အခန်း ၇၁၃
Vol. 60 Ch. 713
အပိုင်း (၇၁၃)
လူရွယ်က ပြော၏။ “ညီအစ်ကို... မနက်ဖြန် ကျုပ်တို့ အတူတူ အလုပ်သွားရှာကြရအောင်။ အလုပ်မရသေးရင် ကင်းမှူးက ကျုပ်တို့ကို ခေါ်တွေ့တော့မှာ။ ခေါ်တွေ့ပြီးမှ အလုပ်မရသေးဘူးဆိုရင် အတင်းအကျပ် အလုပ်ချပေးတော့မှာလေ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အတင်းအကျပ် ချပေးတဲ့အလုပ်က မကောင်းလို့လား။”
လူရွယ်က ဖြေလိုက်၏။ “အတင်းအကျပ် ချပေးတဲ့ အလုပ်တွေက အရည်အချင်း မရှိဆုံး လူတွေ လုပ်ရတဲ့ အလုပ်တွေချည်းပဲ။ သေလုမတတ် ပင်ပန်းပြီး အရေးအကြီးဆုံးက ရှေ့ရေး မရှိတာပဲ။”
ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “အတင်းအကျပ် ချပေးတာတွေက ဘယ်လို အလုပ်တွေလဲ။”
လီချန်ဇယ်က ဖြေ၏။ “သားသတ်သမား၊ မြင်းလှည်းမောင်းတာ၊ အလုပ်ရုံတွေမှာ စက်ကြည့်ရတာ၊ အရက်ချက်ရုံတွေမှာ အကူလုပ်ရတာတွေပေါ့။ အဲဒီလို အလုပ်တွေက ဝင်ငွေနည်းတာအပြင် အဓိက က ကျွန်တွေနဲ့ အချိန်ကြာကြာ အတူ အလုပ် လုပ်ရတာပဲ။ အဲဒီတော့ ကိုယ်ရေးမှတ်တမ်းမှာ အမည်းစက် ထင်သွားပြီး အနာဂတ်မှာ ထာဝရ ခေါင်းမဖော်နိုင်တော့ဘူးလေ။”
ကင်းလှည့်နေသော စစ်သားများက လူတိုင်းကို တင်းကျပ်စွာ စစ်ဆေးနေပြီး အစားအစာ အနည်းငယ်မျှပင် ဖြုန်းတီးခွင့် မပြုပေ။
ယွင်ကျုံးဟဲ့က ပြောင်စင်နေအောင် စားသောက်ပြီးနောက် ထမင်းချိုင့်ကိုပါ ပြောင်စင်အောင် ဆေးကြော လိုက်သည်။
ထို့နောက် လီချန်ဇယ် ညီအစ်ကိုက ပေါင်မုန့် သွားဝယ်သည်ကို သူ တွေ့လိုက်ရ၏။
စောစောက အကန့်အသတ်မရှိ ပေးထားသည် မဟုတ်ပါလား။ အဘယ်ကြောင့် ယခု ဝယ်နေရသနည်း။
လီချန်အန်းက ရှင်းပြသည်။ “ညီအစ်ကိုက အခုမှ ရောက်တာဆိုတော့ နားလည်မှာ မဟုတ်ဘူး။ ကျုပ်တို့ စားသောက်ဆောင်က အစားအစာတွေက အပြင်စျေးကွက်ထက် အများကြီး ပိုတန်တယ်။ ကိုယ်တိုင်စားရင်တော့ အလကားပေါ့။ ဒါပေမဲ့ အပြင်ကို ယူသွားချင်ရင်တော့ ပိုက်ဆံပေးဝယ်ရတယ်။ အဆောင်ပိတ်ဖို့ အချိန်နည်းနည်း လိုသေးတာဆိုတော့ ကျုပ်တို့ အပြင်ထွက်ပြီး လျှောက်လည်ကြမလား။”
အခြားကမ္ဘာတစ်ခု ဖြစ်နေလင့်ကစား လျှောက်လည်မည်ဆိုသည့် စကား၏ အဓိပ္ပာယ်ကို ယွင်ကျုံးဟဲ့ နားလည်လိုက်၏။
ခေတ်သစ် ကမ္ဘာမြေပေါ်တွင် မကောင်းသော သူငယ်ချင်းက ပြောသည်နှင့် တူညီနေသည်။ “ညီအစ်ကို မိန်းမသွားရှာကြမလား။”
ထို့ကြောင့် ယွင်ကျုံးဟဲ့လည်း သူတို့နှင့်အတူ လိုက်သွားတော့၏။
