အခန်း ၇၁၁
Vol. 60 Ch. 711
အပိုင်း (၇၁၁)
ထိုအချိန်တွင် ကျူ့ယွီယန်က စာအုပ်တစ်အုပ်ကို ယူလာပြီး ယွင်ကျုံးဟဲ့ထံ ကမ်းပေးကာ ပြောလိုက်သည်။ “ဒါက ရှင့်ရဲ့ သက်သေခံစာအုပ်ပဲ။ သေချာသိမ်းထားပါ။ ဒါက ရှင့်ရဲ့ တစ်ခုတည်းသော သက်သေခံ လက်မှတ်ဖြစ်သလို ရှင်ရရှိမယ့် အခွင့်အရေးတွေအတွက် တစ်ခုတည်းသော သက်သေပါ။”
ယွင်ကျုံးဟဲ့ ယူကြည့်လိုက်ရာ ထိုအပေါ်တွင် သူ၏ပုံတူပန်းချီကား ပါရှိနေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။ သုံးဖက်မြင်ပုံကြမ်း ရေးဆွဲထားခြင်းဖြစ်ကာ အဖြူအမည်းဓာတ်ပုံတစ်ပုံနီးပါး အသက်ဝင်လှ၏။
[ယွင်ကျုံးဟဲ့ - ကျား၊ အသက်(၃၁)နှစ်
အင်ပါယာအဆင့်တစ်နိုင်ငံသား
အလုပ်လက်မဲ့၊ လူပျို
အဆင့်တစ် ခံစားခွင့်များကို ရရှိမည်။
အာမခံပေးသူ - ကျူ့ယွီယန်]
အထက်ပါအချက်အလက်များကို မြင်လိုက်ရချိန်တွင် ယွင်ကျုံးဟဲ့မှာ နှုတ်ခမ်းတွန့်ကာ အလွန်စိတ်ပျက်သွား မိသည်။
‘ကျုပ် ယွင်ကျုံးဟဲ့က တာရှအင်ပါယာရဲ့ ယန်ချင်ဝမ်၊ တရားဝင်အိမ်ရှေ့စံ၊ တာယင်အင်ပါယာရဲ့ ယွင်မြို့စားကြီး၊ တာ့ကျိုးအင်ပါယာရဲ့ အောက်မြို့စားကြီး၊ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ ဒုတိယ ခေါင်းဆောင် ဖြစ်ခဲ့တာလေ။ ဒီလောက် များပြားတဲ့ ဂုဏ်ပုဒ်တွေ ရှိခဲ့ပေမဲ့ ခင်ဗျားတို့ တာ့ယန်အင်ပါယာကို ရောက်တဲ့အချိန်ကျမှ အဆင့်တစ် နိုင်ငံသား ဖြစ်သွားရတာလား။ ပြီးတော့ အလုပ်လက်မဲ့၊ လူပျိုတဲ့လား။ ဒါက လူကို သိပ်နှိမ်လွန်းရာ မကျဘူးလား။’
အာမခံပေးသူ ကျူ့ယွီယန်ဆိုသည်မှာ သူ၏ရှေ့ရှိ အေးစက်စက်နှင့် ရင့်ကျက်သောအလှပိုင်ရှင် ပညာရှင်မလေး ဖြစ်နေသည်လား။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပညာရှင်ကျူ့... ကျုပ်လို တာ့ယန်အင်ပါယာရဲ့ တရားဝင် ဧကရာဇ်မျိုးဆက် ဖြစ်ပြီး ရွှေရောင်သွေးကြောကို ပိုင်ဆိုင်ထားတဲ့သူက ဘယ်လိုလုပ်ပြီး အဆင့်တစ်နိုင်ငံသား ဖြစ်သွားရတာလဲ။”
ကျူ့ယွီယန်က ပြောလိုက်၏။ “ပထမအချက်အနေနဲ့ ပြောရရင် ရှင်ပြောတဲ့ ရွှေရောင်သွေးကြောကို ကျွန်မတို့ စစ်ဆေး မတွေ့ရှိခဲ့ပါဘူး။ ဒုတိယအချက်ကတော့ တာ့ယန်အင်ပါယာမှာ လူတိုင်း တန်းတူညီမျှပဲ။ အင်ပါယာ အတွက် အကျိုးပြုနိုင်မှသာ ပိုမြင့်မားတဲ့ ခံစားခွင့်တွေကို ရရှိနိုင်မှာပါ။ ရှင့်ရဲ့ ခေါင်းထဲမှာ ပြည့်နှက်နေတဲ့ အခွင့်ထူးခံ အတွေးအခေါ်တွေက အရမ်းကို အောက်တန်းကျလွန်းတယ်။”
