အခန်း ၇၀၇
Vol. 60 Ch. 707
အပိုင်း (၇၀၇)
နောက်တစ်နေ့….
ယွင်ကျုံးဟဲ့သည် အိပ်ရာမှ နိုးထလာချိန်မှာတော့ အံ့အားသင့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။ ထိုအရာမှာ အရှေ့ဘက်ရှိ ဆီးနှင်းပြင်ကျယ်ကြီးထဲတွင် အိမ်တစ်လုံး ရုတ်ချည်းပေါ်ပေါက်နေခြင်းပင် ဖြစ်သည်။
ထိုအိမ်မှာ ရေခဲနှင့် ဆီးနှင်းများကိုသာ အသုံးပြု၍ ဆောက်လုပ်ထားခြင်းဖြစ်ပြီး အိမ်၏အပေါ်စီးတွင်မူ အလွန်ရင်းနှီးကျွမ်းဝင်လှသော အမှတ်အသားတစ်ခုကို ရေးဆွဲထားလေ၏။
ထိုအမှတ်အသားမှာ မီးတောက်ပုံရိပ်တစ်ခုဖြစ်ပြီး ကောင်ကျူဧကရာဇ်၏ ပေလိပ်ပေါ်တွင် တွေ့ရှိခဲ့ရသော မီးတောက်အမှတ်အသားနှင့် တစ်ပုံစံတည်း တူညီနေသည်။
ယွင်ကျုံးဟဲ့သည် ချက်ချင်းဆိုသလို အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသကဲ့သို့ တပြိုင်နက်တည်းမှာပဲ အံ့ဩတုန်လှုပ်မိသွားတော့၏။
အဘယ်ကြောင့်ဆိုသော် ဤမျှကြီးမားသော အိမ်တစ်လုံးသည် တစ်ညတာအတွင်း၌ ရုတ်တရက် ထူးထူးဆန်းဆန်း ပေါ်ပေါက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် တွေးတောဆင်ခြင်ခြင်း မပြုနိုင်တော့ဘဲ ထိုရေခဲနှင့်ဆီးနှင်းတို့ဖြင့် တည်ဆောက်ထားသော အိမ်ဆီသို့ ရူးသွပ်မတတ် တစ်ဟုန်ထိုး ပြေးသွားမိတော့၏။
ရေခဲအိမ်ငယ်လေး၏ အတွင်းပိုင်း၌မူ ရေခဲဖြင့် ထုဆစ်ထားသော စားပွဲတစ်လုံးတည်းသာ ရှိနေ၏။ ထိုရေခဲ စားပွဲပေါ်တွင် ဆေးလုံးတစ်လုံးကို တင်ထားပြီး ၎င်း၏ဘေးနား၌ ဒါကို စားလိုက် ဟူသော စာလုံးသုံးလုံးကို အထင်အရှား ရေးသားထားသည်။
“ဒါကို စားလိုက်…”
ယွင်ကျုံးဟဲ့သည် တစ်စက္ကန့်မျှ ဝေခွဲမရဖြစ်ကာ တွေဝေသွားသော်လည်း ထိုဆေးလုံးကို ကောက်ယူ၍ တစ်ခါတည်း တိုက်ရိုက်မျိုချလိုက်တော့၏။
နောက်တစ်စက္ကန့် အကြာတွင် သူ၏မျက်စိရှေ့မှောက်၌ အမှောင်ထုကြီး ဖုံးလွှမ်းသွားခဲ့ပြီး လုံးဝ သတိလစ် မေ့မြောသွားခဲ့ရသည်။
အချိန်ကာလ မည်မျှ ကုန်လွန်သွားခဲ့သည်ကို မသိရတော့ဘဲ ယွင်ကျုံးဟဲ့သည် နောက်တစ်ကြိမ်တွင် ပြန်လည် နိုးထလာခဲ့၏။
သူ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်၏။ ထို့နောက်တွင်မူ သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး မိမိ၏မျက်စိဖြင့် မြင်ရသည်ကိုပင် လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ တော့သည်။
သူ၏မျက်ဝန်းအစုံတွင်လည်း ပူနွေးသော မျက်ရည်စများက ချက်ချင်းဆိုသလို ပြည့်လျှံလာခဲ့တော့သည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့၏ မျက်စိရှေ့တွင်ပေါ်လာသည်မှာ ရင်းနှီးနေသော မျက်နှာ တစ်ခု ဖြစ်နေသောကြောင့်ပင်။
