← Chapters

အခန်း ၇၀၆

Vol. 60 Ch. 706

အခန်း ၇၀၆

Vol. 60 Ch. 706

အပိုင်း (၇၀၆)

မြို့ရိုးပေါ်တွင် ဟေးရွှေမြို့၏ သူတောင်းစား ဂိုဏ်းချုပ်သည် ယွင်ကျုံးဟဲ့၏ ကျောပြင်ကို ကြည့်ရင်း မျက်လုံးများ နီရဲလာပြီး မျက်ရည်များကို သုတ်နေ၏။

‘ယွင်ကျုံးဟဲ့... ခင်ဗျား တကယ်ပဲ ကျုပ်ကို မမှတ်မိဘူးလား။ ကျုပ်ရဲ့ ရုပ်ဖျက်မှုက ဒီလောက်တောင် အောင်မြင်နေတာလား။ အဲဒီတုန်းက တာ့ကျိုးအင်ပါယာမှာ ခင်ဗျား ကျုပ်ကို မမှတ်မိခဲ့ဘူး။ အခုလည်း ခင်ဗျား ကျုပ်ကို မမှတ်မိသေးဘူး။ တကယ့် ခွေးလိုကောင်ပဲ။’

ဟုတ်ပေ၏။ ဤသူတောင်းစားဂိုဏ်းချုပ်သည် ယန်ဖြန်ရှန်ပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် မျက်နှာကို လုံးဝ ပြောင်းလဲသွားပြီး ရုပ်ဖျက်ထားသော်လည်း သူ ယွင်ကျုံးဟဲ့ကို ပထမဆုံး အကြိမ် မြင်တွေ့လိုက်သည် ချက်ချင်းမှတ်မိလိုက်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့သည် သူ့ကို မမှတ်မိသေးပေ။

ထို့ကြောင့် သူ၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှု၊ ဝမ်းသာမှုနှင့် မတတ်သာမှုများ ပြည့်နှက်နေ၏။ ရင်းနှီးသော ခံစားချက်က ထပ်မံ ရောက်ရှိလာပြန်သည်။

ငယ်စဉ်က အခြား ကလေးများနှင့် ပုန်းတမ်းကစားရာတွင် သူက အရမ်း ကောင်းကောင်း ပုန်းနိုင်သောကြောင့် အခြားသူများက ရှာမတွေ့ဘဲ သူ့ကို မေ့သွားကြ၏။

‘ကျုပ် ယန်ဖြန်ရှန်က တကယ်ပဲ ကြွက် တစ်ကောင်၊ ပိုးဟပ် တစ်ကောင်လား။ ရေဆိုးမြောင်းထဲမှာ ပုန်းနေရင်တောင် နည်းနည်းလေးမှ မထူးခြားဘူးလား။’

သို့ပေမည့် ယန်ဖြန်ရှန်သည် နောက်ဆုံးတွင် ဝမ်းသာနေသည်။ ‘ယွင်ကျုံးဟဲ့ အသက်ရှင် နေသေးတယ်။ ဒါဆို ရပြီ။ ဒါဆို ရပြီ။’

ယွင်ကျုံးဟဲ့၌ မည်သည့်ကိစ္စ ကြုံတွေခဲ့ရသောကြောင့် သူတောင်းစားအဖြစ် ဟန်ဆောင်ပြီး တာရှအင်ပါယာ ကနေ ထွက်ခွာကာ လူရိုင်းတွေ ရှိတဲ့ နေရာကို သွားရသနည်း ဆိုသည်ကို သူ မသိပေ။

သူ့တွင် ယွင်ကျုံးဟဲ့နှင့်အတူ လိုက်သွားဖို့ စိတ်အားထက်သန်မှု တစ်ခု ရှိခဲ့ဖူးသည်။ သို့ပေမည့် မကြာခင်မှာပဲ ထိုအတွေးကို သူ ဖျောက်ဖျက်လိုက်၏။ အကြောင်းမူ သူ့တွင် ရည်မှန်းချက်နှင့် ဦးတည်ချက် မရှိတော့ သောကြောင့်ပင်။

