အခန်း ၇၁၄
Vol. 60 Ch. 714
အပိုင်း (၇၁၄)
နာရီဝက်ကျော် ကြာပြီးနောက် လီချန်ဇယ် ညီအစ်ကိုတို့ ပျော်ပါးပြီး ပြန်ရောက်လာကြ၏။
ယွင်ကျုံးဟဲ့က သူတို့နှင့်အတူ မြင်းလှည်းစီးကာ အဆောင်သို့ ပြန်လာခဲ့ကြသည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ သူ့ကို စောင့်နေသူ တစ်ယောက် ရှိနေသည်။ ထိုသူမှာ နှင်းခဲကဲ့သို့ အေးစက်နေသော မျက်နှာဖြင့် စစ်အရာရှိတစ်ဦး ဖြစ်၏။
သူမက မိတ်ဆက်လိုက်သည်။ “ကျွန်မက ဒီနယ်မြေရဲ့ ကင်းမှူးပဲ။ ကျွန်မနာမည်က လီရွှယ် လို့ခေါ်တယ်။”
ထိုစစ်အရာရှိက အမျိုးသမီး ဖြစ်သော်လည်း အရပ်အလွန်ရှည်သည်။ ထို့အပြင် ခန္ဓာကိုယ်က အလွန် တောင့်တင်းပြီး ပေါက်ကွဲအားများ ပြည့်နှက်နေ၏။
ကင်းမှူး ဆိုသည်မှာ မည်သည့်ရာထူးနည်း။ ဤနယ်မြေတွင် စုစုပေါင်း အဆင့်တစ် နိုင်ငံသား ငါးထောင်ခန့် ရှိပြီး အားလုံးကို သူမက အုပ်ချုပ်ရသည်။
သူမ လက်အောက်တွင် စစ်သားတစ်ရာခန့် ရှိသေးသည်။ အာဏာ အလွန် ကြီးမားပြီး အနည်းဆုံး ဤနယ်မြေအတွင်းတွင် သူမက လေကိုခေါ်ကာ မိုးကိုရွာစေနိုင်စွမ်း ရှိ၏။
ကင်းမှူးလီရွှယ်က အေးစက်သော အသံဖြင့် မေးလိုက်သည်။ “ရှင် မီးအိမ်နယ်မြေမှာ သွားပျော်ပါးခဲ့တာလား။ ဒါတောင် အဆင့်နိမ့်တဲ့ လွတ်လပ်တဲ့ ကျွန်တွေနဲ့ပေါ့။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကျုပ် ဘာမှ မလုပ်ခဲ့ပါဘူး။ သွားကြည့်ရုံ သက်သက်ပါ။”
ကင်းမှူးက အေးစက်စက် ပြောလိုက်သည်။ “ရှင် အင်ပါယာ နိုင်ငံသား အဆင့်အတန်းရတဲ့ ပထမဆုံးနေ့မှာပဲ အင်ပါယာကို အလုပ်အကျွေးပြုဖို့ မတွေးဘဲ အဲဒီလို ညစ်ပတ်စက်ဆုပ်စရာကောင်းတဲ့ နေရာကို သွားခဲ့တယ်။ အဲဒီလောက် ယိုယွင်းပျက်စီးနေတာ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတယ်။ လက်ဆန့်ထုတ်စမ်း။”
ယွင်ကျုံးဟဲ့က လက်ဆန့်ထုတ်ပေးလိုက်၏။
ကင်းမှူး၏ လက်ထဲရှိ ကြာပွတ်က တိုက်ရိုက် ရိုက်ချလိုက်သည်။
“ဖြန်း…. ဖြန်း… ဖြန်း…”
ကြာပွတ်ရိုက်ချက် သုံးချက်တိတိ ယွင်ကျုံးဟဲ့၏ ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ နာကျင်လွန်း၍ တုန်ယင်သွားတော့၏။
