အခန်း ၇၀၃
Vol. 60 Ch. 703
အပိုင်း (၇၀၃)
အိမ်ရှေ့စံ ရှကျူးက ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “ခမည်းတော်၊ ယွင်ကျုံးဟဲ့... ခင်ဗျားတို့ အဘိုးနဲ့ မြေးရဲ့ ကြင်နာမှုနဲ့ မိဘကျေးဇူး သိတတ်မှုက တကယ်ကို ရင်နင့်စရာ ကောင်းတာပဲ။ ခမည်းတော် အသက်အန္တရာယ် ရှိနေချိန်မှာတောင် ယွင်ကျုံးဟဲ့က အစွမ်းကုန် ကြိုးစားပြီး သူ့အသက်ကိုတောင် ပဓာန မထားဘဲ သွားကယ်ခဲ့တယ်။ တကယ်လို့ ခမည်းတော်သာ သတိမရလာခဲ့ရင် သူ သေဒဏ် ပေးခံရမှာလေ။
ဒါကြောင့်လည်း ခမည်းတော်က သူ့ရဲ့ ဖြူစင်တဲ့ စိတ်ထားကို မြင်တွေ့သွားပြီး တာရှအင်ပါယာရဲ့ ထီးနန်းကို လုံးဝတွေဝေမှု မရှိဘဲ ပေးချင်ခဲ့တာ။ ကောင်ကျူ ချန်ထားခဲ့တဲ့ အဖိုးတန် ရတနာကိုလည်း ပေးချင်ခဲ့တာ။ ဒါပေမဲ့ ဒါတွေ အားလုံးကလည်း အမှောင် သခင်ကြီးရဲ့ အကြံအစည်တွေချည်းပါပဲ။ အတိုတောင်းဆုံး အချိန် အတွင်းမှာ ခင်ဗျားတို့ အဘိုးနဲ့မြေး နှစ်ယောက်ကို နက်ရှိုင်းတဲ့ သံယောဇဉ်တွေ ဖြစ်လာအောင် လုပ်ခဲ့တာလေ။”
ဧကရာဇ် ယုံချီက ပြောလိုက်၏။ “ကျုပ်နဲ့ မြေးလေး ယွင်ကျုံးဟဲ့ရဲ့ သံယောဇဉ်က သွေးမျိုးဆက် တော်စပ်မှု ကနေ လာတာပါ။ ဘာအကြံအစည်မှ မလိုဘူး။ သူ ကျုပ်ကို ကယ်ကယ်၊ မကယ်ကယ်၊ သူ ကျုပ်ကို အရမ်း မုန်းပြီး သူ့အဖေအတွက် လက်စားချေဖို့ ကျုပ်ကို သတ်ချင်ရင်တောင် ကျုပ် အရာအားလုံးကို သူ့ဆီ ပေးအပ်မှာပါ။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတော်က သူ့အပိုင် ဖြစ်လို့ပဲ။”
ကုန်းဆွန်းယန်က ယွင်ကျုံးဟဲ့ကို ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ခင်ဗျား အရင်က လောက တစ်ခုလုံး အမှောင် ကျနေပြီလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်က အခုလို အခြေအနေ မရောက်သေးဘူး။ အခုမှ ခင်ဗျား တကယ် မျှော်လင့်ချက်မဲ့ သင့်တာ။
လောကကြီး ဒီလောက် ကျယ်ဝန်းတာတောင် ခင်ဗျား ရပ်တည်စရာ နေရာ တစ်နေရာမှ မရှိတော့ဘူး။ ခင်ဗျား မျက်လုံးနဲ့ မြင်နိုင်သမျှ နေရာတိုင်း အမှောင်ထုက ဖုံးလွှမ်းနေပြီ။ အရှေ့တိုင်းလောက တစ်ခုလုံး ကျဆုံးသွားပြီ။ ကျုပ်တို့ တာရှန်း မိစ္ဆာနိုင်ငံတော်က လောက တစ်ခုလုံးကို လုံးဝ လွှမ်းမိုးသွားပြီ။
ဟုတ်သားပဲ။ ခင်ဗျားရဲ့ နောက်ထပ် မွေးစားအဖေ တစ်ယောက်ကို သိလား။ ဆိုလိုတာက ကျုပ်ရဲ့ အစ်ကို ကုန်းဆွန်းမာ၊ ပြီးတော့ ကျုပ်ရဲ့ အစ်မ ကုန်းဆွန်းလုံလေ။ အဲဒီနှစ်ယောက်က အရေးကြီးတဲ့ အချိန်မှာ ကျုပ်တို့ တာယင်ကို သစ္စာဖောက်ပြီး ခင်ဗျားတို့ ကလေး နှစ်ယောက်ကို ကာကွယ်ဖို့ တစ်ယောက်က အသက် ပေးဆပ်ခဲ့ရတယ်။ နောက်တစ်ယောက်ကတော့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံး အဖြတ်ခံရပြီး ခေါင်းနဲ့ကိုယ်လုံးပဲ ကျန်ပြီးတော့ တစ်သက်လုံး အကျဉ်းချ ခံလိုက်ရတယ်။”
