အခန်း ၇၁၀
Vol. 60 Ch. 710
အပိုင်း (၇၁၀)
ဤနေရာသို့ ရောက်ရှိချိန်မှစ၍ ယခုအချိန်ထိ ယွင်ကျုံးဟဲ့သည် ကောင်းကင်မှကြယ်များကို မမြင်ခဲ့ရသောကြောင့် ဤနေရာ၏ တည်နေရာကို မခန့်မှန်းနိုင်ခဲ့ပေ။
သို့ပေမည့် သေချာသည့် တစ်ချက်မှာ ဤလျှို့ဝှက်ဆန်းကြယ်သောနိုင်ငံသည် ထိုတည်နေရာနှင့် အလွန် ဝေးကွာနေခြင်း ဖြစ်သည်။
ကောင်ကျူ ရှကျိုး ပေးခဲ့သော ထိုနေရာတစ်ဝိုက်တွင် ယွင်ကျုံးဟဲ့သည် နေ့ရက်များစွာ လှည့်လည်သွားလာ နေခဲ့သော်လည်း မည်သူ့ကိုမှ မတွေ့ခဲ့ရချေ။
တစ်နေ့တွင်မူ ရေခဲအိမ်တစ်လုံး ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုအထဲရှိ ဆေးတစ်လုံးကို သောက်လိုက်ပြီးနောက် ယွင်ကျုံးဟဲ့ ချက်ချင်း သတိလစ်သွားခဲ့၏။
ထိုသို့သတိလစ်သွားချိန်မှာ ခုနစ်ဆယ့်နှစ်နာရီခန့် ကြာမြင့်မှာဖြစ်၏။ ဆိုလိုသည်မှာ နှင်းပြင်ကြီးမှနေ၍ ယခု နေရာသို့ ရောက်ရန် ခုနစ်ဆယ့်နှစ်နာရီ ကြာမြင့်ခဲ့ခြင်းဖြစ်သည်။
ဤသည်မှာလည်း အလွန်ဝေးကွာသော အကွာအဝေးတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ဤလျှို့ဝှက် ဆန်းကြယ်သော နိုင်ငံသည် အရှေ့တိုင်းရှိ အင်ပါယာကြီးသုံးခုနှင့် အလွန်ဝေးကွာပြီး လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်နေသကဲ့သို့ပင်ဖြစ်၏။
တစ်ဖက်လူက ဤနေရာကို တာ့ယန်အင်ပါယာဟု ဆိုလာခဲ့ရာ မည်သို့သော တာ့ယန်အင်ပါယာမျိုး ဖြစ်နေမည်နည်း။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျားတို့ ဒီနေရာက တာ့ယန်အင်ပါယာလား။”
ဩဇာပြည့်ဝသော အသံကြီးက ပြန်ဖြေ၏။ “ဟုတ်တယ် ဒီနေရာက အစစ်မှန်ဆုံးနဲ့ တရားဝင်အဖြစ်ဆုံး တာ့ယန်အင်ပါယာပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ဒါဆို ဒီနေရာက ကျီရွှေ့အဖွဲ့အစည်း (စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့)လား။”
ထိုဩဇာပြည့်ဝသော အသံက ဖြေလိုက်၏။ “ကျီရွှေ့အဖွဲ့အစည်း ဟုတ်လား။ ဒီအဖွဲ့အစည်းက တကယ် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းထောင်ချီ ကြာနေပြီ။”