‘ချီးတဲ့မှ… လက်ကို ဆန့်ထုတ်ခိုင်းပြီးမှ လက်ကို မရိုက်ဘဲ ကျောကို ရိုက်ချလိုက်တာလား။’
ထိုကင်းမှူးသည် မူလက လက်ကိုရိုက်ရန် ရည်ရွယ်သော်လည်း နောက်ပိုင်းတွင် ယွင်ကျုံးဟဲ့ အလုပ်ရှာရဦးမည် ဖြစ်ရာ ဒဏ်ရာရသွားပါက အဆင်မပြေဖြစ်မည်စိုး၍ ကျောကို ရိုက်လိုက်ခြင်း ဖြစ်သည်။
ကင်းမှူးက ယွင်ကျုံးဟဲ့ကို သံမဏိ မဖြစ်လာမည့် သံတုံးတစ်တုံးကို ကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်ကာ ပြောလိုက်၏။ “နယ်ဘက်နဲ့ ယှဉ်ရင် တုန်းကျိုးမြို့က ပန်းရောင်စုံ ကမ္ဘာတစ်ခုပဲ။ အဲဒီတော့ လူငယ် တော်တော်များများ ဒီကို ရောက်လာရင် လမ်းလွဲသွားတတ်ကြတယ်။ တချို့ကတော့ ကုစားလို့ မရတော့ဘူး။ ဒါပေမဲ့ လူသစ်တိုင်းကို ကျွန်မက ကယ်တင်နိုင်သလောက် ကယ်တင်ပေးရမယ်။
ရှင်တို့ မြို့ကြီးကို လာတာ အင်ပါယာကို အလုပ်အကျွေးပြုဖို့နဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ပဲ။ အင်ပါယာက ရှင်တို့ နိုင်ငံသားတစ်ယောက်ချင်းစီအပေါ် ဘယ်လောက်တောင် ကုန်ကျခံထားရလဲ။ လွတ်လပ်တဲ့ ကျွန်တွေ ဘယ်လောက်များလဲ။ ပြီးတော့ အောက်ခြေက ကျွန်တွေ ဘယ်လောက်များလဲ။ သူတို့က ခွေးဝက်လောက်တောင် မကောင်းတဲ့ ဘဝမျိုးနဲ့ နေနေရတာ။
အင်ပါယာ နိုင်ငံသားတစ်ယောက်အနေနဲ့ ရှင်တို့က မွေးလာတည်းက ကြွယ်ဝတဲ့ ဘဝကို ပိုင်ဆိုင်ထားပြီးပြီ။ အဲဒါကို အင်ပါယာကို တည်ဆောက်ဖို့ မတွေးသင့်ဘူးလား။ တစ်နေကုန် ပျော်ပါးဖို့ပဲ တွေးနေရင် အချိန်ကြာလာတာနဲ့အမျှ အင်ပါယာက ဘယ်လောက်ပဲ အင်အားကြီးကြီး ပျက်စီးသွားလိမ့်မယ်။”
သူမသည် လူကောင်းတစ်ယောက်ဖြစ်ပြီး ဖြောင့်မတ်သော ကင်းမှူးတစ်ဦးလည်း ဖြစ်၏။ အင်ပါယာအပေါ် သစ္စာရှိပြီး အလုပ်အပေါ်လည်း စိတ်အားထက်သန်မှု ရှိသည်။
ထို့နောက် သူမက စာအုပ်တစ်အုပ်ကို ယူကာ ယွင်ကျုံးဟဲ့၏ အချက်အလက်များကို လှန်လှော ကြည့်ရှုကာ မေးလိုက်၏။ “အသက် သုံးဆယ့်တစ်နှစ် ရှိပြီလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်ပါတယ်။”