ယွင်ကျုံးဟဲ့အပေါ် ထားရှိသော ကျူ့ယွီယန်၏ ဆက်ဆံရေးမှာ ပို၍ အေးစက်သွားခဲ့သည်။ သူမက မျက်နှာပေါ်တွင် မပြသသော်လည်း သူမ၏မောက်မာမှုမှာ ပို၍သိသာလာကြောင်းကို ယွင်ကျုံးဟဲ့ သိမြင်နိုင်သေးသည်။
သူမသည် ယွင်ကျုံးဟဲ့ကဲ့သို့ အရှေ့တိုင်းမှ လာသူများကို တိုင်းရင်းသား လူရိုင်းတစ်ဦးကဲ့သို့ မြင်နေကြောင်း သိသာလှသည်။ ခွဲခြားဆက်ဆံသည်ဟု မဆိုသာသော်လည်း အနည်းငယ် အထင်အမြင်သေးနေခြင်းဖြစ်၏။
ယွင်ကျုံးဟဲ့၏ အတွေးအခေါ်များမှာ ခေတ်နောက်ကျပြီး အောက်တန်းကျသည်ဟု သူမက ယူဆထား သောကြောင့် ခေတ်မီသော တာ့ယန်အင်ပါယာသို့ ရောက်လာချိန်တွင် အံဝင်ခွင်ကျမဖြစ်ဟု ထင်နေခြင်း ဖြစပေလိမ့်မည်။
ကျူ့ယွီယန်က ပြောလိုက်သည်။ “အင်ပါယာမှာရှိတဲ့ လူတိုင်းက အရမ်းအလုပ်များကြတယ်။ ဒါပေမဲ့ ရှင့်ရဲ့ အာမခံပေးသူအနေနဲ့ ရှင် အင်ပါယာရဲ့ဘဝသစ်မှာ လုံးဝအသားကျသွားတဲ့အထိ ကူညီပေးဖို့အတွက် တစ်နာရီလောက်တော့ အချိန်ပေးနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ရှင့်ဘာသာ ရပ်တည်ရလိမ့်မယ်။”
သို့ပေမည့် ယွင်ကျုံးဟဲ့သည် ဤနေရာသို့ အခြေချနေထိုင်ရန် လာခဲ့ခြင်း မဟုတ်ပေ။ သူသည် တာ့ယန် အင်ပါယာကို စစ်တပ်စေလွှတ်စေပြီး တာ့ရှန်းမိစ္ဆာနိုင်ငံကို ချေမှုန်းရန် လာခဲ့ခြင်းဖြစ်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပညာရှင်ကျူ့ယွီယန်... ကျုပ် နားမလည်တဲ့ အချက်တစ်ချက် ရှိတယ်။ အရှေ့တိုင်းက အင်ပါယာကြီးလေးခုက တာ့ယန်အင်ပါယာရဲ့ မူလပိုင်နက်တွေချည်းပဲ။ အခုဆိုရင် အဲဒီနေရာတွေက ကျဆုံးတော့မယ်။ တာ့ရှန်းမိစ္ဆာနိုင်ငံရဲ့ သိမ်းပိုက်တာကို ခံရတော့မယ်။ အဲဒါကို ဘာလို့ တာ့ယန်အင်ပါယာတစ်ခုလုံးက ဘာမှမဖြစ်သလို နေနေကြတာလဲ။ စစ်တပ်စေလွှတ်ပြီး မူလပိုင်နက်တွေကို ပြန်သိမ်းဖို့ကို နည်းနည်းလေးတောင် မလောကြဘူးလား။”
ကျူ့ယွီယန်သည် ယွင်ကျုံးဟဲ့ကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် ပြန်မေးလိုက်၏။ “သခင်လေး ယွင်ကျုံးဟဲ့... ကျွန်မတို့ မျိုးဆက်တိုင်းက ဒီတာ့ယန်အင်ပါယာသစ်မှာ နေထိုင်လာခဲ့တာ နှစ်ပေါင်း တစ်ထောင်ကျော်နေပြီလေ။ အဲဒီလောက် ဝေးကွာနေတဲ့ မူလပိုင်နက်တွေအပေါ်မှာ ကျွန်မတို့က ဘယ်လောက်တောင် သံယောဇဉ် ရှိသင့်တယ်လို့ ရှင် ထင်နေတာလဲ။”