ထိုသို့ဆိုလျှင် ကျီရွှေ့အဖွဲ့အစည်းသည် ဖွဲ့စည်းပြီး မကြာမီမှာပဲ ပျောက်ကွယ်သွားခဲ့သည်ဆိုသည့် အဓိပ္ပာယ် မဟုတ်ပါလား။ ဤသည်မှာ မည်သို့ဖြစ်ရသနည်း။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျုပ်ရဲ့ တာရှအင်ပါယာက ကျီရွှေ့အဖွဲ့အစည်းဆီကို အရေးကြီးတဲ့ပစ္စည်းတွေ ဆက်သခဲ့သေးတယ်လေ။”
ထိုအသံက ရှင်းပြလိုက်သည်။ “ဟုတ်တယ်။ ကျုပ်တို့ဆီမှာ စာရင်းတစ်ခုရှိတယ်။ အရှေ့တိုင်းက အင်ပါယာကြီးလေးခုနဲ့ တခြားအင်အားစု ဆယ်ခုကျော်က ကျုပ်တို့ဆီကို အခွန်ပဏ္ဏာတွေ ဆက်သခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ဆက်သခဲ့တာက ကျီရွှေ့အဖွဲ့အစည်းဆီ မဟုတ်ဘူး။ တာ့ယန်အင်ပါယာဆီကိုပဲ။”
ထို့နောက် ဘေးရှိ ပုဂ္ဂိုလ်ကြီးတစ်ဦးက ဝင်ပြောလိုက်၏။ “ဒါက သာမန်ကိစ္စပဲ မဟုတ်ဘူးလား။ တာ့ယန် အင်ပါယာက မူလတည်းက အမြင့်မြတ်ဆုံး နိုင်ငံတော်လေ ကျုပ်တို့က အင်အားကြီးမားလွန်းလို့ သူတို့ရဲ့ အခွန်ပဏ္ဏာတွေကို မလိုအပ်ဘူး ဆိုပေမယ့် အထက်လွှတ်တော်က အမတ်တချို့က ရှေးဟောင်းစာချုပ်ကို ထိန်းသိမ်းထားချင်ကြတယ်။ ဒါကြောင့် သူတို့ဆက်သတာကို လက်ခံပေးခဲ့တာပေါ့။”
အဘိုးဖြစ်သူက ကျီရွှေ့အဖွဲ့အစည်းထံမှ မည်သည့်တုံ့ပြန်မှုမှ မရခဲ့ဟု ပြောခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။ အခွန်ပဏ္ဏာ ဆက်သရသည့်ပစ်မှတ်မှာ တာ့ယန်အင်ပါယာ ဖြစ်နေခဲ့သောကြောင့်ပင်။ ထို့အပြင် သူတို့က ဤပဏ္ဏာများကို ဂရုပင် မစိုက်ကြချေ။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ဒီတာ့ယန်အင်ပါယာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က လူဟောင်းတွေ ရှိသေးလား။ ကျီရွှေ့အဖွဲ့အစည်းက လူတွေကော ရှိသေးလား။ အဲဒီတုန်းက ကျုပ်ရဲ့ဘိုးဘေး ရှကျိုးက အရှေ့တိုင်းက ထိပ်တန်းသိုင်းပညာရှင် တစ်ထောင်ကျော်ကို ဦးဆောင်ပြီး နုဧကရာဇ်ကို လုပ်ကြံခဲ့တယ်။ ပြီးတော့ တာ့ရှန်းမိစ္ဆာနိုင်ငံ ပြန်လည်အသက်ဝင်လာမှာကို ကာကွယ်ဖို့အတွက် ကျီရွှေ့အဖွဲ့အစည်းကို တည်ထောင်ခဲ့တာလေ။”
တစ်ဖက်ရှိ ပုဂ္ဂိုလ်ကြီးငါးဦးသည် ခဏတာ တီးတိုးတိုင်ပင်လိုက်ကြပြီးနောက် ပြောလိုက်၏။ “တောင်းပန်ပါတယ် သခင်လေးယွင်ကျုံးဟဲ့ ကိစ္စတွေက အရမ်းကြာနေပြီဆိုတော့ သက်ဆိုင်ရာ မှတ်တမ်းတွေကို ပြန်စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။”