ကုန်းဆွန်းယန်က ပြောလိုက်၏။ “ကြည့်ရတာ သူတို့ စိတ်ထဲမှာလည်း အလင်းရောင်ကို တောင့်တနေကြပုံ ရတယ်။ အရေးကြီးတဲ့ အချိန်ကျမှ အမှန်တရားကို သိသွားလို့ တာယင်ကို သစ္စာဖောက်ခဲ့တာလေ။ ဒါပေမဲ့ သူတို့က အရမ်း ဖြူစင်လွန်းတယ်။ ဒီလောကမှာ ဘယ်မှာ အလင်းနဲ့ အမှောင် ဆိုတာ ရှိလို့လဲ။ မိုးလင်းတာနဲ့ မိုးချုပ်တာက စကြာဝဠာရဲ့ နိယာမပဲ။ နေ့နဲ့ည ပြောင်းလဲတာက လောကရဲ့ အမှန်တရားပဲ။”
ယောင်ရောင်က ယွင်ကျုံးဟဲ့ ဆီသို့ လက်ကမ်းကာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ရှင့်လက်ထဲက ပေလိပ်ကို ပေးလိုက်ပါတော့။ ဒီပစ္စည်းကြောင့်သာ မဟုတ်ရင် ရှင် သေတာ ကြာလှပြီ။ အခု ဒီအဖိုးတန် ရတနာလည်း ရပြီ ဆိုတော့ ရှင့်ရဲ့တာဝန်လည်း ပြီးဆုံးသွားပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “တာယင် ဧကရာဇ်မင်းမြတ်က ဘာလို့ ကိုယ်တိုင် လာမယူတာလဲ။”
ယောင်ရောင်က ဖြေလိုက်သည်။ “သူက အရေးကြီးတဲ့ အချိန်ကို ရောက်နေလို့ လာဖို့ အချိန် မရှိဘူး။”
ဧကရာဇ် ယုံချီက တည်ငြိမ်စွာ ပြောလိုက်၏။ “မြေးလေး... ဒီလောကမှာ မဖြစ်နိုင်မှန်း သိသိနဲ့ လုပ်တယ် ဆိုတဲ့ ကိစ္စ တစ်ခု ရှိတယ်။ မနေ့ညက မင်း ပိုင်ဖေးဖေး အကြောင်း ငါ့ကို ပြောပြတုန်းက ငါနဲ့ ပုံမှန် စကားပြောနေရင်း လက်နဲ့ စားပွဲပေါ်မှာ စာရေးပြီး ငါတို့ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက တာယင် ဧကရာဇ်ရဲ့ အကောက်ကြံမှုတွေပဲလို့ ပြောပြခဲ့တယ်။
ပြီးတော့ ကောင်ကျူ သေတမ်းစာကို မင်းဆီ ပေးအပ်ချင်သေးလားလို့ မေးခဲ့တယ်။ အဲဒီတုန်းက ငါ ပြန်ဖြေခဲ့တာက မဖြစ်နိုင်မှန်းသိသိနဲ့ လုပ်တယ်လို့ပဲ။ ဒါကြောင့် ငါ မင်းဆီ ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။”
ထိုစကားကြောင့် ကုန်းဆွန်းယန် နှင့် ယောင်ရောင်တို့၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။
‘ယွင်ကျုံးဟဲ့ နဲ့ ဧကရာဇ် ယုံချီ တို့က အကောက်ကြံမှုကို ရိပ်မိနေကြပြီလား။ ဒါဆို ဘာလို့ ဧကရာဇ် ယုံချီက ယွင်ကျုံးဟဲ့ကို ခေါ်ပြီး ကောင်ကျူ ဧကရာဇ်ရဲ့ ဂူဗိမာန်ကိုလာပြီး ကောင်ကျူ သေတမ်းစာကို လာရှာရတာလဲ။’