ထို့နောက် ထိုအေးစက်စက်အလှပိုင်ရှင်လေးသည် ဤအကြောင်းအရာကို ဆက်မပြောလိုတော့ပေ။
ကျူ့ယွီယန်က ပြောလိုက်သည်။ “အင်ပါယာက ရှင့်အတွက် အိမ်တစ်လုံးနဲ့ ထောက်ပံ့ကြေးငွေတွေ ခွဲဝေပေးထားတယ်။ ရှင့်ရဲ့ အာမခံပေးသူအနေနဲ့ ရှင့်ရဲ့အိမ်ကို လိုက်ပို့ပေးမယ်။ ဒါပေမဲ့ ရှင် လမ်းတွေကို သေချာမှတ်ထားပါ။ ကျွန်မက အရမ်းအလုပ်များလို့ ရှင့်ကို ဒုတိယအကြိမ် ထပ်ပြီးလိုက်ပို့ပေးဖို့ အချိန် ရှိဘူး။”
ထို့နောက် သူမက ရှေ့မှဦးဆောင်ကာ ရွှေရောင်ဝင်းလက်နေသော ဧရာမအဆောက်အအုံကြီးထဲမှ ထွက်လာ ခဲ့သည်။ ယခုအချိန်တွင် ယွင်ကျုံးဟဲ့မှာ တာ့ယန်အင်ပါယာ၏ နိုင်ငံသားဖြစ်နေပြီဖြစ်၍ မျက်နှာအုပ်ထားရန် မလိုအပ်တော့ဘဲ စိတ်ကြိုက်ကြည့်ရှုခွင့် ရသွားပြီဖြစ်၏။
အလွန်ကို ဇိမ်ကျလှသော အဆောက်အအုံကြီးဖြစ်သည်။ ဤနေရာမှာ တာ့ယန်အင်ပါယာ၏ အရှေ့ပိုင်းဒေသ အုပ်ချုပ်ရေးရုံး ဖြစ်ရပေမည်။
ဤနေရာ၌ ရာသီဥတု အလွန်အေးသောကြောင့် အိမ်အားလုံးကို စကျင်ကျောက်များဖြင့် တည်ဆောက်ထားရာ အနွေးဓာတ် ရစေရုံသာမက အလွန်လည်း ခိုင်ခံ့လှပနေသည်။
ခြံဝင်းအတွင်းရှိ နေရာအနှံ့တွင် အပူပေးစနစ်များ တပ်ဆင်ထားသောကြောင့် ရာသီဥတု အေးနေစေကာမူ ပန်းပေါင်းစုံ ပွင့်လန်းနေပြီး အလွန် လှပကာ ရှုမငြီးဖွယ် ဖြစ်လို့နေ၏။
ဤသည်မှာ အမှန်တကယ်ပင် ခေတ်မီတိုးတက်သော အင်ပါယာတစ်ခုဖြစ်ပြီး ထုတ်လုပ်မှုစွမ်းအားမှာ အရှေ့တိုင်းရှိ အင်ပါယာကြီးလေးခုထက် အဆပေါင်းများစွာ သာလွန်နေပေရာ ဤနေရာရှိလူများက ဤလောက် မြင့်မားသော မောက်မာမှုများ ရှိနေကြသည်မှာ အံ့ဩစရာ မရှိတော့ပေ။
အုပ်ချုပ်ရေးရုံးမှ ထွက်လာပြီးနောက် လမ်းမပေါ်သို့ ရောက်လာခဲ့ရာ လမ်းသွားလမ်းလာ အလွန်နည်းပါးလှသည်။ အိမ်များစွာရှိပြီး အလွန်ခမ်းနားလှသော်လည်း လူသူကင်းမဲ့နေ၏။
မြေပြင်ပေါ်တွင် ဟိုမှဒီမှ ဖြတ်သန်းသွားလာနေသော လမ်းမကြီးများနှင့် ဧရာမမြင်းလှည်းကြီးများ အနှံ့အပြား ရှိနေသည်။ ဤနေရာရှိ ဧရာမမြင်းလှည်းကြီးများမှာ ဘတ်စ်ကားတစ်စီးနှင့် ဆင်တူနေပြီး လူအများအပြားမှာ တိတ်ဆိတ်စွာဖြင့် လှည်းပေါ်တက်ကာ စီးနင်းသွားကြသည်။
ယွင်ကျုံးဟဲ့ သတိထားမိလိုက်သည်မှာ ဤနေရာရှိ လူများအားလုံးသည် အရှေ့တိုင်းသားများဖြစ်ကြပြီး တာ့ယန် အင်ပါယာ၏ နိုင်ငံသားများ အမှန်တကယ် ဖြစ်နေကြခြင်းပင်။
