို့မရဘူး..."
လီလန်က ရှင်းပြလိုက်သည်။
လီလန်၏စကားကို ကြားလိုက်ရသောအခါ ချီကန်းမိန်သည် သူခွာထားသော အသီးမှာ အစိမ်းရောင်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကံဆိုးလှချည်လားဟု ကျိန်ဆဲလိုက်ကာ မြေပြင်ပေါ်သို့ အမြန်ပစ်ချလိုက်ပြီး တစ်စစီဖြစ်သွားအောင် ခြေထောက်ဖြင့် နင်းချေပစ်လိုက်လေသည်။
"ဝုတ်... ဝုတ်..."
ထိုစဉ် ရှေ့မှလမ်းပြနေသော အမဲလိုက်ခွေး တာ့ဟွမ်က ဟောင်လိုက်သည်။
ထို့နောက် လီလန်က ပြောလိုက်သည်။
"တာ့ဟွမ်က မှိုခင်းတစ်ခုကို ရှာတွေ့သွားပြီ၊ မင်းတို့ သွားခူးကြလေ..."
လီလန်သည် မျက်စိရှင်သူပီပီ တာ့ဟွမ်၏ ဟောင်သံထွက်ပေါ်လာရာ အရပ်သို့ လိုက်ကြည့်လိုက်ရာ အဖြူရောင် တောရိုင်းမှိုအုပ်စုကို လှမ်းမြင်လိုက်ရသည်။
၎င်းမှာ စားသုံး၍ရသော အဖြူရောင်ထင်းရှူးမှိုများပင် ဖြစ်သည်။
ဤမှိုအမျိုးအစားများမှာ ထင်းရှူးပင်များအောက်တွင် ပေါက်ရောက်လေ့ရှိသည်။ လီလန်သည် အပေါ်သို့ မော့ကြည့်လိုက်ရာ ထင်းရှူးတောအုပ်တစ်ခုကို သေချာပေါက် တွေ့လိုက်ရလေသည်။
သူ စကားပြော၍ ပြီးသွားသော်လည်း ပညာတတ်လူငယ်များမှာမူ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်လီ အဲ့တောရိုင်းမှိုတွေက တကယ်စားလို့ရတာလား…”
ကျိုးချွန်းယန်ကလည်း ထင်းရှူးပင်အောက်ရှိ အဖြူရောင်မှိုခင်းကြီးကို သတိပြုမိသွားသည်။
အနီရောင်ထီး၊ အဖြူရောင်တိုင်၊ စားပြီးသွားရင် အတူတူ လဲလျောင်းကြစို့ ဆိုသည့်စကားလည်း ရှိသည်မဟုတ်ပါလား။
လီရှန်းဟွာက အဆိပ်ရှိသောမှိုများ လာပို့သည့်ဖြစ်ရပ် အပြီးတွင်မူ ဤပညာတတ်လူငယ်များမှာ ပို၍ သတိထားတတ်လာကြလေပြီ။
စား၍မရသော မည်သည့်မှိုကိုမျှ သူတို့ ထိတွေ့ရဲခြင်း မရှိတော့ပေ။
"ဟုတ်တယ်…စားလို့ရတယ် အဲ့ဟာက အဖြူရောင်ထင်းရှူးမှိုလေ..”
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
"ဟေး…ဘာစောင့်နေကြတာလဲ ယန်လေးရေ၊ မှိုသွားခူးကြစို့..."
မှိုများမှာ စား၍ရကြောင်း ကြားလိုက်ရသည်နှင့် ကျိုးချွန်းယန်သည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပင် ပြေးသွားတော့သည်။
အခြားသော ပညာတတ်လူငယ်မလေးများကလည်း တောင်းများကိုယ်စီ ကိုင်ဆောင်၍ ပြုံးရွှင်စွာဖြင့် နောက်မှ ကပ်လျက် လိုက်ပါသွားကြသည်။
ချီကန်းမိန်ကလည်း ဤအဖြူရောင်ထင်းရှူးမှို ဆိုသည်မှာ မည်သို့ပုံစံရှိသနည်းဟု သိချင်စိတ်ဖြင့် လိုက်သွားလေသည်။
စာအုပ်ပိုးကောင် ကျန်းချောင်ရင်ကမူ သစ်ငုတ်တိုတစ်ခုကို ရှာတွေ့သွားပြီး ထိုင်၍ အနားယူနေလေသည်။
"ရဲဘော်ကျန်း မင်းက မှိုမခူးဘူးလား..”
