← Chapters

အခန်း ၇၁၂

Vol. 60 Ch. 712

အခန်း ၇၁၂

Vol. 60 Ch. 712

အပိုင်း (၇၁၂)

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်က တာ့ယန်အင်ပါယာရဲ့ တရားဝင် ဧကရာဇ်မျိုးဆက်ပါ။ ဒီတာ့ယန် အင်ပါယာသစ်မှာ အင်ပါယာရဲ့ အမြင့်ဆုံး ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ပြီး အရှေ့တိုင်းကို စစ်ချီကာ တာ့ရှန်းမိစ္ဆာနိုင်ငံကို ချေမှုန်းပြီး မူလပိုင်နက်တွေကို ပြန်သိမ်းနိုင်မယ့် နည်းလမ်း ရှိလား။”

ကျူ့ယွီယန်က ရှင်းပြလိုက်၏။ “အကြောင်းရင်း သုံးချက်ရှိတယ်။ ပထမအချက်က တာ့ယန်အင်ပါယာသစ်နဲ့ တာ့ရှန်းမိစ္ဆာနိုင်ငံကြားမှာ ရန်ငြိုးရန်စ မရှိဘူး။”

ယွင်ကျုံးဟဲ့က စောဒကတက်လိုက်သည်။ “ဘယ်လိုလုပ်ပြီး ရန်ငြိုးမရှိရမှာလဲ တာ့ရှန်းမိစ္ဆာနိုင်ငံက အရှေ့တိုင်း ယဉ်ကျေးမှုကို ဖျက်ဆီးချင်တာလေ။ တာ့ယန်အင်ပါယာက အရှေ့တိုင်းယဉ်ကျေးမှုရဲ့ အမွေဆက်ခံသူပဲဟာကို။”

ကျူ့ယွီယန်က ပြန်ပြော၏။ “အဲဒါက ရှေးဟောင်းတာ့ယန်မင်းဆက်လေ။ စာအုပ်ကြီးလေးအုပ်နဲ့ ကျမ်းကြီး ငါးစောင်ကို သင်ယူခဲ့ကြတာ။ အခု ကျွန်မတို့က တာ့ယန်အင်ပါယာသစ် ဖြစ်နေပြီ။”

ထို့နောက် ကျူ့ယွီယန်က စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ပြောလိုက်သည်။ “ရှေ့ဆုံးစာမျက်နှာ နည်းနည်းလောက်ကို ဖတ်ကြည့်လိုက်ရင် ရှင် သိသွားလိမ့်မယ်။”

ယွင်ကျုံးဟဲ့သည် ထိုစာအုပ်ကိုယူကာ ရှေ့ဆုံးစာမျက်နှာအချို့ကို သေချာဖတ်ကြည့်လိုက်သည်။ တာ့ယန် မင်းဆက်၏ နောက်ဆုံးကာလတွင် ယန်ရှင်းကျုံးသည် ပိုမိုခေတ်မီတိုးတက်သော ယဉ်ကျေးမှုတစ်ရပ်ကို တည်ထောင်လိုခဲ့သော်လည်း ကြီးမားသော တားဆီးမှုများနှင့် ရင်ဆိုင်ခဲ့ရကာ လူအများအပြား၏ ကန့်ကွက်မှုကို ခံခဲ့ရ၏။

ပညာရေးသစ်ကို သင်ကြားခဲ့သော ထူးချွန်သူများမှာလည်း ပြင်းထန်သော ဖိနှိပ်မှုများကို ခံခဲ့ရပြီး လုပ်ကြံခံရသည်အထိ ဖြစ်ခဲ့သည်။ အဟောင်းနှင့်အသစ်ကြား ပဋိပက္ခ အပြင်းထန်ဆုံးအချိန်တွင် ပြည်တွင်းစစ် ဖြစ်လုနီးပါးအထိ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ယန်ရှင်းကျုံးသည် ပညာရေးသစ်မှ ထူးချွန်သူများကို စုစည်းကာ တာ့ယန်မင်းဆက်မှ ထွက်ခွာပြီး လောကသစ်ကို ရှာဖွေခဲ့ကြသည်။ သို့ပေမည့် ယန်ရှင်းကျုံး ကိုယ်တိုင်မှာမူ မထွက်ခွာသွားနိုင်ဘဲ ရုတ်တရက် သေဆုံးသွားခဲ့ကာ ကာလတိုလေးဖြစ်သော ခြောက်လအတွင်း တာ့ယန်နန်းတွင်းရှိ လူအားလုံး ရုတ်တရက် သေဆုံးသွားပြီး တာ့ယန်အင်ပါယာလည်း ပျက်သုဉ်းသွားခဲ့ရ၏။