ကင်းမှူးက တင်းမာခက်ထန်သည့် လေသံဖြင့် ပြောလိုက်၏။ “ဘာလို့ အသက် သုံးဆယ့်တစ်နှစ်အထိ အိမ်ထောင်မပြုရသေးတာလဲ။ ရှင်က ပြစ်မှုကျူးလွန်နေတာပဲ။ ရှင့်ကိုယ်ရှင် အဆင့်မြင့် ကိုယ်ရံတော်၊ အဆင့်မြင့် ပညာရှင်လို့ ထင်နေတာလား။ သူတို့က ကိုယ့်ကမ္ဘာလေးထဲမှာ နစ်မြုပ်နေကြလို့ အိမ်ထောင်ပြုတာ အရမ်း နောက်ကျတာ။
အခု အင်ပါယာရဲ့ လူဦးရေ အချိုးအစားက ဘယ်လိုဖြစ်နေပြီလဲဆိုတာ ရှင်သိလား။ အင်ပါယာ နိုင်ငံသား တစ်ယောက်ဆိုရင် လွတ်လပ်တဲ့ကျွန်က သုံးယောက်၊ သာမန်ကျွန်က ငါးယောက် ရှိတယ်။ ဒီအတိုင်း ဆက်သွားရင် တာ့ယန် အင်ပါယာကြီးက အဲဒီကျွန်တွေရဲ့နိုင်ငံ ဖြစ်သွားတော့မယ်။
အင်ပါယာ နိုင်ငံသားတစ်ယောက်အနေနဲ့ ရှင့်မှာ အလုပ်လည်း မရှိဘူး၊ တိုးတက်ဖို့လည်း မတွေးဘူး။ ဒါတောင် အိမ်ထောင်မပြုသေးဘူး၊ ကလေးလည်း မမွေးသေးဘူး။ အင်ပါယာအတွက် အခြေခံအကျဆုံး ပံ့ပိုးမှုတောင် မလုပ်နိုင်ဘူးလား။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို လီချန်ဇယ်တို့ ညီအစ်ကိုကရော။”
ကင်းမှူးက ဖြေလိုက်၏။ “သူတို့က နယ်မှာတည်းက အိမ်ထောင်ကျခဲ့ပြီးပြီ။ တာဝန်ကျေပွန်ပြီးမှ တုန်းကျိုးမြို့ကို လာခဲ့ကြတာ။”
ကင်းမှူးက စားပွဲကို ခေါက်ကာ ဒေါသတကြီး မေးလိုက်သည်။ “ရှင်က ဘာလို့ အိမ်ထောင်မပြုတာလဲ။ မွေးလာတဲ့ ကလေးကို ရှင်တို့က ကျွေးမွေးစောင့်ရှောက်စရာမှ မလိုတာ။ အင်ပါယာက ကူညီစောင့်ရှောက်ပေးမှာပဲကို ဘာလို့ အိမ်ထောင်ပြုပြီး ကလေးမမွေးတာလဲ။”
ယွင်ကျုံးဟဲ့က လက်မြှောက်အရှုံးပေးသည့် အမူအရာဖြင့် ဖြေလိုက်၏။ “ကျုပ် မှားသွားပါတယ်။”
ထို့နောက် ယွင်ကျုံးဟဲ့က ဆက်မေးလိုက်သည်။ “ကင်းမှူး… ခင်ဗျားရော အိမ်ထောင်ကျပြီးပြီလား။”
ကင်းမှူးလီရွှယ်က ဖြေ၏။ “ကျွန်မက အိမ်ထောင်ကျပြီးပြီ။ ကလေးတောင် အသက် ဆယ့်ငါးနှစ် ရှိပြီ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မဖြစ်နိုင်တာ။ ကင်းမှူးက ကြည့်ရတာ အများဆုံး အသက် နှစ်ဆယ်ကျော်လောက်ပဲ ရှိအုံးမှာ။ ဘယ်လိုလုပ် အဲဒီလောက် ကြီးတဲ့ကလေး ရှိမှာလဲ။”
ကင်းမှူးလီရွှယ်၏ တင်းနေသော မျက်နှာက ရုတ်တရက် ပြေလျော့သွားသည်။ ထိုစကားက အလွန် သာမန်ကျသော မြှောက်ပင့်စကားတစ်ခွန်း ဖြစ်သော်လည်း ပြိုင်ဘက်ကင်းလောက်အောင် ချောမောသော အမျိုးသားတစ်ဦး၏ ပါးစပ်မှ ထွက်လာချိန်မှာတော့ မတူညီတော့ပေ။