ဧကရာဇ် ယုံချီက ပြောလိုက်၏။ “မြေးလေး... ပျက်နေတဲ့ လှေမှာတောင် သံမှို သုံးထောင် ရှိသေးတယ်။ ဒီလောကမှာ ဘယ်သူမှ ကိစ္စတစ်ခုကို အထင်မသေးသင့်ဘူး။ အဘိုး တစ်ယောက်က မြေးကို ကာကွယ်ချင်တဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်ဆန္ဒကို ဘယ်တော့မှ အထင်မသေးသင့်ဘူး။”
ထိုစကားကို ကြားချိန်မှာတော့ ယောင်ရောင်တို့ လေးဦး၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။
ကုန်းဆွန်းယန်က လက်ဆန့်တန်းကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... အဲဒီ ပေလိပ်ကို ကျွန်မဆီ အခု ချက်ချင်း ပေးပါ။”
မယ်တော်မိဖုရားခေါင်ကြီးဟန်က ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်၊ ယွင်ကျုံးဟဲ့... ရှင်တို့ ကောင်းကင် တက်ဖို့ လမ်းမရှိ၊ မြေကြီးထဲ ဝင်ဖို့ တံခါး မရှိ ဖြစ်နေပြီ။”
ထို့နောက် လေးဦးသား အရိပ်များကဲ့သို့ လှုပ်ရှားကာ ယွင်ကျုံးဟဲ့တို့ နှစ်ဦးကို ဝိုင်းရံလိုက်ကြ၏။
ထိုအချိန်မှာပဲ အခြား အရိပ်တစ်ခု ပျံသန်း ဝင်ရောက်လာ၏။ ထိုသူမှာ မယ်တော်မိဖုရားခေါင်ကြီးဟောင်း ဖြစ်ပြီး တာရှအင်ပါယာ၏ အစောဆုံး သခင်လေးကြီးလည်း ဖြစ်သည်။
မယ်တော်မိဖုရားခေါင်ကြီးဟောင်းက စကားလုံး တစ်လုံးချင်း ပြောလိုက်သည်။ “မြေးမြစ်ကို ကာကွယ်ချင်တဲ့ အဘွား တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း လုံးဝ အထင်မသေးသင့်ဘူး။”
နောက်တစ်စက္ကန့်တွင် အသက် ကိုးဆယ့်ခြောက်နှစ်အရွယ် မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် ယပ်တောင်ကို ဝှေ့ယမ်းကာ ယောင်ရောင်ထံသို့ ပြေးဝင် တိုက်ခိုက်တော့သည်။ တစ်ယောက်တည်းနှင့် လေးယောက်ကို ရင်ဆိုင်လိုက်ခြင်း ဖြစ်၏။
တစ်ချိန်တည်းမှာပဲ အရိပ် တစ်ခုပြီးတစ်ခု ရောက်ရှိလာကြ၏။ ထိုသူများမှာ ယန်ရင် ဘုရားကျောင်းမှ သိုင်းပညာရှင်များဖြစ်၏။ သူတို့သည် သီလရှင်၊ ဘုန်းကြီးများ ဖြစ်ရုံသာမက တာရှအင်ပါယာ၏ ဂူဗိမာန် စောင့်ရှောက်သူများလည်း ဖြစ်ကြသည်။
ထိပ်တန်း သိုင်းပညာရှင် ဆယ်ကျော် ပြေးဝင်လာကြသည်။ ဤသည်မှာ တာရှအင်ပါယာ၏ သိုင်းပညာ ပညာရှင်များဖြစ်ပြီး အားလုံးကို မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ဦးဆောင်ကာ ယန်ရင် ဘုရားကျောင်းတွင် ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်၏။
သို့ပေမည့် နောက်တစ်စက္ကန့်တွင် အမည်းရောင်ဝတ် သိုင်းပညာရှင် မြောက်မြားစွာသည် ဒီရေလုံးကြီးကဲ့သို့ ဝင်ရောက်လာကြပြီး အားလုံးမှာ တာရှန်း မိစ္ဆာနိုင်ငံတော်၏ သိုင်းပညာရှင်များ ဖြစ်ကြသည်။
လူ ဆယ်ကျော်၊ ရာကျော်....
