အခန်း ၇၀၄
Vol. 60 Ch. 704
အပိုင်း (၇၀၄)
မည်သည့် နည်းလမ်းနည်း။ ယခင်က သူနှင့် လီဟွာမေတို့ ငါးကြီးတစ်ကောင်အား စီးနင်း၍ ကျွန်းမှ ထွက်လာခဲ့သည့် နည်းလမ်းပင် ဆိုလိုခြင်းဖြစ်၏။
ဤမျှ ကြီးမားလှသော ရေလှောင်တမံကြီးမှာ နှစ်တစ်ထောင်ခန့် ကြာမြင့်နေပြီဖြစ်ရာ ယွင်ကျုံးဟဲ့ကို သယ်ဆောင်သွားနိုင်မည့် ဧရာမငါးကြီးများ ရှိနေမည်မှာ သေချာသလောက်ပင် ဖြစ်သည်။
သို့သော်လည်း ယွင်ကျုံးဟဲ့အနေဖြင့် ထိုငါးကြီးများနှင့် ဆက်သွယ်နိုင်ရန်အတွက် အမှတ်(၂၅) စိတ်ဝေဒနာရှင်၏ စွမ်းရည်ကို အသုံးပြုရန် လိုအပ်ပေလိမ့်မည်။
သို့ရာတွင် ယခုအချိန်တွင် ယွင်ကျုံးဟဲ့ ကိုယ်ပေါ် ပူးဝင်နေသော စိတ်ဝေဒနာရှင်မှာ ဘီသိုဗင် ဖြစ်ပြီး အမှတ်(၂၅) မဟုတ်ပေ။
သို့ပေမည့် ယွင်ကျုံးဟဲ့သည် စိတ်ဝေဒနာရှင် တစ်ဦးစီ၏ စွမ်းရည်ကို အသုံးပြုပြီးတိုင်း ဦးနှောက် ထဲတွင် မှတ်ဉာဏ်များ အနည်းနှင့်အများဆိုသလို ကျန်ရစ်ခဲ့လေ့ရှိသည်။ တစ်နည်းအားဖြင့် သက်ဆိုင်ရာ စွမ်းရည်များကို တတ်ကျွမ်းလာလေ့ ရှိသော်လည်း ထိုစွမ်းရည်များမှာ အလွန် အားနည်းလှ၏။
ထို့အပြင် သူရောက်နေရာ ရေအောက်က အလွန် နက်ရှိုင်းပြီး နေရောင်ခြည်ပင် မရောက်ရှိနိုင်ဘဲ အလွန် မှောင်မည်းနေသည်။
အရေးအကြီးဆုံးမှာ အသက်ရှူကျပ်သည့် ခံစားချက်က အသက်အန္တရာယ်ကိုပင် ဖြစ်စေနိုင်သည်။ ရေပေါ်သို့ လုံးဝပေါ်၍ မရပေ။
တာရှန်း မိစ္ဆာနိုင်ငံတော်တွင် ငှက်များရှိပြီး ကောင်းကင်ပေါ်မှနေ၍ ယွင်ကျုံးဟဲ့ကို မြင်တွေ့နိုင်သောကြောင့် ဖြစ်သည်။ ယွင်ကျုံးဟဲ့ ရေပေါ်သို့ပေါ်လာသည်နှင့် သေချာပေါက် သေဆုံးမှာဖြစ်၏။
အသက်ရှူကျပ်ခြင်း၊ လက်တစ်ကမ်း မမြင်ရအောင် မှောင်မည်းနေခြင်း၊ ငါးကြီးကို ထိန်းချုပ်၍ မရခြင်း ဤအရာ အားလုံးသည် အသက်အန္တရာယ်ကို ဖြစ်စေနိုင်သည်။
ယွင်ကျုံးဟဲ့သည် ရင်ဘတ်ထဲမှ ပုလင်း တစ်လုံးကို ထုတ်ယူကာ ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုအရာမှာ မီတျဲ ချိုင့်ဝှမ်းက သူ့ကို ပေးခဲ့သော ဆေးလုံး ဖြစ်၏။
မဟုတ်ပေ။ တိတိကျကျ ပြောရလျှင် တာယင် ဧကရာဇ်က သူ့ကို ပေးခဲ့သော ဆေးလုံးဖြစ်ပြီး မီတျဲ ချိုင့်ဝှမ်း ထံမှ သိမ်းဆည်း ရရှိခဲ့ခြင်း ဖြစ်သည်။
တာယင် အမှောင် သခင်ကြီးသည် ယွင်ကျုံးဟဲ့ကို ဧကရာဇ် ယုံချီအား ကယ်တင်ခိုင်းရန် ဤမျှ ကြီးမားသော အားထုတ်မှုများကို ပြုလုပ်ခဲ့ခြင်းမှာ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ယွင်ကျုံးဟဲ့၏ ရင်ဘတ်ထဲရှိ ပေလိပ်ကို ရရှိရန် ဖြစ်၏။