‘ဒီလို သူတောင်းစား လုပ်ရတာ သိပ်ကောင်းတာပဲ။ ဖြစ်သလိုနေပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေရတယ်။ ကျုပ်က မွေးတည်းက သူတောင်းစား လုပ်ဖို့ ဖြစ်လာတာလား မသိဘူး။ ဟေးပင်းထိုင်ကို သွားပြီး သူလျှို သွားလုပ်ဖို့ မသင့်ဘူး။ ကျင်းကျုံးယွဲ့နဲ့ သွားတွေ့ဖို့ မသင့်ဘူး။ ကျိုးလီနဲ့ သွားတွေ့ဖို့ မသင့်ဘူး။ လူဆိုတာ သံယောဇဉ် ရှိလာပြီ ဆိုရင် နာကျင်ရတတ်တယ်။’

ယွင်ကျုံးဟဲ့ ပျောက်ကွယ်သွားတဲ့ ကျောပြင်ကို ကြည့်ရင်း ယန်ဖြန်ရှန်က သီချင်း ဆိုလိုက်၏။

“ကြည့်ပါ။ ညီအစ်ကိုတွေက ဆွေမျိုး မဟုတ်ဘူး။ နည်းနည်းလေး မညီမျှတာနဲ့ ပြဿနာ ရှာကြတယ်။

တစ်အူထုံဆင်း မောင်နှမတွေတောင် ခွဲခြားကြတယ်။ အနည်းအများ လုပြီး အငြင်းပွားကြတယ်။

အရက် ရှိရင် တခြား သူတွေနဲ့ပဲ သောက်တယ်။ ကိုယ့်သွေးမျိုးဆက် အရင်းအချာကိုတော့ ရန်သူလို သဘောထားကြတယ်။”

သူကလည်း သူတောင်းစား သီချင်း တစ်ပုဒ် ဆိုလိုက်ပြီး ယွင်ကျုံးဟဲ့ကို နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။

‘ကျုပ် ယန်ဖြန်ရှန်က အရက်မူးပြီး အိပ်မက် မက်တဲ့ ဘဝကို နောက်တစ်ကြိမ် ပြန်လည် ဖြတ်သန်းရတော့မယ်။ ဒီ ဟေးရွှေမြို့က အရမ်း ကောင်းတယ်။ တစ်နှစ်ပတ်လုံး အေးနေပြီး နွေဦး၊ နွေရာသီ၊ ဆောင်းဦး၊ ဆောင်းရာသီ ဆိုတာလည်း မရှိတော့ အချိန်တွေကို မေ့သွားစေနိုင်တယ်။ တစ်ရေး အိပ်လိုက်တာနဲ့ တွေဝေ ငေးမောသွားပြီး နေ့နဲ့ ည တောင် မခွဲခြားတတ်တော့ဘူး။

ပြီးတော့ ဂိုဏ်းချုပ် အနေနဲ့ ကိုယ်တိုင် သွားတောင်းစရာ မလိုဘဲ စားစရာ သောက်စရာတွေ အပြည့်အစုံ ရှိတယ်။ အရမ်း ကောင်းတာပဲ။ နတ်စည်းစိမ်တောင် မလဲနိုင်ဘူး။ ဟား.... ဟား... ဟား... ဟား...’