‘ကျိုးလီလား။’
သူသည် အမှန်တကယ် သတိလည်နိုးထလာခဲ့ပြီလား။ သူ မမြင်တွေ့ရသည်မှာ အလွန်တရာ ကြာမြင့်ခဲ့ပြီ ဖြစ်သော မိတ်ဆွေဟောင်း၊ ယွင်ကျုံးဟဲ့၏ စိတ်အစဉ်၌ အမြဲတစေ အပြစ်ရှိသကဲ့သို့ ခံစားရစေခဲ့သည့် မိတ်ဆွေဟောင်းကြီးပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့တစ်ယောက် မိုင်ပေါင်းသောင်းချီသော ခရီးကြမ်းကို အထီးကျန်စွာ ခရီးနှင်ခဲ့ရပြီးနောက် ခရီးဆုံးပန်းတိုင်သို့ ရောက်ရှိချိန်တွင် ပထမဦးဆုံး ဆုံတွေ့လိုက်ရသူမှာ ကျိုးလီ ဖြစ်လို့နေ၏။
“ညီလေးယွင်… နေကောင်းရဲ့လား။” ကျိုးလီက မေးလိုက်သည်။
ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် ဖြေလိုက်၏။ “အစ်ကိုကျိုး… နေကောင်းရဲ့လား။”
ထို့နောက် ယွင်ကျုံးဟဲ့သည် သူ၏ မျက်နှာကို လက်ဖြင့် အုပ်လိုက်၏။ ဤသည်မှာ မိမိကိုယ်ကို လှောင်ပြောင်ခြင်း ဖြစ်သလို၊ ကျိုးလီကို မျက်နှာပြစရာ မရှိဘူး ဆိုသည့် သဘောမျိုးလည်း ဖြစ်သည်။
ကျိုးလီက မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်၏။ “ညီလေးယွင်… ဒီအချိန်မှာတောင် ခင်ဗျား ကျုပ်ကို နောက်နေသေးတာလား။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အစ်ကိုကျိုး… ခင်ဗျား ဘယ်တုန်းက သတိရလာတာလဲ။”
ကျိုးလီက ဖြေ၏။ “မကြာသေးခင်ကမှပါ။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “မီတျဲ ချိုင့်ဝှမ်းက ခင်ဗျားကို ကုပေးလိုက်တာလား။”
ကျိုးလီက ဖြေ၏။ “မဟုတ်ဘူး။ ကျုပ် ဒီကို ရောက်ပြီးမှ သူတို့ ကယ်လို့ သတိရလာတာ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ခင်ဗျား ဘယ်လောက် သိထားလဲ။”
ကျိုးလီက ဖြေ၏။ “သိပ်အများကြီး မသိဘူး။ ခင်ဗျား ပြောပြမှ သိရမှာ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “တာ့ချင်း မင်းဆက် ပျက်သွားပြီ ဆိုတာ ခင်ဗျား သိလား။”
“ဟမ်…”
ယွင်ကျုံးဟဲ့ အမြန် ပြင်ပြောလိုက်၏။ “မဟုတ်ဘူး။ တာ့ကျိုး ပျက်သွားပြီ ဆိုတာ ခင်ဗျား သိလား။”
ကျိုးလီက မေးလိုက်၏။ “တာ့ကျိုး ပျက်သွားပြီလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဧကရာဇ်ဟောင်းက ဒီလောက် အစွမ်းထက်နေတာ၊ တာ့ကျိုးက ဘယ်လိုလုပ် ပျက်သွားနိုင်မှာလဲ။”
ဤတစ်ကြိမ်မှာတော့ ယွင်ကျုံးဟဲ့ တကယ် အံ့အားသင့်သွားသည်။ ‘ဒီနေရာမှာ သတင်းအချက်အလက်တွေ ဒီလောက်တောင် ပိတ်ဆို့နေတာလား။ မဖြစ်သင့်ဘူး။’
