အခန်း ၇၀၈
Vol. 60 Ch. 708
အပိုင်း (၇၀၈)
ပထမအကြိမ် ပိုင်ရှင်မဲ့နယ်မြေတိုက်ပွဲတွင် စစ်ရှုံးစဉ်က ကျိုးလီသည် အတိတ်တစ်လျှောက် တစ်ခါမှ မကြုံဖူးသေးသည့် ပြင်းထန်သော ထိုးနှက်ချက်ကို ရင်ဆိုင်ခဲ့ရသည်။ သို့သော်ငြား ထိုစဉ်က သူသည် စိတ်ဓာတ်ကျဆင်းသွားခြင်း မရှိဘဲ နှစ်နှစ်တိတိ အကျယ်ချုပ်ချခြင်း ခံခဲ့ရသည့်တိုင်အောင် တိုက်ပွဲဝင်လိုစိတ် အပြည့်အဝ ရှိနေဆဲ ဖြစ်သည်။
သူသည် လန်ကျိုးမြို့ ကယ်ဆယ်ရေးလုပ်ငန်းနှင့် စီးပြန်းနှိမ်နင်းရေး တိုက်ပွဲများတွင် အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ပြီး တာ့ကျိုးအင်ပါယာအတွက် ကိုယ့်ကိုယ်ကိုယ် ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ အလင်းပေး လောင်ကျွမ်းကာ သစ္စာရှိရှိ အမှုထမ်းခဲ့၏။
နောက်ဆုံးတွင် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိတော့မည့်အချိန်၊ ဧကရာဇ် ဝမ်ယွင် ရာထူးမှ ပြုတ်ကျသွားပြီး တာ့ကျိုးအင်ပါယာကြီး လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည့်အချိန်တွင် သူသည်လည်း ဒုက္ခအပေါင်းမှ လွတ်မြောက်ကာ တာ့ကျိုးအိမ်ရှေ့စံအဖြစ် ခန့်အပ်ခြင်း ခံရတော့မှာဖြစ်သည်။
သို့ပေမည့် ထိုသို့သော အချိန်ကျမှသာ သူ အယုံကြည်ရဆုံးနှင့် အလေးစားဆုံးဖြစ်သည့် ဧကရာဇ်ဟောင်း၏ အကောက်ကြံမှုကို ခံလိုက်ရပြီး အသိစိတ်မဲ့သော အပင်လူသားဘဝသို့ ရောက်ရှိသွားခဲ့ရသည်။ ထို့အပြင် သူ အားကိုးယုံကြည်ခဲ့ရသည့် အောက်ယွီကလည်း တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှိုတစ်ဦး ဖြစ်နေခဲ့ပြန်၏။
ဤအခြင်းအရာများသည် ကျိုးလီ၏ နှလုံးသားကို ဆွဲထုတ်၍ အပိုင်းပိုင်းအစစဖြစ်အောင် ပြင်းထန်စွာ နင်းခြေဖျက်ဆီးလိုက်သကဲ့သို့ဖြစ်ရာ သူ့အနေဖြင့် မျှော်လင့်ချက် အလင်းရောင် ကွယ်ပျောက်မသွားဘဲ မည်သို့ ရှိနိုင်ပါမည်နည်း။
ကျိုးလီက သက်ပြင်းချကာ ပြောလိုက်၏။ “တကယ်လို့ ဧကရာဇ်ဟောင်းသာ အသက်ရှင်နေသေးရင် ကျုပ်မှာ အနည်းဆုံးတော့ အမုန်းတရား ရှိနေသေးတယ်။ ဒါပေမဲ့ အခု ဧကရာဇ်ဟောင်း သေသွားပြီ ဆိုတော့ ကျုပ်မှာ အမုန်းတရား မရှိတော့ဘူး။ လုံးဝ မျှော်လင့်ချက်မဲ့ သွားရုံပဲ ရှိတော့တယ်။”