ယွင်ကျုံးဟဲ့ မြောက်ဘက်သို့ ဆက်လက်သွားရာ ပထမဆုံး အနေဖြင့် လူရိုင်းများ ရှိသော တောင်နက်ကြီး ထဲသို့ ဝင်ရောက်သွား၏။ သူက ဝံပုလွေကြီး တစ်ကောင်နှင့် တွေ့ဆုံခဲ့သည်။

အမှတ်(၂၅) စိတ်ဝေဒနာရှင် ပူးဝင်လာသည်နှင့် တကယ်ကို အံ့ဩစရာ အာနိသင် ပေါ်ထွက်လာ၏။ သူနှင့် တိရစ္ဆာန်များကြားတွင် သဘာဝ ရင်းနှီးမှု တစ်ခု ရှိနေပြီး ရက်စက်သော ဝံပုလွေပင်လျှင် သူ့ကို ဒုက္ခပေးမည် မဟုတ်ပေ။

ဝံပုလွေကြီး အနားတွင် ရှိနေသောကြောင့် ဤနေရာရှိ ရှေးဟောင်း လူရိုင်းမျိုးနွယ်စုများသည်လည်း သူ့ကို ဒုက္ခပေးမည် မဟုတ်တော့ပေ။ အကြောင်းမှာ သားရဲများကို ယဉ်ပါးအောင် လုပ်နိုင်သူမှာ တစ်ယောက်တည်းသာ ရှိသည်။ ထိုသူမှာ လူရိုင်းမျိုးနွယ်စု၏ နတ်ဝင်သည် ဖြစ်၏။

ထို့အပြင် နတ်ဝင်သည်သည် လူရိုင်းမျိုးနွယ်စုတွင် အလွန် အဆင့်အတန်း မြင့်မားသည်။ ထို့ကြောင့် လူရိုင်းမျိုးနွယ်စု အချို့ကို ဖြတ်သန်းသွားချိန်မှာတော့ ယွင်ကျုံးဟဲ့သည် ဒုက္ခပေးခံရခြင်း မရှိဘဲ အရေးပါသော ဧည့်သည် အဖြစ်ပင် သတ်မှတ်ခံခဲ့ရသည်။

မျိုးနွယ်စုခေါင်းဆောင်များက အရက်နှင့် အသားများကို ဆက်သကြပြီး အလွန် ပျော်ရွှင်စရာ ကောင်းလှသည်။ အချို့မျိုးနွယ်စုများမှာဆိုလျှင် အမျိုးသမီးများက မိမိကိုယ်ကို အိပ်ရာထဲသို့ လာရောက် ဆက်သကြ၏။

သို့ပေမည့် တကယ်ကို စားလို့ မရနိုင်ချေ။ အကြောင်းမူ တစ်နှစ်ပတ်လုံး ရေမချိုးသောကြောင့် အရမ်းကို နံစော်နေခြင်းကြောင့် ဖြစ်သည်။

ဝံပုလွေကြီးက ယွင်ကျုံးဟဲ့ကို မိုင် သုံးရာခန့် လိုက်ပါ ပို့ဆောင်ပေးပြီးနောက် ထွက်ခွာသွားသည်။ အကြောင်းမှာ ဤသည်မှာ သူ၏ အမြင့်ဆုံး လှုပ်ရှားမှု နယ်မြေဖြစ်ပြီး ဤနေရာမှ ထွက်ခွာသွားပါက သူ ရင်းနှီးသော နယ်မြေမှ ထွက်ခွာသွားခြင်းနှင့် အတူတူ ဖြစ်သောကြောင့်ပင်။

ထို့နောက် ယွင်ကျုံးဟဲ့သည် အဖြူရောင် ကျားတစ်ကောင်ကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့ပြန်သည်။ ဤနေရာတွင် ဆီးနှင်းများ အလွန် နက်ရှိုင်းနေပြီဖြစ်ပြီး သူ၏ ခြေထောက်ဖြင့် လမ်းလျှောက်၍ မရနိုင်တော့သောကြောင့် ကျားပေါ်တွင် စီးနင်းလိုက်ရတော့၏။

ထို့အပြင် အလွန် အေးလွန်းသောကြောင့် ယွင်ကျုံးဟဲ့သည် သားမွေး အင်္ကျီ အထပ်ထပ် ဝတ်ထားသော်လည်း အသုံးမဝင်ဘဲ နေ့စဉ် သမင်သွေး သောက်ကာ အနွေးဓာတ် ယူရသည်။

