← Chapters

အခန်း (၁၁၅၉-၁၁၆၀)

Vol. 116 Ch. 1159-1160

အခန်း (၁၁၅၉-၁၁၆၀)

Vol. 116 Ch. 1159-1160

အခန်း (၁၁၅၉) နတ်ဘုရားလောက၏ တွက်ချက်မှု

ကွမ်လင်မြို့...

ဤနေရာသည် ယခင်က ကောင်းကင်လူသားများ လူ့ပြည်လောကသို့ ဆင်းသက်ခြင်းကို ခံခဲ့ရဖူးပြီး၊ မြို့တွင်းရှိ ကျင့်ကြံသူ အမြောက်အမြား တိုက်ပွဲဝင်ရင်း သေဆုံးခဲ့ဖူးသည့် နေရာဖြစ်သည်။

ပိုင်လုစာသင်ကျောင်း၏ ဆရာများနှင့် စာပေပညာရှင် အမြောက်အမြားသည်လည်း ထိုစဉ်က သွေးမြေကျ အသက်ပေးခဲ့ကြရသည်။

ထို့နောက်တွင်မူ... သက်လတ်ပိုင်းအရွယ် စာပေပညာရှင် ရွှီဝန်ကျိုးသည် လက်ရုံးရည် ထုတ်ဖော်ကာ တောင်နှင့်မြစ်ပြင်များကို တုန်ဟီးစေလျက်၊ ကောင်းကင်လူသားကို လုံးထွေးသတ်ဖြတ်ပြီးနောက်... မည်သည့်နေရာသို့ ရောက်ရှိသွားသည်မသိဘဲ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကိုပင် မရေရာတော့ပေ။

ထို့ကြောင့် ကွမ်လင်မြို့ရှိ အရပ်သူအရပ်သားများသည် ကောင်းကင်လူသားများကို အရိုးထဲကအထိ နာကျည်းမုန်းတီးကြပြီး၊ သေရာပါရန်သူအဖြစ် သတ်မှတ်ထားကြသည်။

ယခုအခါ ခွန်လွန်တောင်၊ လုံဟူရှန်းတောင်၊ ချင်းချန်တောင်နှင့် ဟွာရှန်းတောင် စသည့် ပျံသန်းတက်လှမ်းရာ နေရာအသီးသီးတွင် လူအမြောက်အမြား ပျံသန်းတက်လှမ်းနေကြပြီ ဖြစ်ရာ... ဤသည်မှာ ယခင်က တစ်ခါမျှ မရှိဖူးသေးသော မဟာနိမိတ်လက္ခဏာကြီး ဖြစ်သည်။

သို့သော်လည်း လူ့ပြည်လောကအတွက်မူ... ယခုအချိန်မှာ အခြေခံအင်အား အလွန်အမင်း ဟာလာဟင်းလင်း ဖြစ်နေပြီး၊ ထိပ်သီးပညာရှင် အလွန်ပင် ရှားပါးနေသည့် အချိန်လည်း ဖြစ်သည်။

ကွမ်လင်မြို့တစ်ခုလုံးတွင် ယန်ဝိညာဉ်အဆင့် ထိပ်သီးပညာရှင် တစ်ဦးတစ်ယောက်မျှပင် ရှိမနေတော့ပေ။

ထိုအချိန်တွင် ကွမ်လင်မြို့ရှိ အရပ်သူအရပ်သား အမြောက်အမြားသည်... ကောင်းကင်ယံထက်၌ လောကဓာတ်အရှိန်အဝါ အဖြူရောင်တိမ်တိုက်များမှာ နေရာတစ်ခုသို့ တဟုန်ထိုး စုစည်းသွားသည်ကို ရုတ်တရက် မြင်တွေ့လိုက်ကြရသည်။

ကျင့်ကြံသူအချို့မှာ မအောင့်နိုင်ဘဲ မျက်နှာပျက်သွားကြပြီး...

"ကံတရားအရှိန်အဝါတွေ ပြိုကွဲပျက်စီးပြီး လွင့်ပါးကုန်ပြီ" ဟု ရေရွတ်လိုက်မိကြသည်။

၎င်းတို့သည် ထိုအဖြူရောင်အရှိန်အဝါများ စုစည်းရာ နေရာသို့ အကြည့်ကို ပို့လိုက်ကြရာ...

၎င်းမှာ ကွမ်လင်မြို့ရှိ ပိုင်လုစာသင်ကျောင်း ဖြစ်နေခဲ့သည်။

ယခုအခါ ကျောင်းအုပ်ကြီးဟောင်းနှင့် အဆင့်မြင့်စာပေပညာရှင် ဆရာကြီး အမြောက်အမြား တိုက်ပွဲဝင် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

ပိုင်လုစာသင်ကျောင်းသည် တစ်ကျောင်းလုံး မျိုးချစ်သူရဲကောင်းများ ဖြစ်ခဲ့ကြပြီး၊ စာပေပညာရှင်တို့၏ သတ္တိကို ပြသနိုင်ခဲ့သဖြင့် ကွမ်လင်မြို့၌ အလွန်ပင် မြင့်မြတ်သော အဆင့်အတန်းတွင် ရှိနေခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင်မူ... ပိုင်လုစာသင်ကျောင်းတစ်ခုလုံးမှာ ဆန်းကြယ်လှသော စွမ်းအားတစ်ခုအောက်တွင် လွှမ်းခြုံခံထားရသည်။

စာပေပညာရှင်တစ်ဦးပြီးတစ်ဦးသည် ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ မတ်တတ်ရပ်နေကြပြီး၊ ရှေ့မှောက်သို့ ကြည့်လျက် ဒေါသတကြီး ဖြစ်နေကြတော့သည်။

မူလက ထိုနေရာ၌ သူတော်စင်ကြီး၏ ရုပ်တုတစ်ခုကို ပူဇော်ထားခြင်း ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ထိုရုပ်တုမှာ ခါးလယ်မှနေ၍ ရိုက်ချိုး ဖျက်ဆီးခြင်း ခံထားရလေပြီ။

အလွန်ပင် ချောမောခန့်ညားလှသော ကောင်းကင်လူသားတစ်ဦးသည် ထိုရုပ်တုအကျိုးပေါ်၌ ဆင့်ထိုင်နေပြီး၊ ကိုယ်ဟန်မှာ တင့်တယ်လှကာ နှုတ်ခမ်းဖျားတွင်မူ ခပ်ဖျော့ဖျော့ လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။

