အခန်း ၇၀၉
Vol. 60 Ch. 709
အပိုင်း (၇၀၉)
ခန္ဓာကိုယ် စစ်ဆေးမှု လုပ်ငန်းစဉ်တစ်ခုလုံးသည် တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး၊ စင်စစ်အားဖြင့်မူ ၎င်းမှာ ဘက်စုံကဏ္ဍစုံမှ အပြည့်အဝ စစ်ဆေးခဲ့သည့် စစ်ဆေးမှုကြီး ဖြစ်တော့သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “နာမည် ဘယ်လို ခေါ်လဲ။”
ထိုအေးစက်ပြီး လှပသော အမျိုးသမီးက ဂရုမစိုက်ဘဲ သူမ အလုပ်ကို သူမ ဆက်လုပ်နေ၏။ သူမထံတွင် ပြင်းထန်သော မောက်မာမှုတစ်ခု ရှိနေပြီး ထိုမောက်မာမှုမှာ မွေးရာပါ ဖြစ်သည်။
သွေးစုပ်ယူပြီးနောက် ထိုအေးစက်သော အမျိုးသမီးက ပြောလိုက်၏။ “သူ့ကို အဝတ်အစား ဝတ်ပေးလိုက်။”
“ကောင်းပါပြီ။” အစေခံ အမျိုးသမီး နှစ်ဦး ရှေ့သို့ တိုးလာပြီး ယွင်ကျုံးဟဲ့ကို အဝတ်အစား ဝတ်ပေးလိုက်သည်။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့ သတိထားမိလိုက်သည်မှာ ထိုအစေခံ အမျိုးသမီး နှစ်ဦး၏ လက်များ အနည်းငယ် တုန်ယင်နေပြီး အသက်ရှူလည်း မြန်ဆန်နေကာ မျက်နှာများလည်း အနည်းငယ် နီရဲနေကြောင်း ဖြစ်၏။
အကြောင်းမှာ သူ ခေါင်းစွပ်ချွတ်လိုက်ပြီး မျက်နှာကို ပြသလိုက်သောကြောင့် ဖြစ်သည်။ ဤမျှ ချောမောလှပမှုကို သူတို့လည်း ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ရုပ်ရည်အရဆိုလျှင် ယောကျာ်းလေး ဖြစ်နေလျှင်ပင် ယွင်ကျုံးဟဲ့သည် လူအများကို မှင်တက်သွားစေနိုင်သော အဆင့်တွင် ရှိ၏။
“သုံးရက် အကြာမှာ အဖြေ ထွက်မယ်။ သူ့ကို ပြန်ခေါ်သွားလိုက်” ထိုအမျိုးသမီးက ပြောလိုက်သည်။
“ကောင်းပါပြီ ပညာရှင်ကျူ့” အပြင်ဘက်မှ ထိုသိုင်းပညာရှင် ဝင်လာပြီး ယွင်ကျုံးဟဲ့ကို ခေါင်းစွပ် ပြန်စွပ်ပေးလိုက်၏။
“ကျုပ်နောက်ကို လိုက်ခဲ့” ထိုသိုင်းပညာရှင်က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ ထရပ်ကာ ထွက်ခွာလာခဲ့သည်။ ယခုအခါ ထိုအေးစက်ပြီး ရင့်ကျက်သော အမျိုးသမီးသည် ကျူ့ မျိုးရိုးနာမည်ရှိပြီး ပညာရှင်ဟု ခေါ်ဆိုကြောင်း သူ သိရှိသွားပြီ ဖြစ်၏။
ထိုအခန်းမှ ထွက်ခွာပြီးနောက် အတော်ဝေးဝေး လျှောက်လာကာ ယွင်ကျုံးဟဲ့သည် အလင်းရောင် လုံးဝ မရှိသော မြေအောက်ခန်း အတွင်းသို့ ပြန်လည် ရောက်ရှိသွားသည်။
“ဘယ်လိုနေလဲ” ကျိုးလီက မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “တစ်ကိုယ်လုံး အပြည့်အဝ စစ်ဆေးခံရတယ်။ နေရာ တစ်လက်မလေးတောင် မလွတ်ဘူး။ ပြီးတော့ စစ်ဆေးတဲ့သူက အရမ်းလှတဲ့ မိန်းမချောလေးပဲ။”