ဤပညာရေးသစ်မှ ထူးချွန်သူများသည် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ လောကသစ်ကို ရှာဖွေ တွေ့ရှိခဲ့ကြပြီး တာ့ယန်အင်ပါယာသစ်ကို တည်ထောင်ခဲ့ကြခြင်းဖြစ်၏။ တာ့ယန်အင်ပါယာသစ် တည်ထောင်ပြီး နှစ်သုံးရာ အကြာတွင် ကျီရွှေ့အဖွဲ့အစည်းသည် တာ့ယန်အင်ပါယာ၏ သိမ်းသွင်းခြင်းကို ခံလိုက်ရသည်။

သေချာသည်မှာ အသေးစိတ်အချက်အလက်များက ဤထက်ပို၍ ရှုပ်ထွေးမှာဖြစ်သည်။ ပညာရေးသစ်မှ ထူးချွန်သူများ ထွက်ခွာလာချိန်တွင် လူသောင်းဂဏန်းခန့်ရှိပြီး ဧရာမရေတပ်ကြီးတစ်ခု ဖြစ်ခဲ့၏။

နှစ်ပေါင်းများစွာ အချိန်ယူကာ မိုင်ပေါင်းသောင်းချီ ဖြတ်သန်းခဲ့ပြီးမှသာ လောကသစ်ဟုခေါ်သော နေရာကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်ပြီး အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။

ထွက်ခွာလာချိန်တွင် လူသောင်းဂဏန်းရှိသော်လည်း နောက်ဆုံး၌ အသက်ရှင်ကျန်ရစ်ကာ လောကသစ်သို့ ရောက်ရှိလာသူမှာ လူထောင်ဂဏန်းခန့်သာ ရှိတော့၏။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် မြေပုံကို ကြည့်ဖူးထားရာ ဤနေရာမှာ အစစ်အမှန် လောကသစ် မဟုတ်ကြောင်း သိ၏။ အရှေ့တိုင်းအင်ပါယာများနှင့် အလွန်ဝေးကွာလှပြီး အလွန်အေးသော မြောက်ဘက်အစွန်အဖျားတွင် တည်ရှိကာ လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်နေသကဲ့သို့ ဖြစ်နေသော်လည်း တကယ့် လောကသစ်မှာ အနောက်ဘက်တွင် ရှိနေသည်။

ထိုသူများ တာ့ယန်အင်ပါယာသစ်ကို တည်ထောင်ပြီး နှစ်ရာပေါင်းများစွာအကြာတွင် ကျီရွှေ့အဖွဲ့အစည်း ပေါ်ပေါက်လာခဲ့ပြီး သဲလွန်စများအရ တာ့ယန်အင်ပါယာသစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ကြ၏။

ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်ကာ သွေးနှောခဲ့ပြီးနောက် ကျီရွှေ့အဖွဲ့အစည်း ဖျက်သိမ်းသွားကာ တာ့ယန်အင်ပါယာသစ်နှင့် ပူးပေါင်းသွားခဲ့သည်။

ယခုအချိန်တွင် နှစ်ပေါင်းတစ်ထောင်ကျော် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး တာ့ယန်အင်ပါယာသစ်မှာလည်း အကြိမ်များစွာ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရာမှ ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုလက်ရှိ တာ့ယန်မှာ တာ့ယန်ဖြစ်နေဆဲပင်။ သို့ပေမည့် ရှေးဟောင်းတာ့ယန်မင်းဆက်အပေါ်တွင် အမှန်တကယ်ပဲ နက်ရှိုင်းသော သံယောဇဉ် မရှိတော့သလို မူလပိုင်နက်များအပေါ်တွင်လည်း များစွာ တွယ်တာမှု မရှိကြတော့ချေ။