"လူ့ပြည်လောကရဲ့ စာသင်ကျောင်းလေးတစ်ခုမှာ... စိန့်သူတော်စင်ရဲ့ စိတ်အာရုံတစ်လိုင်း ကိန်းအောင်းနေလိမ့်မယ်လို့ ထင်မထားမိဘူး၊ ဒါပေမဲ့ နှမြောစရာပဲ... အားနည်းလွန်းနေသေးတယ်"

ကောင်းကင်လူသားက တည်ငြိမ်စွာဖြင့် လှောင်ပြောင်လိုက်သည်။

ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်... ကျင့်ကြံသူတို့၏ စံနှုန်းနှင့် တိုင်းတာမည်ဆိုလျှင် ယခုအချိန်တွင် ပိုင်လုစာသင်ကျောင်း၌ အစွမ်းအထက်ဆုံး စာပေပညာရှင်မှာ အဆင့်လေး (၄) မျှသာ ရှိတော့သည်။

ပြီးခဲ့သည့်အကြိမ် ကောင်းကင်လူသားများနှင့် တိုက်ပွဲအတွင်း၌ စွမ်းအားများ အကုန်လုံး ပြောင်သလင်းခါသွားခဲ့သဖြင့်... အားပြန်မပြည့်နိုင်သေးခြင်း ဖြစ်သည်။

ကောင်းကင်လူသားသည် ထိုစာပေပညာရှင်များကို ကစားစရာသဖွယ် ကြည့်လျက် တည်ငြိမ်စွာဖြင့်...

"ငါ ကမ္ဘာအမြောက်အမြားကို ရောက်ဖူးတယ်... အဲဒီနေရာတွေက စာပေကျင့်စဉ်လမ်းစဉ်က မင်းတို့ထက် အဆမတန် ပိုပြီးတော့ အစွမ်းထက်တယ်"

"သနားစရာပဲ... အခုအခါမှာတော့ ငါ့မျက်စိ ပသာဒဖြစ်လောက်မယ့်ကောင် တစ်ယောက်မှ ရှိမနေတော့ဘူး" ဟု ဆိုလိုက်သည်။

လူငယ်စာပေပညာရှင်တစ်ဦးသည် ရှေ့သို့ ခြေတစ်လှမ်း တက်လာခဲ့ပြီး၊ ရင်ကိုကော့ ခေါင်းကိုမော့လျက် အထက်စီးမှနေ၍...

"အရင်က ကောင်းကင်လူသားတစ်ယောက်... တိမ်ပင်လယ်ထက်မှာ အရှင်လတ်လတ် ချည်နှောင်ခံထားရပြီး၊ မန္တန်မီးဒဏ်ကြောင့် နေ့ရက်အတော်ကြာ အော်ဟစ်ငိုကြွေးရင်း သေဆုံးသွားခဲ့တာကို ငါတို့ တွေ့ဖူးတယ်... အဲဒီအချိန်ကတည်းက မင်းတို့လို မြင့်မြတ်လှပါတယ်ဆိုတဲ့ ကောင်းကင်လူသားတွေဟာလည်း ဒီလောက်ပါပဲလားလို့ ငါ သိခဲ့တာ"

ဟု အရေးမစိုက်ဟန်ဖြင့် ပြောဆိုလိုက်သည်။

လီယန်ချူသည် ယခင်က ပေဖုန်းနယ်မြေမှ ကောင်းကင်လူသားကို ဖမ်းဆီး၍ ဟင်းလင်းပြင်အတွင်း ချည်နှောင်ကာ... မူလမီးစွမ်းအားဖြင့် သန့်စင်ပြီး လောကကြီးကို သတိပေးခဲ့ဖူးခြင်း ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသဖြင့် ကောင်းကင်လူသားမှာ ချက်ချင်းပင် မျက်နှာပျက်သွားခဲ့တော့သည်။

စကားစစ်ထိုးပြီး လူကို စိတ်ဆတ်အောင် လုပ်ရာတွင်မူ... ဤစာပေပညာရှင် များက ပိုမိုကျွမ်းကျင်ကြပေသည်။

ဘေးပတ်ပတ်လည်၌ ရယ်မောသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

"မျောက်က လူလို ဝတ်ဆင်ထားတာပဲ"

"အခုအချိန်အထိ အဲဒီကောင် သနားစရာကောင်းလောက်အောင် သေဆုံးသွားတဲ့ ပုံစံကို တွေးမိရင် ငါ ရယ်ချင်နေတုန်းပဲ... ဒီကောင်းကင်လူသားဆိုတာတွေကလည်း သူတို့ကိုယ်ပေါ်က နတ်ဘုရားအလင်းတန်းကို ဖယ်ခွာလိုက်ရင် သနားစရာ သတ္တဝါတွေပါပဲ"

"မှန်တယ်... ကြားရသလောက်တော့ နတ်ဘုရားတွေရဲ့ အလိုတော်ရ ခွေးအိုကြီးတွေပဲလေ... လူ့ပြည်လောကရဲ့ အထက်မှာ ရှိနေပါတယ်ဆိုပြီး အခုထိ ခွေးလိုပဲ အသုံးတော်ခံနေရတာ... တကယ့်ကို ကရုဏာသက်စရာပဲ"

"ခွေးဝက်တွေနဲ့ အတူတူပါပဲ... ဒါကို ကောင်းကင်လူသားလို့ ကိုယ့်ကိုယ်ကိုယ် သမုတ်ဝံ့သေးတယ်၊ ကောင်းကင်ခွေးလို့ ခေါ်ရင် ပိုပြီးတော့ သင့်တော်မယ်"

ပိုင်လုစာသင်ကျောင်း၏ စာပေပညာရှင်များသည် တစ်ယောက်တစ်ပေါက် လှောင်ပြောင်ရှုတ်ချလိုက်ကြသည်။

အလွန်ပင် ချောမောလှပသော ကောင်းကင်လူသားသည် ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး၊ မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိသည်။

သူ အနည်းငယ် နားမလည်နိုင် ဖြစ်နေရသည်မှာ... အဘယ်ကြောင့် ဤမျှလောက်အထိ သိမ်ဖျင်းလှသော ပုရွက်ဆိတ်များက သူ့ကို စော်ကားဝံ့ကြသနည်း။

၎င်းတို့ မကြောက်ကြဘူးလား...

သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ၎င်းတို့အားလုံးကို အမှုန့်ခြေပစ်နိုင်သော်လည်း... ဤပုရွက်ဆိတ်ငယ်များက သူ့ကို လှောင်ပြောင်နေကြဆဲ ဖြစ်သည်။

သူ အနည်းငယ် စိတ်ဆိုးသွားခဲ့သဖြင့် ဤလူများနှင့် ဆက်လက်စကားပြောရန် ဆန္ဒမရှိတော့ဘဲ... လက်ကို ဝှေ့ယမ်းလျက် ၎င်းတို့အားလုံးကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်တော့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်လိုင်းသည် သူ့ကို ဗဟိုပြု၍ ပြင်ပသို့ ရိုက်ခတ်သွားခဲ့ပြီး၊ မြေပြင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားကာ... အရာအားလုံးကို ဆုတ်ဖြဲပစ်နိုင်မည့်အလား ဖြစ်နေခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင်... နူးညံ့လှသော လေပြေတစ်လိုင်း ဖြတ်သန်းတိုက်ခတ်လာခဲ့သည်။

၎င်းမှာ အလွန်ပင် ဖျော့တော့လှသော်လည်း... ကောင်းကင်လူသား ထုတ်ဖော်လိုက်သော ကြောက်မက်ဖွယ် စွမ်းအားကြီးမှာမူ တစ်ခဏအတွင်းမှာပင် လုံးဝ ချေဖျက်ခြင်း ခံလိုက်ရတော့သည်။

ချောမောလှပသော ကောင်းကင်လူသားမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ အမြင်အာရုံအတွင်း၌... လူငယ်တာအိုဆရာလေးတစ်ဦးသည် ဟင်းလင်းပြင်ထဲမှ ကွက်တိ ထွက်ပေါ်လာခဲ့ပြီး၊ စာပေပညာရှင်အလား သန့်စင်စင်ကြယ်လှကာ လက်နှစ်ဖက်ကို အင်္ကျီလက်အစွပ်အတွင်း ထည့်သွင်းထားပြီး၊ ခါးဘေးတွင်မူ ကျန့်ကျောင်းဓားကို ချိတ်ဆွဲထားခဲ့သည်။

ကောင်းကင်လူသားသည် ချက်ချင်းပင် သူ၏ မျက်သူငယ်အိမ် ကျုံ့သွားခဲ့ရတော့သည်။

သူ ယခုတစ်ကြိမ် လူ့ပြည်လောကသို့ မဆင်းသက်မီက... လူ့ပြည်လောက၌ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသော တာအိုဆရာတစ်ဦး ရှိနေခဲ့ပြီး၊ ယခင်က ဆင်းသက်ခဲ့သော ကောင်းကင်လူသား အားလုံးကို အပြတ်အသတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိထားသည်။

သို့သော်လည်း ရှေ့မှောက်ရှိ တာအိုဆရာလေးမှာမူ... အလွန်ပင် သန့်စင်လှပြီး မည်သည့်သတ်ဖြတ်လိုသော အရှိန်အဝါမျှ ရှိမနေခဲ့ပေ၊ အနည်းဆုံးတော့ ထိုကောင်းကင်လူသားမှာ အာရုံမခံမိပေ။

"သူက အဲဒီတာအိုဆရာ မဟုတ်ဘူးလား..."

ကောင်းကင်လူသား၏ စိတ်ထဲ၌ အတွေးတစ်ခု ဖြတ်သန်းသွားခဲ့သည်။

"စိန့်သူတော်စင်ရဲ့ ရုပ်တုကို ဖျက်ဆီးတဲ့သူဟာ... ဝဋ်လိုက်လိမ့်မယ်"

လူငယ်တာအိုဆရာလေးက ဆိုလိုက်သည်။

၎င်းမှာ အဆင့်ငါး (၅) အထက်ရှိသော ကောင်းကင်လူသား ဖြစ်သော်လည်း... ယခုအချိန်တွင်မူ စိတ်ထဲ၌ မအောင့်နိုင်ဘဲ ချမ်းစိမ့်စိမ့် ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။

သူ၏ ကိုယ်ပေါ်၌ မန္တန်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ခန့်ညားထည်ဝါလှသော တာအိုနိမိတ်လက္ခဏာကို ထင်ဟပ်စေလျက်... သူ၏ နောက်ကွယ်၌ ပြာလဲ့လှသော ကောင်းကင်ယံကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ကောင်းကင်လူသားများသည် မွေးဖွားကတည်းက အစွမ်းထက်ကြသော်လည်း... သူသည် ကျင့်ကြံသူတို့၏ နည်းပညာများကိုပါ တတ်မြောက်ထားသဖြင့် စွမ်းအားမှာ အလွန်ပင် ပြင်းထန်လှပေသည်။

သူ ယခုတစ်ကြိမ် ရရှိထားသော အမိန့်မှာမူ... လက်နက်ချင်း ထိသည်နှင့်တစ်ပြိုင်နက် မိမိရောက်ရှိနေသော မြို့တော်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန်...

မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ဖြစ်သည်။

သူ့ရှေ့မှောက်ရှိ ခန့်ညားလှသော လူငယ်တာအိုဆရာလေး၏ မျက်ဝန်းအစုံမှာ မီးလျှံအလား တောက်ပသွားခဲ့သည်။

သူသည် ရှေ့သို့ လက်ကို မြှောက်လိုက်ရာ...