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ညီအစ်ကိုကျိုးလီ… ခင်ဗျား ဘာတွေ သိထားလဲ ဆိုတာပဲ ပြောပြပါတော့။”
ကျိုးလီက ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းက ကျုပ်ကို အပင်လူသား ဖြစ်အောင် လုပ်လိုက်ပေမယ့် ကျုပ် ကြားနေရသေးတယ်။ မြင်နေရသေးတယ်။ ခင်ဗျား ကျုပ်ကို မီတျဲချိုင့်ဝှမ်းဆီ ပို့ပေးလိုက်တယ်။ ပြီးတော့ ခင်ဗျားက ယွင်ကျုံးဟဲ့ ဆိုတာ ကျုပ် သိသွားတယ်။”
ထိုနေရာသို့ ရောက်ချိန်မှာတော့ ကျိုးလီ၏ အသံတွင် အံ့အားသင့်မှုကို မဖုံးကွယ်နိုင်သေးပေ။
“ကျုပ် ဒီလျှို့ဝှက်ချက်ကို သိလိုက်ရတဲ့ အချိန်မှာ ကျုပ် ခုန်တောင် ထချင်သွားတယ်။”
ကျိုးလီက ပြောလိုက်၏။ “ဒါပေမဲ့ အဲဒီတုန်းက ကျုပ် သတိလစ်နေတော့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိပ်မက်လို ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ကျုပ်ကိုတော့ တကယ် အံ့အားသင့်စေခဲ့တယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တာ့ကျိုးအင်ပါယာမှာ ကျုပ်က အောက်ယွီရဲ့ ကိုယ်ပိုင်အမှတ်အသားနဲ့ ခင်ဗျားနဲ့ အတူနေခဲ့ရတဲ့ အချိန်က မတိုတောင်းပါဘူး။ ခင်ဗျား ကျုပ်ကို မမှတ်မိဘူးလား။”
ကျိုးလီက ဖြေ၏။ “တကယ် မမှတ်မိဘူး။ ခင်ဗျားမှာ ဟာကွက် လုံးဝ မရှိခဲ့ဘူးလေ။”
“ဟုတ်ပါပြီ။”
ကျိုးလီက ဆက်ပြောသည်။ “ဒီလောကမှာ ဒီလောက် ဒဏ္ဍာရီ ဆန်တဲ့ သူလျှိုမျိုး ရှိနေလိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားခဲ့ဘူး။ ယန်ဖြန်ရှန်က ဒီလောကရဲ့ အကောင်းဆုံး သူလျှိုလို့ ကျုပ် ထင်ထားခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက သူ့ထက်တောင် ပိုအံ့ဩဖို့ ကောင်းသေးတယ်။ သူလျှိုတွေရဲ့ ဘုရင်လို့တောင် ခေါ်လို့ရတယ်။ ဒါပေမဲ့ နောက်ပိုင်း ဘာတွေ ဖြစ်သွားခဲ့တာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “အဲဒါကတော့... ပြောရရင် ရှည်တယ်။”
ကျိုးလီက ပြောသည်။ “ကျုပ်မှာ အချိန်တွေ အများကြီး ရှိတယ်။ ဒါမှမဟုတ် ကျုပ်မှာ အချိန်ပဲ ရှိတော့တယ်လို့ ပြောရမလား။”
ထို့နောက် ယွင်ကျုံးဟဲ့သည် နောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြောပြလိုက်သည်။ နာရီဝက်ကျော် ကြာပြီးနောက် ယွင်ကျုံးဟဲ့သည် အရာအားလုံးကို ပြောပြ၍ ပြီးသွား၏။
ကျိုးလီသည် ယခင်က တစ်ခါမှ မကြုံဖူးသော စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုကို ခံစားလိုက်ရသကဲ့သို့ ခေါင်းကို ကိုင်ကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားမိသည်။