ထို့နောက် ပညာရှင်နှစ်ဦး ဝင်လာကာ အလွန်ထူထဲသော စာအုပ်ကြီးနှစ်အုပ်ကို သယ်လာခဲ့သည်။ ထိုစာအုပ်များမှာ အမှန်တကယ် ထူထဲလှပြီး ခြောက်လက်မခန့် ထူသည်။
ခေါင်းဆောင်ဖြစ်သူ ပုဂ္ဂိုလ်ကြီးက ရှင်းပြလိုက်၏။ “စောင့်ရတာ ကြာသွားတဲ့အတွက် အားနာပါတယ် သခင်လေး ယွင်ကျုံးဟဲ့... ပထမအချက်အနေနဲ့ ပြောရရင် ရှကျိုးက တကယ်ပဲ ကျီရွှေ့အဖွဲ့အစည်းရဲ့ တည်ထောင်သူပါ။ ဒုတိယအချက်ကတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တည်းက ကျီရွှေ့အဖွဲ့အစည်းဆိုတာ ဖျက်သိမ်းပြီးသားဖြစ်ပြီး တာ့ယန်အင်ပါယာသစ်ထဲကို အလုံးစုံပေါင်းစည်းသွားခဲ့ပါပြီ။
တတိယအချက်ကတော့ ကျီရွှေ့အဖွဲ့အစည်းကို တကယ်တမ်း ဖွဲ့စည်းတဲ့အချိန်မှာ ရှကျိုးက ထွက်သွားခဲ့ပြီ။ ဒါကြောင့် သူက တည်ထောင်သူဖြစ်ပေမယ့် အဖွဲ့ထဲမှာ တစ်ရက်လေးတောင် နေမသွားခဲ့ဘူး။ နောက်ပြီး ရှေးဟောင်းအဖွဲ့ဝင်တွေရဲ့ မှတ်တမ်းတွေအရဆိုရင် ရှကျိုးက တစ်နည်းအားဖြင့် ကျီရွှေ့အဖွဲ့အစည်းရဲ့ သစ္စာဖောက်ပဲ။”
ထိုစကားကိုကြားချိန်မှာတော့ ယွင်ကျုံးဟဲ့ ရုတ်တရက် မှင်တက်သွားမိသည်။ ‘သစ္စာဖောက် ဟုတ်လား။’
ထိုအရာက ဘာကို ဆိုလိုသနည်း။ မကြာမီမှာပဲ စတုတ္ထမြောက်သင်္ချိုင်းဂူအတွင်းရှိ မှတ်တမ်းများကို သတိရသွားခဲ့၏။ ‘ကျုပ်စိတ်တွေ ရှုပ်ထွေးနေပြီ။’
ခေါင်းဆောင်ဖြစ်သူက ဆက်ပြောလိုက်၏။ “သစ္စာဖောက်ဆိုတဲ့ စကားလုံးက သိပ်မတိကျပါဘူး။ ကျောခိုင်းသွားသူလို့ ခေါ်ရင် ပိုမှန်လိမ့်မယ်။ ရှကျိုးက ကျီရွှေ့အဖွဲ့အစည်းကို ကျောခိုင်းသွားခဲ့တယ်။ ဒါပေမဲ့ ဒါက ခင်ဗျားအပေါ် ဘာသက်ရောက်မှုမှ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားလက်ထဲက စာလိပ်က ရှေးဟောင်း စာချုပ်တစ်ခု ဖြစ်နေလို့ပဲ။
ကျီရွှေ့အဖွဲ့အစည်းက ဖျက်သိမ်းသွားပြီဆိုပေမယ့် ကျုပ်တို့က ဒီစာချုပ်ကို အသိအမှတ်ပြုသေးတယ်။ ပြီးတော့ ခင်ဗျားရဲ့ခန္ဓာကိုယ်နဲ့ သွေးတွေကို စစ်ဆေးကြည့်တော့ အလွန်သန့်စင်နေတာကို တွေ့ရတယ်။ ဒါကြောင့် ရှေးဟောင်းစာချုပ်အရ ခင်ဗျားကို တာ့ယန်အင်ပါယာရဲ့ အဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ ဆန္ဒရှိပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ။”