လင်းလက်တောက်ပလွန်းလှသဖြင့်... ကြည့်ရှုရန်ပင် ခက်ခဲလှသော၊ ကောင်းကင်ယံရှိ နေမင်းကြီးအလား ခန့်ညားလှသော မိုးကြိုးအလင်းတန်းတစ်ခုသည် လီယန်ချူ၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာခဲ့ပြီး၊ ထိုကောင်းကင်လူသား၏ ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် အုန်းခနဲ မြည်ဟီးလျက် ကျရောက်သွားခဲ့တော့သည်။

နောက်တစ်ခဏတွင်မူ... ကောင်းကင်လူသားမှာ ပြာအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။

………………

လီယန်ချူ အနည်းငယ် ထင်မှတ်မထားမိသည်မှာ... ကောင်းကင်လူသား သုံးဦး (၃) သာလျှင် ကွမ်လင်၊ ရွှီကျိုးနှင့် ဆွေကျိုး စသည့် နေရာသုံးခုသို့ သီးခြားစီ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သုံးဦး ရရှိထားသော အမိန့်မှာ အတူတူပင် ဖြစ်ဟန်တူပြီး... လူ့ပြည်လောက၏ ကံတရားအရှိန်အဝါများကို သိမ်းပိုက်ရန်နှင့် ဆန့်ကျင်သူရှိပါက မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ဖြစ်သည်။

သို့သော်လည်း ယခုအခါ ရှေးဟောင်းပထဝီဝင်မန္တန်အစီရင်ကြီး ရှိနေခဲ့သဖြင့်... လူ့ပြည်လောကတွင် မြေပြင်နတ်ဘုရား အမြောက်အမြား လျော့နည်းသွားခဲ့သော်လည်း ထိပ်သီးတိုက်ခိုက်ရေးစွမ်းအားမှာ ရှိနေဆဲ ဖြစ်ရာ...

၎င်းတို့သုံးဦးကို ဆက်တိုက် သတ်ဖြတ်နိုင်ခဲ့သဖြင့် ကြီးမားသော ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။

………………

မဟာချန်နိုင်ငံ၏ မြို့တော်...

ဤနေရာ၌ ကံတရားအရှိန်အဝါများမှာ အလွန်ပင် တောက်ပနေခဲ့ပြီး၊ မုန်တိုင်းငြိမ်သက်လျက် မည်သည့်အရေးကိစ္စမျှ ဖြစ်ပွားခြင်း မရှိပေ။

လီယန်ချူသည် တိမ်စီးလျက် ဤနေရာသို့ ရောက်ရှိလာခဲ့သော်လည်း၊ နန်းတော်အတွင်း၌ ကောင်းကင်လူသား မရှိနေခဲ့ပေ။

"ကျားကို ခြောက်ဖို့ တောင်ကို ရိုက်တာလား..." လီယန်ချူ စိတ်ထဲမှ တွေးလိုက်သည်။

အလွန်ပင် ခန့်ညားလှသော ဤလူငယ်တာအိုဆရာလေးသည် မင်္ဂလာတိမ်တိုက်ကို စီးနင်းလျက်၊ လက်ချောင်းများကို တွက်ချက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

"ယွန်းနျန်း မတက်လှမ်းခင်တုန်းက ပြောခဲ့ဖူးတယ်... တောင်ပိုင်းဒေသ၊ အနောက်ဘက်ဒေသနဲ့ မောက်ပေဒေသတွေက မဟာအစီရင်ကြီးထဲမှာ မပါဝင်သေးဘူး၊ နောင်တစ်ချိန်မှာ ဟာကွက် ဖြစ်လာလိမ့်မယ်လို့... အခုကြည့်ရတာ တကယ်ပဲ အဲဒီအတိုင်း ဖြစ်နေပြီ"

ဤလူငယ်တာအိုဆရာလေးသည် တိမ်စွန်းထက်၌ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး... မြောက်ဘက်ဒေသသို့ ဦးတည်သွားခဲ့တော့သည်။

နံနက်ခင်းတွင် အရှေ့ပင်လယ်၌ ရှိနေပြီး ညနေခင်းတွင် စန်ဝူသို့ ရောက်ရှိကာ... လေတိမ်စီးနှင်ခြင်း ဖြစ်သည်။

ယခုအခါ သူသည် လူ့ပြည်လောက၌ ကျန်ရှိနေသော လက်ချောင်းရေတွက်၍ရသည့် မြေပြင်နတ်ဘုရားများအနက် တစ်ဦး ဖြစ်ပေသည်။

………………

ရွှေရောင်တဲနန်းတော်ကြီး၏ နေရာဟောင်း...

ဤနေရာသည် ယခုအခါ လူသူကင်းမဲ့သော သေဆုံးနေသည့် မြို့တစ်မြို့အလား ဖြစ်နေခဲ့ပြီး... လူဦးရေ နှစ်သိန်းကျော်ခန့်မှာ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်နှင့် နွား၊ သိုး၊ တိရစ္ဆာန် အားလုံး လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

မူလက မြက်ခင်းပြင်၏ အရှင်သခင် ထိုင်သော ပလ္လင်ထက်တွင်မူ... သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေခဲ့ပြီး၊ အလိုလိုနေရင်း ခန့်ညားထည်ဝါလှသည်။

မူလကမူ သူသည် လူများကို ဦးဆောင်လျက် နန်းတော်အတွင်းသို့ စီးနင်းဝင်ရောက်ကာ... ၎င်းတို့၏ မဟာရန်သူကြီး ဖြစ်သော ထိုလူငယ်တာအိုဆရာလေးကို စီစဉ်သတ်ဖြတ်ရမည် ဖြစ်သည်။

သို့သော်လည်း ယခုအခါ ဤအဆင့်ကိုး (၉) ကောင်းကင်လူသားသည် ဤနေရာ၌ တည်ငြိမ်စွာ ထိုင်နေခဲ့ပြီး... ကောင်းကင်လူသား အမြောက်အမြားမှာလည်း တဲနန်းအတွင်း၌ ထိုင်နေကြဆဲ ဖြစ်ကာ၊ ဝေးဝေးလံလံသို့ သွားရောက်ခြင်း မရှိကြပေ။

ကြာနီကျောင်းတော်မှ ကိုရင်လေး၊ လူငယ်ကျင့်ကြံသူ လျန်ရှီမင်နှင့် အရှိန်အဝါ တည်ငြိမ်လှသော ထိုကောင်းကင်လူသားအိုကြီးတို့မှာမူ ယခုအချိန်တွင် တဲနန်းအတွင်း၌ ရှိမနေခဲ့ကြပေ။