ပေလိပ်သည် တာရှန်းမိစ္ဆာနိုင်ငံတော်ကို အနိုင်ယူနိုင်မည့် တစ်ခုတည်းသော အရာဖြစ်၏။ ထို့အပြင် သိသာထင်ရှားသည်မှာ ယွင်ကျုံးဟဲ့ကို သတ်လိုက်လျှင်ပင် တာရှန်း မိစ္ဆာနိုင်ငံတော်၏ ရန်သူသည် ဆက်လက် တည်ရှိနေဦးမှာ ဖြစ်သည်။
ထို့ကြောင့် တာယင်အမှောင်သခင်ကြီး၏ ရည်ရွယ်ချက်မှာ တာရှန်း မိစ္ဆာနိုင်ငံတော်အပေါ် ခြိမ်းခြောက်မှုကို အမြစ်ပြတ် သုတ်သင် ဖယ်ရှားပစ်ရန် ဖြစ်၏။
ဆေးလုံး တစ်လုံးကို မျိုချလိုက်ပြီးနောက်...
မကြာမီမှာပဲ ယွင်ကျုံးဟဲ့သည် အလွန် ထူးခြားသော အခြေအနေ တစ်ခုသို့ ထပ်မံ ဝင်ရောက်သွားပြန်၏။ တစ်ကိုယ်လုံး စတင် ဖောင်းကားလာပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားကာ တစ်ကိုယ်လုံး ပေါက်ကွဲသွားပြီး ခန္ဓာကိုယ် မရှိတော့သကဲ့သို့ ဖြစ်သွားသည်။
ထို့နောက် စိတ်ပိုင်းဆိုင်ရာ စွမ်းအားက အလွန် တက်ကြွလာပြီး အာရုံခံစားမှု အားလုံးက အလွန် တက်ကြွလာကာ အဆပေါင်းများစွာ ချဲ့ထွင်လိုက်သကဲ့သို့ ဖြစ်သွား၏။
မူလက အလွန် မှောင်မည်းနေသော ရေအောက်သည်လည်း လင်းထိန်လာပြီး အသက်ရှူကျပ်သည့် ခံစားချက် ကလည်း ယာယီ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။
ထိုမျှမက ယခင်က စိတ်ဝေဒနာရှင်များ သူ၏ ဦးနှောက်ထဲတွင် ချန်ထားခဲ့သော ဝေဝါးနေသည့် မှတ်ဉာဏ်များသည်လည်း အလျင်အမြန် ရှင်းလင်းလာ၏။
မကြာမီမှာပဲ ယွင်ကျုံးဟဲ့သည် ငါးကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ ထိုငါးမှာ ဧရာမ ငါးခူကြီး တစ်ကောင် ဖြစ်ပြီး သုံးမီတာကျော် ရှည်လျားကာ အနည်းဆုံး ပေါင် ငါးရာကျော် ရှိ၏။ လှေငယ် တစ်စင်းစာခန့်ပင် ရှိနေပြီ ဖြစ်သည်။
ထိုငါးသည် ယခုအခါ မီတာ တစ်ရာ အကွာတွင် ရှိနေပြီး ဤရေပြင်၏ သခင် ဖြစ်ပေလိမ့်မည်။
ယွင်ကျုံးဟဲ့သည် အမှတ်(၂၅) စိတ်ဝေဒနာရှင်၏ စွမ်းရည်ကို စတင် ထုတ်လွှတ်လိုက်ပြီး ထူးခြားသော အသံလှိုင်းများကို ထုတ်လွှတ်ကာ ငါးခူကြီးကို ဆွဲဆောင်၍ ဆက်သွယ်ရန် ကြိုးစားလိုက်၏။
မကြာမီမှာပဲ ထိုဧရာမငါးခူကြီး ရောက်ရှိလာသည်။ ယွင်ကျုံးဟဲ့သည် ၎င်း၏ ကျောပေါ်တွင် မှောက်လျက် အမိန့်ပေးလိုက်၏။