‘ဒီ သတင်းအချက်အလက်တွေက အရမ်းများလွန်းတယ်။’
သူသည် ပိုင်ယင်မြို့၏ အကြောင်းအရာများနှင့် တာရှန်းမိစ္ဆာနိုင်ငံတော်၏ ထိုးဖောက်ဝင်ရောက်လာမှုများကို ကြိုတင်သိရှိထားပြီး ဖြစ်သည်။ အကြောင်းမူ ဒုတိယမင်းသား ကျိုးကျီသည် ပိုင်ယင်မြို့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိရုံမျှမက လျှို့ဝှက်စွာဖြင့် ခမည်းခမက် တော်စပ်ရန် ရည်ရွယ်ထားသောကြောင့် ဖြစ်၏။
ဧကရာဇ်ဟောင်း၏ ရုတ်ချည်း မျက်နှာပြောင်းလဲသွားမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောကြောင့် အံ့အားသင့် ရသည့် အချိန်ကာလများ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း တာယင်ဧကရာဇ်သည် တာရှန်းမိစ္ဆာနိုင်ငံတော်၏ အမှောင်သခင်ကြီးဖြစ်သည်ဟူသော အမှန်တရားကမူ တွေးဝံ့စရာပင်မရှိဘဲ အမှန်တကယ် ကြက်သီးထဖွယ် ကောင်းလှသည်။
ထိုအခြေအနေသည် စိတ်နှလုံးကို အသက်ရှူကျပ်မတတ် ပြင်းထန်စွာ ခံစားရစေသည်။ ထို့အပြင် တစ်လောကလုံးရှိ အရှေ့တိုင်းလောက တစ်ခုလုံးသည် တာရှန်းမိစ္ဆာနိုင်ငံတော်၏ လွှမ်းမိုးချုပ်ကိုင်မှု အောက်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်၏။
ဤမျှအထိ မြန်ဆန်လွန်းနေလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားခဲ့မိမည် မဟုတ်ပေ။
နောက်ထပ် တစ်နာရီခန့် အကြာမှာတော့ ကျိုးလီသည် နောက်ဆုံးတွင် တည်ငြိမ်သွား၏။ သူ ယွင်ကျုံးဟဲ့ ရှေ့သို့ လျှောက်လာပြီး နောက်ဆုံးတွင် စကားလုံး လေးလုံးသာ ပြောလိုက်သည်။ “ဒါက ကံကြမ္မာရဲ့ ကစားကွက်ပဲ။”
ထို့နောက် ကျိုးလီသည် ယွင်ကျုံးဟဲ့ကို မည်သို့သော မျက်နှာ၊ မည်သို့သော သဘောထားဖြင့် ရင်ဆိုင်ရမည် ကိုပင် မသိတော့ပေ။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အစ်ကိုကျိုးလီ ခင်ဗျားဆီမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ။ ခြောက်နှစ် ကျော်တောင် ရှိသွားပြီ။”
ကျိုးလီက ဖြေလိုက်သည်။ “ကျုပ် အပင်လူသား ဖြစ်သွားတယ်။ ဒီကို ခေါ်လာခံရတယ်။ ကယ်တင်ခံရတယ်။”
ယွင်ကျုံးဟဲ့ အံ့အားသင့်သွားပြီး မေးလိုက်၏။ “ဒီလောက်ပဲလား။”
ကျိုးလီ ခေါင်းညိတ်ကာ ဖြေသည်။ “အင်း… ဒီလောက်ပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျား ဧကရာဇ်ဟောင်းရဲ့ ရိုက်နှက်မှုကြောင့် သတိလစ်သွားတာ ခြောက်နှစ်တောင် ရှိသွားပြီ။ ဒီလောက်ပဲ ဖြစ်ခဲ့တာလား။”