ရှိသင့်သောသူများ ရှိမနေခဲ့ပေ။

သို့သော်လည်း မူလက လီယန်ချူ၏ လက်ဖဝါးမိုးကြိုးဖြင့် အမှုန့်ခြေခြင်း ခံလိုက်ရသော ထိုချောမောလှပသည့် ကောင်းကင်လူသားမှာမူ ယခုအခါ တဲနန်းတော်ကြီးအတွင်း၌ ကောင်းမွန်စွာ ထိုင်နေခဲ့သည်။

ယခုအချိန်အထိ သူ၏ မျက်ဝန်းအစုံ၌ ထိတ်လန့်တုန်လှုပ်နေသော အရိပ်အယောင်များ ရှိနေဆဲ ဖြစ်ပြီး၊ စိတ်ကို တည်ငြိမ်အောင် မနည်းလုပ်နေရသည်။

ကောင်းကင်လူသားများသည် မွေးဖွားကတည်းက အစွမ်းထက်ကြသဖြင့်... လူသားကျင့်ကြံသူများထက် အဆမတန် သာလွန်လှပြီး၊ ကမ္ဘာ့အလွှာအသီးသီး၏ အထက်တွင် ရှိနေခဲ့ကြသဖြင့် အမြဲတမ်း စိတ္တဇမောက်မာမှု ရှိကြသည်။

၎င်းတို့ကိုယ်တိုင်က အစွမ်းထက်သော အင်အားစုကြီး ဖြစ်သဖြင့် ထိုကဲ့သို့သော မာန်မာန ရှိကြခြင်း ဖြစ်သည်။

ဤအဆင့်ကိုး ကောင်းကင်လူသားသည် အလိုလိုနေရင်း ခန့်ညားထည်ဝါလှပြီး... "ကူးလျန်... ကူးယင့်... ကူးစုန်းမင်း" ဟု ဆိုလိုက်သည်။

သူသည် နာမည်သုံးခုကို ဆက်တိုက်ခေါ်ဆိုလိုက်ရာ... ချောမောလှပသော လူငယ်အပါအဝင် လူငယ်ကောင်းကင်လူသား သုံးဦး ရှေ့သို့ ထွက်လာခဲ့ကြသည်။

၎င်းတို့သည် ထူးခြားလှသော တာအိုရုပ်ခန္ဓာများ ရှိကြပြီး... ဉာဏ်ပညာကြီးမားကာ သန်မာထုထည်ကြီးမားပြီး ခန့်ညားလှသလို၊ ကျင့်စဉ်နယ်ပယ်မှာလည်း ပြင်းထန်လှကာ... လေ့လာထားသော ကျင့်စဉ်အတတ်ပညာများမှာလည်း အလွန်ပင် ရှေးကျလှသည်။

၎င်းတို့သည် အမြဲတမ်း အလွန်ပင် မောက်မာလှသော်လည်း၊ ယခုအချိန်တွင်မူ မျက်နှာထက်၌ ထိတ်လန့်နေသော အရိပ်အယောင်များ ရှိနေခဲ့သည်။

ဤအဆင့်ကိုး ကောင်းကင်လူသားက တည်ငြိမ်စွာဖြင့်... "ကူးလျန်... မင်းကို သတ်လိုက်တာ အဲဒီတာအိုဆရာလား" ဟု မေးမြန်းလိုက်သည်။

ကူးလျန်မှာ ကွမ်လင်မြို့၌ စိန့်သူတော်စင်၏ ရုပ်တုကို ရိုက်ချိုးခဲ့သော ထိုချောမောလှပသည့် ကောင်းကင်လူသား ဖြစ်ပြီး၊ ထိုစကားကို ကြားရသဖြင့် ခေါင်းညိတ်ပြလိုက်ကာ... လန့်ဖြန့်နေသော အမူအရာဖြင့်

"မှန်ပါတယ်... လေပြေတစ်လိုင်းတည်းနဲ့တင် ကျွန်တော့်ရဲ့ မန္တန်စွမ်းအားကို ဖျက်ဆီးလိုက်ပြီး၊ မိုးကြိုးအလင်းတစ်လိုင်းတည်းနဲ့တင် ကျွန်တော့်ရဲ့ ကိုယ်ပွားကို ဝိညာဉ်ပါ ပြာအဖြစ် ပြောင်းလဲပစ်လိုက်တာ"

ဟု ဆိုလိုက်သည်။

ယခုတစ်ကြိမ်တွင် မျိုးနွယ်စုအတွင်း၌ ကြိုတင်ပြင်ဆင်မှုများ ရှိခဲ့ပြီး... တကယ့် စစ်ပွဲအစစ်အမှန် မဟုတ်ဘဲ စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်သဖြင့်၊ မဟုတ်လျှင် သူ ယခုနေရာ၌ ထိုင်နေနိုင်မည် မဟုတ်ပေ။

ထိုမိုးကြိုးအလင်းတန်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပြီး စိုက်ကြည့်ရန်ပင် ခက်ခဲလှရာ... သူစင်ကြယ်သောခန္ဓာကိုယ် ကိုယ်တိုင် သွားရောက်လျှင်ပင် အပိုသာ ဖြစ်လိမ့်မည်။

ထိသည်နှင့် သေဆုံးမည် ဖြစ်သည်။

ဤအဆင့်ကိုး ကောင်းကင်လူသားက...

"မင်းတို့နှစ်ယောက်ရော..." ဟု ထပ်မံမေးမြန်းလိုက်သည်။

ကောင်းကင်လူသားတစ်ဦးက...

"ကျွန်တော့်ကို သတ်လိုက်တာက အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ယောက်ပါ... ဓားတစ်ချက်တည်းပဲ သုံးခဲ့ပြီး၊ အလွန်ကို လျင်မြန်လှပါတယ်"

ဟု ဆိုသည်။

အခြားကောင်းကင်လူသားတစ်ဦးကလည်း...

"ကျွန်တော့်ကို သတ်လိုက်တာကလည်း အမျိုးသမီးတစ်ယောက်ပါပဲ... သူမရဲ့ ပခုံးပေါ်မှာ အလွန် သေးငယ်ပြီး ဆန်းကြယ်လှတဲ့ ရွှေကျီးကန်း တစ်ကောင် ရှိနေပြီး၊ အရှိန်အဝါက သူမထက် မနိမ့်ပါဘူး"

ဟု ဆိုလိုက်သည်။

အဆင့်ကိုး ကောင်းကင်လူသားက...