သို့ပေမည့် လူတိုင်းသည် အရပ်အလွန်ရှည်ကြပြီး မျက်နှာပေါက်မှာလည်း တာရှအင်ပါယာရှိ နိုင်ငံသားများထက် ပို၍ပေါ်လွင်ကာ ချွန်ထက်နေကြသည်။ ဖြစ်နိုင်သည်မှာ သူတို့သည် အေးချမ်းသောရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် ခန္ဓာကိုယ်တွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။
သူတို့ဝတ်ဆင်ထားသော အဝတ်အစားများမှာ အရှေ့တိုင်းနှင့် အနောက်တိုင်း ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေသည်။ ထိုဝတ်စုံများမှာ ရိုးရှင်းကာ အသုံးဝင်မှုများစွာရှိပြီး တာရှအင်ပါယာဘက်ရှိ အဝတ်အစားများကဲ့သို့ ရှုပ်ထွေးမှု မရှိချေ။
ဤနေရာရှိ ပစ္စည်းများမှာ အလွန် ပေါများပုံရပြီး လူတိုင်းဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း အရည်အသွေး အလွန်ကောင်းမွန်ကာ အများစုမှာ သိုးမွေးထည်များ ဖြစ်ကြသည်။
ထို့အပြင် လူတိုင်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း အအေးဒဏ်ကို အလွန်ခံနိုင်ရည်ရှိပုံရပြီး ဤကဲ့သို့ အေးသော ရာသီဥတုတွင် အဝတ်အစားများစွာ ဝတ်ဆင်မထားကြချေ။
ပညာရှင်ကျူ့ယွီယန်က ပြောလိုက်သည်။ “မြင်းလှည်းလာပြီ။ တက်တော့။”
ထို့နောက် ယွင်ကျုံးဟဲ့သည် သူမနောက်မှလိုက်ကာ မြင်းလှည်းတစ်စီးပေါ်သို့ တက်သွားခဲ့၏။
ယွင်ကျုံးဟဲ့ သတိထားမိလိုက်သည်မှာ ဤနေရာရှိ မြင်းများမှာ အလွန်မြင့်မားကြပြီး အရပ်မှာ နှစ်ဒသမခုနစ် မီတာကျော်ကာ အလေးချိန်မှာလည်း ကီလိုဂရမ်တစ်ထောင်ကျော် ရှိနေပေလိမ့်မည်။
ဤသည်မှာ ကမ္ဘာပေါ်ရှိ ရှိုင်းယားမြင်းများထက်ကို ပိုမိုကြီးမားနေသော်လည်း မြင်းစီးစစ်သည်များအဖြစ် အသုံးပြုရန် မသင့်တော်ပေ။ ထိုမြင်းများမှာ ရထားဆွဲရန်အတွက် အကောင်းဆုံးမြင်းများဖြစ်ကာ ခွန်အား အလွန်ကြီးမားလှသည်။
ဤမြင်းလှည်းကြီးမှာ အလွန်ကြီးမားပြီး သက်တောင့်သက်သာရှိလှကာ အတွင်း၌ အပူပေးစနစ်ပါရှိပြီး သားရေ ထိုင်ခုံများ တပ်ဆင်ထားသောကြောင့် မြင်းလှည်းတစ်စီးလျှင် လူဆယ်ဂဏန်းကျော် စီးနင်းနိုင်၏။
မြင်းလှည်းကြီးသည် လမ်းမပေါ်တွင် သွားလာနေစဉ် အလွန်တည်ငြိမ်ပြီး တုန်ခါမှု အလျဉ်းမရှိချေ။ အမြန်နှုန်းမှာလည်း တစ်နာရီလျှင် ကီလိုမီတာ နှစ်ဆယ်ကျော် ရှိသည်။