မိုင် နှစ်ထောင်ကျော် သွားပြီးနောက် လူသူကင်းမဲ့သော နယ်မြေထဲသို့ ဝင်ရောက်သွားသည်။ ဤနယ်မြေထဲသို့ လူရိုင်းများ မလာတော့ဘဲ နေရာတိုင်းတွင် ရှေးဟောင်း သစ်တောကြီးများနှင့် အမြဲတမ်း ရေခဲနေသော မြေပြင်များသာ ရှိသည်။ ဆီးနှင်းများပေါ်တွင် သားရဲများ၏ ခြေရာများသာ ရှိပြီး လူ၏ ခြေရာ လုံးဝ မရှိပေ။

ထိုကျားသည် ယွင်ကျုံးဟဲ့ကို မိုင်ထောင်ကျော်ခန့် လိုက်ပါ ပို့ဆောင်ပေးပြီးနောက် ထွက်ခွာသွားသည်။ အကြောင်းမှာ ရှေ့သို့ ဆက်သွားပါက သူ ရင်းနှီးသော နယ်မြေမှ ထွက်ခွာသွားခြင်း ဖြစ်သောကြောင့်ပင်။

ယွင်ကျုံးဟဲ့ ရှေ့သို့ ဆက်သွားရာ ဧရာမ ဝက်ဝံကြီး တစ်ကောင်ကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့ပြန်သည်။

ယွင်ကျုံးဟဲ့ ဤမျှ ကြီးမားသော ဝက်ဝံကြီး ရှိနေကြောင်း ယခုမှပင် သိလိုက်ရသည်။ အနည်းဆုံး ပေါင် တစ်ထောင် ခြောက်ရာခန့် ရှိမည်ဖြစ်ပြီး အိမ်ငယ်လေး တစ်လုံး ကဲ့သို့ ဖြစ်နေ၏။

ဤကဲ့သို့သော ဧရာမ ဝက်ဝံကြီးသည် ကျားနှင့်တွေ့လျှင်ပင် ကြောက်ရွံ့မည် မဟုတ်ပေ။ ထို့အပြင် ဧရာမ ဝက်ဝံကြီးသည် အယဉ်ပါးဆုံးဖြစ်ပြီး အဖြူစင်ဆုံးနှင့် အတက်ကြွဆုံးလည်းဖြစ်ကာ ယွင်ကျုံးဟဲ့ နှင့် အရင်းနှီးဆုံးလည်း ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် ၎င်းကို စီးကာ တောက်လျှောက် သွားနေခဲ့သည်။ အဆုံးအစ မရှိသော လူသူကင်းမဲ့သော နယ်မြေ၊ ဖြောင့်ဖြောင့်တန်းတန်း မိုင်တစ်သောင်းသုံးထောင် ဆိုလျှင် ခြေလျင် လျှောက်ပါက အနည်းဆုံး မိုင် နှစ်သောင်း ရှိမည်။

ထိုသို့ဖြင့် ဧရာမ ဝက်ဝံကြီးသည် ယွင်ကျုံးဟဲ့ကို အချိန်အကြာဆုံး အဖော်ပြုပေးသော သူငယ်ချင်း ဖြစ်လာပြီး ရာသီဥတု အအေးဆုံး အချိန်တွင်လည်း ယွင်ကျုံးဟဲ့ကို အနွေးဓာတ် ပေးနိုင်၏။

ယွင်ကျုံးဟဲ့ မြောက်ဘက်သို့ တောက်လျှောက် သွားခဲ့သည်။ ထို့နောက် အနောက်ဘက်သို့ ထပ်သွား၏။ မိုင် တစ်သောင်းကျော် ရှည်လျားသော လူသူကင်းမဲ့သော နယ်မြေတွင် ဝက်ဝံကြီး၏ အဖော်ပြုမှုသာ ရှိသည်။