ကျိုးလီက ယွင်ကျုံးဟဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် စကားတစ်ခွန်း ပြောလိုက်၏။ “ကျုပ်ကို ဘာလို့ လာမစစ်ဆေးတာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကိုကျိုး… ခင်ဗျားက ဒီလို လူမျိုး ဖြစ်နေမယ်လို့ မထင်ထားဘူး။”
ကျိုးလီက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ခင်ဗျား အပြင် ထွက်ရတော့မယ် ထင်တယ်။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အဲဒီ မိန်းမချောလေးကျူ့က သုံးရက်နေရင် အဖြေ ထွက်မယ်လို့ ပြောတယ်။”
ကျိုးလီက ဆက်ပြော၏။ “ကျုပ်ကတော့ ဒီမှာ တစ်သက်လုံး အကျဉ်းကျ နေရတော့မယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ကျုပ်ဆီမှာ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ သွေးကြော ရှိနေလို့လေ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကိုကျိုး… ကျုပ်ကို လွှဲထားလိုက်။ ခင်ဗျားကို ကျုပ် သေချာပေါက် လွှတ်ပေးပြီး ခင်ဗျားရဲ့ အရည်အချင်းတွေကို ပြသခွင့် ရအောင် လုပ်ပေးမယ်။”
ကျိုးလီက မေးလိုက်၏။ “ညီလေးယွင်…. ဒီ နေရာက ဘယ်နေရာလဲ ဆိုတာ ခင်ဗျား အကြမ်းဖျင်း သိပြီလား။”
ဤခရီးစဉ်တစ်လျှောက်လုံးတွင် ယွင်ကျုံးဟဲ့အနေဖြင့် အပြင်ဘက်မြင်ကွင်းများကို တစ်စုံတစ်ရာမှ မြင်တွေ့ခွင့် မရခဲ့ဘဲ ခန္ဓာကိုယ်ကို စစ်ဆေးခံခဲ့ရသည့် အခြင်းအရာတစ်ခုသာ ရှိခဲ့၏။ သူ၏အဖြစ်မှာ ဆင်ကို စမ်းတမ်းစမ်းတမ်းဖြင့် အကဲဖြတ်နေရသည့် မျက်မမြင်ပမာ ဖြစ်နေတော့သည်။
သို့သော်ငြား သူကိုယ်တိုင် မြင်တွေ့ခွင့်ရခဲ့သည့် အစိတ်အပိုင်း အနည်းငယ်သည်ကပင် လုံလောက်စွာ လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး ထူးခြားဆန်းပြားနေခဲ့ပြီ ဖြစ်၏။
ကောင်ကျူ ချန်ထားရစ်ခဲ့သော သေတမ်းစာပါ အချက်အလက်များသည် မှားယွင်းမှု မရှိခဲ့ပေ။ ဤနေရာသည် အမှန်စင်စစ် တာရှန်းမိစ္ဆာနိုင်ငံတော်ကို ချေမှုန်းဖျက်ဆီးပစ်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် အလင်းရောင်ပင် ဖြစ်သည်။
သို့သော်လည်း သူတို့၏လက်ဝယ်၌ အရေးအကြီးဆုံးသော အရာတစ်ခု လိုအပ်နေသေးသည်။ ထိုအရာမှာ အခြားမဟုတ်၊ သူကိုယ်တိုင်ဖြစ်သည့် ယွင်ကျုံးဟဲ့ပင် ဖြစ်တော့၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဒါက အရမ်း ထူးဆန်း အံ့ဩစရာကောင်းတဲ့ နိုင်ငံတစ်ခုပဲ။ ကျုပ်တို့ မြင်ဖူးတဲ့ အင်ပါယာတွေနဲ့ လုံးဝ မတူဘူး။”
ကျိုးလီက မေးလိုက်၏။ “ဒါဆို သူက တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမယ့် မျှော်လင့်ချက်လား။”