လီလန်က သူ့ကို သတိပြုမိသွားပြီး မေးလိုက်သည်။
"အိုး…ကျွန်တော်က ဝင်ပါရုံလေးပါ၊ ရဲဘော်ချွန်းယန်တို့ပဲ ခူးပါစေတော့၊ ကျွန်တော်က စားဖို့လောက်ပဲ စိတ်ဝင်စားတာ၊ ခူးစရာ မလိုပါဘူး..."
ကျန်းချောင်ရင်သည် စာအုပ်ပိုးကောင်ဖြစ်ရုံသာမက အလွန်လည်း ပျင်းရိလှသည်။ သူသည် လှုပ်ရှားရန်ပင် ပျင်းရိနေတတ်၏။ တာဝန်ခံဟွမ်က ပညာတတ်လူငယ်ရုံး တစ်ခုလုံးကို တောင်ပေါ်တက်၍ မှိုခူးရန် အမိန့်မပေးခဲ့လျှင် ယနေ့အချိန်အထိ သူသည် ကုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းရင်း ဝတ္ထုစာအုပ် ဖတ်နေလောက်ပြီဖြစ်သည်။
"မင်းက ဝတ္ထုဖတ်ရတာကို တကယ်ကြိုက်တာပဲ..."
လီလန်က ကျန်းချောင်ရင် အခြားစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်ကို မြင်သောအခါ အနားသို့ ကပ်သွားရင်း မေးလိုက်သည်။
"ဟုတ်ကဲ့…အလုပ်မှာ ငြီးငွေ့လာတဲ့အခါ ထုတ်ဖတ်ဖို့ ယူလာတာပါ..."
"အဖွဲ့ခေါင်းဆောင်လီရော ဖတ်ကြည့်ချင်လို့လား..."
ကျန်းချောင်ရင်က သူ၏လက်ထဲရှိ စာအုပ်ကို ကမ်းပေးလိုက်သည်။
၎င်းမှာ မျက်နှာဖုံးတွင် "နှင်းတိုင်းပြည်" ဟူသော စာလုံးအမည်းကြီးများ ရိုက်နှိပ်ထားသည့် ဝတ္ထုစာအုပ်တစ်အုပ် ဖြစ်သည်။
စာရေးသူမှာ ခါဝါဘာတာ ယာဆူနာရီ အမည်ရသော ဂျပန်လူမျိုးတစ်ဦးဖြစ်သည်။
"အိုး ဒီစာအုပ်ကိုး..."
လီလန်က အနည်းငယ် အံ့အားသင့်သွားသည်။
"ဘာလဲ…အဖွဲ့ခေါင်းဆောင်လီက ဖတ်ဖူးလို့လား..."
ဤတစ်ကြိမ်တွင် အံ့အားသင့်သွားသူမှာ ကျန်းချောင်ရင် ဖြစ်သည်။
"ဖတ်ဖူးတယ်လို့ပဲ ဆိုရမှာပေါ့..."
လီလန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
သူ၏ အတိတ်ဘဝတွင် အိပ်ရာထဲ၌ ဖျားနာနေချိန် ငြီးငွေ့လာပါက စာအုပ်အချို့ကို ကောက်ကိုင်၍ ဖတ်လေ့ရှိသည်။
ခါဝါဘာတာ ယာဆူနာရီ၏ "နှင်းတိုင်းပြည်" စာအုပ်ဆိုလျှင် သူ အကြိမ်ကြိမ်အခါခါ ဖတ်ခဲ့လွန်း၍ စုတ်ပြဲလုမတတ်ပင် ဖြစ်နေခဲ့ဖူးသည်။
ကျန်းချောင်ရင်မှာ ပို၍ပင် အံ့အားသင့်သွားရလေသည်။
ဤကျေးရွာလေးထဲတွင် ပုန်းကွယ်နေသော ပါရမီရှင်များ ပြည့်နှက်နေသည်ပဲ။ မုဆိုးတစ်ဦးဖြစ်သော လီလန်က ဂျပန်စာပေပညာရှင်များ ရေးသားထားသည့် ဝတ္ထုများကိုပင် ဖတ်ဖူးနေသည်လား။
"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားရဲ့ စိတ်ဝင်စားမှုနယ်ပယ်က တော်တော်ကျယ်ပြန့်တာပဲ အမဲလိုက်တာနဲ့ တောင်တက်တာအပြင် စာအုပ်တွေလည်း ဖတ်သေးတာလား..."