တာရှန်း မိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များ၏ အစွမ်းထက်မှုမှာ အမှောင် သဘောသဘာဝများ ပြည့်နှက်နေပြီး အပြတ်အသတ် သာလွန်မှု ရှိနေ၏။
မယ်တော်မိဖုရားခေါင်ကြီးဟောင်း ဦးဆောင်သော ဂူဗိမာန် စောင့်ရှောက်သူ သိုင်းပညာရှင်များသည် ချက်ချင်းပဲ အရေးနိမ့်သွားကြသည်။
ယောင်ရောင်က အေးစက်စွာ ရယ်မောလိုက်၏။ “အရှေ့တိုင်းလောကရဲ့ သိုင်းပညာက ရေဆန် လှေလှော် သလိုပဲ။ ရှေ့မတိုးရင် နောက်ဆုတ် သွားတာပဲ။ အခုဆို ညှိုးနွမ်းသွားပြီ။ ကျွန်မတို့ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်တော့ဘူး။ ဟား... ဟား... ဟား...”
ကုန်းဆွန်းယန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ပေးလိုက်ပါတော့။ ခင်ဗျားရဲ့ တာဝန် ပြီးဆုံးသွားပြီ။ ကောင်းကင် တက်ဖို့ လမ်းမရှိ။ မြေကြီးထဲ ဝင်ဖို့ တံခါး မရှိ ဖြစ်နေပြီ။”
ထို့နောက် ကုန်းဆွန်းယန်က ဓားကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့ ထံသို့ ဖြည်းညင်းစွာ လျှောက်လာတော့သည်။
အခြေအနေ တစ်ခုလုံးက အသက်အန္တရာယ် ရှိနေပြီဖြစ်ပြီး တာရှအင်ပါယာ၏ ဂူဗိမာန် စောင့်ရှောက်သူ သိုင်းပညာရှင်များ အဆက်မပြတ် သေဆုံးနေကြ၏။
ဧကရာဇ် ယုံချီသည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ စကားလုံး တစ်လုံးချင်း ပြောလိုက်သည်။ “ငါ့ကလေး... နောက်ဆုံး အချိန်လေးမှာ မင်းကို ငါ့အနား ပို့ပေးပြီး ဒီရက်ပိုင်း ငါ့အနားမှာ ရှိနေပေးခဲ့တဲ့ အတွက် ကောင်းကင်ဘုံကို ကျေးဇူးတင်တယ်။ ဒီပျော်ရွှင်မှုက တစ်သက်လုံး ပြန်လည် အမှတ်ရနေဖို့ လုံလောက်တယ်။ အဘိုး သေရရင်တောင် နောင်တ မရှိတော့ဘူး။”
ထို့နောက် သူသည် ယွင်ကျုံးဟဲ့ကို ဆွဲမကာ ကျောက်ခေါင်းတလား အတွင်းသို့ ပစ်ထည့်လိုက်ပြီး စက်ယန္တရားကို အားကုန် လှည့်လိုက်၏။
“ဂျွတ်…”
ထိုကျောက်ခေါင်းတလား၏ အောက်ခြေက ပြင်းထန်စွာ အက်ကွဲသွားပြီး ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် အဆက်မပြတ် ပြုတ်ကျသွားတော့သည်။ ဘယ်ကို ပြုတ်ကျသွားမှန်း မသိပေ။
ကုန်းဆွန်းယန်က ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဧကရာဇ် ယုံချီ၏ ကျောပြင်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။