“ဟုတ်တယ်။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဒီအံ့ဩစရာကောင်းတဲ့ နိုင်ငံက အရမ်း အင်အားကြီးတယ်။ ဒါပေမဲ့ လောလောဆယ်မှာ သူတို့ဆီမှာ အရေးကြီးဆုံး အရာတစ်ခု လိုအပ်နေသေးတယ်။”
“ဘာလဲ။” ကျိုးလီက မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ်ရဲ့ ဉာဏ်ပညာလေ။”
ကျိုးလီက ယွင်ကျုံးဟဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် အော့အန်သည့်ဟန် ပြုလုပ်လိုက်၏။
‘မတွေ့ရတာ ကြာပြီ ဆိုတော့ ခင်ဗျားက ဟာသတွေတောင် လုပ်တတ်နေပြီပဲ။’
နောက်ပိုင်းတွင် ယွင်ကျုံးဟဲ့သည် ခက်ခဲသော သုံးရက်တာ ကာလကို ဖြတ်သန်းခဲ့ရ၏။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဖြေထွက်မည့်အချိန်ကို စောင့်နေရသကဲ့သို့ ခံစားရသည်။
‘မဟုတ်ဘူး။ ဒီလို နှိုင်းယှဉ်တာ သိပ်မတိကျဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေတုန်းက အဖြေ ထွက်တာကို စောင့်စရာ မလိုဘဲ၊ စာမေးပွဲ ဖြေပြီးတာနဲ့ ပေကျင်း ဆေးတက္ကသိုလ်က သူ့ကို လက်ခံမယ် ဆိုတာ သိနေလို့ပဲ။
အမှတ်စာရင်း ထွက်လာတော့လည်း ထင်တဲ့အတိုင်းပဲ ဘာမှ စိတ်လှုပ်ရှားစရာ မရှိဘဲ၊ သူက အမှတ် သုံးဆယ် ကျော် တောင် ပိုနေသေးတယ်။ ပါရမီရှင်တွေရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဖြေ ထွက်တာက ဒီလောက် ပျင်းစရာ ကောင်းတာပဲ။’
အချိန်များက ရေလို စီးဆင်းသွားပြီး အချိန် သုံးရက် ကုန်ဆုံးသွားသည်။ အရပ် နှစ်မီတာ ရှိသည့် သိုင်းပညာရှင် ပြန်ပေါ်လာပြီး ယွင်ကျုံးဟဲ့ကို ခေါင်းစွပ် ပြန်စွပ်ပေးလိုက်ပြန်၏။
“သခင်လေး ယွင်ကျုံးဟဲ့... ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ပါ။”
ထို့နောက် ယွင်ကျုံးဟဲ့က ထိုသူ၏ နောက်သို့လိုက်ကာ အပြင်သို့ ထွက်လာခဲ့၏။
ကျိုးလီသည် ယခုတစ်ကြိမ်တွင် လိုက်ပါပို့ဆောင်ပေးခဲ့သော်လည်း တံခါးဝသို့ အရောက်တွင် တားဆီးခံလိုက် ရသည်။ အကြောင်းမှာ သူသည် အခန်းဝ၏ တစ်ဝက်ခန့်ကို ကျော်လွန်သွားသည်နှင့် အသတ်ခံရမည်မှာ ကျိန်းသေပေါက် ဖြစ်သောကြောင့်ပင်။
ယွင်ကျုံးဟဲ့တစ်ယောက် ယခုတစ်ကြိမ် ထွက်ခွာသွားပြီးပါက ဤအမှောင်ခန်းငယ်လေးထဲသို့ ပြန်လည် ရောက်ရှိလာတော့မည် မဟုတ်ကြောင်း ကျိုးလီကိုယ်တိုင် ကောင်းစွာသိရှိထားသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အစ်ကိုကျိုးလီ... ကျုပ်ကို စောင့်နေနော်။”
ကျိုးလီက အားပါပါ ခေါင်းညိတ်ပြလိုက်သည်။
ယွင်ကျုံးဟဲ့သည် ထိုသိုင်းပညာရှင် နောက်သို့ လိုက်ကာ မြေအောက်ခန်းမှ ထွက်ခွာလာခဲ့၏။
ဤတစ်ကြိမ်တွင် အခြား အရပ်မျက်နှာသို့ လျှောက်သွားပြီး အတော်ကြာအောင် လျှောက်ပြီးနောက် နောက်ဆုံးတွင် ထိုရဲတိုက်မှ ထွက်ခွာလာနိုင်ခဲ့သည်။