ကျန်းချောင်ရင်က စာအုပ်စာမျက်နှာများကို လှန်လှောကြည့်ရင်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"တစ်ခါတလေပေါ့..."
လီလန်၏ အကြည့်များမှာ မှိုခူးနေကြသော ပညာတတ်လူငယ်မလေးများဆီသို့ ရောက်ရှိသွားသည်။
"ရဲဘော်ကျန်း မင်းက ဝတ္ထုဖတ်ရတာကို တကယ်ကြိုက်တာပဲလား..."
လီလန်က မေးလိုက်သည်။
"သေချာတာပေါ့ စာအုပ်တွေထဲမှာ ဗဟုသုတတွေနဲ့ အလှတရားတွေ အများကြီး ပြည့်နှက်နေတယ်လေ..."
ကျန်းချောင်ရင်က ယဉ်ကျေးသိမ်မွေ့စွာ ပြန်ဖြေလိုက်သည်။
လီလန်က ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။
သို့ရာတွင် သူ၏ နောက်ထပ်စကားများက ကျန်းချောင်ရင်ကို ဆွံ့အသွားစေခဲ့သည်။
"ရဲဘော်ကျန်း မင်း ဝတ္ထုဖတ်ရတာကို အဲဒီလောက်တောင် ကြိုက်နေမှတော့ ကိုယ်တိုင်ကလောင်ကိုင်ပြီး ရေးကြည့်ဖို့ကော စဉ်းစားဖူးလား..."
သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော ဝတ္ထုရေးဆရာတိုင်းသည် စာဖတ်သူအဖြစ်မှ စတင်ခဲ့ကြခြင်းသာ ဖြစ်သည်။
"ကျွန်တော်ကလား ဝတ္ထုရေးရမယ်..."
ကျန်းချောင်ရင်က အံ့အားသင့်သွားသည်။
"ကျွန်တော် ရေးနိုင်ပါ့မလား..."
ကျန်းချောင်ရင်၏ အမူအရာမှာ မိမိကိုယ်ကို သံသယဝင်နေသည့်ပုံ ပေါ်နေသည်။
သူသည် စာဖတ်ခြင်းကို မြတ်နိုးပြီး အချိန်တိုင်းလိုလို စာအုပ်များနှင့်သာ အချိန်ကုန်ဆုံးလေ့ရှိကာ လုရွှင်၊ အိုက်လင်းချန်း၊ ရှန်ချုံးဝမ်၊ ချန်းကျုံးရှူ၊ ကဖ်ကာ၊ ခါဝါဘာတာ ယာဆူနာရီ နှင့် တော်စတွိုင်းတို့၏ လက်ရာများအပါအဝင် ပြည်တွင်းပြည်ပမှ ဝတ္ထုမျိုးစုံကို ဖတ်ရှုခဲ့ဖူးသော်လည်း...။
သူသည် ဝတ္ထုဖတ်ခြင်းကို တကယ်နှစ်သက်သလို စာပေထိပ်သီးကြီးများ ဖန်တီးထားသော စိတ်ကူးယဉ်ကမ္ဘာများထဲတွင် နစ်မြောနေရခြင်းကိုလည်း သဘောကျသည်။
သို့သော် ကိုယ်တိုင် စာရေးရမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်လာလျှင်မူ သူ တကယ်ကို မစဉ်းစားခဲ့ဖူးပေ။
"မစမ်းကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ..."
လီလန်က ပြုံးလိုက်သည်။
"ဘယ်သူမှ အစကတည်းက ဝတ္ထုရေးဆရာ ဖြစ်မလာပါဘူး လုရွှင်ဆိုရင်လည်း အစက ဆေးပညာကို သင်ယူခဲ့ပေမယ့် နောက်ပိုင်းမှာ စာပေအတွက် ဆေးပညာကို စွန့်လွှတ်ခဲ့ပြီး ကလောင်ကိုင်ကာ 'အရူးတစ်ယောက်၏ နေ့စဉ်မှတ်တမ်း' နဲ့ 'ကောင်းချီးမင်္ဂလာ' တို့ကို ရေးသားခဲ့တာပဲ မဟုတ်လား..."