ကင်းမှူးလီရွှယ်က မျက်နှာပြန်တည်ကာ ပြောလိုက်သည်။ “လျှာမရှည်နဲ့။ ရှင့်မှာ ဘာအရည်အချင်းရှိလဲ ပြောစမ်း။ ကျွန်မ အလုပ်ရှာပေးမယ်။”
အလုပ်ရှာမည်လား။ သို့ပေမည့် ယွင်ကျုံးဟဲ့က အင်ပါယာ၏ ဧကရာဇ် ဖြစ်ချင်နေသည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ်က ထူးချွန်တဲ့ သမားတော်တစ်ယောက်ပါ။”
ကင်းမှူးလီရွှယ်က မေး၏။ “သမားတော်… မင်း ဘယ်စာသင်ကျောင်းက ဘွဲ့ရတာလဲ။ ဆေးကုသခွင့် လိုင်စင်ကရော။”
ထိုအရာများပါ လိုအပ်သည်လား။
ယွင်ကျုံးဟဲ့က ဖြေသည်။ “ကျုပ်... ကျုပ်မှာ အဲဒီဟာတွေ မရှိဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ ဆေးပညာက အရမ်း မြင့်မားပါတယ်။”
ကင်းမှူးလီရွှယ်က ပြောလိုက်၏။ “လူငယ်လေး… လက်တွေ့ကျကျ နေစမ်းပါ။ တခြား ဘာအရည်အချင်း ရှိသေးလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ကျုပ်... ကျုပ်က တူရိယာ တီးခတ်တဲ့နေရာမှာ အရမ်းတော်တယ်။ စောင်းရော၊ စန္ဒရားရော တီးတတ်တယ်။”
ကင်းမှူးလီရွှယ်က ထပ်မေး၏။ “ဘယ်ကျောင်းက ဘွဲ့ရတာလဲ။ ဘာလက်မှတ်တွေ ရှိလဲ။”
‘ချီးတဲ့မှ… ဒီလောက် တင်းကျပ်တာလား။ ပညာအရည်အချင်း မရှိရင် အလုပ်ရှာလို့ မရနိုင်တော့ဘူးလား။’
ကင်းမှူးလီရွှယ်က ထပ်မေးသည်။ “ရှင် အဆင့်မြင့် စာသင်ကျောင်း တက်ဖူးလား။”
ယွင်ကျုံးဟဲ့က ခေါင်းယမ်းလိုက်၏။
ကင်းမှူးလီရွှယ်က ပြောသည်။ “အင်ပါယာရဲ့ ဥပဒေအရ သက်ဆိုင်ရာ စာသင်ကျောင်းမှာ ပညာသင်ကြားပြီး သက်ဆိုင်ရာဘွဲ့တွေ ရရှိမှသာ အင်ပါယာရဲ့ အစိုးရအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခွင့် ရှိတယ်။ ရှင် ဘာသက်မွေးဝမ်းကျောင်း သင်တန်းတွေ တက်ဖူးလဲ။”
ယွင်ကျုံးဟဲ့က ရှက်ရွံ့စွာ ဖြေလိုက်၏။ “အဲဒါလည်း... မရှိဘူး။”
ကင်းမှူးလီရွှယ်က မေးလိုက်သည်။ “ဒါဆို ရှင့်မှာ ဒီမျက်နှာလေးပဲ ကျန်တော့တာပေါ့။”
ယွင်ကျုံးဟဲ့ ဘာမှ မတတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ရေးမှတ်တမ်းတွင် သူသည် တာ့ရှ အင်ပါယာမှ လာကြောင်း ရေးထားခြင်း မရှိဘဲ နယ်မှ လာသော လူငယ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် အပြင်ဘက်ရှိ အောင်မြင်မှုများ၊ အတွေ့အကြုံများ အားလုံးကို တာ့ယန် အင်ပါယာသစ်က အသိအမှတ် မပြုပေ။