ပြင်ပရာသီဥတုမှာ အလွန်ပင် အေးစိမ့်နေသော်လည်း ငှက်ကလေးများ၏ မြည်ကြွေးသံနှင့် ပန်းပွင့်များ၏ အနံ့တို့အား ကြားသိ ရရှိနေ၏။
အခြေအနေသည် ထူးဆန်းလှသော်လည်း ဤနိုင်ငံအတွင်း၌ မှန်လုံအိမ်များ ရှိနေကြောင်းကို သက်သေပြ နေသည်။ သူသည် ခေါင်းစွပ် အုပ်ခံထားရသည့်အတွက် အပြင်ဘက် ကမ္ဘာကြီးကို မြင်တွေ့နိုင်ခြင်း မရှိဘဲ အနံ့ခံခြင်း၊ နားထောင်ခြင်းနှင့် ခံစားခြင်းတို့ဖြင့်သာ အခြေအနေကို မှန်းဆနေရသည်။
မကြာမီတွင် သူသည် ရထားလုံးတစ်စီးပေါ်သို့ တက်လိုက်ရသည်။ ထိုရထားလုံးမှာ အလွန်ကြီးမားပြီး သက်သောင့်သက်သာရှိကာ အတွင်းပိုင်းရှိ ထိုင်ခုံများမှာပင် အလွန်နူးညံ့နေသည်။ မြင်းဆွဲရထားလုံး ဖြစ်သော်လည်း အလွန်လျင်မြန်ပြီး တည်ငြိမ်၏။
အကြောင်းမှာ ရထားလုံးသည် သတ်မှတ်ထားသော သံလမ်းအတိုင်း မောင်းနှင်နေခြင်းဖြစ်ပြီး၊ တုန်ခါမှု လျော့ချသည့် စနစ်တွင်လည်း စပရိန်ပြားများ တပ်ဆင်ထားသောကြောင့် ဖြစ်သည်။
ထိုအချက်ကြောင့် ဤနိုင်ငံ၏ ပန်းပဲပညာမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားသည်။ ရထားလုံး အတွင်းပိုင်းမှာလည်း အလွန်နွေးထွေးနေသည်။ ဤအချက်ကပင် နိုင်ငံသည် အလွန်ဇိမ်ကျပြီး ကုန်ထုတ်လုပ်မှု စွမ်းအား အလွန်မြင့်မားသော နိုင်ငံဖြစ်ကြောင်း ပြသနေ၏။
သက်သောင့်သက်သာ ရှိလှသော ရထားလုံးသည် သံလမ်းပေါ်တွင် မောင်းနှင်နေပြီး အသံလုံစနစ်မှာလည်း အလွန်ကောင်းမွန်သည့်အတွက် အပြင်ဘက်မှ ဆူညံသံများကို လုံးဝမကြားရဘဲ တိတ်ဆိတ်ငြိမ်သက် နေသည်။ ထိုနိုင်ငံတွင် သာမန်ပြည်သူများနှင့် ပုံမှန်ဈေးများ ရှိပုံမရဘဲ အလွန်အမင်း တိတ်ဆိတ်နေသည်။
ရထားလုံးမှာ ရှစ်နာရီတိတိ မောင်းနှင်ခဲ့ရာ မိုင်ငါးရာခန့်အထိ ခရီးနှင်ခဲ့သည်။ ဤနိုင်ငံတွင် အနည်းဆုံး မိုင်ရာပေါင်းများစွာ ရှည်လျားသော အမြန်လမ်းများကို ဖောက်လုပ်ထားပြီး ထိုလမ်းများမှာလည်း အဆင့်မြှင့်တင်နေပုံ ရ၏။
အချို့သောနေရာများတွင် သစ်သားလမ်းများဖြစ်သော်လည်း အချို့နေရာများတွင်မူ သံမဏိလမ်းများ ဖြစ်နေသည်။
တရုတ်ရှေးဟောင်းသမိုင်းတွင် အမြန်လမ်း ဖောက်လုပ်ခြင်းမှာ ရှေးကျသော သမိုင်းကြောင်း ရှိခဲ့ပြီး ချင်မင်းဆက် လက်ထက်ကပင် အမြန်လမ်းများကို အကြီးအကျယ် ဖောက်လုပ်ခဲ့ကြ၏။
ဤနိုင်ငံ၏ အမြန်လမ်းများမှာ နေရာအနှံ့သို့ သွားလာနိုင်အောင် ဖောက်လုပ်ထားပြီးဖြစ်ကြောင်းကို လမ်းတစ်လျှောက်လုံးတွင် ယွင်ကျုံးဟဲ့ ခံစားသိရှိခဲ့ရသည်။