ယွင်ကျုံးဟဲ့သည် ကျိုးလီကို နှစ်သိမ့်မပေးခဲ့သလို၊ တာရှန်း မိစ္ဆာနိုင်ငံတော် လောကကို လွှမ်းမိုးသွားပြီ၊ အရှေ့တိုင်း ယဉ်ကျေးမှု၏ ကပ်ဘေးကြီး ဆိုက်ရောက်လာပြီ စသည့် စကားများကိုလည်း မပြောခဲ့ပေ။ ကျိုးလီသည် ဤအချက်များကို ကိုယ်ချင်းစာနိုင်မည် မဟုတ်ပေ။
သူသည် မိသားစုနှင့် အဘိုးဖြစ်သူအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေတတ်ပြီး တာယင်ဧကရာဇ်ကိုလည်း အချိန်ပြည့် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေတတ်သည့် ယွင်ကျုံးဟဲ့ကဲ့သို့သော လူစားမျိုး မဟုတ်ပေ။
စင်စစ်အားဖြင့်မူ ယွင်ကျုံးဟဲ့၏ စိတ်အစုံ၌ လိုချင်တောင့်တမှုနှင့် ရည်မှန်းချက် အာသာရမ္မက်များသာ ပြည့်နှက် ကြီးစိုးနေခြင်း ဖြစ်သည်။
ထိုအချိန်မှာပဲ အပြင်ဘက်မှ အသံ တစ်ခု ထွက်ပေါ်လာသည်။ နံရံပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပွင့်လာပြီး ကျောက်တံခါး တစ်ခုအဖြစ် ပြောင်းလဲသွား၏။
တံခါးပွင့်လာပြီးနောက် လူတစ်ယောက် ဝင်လာပြီး ထမင်းဟင်း နှစ်ပွဲနှင့် အရက် တစ်ပုလင်းကို ယူဆောင်လာသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မိတ်ဆွေ…. ဘာလို့ ကျုပ်တို့ကို ပိတ်လှောင်ထားတာလဲ။ ဘယ်တော့ လွှတ်ပေးမှာလဲ။”
ထိုလူသည် ယွင်ကျုံးဟဲ့ကို ပြုံးပြလိုက်ပြီး သူ၏ လျှာကို လက်ညှိုးထိုးပြလိုက်သည်။
ယွင်ကျုံးဟဲ့ ကြည့်လိုက်ရာ သူသည် အမှန်တကယ် ဆွံအနေသူတစ်ဦးဖြစ်ပြီး လျှာအရင်းမှ ဖြတ်တောက် ခံထားရကြောင်း တွေ့လိုက်ရ၏။
ယွင်ကျုံးဟဲ့ သူ့ကို ခေါင်းညိတ်ပြလိုက်သည်။
ထိုဆွံအနေသောသူသည် ထမင်းဟင်း ပို့ပြီးနောက် ထွက်သွားတော့သည်။ ပြီးနောက် ကျောက်တံခါး ပိတ်သွားကာ နံရံ တစ်ခု အဖြစ် ပြန်လည် ပြောင်းလဲသွား၏။
ထို့နောက် ယွင်ကျုံးဟဲ့ နှင့် ကျိုးလီတို့ အတူတကွ အရက်သောက်ကြသည်။
အရက်အိုး တစ်ဝက်လောက် သောက်ပြီးနောက် ကျိုးလီသည် နောက်ဆုံးတွင် ရင်ထဲမှ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ တသွင်သွင် စီးကျလာတော့၏။
အရက်က ဝမ်းနည်းမှုများကို ဖြေဖျောက်ပေးပြီး လွမ်းဆွတ်မှု မျက်ရည်အဖြစ် ပြောင်းလဲသွားစေသည်။