ဘာဆိုဘာမှမရှိသော ဤထိပ်တန်း အချောအလှလေးကို ရင်ဆိုင်ရချိန်တွင် ကင်းမှူး လီရွှယ်သည်လည်း ဘာလုပ်ရမည်မှန်းမသိ ဖြစ်နေသည်။
ဤအလုပ်လက်မဲ့ နိုင်ငံသားများအတွက် သူမ တကယ်ကို စိတ်ပူရသည်။ အင်ပါယာက အလုပ် မရှိသော နိုင်ငံသားများကို မကျွေးမွေးထားသလို အလုပ်အကိုင် ရရှိမှုနှုန်း မတက်ပါက သူမကဲ့သို့ ကင်းမှူးတစ်ယောက် အနေဖြင့် မျက်နှာပျက်ရမှာဖြစ်၏။
ကင်းမှူးလီရွှယ်က ပြောလိုက်သည်။ “ရှင် စောင့်နေ…နောက်ပိုင်း အပြင်မထွက်နဲ့တော့။ ရှင့်အတွက် ကျွန်မ အလုပ်စီစဉ်ပေးမယ်။”
ဤကဲ့သို့ ပြိုင်ဘက်ကင်းအောင် ချောမောသော အမျိုးသားတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် ကင်းမှူး လီရွှယ်အနေဖြင့် အထပ်ထပ်အခါခါ ကာကွယ်ရမှာဖြစ်၏။
အကယ်၍ ဤလူက စိတ်လျှော့လိုက်ပြီး မကြိုးစားချင်တော့ဘဲ မီးအိမ်နယ်မြေသို့ သွားကာ ရုပ်ရည်ကို ရောင်းစားလိုက်မည်ဆိုပါက သူမ မျက်နှာပျက်ရမှာဖြစ်ပြီး အင်ပါယာရှိ လုပ်ဖော်ကိုင်ဖက်များရှေ့တွင် ခေါင်းမဖော်နိုင် ဖြစ်သွားပေလိမ့်မည်။
တုန်းကျိုးမြို့တွင်း အခြားနယ်မြေတစ်ခုတွင် လှပသော အမျိုးသမီး ဒါဇင်ပေါင်းများစွာက မီးအိမ်နယ်မြေသို့ သွားရောက် အလုပ် လုပ်ခဲ့ကြရာ ရလဒ်အနေဖြင့် ထိုကင်းမှူးသည် ပြည့်တန်ဆာခေါင်းဟူသော နာမည်ပြောင်ကို ရရှိသွားခဲ့ပြီး တစ်ဘဝလုံး ခေါင်းမဖော်နိုင် ဖြစ်ခဲ့ရသည်။
ကင်းမှူးလီရွှယ်က ပြောလိုက်၏။ “ကဲ။ အချိန်လည်း မစောတော့ဘူး။ နားလိုက်တော့။ မှတ်ထား။ ဒီခြံထဲကနေ မထွက်နဲ့။”
ထို့နောက် ထိုကင်းမှူးကြီး ထွက်သွား၏။ အပြင်သို့ ရောက်သောအခါ သူမက အမိန့်ပေးလိုက်သည်။ “ဒီအချောအလှလေးကို စောင့်ကြည့်ထား။ ခြံတံခါးကနေ တစ်လှမ်းမှ အထွက်မခံနဲ့။ ဒီပြဿနာ ကောင်လေးက စိတ်နည်းနည်းလေး လမ်းလွဲသွားတာနဲ့ မရေမတွက်နိုင်တဲ့ ပိုက်ဆံတွေ ဝင်လာလိမ့်မယ်။ အဲဒီတော့ သူ့ကို လမ်းလွဲဖို့ အခွင့်အရေး မပေးနဲ့။ ခြံတံခါးကနေ တစ်လှမ်း ထွက်ရဲတာနဲ့ ခြေထောက်နှစ်ဖက်လုံးကို ရိုက်ချိုးပစ်လိုက်။”