ဧကရာဇ် ယုံချီသည် လက်ဝါးရိုက်ချက်ကို ကျောပြင်ဖြင့် ခံယူလိုက်ပြီး အားကုန်သုံးကာ ကျောက်ခေါင်းတလား အဖုံးကို ပိတ်လိုက်သည်။
ထို့နောက် သူ သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး ကုန်းဆွန်းယန်တို့ကို လှည့်ကြည့်ကာ မယ်တော် မိဖုရားခေါင်ကြီးဟောင်းကို လှမ်းကြည့်လိုက်၏။
“မယ်တော်... တောင်းပန်ပါတယ်။ သားတော် အရင်က မှားခဲ့တယ်။” ဧကရာဇ် ယုံချီက မယ်တော် မိဖုရားခေါင်ကြီးဟောင်းကို စကားလုံး တစ်လုံးချင်း ပြောလိုက်သည်။
တိုက်ခိုက်နေရာမှ မယ်တော်မိဖုရားခေါင်ကြီးဟောင်း ခဏ ရပ်တန့်သွားပြီး သားဖြစ်သူကို ကြည့်ကာ ပြောလိုက်၏။ “ရှောင်ချီ... အမေ မင်းကို ခွင့်လွှတ်တယ်။”
ကောင်းကင်နှင့် မြေကြီးကြားတွင် လုံးဝ တိတ်ဆိတ်သွားသည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...…”
နောက်တစ်စက္ကန့်တွင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော အသံကြီး ထွက်ပေါ်လာသည်။ ဂူဗိမာန် တစ်ခုလုံးသည် အားကောင်းသော စွမ်းအား တစ်ခု၏ ရူးသွပ်စွာ ဆုတ်ဖြဲမှုကို ခံလိုက်ရ၏။
အဆုံးအစ မရှိသော ရေလွှမ်းမိုးမှုကြီးက ဒီရေလုံးကြီး ကဲ့သို့ ဝင်ရောက်လာ၏။ ကောင်ကျူ ဂူဗိမာန် တစ်ခုလုံး ချက်ချင်းပဲ ပြိုကျ ပျက်စီးသွားတော့သည်။
ကောင်ကျူ ဂူဗိမာန်သည် ရေလှောင်တမံ တစ်ခုနှင့် ဆက်သွယ်ထားပြီး အတွင်းရှိ စက်ယန္တရား အများအပြားမှာ ရေအားဖြင့် လည်ပတ်နေခြင်း ဖြစ်၏။
ဧကရာဇ် ယုံချီသည် နောက်ဆုံး စက်ယန္တရားကို လှည့်လိုက်ပြီးနောက် ယွင်ကျုံးဟဲ့သည် ကျောက်ခေါင်းတလားထဲမှ လွတ်မြောက်သွားသည်။
ထို့နောက် ဂူဗိမာန် တစ်ခုလုံးသည် ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် အခြေအနေသို့ ရောက်ရှိသွားတော့၏။
ဂူဗိမာန် တစ်ခုလုံး ပြိုကျ စတင်လာရုံသာမက ရေလှောင်တမံအတွင်းမှ ရေများကလည်း ဒီရေလုံးကြီး ကဲ့သို့ ဝင်ရောက်လာသည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...…”
တစ်ခဏချင်းမှာပဲ ဂူဗိမာန် တစ်ခုလုံး လုံးဝ အပျက်အစီးပုံကြီး ဖြစ်သွားတော့၏။
ယွင်ကျုံးဟဲ့သည် ရေလမ်းကြောင်းမှတစ်ဆင့် တာ့ယန် ရေလှောင်တမံ၏ အောက်ခြေသို့ တိုက်ရိုက် စုပ်ယူခံလိုက်ရသည်။
ထိုအချိန်တွင် ရေလှောင်တမံ အပေါ်၌ ဧကရာဇ် ယုံချီ သို့မဟုတ် မယ်တော်မိဖုရားခေါင်ကြီးဟောင်း၏ ဂူဗိမာန် စောင့်ရှောက်သူများသည် သူ့ကို စောင့်ကြိုနေမည် ဖြစ်ကြောင်း သူ သိ၏။