တာ့ယန်အင်ပါယာသစ်နှင့် တာ့ယန်အင်ပါယာဟောင်းတို့၏ တစ်ခုတည်းသော တူညီချက်မှာ ယန်ရှင်းကျုံးသည် အမြင့်ဆုံးခေါင်းဆောင် ဖြစ်နေခြင်းပင်ဖြစ်သည်။ ဧကရာဇ်တစ်ပါးသာမကဘဲ စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။

နှစ်ထောင်ချီကြာမြင့်လာခဲ့ပြီးနောက် ဤတာ့ယန်အင်ပါယာသစ်မှာ အလွန်အင်အားကြီးမားကာ ခေတ်မီ တိုးတက်နေပြီဖြစ်သော်လည်း မည်သူမှ ဧကရာဇ်အဖြစ် မခံယူခဲ့ကြချေ။

ယန်ရှင်းကျုံး သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ဧကရာဇ်မှာ ထာဝရ ယန်ရှင်းကျုံးပဲ ဖြစ်သည်။ ဤတာ့ယန် အင်ပါယာသစ်၏ ထုတ်လုပ်မှုစွမ်းအား အလွန်ခေတ်မီတိုးတက်ရခြင်းမှာ သူတို့သည် ယန်ရှင်းကျုံး၏ လမ်းစဉ်အတိုင်း အမြဲတမ်း လျှောက်လှမ်းခဲ့ကြသောကြောင့် ဖြစ်သည်။

စာမျက်နှာအနည်းငယ်ကို ဖတ်ပြီးနောက်တွင် ယွင်ကျုံးဟဲ့၏ စိတ်ထဲ၌လည်း တာ့ယန်အင်ပါယာသစ်သည် အရှေ့တိုင်းသို့ စစ်တပ်စေလွှတ်မည် မဟုတ်သလို အရှေ့တိုင်းရှိ အင်ပါယာကြီးလေးခုအတွက်လည်း တိုက်ခိုက်ပေးမည် မဟုတ်ကြောင်း ခံစားမိသွား၏။

အဘယ်ကြောင့်ဆိုသော် ဤတာ့ယန်အင်ပါယာသစ်သည် တစ်ချိန်က တာ့ယန်အင်ပါယာဟောင်း၏ အဖွဲ့ခွဲလေး တစ်ခုသာ ဖြစ်၏။ ဖိနှိပ်မှုများစွာ ခံခဲ့ရကာ နှင်ထုတ်ခံရပြီး အစမ်းသပ်ခံအဖြစ် အသစ်ပြန်လည် ထူထောင်ခဲ့ရသောကြောင့် ရှေးဟောင်းတာ့ယန်မင်းဆက်ဆိုသည်မှာ အတိတ်က ဇာတ်လမ်းဟောင်းတစ်ခုသာ ဖြစ်သွားခဲ့သည်။

တောင်ပိုင်းစုန့်မင်းဆက်မှ လူအများအပြားသည် မိမိတို့၏ ဘဝနေထိုင်မှုအဆင့်အတန်း မြင့်မားလာပြီဟု ခံစားရသောအခါ မြောက်ပိုင်းသို့ စစ်ချီကာ မူလပိုင်နက်များကို ပြန်လည်သိမ်းပိုက်လိုစိတ် မရှိခဲ့ကြချေ။

ထိုအချိန်က မြောက်ပိုင်းစုန့်မင်းဆက် ပျက်သုဉ်းသွားသည်မှာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးသည်။ သေချာသည်မှာ တာ့ယန်အင်ပါယာသစ်သည် တောင်ပိုင်းစုန့်မင်းဆက်နှင့် မတူညီဘဲ ပိုမိုအင်အားကြီးမားကာ ပိုမိုမာနကြီးလှ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဆိုလိုတာက အထက်လွှတ်တော်က အရှေ့တိုင်းကို စစ်ချီမယ့်ကိစ္စကို သေချာပေါက် ပယ်ချလိမ့်မယ်။ တွဲဖက်အုပ်ချုပ်ရေးမှူးချုပ်တွေကလည်း ပယ်ချမှာပဲလို့ ပြောချင်တာလား။”