ကျိုးလီတွင် ဇနီး ရှိပြီး၊ သားသမီးများလည်း ရှိကာ၊ ရင်းနှီးသော မိတ်ဆွေ ယန်ဖြန်ရှန်လည်း ရှိသေး၏။
သူ၏ အရက်သောက်နိုင်စွမ်းမှာ အလွန် မြင့်မားသော်လည်း ယခု အရက်အိုး တစ်ဝက်လောက် သောက်ရုံဖြင့် မူးနေပြီဖြစ်ကာ စားပွဲပေါ်တွင် မှောက်လျက် ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့… ကျုပ်တို့ အပြင်ထွက်ရမယ်။ ကျုပ်တို့ အပြင်ထွက်ရမယ်။ လွတ်လပ်ခွင့် ရရမယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ ခင်ဗျား စိတ်ဓာတ်ကျနေလို့ မရဘူး။ ခင်ဗျားရဲ့ ဇနီးနဲ့ သားသမီးတွေ တာ့ကျိုးမှာ ခင်ဗျားကို စောင့်နေကြတယ်။ ခင်ဗျား မရှိလို့ ယန်ဖြန်ရှန်က လမ်းပျောက်နေပြီ။ ကျုပ်နဲ့ နှုတ်ဆက်တုန်းက သူတောင်းစား သွားလုပ်ပြီး ခြေဦးတည့်ရာ သွားတော့မယ်လို့ ပြောခဲ့တယ်။
သူတို့ အားလုံး ခင်ဗျားကို လိုအပ်နေတယ်။ ကျုပ်တို့ ပြန်သွားရုံတင် မကဘူး။ အင်အားကြီးတဲ့ စစ်တပ်ကို ခေါ်ပြီး ပြန်သွားရမယ်။ တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးပစ်မယ်။ တာယင် ဧကရာဇ်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်။”
“သတ်၊ သတ်၊ သတ်...”
ကျိုးလီက အော်ဟစ်လိုက်သည်။ “သူတို့ အားလုံးကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်။ ပိုင်ယင်မြို့စားကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်။ တာယင် ဧကရာဇ်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် ကျိုးလီနှင့်အတူ အခန်းထဲတွင် ဆက်နေရသည်။
သူတို့သည် နေ့စဉ်နှင့်အမျှ စားသောက်ပြီးလျှင် စာဖတ်ခြင်း၊ စစ်တုရင်ကစားခြင်းတို့ဖြင့်သာ အချိန်ကုန်လွန် ကြသည်။ အိပ်စက်လိုသည့်အခါတွင်လည်း မိမိတို့၏ ကုတင်များထံသို့ အသီးသီး သွားရောက်အိပ်စက်ကြ၏။
ထိုအခန်း၌ ပြတင်းပေါက်ဟူ၍လည်းမရှိ၊ တံခါးဟူ၍လည်း မရှိသောကြောင့် အပြင်လောကတွင် နေ့အချိန်လား၊ ညအချိန်လား ဆိုသည်ကိုပင် ခွဲခြား၍ မရနိုင်ချေ။
စားသောက်ဖွယ်ရာများ လာရောက်ပို့ဆောင်ပေးတတ်သည့် ဆွံဆနေသူတစ်ဦးမှလွဲ၍ အခြား မည်သူ တစ်ဦးတစ်ယောက်ကိုမှ တွေ့မြင်ခွင့် မရပေ။
ယွင်ကျုံးဟဲ့၏ ဖခင်ဖြစ်သူ အောက်ရှင်း၊ ကျင်းကျုံးယွဲ့နှင့် ယွမ်ထျန်းရှဲ့တို့ ဤနေရာ၌ ရှိနေကြသလား ဆိုသည်ကိုလည်း မသိရသကဲ့သို့၊ ဤနေရာသည် မည်သည့်အရပ်ဒေသဖြစ်သည်ကိုပင် စုံစမ်း၍ မရနိုင်ခဲ့ချေ။