ထိုပုဂ္ဂိုလ်ကြီးက ပြောလိုက်၏။ “ကျုပ်က တာ့ယန်အင်ပါယာသစ်ရဲ့ အရှေ့ပိုင်းဒေသ အုပ်ချုပ်ရေးမှူးပါ။”
ထို့နောက် အုပ်ချုပ်ရေးမှူးက ဆက်၍ မိတ်ဆက်ပေးသည်။ “ကျုပ်ဘေးက လူတွေကတော့ ပညာရှင်ချုပ်၊ သိုင်းပညာရှင်ချုပ်၊ အရှေ့ပိုင်းဒေသစစ်သူကြီးနဲ့ ဂမ္ဘီရပညာရှင်ချုပ်တို့ ဖြစ်ပါတယ်။”
ယွင်ကျုံးဟဲ့က နှုတ်ဆက်လိုက်၏။ “လူကြီးမင်း ငါးယောက်လုံး မင်္ဂလာပါ။”
ဤအရာရှိစနစ်က အလွန်ထူးဆန်းနေ၏။ ဘုရင်ခံ မဟုတ်ဘဲ အုပ်ချုပ်ရေးမှူး ဖြစ်နေသည်။
ထို့အပြင် အုပ်ချုပ်ရေးမှူး လက်အောက်ရှိ ပုဂ္ဂိုလ်ကြီးလေးဦးမှာလည်း သိုင်းပညာရှင်၊ စစ်သူကြီး၊ ဂမ္ဘီရပညာရှင်နှင့် ပညာရှင်တို့ ဖြစ်နေကြသည်။ သို့ပေမည့် သူတို့အားလုံးမှာ အရှေ့တိုင်းသားများဖြစ်ကြပြီး ယွင်ကျုံးဟဲ့နှင့် သွေးသားတူညီသူများဖြစ်ကြောင်း သိသာလို့နေ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ဒီတာ့ယန်အင်ပါယာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က တရားဝင် အင်ပါယာကြီးပဲလား။”
အုပ်ချုပ်ရေးမှူးက ပြန်ဖြေ၏။ “သေချာတာပေါ့။ တာ့ယန်အင်ပါယာက ကျီရွှေ့အဖွဲ့အစည်းကို သိမ်းသွင်းခဲ့တယ် ဆိုတာ မှတ်ထားပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ဒါဆို အခုလက်ရှိ တာ့ယန်အင်ပါယာရဲ့ ဧကရာဇ်က ဘယ်သူလဲ။”
အုပ်ချုပ်ရေးမှူးက ဖြေ၏။ “ဧကရာဇ် ဟုတ်လား။ ဒီရာဇပလ္လင်က လစ်လပ်နေတာ နှစ်ပေါင်းတစ်ထောင် ကျော်နေပြီလေ။ ဒါကြောင့် ကျုပ်တို့ရဲ့ ဧကရာဇ်က အခုထက်ထိ ဧကရာဇ်မင်းမြတ် ယန်ရှင်းကျုံးပဲ။ ခင်ဗျားရဲ့ အထက်မှာ ကြည့်လိုက်ပါ။”
ယွင်ကျုံးဟဲ့ မော့ကြည့်လိုက်ရာ အထက်မြင့်မြင့်တွင် ရွှေရောင်ဝင်းလက်ကာ ခံ့ညားထည်ဝါသော ပန်းချီကား တစ်ချပ်ကို တွေ့လိုက်ရသည်။
ဤသည်မှာ တာ့ယန်အင်ပါယာ၏ နောက်ဆုံးဧကရာဇ် ယန်ရှင်းကျုံး ဖြစ်မည်လား။ ဆိုလိုသည်မှာ လက်ရှိ တာ့ယန်အင်ပါယာသည် ဧကရာဇ် အမည်ခံစနစ်ဖြင့် အုပ်ချုပ်နေခြင်းလား။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို အခု တာ့ယန်အင်ပါယာရဲ့ အမြင့်ဆုံးအာဏာကို ဘယ်သူက ကိုင်စွဲထားတာလဲ။”