သို့ပေမည့် ငါးခူသည် ဝေလငါး မဟုတ်ဘဲ ဉာဏ်ရည်က ဝေလငါးထက် အများကြီး နိမ့်ကျကာ ဆက်သွယ်ရန် လုံးဝ မဖြစ်နိုင်သလောက် ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ၎င်းကို အရှေ့သို့ ဆက်ကူးသွားရန် ဆိုသည့် အလွန် ရိုးရှင်းသော အမိန့်ကိုသာ ပေးနိုင်သည်။ ထိုငါးခူသည် ပေါင် တစ်ရာကျော် ရှိသော ယွင်ကျုံးဟဲ့ကို သယ်ဆောင်ကာ ရေအောက်တွင် ပေါ့ပေါ့ပါးပါး ကူးခတ်သွား၏။
ဘယ်အရပ်မျက်နှာကိုမှ ဂရုမစိုက်ဘဲ အရှေ့သို့ ဆက်ကူးနေပြီး အမြန်နှုန်းမှာ အလွန် မြန်ဆန်လှကာ လူတစ်ယောက် ပြေးနေသကဲ့သို့ပင်။
ထိုအချိန်တွင် ငှက်တချို့သည် ရေလှောင်တမံ၏ ကောင်းကင်ယံသို့ ပျံသန်းလာပြီး ရေပြင် နေရာတိုင်းကို စတင် စောင့်ကြည့်နေကြ၏။
တစ်ချိန်တည်းမှာပဲ အမည်းရောင်ဝတ်လူများ လျှပ်တစ်ပြက်ပေါ်လာကြ၏။ ဆယ်ကျော်၊ ရာကျော်၊ ထောင်ကျော် ရှိသော လူများသည် ရေလှောင်တမံ အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ခုန်ချသွားကြ၏။ သင်္ဘော ဆယ်စင်းကျော်သည် ဖြန့်ကျက်သွားပြီး ယွင်ကျုံးဟဲ့ကို လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြသည်။
ထိုသို့ဖြင့် နှစ်ရက် အကြာတွင် ယွင်ကျုံးဟဲ့သည် ရေလှောင်တမံမှ ထွက်ခွာလာပြီး မြစ်ကြောင်းထဲသို့ ဝင်ရောက်ကာ မိုင်ရာပေါင်းများစွာ ကွာဝေးသော မြို့တစ်မြို့ အတွင်းသို့ ဝင်ရောက်သွားသည်။ ညမှောင်ချိန်တွင် မြေပြင်ပေါ်သို့ တက်လာကာ လူမနေသော အိမ်တစ်လုံး အတွင်းသို့ ဝင်ရောက်သွား၏။
ပထမဆုံး အနေဖြင့် ရုပ်ဖျက်ကာ မိမိကိုယ်ကိုယ် သူတောင်းစား တစ်ယောက် အဖြစ် ဟန်ဆောင်လိုက်၏။ ပြီးမှသာ သူသည် ထိုပေလိပ်ကို ထုတ်ယူကာ ဖွင့်ဖတ်ကြည့်လိုက်၏။
ပေလိပ်ကို ပျော့ပျောင်းသော ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး အတွင်း၌ မီးတောက်ပုံစံတစ်ခု ထွင်းထုထားကာ အခြား ဘာမှ မရှိတော့ပေ။
ယွင်ကျုံးဟဲ့ အံ့ဩသွား၏။ ‘ဒါ ဘာကြီးလဲ။ ဒါက တာရှအင်ပါယာရဲ့ အဖိုးတန် ရတနာလား။ ဒါက တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမယ့် အဖိုးတန် ရတနာလား။ ဒါက တာယင် အမှောင် သခင်ကြီး အသေအလဲ ရချင်နေတဲ့ ပစ္စည်းလား။’
ထို့နောက် ယွင်ကျုံးဟဲ့သည် ပေလိပ်ပေါ်ရှိ မီးတောက် ပုံစံကို အစွမ်းကုန် ခွဲခြမ်းစိတ်ဖြာ ကြည့်သော်လည်း ဘာမှ နားမလည်ခဲ့ပေ။
တစ်ရက်နှင့်တစ်ညတိတိ လေ့လာစူးစမ်းခဲ့သော်လည်း မည်သည့်အရာမှ ရှာဖွေတွေ့ရှိခြင်း မရှိပေ။ ထို့ကြောင့် သူ၏ဦးနှောက်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထိုပစ္စည်း၏ အပေါ်တွင် မီးတောက်ပုံစံ ပုံဖော်ထားသည့်အတွက် မီးဖြင့်ကင်ကြည့်ပါက တစ်စုံတစ်ရာ ထူးခြားသည့် အကျိုးသက်ရောက်မှု ပေါ်လာနိုင်မည်လားဟု တွေးတောမိခြင်း ဖြစ်၏။