သို့သော်ငြား ယွင်ကျုံးဟဲ့အနေဖြင့် အချက်တစ်ချက်ကိုမူ အသေအချာ ယုံကြည်နေသည်။ သူသည် ကျိုးလီကဲ့သို့ ဤနေရာ၌ ထာဝရအကျဉ်းကျခံနေရမည် မဟုတ်ပေ။ မကြာမီအချိန်အတွင်း သူ့အား လာရောက်ခေါ်ထုတ်မည့်သူ ရှိလာပေလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်း ဆယ်ရက်ခန့်အကြာတွင် လူတစ်ယောက် ပေါ်ပေါက်လာခဲ့သည်။ ထိုသူမှာ အရပ် နှစ်မီတာခန့် မြင့်မားသော သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး မှောင်မည်းနေသော အခန်းအပြင်ဘက်မှနေ၍ ပေါ်လာခြင်း ဖြစ်သည်။
“သခင်လေး ယွင်ကျုံးဟဲ့ လား။” ထိုသိုင်းပညာရှင်က မေးလိုက်၏။
ယွင်ကျုံးဟဲ့ ချက်ချင်း မဖြေဘဲ ထိုသိုင်းပညာရှင်ကို စူးစိုက်ကြည့်လိုက်၏။ ထိုသူမှာ အရပ်မြင့်မားပြီး၊ တောင့်တင်းခိုင်မာကာ၊ တစ်ထောင်မှာ တစ်ယောက် တွေ့ရခဲတဲ့ ထိပ်တန်း သိုင်းပညာရှင်ဖြစ်သည်။
‘သူက ဒီနေရာမှာ အတော်ဆုံးလား။ ဒီနေရာမှာ သူလို သိုင်းပညာရှင်မျိုး ဘယ်လောက်တောင် ရှိနေလဲ။’
ထိုသိုင်းပညာရှင်က ယွင်ကျုံးဟဲ့၏ အကြည့်ကြောင့် အနည်းငယ် သက်သောင့်သက်သာ မဖြစ်ဟန်ဖြင့် ထပ်မံ မေးလိုက်၏။ “သခင်လေး ယွင်ကျုံးဟဲ့ လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ်ပါပဲ။”
ထိုသိုင်းပညာရှင်က ပြောလိုက်၏။ “ကျုပ်နောက်ကို လိုက်ခဲ့ပါ။”
ထို့နောက် သူက ယွင်ကျုံးဟဲ့၏ ခေါင်းပေါ်တွင် ခေါင်းစွပ်တစ်ခု စွပ်ပေးလိုက်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျိုးလီ… စောင့်နေ၊ ကျုပ် ခင်ဗျားကို သေချာပေါက် လွှတ်ပေးနိုင်အောင် လုပ်ပေးမယ်။”
ယွင်ကျုံးဟဲ့၏ စကားကို ကြားပြီးနောက် ထိုသိုင်းပညာရှင်၏ နှုတ်ခမ်းထောင့်တွင် အထင်သေးသော အပြုံး တစ်ခုပေါ်လာသည်။
ထို့နောက် ယွင်ကျုံးဟဲ့သည် ထိုအခန်းမည်းလေးထဲမှ နောက်ဆုံးတွင် ထွက်ခွာလာခဲ့၏။
‘ဒါက မြေအောက်ခန်းကိုး၊ ဒါကြောင့် အလင်းရောင် လုံးဝ မရှိတာ အံ့ဩစရာ မဟုတ်တော့ဘူး။’
လှေကားထစ်ပေါင်း ဆယ်ဂဏန်းခန့်ကို လျှောက်လှမ်းပြီးနောက်တွင်မှ ညီညာသော မြေပြင်သို့ ရောက်ရှိသွားသည်။