စစ်သားများက ပြန်ဖြေလိုက်၏။ “ကောင်းပါပြီ။”
ထို့ကြောင့် ယွင်ကျုံးဟဲ့ဟူသော တစ်သောင်းတွင် တစ်ယောက် ရှာရခက်သည့် အလှလေးသည် တင်းကျပ်စွာ စောင့်ကြည့်ခံလိုက်ရလေတော့သည်။
အနည်းငယ် သတိလက်လွတ် ဖြစ်သွားသည်နှင့် သူက အပြင်သို့ထွက်ကာ ယောက်ျားပြည့်တန်ဆာ သွားလုပ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့သည် ဤတာ့ယန် အင်ပါယာသစ်ကို အနည်းငယ် သဘောကျလာ၏။ ၎င်းသည် သာလွန်မှုများဖြင့် ပြည့်နှက်နေသော အင်အားကြီးမားသည့် အင်ပါယာတစ်ခု ဖြစ်သည်။
ကျူ့ယွီယန်သည် သူ့ကို အနည်းငယ် အထင်သေးပြီး အလွန် မောက်မာသော်လည်း လူဆိုးတစ်ယောက်တော့ မဟုတ်ပေ။
လီချန်ဇယ် ညီအစ်ကိုသည် မိန်းမလိုက်စားပြီး ပေါင်မုန့် သုံးကျင်းဖြင့် သွားရောက် ပျော်ပါးခဲ့သော်လည်း လူဆိုးများ မဟုတ်ကြချေ။
ကင်းမှူးလီရွှယ်သည် အလွန် တင်းကျပ်သော်လည်း လူဆိုးတစ်ယောက် မဟုတ်ဘဲ ဖြောင့်မတ်ပြီး သစ္စာရှိသူ တစ်ဦး ဖြစ်သည်။
ဤတာ့ယန် အင်ပါယာသစ်သည် တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်မှာ သေချာလို့နေ၏။
သို့ပေမည့် ဤအင်ပါယာတွင် လူတန်းစား ခွဲခြားမှု ရှင်းလင်းပြီး စည်းကမ်းများက အလွန် တင်းကျပ်သောကြောင့် အချိန်တိုအတွင်း အထက်သို့ တက်ရန် အလွန် ခက်ခဲလှသည်။
ရှုပ်ထွေးမှုများက လှေကားထစ်များ ဖြစ်သော်လည်း တာ့ယန်အင်ပါယာသစ်က အလွန် တည်ငြိမ်ပြီး အင်အား ကြီးမား၏။
ထို့နောက် ယွင်ကျုံးဟဲ့သည် ဤတာ့ယန် အင်ပါယာသစ်၏ စနစ်များကို သေချာစွာ နားလည်အောင် လုပ်ပြီး အင်အားကြီးမားသော အင်ပါယာ၏ အာဏာအထွတ်အထိပ်သို့ တက်လှမ်းရန် အတိုဆုံး ဖြတ်လမ်းတစ်ခုကို ရှာဖွေရမှာဖြစ်သည်။
သို့ပေမည့် တကယ်ကို မလွယ်ကူပေ။ အင်ပါယာ၏ စည်းမျဉ်းစည်းကမ်းများက အလွန် ပြည့်စုံလှသည်။ အခွင့်အရေးယူရန် တကယ်ကို ခက်ခဲလှ၏။
နောက်ပိုင်း အချိန်များတွင် ယွင်ကျုံးဟဲ့သည် ခြံဝင်းအတွင်း၌သာ နေရပြီး တစ်လှမ်းမှ အပြင်ထွက်ခွင့် မရတော့ပေ။