ထို့ကြောင့် သူသည် အလွန်သတိထား၍ မီးဖြင့်ကင်ကြည့်လိုက်၏။ ရလဒ်မှာမူ ထိုပစ္စည်းသည် မီးကို လုံးဝ မကြောက်ရွံ့သည့်အပြင် မီးလောင်ကျွမ်းခြင်းလည်း လုံးဝ မရှိခဲ့ပေ။
ယွင်ကျုံးဟဲ့သည် ၎င်းကို မီးပေါ်တွင် တိုက်ရိုက် တင်၍ မီးရှို့ကြည့်လိုက်ရာ ရွှေရောင် စာလုံးများ ပေါ်ထွက်လာ၏။
ချက်ချင်းပဲ ယွင်ကျုံးဟဲ့ အံ့ဩမှင်တက်သွားသည်။ ‘ဒါ... ဒါက ဘာလဲ။ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောမှာ တိကျတဲ့ ကိုဩဒိနိတ်ကို သုံးထားတာ ထားပါတော့။ တကယ့် နုဧကရာဇ်ရဲ့ ဂူဗိမာန်မှာ ကိုဩဒိနိတ်ကို သုံးထားတာ ထားပါတော့။ ဘာလို့ ကောင်ကျူ သေတမ်းစာမှာလည်း ကိုဩဒိနိတ် တစ်ခု ဖြစ်နေရတာလဲ။ အဓိကအချက်က ဒီနေရာက ဘယ်နေရာလဲ။
တာယင်အင်ပါယာ အမှောင်သခင်ကြီးက အားထုတ်မှုတွေ အများကြီး လုပ်ခဲ့တာ ဒီ ကိုဩဒိနိတ်ကို ရဖို့အတွက် သက်သက်ပဲလား။ ဒီကိုဩဒိနိတ်က ဘယ်နေရာလဲ။ သူက ဘာလို့ တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးနိုင်မှာလဲ။ သူက တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးဖို့ မျှော်လင့်ချက် ရှိတဲ့ နေရာလား။’
ယွင်ကျုံးဟဲ့သည် ဦးနှောက်ထဲတွင် စတင် တွက်ချက်မှုများ ပြုလုပ်လိုက်သည်၊ ယခုအခါ အမှတ်(၉) ကွမ်တမ် မရှိသော်လည်း သူ ကွမ်တမ်ကို အသုံးပြုလာခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သောကြောင့် ၎င်း၏ စွမ်းရည်များကို အနက်ရှိုင်းဆုံး နားလည်ထားပြီး ဖြစ်၏။
မျက်လုံးမှိတ်ကာ လောက၏ မြေပုံကို စတင် ပုံဖော်လိုက်သည်။ ထို့နောက် လောက တစ်ခုလုံး၏ မြေပုံ ချက်ချင်း ပေါ်ထွက်လာပြီး ယွင်ကျုံးဟဲ့ ကိုယ်တိုင်ပင် အလွန် အံ့အားသင့်သွားရသည်။
‘ချီးတဲ့မှ... ဒီလောက်တောင် မြန်တာလား။’
ယွင်ကျုံးဟဲ့ သိရှိသွားသည်မှာ မီတျဲ ချိုင့်ဝှမ်း၏ လျှို့ဝှက်ဆန်းကြယ်သော ဆေးဝါးသည် သူ၏ ဦးနှောက်ကို ဖွံ့ဖြိုးလာစေပုံ ရသည်။ ဆေးကို အဆက်မပြတ် စားလာသည်နှင့်အမျှ သူ၏ ဦးနှောက်က ပိုပိုပြီး အစွမ်းထက်လာကာ ယခင်က စိတ်ဝေဒနာရှင်များ သူ၏ ကိုယ်ပေါ်တွင် ချန်ထားခဲ့သော စွမ်းရည် မှတ်ဉာဏ်များသည်လည်း ပိုပိုပြီး နက်ရှိုင်းလာ၏။
ထို့နောက် ယွင်ကျုံးဟဲ့က ထိုကိုဩဒိနိတ်သည် လောက၏ မည်သည့် နေရာတွင် ရှိသနည်း ဆိုတာကို စတင် တွက်ချက်တော့၏။ တွက်ချက် ပြီးစီးသွားချိန်မှာတော့ ယွင်ကျုံးဟဲ့ လုံးဝ ကြောင်အသွားတော့သည်။