ထိုနေရာသည်လည်း အဆောက်အအုံ၏ အတွင်းပိုင်း၌ပင် ရှိနေဆဲ ဖြစ်သည်။ ခြေဖဝါးအောက်ရှိ မြေပြင်မှာ အလွန်တရာ ချောမွေ့လှသောကြောင့် စကျင်ကျောက်ပြားများဖြင့် ခင်းကျင်းထားခြင်း ဖြစ်ပေလိမ့်မည်။
ဤအဆောက်အအုံသည် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ရဲတိုက်ကြီးတစ်ခု ဖြစ်ရုံမျှမက အတိုင်းထက်အလွန် ကြီးမားထည်ဝါလှမှာလည်း မြေကြီးလက်ခတ်မလွဲပေ။
ယွင်ကျုံးဟဲ့သည် ထိုသူ၏ နောက်မှနေ၍ ဆက်တိုက် လျှောက်လာခဲ့သည်။ ဆယ်မိနစ်ကျော်မျှ လမ်းလျှောက်ပြီးသည့်တိုင်အောင် အဆောက်အအုံ၏ အတွင်း၌ပဲ လှည့်ပတ်သွားလာနေရဆဲ ဖြစ်ရာ၊ ဤရဲတိုက်ကြီးမှာ အံ့ဩစရာကောင်းလောက်အောင် ကျယ်ဝန်းမည်မှာ သေချာ၏။
ထို့အပြင် အတွင်းဘက်သို့ ရောက်ရှိလေလေ ပတ်ဝန်းကျင် အခင်းအကျင်းမှာ ပိုမိုခမ်းနားထည်ဝါ၍ ဇိမ်ကျလာလေလေ ဖြစ်ပေလိမ့်မည်။
အကြောင်းမူ စတင်ဝင်ရောက်ခါစက ခြေအောက်တွင် စကျင်ကျောက်ပြားများသာ နင်းလျှောက်ခဲ့ရ သော်လည်း၊ ထိုမှတစ်ဆင့် သစ်သားကြမ်းပြင်၊ ထို့နောက်တွင်မူ နူးညံ့ပျော့ပျောင်းသော ကော်ဇောများ အဖြစ်သို့ ပြောင်းလဲသွားပြီး လေထုထဲ၌လည်း မွှေးကြိုင်သော ရနံ့များက ပိုမို၍ ပျံ့လွင့်လာခဲ့သောကြောင့်ပင်။
မိနစ်အနည်းငယ် ထပ်မံလမ်းလျှောက်ပြီးသည့်နောက်တွင်မူ သူတို့သည် အခန်းတံခါးတစ်ခုအတွင်းသို့ ဝင်ရောက်သွားကြ၏။
“ထိုင်ပါ။ ခဏစောင့်…” ထိုသိုင်းပညာရှင်က ပြောပြီး ထွက်သွားသည်။
ယွင်ကျုံးဟဲ့သည် ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေပြီး ခေါင်းစွပ်ကိုလည်း မချွတ်ပေ။
မိနစ်အနည်းငယ် ကြာပြီးနောက် လေထုထဲတွင် မွှေးရနံ့များ ပျံ့လွင့်လာပြီး လူတစ်ယောက် ဝင်လာသံကို ကြားလိုက်ရသည်။ အမျိုးသမီး တစ်ဦး ဖြစ်ရမည်။
‘မဟုတ်ဘူး။ အမျိုးသမီး တစ်ဦးတည်း မဟုတ်ဘူး။ ဒါပေမဲ့ အရမ်း မွှေးကြိုင်နေတာက ဒီအမျိုးသမီး တစ်ယောက်တည်းပဲ။ နောက်က သိပ်မမွှေးတဲ့ အမျိုးသမီး နှစ်ယောက်လည်း ပါလာတယ်။ အစေခံတွေ ဖြစ်ရမယ်။’
“သခင်လေး ယွင်ကျုံးဟဲ့ လား။” ထိုအမျိုးသမီးက မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ်ပါပဲ။”
“အဝတ်အစားတွေ ချွတ်လိုက်ပါ။” ထိုအမျိုးသမီးက ပြောလိုက်၏။
ယွင်ကျုံးဟဲ့က မေးသည်။ “အကုန်လုံးလား။”