ကျူ့ယွီယန်က ခေါင်းညိတ်ကာ ဖြေ၏။ “သေချာပေါက်ပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ဒါဆို တာ့ယန်အင်ပါယာသစ်ကို အရှေ့တိုင်းဆီ မဖြစ်မနေ စစ်တပ် စေလွှတ်ခိုင်းပြီး တာ့ရှန်းမိစ္ဆာနိုင်ငံကို ချေမှုန်းကာ မူလပိုင်နက်တွေကို ပြန်သိမ်းနိုင်မယ့် နည်းလမ်း ကျုပ်မှာ ရှိသေးလား။”

ပညာရှင်ကျူ့ယွီယန်က ဖြေလိုက်၏။ “ရှင်က ရှင့်ကိုယ်ရှင် တာ့ယန်အင်ပါယာရဲ့ တစ်ဦးတည်းသော ဧကရာဇ် မျိုးဆက်ပါလို့ ပြောနေတာ မဟုတ်ဘူးလား။ ဒါဆိုရင်လည်း တာ့ယန်အင်ပါယာသစ်ရဲ့ ဧကရာဇ်ဖြစ်အောင် လုပ်လိုက်ပေါ့။ အဲဒီလိုဆိုရင် အမိန့်တစ်ချက်နဲ့ အကုန်ဖြစ်သွားမှာပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ကို သရော်နေတာပဲ။”

ကျူ့ယွီယန်က ပြန်ပြော၏။ “ကျွန်မ သရော်တာကို ရှင် နားလည်တဲ့အတွက် အရမ်းဝမ်းသာတာပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်က အတည်ပြောနေတာပါ။ တာ့ယန်အင်ပါယာသစ်ကို အရှေ့တိုင်းဆီ စစ်တပ်စေလွှတ်ခိုင်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဧကရာဇ်ဖြစ်လာဖို့ပဲ ဆိုရင်တော့ ကျုပ် ဧကရာဇ်ပလ္လင်ပေါ် ရောက်အောင် အစွမ်းကုန် ကြိုးစားသွားမှာပဲ။”

ကျူ့ယွီယန်သည် ကော်ဖီတစ်ငုံသောက်လိုက်ပြီးနောက် ခပ်ဖျော့ဖျော့ပြုံးကာ သရော်လိုက်၏။ “သခင်လေး ယွင်ကျုံးဟဲ့... ရှင့်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်အတွက် ကျွန်မ အရှုံးပေးပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တာ့ယန်အင်ပါယာသစ်မှာ ဧကရာဇ် မရှိတာ နှစ်ပေါင်းတစ်ထောင်ကျော်နေပြီ ဆိုတာကို မမေ့ပါနဲ့။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ရည်မှန်းချက်ဆိုတာ အမြဲတမ်း ရှိသင့်တယ်လေ တကယ်လို့ ဖြစ်လာခဲ့ရင်ကော။”

ထို့နောက် ယွင်ကျုံးဟဲ့က ဆက်၍ မေးလိုက်သည်။ “ဒါပေမဲ့ ကျူ့ယွီယန် ကျုပ် ခင်ဗျားဆီက အကြံဉာဏ်တစ်ခု လိုချင်တယ် ကျုပ်က အင်ပါယာရဲ့ ဧကရာဇ်ဖြစ်ချင်တယ်ဆိုရင် ပထမဆုံးအဆင့် ဘာလုပ်ရမလဲ အရေးအကြီးဆုံး ပထမခြေလှမ်းပေါ့။”

အလှပိုင်ရှင်ပညာရှင်မလေး ကျူ့ယွီယန်က ပြန်ဖြေသည်။ “အိမ်ထောင်ဖက်ရှာပွဲ ဝင်ရမှာပေါ့။”

ယွင်ကျုံးဟဲ့က အံ့ဩတကြီးဖြင့် မေးလိုက်၏။ “အိမ်ထောင်ဖက်ရှာပွဲဆိုတာ ဘာသဘောလဲ။”

သို့ပေမည့် ကျူ့ယွီယန်က သူ့ကို ပြန်မဖြေတော့ဘဲ ကျက်သရေရှိစွာ မတ်တတ်ရပ်လိုက်သည်။ “ကော်ဖီအတွက် ကျေးဇူးပဲ။ သွားလိုက်ပါအုံးမယ်။”