ကျန်းချောင်ရင်က အလွန်ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"အိုး... ကျွန်တော်က ဆရာကြီးလုရွှင်နဲ့တော့ ဘယ်ဝံ့ပါ့မလဲ၊ သူက တရုတ်သမ္မတနိုင်ငံခေတ်က ကြီးကျယ်ခမ်းနားတဲ့ စာရေးဆရာကြီးဖြစ်ပြီး နိုင်ငံတော်အသိပညာပေးရေးရဲ့ လမ်းပြကြယ်တစ်ပွင့်ပဲလေ..." (တရုတ်ပြည်သူ့သမ္မတနိုင်ငံလို့ မူရင်းမှာပါလာတာပါနော်)
"ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်လီ ပြောတာလည်း မှန်ပါတယ် ကျွန်တော် စာအုပ်တွေ အများကြီး ဖတ်ခဲ့ပေမယ့် ဖတ်ရုံနဲ့တော့ မလုံလောက်ဘူး၊ ရေးဖို့လည်း လိုအပ်တယ်၊ ကလောင်ကိုင်ပြီး ရေးကြည့်ဖို့ ကြိုးစားသင့်တယ်..."
ကျန်းချောင်ရင်၏ မျက်လုံးများမှာ တောက်ပလာပြီး ယုံကြည်မှုများလည်း အပြည့်အဝ ရှိလာလေသည်။
လီလန်က သူ့ကို အလင်းပြလိုက်သည့်နှယ် ဖြစ်သွားပြီး ဘဝ၏ လမ်းကြောင်းမှန်ကို ရှာတွေ့သွားသကဲ့သို့ ယခင်ကလို လမ်းပျောက်နေခြင်းမျိုး မရှိတော့ပေ။
လီလန်သည် သူ့ကို အတော်လေး အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်မိသည်။
လီလန် မသိခဲ့သည့်အချက်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျန်းချောင်ရင်သည် ကူဟွာ ဟူသော အခြားကလောင်အမည်တစ်ခုဖြင့် “ဖူရုန်ကျန်းမြို့ငယ်လေး” ဟူသည့် လက်ရာမွန်ကို ရေးသားခဲ့ပြီး ပထမဆုံးအကြိမ် မော်တွန်း စာပေဆုကို ဆွတ်ခူးရရှိချိန်၌ သူ၏ ဆုလက်ခံစကားတွင် အောက်ပါအတိုင်း ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။
"ကျွန်တော့်ကို ဝတ္ထုရေးတဲ့ လမ်းကြောင်းပေါ် ရောက်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ လူတစ်ယောက်ကို ရိုးသားစွာ ကျေးဇူးတင်ချင်ပါတယ်... အဲဒါက ၁၉၆၁ ခုနှစ် နွေဦးပေါက်မှာ ကျွန်တော် ကျောက်ဘိုင်တောင်တန်း ခြေရင်းက ရွာငယ်လေးတစ်ရွာမှာ အလုပ်ဆင်းဖို့ စေလွှတ်ခံရချိန်တုန်းကပါ... တစ်နေ့မှာ ပညာတတ်လူငယ်ရုံးက ရဲဘော်တွေနဲ့အတူ မှိုခူးဖို့ တောင်ပေါ်တက်ရင်း ကျွန်တော့်ရဲ့ ဝတ္ထုရေးသားခြင်း ခရီးလမ်းအတွက် ပထမဆုံး လမ်းပြဆရာဖြစ်တဲ့ လီလန်နဲ့ ဆုံတွေ့ခဲ့ရတယ်... အဖွဲ့ခေါင်းဆောင်လီက ကျွန်တော့်ကို ဝတ္ထုရေးနိုင်သလားလို့ မေးတယ်... ကျွန်တော်က မရေးနိုင်ဘူးလို့ ဖြေခဲ့တယ်... အဲဒီအခါ သူက 'မင်းက စာအုပ်တွေ အများကြီး ဖတ်ဖူးတာပဲ၊ ဘာလို့ ကလောင်ကိုင်ပြီး ရေးဖို့ မကြိုးစားကြည့်တာလဲ' လို့ ပြောခဲ့တယ်... သူ့စကားက အဓိပ္ပာယ်ရှိတယ်လို့ တွေးမိတာနဲ့ ကလောင်ကိုင်ပြီး စာကြမ်းရွက်တွေပေါ်မှာ စတင်ရေးသားခဲ့တယ်... ကျွန်တော် ဆက်တိုက် ရေးရင်းရေးရင်းနဲ့ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားတဲ့အခါ ဖူရုန်ကျန်းမြို့ငယ်လေးကို ရေးသားနိုင်ခဲ့ပါတယ်..."
"..."
"အဖွဲ့ခေါင်းဆောင်လီ၊ တကယ့်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကို သတိပေးလို့ ကျေးဇူးတင်ပါတယ်..."