ထိုအမျိုးသမီးက ဖြေ၏။ “ဟုတ်တယ်။ အကုန်လုံး။”
ယွင်ကျုံးဟဲ့ ဘာမှ ထပ်မပြောဘဲ မတ်တတ်ရပ်ကာ အဝတ်အစားများ အားလုံးကို ချွတ်လိုက်သည်။
ယခုအခါ သူသည် စံပြ အမျိုးသား၏ ခန္ဓာကိုယ် အချိုးအစား ပိုင်ဆိုင်နေပြီဖြစ်သည်။ အကြောင်းမှာ လအနည်းငယ်အတွင်း မိုင်နှစ်သောင်းကျော် ခရီးရှည် သွားလာခဲ့ရသောကြောင့် ခန္ဓာကိုယ်က လုံးဝ ကျစ်လစ်နေပြီ ဖြစ်သောကြောင့်ပင်။
“သူ့ကို သေချာ ဆေးကြောပေးလိုက်” ထိုအမျိုးသမီးက အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ။”
ထို့နောက် အမျိုးသမီး နှစ်ဦးက ယွင်ကျုံးဟဲ့ကို ဆွဲမကာ ရေကန် တစ်ခုထဲသို့ ထည့်လိုက်သည်။
‘ချီးတဲ့မှ... ဝက်သတ်နေတာလား။ ဝက်မွှေး နှုတ်နေတာလား။ ဒီထဲက ရေက အရမ်း ပူလွန်းတယ်။’
သို့သော်ငြား ဤအခြင်းအရာက ယွင်ကျုံးဟဲ့အား မိမိကိုယ်မိမိ ပြန်လည်သတိပြုမိစေခဲ့သည်။ သူ ရေမချိုး ဖြစ်ခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီ မဟုတ်ပါလား။
ယခုမူ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝသန့်စင်သွားရုံမျှမက အပေါ်ယံ အရေပြားတစ်လွှာပင် ကွာကျသွားတော့မည့် အလား ခံစားနေရသည်။
သူ့သွားများ၏ အကြိုအကြား နေရာအနှံ့အပြားကိုပင် လုံးဝပြောင်စင်သွားသည်အထိ သေချာစွာ တိုက်ချွတ် ဆေးကြောပေးကြ၏။
ခန္ဓာကိုယ်အနှံ့ ဆေးကြောသန့်စင်ပြီးသွားသည့် အချိန်၌လည်း သူ့ကို ဝတ်ဆင်ရန် အဝတ်အစားများ ပေးခြင်း မရှိသေးဘဲ ဤအတိုင်းပင် ဗလာကျင်းလျက် မူလအခန်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ဤနေရာ၌ လုံးဝအေးစိမ့်ခြင်း မရှိဘဲ အပူချိန်မှာ အလွန်တရာ သက်သောင့်သက်သာ ရှိလှပေသည်။ အဆောက်အအုံအတွင်း၌ အပူပေးစနစ်တပ်ဆင်ထားသောကြောင့် များစွာဇိမ်ကျလှသည်ဟု ဆိုရပေမည်။
ထိုစနစ်မှာ မီးသွေးဖိုများဖြင့် အပူပေးခြင်းမျိုး မဟုတ်သလို မြေအောက်အပူလိုင်းများ သွယ်တန်းထားခြင်း မျိုးလည်း မဟုတ်ဘဲ တကယ့်ခေတ်မီ အပူပေးစနစ် အစစ်အမှန် ဖြစ်သည်။
“သခင်လေး ယွင်ကျုံးဟဲ့၊ ကျေးဇူးပြုပြီး လှဲနေပေးပါ။” အေးစက်သော အသံပိုင်ရှင် အမျိုးသမီးက ပြောလိုက်၏။
ယွင်ကျုံးဟဲ့ လှဲနေလိုက်သည်။