ထို့နောက် သူမသည် ထိုအတိုင်း ထွက်သွားလေတော့၏။

ယွင်ကျုံးဟဲ့က သူမကို တံခါးဝအထိ လိုက်ပို့ရာ သူမက လှည့်ပြောလိုက်သည်။ “ကျွန်မက ရှင့်ရဲ့ အာမခံသူပါ။ အလွန်ခက်ခဲတဲ့ ပြဿနာတွေ ကြုံရမှ ကျွန်မဆီ လာရှာပါ။ အလွယ်တကူတော့ လာမရှာပါနဲ့။ ကျွန်မ အရမ်း အလုပ်များတယ်။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သိပါပြီ။”

ကျူ့ယွီယန်က ဆက်ပြောသည်။ “နောက်ပြီး ဥပဒေချိုးဖောက်တာမျိုး လုံးဝ မလုပ်ပါနဲ့။ ဒီနေရာက တခြားနေရာတွေနဲ့ မတူဘူး။ အင်ပါယာရဲ့ ဥပဒေက အရမ်း တင်းကျပ်တယ်။ ရှင် ဥပဒေချိုးဖောက်လိုက်တာနဲ့ ကျွန်မရဲ့ မှတ်တမ်းမှာလည်း အမည်းစက် ထင်သွားလိမ့်မယ်။”

ယွင်ကျုံးဟဲ့က လက်မြှောက်အရှုံးပေးသလို အမူအရာဖြင့် ပြန်ဖြေလိုက်၏။ “သိပါပြီ။”

ကျူ့ယွီယန်က ထပ်ပြောသည်။ “နောက်တစ်ခု ရှိသေးတယ်။ မလွှဲသာ မရှောင်သာ အခြေအနေ မဟုတ်ရင် အဲဒီ ကျွန်မိန်းမတွေကို သွားမပတ်သက်ပါနဲ့။ အဖြူဖြစ်ဖြစ် အမည်းဖြစ်ဖြစ်ပေါ့။ သူတို့ကို ထိလိုက်တာနဲ့ အနာဂတ်မှာ အင်ပါယာ နိုင်ငံသားတစ်ယောက်ကို လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ရှင်လည်း အင်ပါယာရဲ့ အောက်ဆုံး အလွှာမှာပဲ ထာဝရ နေသွားရလိမ့်မယ်။”

ထိုစကားက မည်သည့် အဓိပ္ပာယ်နည်း။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကောင်းပါပြီ။ ကျေးဇူးပါပဲ။”

ထို့နောက် ကျူ့ယွီယန် ထွက်သွားသည်။

ထိုစကားကို သူ တကယ် နားမလည်ပေ။ တာ့ယန် အင်ပါယာသစ်၌ ကျွန်များ ရှိနေသေးသည်လား။ လူမည်းများ သာမက လူဖြူများပါ ရှိနေသည်လား။

ထိုအချိန်မှာပဲ အပြင်ဘက်မှ ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာသည်။

“ဒေါင်… ဒေါင်… ဒေါင်….”

ထို့နောက် အဆောက်အအုံထဲမှ လူများ အလုံးအရင်းဖြင့် ထွက်လာသည်ကို ယွင်ကျုံးဟဲ့ မြင်လိုက်ရသည်။ လူတိုင်း၏ လက်ထဲတွင် ထမင်းချိုင့်ကိုယ်စီ ကိုင်ထားကြကာ ခြေလှမ်းများကလည်း အလွန် မြန်ဆန်လှ၏။

သို့ပေမည့် လူတိုင်းက ကျူ့ယွီယန်ကို မြင်ချိန်မှာတော့ ရပ်တန့်သွားကြပြီး လမ်းဘေးသို့ ဖယ်ပေးကာ ခါးညွှတ် အရိုအသေပေးလိုက်ကြသည်။

“ပညာရှင်ကျူ့…”

“ပညာရှင်ကျု့…”

ထိုမြင်ကွင်းကို ကြည့်ပြီး တာ့ယန် အင်ပါယာသစ်တွင် လူတန်းစား ခွဲခြားမှု အလွန် သိသာထင်ရှားကြောင်း ယွင်ကျုံးဟဲ့ သဘောပေါက်လိုက်၏။

မည်သည့် အဆင့်ရှိသူက မည်သည့် အဆင့်အတန်းနှင့်တန်သော အခွင့်အရေးကို ခံစားရသည် ဆိုခြင်းပင်။ အထက်လူကြီး ဆိုသည်မှာ ကောင်းကင်ဘုံကဲ့သို့ ကြီးမားလှသည်။