ရထားလုံး ရပ်တန့်သွားပြီး ယွင်ကျုံးဟဲ့ ရထားလုံးကြီးပေါ်မှ ဆင်းကာ ထိုသိုင်းပညာရှင် နောက်သို့လိုက်၍ အဆောက်အအုံ တစ်ခု အတွင်းသို့ ဝင်ရောက်သွား၏။
ထိုအဆောက်အအုံ၏ အဆင့်အတန်းမှာ အလွန် မြင့်မားမှာဖြစ်၏။ အကြောင်းမှာ ခြံဝင်း အတွင်းသို့ ဝင်ရောက်ကာစ ရှိသေးသော်လည်း နွေးထွေးမှုကို ခံစားနေရပြီ ဖြစ်သောကြောင့်ပင်။ ထို့အပြင် ပန်းခြံလည်း ရှိပြီး ငှက်ကလေးများ၏ အသံများကို ပို၍ ကြားလာရသည်။
အိမ်အတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ အပူချိန်မှာ ပိုမို သက်သောင့်သက်သာရှိသော နှစ်ဆယ် ဒီဂရီ စင်တီဂရိတ် ဝန်းကျင်သို့ ရောက်ရှိသွား၏။
ဤနေရာက ပို၍ ဇိမ်ကျ၏။ ခြေအောက်ရှိ ကော်ဇောမှာ တိမ်တိုက်များ အထက်တွင် လမ်းလျှောက်နေရ သကဲ့သို့ ခံစားရပြီး နေရာတိုင်းတွင် မွှေးရနံ့များ ပျံ့လွင့်နေသည်။
ထိုသိုင်းပညာရှင်သည် ယွင်ကျုံးဟဲ့ကို အခန်းတစ်ခန်း အတွင်းသို့ ခေါ်ဆောင်သွား၏။ တိတိကျကျ ပြောရလျှင် ဤသည်မှာ အခန်း တစ်ခန်း မဟုတ်ပေ။ အကြောင်းမှာ အလွန် ကျယ်ဝန်းသောကြောင့်ပင်။
“ထိုင်ပါ။” ထိုသိုင်းပညာရှင်က ပြောလိုက်၏။
ယွင်ကျုံးဟဲ့ ထိုင်လိုက်ပြီးနောက် ခေါင်းစွပ်ကို ချွတ်ခံလိုက်ရသည်။
ထို့နောက် အိမ်၏ ခမ်းနားကြီးကျယ်မှုကြောင့် သူ လုံးဝ အံ့အားသင့်သွားရ၏။ တကယ့်ကို ရွှေရောင် တောက်ပနေပြီး မျက်နှာကြက် အမြင့်က လေးမီတာကျော်ရှိကာ အကျယ်အဝန်းက စတုရန်းမီတာ ရာပေါင်းများစွာ ရှိ၏။
‘ဒါက နန်းဆောင် မဟုတ်ဘူး။ အခန်း တစ်ခန်း သက်သက်ပဲ။ ပြီးတော့ အထဲမှာ ထိုင်ခုံ တစ်ခုံတည်းပဲ ရှိတယ်။’
“ခဏစောင့်ပါ။” ထို သိုင်းပညာရှင်က ပြောပြီး ထွက်သွားကာ တံခါးကို ပိတ်လိုက်သည်။
ယွင်ကျုံးဟဲ့ ထိုနေရာတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ နာရီဝက်ခန့် အကြာတွင် ခြေသံများ ထွက်ပေါ်လာသော်လည်း ယွင်ကျုံးဟဲ့က ထိုလူစုကို မမြင်ရဘဲ အရှေ့တွင် အခန်းကန့် မျက်နှာပြင် တစ်ခုက ကာဆီးထား၏။
လူငါးဦးရှိပြီး အခန်းကန့် မျက်နှာပြင်၏ တစ်ဖက်တွင် ထိုင်လိုက်ကြကာ သူတို့ ထိုင်သည့် နေရာက အလွန် မြင့်ပြီး မြေပြင်မှ တစ်မီတာခန့် အမြင့်တွင် ရှိသည်။
ထို့ကြောင့် ဤလူငါးဦး၏ အဆင့်အတန်းမှာ အလွန် မြင့်မားမှာဖြစ်သည်။ ထို့အပြင် သူတို့၏ အရိပ်ကိုသာ ဝေဝါးစွာ မြင်ရပြီး တိကျသော မျက်နှာကို မမြင်ရပေ။ သို့ပေမည့် လူတိုင်းက အလွန် အရပ်ရှည်ကြပြီး တစ်ဒသမကိုးမီတာခန့် ရှိကြ၏။
ထို့နောက်တွင် လှပသော အရိပ်တစ်ခု ဝင်ရောက်လာသည်။ ထိုသူမှာ အေးစက်တည်ငြိမ်ပြီး ရင့်ကျက်သည့် ပညာရှင်ကျူ့ပင် ဖြစ်သည်။