‘ချီးတဲ့မှ.... အရမ်း ဝေးလွန်းတယ် မဟုတ်လား။’
ယခုအချိန်တွင် ယွင်ကျုံးဟဲ့သည် တာရှအင်ပါယာ၏ လျန်ကျိုးမြို့၌ ရှိနေပြီး ကိုဩဒိနိတ် တည်နေရာနှင့် ဆိုလျှင် မိုင် တစ်သောင်းသုံးထောင် တိတိ ကွာဝေးသည်။ ထိုအရာမှာ မျဉ်းဖြောင့် အကွာအဝေး ဖြစ်၏။
သူ့ကို ခြေလျင် လျှောက်သွားခိုင်းမလို့လား။ ရွေးစရာလမ်း မရှိတော့ပေ။
သို့ပေမည့် ယွင်ကျုံးဟဲ့ သွားကို သွားရမှာဖြစ်သည်။ အကြောင်းမှာ ဤသည်မှာ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သောကြောင့်ပင်။
တာယင်အင်ပါယာ၊ တာ့ကျိုးအင်ပါယာ၊ တာရှအင်ပါယာတို့ အားလုံး ကျဆုံးသွားပြီဖြစ်ပြီး တာရှီအင်ပါယာလည်း မကြာမီ ကျဆုံးတော့မည် သို့မဟုတ် ကျဆုံးသွားပြီ ဖြစ်နိုင်သည်။
မမေ့ပါနှင့်။ တာရှီအင်ပါယာ ဧကရာဇ်သည်လည်း လူငယ်ပြန်ဖြစ်စေပြီး အသက်ရှည်စေတဲ့ ဆေးကို စားထားသူ ဖြစ်၏။
သူ၏ ကိုယ်တွင်းတွင်လည်း တာရှန်း မိစ္ဆာနိုင်ငံတော်၏သွေး ပါဝင်နေပြီး ထျန်းကျိုး ဧကရာဇ် ကဲ့သို့ပင် ပြင်းအား နည်းပါးသောကြောင့် တာရှန်း မိစ္ဆာနိုင်ငံတော်၏ လူရင်းဟု မသတ်မှတ်နိုင်ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ကောင်ကျူ ရှကျိုး ပေးထားသော ကိုဩဒိနိတ်သည် ယွင်ကျုံးဟဲ့ အတွက် တာရှန်း မိစ္ဆာနိုင်ငံတော်ကို အနိုင်ယူရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့သည် အမှန်တကယ်ပင် နားမလည်နိုင်အောင် ဖြစ်နေသည်။ ဤလောကတွင် အဘယ့်ကြောင့် ကိုဩဒိနိတ်များ ရှိနေရသနည်း။
ထို့အပြင် လွန်ခဲ့သော နှစ်တစ်ထောင်ကျော်တည်းက ရှိနေခဲ့ပုံရပြီး အပြည့်အဝ စံသတ်မှတ်ချက်များကိုပင် လုပ်ဆောင်နိုင်ခဲ့၏။
‘တာရှန်း မိစ္ဆာနိုင်ငံတော်ဘက်က ကိုဩဒိနိတ်ကို အသုံးပြုတာ ထားပါတော့။ တာရှ ကောင်ကျူလည်း ကိုဩဒိနိတ်ကို အသုံးပြုတယ် ဆိုတော့ တာ့ယန် မင်းဆက်တုန်းကလည်း ကိုဩဒိနိတ်ကို အသုံးပြုခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်လား။
ဒါပေမဲ့ နှစ်တစ်ထောင် ကြာပြီးနောက် ကိုဩဒိနိတ်တွေက ပျောက်ကွယ်သွားရုံသာမက အာရေဗျ ဂဏန်းတွေတောင် ပျောက်ကွယ်သွားတယ် မဟုတ်လား။ ဒီကိုဩဒိနိတ် ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာကို သွားကို သွားရမယ်။’