ဤနေရာတွင် အချိန်များကို မေ့လျော့သွားစေပြီး ယွင်ကျုံးဟဲ့က အရာအားလုံးကို စွန့်ပစ်ကာ ကျယ်ပြော လှသော လူသူကင်းမဲ့သော နယ်မြေတွင် နေထိုင်ရန် စိတ်ကူးတစ်ခုပင် ပေါ်လာခဲ့၏။

ဤနေရာတွင် စားစရာ၊ ဝတ်စရာ မပူပန်ရသလို သောကလည်း ကင်းဝေးကာ သဘာဝတရားကြီးနှင့် လုံးဝ ရင်းနှီးနိုင်ပြီး အမှတ်(၂၅) စိတ်ဝေဒနာရှင် ပူးဝင်နေသောကြောင့် မည်သည့် သားရဲကမျှလည်း သူ့ကို ဒုက္ခပေးမည် မဟုတ်ပေ။

သို့ပေမည့် ဤစိတ်ကူးသည် တစ်ခဏသာ ပေါ်လာခဲ့ခြင်း ဖြစ်၏။

‘ကျုပ်မှာ မပြီးဆုံးသေးတဲ့ တာဝန်တွေ ရှိသေးတယ်။ အရှေ့တိုင်း ယဉ်ကျေးမှု ဆိုတာ ထားလိုက်ပါအုံး။ အဖေ့ အတွက်၊ ဇနီးနဲ့ သားသမီးတွေ အတွက်၊ အဘိုး အတွက်၊ မယ်တော်မိဖုရားခေါင်ကြီးဟောင်း အတွက် ဆိုရင်တောင် တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးပစ်ရမယ်။ တာယင် ဧကရာဇ်ကို ဖျက်ဆီးပစ်ရမယ်။’

နောက်ထပ် တစ်လ ကြာသွားပြန်သည်။

“ဒါ... ဒါ ရောက်ပြီလား”

ဤလောက၌ လမ်းညွှန်ပြသမည့်သူ မရှိသကဲ့သို့ ဂြိုဟ်တုလမ်းညွှန်စနစ် (GPS) လည်း အသုံးမပြုနိုင်ချေ။ လမ်းတစ်လျှောက်လုံးတွင်လည်း အဆုံးအစမဲ့၍ လူရိပ်လူယောင်ကင်းမဲ့သော တောတောင်ကန္တာရ နယ်မြေ များသာ ရှိတော့၏။

ထို့ကြောင့် သာမန်လူသားတို့အဖို့ မိမိတို့ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို လုံးဝမသိရှိနိုင်ဘဲ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာကိုပင် ခွဲခြားနိုင်မည် မဟုတ်ပေ။

ယွင်ကျုံးဟဲ့သည် ကောင်းကင်ယံရှိ ကြယ်တာရာများကိုသာ လုံးလုံးလျားလျား အားကိုးအားထားပြု၍ လမ်းကြောင်းအညွှန်းကို သတ်မှတ်ခဲ့ရခြင်း ဖြစ်သည်။

သို့ရာတွင် သူ၏ဦးနှောက်က မည်မျှပင် တိကျသေချာစွာ တွက်ချက်နိုင်ပါစေဦးတော့၊ ကြယ်တာရာများကို ကြည့်ရှု၍ နေရာသတ်မှတ်ရခြင်းမှာ အကြွင်းမဲ့ တိကျလှသည်တော့ မဟုတ်ချေ။

ထို့ကြောင့်ပင် ယွင်ကျုံးဟဲ့၏ စိတ်အစဉ်၌ မေးခွန်းတစ်ခုတည်းသာ ထပ်တလဲလဲ ပေါ်ပေါက်နေတော့သည်။