"ခင်ဗျားရဲ့ စကားတွေက သတိပေးခေါင်းလောင်းသံတစ်ခုလိုပါပဲ၊ ကျွန်တော် အများကြီး အကျိုးရှိသွားသလို အများကြီးလည်း သင်ယူလိုက်ရပါတယ်..."
ကျန်းချောင်ရင်က ရိုးသားစွာပင် ပြောလိုက်သည်။
[ဒင်... ကျန်းချောင်ရင်၏ နှစ်သက်ခြင်းအမှတ် +၂၀၀၀]
[ဒင်... ကျန်းချောင်ရင်၏ နှစ်သက်ခြင်းအမှတ် +၂၀၀၀]
“ဟင်..”
စနစ်၏ အသိပေးသံကို ကြားလိုက်ရသောအခါ လီလန် အတော်လေး အံ့အားသင့်သွားသည်။
ထိုခဏလေးအတွင်းမှာပင် ကျန်းချောင်ရင်၏ သူ့အပေါ် နှစ်သက်မှုမှာ အမှတ် ၄၀၀၀ အထိ တိုးလာခဲ့သည်လေ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
လီလန်မှာ အလွန်အံ့အားသင့်နေမိသည်။
"ငါက မရည်ရွယ်ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့ စကားတစ်ခွန်းနဲ့တင် သူ့ကို ဘဝရဲ့ လမ်းကြောင်းမှန်ပေါ် ရောက်သွားစေပြီး လမ်းပျောက်နေတာကနေ ရုန်းထွက်နိုင်ဖို့ ကူညီပေးလိုက်သလို ဖြစ်သွားတာများလား..."
ဤအချက်တစ်ချက်တည်းကသာ ရုတ်တရက် မြင့်တက်လာသော "နှစ်သက်ခြင်းအမှတ်" ၏ အကြောင်းရင်းကို ရှင်းပြနိုင်ပေလိမ့်မည်။
လီလန်၏ "နေ့စဉ်လျှို့ဝှက်သေတ္တာ" စနစ်အပေါ် နားလည်ထားမှုအရ "နှစ်သက်ခြင်းအမှတ်" ရုတ်တရက် မြင့်တက်လာပြီး အမှတ်များ တိုးလာခြင်းမှာ တစ်စုံတစ်ယောက်၏ မိမိအပေါ် ခံစားချက်က အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားမှသာ ဖြစ်နိုင်ပေသည်။
ထိုအမြင့်ဆုံးအမှတ်ဆိုသည်မှာ ချစ်ခြင်းမေတ္တာ၊ အခက်အခဲကြုံနေချိန်တွင် ကူညီဖေးမမှု သို့မဟုတ်... အစောပိုင်း ပညာပေးလမ်းညွှန်မှုများပင် ဖြစ်နိုင်မည်လား။
လီလန် အာရုံစိုက် စဉ်းစားနေစဉ် သူ့စိတ်ထဲတွင် ရင်းနှီးနေသော သတ္တုသံဖြင့် အသိပေးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
[ဒင်...]
[ယနေ့အတွက် လျှို့ဝှက်သေတ္တာ ကမ်းလှမ်းမှုများကို အဆင့်မြှင့်တင်လိုက်ပါပြီ။]
[ပိုင်ရှင်၏ လက်ရှိအမှတ်များ - ၅၁၂၀။]
[နေ့စဉ်လျှို့ဝှက်သေတ္တာကို လဲလှယ်လိုပါသလား။]
အမှတ် ၅၁၂၀ ဖြင့် အဆင့် ၄ လျှို့ဝှက်သေတ္တာ တစ်ခုကို လဲလှယ်နိုင်သည်။
လီလန်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် "လဲလှယ်မယ်..." ဟု ပြောလိုက်သည်။
[လဲလှယ်ခြင်း အောင်မြင်ပါသည်။]
[အမှတ် ၄၀၀၀ နှုတ်ယူပြီးနောက် ပိုင်ရှင်၏ ကျန်ရှိသော နှစ်သက်ခြင်းအမှတ်- ၁၁၂၀။]
[သင်၏ အဆင့် ၄ လျှို့ဝှက်သေတ္တာကို ဖွင့်လှစ်နေပါသည်...]
[အောင်မြင်စွာ ဖွင့်လှစ်ပြီးပါပြီ။]
[ဂုဏ်ယူပါတယ် ပိုင်ရှင်၊ သင် ရရှိထားသည်မှာ...]