ယွင်ကျုံးဟဲ့ စီးနင်းလာသော ဤမြင်းလှည်းကြီးမှာ တစ်ကီလိုမီတာခြားတိုင်း တစ်ကြိမ်ရပ်လေ့ရှိပြီး လူများ အဆက်မပြတ် အတက်အဆင်း လုပ်နေကြသော်လည်း ငွေတောင်းခံသည်ကို မတွေ့ရဘဲ အခမဲ့စီးနင်းခွင့် ပေးထားခြင်းဖြစ်၏။
တာ့ယန်အင်ပါယာသစ်၏ သက်သာချောင်ချိရေးမှာ အလွန်မြင့်မားလှသည်။ သို့ပေမည့် ဤမြို့ကြီးမှာ မသေးငယ်သော်လည်း လူဦးရေမှာမူ များပြားပုံ မရချေ။
လေးကီလိုမီတာခန့် အကွာအဝေးသို့ရောက်ချိန်မှာတော့ ကျူ့ယွီယန်က ပြောလိုက်သည်။ “ရောက်ပြီ။”
ယွင်ကျုံးဟဲ့သည် သူမနောက်မှလိုက်၍ မြင်းလှည်းပေါ်မှ ဆင်းလာခဲ့ရာ ဤနေရာမှာ အုပ်ချုပ်ရေးရုံးဘက်ကဲ့သို့ ခမ်းနားထည်ဝါမှု မရှိတော့ပေ။
ဤခြံဝင်းအတွင်း၌ အိမ်ဆယ်လုံးခန့် ပြည့်နှက်နေပြီး အားလုံးကို သစ်သားဖြင့် တည်ဆောက်ထားကာ စုစုပေါင်း သုံးထပ်ရှိသည်။
အဝင်အထွက် လုပ်နေကြသူများမှာ လူငယ်များဖြစ်ကြပြီး သူတို့၏ အဝတ်အစားများမှာလည်း ခမ်းနားမှု မရှိဘဲ ယောကျာ်း၊ မိန်းမ စုံလင်လှသည်။ သူတို့သည် ကျူ့ယွီယန်ကို မြင်သောအခါ လေးစားအားကျသော အမူအရာများကို ပြသကြ၏။
အိမ်တစ်လုံးသို့ ရောက်လာပြီးနောက် လှေကားမှတစ်ဆင့် တတိယထပ်သို့ တက်သွားကာ တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သည်။
ကျူ့ယွီယန်က ရှင်းပြလိုက်၏။ “ဒါက ရှင့်ရဲ့ နေအိမ်ပဲ။ ဒီနေရာမှာ အင်ပါယာရဲ့ အဆင့်တစ်နိုင်ငံသားတွေ အကုန်နေကြတယ်။”
ကျူ့ယွီယန်က ဆက်ပြောလိုက်သည်။ “အထဲမှာ အခြေခံ လူသုံးကုန်ပစ္စည်းတွေ အကုန်ရှိတယ်။ စုပေါင်း စားသောက်ခန်းလည်း ရှိတယ်။ နေ့တိုင်း ပုံမှန်ထမင်းစားချိန်ရှိသလို စာကြည့်တိုက်လည်း ရှိတယ်။”
ယွင်ကျုံးဟဲ့ အိမ်ထဲသို့ ဝင်သွားလိုက်ချိန်မှာတော့ အနည်းငယ် အံ့အားသင့်သွားမိသည်။ အခြေအနေ မကောင်းသောကြောင့် မဟုတ်ဘဲ တွေးထားသည်ထက် ပို၍ကောင်းမွန်နေသောကြောင့်ဖြစ်၏။
အိမ်အတွင်း၌ အပူပေးစနစ်ပါရှိပြီး အလွန် သက်တောင့်သက်သာရှိလှ၏။ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနှင့် အိမ်သာတစ်လုံး ရှိသည်။ စတုရန်းမီတာ သုံးဆယ်ကျော်ခန့် ကျယ်ဝန်းပြီး မကြီးမားသော်လည်း အလွန် အဆင်ပြေကာ သက်တောင့်သက်သာ ရှိလှသည်။
အမှန်အတိုင်းပြောရလျှင် တာ့ကျိုးအင်ပါယာ၌ မြေပိုင်ရှင်ငယ်လေးများပင်လျှင် ဤမျှလောက် သက်တောင့် သက်သာရှိသော ပတ်ဝန်းကျင်မျိုး ရှိနိုင်မည် မဟုတ်ပေ။