ထို့နောက် ထိုအမျိုးသမီးသည် လက်အိတ်စွပ်ကာ ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံးကို စတင် စစ်ဆေးတော့၏။
သူမသည် အမွေးအမျှင်မှစ၍ သွေးကြောအဆုံး ဘာတစ်ခုမျှ လွတ်ဟာသွားခြင်း မရှိစေဘဲ အလွန်တရာ စေ့စပ်သေချာစွာ စစ်ဆေးသည်။ သွားများ၊ ခြေချောင်းများနှင့် အရိုးတည်ဆောက်ပုံ အစိတ်အပိုင်း အားလုံးကိုလည်း ကြည့်ရှုစစ်ဆေးကြ၏။
ထိုလုပ်ငန်းစဉ်များ ပြီးဆုံးသွားသည့်နောက်တွင်မှ ယွင်ကျုံးဟဲ့၏ ခေါင်းစွပ်ကို နောက်ဆုံး၌ ချွတ်ပေးလိုက်တော့သည်။
ထိုအခါမှသာ သူသည် ပတ်ဝန်းကျင်ကို မြင်တွေ့ခွင့် ရရှိသွားခဲ့ပြီး မျက်စိရှေ့မှောက်၌ အေးစက်တည်ငြိမ်သော အလှတရားများကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေသည်ကို တွေ့လိုက်ရ၏။
သူမသည် အရပ်အမောင်း မြင့်မားပြီး ထူးကဲစွာ လှပလွန်းသကဲ့သို့ တစ်ဖက်တွင်လည်း လွန်စွာအေးစက်လို့ နေ၏။ အရှေ့တိုင်းသူတစ်ဦး ဖြစ်သည်မှာ သေချာသော်လည်း တစ်ချက်ကြည့်လိုက်ပါက ကပြားမလေး တစ်ဦးကဲ့သို့ ခံစားရစေသည်။
အကြောင်းမူကား မျက်နှာသွင်ပြင် ကောက်ကြောင်းများက အလွန်ပင် ထင်ရှားပေါ်လွင်နေပြီး၊ ခန္ဓာကိုယ် အချိုးအစားမှာလည်း သာမန် အရှေ့တိုင်းအမျိုးသမီးများထက် ပိုမို၍ ကောက်ကြောင်းပေါ်ကာ ဆွဲဆောင်မှု အပြည့် ရှိနေသောကြောင့်ပင်။
သို့ပေမည့် သူမ၏ ဝတ်စားဆင်ယင်မှုပုံစံမှာမူ ထင်မှတ်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ သူမသည် သမားတော်မလေးတစ်ဦးကဲ့သို့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခြင်း မဟုတ်ပေ။
ရှေးဟောင်းဟန်ပန် စွက်ဖက်ထားသည့် ကိုယ်ကျပ်ဂါဝန်အရှည်ကို ဆင်ယင်ထားပြီး ဆံနွယ်များကိုမူ ရိုးရိုးရှင်းရှင်းပင် အောက်သို့ ဖြန့်ချထားသည်။
သူမသည် ယွင်ကျုံးဟဲ့၏ မျက်ခွံကို လက်ဖြင့် ဖွင့်လှစ်ကာ သူငယ်အိမ်၏ အခြေအနေကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။
ထိုသို့ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးနေသည်နှင့်တပြိုင်နက် မှတ်တမ်းများကိုလည်း မပြတ်ရေးမှတ် နေခဲ့သည်။
နောက်ဆုံးတွင်မူ သူမသည် ဆေးထိုးအပ်တစ်ချောင်းကို ထုတ်ယူကာ ယွင်ကျုံးဟဲ့၏ သွေးကြောအတွင်းသို့ ထိုးသွင်းပြီး ပြွန် သုံးခုတိတိ စုပ်ယူလိုက်လေ၏။