‘ရင်လေးစရာပဲ။ တာ့ယန် အင်ပါယာ၏ တစ်ဦးတည်းသော တရားဝင် ထီးနန်းဆက်ခံသူက ပထမဆုံးနေ့မှာပဲ လမ်းလွဲနေပြီ။’
သူတို့က မြင်းလှည်းတစ်စီးပေါ်သို့ တက်ကာ အကြွေစေ့များ ထည့်လိုက်ကြ၏။ နေ့လယ်ဘက်တွင် အများသုံး မြင်းလှည်းများက အခမဲ့ ဖြစ်သော်လည်း ညဘက်တွင်မူ အခကြေးငွေ ကောက်ခံသည်။
ထိုအရာကလည်း အလွန် ယုတ္တိတန်လှသည်။ အဘယ်ကြောင့်ဆိုသော် နေ့လယ်ဘက်သည် လူအများစု၏ အလုပ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဖြစ်သောကြောင့် အခမဲ့ဖြစ်ပြီး ညဘက် အပြင်ထွက်ခြင်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြစ်သောကြောင့် အခကြေးငွေ ကောက်ခံရခြင်းဖြစ်ကာ စျေးနှုန်းကလည်း မနည်းလှပေ။
ညဘက် တုန်းကျိုးမြို့သည် နေ့လယ်ဘက်နှင့် လုံးဝ မတူကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိလိုက်ရသည်။
ညဘက်တွင် ပိုမို စည်ကားပြီး လမ်းဘေးတွင်လည်း လူပိုများကာ အရက်မူးပြီး လမ်းပေါ်တွင် ယိမ်းယိုင်ကာ သီချင်းဆိုနေသူများစွာလည်း ရှိ၏။
မြင်းလှည်းက ကီလိုမီတာ သုံးဆယ်ခန့် မောင်းနှင်ပြီးနောက် လီချန်ဇယ် ညီအစ်ကိုက ယွင်ကျုံးဟဲ့ကို ခေါ်ကာ မြင်းလှည်းပေါ်မှ ဆင်းပြီး လမ်းသွယ်လေးတစ်ခုအတွင်းသို့ ကွေ့ဝင်သွားကြသည်။
အထဲတွင် အနီရောင် မီးအိမ်များ ချိတ်ဆွဲထားသည်ကို မြင်လျှင် ယွင်ကျုံးဟဲ့ ချက်ချင်း သဘောပေါက်သွားသည်။ ဤနေရာတွင် လူအများအပြား ရှိပြီး နေ့လယ်ဘက်က သပ်ရပ်စွာ ဝတ်ဆင်ထားသော ပုံစံများကို စွန့်ခွာကာ အခြားပုံစံတစ်မျိုးသို့ ပြောင်းလဲသွားကြ၏။
ရုတ်တရက် ရင်းနှီးနေသော အသံတစ်ခုကို ယွင်ကျုံးဟဲ့ ကြားလိုက်ရ၏။ အရပ် နှစ်မီတာခန့်ရှိသော လူထွားကြီး ဖြစ်ပြီး ယွင်ကျုံးဟဲ့ကို မြေအောက် အမှောင်ခန်းထဲမှ ခေါ်ထုတ်လာခဲ့သော ကိုယ်ရံတော်ပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့က ရှေ့တိုးကာ နှုတ်ဆက်လိုက်၏။ “အစ်ကိုကြီး… မင်္ဂလာပါ။”
ထိုကိုယ်ရံတော်က မျက်နှာကို အမြန်ဖုံးကာ အလောတကြီး ထွက်သွားရင်း ပြောလိုက်သည်။ “ခင်ဗျား လူမှားနေပြီ။”
အဘယ့်ကြောင့်နည်း။ နယ်စပ်မှ မြို့ကြီးသို့ ရောက်လာသည်ဖြစ်ရာ ဤပန်းရောင်စုံ ကမ္ဘာကို လေ့လာကြည့်ရှု သင့်သည်မှာ သဘာဝပဲ မဟုတ်ပါလား။ ဘာများ ရှက်စရာ ရှိသနည်း။
လမ်းတစ်လျှောက် ပြည့်တန်ဆာရုံများစွာကို ဖြတ်သန်းလာခဲ့သော်လည်း အရှေ့တိုင်းကမ္ဘာမှ ပြည့်တန်ဆာရုံများနှင့် မတူဘဲ ပိုမို တိုက်ရိုက်ကျသော အရောင်းအဝယ် ဖြစ်နေသည်။