သူမသည် ဂါဝန်ရှည်ကို လဲလှယ်ဝတ်ဆင်ထားသော်လည်း လွန်ခဲ့သော သုံးရက်က ဝတ်ဆင်ခဲ့သည့် ဂါဝန်နှင့် တစ်ပုံစံတည်း ဖြစ်သည်ဟု ထင်မှတ်ရသည်။ ဂါဝန်ပေါ်ရှိ အစင်းကြောင်းလေးများ ကွဲပြားခြားနားနေသည်ကို ယွင်ကျုံးဟဲ့တစ်ယောက်သာလျှင် တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်၏။
ဤသည်မှာ ဇိမ်ခံခြင်း၏ အထွတ်အထိပ်ပင် ဖြစ်သည်။ အဝတ်အစားကို လဲလှယ်ဝတ်ဆင်ထားသော်လည်း မလဲလှယ်ထားသကဲ့သို့ ထင်မှတ်ရအောင် စီမံထားခြင်း ဖြစ်သည်။
ထို့အပြင် ထိုဂါဝန်ရှည်သည် သူမ၏ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့်အခါ သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ပိုမိုပြည့်ဖြိုးဆွဲဆောင်မှုရှိစေပြီး သွယ်လျလှပစေ၏။
“ကျွန်မတို့ ဘက်စုံ စစ်ဆေးမှုတွေ လုပ်ပြီးပါပြီ၊ ယွင်ကျုံးဟဲ့ ဆီမှာ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ သွေးကြော နည်းနည်းလေးမှ မပါဝင်ဘူးဆိုတာ အတည်ပြုနိုင်တယ်။ အရမ်းကို သန့်စင်တယ်။” ပညာရှင်ကျူ့က ပြောလိုက်သည်။
“ယွင်ကျုံးဟဲ့... ဒီပေလိပ်ကို ခင်ဗျား ဘယ်က ရတာလဲ။” အားပါပြီး ဩဇာတိက္ကမ ရှိသော အသံ တစ်ခု ထွက်ပေါ်လာ၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဒါက တာရှအင်ပါယာရဲ့ ကောင်ကျူ ရှကျိုး ဆီကနေ လက်ဆင့်ကမ်း လာခဲ့တာပါ။ ကျုပ်က တာရှအင်ပါယာရဲ့ သွေးမျိုးဆက် အရင်းအချာဖြစ်ပြီး တာရှအင်ပါယာ ထီးနန်းရဲ့ တရားဝင် အမွေဆက်ခံသူပါ။”
ယွင်ကျုံးဟဲ့တွင် မေးချင်သော မေးခွန်းများစွာ ရှိနေ၏။ ဒီနေရာက ဘယ်နေရာလဲ။ ကျင်းကျုံးယွဲ့၊ အောက်ရှင်း၊ ယွမ်ထျန်းရှဲ့တို့ ဒီမှာ ရှိနေလား စသည်ဖြင့်ပင်။ သို့ပေမည့် ပထမဆုံး အနေနှင့် သူ၏ကိုယ်ပိုင်အမှတ်အသားကို အတည်ပြုဖို့ လိုအပ်၏။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဒါတင် မကသေးဘူး။ ကျုပ်က တာ့ယန် မင်းဆက်ရဲ့ တစ်ဦးတည်းသော တရားဝင် အမွေဆက်ခံသူလည်း ဖြစ်တယ်။”
အပေါ်က အရေးပါသည့် ပုဂ္ဂိုလ် ငါးဦးက တစ်ချက် ပြုံးလိုက်ပြီးနောက် အချင်းချင်း တိုင်ပင် ဆွေးနွေးကြ၏။
မိနစ် အနည်းငယ် အကြာတွင် အားပါပြီး ဩဇာတိက္ကမ ရှိသော အသံပိုင်ရှင်က ပြောလိုက်သည်။ “သခင်လေး ယွင်ကျုံးဟဲ့... တာ့ယန် အင်ပါယာကို ဝင်ရောက်လာတာကို ကြိုဆိုတယ်။ ဒီနေ့ကစပြီး ခင်ဗျားက တာ့ယန် အင်ပါယာရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပါပြီ။”
ယွင်ကျုံးဟဲ့ အံ့အားသင့်သွား၏။ ‘တာ့ယန် အင်ပါယာလား။ ဘာ တာ့ယန် အင်ပါယာလဲ။ သူက ပျက်စီးသွားတာ ကြာလှပြီ မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်တည်းက ပျက်စီးသွားခဲ့တာလေ။’
.................