အရှေ့ပိုင်း အုပ်ချုပ်ရေးမှူးသည် သံသယဖြစ်ဖွယ်မရှိ အရေးပါသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ သူက ယွင်ကျုံးဟဲ့ကို ယဉ်ကျေးစွာ စကားပြောဆိုခဲ့ပြီး တန်းတူရည်တူ ဆက်ဆံခဲ့၏။

သို့ပေမည့် တွေးကြည့်မည်ဆိုလျှင် ခေတ်သစ် ကမ္ဘာမြေပေါ်ရှိ ခေါင်းဆောင်ကြီးများသည်လည်း ယဉ်ကျေးကြပြီး အလွန် ဖော်ရွေတတ်ကြသည်။ ရာထူးပိုကြီးလေ ပိုမိုဖော်ရွေလေ ဖြစ်သည်။

ကျူ့ယွီယန် ထွက်သွားပြီးနောက် အမျိုးသမီးအချို့ တီးတိုးပြောဆိုနေကြသည်ကို ယွင်ကျုံးဟဲ့ ရှင်းလင်းစွာ ကြားလိုက်ရသည်။ ပညာရှင် ကျူ့ယွီယန် ဝတ်ဆင်ထားသော စကတ်သည် မည်မျှ စျေးကြီးကြောင်းကို ဆွေးနွေးနေကြခြင်း ဖြစ်၏။

“ကျွန်မရဲ့ တစ်နှစ်စာ လစာနဲ့တောင် သူ့စကတ်တစ်ထည်ကို ဝယ်လို့ မရဘူး။”

“ဝယ်နိုင်ရင်တောင် ဝတ်လို့မှ မရတာ။”

ယွင်ကျုံးဟဲ့သည် ဘေးပတ်ဝန်းကျင်ရှိ လူများကို မနေနိုင်ဘဲ ကြည့်လိုက်မိသည်။ သူတို့ ဝတ်ဆင်ထားသည်များ ကလည်း ကောင်းမွန်လှသည်။ အနည်းဆုံးတော့ သပ်ရပ် ကြည့်ကောင်းနေကြသည်။

ထိုအရာက ကုန်ပစ္စည်းများ အလွန် ပေါများကြွယ်ဝခြင်း၏ လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ ခေတ်သစ် ကမ္ဘာမြေရှိ ထောင်ပေါင် (ဈေးဝယ်စနစ်)တွင် ယွမ်အနည်းငယ်ပေးပြီး ဝယ်လိုက်သော ကုတ်အင်္ကျီသည်ပင် သပ်ရပ်နေပြီး လူရာဝင်အောင် ဝတ်ဆင်နိုင်သကဲ့သို့ ဖြစ်၏။

ယွမ်တစ်ရာတန်နှင့် ယွမ်တစ်သိန်းတန် ကုတ်အင်္ကျီတို့သည် ကြည့်ရသည်မှာ ကွာခြားမှု သိပ်မရှိသော်လည်း နားလည်သူများက တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားနိုင်ကြသည်။

လူအများစုအတွက်မူ နားလည်နိုင်စွမ်းတောင် မရှိကြပေ။ ထိုအရာကမှ အမှန်တကယ် လူတန်းစား ခွဲခြားခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့သည် ထမင်းချိုင့်ကို ကိုင်ကာ ထမင်းစားဆောင်အတွင်းသို့ ဝင်၍ တန်းစီပြီး ထမင်းယူလိုက်သည်။ အရာအားလုံးက စည်းစနစ် ကျနလှသည်။ လူတိုင်းက စည်းကမ်းကို လိုက်နာကြပြီး ကြားဖြတ်ဝင်သူ မရှိသလို ဆူညံနေသူလည်း မရှိပေ။

ထမင်းစားဆောင်တွင် စစ်သားများက ကင်းလှည့်နေပြီး အစားအစာ ဖြုန်းတီးမှုများကို အလွန် တင်းကျပ်သော အကြည့်များဖြင့် ကြီးကြပ်နေကြသည်။