မီးရောင်အောက်တွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးများက တစ်တန်းပြီးတစ်တန်း ထိုင်နေကြကာ ရွေးချယ် ခံရမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။
ဤနေရာတွင် ဖယောင်းတိုင်များ၊ ဆီမီးခွက်များ မဟုတ်ဘဲ ဇီဝဓာတ်ငွေ့ မီးအိမ်များကို အသုံးပြုထားသောကြောင့် အလွန် လင်းထိန်နေကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိလိုက်ရသည်။
တုန်းကျိုးမြို့သည် နေ့လယ်ဘက်တွင် ခြောက်ကပ်နေသော်လည်း ညဘက်တွင်မူ အိပ်စက်ခြင်း မရှိသော မြို့တော် ဖြစ်နေ၏။
ယွင်ကျုံးဟဲ့က အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ဒါမျိုးက အဖမ်းမခံရဘူးလား။”
လီချန်ဇယ်က ပြန်ဖြေ၏။ “စိတ်ချပါ။ အားလုံးက တရားဝင် လုပ်ထားတာပါ။ ဒီနယ်မြေထဲမှာ အကုန်လုံးက တရားဝင်ပဲ။”
တာ့ယန် အင်ပါယာသစ်က ဤမျှ လူသားဆန်သည်လား။ ယွင်ကျုံးဟဲ့ အံ့ဩသွားသည်။
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါဆို ဒီပြည့်တန်ဆာမတွေကရော တရားဝင် အလုပ် လုပ်နေကြတာလား။”
လီချန်ဇယ်က ဖြေသည်။ “ဒါပေါ့။ တစ်ယောက်ချင်းစီကို စာရင်းသွင်းထားပြီး အင်ပါယာကို အခွန်ဆောင်ရတယ်။ ဒါပေမဲ့ ဒီအလုပ်က သိပ်ပြီး ဂုဏ်သိက္ခာ မရှိဘူး။ အရှက်ကွဲစရာလေ။ မလွှဲသာမရှောင်သာ အခြေအနေ မဟုတ်ရင် အမျိုးသမီးတွေက ဒီအလုပ်ကို မလုပ်ကြဘူး။”
‘ချီးတဲ့မှ…’
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ်တို့ အိမ်တော်တော်များများကို ဖြတ်လာပြီးပြီ။ မိန်းမလှလေးတွေ အများကြီး တွေ့ခဲ့ရတယ်။ ခင်ဗျားတို့ သဘောကျတာ တစ်ယောက်မှ မရှိဘူးလား။”
လီချန်ဇယ်တို့ ညီအစ်ကိုက ခါးသီးစွာ ပြုံးရင်း ဖြေလိုက်သည်။ “ညီအစ်ကို... ကျုပ်တို့က အလုပ်တောင် မရသေးဘူးလေ။ အနိမ့်ဆုံး ထောက်ပံ့ကြေးဖြစ်တဲ့ တစ်လကို ငွေဒင်္ဂါးသုံးပြားပဲ ရတာ။ ဒီမိန်းမတွေကို ဘယ်လိုလုပ် ငှားနိုင်မှာလဲ။ တစ်ခါအိပ်ဖို့ ငွေဒင်္ဂါးသုံးပြားတောင် မလောက်ဘူးလေ။”
ထိုအရာက တကယ်ကို စျေးကြီးလှသည်။ ငွေဒင်္ဂါး သုံးပြား၏ ဝယ်ယူနိုင်စွမ်းသည် ယွမ်တစ်ထောင်ထက် ကျော်လွန်နေမှာ သေချာ၏။
သို့ပေမည့် အလုပ်မရှိသော အဆင့်တစ် နိုင်ငံသားတစ်ဦးကို တစ်လလျှင် ငွေဒင်္ဂါးသုံးပြား ထောက်ပံ့ပေးနေခြင်းက အင်ပါယာ၏ ချမ်းသာကြွယ်ဝမှုသည် စိတ်ကူးထားသည်ထက် လုံးဝ ကျော်လွန်နေကြောင်း ပြသနေသည်။