"ဒီလိုဆိုရင်... သူမနဲ့ ရွှေကျီးကန်း ပူးပေါင်းပြီး မင်းကို ဝိုင်းသတ်ခဲ့တာပေါ့" ဟု မေးလိုက်သည်။

ထိုကောင်းကင်လူသားမှာ ကြောင်အသွားခဲ့ပြီးနောက် ခေါင်းခါယမ်းပြကာ...

"မဟုတ်ပါဘူး... အဲဒီအမျိုးသမီးက လက်သီးတစ်ချက်တည်းနဲ့တင် ကျွန်တော့်ရဲ့ ကိုယ်ပွားကို ရိုက်ခွဲပစ်လိုက်တာပါ" ဟု ဆိုသည်။

ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်... တဲနန်းအတွင်းရှိ ကောင်းကင်လူသား အမြောက်အမြားမှာ မျက်နှာပျက်သွားခဲ့ကြရတော့သည်။

ဆိုလိုသည်မှာ...ခုနက ပြင်ပသို့ ထွက်ခွာသွားခဲ့သော ၎င်းတို့နှင့် အစွမ်းချင်း တူညီလှသော ကိုယ်ပွားသုံးခုစလုံးမှာ... ရန်သူ၏ လက်ချက်ဖြင့် တစ်ကွက်တည်းနှင့် အသက်ပျောက်သွားခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့သုံးဦးစလုံးမှာ အဆင့်ငါး (၅) အထက်တွင် ရှိကြသူများ ဖြစ်သည်။

ဤအဆင့်ကိုး ကောင်းကင်လူသားမှာ အလွန်ပင် ရဲရင့်ခန့်ညားလှပြီး... ထိုနေရာ၌ ထိုင်နေရုံမျှဖြင့် မောက်မာလှသော အရှိန်အဝါများ ရှိနေကာ၊ ထိုစကားကို ကြားရသဖြင့် တည်ငြိမ်စွာဖြင့်...

"ဒီလိုဆိုရင်တော့... ပြီးခဲ့တဲ့အကြိမ်က လူအချို့ ကျန်ရှိနေခဲ့တာပဲပေါ့" ဟု ဆိုလိုက်သည်။

ပြီးခဲ့သည့်အကြိမ် လူ့ပြည်လောကသို့ ဆင်းသက်စဉ်က... ကူးယိုဟွမ်၊ ကူးရှင်း စသည့် လူငယ်အထွတ်အထိပ် ပါရမီရှင် နှစ်ဦးအပြင်၊ အဆင့်ကိုး ကောင်းကင်လူသား နှစ်ဦးလည်း ပါဝင်ခဲ့ပြီး... ဦးဆောင်လာသော ထိပ်သီးပညာရှင် အမြောက်အမြား ရှိခဲ့သည်။

သို့သော်လည်း ထိုပညာရှင်လေးဦးကို တားဆီးနိုင်ခဲ့သော ထိပ်သီးပညာရှင်များသည်... ပျံသန်းတက်လှမ်းခြင်း မရှိဘဲ လူ့ပြည်လောက၌ ကျန်ရှိနေခဲ့ကြဆဲ ဖြစ်သည်။

သာမန်အားဖြင့်မူ... ကျင့်စဉ်နယ်ပယ် အမြင့်ဆုံးသူသည် ပထမဆုံး ပျံသန်းတက်လှမ်းရမည် ဖြစ်သည်။

လီယန်ချူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော ထိုချောမောလှပသည့် ကောင်းကင်လူသားက...

"ကျွန်တော့်ကို သတ်လိုက်တဲ့ အဲဒီတာအိုဆရာက... သေချာပေါက် အဲဒီလူသတ်သမား ဖြစ်ရမယ်"

ဟု ဆိုလိုက်သည်။

သူ၏ ပါးစပ်မှ လူသတ်သမား ဟု ဆိုသည်မှာ... နတ်ဘုရားဘုရင်အလား ပါရမီရှိကြသော ကူးယိုဟွမ်နှင့် ကူးရှင်းတို့ကို သတ်ဖြတ်ခဲ့သည့် ထိုတာအိုဆရာကို ဆိုလိုခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦး သေဆုံးမှုမှာ... အခြားကောင်းကင်လူသား အားလုံး သေဆုံးမှုထက် ပိုမို၍ ကြီးမားလှသော ဆုံးရှုံးမှု ဖြစ်သည်။

လူ့ပြည်လောက၏ ကျင့်ကြံသူများကို ဦးဆောင်လျက် ကောင်းကင်လူသားများကို တော်လှန်ပုန်ကန်ခဲ့သော ထိုလူငယ်တာအိုဆရာလေးသည်... သဘာဝကျကျပင် နတ်ဘုရားလောက၏ မျက်စိထဲ၌ အကြီးမားဆုံးသော ရန်သူကြီး ဖြစ်လာခဲ့တော့သည်။

"သူ ရှိနေတာကို ငါ မအံ့ဩပါဘူး... ဒါပေမဲ့ တခြား မြေပြင်နတ်ဘုရားတွေလည်း လူ့ပြည်လောကမှာ ကျန်နေသေးတာကတော့... ငါ့ကို နည်းနည်း စိတ်ဝင်စားသွားစေတယ်"

ထိုသက်လတ်ပိုင်း အမျိုးသား၏ နာမည်မှာ ကူးရွှမ် ဖြစ်ပြီး... စစ်သေနာပတိအလား အရှိန်အဝါ ရှိကာ၊ အမှန်တကယ်ပင် သူသည် ကောင်းကင်လူသားများကို ဦးဆောင်၍ ကမ္ဘာ့အလွှာအသီးသီးကို တိုက်ခိုက်ခဲ့သော စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။

နတ်ဘုရားလောကအတွင်း၌လည်း... ကောင်းကင်လူသားများမှာ တစ်ဦးတည်း အပိုင်စိုးထားခြင်း မဟုတ်ဘဲ၊ နတ်ဘုရားလောကအတွက် အလုပ်လုပ်ပေးနေရသော်လည်း ရန်သူများနှင့် သေရာပါ အမုန်းတရားများ ရှိနေခဲ့ကြသေးသည်။

သူသည် စစ်ပွဲအမြောက်အမြားကို အောင်နိုင်ခဲ့သော ဗိုလ်ချုပ်ကြီး ဖြစ်သဖြင့်... ယခုတစ်ကြိမ် လူ့ပြည်လောကသို့ ဆင်းသက်လာခြင်းမှာ ခဲမှန်သကဲ့သို့ ဖြစ်နေသော်လည်း၊ အထက်လူကြီးများက ဤအရေးကိစ္စကို မည်မျှအထိ အလေးထားကြောင်း မြင်တွေ့နိုင်သည်။

လူငယ်ကောင်းကင်လူသားတစ်ဦးက...