အုပ်ချုပ်ရေးမှူးက ဖြေလိုက်၏။ “အထက်လွှတ်တော်ရယ်၊ တွဲဖက်အုပ်ချုပ်ရေးမှူးချုပ် နှစ်ဦးရယ် ပေါင်းပြီး အင်ပါယာရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းကို ဖွဲ့စည်းထားတာပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး... အခု တာ့ရှန်းမိစ္ဆာနိုင်ငံက တစ်ကျော့ပြန် အားကောင်းလာပြီး အရှေ့တိုင်းက အင်ပါယာကြီးလေးခုလုံးကို အုပ်စိုးထားပြီ။ အခြေအနေက အရမ်းကို အရေးကြီးနေပါပြီ။”
အုပ်ချုပ်ရေးမှူးက ပြန်ပြော၏။ “ဒီအချက်ကို ကျုပ်တို့ သိပါတယ် သခင်လေး ယွင်ကျုံးဟဲ့... ဘာလို့လဲဆိုတော့ ခင်ဗျား မတိုင်ခင်တည်းက ဒီအင်ပါယာကို ရောက်လာပြီး နိုင်ငံသားသစ်ဖြစ်လာတဲ့သူတွေ ရှိနှင့်ပြီးသားမို့လို့ပါ။”
ယွင်ကျုံးဟဲ့သည် မီတျဲချိုင့်ဝှမ်းကို ချက်ချင်း သတိရသွားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဘိုးဘေးမှာလည်း ကျီရွှေ့အဖွဲ့အစည်းဝင် ဖြစ်သောကြောင့်ပင်။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “နှစ်ထောင်ချီ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် တာ့ယန်အင်ပါယာသစ်က အင်မတန် အင်အားကြီးမားနေပြီ မဟုတ်လား။”
အုပ်ချုပ်ရေးမှူးက ဖြေ၏။ “သေချာတာပေါ့။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို အင်ပါယာအနေနဲ့ စစ်တပ်ကို ချက်ချင်းစုစည်းပြီး အရှေ့တိုင်းကိုသွားကာ တာ့ရှန်းမိစ္ဆာနိုင်ငံကို ချေမှုန်းသင့်တာပေါ့။ ဒါက ကျီရွှေ့အဖွဲ့အစည်းရဲ့ တာဝန်ပဲလေ။”
အုပ်ချုပ်ရေးမှူးက ရှင်းပြလိုက်၏။ “သခင်လေး ယွင်ကျုံးဟဲ့... တာ့ရှန်းမိစ္ဆာနိုင်ငံကို တိုက်ခိုက်ဖို့ကိစ္စက အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျော်ဖြတ်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တွဲဖက် အုပ်ချုပ်ရေးမှူးချုပ်တွေရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ကျုပ်ကို တွဲဖက်အုပ်ချုပ်ရေးမှူးချုပ် နှစ်ယောက်နဲ့ တွေ့ခွင့် ပေးနိုင်မလား။”
အရှေ့ပိုင်းဒေသ အုပ်ချုပ်ရေးမှူးက ငြင်းပယ်လိုက်၏။ “အဲဒီလိုလုပ်ဖို့ မလိုပါဘူး သခင်လေး ယွင်ကျုံးဟဲ့...”
ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “တာ့ရှန်းမိစ္ဆာနိုင်ငံက အရှေ့တိုင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နောက်ဆုံး လောကကြီး တစ်ခုလုံးကို အုပ်စိုးသွားမှာကို လက်ပိုက်ကြည့်နေကြတော့မလို့လား။ ကျုပ်တို့က ဘာမှမလုပ်ဘဲ နေကြတော့မှာလား။”
အုပ်ချုပ်ရေးမှူးက ပြောလိုက်၏။ “သခင်လေး ယွင်ကျုံးဟဲ့... အရှေ့တိုင်းကို စစ်ချီဖို့နဲ့ တာ့ရှန်းမိစ္ဆာနိုင်ငံကို စစ်ကြေညာဖို့ကိစ္စကို အထက်လွှတ်တော်မှာ ဆွေးနွေးနေပါပြီ။ မကြာခင် မဲခွဲဆုံးဖြတ်ကြတော့မှာပါ။ ကျုပ်တို့က ဆုံးဖြတ်ချက် ထွက်လာမယ့်အချိန်ကို အေးအေးဆေးဆေး စောင့်နေရုံပါပဲ။”
အုပ်ချုပ်ရေးမှူးက ဆက်၍ မေးလိုက်သည်။ “နောက်ပြီးတော့ သခင်လေး ယွင်ကျုံးဟဲ့... ခင်ဗျားက အင်ပါယာရဲ့ နိုင်ငံသားသစ်တစ်ယောက်အနေနဲ့ ကိုယ့်အသံကို မထုတ်ခင်မှာ ကျုပ်တို့အင်ပါယာအကြောင်းကို အရင်ဆုံး သေချာနားလည်အောင် လေ့လာသင့်တယ်လို့ မထင်ဘူးလား။”
ထိုစကားတစ်ခွန်းတည်းဖြင့် ယွင်ကျုံးဟဲ့သည် တာ့ယန်အင်ပါယာ၏ ကွဲပြားခြားနားမှုကို ခံစားလိုက်ရ၏။
ထိုလူမှာ အရှေ့ပိုင်းဒေသ၏ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဤဒေသ၏ အမြင့်ဆုံးအရာရှိဖြစ်သော်လည်း တစ်ဖက်လူ၏ စကားပြောဆိုမှုမှာ အမြဲတမ်း နူးညံ့ယဉ်ကျေးနေပြီး တရားမျှတမှုကို အလေးထားကာ မောက်မာမှု လုံးဝ မရှိချေ။ သို့ပေမည့် တကယ်တမ်းတွင် ဤအင်ပါယာ၌ လူတန်းစားခွဲခြားမှုများ သေချာပေါက် ရှိနေပေလိမ့်မည်။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အုပ်ချုပ်ရေးမှူးကြီး.... ကျုပ်မှာ မေးစရာ မေးခွန်းအနည်းငယ် ရှိပါသေးတယ်။”
အုပ်ချုပ်ရေးမှူးက ခေါင်းညိတ်လိုက်၏။ “ပြောပါ၊”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျိုးလီက တာ့ကျိုးအင်ပါယာရဲ့ အိမ်ရှေ့စံပါ။ သူက မြေအောက်ခန်းမှာ တစ်နှစ်တိတိ အကျဉ်းချခံထားရတယ်။ အဲဒါ သူ့ရဲ့သွေးကြောကြောင့်လား။”
အုပ်ချုပ်ရေးမှူးက ဖြေလိုက်၏။ “ဟုတ်တယ်။ ကျုပ်တို့က သူ့ကို ကယ်တင်ခဲ့ပေမယ့် သူ့ဆီမှာ တာ့ရှန်း မိစ္ဆာနိုင်ငံရဲ့ သွေးကြောရှိနေတာကို တွေ့လိုက်ရလို့ အကျဉ်းချထားခဲ့တာပါ။ ဒါပေမဲ့ သူက အရမ်း ကံကောင်းတယ် သူ့ကိုယ်ထဲက တာ့ရှန်းမိစ္ဆာနိုင်ငံရဲ့ သွေးကြောက လေးပုံတစ်ပုံထက် မပိုလို့ အကျဉ်းချခံရရုံလောက် ခံရပြီး ပိုကြီးလေးတဲ့ ပြစ်ဒဏ် မခံရတာပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ပိုပြင်းထန်တဲ့ တာ့ရှန်းမိစ္ဆာနိုင်ငံရဲ့ သွေးကြောဆိုရင်ရော ဘယ်လိုဖြစ်မလဲ။”