ကျိုးလီက ဖြေသည်။ “အင်း… ခင်ဗျားလောက်တော့ အတွေ့အကြုံ မများဘူးပေါ့။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျား သတိရလာတာ ဘယ်လောက်ကြာပြီလဲ။”
ကျိုးလီ ခဏ စဉ်းစားပြီးနောက် ဖြေလိုက်သည်။ “တစ်နှစ်လောက် ရှိပြီ။”
ယွင်ကျုံးဟဲ့က ထပ်မေး၏။ “ဒီနေရာက ဘယ်နေရာလဲ။”
ကျိုးလီက ဖြေလိုက်သည်။ “မသိဘူး။”
ကျိုးလီသည် ဤနေရာတွင် နေထိုင်ခဲ့သည်မှာ တစ်နှစ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း၊ ယခုတိုင် ထိုအရပ်ဒေသသည် မည်သည့်နေရာ ဖြစ်သည်ကို သေသေချာချာ မသိရှိသေးပေ။
ယွင်ကျုံးဟဲ့ ထထိုင်၍ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာ မှောင်မည်းနေပြီး လက်တစ်ကမ်း မမြင်ရအောင် ဖြစ်နေကာ ကုတင်ခေါင်းရင်းတွင် ဖယောင်းတိုင်မီးလေး တစ်တိုင်သာ ရှိသည်ကို တွေ့လိုက်ရ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျား သတိရလာပြီးတည်းက ဒီအခန်းထဲမှာပဲ တစ်ချိန်လုံး နေနေရတာလား၊ အပြင် မထွက်ဖူးဘူးလား။”
ကျိုးလီက ဖြေလိုက်၏။ “ဟုတ်တယ်။ ကျုပ် သတိရလာပြီးတည်းက ဒီအခန်းထဲမှာပဲ နေနေရတာ၊ ပြတင်းပေါက်တောင် မရှိဘူး၊ နေ့တိုင်း ထမင်း လာပို့ပေးတဲ့သူ ရှိတယ်။ သူကလည်း စကားမပြောတတ်တဲ့ ဆွံအနေသူလေး တစ်ယောက်ပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို ထောင်ကျနေတာပေါ့။”
ကျိုးလီက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ထောင်ကျနေတာ၊ တစ်သက်တစ်ကျွန်းပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာလို့ ခင်ဗျားကို အကျဉ်းချထားရတာလဲ။”
ကျိုးလီက ဖြေလိုက်၏။ “အရင်ကတော့ အကြောင်းရင်းကို မသိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ အကြမ်းဖျင်း သိလောက်ပါပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျားဆီမှာ ရှိနေတဲ့ သွေးကြောကြောင့်လား။”
ကျိုးလီ ခေါင်းညိတ်ကာ ဖြေလိုက်၏။ “ဟုတ်တယ်။ တာရှန်း မိစ္ဆာနိုင်ငံတော်က ကျုပ်တို့ဆီ ထိုးဖောက် ဝင်ရောက်ထားတာ အရမ်း နက်ရှိုင်းလွန်းတယ်။ ဧကရာဇ်ဟောင်းဆီမှာ မိစ္ဆာနိုင်ငံတော်ရဲ့ သွေးကြော ရှိသလို ခမည်းတော်ဆီမှာလည်း ရှိတယ်။ ကျုပ်လည်း ခြွင်းချက် မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျုပ်ဆီမှာ ရှိတဲ့ သွေးကြောက အရမ်း နည်းလောက်တယ်။ မဟုတ်ရင် ပိုင်ယင်မြို့က ကျိုးကျီကို သွားပျိုးထောင်မှာ မဟုတ်ဘဲ ကျုပ်ကို ပျိုးထောင်မှာပေါ့။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် အရင်က မြောက်ဘက် အစွန်အဖျားက ရေခဲနဲ့ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ နေရာမှာ ဆေးတစ်လုံးစားပြီး သတိလစ် အိပ်ပျော်သွားတာ။ နိုးလာတော့ ဒီကို ရောက်နေပြီ။ ခင်ဗျားက ကျုပ်ကို ကယ်ခဲ့တာ မဟုတ်ဘူးလား။”