သို့သော်ငြား ထိုညီအစ်ကို နှစ်ယောက်သည် အနီရောင် မီးအိမ်နယ်မြေသို့ ရောက်လာပြီး မပျော်ပါးပါက မျက်စိအစာကျွေးရန် သက်သက် လာကြည့်ကြခြင်းသာ ဖြစ်မည်လား။
မကြာမီတွင် အကြောင်းရင်းကို ယွင်ကျုံးဟဲ့ နားလည်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤနယ်မြေ၏ အဆုံးသို့ ရောက်သွားသောကြောင့်ပင်။
လမ်းသွယ်များစွာ၏ ဘေးဘက်တွင် အမျိုးသမီး ပေါင်းစုံ ရပ်နေကြသည်။ ယွင်ကျုံးဟဲ့တို့ သုံးယောက် ပေါ်လာသည်နှင့် တပြိုင်နက် နွေးထွေးစွာ ကြိုဆိုခံရပြီး ဖားယားသော ကြိုဆိုမှုများကို ခံလိုက်ရ၏။
ဤနေရာတွင် ယွင်ကျုံးဟဲ့သည် လူဖြူများ၊ လူမည်းများ၊ အသားညိုသူများကို တွေ့လိုက်ရပြီး သူတို့အားလုံးက စုတ်ပြဲပြီး ထူထဲသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ အမျိုးသမီးများမှာမူ ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ကာ တုန်ယင်နေကြ၏။
“ကြေးဒင်္ဂါး ဆယ်ပြား… ကြေးဒင်္ဂါး ဆယ်ပြား…”
“ကြေးဒင်္ဂါး ရှစ်ပြား… ကြေးဒင်္ဂါး ရှစ်ပြား…”
“ပေါင်မုန့် သုံးကျင်း… ပေါင်မုန့် သုံးကျင်း…”
ထိုအမျိုးသမီးများ၏ စျေးနှုန်းက အလွန် နည်းပါးပြီး စောစောက အိမ်ထဲတွင် ထိုင်နေသော တရားဝင် ပြည့်တန်ဆာများ၏ စျေးနှုန်းထက် အဆများစွာ နည်းပါးသည်။
ထိုအမျိုးသမီးများသည်လည်း အသားအရောင်မျိုးစုံ ရှိသူများဖြစ်ကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိလိုက်ရသည်။ အသားညိုသူများ၊ လူမည်းများနှင့် လူဖြူများ ပါဝင်၏။
သို့ပေမည့် ခြွင်းချက်မရှိ သူတို့အားလုံးတွင် တူညီသော အဆင့်အတန်းတစ်ခု ရှိ၏။ ထိုအရာမှာ လွတ်လပ်သော ကျွန်များပင် ဖြစ်သည်။
လွတ်လပ်သော ကျွန်များသည်လည်း ကျွန်များ ဖြစ်သော်လည်း သူတို့သည် သခင်များ၏ ချုပ်ကိုင်မှုကို မခံရဘဲ မည်သည့်သခင်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုမှ မဟုတ်ပေ။
ယခုမူ လီချန်ဇယ် ညီအစ်ကို အဘယ်ကြောင့် ပေါင်မုန့် ကျင်းပေါင်းများစွာ ဝယ်လာရသနည်း ဆိုသည်ကို ယွင်ကျုံးဟဲ့ နားလည်သွားပြီ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အင်ပါယာ နိုင်ငံသားများ၏ ထမင်းစားဆောင်တွင် ပေါင်မုန့် စျေးနှုန်းက အပြင်ထက် ထက်ဝက် သက်သာပြီး အရည်အသွေးကလည်း အလွန် ကောင်းမွန်သောကြောင့် ဖြစ်၏။ ပေါင်မုန့် သုံးကျင်းဖြင့် ဤနေရာရှိ လွတ်လပ်သော ကျွန်အမျိုးသမီးများနှင့် တစ်ကြိမ် ပျော်ပါးခွင့် ရနိုင်သည်။