အုပ်ချုပ်ရေးမှူးက ဖြေလိုက်၏။ “သုံးပုံတစ်ပုံထက် ကျော်ရင် သေဒဏ်ပေးခံရလိမ့်မယ်။”
ထိုစကားကြောင့် ယွင်ကျုံးဟဲ့၏ နှလုံးသားမှာ ဒုန်းကနဲ ခုန်သွားသည်။ ကျင်းကျုံးယွဲ့ဆိုလျှင် သေချာပေါက် သုံးပုံတစ်ပုံထက် ကျော်လွန်နေမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမက နုဧကရာဇ်၏ မျိုးဆက်ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် သူမ၏ အမြွှာကလေးနှစ်ယောက်လည်း ရှိသေးသည်။
ယွင်ကျုံးဟဲ့က အလျင်စလိုဖြင့် မေးလိုက်၏။ “ကျင်းကျုံးယွဲ့က တာ့ယန်အင်ပါယာမှာ ရှိနေလား။ ပြီးတော့ သူ့ရဲ့ကလေးနှစ်ယောက်ရော။ ခင်ဗျားတို့က သူ့ကို သေဒဏ်ပေးလိုက်တာတော့ မဟုတ်ဘူးမလား။”
အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ သက်ဆိုင်ရာလူတွေကို သွားမေးကြည့်ဖို့ လိုအပ်လိမ့်မယ်။ ခဏစောင့်ပါ။”
ယွင်ကျုံးဟဲ့ နားလည်လိုက်သည်။ ဤအုပ်ချုပ်ရေးမှူးသည် အာဏာကြီးမားပြီး အလုပ်များသူ တစ်ဦးဖြစ်သည်။ ကျင်းကျုံးယွဲ့နှင့် ကလေးနှစ်ယောက်ကိစ္စသည် ယွင်ကျုံးဟဲ့အတွက် အလွန် အရေးကြီးသော်လည်း ဤအုပ်ချုပ်ရေးမှူး အတွက်မူ အသေးအဖွဲကိစ္စတစ်ခုသာ ဖြစ်နေ၏။
အချိန်အတော်ကြာပြီးနောက်တွင် တစ်စုံတစ်ယောက်က သက်ဆိုင်ရာမှတ်တမ်းများကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
အုပ်ချုပ်ရေးမှူးက ဖတ်ပြလိုက်၏။ “အင်း... တွေ့ပြီ။ ရိုလန်နိုင်ငံက ဘုရင်မ ကျင်းကျုံးယွဲ့နဲ့ သူ့ရဲ့ ကလေးနှစ်ယောက်၊ ပြီးတော့ လူတစ်သောင်းခုနစ်ထောင် ပါလာတယ်လို့ မှတ်တမ်းမှာ ပါနေတယ်။ သူမရဲ့ ကိုယ်ထဲမှာရှိတဲ့ တာ့ရှန်းမိစ္ဆာနိုင်ငံရဲ့ သွေးကြောက ထက်ဝက်ကျော်နေတယ်။ ကလေးနှစ်ယောက်ရဲ့ သွေးကြော ကတော့ လေးပုံတစ်ပုံကျော်တယ်။ ပြီးတော့ ကျင်းဝူပြန်းဆိုတဲ့သူရဲ့ သွေးကြောကလည်း လေးပုံတစ်ပုံ ကျော်နေသေးတယ်။”
အုပ်ချုပ်ရေးမှူးသည် မှတ်တမ်းများကို ဆက်တိုက် လှန်လှောကြည့်ရှုနေသည်။ မှတ်တမ်းများမှာ အလွန် များပြားလှပြီး လူအများအပြား၏ အမည်စာရင်းများ ပါဝင်နေသည်။
ထို့နောက် ဘေးရှိ အရာရှိတစ်ဦးက အုပ်ချုပ်ရေးမှူး၏ နားထဲသို့ တစ်စုံတစ်ရာကို တီးတိုးသတိပေးလိုက်၏။
အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “တောင်းပန်ပါတယ် သခင်လေး ယွင်ကျုံးဟဲ့... ဒီမှတ်တမ်းက လောလောဆယ် အဆင့်ငါး လျှို့ဝှက်ချက် ဖြစ်နေတယ်။ ခင်ဗျားရဲ့အဆင့်နဲ့ဆိုရင် ကျုပ်တို့က ထုတ်ပြောလို့ မရသေးဘူး။ ဒါကြောင့် ကျင်းကျုံးယွဲ့နဲ့ ကလေးနှစ်ယောက်ကိစ္စကို ကျုပ်တို့ ဘာမှပြောပြလို့ မရပါဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို မှတ်တမ်းထဲမှာ အောက်ရှင်း၊ ယွမ်ထျန်းရှဲ့၊ လျိုရူယန်၊ အောက်နင်နင်၊ ရွှီအန်းထင်နဲ့ နင်ချင်းတို့ရော ပါလား။”
အုပ်ချုပ်ရေးမှူးမှာ အနည်းငယ် စိတ်ရှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် မှတ်တမ်းရှိ အမည်စာရင်းမှာ ထောင်နှင့်ချီနေသောကြောင့် ရှာဖွေရသည်မှာ အလွန်ခက်ခဲလှသောကြောင့်ပင်။
ထို့အပြင် သူက အရှေ့ပိုင်းဒေသ၏ အမြင့်ဆုံး အရာရှိဖြစ်ကာ အလုပ် အလွန်များသူဖြစ်သော်လည်း ယခုကဲ့သို့ အသေးအဖွဲကိစ္စများတွင် အချိန်ဖြုန်းနေရသောကြောင့်ပင်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သူတို့အားလုံးက ကျုပ်ရဲ့ မိသားစုဝင်တွေပါ ကျုပ်အတွက် အရမ်း အရေးကြီးပါတယ်။”
အုပ်ချုပ်ရေးမှူးက ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။ ခင်ဗျားရဲ့ခံစားချက်ကို ကျုပ် နားလည်ပါတယ်။”
အုပ်ချုပ်ရေးမှူးက ဆက်၍ ရှင်းပြလိုက်၏။ “သခင်လေး ယွင်ကျုံးဟဲ့.... အောက်ရှင်းနဲ့ ယွမ်ထျန်းရှဲ့က ကျုပ်တို့ရဲ့ စာရင်းထဲမှာ မပါဘူး။ ကျန်တဲ့သူတွေကတော့ အကုန်ပါတယ်။ ဒါပေမဲ့ အားနာပါတယ်။ သူတို့က ကျင်းကျုံးယွဲ့နဲ့ အတူရှိနေကြတာလေ။ ကျင်းကျုံးယွဲ့ရဲ့ မှတ်တမ်းက အဆင့်ငါး လျှို့ဝှက်ချက်ဖြစ်နေတော့ ခင်ဗျားရဲ့ လုပ်ပိုင်ခွင့်နဲ့ဆို အများသိအောင် ထုတ်ပြန်ပေးလို့ မရပါဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ဒါဆို သူတို့ အသက်ရှင်နေသေးလား။”
အုပ်ချုပ်ရေးမှူးက ဖြေ၏။ “အသက်ရှင်နေပါသေးတယ်။”
ထို့နောက် အုပ်ချုပ်ရေးမှူးက နှုတ်ဆက်လိုက်သည်။ “ကဲ သခင်လေး ယွင်ကျုံးဟဲ့.... ခင်ဗျားကို တွေ့ရတာ အရမ်း ဝမ်းသာပါတယ်။ တာ့ယန်အင်ပါယာရဲ့ နိုင်ငံသားသစ်ဖြစ်လာတဲ့အတွက် ကြိုဆိုပါတယ်။ ကျုပ်က အလုပ်လေးတွေ နည်းနည်းများနေတော့ ဒီလောက်နဲ့ပဲ ခွင့်ပြုပါအုံး။”
ထို့နောက် သူသည် တံဆိပ်တုံးတစ်ခုကို ယူကာ စာအုပ်တစ်အုပ်ပေါ်တွင် တုံးထုလိုက်သည်။ ပြီးသည်နှင့် ထိုပုဂ္ဂိုလ်ကြီးငါးဦး ထွက်ခွာသွားကြတော့၏။