ကျိုးလီက ဖြေ၏။ “မဟုတ်ဘူး။ ထမင်း လာပို့တဲ့ ဆွံအနေသူလေးက ခင်ဗျားကို လာပို့သွားတာ။”
‘ဒါ... ဒါက အရမ်း ထူးဆန်းနေပြီ။ ဒီနေရာက အတိအကျ ဘယ်နေရာလဲ။ ကျုပ် ထင်ထားတဲ့ နေရာ ဟုတ်ရဲ့လား။ ဒီနေရာက တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမယ့် တစ်ခုတည်းသော မျှော်လင့်ချက်လား။’
ယွင်ကျုံးဟဲ့ ထကာ နေရာအနှံ့ လိုက်ကြည့်လိုက်၏။ ရလဒ်အနေဖြင့် ဤအခန်းတွင် တံခါး မရှိရုံသာမက ပြတင်းပေါက်ပင် မရှိကြောင်း တွေ့လိုက်ရသည်။
သို့ပေမည့် စာအုပ်များစွာ ရှိနေသည်။ ယူကြည့်လိုက်ရာ အားလုံးမှာ လေးအုပ်တွဲ၊ ငါးအုပ်တွဲ ကဲ့သို့သော ဂန္ထဝင် စာအုပ်များ ဖြစ်ကြ၏။
ကျိုးလီက ပြောလိုက်သည်။ “ဒီစာအုပ်တွေကို ကျုပ် အကုန် ဖတ်ပြီးပြီ။ ကျုပ်ကို နောက်ထပ် ငါးနှစ်လောက် ဒီမှာ ဆက်ထားရင် စာမေးပွဲ သွားဖြေလို့တောင် ရပြီ။”
ယွင်ကျုံးဟဲ့ မျက်မှောင်ကြုတ်သွား၏၊ သူ မိုင် နှစ်သောင်းကျော် ခရီးနှင်လာရခြင်းမှာ တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမယ့် နည်းလမ်းကို ရှာဖွေဖို့ဖြစ်၏။ ယခု သူ့ကို ဤနေရာ၌ ပိတ်လှောင် ထားရခြင်းမှာ မည်သည့် အဓိပ္ပာယ်နည်း။ ထို့အပြင် မည်မျှကြာကြာ ပိတ်လှောင်ထားမည်နည်း။
“ညီလေးယွင်… စိတ်အေးအေးထားပါ။”
ကျိုးလီက ပြောလိုက်သည်။ “ညဉ့်က ရှည်လျားတယ်။ ကျုပ်တို့ စစ်တုရင် တစ်ပွဲ ကစားကြရအောင်။ ခင်ဗျား ရောက်လာတာ ကျုပ်အတွက်တော့ ကောင်းတဲ့ ကိစ္စပါ။ ကျုပ် တစ်ယောက်တည်း အထီးကျန်လွန်းလို့ ပေါက်ကွဲတော့မလို ဖြစ်နေပြီ။”
ထို့နောက် ယွင်ကျုံးဟဲ့ နှင့် ကျိုးလီတို့ အတူတကွ စစ်တုရင် ကစားကြ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အစ်ကိုကျိုး… တာ့ကျိုးအင်ပါယာ ပျက်စီးသွားပြီ ဆိုတာကို ခင်ဗျား နာရီဝက် လောက်ပဲ ဝမ်းနည်းပြီး အခု တည်ငြိမ်သွားပြီလား။ အမှန်တရားကို ဒီလိုပဲ လက်ခံလိုက်တာလား။”
ကျိုးလီ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “ညီလေးယွင်… ဒီလို အကျဉ်းကျ နေရတာက လူရဲ့ စိတ်ဓာတ်ကို အရမ်း ပျက်စီးစေတယ်။ လူ့စိတ် ဆိုတာ အရမ်း နုနယ်တယ်။ ဘာဒဏ်မှ မခံနိုင်ဘူး။ ကျုပ်က နှစ်ကြိမ်တောင် အပြင်းအထန် ဒဏ်ခံခဲ့ရတာ။ ကျုပ် စိတ်တွေ ကွဲကြေနေတာ ကြာလှပြီ။”