ထို့အပြင် ဤနေရာရှိ ပစ္စည်းကိရိယာအများစုမှာ သတ္တုဖြင့် ပြုလုပ်ထားပြီး ပြောင်လက်နေသည်။ ကုတင်မှာ မကြီးမားသော်လည်း နူးညံ့ကာ သက်တောင့်သက်သာရှိလှ၏။ ပရိဘောဂများ များများစားစား မရှိသော်လည်း ရိုးရှင်းကာ အသုံးဝင်ပြီး အားလုံးမှာ အသစ်စက်စက်များ ဖြစ်နေသည်။
တာ့ယန်အင်ပါယာသစ်၏ ထုတ်လုပ်မှုစွမ်းအားမှာ အရှေ့တိုင်းရှိ အင်ပါယာကြီးလေးခုနှင့် ယှဉ်လျှင် အမှန်တကယ် ခေတ်မီတိုးတက်နေပြီး အဆင့်တစ်နိုင်ငံသားများ ခံစားရသော အခြေခံအကျဆုံး အခွင့်အရေးများပင်လျှင် ဤမျှလောက် ကောင်းမွန်နေ၏။
ဟုတ်ပေသည်။ ဤနေရာမှာ အမှန်တကယ်ပင် တာ့ရှန်းမိစ္ဆာနိုင်ငံကို ချေမှုန်းနိုင်မည့် မျှော်လင့်ချက်ရှိရာ နေရာဖြစ်သည်။ ဤမျှလောက် ကြီးမားသော ထုတ်လုပ်မှုစွမ်းအား ရှိပါက အင်အားကြီးမားသော စစ်တပ်လည်း ရှိရပေမည်။
ကျူ့ယွီယန်က ပြောလိုက်သည်။ “ကျွန်မ သွားတော့မယ်။ ရှင့်ရဲ့ အာမခံပေးသူအနေနဲ့ အရမ်းထူးခြားတဲ့ကိစ္စမျိုး ကြုံလာရင် ကျွန်မဆီမှာ အကူအညီလာတောင်းလို့ရတယ်။ ကျွန်မက တုန်းကျိုးစာသင်ကျောင်းမှာ ရှိတယ်။”
ကျူ့ယွီယန်က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ရှင် လုံးဝဖြေရှင်းလို့မရတဲ့ ကိစ္စမျိုးကလွဲပြီး ကျွန်မကို လာမနှောင့်ယှက်ပါနဲ့။ ကျွန်မက အရမ်းအလုပ်များတယ်။”
ထို့နောက် ကျူ့ယွီယန်သည် ထွက်သွားရန် ပြင်လိုက်သည်။
ယွင်ကျုံးဟဲ့က တားလိုက်၏။ “နေပါအုံး ပညာရှင်ကျူ့... ခဏလောက် ထိုင်ပါအုံး။”
ကျူ့ယွီယန်က ပြန်ပြောလိုက်သည်။ “ကျွန်မ အရမ်းအလုပ်များနေတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျားကို နာရီဝက်လောက်ပဲ နှောင့်ယှက်မှာပါ။”
ကျူ့ယွီယန်သည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ထိုင်လိုက်၏။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ အလွန် ပြီးပြည့်စုံလှပြီး ခါးနှင့် တင်ပါးအချိုးအစားမှာ အမှန်တကယ်ပဲ ဆွဲဆောင်မှု ရှိလှသည်။
ယွင်ကျုံးဟဲ့သည် ရေနွေးအိုးနှင့် မီးဖိုကို ရှာတွေ့သွားပြီး အတွင်း၌ အလွန်ကောင်းမွန်သော မီးသွေးများ ရှိနေသည်ကို တွေ့လိုက်ရသည်။ အလွန့်ကို ဇိမ်ကျလှ၏။
ယွင်ကျုံးဟဲ့ ရေနွေးတည်ပြီးနောက် လက်ဖက်ခြောက်ကို ရှာဖွေလိုက်ရာ လက်ဖက်ခြောက်သာမက အခြားသော ပစ္စည်းအမျိုးမျိုးနှင့် ကော်ဖီစေ့များပါ ရှိနေသည်ကို တွေ့လိုက်ရသည်။