သို့ပေမည့် ယွင်ကျုံးဟဲ့သည် ရေပေါ်သို့ပေါ်ထွက်လာမည် မဟုတ်ပေ။ အကြောင်းမှာ ရေလှောင်တမံ တစ်ခုလုံးသည်လည်း တာရှန်း မိစ္ဆာနိုင်ငံတော် သိုင်းပညာရှင်များ၏ စောင့်ကြည့်မှုကို ခံနေရနိုင်သောကြောင့်ပင်။
အဘိုး နှင့် မယ်တော်မိဖုရားခေါင်ကြီးဟောင်းတို့သည် ဤမျှ ကြီးမားသော ပေးဆပ်မှုဖြင့် သူ၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်ရာ သူ၏ အသက်ကို အခြားသူများ၏ လက်ထဲသို့ ထပ်မံ မအပ်နှင်းနိုင်တော့ပေ။
တာ့ယန် ရေလှောင်တမံသည် အလွန် ကြီးမားပြီး အနက်ရှိုင်းဆုံး နေရာတွင် မီတာ ဆယ်ဂဏန်းမှ ရာဂဏန်း အထိ ရှိကာ မိုင်ရာပေါင်းများစွာ ရှည်လျား၏။
ထို့အပြင် ဤရေလှောင်တမံကို တည်ဆောက်ထားပုံမှာ အလွန် ဆန်းကြယ်လှသည်။ တောင်တန်းများကို သဘာဝ တာတမံအဖြစ် အသုံးပြုထားပြီး အမှန်တကယ် လူလုပ် တာတမံမှာ အနောက်ဘက်တွင် ရှိသည်။
အကယ်၍ လူတစ်ယောက်က တာတမံကို လာရောက် ဖောက်ခွဲလျှင်ပင် ရေလွှမ်းမိုးမှုက တာ့ယန် မြို့တော်ကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။
ထို့အပြင် ဤရေလှောင်တမံသည် မြို့တော်၏ သောက်သုံးရေကို ထောက်ပံ့ပေးရန် မဟုတ်ဘဲ မြို့တော် အနောက်ဘက် ရှိ မရေမတွက်နိုင်သော လယ်မြေများကို ရေသွင်းရန်အတွက် ဖြစ်သည်။
ကြီးမားလှသော ရေလှောင်တမံကြီးသည် တာ့ယန် မင်းဆက်တည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့နောက် တာရှ အင်ပါယာက ပြုပြင်မွမ်းမံမှုနှင့် တိုးချဲ့မှုများကို ပြုလုပ်ခဲ့သောကြောင့် ယခုကဲ့သို့ ကြီးမားသော အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်၏။
တာ့ယန် ရေလှောင်တမံကို တည်ဆောက်ခဲ့သူမှာ တာ့ယန် မင်းဆက်၏ နောက်ဆုံး ဧကရာဇ် ယန်ရှင်းကျုံး ဖြစ်သည်။
ဤအရာမှာ ခေတ်သစ် ကမ္ဘာပေါ်တွင်ပင် အလွန် အံ့မခန်း ဖြစ်သော ဧရာမ စီမံကိန်းကြီး ဖြစ်သော်လည်း လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က တာ့ယန် မင်းဆက်တွင်မူ တည်ဆောက် ပြီးစီးခဲ့ပြီ ဖြစ်၏။
နောက်ပိုင်းတွင် တာ့ယန်မြို့တော် တစ်ခုလုံးသည် သူ့ကို ရူးသွပ်စွာ လိုက်လံ ဖမ်းဆီးကြတော့မည် ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိ၏။ ထို့ကြောင့် သူသည် အမြန်ဆန်ဆုံး၊ အလုံခြုံဆုံး နည်းလမ်းဖြင့် ထွက်ပြေးရန် လိုအပ်သည်။