ထို့အပြင် ယွင်ကျုံးဟဲ့တို့ သုံးယောက် ပေါ်လာချိန်တွင် ထိုနေရာရှိ အခြား အသားအရောင်ရှိသော အမျိုးသားများ အားလုံး နောက်ဆုတ်သွားကြကာ သူတို့ကို ရိုသေမှု၊ အားကျမှုများဖြင့် ကြည့်နေကြ၏။
ထိုနေရာရှိ အလှပဆုံး လွတ်လပ်သော ကျွန်အမျိုးသမီးများကလည်း ဝိုင်းအုံလာကြသည်။
ဤနေရာတွင် ယွင်ကျုံးဟဲ့သည် အခြား ရက်စက်သော အမှန်တရားတစ်ခုကို တွေ့လိုက်ရသည်။ အဆင့်တစ် နိုင်ငံသားများသည် အင်ပါယာအတွင်း အောက်ဆုံးအလွှာတွင်ရှိပြီး တစ်လစာ စုဆောင်းထားသော ငွေသည် အရက် အကြိမ်အနည်းငယ် သောက်ရန် မလုံလောက်သလို တရားဝင် ပြည့်တန်ဆာတစ်ဦးကို ငှားရမ်းရန်လည်း မလုံလောက်ပေ။
သို့ပေမည့် ထိုအဆင့်တစ် နိုင်ငံသား ရာထူးသည် မရေမတွက်နိုင်သော လွတ်လပ်သည့် ကျွန်များ၏ အမြင်တွင် ဘဝ၏ အမြင့်ဆုံး တောင်ထွတ်တစ်ခု ဖြစ်နေ၏။
မရေမတွက်နိုင်သော လွတ်လပ်သည့် ကျွန်များသည် တစ်ဘဝလုံး အင်ပါယာ၏ အဆင့်တစ် နိုင်ငံသား ဖြစ်လာရန် မတွေးဝံ့ကြပေ။
ထိုအရာက ယွင်ကျုံးဟဲ့ကို စကားတစ်ခွန်း သတိရစေသည်။ သင် ငြီးငွေ့နေသော ဘဝသည် အခြားသူများ၏ အိပ်မက်ထဲတွင် တောင့်တနေရသော ဘဝ ဖြစ်နေတတ်သည်။
လီချန်ဇယ်တို့ ညီအစ်ကိုသည် ပေါင်မုန့် သုံးကျင်းစီဖြင့် အလွန် လှပသော အမျိုးသမီးနှစ်ဦးကို ခေါ်ဆောင် သွားကြပြီး ထိုအမျိုးသမီးနှစ်ဦးကလည်း အလွန် ပျော်ရွှင်နေကြ၏။
ယွင်ကျုံးဟဲ့သည် ပိုက်ဆံလည်း မပါသလို အစားအစာလည်း မပါလာခဲ့ပေ။ သို့ပေမည့် အလွန် လှပသော လွတ်လပ်သည့် ကျွန်အမျိုးသမီးများစွာက အနားသို့ ကပ်လာကြပြီး ပိုက်ဆံမရလျှင်လည်း ရကြောင်း ပြောလာကြသည်။
ထိုအရာမှာ ယွင်ကျုံးဟဲ့၏ ပြိုင်ဘက်ကင်းသော ရုပ်ရည်ကြောင့်သာမက သူ၏ အင်ပါယာ နိုင်ငံသား အဆင့်အတန်းကြောင့်ပါ ဖြစ်၏။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် ကျူ့ယွီယန် ပြောခဲ့သော စကားကို သတိရသွား၏။ လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ လွတ်လပ်သော ကျွန်အမျိုးသမီးများနှင့် သွားရောက်မပတ်သက်လျှင် အကောင်းဆုံးဖြစ်ပြီး ထိုသို့ ပြုလုပ်ပါက သူ၏ အနာဂတ် အိမ်ထောင်ရေး အခြေအနေမှာ အလွန် ဆိုးရွားမှာ ဖြစ်သည်။
တာ့ယန် အင်ပါယာသစ်တွင် ဟွာလူမျိုးများသည် အမြင့်ဆုံးဖြစ်ပြီး အကြွင်းမဲ့ သခင်များ ဖြစ်ကြသည်။ အခြား လူမျိုးအားလုံးမှာမူ လွတ်လပ်သော ကျွန်များ ဖြစ်ကြ၏။