ဤခြံဝင်းအတွင်းရှိ အဆင့်တစ် နိုင်ငံသားများသည် တစ်ယောက်ပြီးတစ်ယောက် ပြောင်းရွှေ့သွားကြသည်။ ထိုအရာက သူတို့ အလုပ်ရှာတွေ့သွားပြီး အလုပ်လက်မဲ့များ မဟုတ်ကြတော့ကြောင်း ကိုယ်စားပြုနေသည်။
ထို့နောက် လူတစ်စုသည် တစ်ဖွဲဖွဲ ရောက်လာကြပြီး အားလုံးက နယ်မှဖြစ်စေ၊ နေရာငယ်လေးများမှဖြစ်စေ လာကြသူများဖြစ်ကာ တုန်းကျိုးမြို့ကြီးသို့ လာ၍ ရည်မှန်းချက်များကို အကောင်အထည်ဖော်လိုကြသူများ ဖြစ်ကြ၏။
ယွင်ကျုံးဟဲ့သည် ထိုအခါမှသာ ဤခြံဝင်းက အလုပ်လက်မဲ့ ကယ်ဆယ်ရေးစခန်းနှင့် တူညီကြောင်း သဘောပေါက်သွားသည်။
ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းက အရှက်ရစရာဖြစ်ပြီး အင်ပါယာ၏ ထောက်ပံ့ငွေကို အချိန်ကြာမြင့်စွာ ယူခြင်းကလည်း အရှက်ရစရာပင် ဖြစ်သည်။ အလုပ်ရှာတွေ့ပြီး အင်ပါယာ၏ လစာကို ရယူနိုင်မှသာ ဂုဏ်သိက္ခာရှိရှိ လူလုံးသူလုံး ထွက်နိုင်ပေလိမ့်မည်။
တစ်နေ့တွင် လီချန်ဇယ် ညီအစ်ကိုလည်း အလုပ် ရှာတွေ့သွားပြီး ယွင်ကျုံးဟဲ့ကို လာရောက် နှုတ်ဆက်ကြ၏။ ထိုညီအစ်ကို နှစ်ယောက်သည် အလွန် စိတ်လှုပ်ရှားနေကြသည်။
“ကျုပ် အလုပ်သုံးနှစ်လုပ်ပြီး ပိုက်ဆံအလုံအလောက်ရရင် တုန်းကျိုးမြို့မှာ အိမ်ဝယ်ပြီး မိန်းမနဲ့ ကလေးတွေကို နယ်ကနေ ခေါ်လာမယ်။”
“ညီအစ်ကိုယွင်ကျုံးဟဲ့လည်း ကြိုးစားအုံး။ ခင်ဗျားလည်း လုပ်နိုင်ပါတယ်။ ခင်ဗျားလည်း ဒီကနေ မြန်မြန် ထွက်သွားနိုင်မယ်လို့ ယုံကြည်တယ်။”
ကင်းမှူးလီရွှယ်သည် ယွင်ကျုံးဟဲ့အတွက် အလုပ်ရှာပေးရန် စိုးရိမ်လွန်းသောကြောင့် ပါးစပ်များမှ အပူဖုများ ထွက်လာ၏။
အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ရေးမှတ်တမ်းက လုံးဝ ဗလာဖြစ်ပြီး အဆင့်မြင့် စာသင်ကျောင်း ပညာရေး ကိုလည်း မရရှိခဲ့သလို မည်သည့် သက်မွေးဝမ်းကျောင်း သင်တန်းကိုမှလည်း မတက်ခဲ့ဖူးသောကြောင့်ပင်။
အင်ပါယာက အလွန် တင်းကျပ်ပြီး မည်သည့် အလုပ်အကိုင်မဆို သက်ဆိုင်ရာ လက်မှတ်များ ရှိရသည်။ လက်မှတ် မရှိလျှင် အရည်အချင်း မရှိကြောင်း သတ်မှတ်၏။
ထို့ကြောင့် သူ၏ မှတ်တမ်းတွင် အထူး အရည်အချင်းတစ်ခုသာ ရှိသည်။ ထိုအရာမှာ ချောမောခြင်း၊ အလွန်အမင်း ချောမောခြင်းပင် ဖြစ်သည်။
.......................