“ကျုပ်… ကျုပ် ရောက်ပြီလား။ ကောင်ကျူ ရှကျိုး ပေးထားတဲ့ ကိုဩဒိနိတ်နေရာကို ရောက်ပြီလား။ ဒီနေရာက တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမယ့် နေရာလား။ ဒီနေရာမှာ တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမယ့် လျှို့ဝှက်ချက်တွေ ရှိနေတာလား။ ကျုပ်… ကျုပ် စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်။ ခင်ဗျား ကျုပ်ကို လုံးဝ မလိမ်ရဘူးနော်။”

ယွင်ကျုံးဟဲ့သည် မျှော်လင့်ချက် အောက်ခြေအထိ လျော့ကျကာ စိတ်ဓာတ်ကျဆင်းသွားတော့သည်။ သူ့အနေဖြင့် မိုင်ပေါင်း နှစ်သောင်းကျော် ခရီးကြမ်းကို မနားမနေ တောက်လျှောက် နှင်ခဲ့ရခြင်း ဖြစ်၏။

နေ့ရက်နှင့် ညတာများ မည်မျှပင် ကုန်လွန်သွားခဲ့သည်ကိုပင် သူ မရေတွက်နိုင်တော့ချေ။ ယခုဆိုလျှင် သူ၏ ပုံပန်းသဏ္ဌာန်မှာ လူရိုင်းတစ်ယောက်ကဲ့သို့ပင် ဖြစ်နေ၏။ နောက်ဆုံးတွင်မူ ခန့်မှန်းခြေ ခရီးဆုံးပန်းတိုင်သို့ ဆိုက်ရောက်ခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း မျက်စိတစ်ဆုံး မြင်တွေ့နေရသည်မှာ အဆုံးအစ မရှိသည့် ရေခဲပြင်နှင့် ဆီးနှင်းတောများသာ ဖြစ်သည်။ မြို့ပြဟူ၍လည်း မရှိ၊ အိမ်ခြေဟူ၍လည်း မရှိဘဲ ဘာတစ်ခုမှ ရှိမနေချေ။

“ကျုပ် မိုင် နှစ်သောင်းကျော် လျှောက်လာခဲ့ရတာ။ ဘာ အရှေ့တိုင်း ယဉ်ကျေးမှုကို ကယ်တင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်လဲ။ ဘာ တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမယ့် တစ်ခုတည်းသော မျှော်လင့်ချက်လဲ။ ဘယ်မှာလဲ။ ချီးတဲ့မှ… ကောင်ကျူ ဧကရာဇ်…. ခင်ဗျား ကျုပ်ကို လိမ်တာလား။”

ဧရာမ ဝက်ဝံကြီးသည် ယွင်ကျုံးဟဲ့ စိတ်မသက်မသာ ဖြစ်နေသည်ကို ရိပ်မိချိန်မှာတော့ သူ၏ ဦးခေါင်းကြီးဖြင့် တိုးဝှေ့ကာ ပွတ်သီးပွတ်သပ် ပြုလုပ်လာပြီး သမင်သားတစ်တုံးကိုလည်း ကိုက်ချီ၍ ပေးလာခဲ့သည်။

ယွင်ကျုံးဟဲ့သည် ဝက်ဝံကြီး၏ ဦးခေါင်းကြီးကို သံယောဇဉ်တကြီးဖြင့် ပြန်လည်ပွတ်သပ်ပေးလိုက်မိ၏။

အကယ်၍ ဤနေရာ၌ ဘာမှ မရရှိခဲ့ဘဲ တာရှန်းမိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမည့် မျှော်လင့်ချက် အလင်းရောင် ကိုသာ မရှာဖွေတွေ့ရှိခဲ့ပါက ယွင်ကျုံးဟဲ့တစ်ယောက် ပြန်လှည့်သွားဦးမည်လား။

ယခုအချိန်တွင် တာယင်ဧကရာဇ်နှင့် ပိုင်ယင်မြို့စားတို့၏ သိုင်းပြိုင်ပွဲကြီးမှာ စတင်နေလောက်ပြီ သို့မဟုတ် ပြီးဆုံးသွားလောက်ပြီလည်း ဖြစ်နိုင်သည်။