ယွင်ကျုံးဟဲ့ အလှည့်ရောက်သောအခါ အစားအစာများ အလွန် စုံလင်ကြောင်း သူ တွေ့လိုက်ရသည်။ ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ မန်ထို အစရှိသည်တို့ ပါဝင်ပြီး ဟင်းလျာအမျိုးအစားပေါင်း ဒါဇင်နှင့်ချီ၍ ရှိသည်။ အသားဟင်း၊ သက်သတ်လွတ်ဟင်း အကုန်ရှိ၏။

လူတိုင်းက ဟင်းနှစ်မျိုးနှင့် ဟင်းချိုတစ်မျိုး ရွေးချယ်နိုင်ပြီး အဓိက အစားအစာကို အကန့်အသတ်မရှိ စားသုံးနိုင်သည်။

အရေးအကြီးဆုံးမှာ ပိုက်ဆံမပေးရခြင်းပဲ ဖြစ်သည်။ ကိုယ်ပိုင် မှတ်ပုံတင်ပြားဖြင့်သာ ယူဆောင်နိုင်သည်။ ထမင်းစားဆောင်အတွင်း နွားနို့၊ ကော်ဖီ၊ လက်ဖက်ရည် စသည်တို့ကို အကန့်အသတ်မရှိ ပေးထားပြီး ပိုက်ဆံလည်း မပေးရပေ။

အရက်သေစာများကိုလည်း ရရှိနိုင်သော်လည်း ပိုက်ဆံပေးရကာ အလွန် စျေးကြီးပုံ ရသည်။

အသေးအဖွဲ ကိစ္စလေးများကို ကြည့်ခြင်းဖြင့် တာ့ယန် အင်ပါယာသစ်၏ အင်အားကြီးမားမှုက စိတ်ကူးထားသည်ထက် များစွာ သာလွန်နေကြောင်း သိနိုင်၏။

အဆင့်တစ် နိုင်ငံသားများအား ဤမျှ ကောင်းမွန်သော အစားအစာများကို ထောက်ပံ့ပေးထားပြီး အခမဲ့ဖြစ်ကာ အကန့်အသတ်လည်း မရှိပေ။

ယွင်ကျုံးဟဲ့သည် ထမင်းချိုင့်ကို ကိုင်ကာ နေရာလွတ်တစ်ခု ရှာ၍ ထိုင်လိုက်သည်။

လူရွယ်နှစ်ဦးက ယွင်ကျုံးဟဲ့ရှေ့တွင် ဝင်ထိုင်ကာ ပြောလိုက်၏။ “ညီအစ်ကို… အရက်တစ်ခွက်လောက် သောက်လိုက်ပါအုံး။”

ထို့နောက် သူက ယွင်ကျုံးဟဲ့အတွက် အရက်တစ်ခွက် ငဲ့ပေး၏။ အရက် ငဲ့ပေးနေချိန်တွင် သူသည် အလွန် နှမြောနေပုံ ရသည်။

ယွင်ကျုံးဟဲ့က ခွက်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်ရင်း ပြောလိုက်၏။ “ကျေးဇူးပဲ။”

ထိုအရက်က မဆိုးပေ။ မုယောစပါးဖြင့် ချက်လုပ်ထားသော အရက်ပြင်း ဖြစ်သည်။

အရက်ငဲ့ပေးသော လူရွယ်က မေးလိုက်၏။ “ညီအစ်ကို… တုန်းကျိုးမြို့ကို အခုမှ ရောက်တာလား။ ဒါက မှန်တာပေါ့။ နယ်ဘက်မှာက ဘာမှ လုပ်စရာ မရှိဘူး။ မြို့ကြီးတွေမှာမှ အခွင့်အရေး ပိုများတာလေ။ အလုပ်ရော ရှာတွေ့ပြီလား။”

ယွင်ကျုံးဟဲ့က ခေါင်းယမ်းကာ ဖြေသည်။ “မရသေးပါဘူး။”

ထိုလူရွယ်က ထပ်မေး၏။ “ညီအစ်ကို့ နာမည် ဘယ်လိုခေါ်လဲ။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ယွင်ကျုံးဟဲ့ပါ။”

လူရွယ်က မိတ်ဆက်လိုက်၏။ “ကျုပ်နာမည်က လီချန်ဇယ်ပါ။ သူက လီချန်အန်း… ကျုပ်ရဲ့ ညီဝမ်းကွဲလေ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ်။”

…………..

All Chapters