"ကျွန်တော့်မှာ နားမလည်တဲ့ အရေးကိစ္စတစ်ခု ရှိပါတယ်... နတ်ဘုရားလောကက ဘာဖြစ်လို့ အဲဒီလူတွေကို ပျံသန်းတက်လှမ်းခွင့် ပေးလိုက်တာလဲ၊ ဘာဖြစ်လို့ သူတို့ ကပ်ဘေးကျော်ဖြတ်တဲ့ အချိန်မှာပဲ မိုးကြိုးကပ်ဘေးနဲ့ ရိုက်သတ်မပစ်တာလဲ"

ဟု မေးမြန်းလိုက်သည်။

သူ၏ အမြင်အရမူ... ၎င်းတို့သည် နတ်ဘုရားလောကနှင့် တစ်မြေတည်း တည်ရှိနေကြခြင်း ဖြစ်သဖြင့်၊ နတ်ဘုရားလောကသည် ၎င်းတို့အတွက်သာ စီစဉ်ပေးသင့်သည်ဟု ထင်မြင်နေခြင်း ဖြစ်သည်။

သက်လတ်ပိုင်း အမျိုးသားက တည်ငြိမ်စွာဖြင့်...

"အချို့အရာတွေကို မင်းတို့ ပြန်ပြီးတော့ သိမြင်ဖို့ လိုအပ်တယ်... နတ်ဘုရားလောကရဲ့ မျက်စိထဲမှာတော့ ငါတို့ကလည်း နယ်စားပယ်စားတွေပါပဲ၊ ငါတို့ကို အသုံးပြုတာကလည်း ဓားတစ်လက်လိုပဲ သတ်မှတ်ထားတာ"

ဟု ဆိုလိုက်သည်။

လူတိုင်း စိတ်ကို စုစည်းလိုက်ကြသည်။

ကောင်းကင်ကမ္ဘာသည် အမြဲတမ်း နတ်ဘုရားလောကအတွက် အလုပ်လုပ်ပေးနေခြင်း ဖြစ်သော်လည်း... စစ်ပွဲအမြောက်အမြားကို အောင်နိုင်ခဲ့သော ဤဗိုလ်ချုပ်ကြီး၏ ပါးစပ်မှ ဤကဲ့သို့သော စကားကို ကြားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

သက်လတ်ပိုင်း အမျိုးသား ကူးရွှမ်က တည်ငြိမ်စွာဖြင့်...

"ဒီတစ်ကြိမ် ကန်ယွမ်ကမ္ဘာရဲ့ တက်လှမ်းမှုမှာ... နတ်ဘုရားလောကက သူ့ကိုယ်ပိုင် တွက်ချက်မှု ရှိပြီးသား ဖြစ်လိမ့်မယ်၊ ငါတို့ လက်လှမ်းရလွယ်အောင် စီစဉ်ပေးတာ ဖြစ်နိုင်သလို... ဒါမှမဟုတ် လူအင်အား လိုအပ်နေလို့ လူ့ပြည်လောကက ကျင့်ကြံသူတွေကို အထက်ကို ခေါ်ယူလိုက်တာလည်း ဖြစ်နိုင်တယ်"

ဟု ဆိုသည်။

ခုနက မေးမြန်းခဲ့သော လူငယ်ကောင်းကင်လူသားက မျက်မှောင်ကြုတ်လျက်...

"ဒါပေမဲ့ အဲဒီလူတွေက ငါတို့ကို တော်လှန်ခဲ့ကြပြီး၊ ငါတို့ လူအမြောက်အမြားကို သတ်ခဲ့ကြတယ်... ငါတို့နဲ့ သွေးကြွေး ရှိနေတာပဲ" ဟု ဆိုလိုက်သည်။

သူသည် အမြဲတမ်း ကောင်းကင်ကမ္ဘာအတွင်း၌သာ ကျင့်ကြံခဲ့သဖြင့်... အမြဲတမ်း အစွမ်းထက်ပြီး ယုံကြည်မှု ရှိနေကာ၊ မိမိတို့သည် နတ်ဘုရားလောကအတွက် ကမ္ဘာ့အလွှာအသီးသီးကို အုပ်ချုပ်ပေးနေခြင်း ဖြစ်သဖြင့် တစ်ဖက်တည်း ရှိနေသည်ဟု ထင်မြင်နေခြင်း ဖြစ်သည်။

သို့သော်လည်း ယခုကြားရသည်မှာ... ပြောင်ပြောင်တင်းတင်း အကျိုးအမြတ်သက်သက်သာ ဖြစ်နေပြီး၊ အထက်လူကြီးများ၏ ပတ်သက်မှုမှာလည်း အလွန်ပင် ရှုပ်ထွေးနေဟန်တူသည်။

ဤအလွန်ပင် ရဲရင့်ခန့်ညားလှသော အမျိုးသားက ပြုံးလိုက်ပြီး...