သို့သော် ယွင်ကျုံးဟဲ့သည် အလွယ်တကူ လက်မခံလိုသေးချေ။ ထို့နောက် သူသည် ထိုဧရာမဝက်ဝံကြီးပေါ်သို့ ခွစီးကာ မိုင်တစ်ရာ ပတ်လည်ဝန်းကျင်အတွင်း လှည့်လည်၍ စေ့စေ့စပ်စပ် ရှာဖွေတော့၏။

သူသည် အနည်းငယ်မျှ မနားဘဲ အဆက်မပြတ် စူးစမ်းရှာဖွေရင်း တာရှန်းမိစ္ဆာနိုင်ငံတော်ကို ချေမှုန်း ဖျက်ဆီးနိုင်မည့် မျှော်လင့်ချက်ကို မရရအောင် ရှာဖွေချင်နေမိသည်။

သို့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ရချေ။ တစ်ရက်၊ ဆယ်ရက်မှသည် တစ်လဟူသော အချိန်ကာလများ ကုန်လွန်သွားခဲ့၏။

သူသည် အေးစက်လှသော နယ်မြေထဲတွင် ဆက်လက်၍ လှည့်ပတ်သွားလာနေဆဲ ဖြစ်သော်လည်း ရလဒ်တစ်ခုမှ မထွက်ပေါ်ခဲ့ပေ။

လူတစ်ယောက်နှင့် ဝက်ဝံတစ်ကောင်တည်းသာ ရှိသော ဤခရီးလမ်းသည် အလွန်တရာ အထီးကျန်ဆန်လွန်း လှသည်။

ဤကဲ့သို့သော အခြေအနေဆိုးသည် လူသားတို့၏ စိတ်ဝိညာဉ်ကို အမှန်တကယ်ပင် မျှော်လင့်ချက် ကင်းမဲ့သွားစေနိုင်၏။

ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ယွင်ကျုံးဟဲ့သည် ဝက်ဝံကြီး၏ ဘေးနား၌ မှီတွယ်လဲလျောင်းရင်း သားမွေးစောင်များကို အထပ်ထပ်ခြုံကာ ကောင်းကင်ယံက ကြယ်တာရာများကို မော့ကြည့်နေမိသည်။

ကောင်းကင်နှင့် အနီးကပ်ဆုံးနေရာသို့ ရောက်ရှိနေသကဲ့သို့ ခံစားရသောကြောင့် ကောင်းကင်ထက်က ကြယ်အပေါင်းတို့သည် လက်လှမ်းမီနိုင်သော အကွာအဝေးတွင် ရှိနေသယောင် ထင်မှတ်ရ၏။

ယွင်ကျုံးဟဲ့သည် ကြယ်တစ်ပွင့်ပွင့်ကို ဆွဲဖမ်းဆုပ်ကိုင်ချင်သကဲ့သို့ လက်ကို အပေါ်သို့ ဆန့်တန်းလိုက်မိသည်။

ကောင်းကင်ယံထက်မှ ဇီဝေကြယ်မှာမူ အလွန်ပင် မှေးမှိန်နေပြီဖြစ်ရာ ကွယ်ပျောက်ငြိမ်းလုနီးပါးပင် ဖြစ်နေသည်။ သို့သော်ငြား ထျန်းလန်ကြယ်မှာမူ အထွတ်အထိပ်သို့ ရောက်ရှိကာ တောက်ပလင်းလက်လျက် ရှိနေ၏။

အဘိုးဖြစ်သူ ဧကရာဇ် ယုံချီ ကမူ ဇီဝေကြယ်သည် သူ (ယွင်ကျုံးဟဲ့) ပင် ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။

ဘေးနားရှိ ဝက်ဝံကြီးက အိပ်စက်အနားယူရန် တိုက်တွန်းနေသကဲ့သို့ ဝူးဝူးဝါးဝါး အသံတစ်ချက် အော်လိုက်၏။

All Chapters