ကမ္ဘာပေါ်တွင် အေဒီ ခြောက်ရာစုတည်းက ကော်ဖီစေ့ကို သောက်သုံးခဲ့ကြခြင်းဖြစ်သည်။ ဤသည်မှာ အဆင့်တစ် နိုင်ငံသားများ၏ နေအိမ်သာ ဖြစ်သော်လည်း ပစ္စည်းများမှာ ဤမျှအထိ ပေါများနေသည်လား။ သို့ပေမည့် ကြိတ်စက် မရှိသောကြောင့် ကော်ဖီစေ့များကို ရေနွေးကြမ်းနှပ်သကဲ့သို့သာ သောက်သုံးရမှာ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် ကော်ဖီနှစ်ခွက်ဖျော်လိုက်ပြီး အလွန်ကောင်းမွန်သော ကြွေခွက်တစ်ခွက်ကို ကျူ့ယွီယန် ရှေ့သို့ ကမ်းပေးလိုက်သည်။
ကျူ့ယွီယန်က ကော်ဖီတစ်ငုံ သောက်လိုက်ရာ ဖြူဖွေးနေသော ကြွေခွက်ပေါ်တွင် အနီရောင် နှုတ်ခမ်းရာလေး ထင်ကျန်ရစ်ခဲ့ပြီး ပို၍ဆွဲဆောင်မှုရှိသွားစေ၏။ “ဘာပြောစရာရှိလို့လဲ ပြောလေ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပညာရှင်ကျူ့... အထက်လွှတ်တော်နဲ့ တွဲဖက်အုပ်ချုပ်ရေးမှူးချုပ်တွေက အရှေ့တိုင်းကို စစ်ချီမယ့်ကိစ္စကို သဘောတူလိမ့်မယ်လို့ ထင်လား။”
ကျူ့ယွီယန်က ဖြေလိုက်၏။ “ဒါက အထက်လွှတ်တော်နဲ့ တွဲဖက်အုပ်ချုပ်ရေးမှူးချုပ်တွေရဲ့ ဆန္ဒပဲလေ။ ကျွန်မနဲ့ အရမ်းဝေးကွာပါတယ်။ ကျွန်မက ပညာရှင်တစ်ယောက်ဆိုတော့ နိုင်ငံရေးကို စိတ်မဝင်စားဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ခင်ဗျားရဲ့ ပင်ကိုယ်အသိစိတ်အရရော ဘယ်လိုထင်လဲ။ တာ့ယန်အင်ပါယာမှာ နိုင်ငံရေးအကြောင်းကို လူရှေ့မှာ ဆွေးနွေးလို့ရလား။ အပြစ်ပေးမခံရဘူးမလား။”
ကျူ့ယွီယန်က ဖြေ၏။ “သေချာပေါက် မခံရပါဘူး။ အင်ပါယာဟောင်းမှာပဲ စကားပြောမှားရင် အပြစ်ပေးခံရတာပါ။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “ခင်ဗျား ကျုပ်ရဲ့မေးခွန်းကို မဖြေရသေးဘူး။ တာ့ယန်အင်ပါယာသစ်က တာ့ရှန်းမိစ္ဆာနိုင်ငံကို တိုက်ခိုက်ဖို့ စစ်တပ်စေလွှတ်မှာလား။”
ကျူ့ယွီယန်က ဖြေလိုက်၏။ “စေလွှတ်မှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က အဘယ်ကြောင့်နည်းဟု ဆက်မမေးတော့ပေ။ ဤတာ့ယန်အင်ပါယာသစ်သည် အမှန်တကယ်၌ အရှေ့တိုင်းရှိ မူလပိုင်နက်များကို အနည်းငယ် မေ့ပျောက်နေကြပြီဖြစ်ကာ နယ်မြေချဲ့ထွင်လိုစိတ်ပင် မရှိကြတော့ချေ။
သူတို့သည် မိမိတို့၏ ခေတ်မီတိုးတက်မှုအပေါ်တွင် သာယာယစ်မူးနေကြပြီး မိမိတို့ကိုယ်ကို အမြင့်မြတ်ဆုံး နိုင်ငံတော်အဖြစ် သတ်မှတ်ကာ လောကကြီးတစ်ခုလုံးနှင့် အလှမ်းကွာဝေးအောင် နေထိုင်နေကြခြင်း ဖြစ်၏။