ယခု အခြေအနေက အများကြီး ကောင်းမွန်နေပြီ ဖြစ်သည်။ ယခင်ကဆိုလျှင် သူတို့သည် ဘာမှမရှိသော ကျွန်များ ဖြစ်ကြပြီး လည်ပင်းတွင် လည်ပတ်များ တပ်ထားရသည်။
ယခုအခါတွင် လွတ်လပ်သော ကျွန်အများအပြား ရှိလာပြီး လည်ပတ် တပ်စရာ မလိုတော့သလို ကိုယ်ပိုင် နေထိုင်ခွင့်လည်း ရရှိလာကြသည်။ သို့ပေမည့် လွတ်လပ်သော ကျွန်တိုင်း၏ အိမ်ထောင်ပြုခြင်းနှင့် သားသမီး မွေးဖွားခြင်းများကို အင်ပါယာ၏ ခွင့်ပြုချက် ရယူရန် လိုအပ်၏။
ဆိုလိုသည်မှာ ဤလွတ်လပ်သော ကျွန်များတွင် အိမ်ထောင်ပြုခြင်းနှင့် သားသမီး မွေးဖွားခြင်းဆိုင်ရာ အခွင့်အရေး မရှိကြပေ။
ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အလွန် ရှုပ်ထွေးနေပြီး ဂုဏ်ယူသည်ဟု ခံစားရသလို ရက်စက်ကြောင်းကိုလည်း ခံစားနေရသည်။
လူမျိုးတူ တစ်ယောက်အနေဖြင့် သူသည် ဂုဏ်ယူဝင့်ကြွားမှု အပြည့် ရှိနေသည်မှာ သေချာလှသည်။ တာ့ယန် အင်ပါယာသစ်သည် တစ်ကမ္ဘာလုံး၏ အမြင့်ဆုံးနေရာတွင် ရပ်တည်နေပြီး အခြားလူမျိုးများကို ကျွန်ပြုထားသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပေ။
မရေမတွက်နိုင်သော ကျွန်များကို ဖိနှိပ်ထားသောကြောင့်သာ အင်ပါယာ နိုင်ငံသားတိုင်း၏ ကုန်ပစ္စည်းများက အလွန် ကြွယ်ဝနေခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့ကဲ့သို့ အလုပ်လက်မဲ့ နိုင်ငံသားပဲလျှင် ကောင်းမွန်သော အစားအစာများကို အခမဲ့ စားသုံးနိုင်ပြီး သပ်ရပ်သော အဝတ်အစားများ ရရှိကာ ကောင်းမွန်သော အိမ်တွင် နေထိုင်နိုင်ပြီး တစ်လလျှင် ငွေဒင်္ဂါး သုံးပြား ထောက်ပံ့ခံရသေး၏။
သို့သော်ငြား လွတ်လပ်သော ကျွန်များမှာမူ သေလုမတတ် အလုပ် လုပ်ရသော်လည်း တစ်လလျှင် ငွေဒင်္ဂါး တစ်ပြားပင် မရရှိကြပေ။ လူအများစုမှာ မြေအောက်ခန်းများတွင် နေထိုင်ရပြီး များသောအားဖြင့် လူဆယ်ဂဏန်းခန့်က အခန်းတစ်ခန်းထဲတွင် နေထိုင်ရသည်။
သို့ပေမည့် ယွင်ကျုံးဟဲ့သည် ဤအချိန်တွင် တာ့ယန် အင်ပါယာကို ကိုယ်ကျင့်တရားဖြင့် ဝေဖန်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် ဤတာ့ယန် အင်ပါယာသစ်က လုံလောက်သော ခွန်အားရှိနေရန်သာ လိုအပ်သောကြောင့်ပင်။
ထိုမှသာ သူသည် စစ်တပ်ကြီးကို ဦးဆောင်ကာ ပြန်လည် တိုက်ခိုက်ပြီး တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးနိုင်မှာ ဖြစ်သည်။