ထို့အပြင် ယွင်ကျုံးဟဲ့သည် ယခုအချိန်တွင် ပို၍ပင် စိတ်အေးသွားသကဲ့သို့ ခံစားရ၏။ ယခင်က သူ၏ ဦးနှောက်ထဲတွင် အမြဲတမ်း အချိန် ကန့်သတ်ချက် တစ်ခု ရှိနေခဲ့သည်။
ထိုအရာမှာ တာယင်အင်ပါယာသည် တာရှအင်ပါယာကို မတိုက်ခိုက်မီ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပြီး ပိုင်ယင်မြို့၏ ရေတပ်ကို ဖျက်ဆီးပစ်ရန် ဖြစ်၏။
ယခုမူကား ထိုကဲ့သို့သော အချိန်ကန့်သတ်ချက်များ ရှိနေရန် မလိုတော့ပေ။ အကြောင်းမှာ တာရှ အင်ပါယာမှာလည်း ကျဆုံးသွားခဲ့ပြီဖြစ်သောကြောင့်ပင်။
နောက်ပိုင်းတွင် ယွင်ကျုံးဟဲ့သည် ထိုလျှို့ဝှက်ဆန်းကြယ်သော ကိုဩဒိနိတ် နေရာသို့ မည်သို့ သွားရမည်ကို နည်းလမ်း ရှာရတော့မှာဖြစ်၏။
ဖြောင့်ဖြောင့်တန်းတန်း အကွာအဝေးက မိုင် တစ်သောင်းသုံးထောင်ဖြစ်၏။ အကယ်၍ တိုက်ရိုက် မြောက်ဘက်ကို သွားမည်ဆိုပါက ကြီးမားပြီး လူသူကင်းမဲ့သော နယ်မြေများကို ဖြတ်သန်းရမှာ ဖြစ်သည်။
အနည်းဆုံး မိုင်ခုနစ်ထောင်ခန့်က လူသူကင်းမဲ့သော နယ်မြေများ ဖြစ်သည်။ ထို့နောက် ပိုပိုပြီး အေးလာမှာ ဖြစ်ပြီး ရေခဲမှတ်အောက် ဒီဂရီ ဆယ်ဂဏန်းအထိ တိုက်ရိုက် ကျဆင်းသွားမှာဖြစ်၏။
နောက်ထပ် နည်းလမ်း တစ်ခု ရှိသေးသည်။ ၎င်းမှာ အနောက်ဘက်သို့ အရင် သွားပြီးမှ မြောက်ဘက်သို့ သွားရန် ဖြစ်သည်။
ထိုသို့ သွားပါက လမ်းတစ်လျှောက်တွင် အနောက်ဘက်ဒေသ နိုင်ငံငယ်များကို ဖြတ်သန်းရမှာ ဖြစ်ပြီး မိုင် ထောင်ပေါင်းများစွာက လူသူကင်းမဲ့သော နယ်မြေများ ဖြစ်၏။
မည်သည့်အရပ်မျက်နှာသို့ သွားရောက်သည်ဖြစ်စေ၊ ယွင်ကျုံးဟဲ့၏ ကိုယ်ပိုင်အားဖြင့်သာဆိုလျှင် ထိုကိုဩဒိနိတ်နေရာသို့ မည်သို့မှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ထိုနေရာသို့ မသွားမဖြစ် သွားရောက်ရပေလိမ့်မည်။ အကြောင်းမှာ တာရှန်း မိစ္ဆာနိုင်ငံတော်အား ဖျက်ဆီးပစ်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထိုနေရာတွင်သာ ရှိနေသောကြောင့်ပင်။
ဖြောင့်တန်းသည့်လမ်းကြောင်းအတိုင်း မိုင်တစ်သောင်းသုံးထောင်ရှိပါက ခြေလျင်လျှောက်လှမ်းရလျှင် အနည်းဆုံး မိုင်နှစ်သောင်းကျော်ခန့် ရှိပေလိမ့်မည်။
ထိုနေရာသို့ ရောက်ရှိနိုင်ရန်အတွက် စစ်တပ်တစ်တပ် ပါဝင်ရန်၊ ပစ္စည်းကိရိယာများ လုံလောက်စွာ ပါရှိရန်နှင့် ကုလားအုပ် သို့မဟုတ် စစ်မြင်းများ အလုံအလောက် လိုအပ်မှာဖြစ်သည်။
သို့သော်ငြား မကြာမီအချိန်အတွင်းမှာပဲ ယွင်ကျုံးဟဲ့သည် သူ၏တွေးတောချက် မှားယွင်းနေကြောင်း သိရှိသွား၏။