"မင်းက ငယ်ပါသေးတယ်... ဒီအထဲမှာ ရေက အလွန်နက်တယ်၊ မင်း မထိန်းချုပ်နိုင်ဘူး... မင်း ငါ့အရွယ်လောက်အထိ အသက်ရှင်ပြီးသွားရင် ဒီလိုစကားမျိုးကို ထပ်ပြီး မမေးတော့ဘူး"

"ငါတို့လူတွေ ဘယ်လောက်ပဲ သေသေ... နတ်ဘုရားလောကရဲ့ အထက်လူကြီးတွေအတွက်တော့ ဘာမှမဟုတ်ဘူး၊ အဲဒါကြောင့်မို့လို့ အသုံးဝင်တဲ့ ပါရမီရှင်တွေကို စွန့်လွှတ်ပါ့မလား"

ဟု ဆိုလိုက်သည်။

လူငယ်ကောင်းကင်လူသားမှာ မျက်နှာတည်သွားခဲ့ပြီး... လက်ဟန်ပြလျက် နောက်သို့ ဆုတ်သွားခဲ့တော့သည်။

သက်လတ်ပိုင်း အမျိုးသားက လူတိုင်းကို ဝေ့ကြည့်လိုက်ရာ... သူ၏ မျက်ဝန်းအစုံမှာ နတ်ဘုရားမီးအိမ်အလား တောက်ပနေခဲ့သည်။

"မင်းတို့က... ကူးယိုဟွမ်နဲ့ ကူးရှင်းတို့ထက် သာလို့လား" ဟု မေးလိုက်သည်။

လူတိုင်းသည် သူ၏ ရှေ့က စကားများကြောင့် လုံးဝ ဥဿုံ အားကျလေးစားသွားခဲ့ကြရသည်။

နယ်စပ်ဒေသမှ ပြန်လည်ရောက်ရှိလာသော ဤဗိုလ်ချုပ်ကြီးမှာ... အမှန်ပင် သာမန်ထက် ထူးခြားလှပြီး၊ ပြင်းထန်လှသော ကိုယ်ပိုင်ဆွဲဆောင်မှု ရှိပေသည်။

"အဝေးကြီး လိုပါသေးတယ်"

လူတိုင်းက တညီတညွတ်တည်း ဆိုလိုက်ကြသည်။

"မှန်တယ်... ဒါပေမဲ့ အဲဒီလူနှစ်ယောက်စလုံး ဒီနေရာမှာ သေဆုံးသွားခဲ့ရတယ်၊ မင်းတို့ သွားမယ်ဆိုရင်လည်း... အလကားပဲ အသက်ပေးရလိမ့်မယ်၊ အဲဒါကြောင့် ငါ မင်းတို့အားလုံးကို ပြန်ခေါ်သွားမယ်"

သက်လတ်ပိုင်း အမျိုးသား၏ စကားမှာ လူတိုင်းကို အံ့ဩသွားစေခဲ့သည်။

လူတိုင်း ထိတ်လန့်သွားကြသည်။

"မတိုက်ဘဲ ဆုတ်ခွာမလို့လား..."

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ထိုရဲရင့်လှသော အမျိုးသားကမူ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။

"ဒီအတိုင်းပဲ လုပ်မယ်... ကမ္ဘာ့အလွှာတစ်ခုရဲ့ ကံတရားအရှိန်အဝါ ဆုံးရှုံးရုံသာပဲ၊ နောင်တစ်ချိန်မှာ နတ်ဘုရားဘုရင် ဖြစ်လာမယ့်သူ နှစ်ယောက်တောင် သေဆုံးသွားခဲ့ရပြီ... ငါ့မှာ ဘာတတ်နိုင်တဲ့ နည်းလမ်း ရှိမှာလဲ"

ဟု ဆိုသည်။

ဤအဆင့်ကိုး ကောင်းကင်လူသားသည်... ရတနာအမြောက်အမြားကို ယူဆောင်၍ လူ့ပြည်လောကသို့ ဆင်းသက်လာခဲ့ခြင်း ဖြစ်သဖြင့် အစွမ်းထက်သော ဖဲချပ်များ ရှိကြသလို၊ နယ်စပ်ဒေသ၌လည်း နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သဖြင့် ပြတ်သားလှပေသည်။

ယခင်က ထိုကိုရင်လေးနှင့် လူ့ပြည်လောက၏ ကျင့်ကြံသူများရှေ့မှောက်၌ သွေးကြွေးကို သွေးနဲ့ဆပ်ရမယ်ဟု ဆိုခဲ့သော်လည်း... ယခုအခါ ထိုသို့ ပြုလုပ်ခြင်းမှာ လူကို နားမလည်နိုင်အောင် ဖြစ်စေခဲ့သည်။

ယခုအချိန်အထိ လူ့ပြည်လောက၏ စည်းမျဉ်းဥပဒေများအောက်တွင် ကန့်သတ်ခံထားရသဖြင့်... ကောင်းကင်လူသားများ ဆင်းသက်ရန် ခက်ခဲလှပေသည်။

သို့သော်လည်း ပြန်လည်ဆုတ်ခွာရန်အတွက်မူ... ဤရဲရင့်လှသော အမျိုးသား ရှိနေသဖြင့် ခက်ခဲသောအရာ မဟုတ်ပေ။

ထိုအချိန်တွင်... ရွှေရောင်တောက်ပလှသော ကောင်းကင်တံခါးကြီးတစ်ခု ပွင့်ဟလာခဲ့ပြီး၊ ကောင်းကင်လူသားတစ်ဦးပြီးတစ်ဦး ၎င်းအတွင်းသို့ ခြေချလျက် လူ့ပြည်လောကမှ ပျောက်ကွယ်သွားခဲ့ကြတော့သည်။

ထိုအဆင့်ကိုး ကောင်းကင်လူသားမှာ အလွန်ပင် ခန့်ညားထည်ဝါလှပြီး... ကောင်းကင်လူသား အားလုံး ထွက်ခွာသွားပြီးနောက်တွင်မူ၊ သူသည် ကောင်းကင်တံခါးကို ပိတ်လိုက်သည်။

ဟင်းလင်းပြင်ထဲမှနေ၍ အရက်အိုးနှင့် အရက်ခွက်တစ်ခုကို ဆွဲထုတ်ကာ၊ မိမိကိုယ်ကိုယ် အရက်တစ်ခွက် ငှဲ့၍ တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။

တဲနန်းတော်ကြီး၏ ပြင်ပမှမူ... လူရိပ်တစ်ခု ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။

အစပိုင်းတွင်မူ သူနှင့် အလွန်ပင် ဝေးကွာနေသေးသော်လည်း... မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ဤသူမှာ ယခင်က အရှိန်အဝါ အလွန်ပင် တည်ငြိမ်လှသော ထိုကောင်းကင်လူသားအိုကြီး ဖြစ်ပေသည်။

အဖိုးအိုက တည်ငြိမ်စွာဖြင့်...

"မင်း သဘောတူလိမ့်မယ်လို့ ငါ ထင်မထားဘူး... လူ့ပြည်လောကမှာ အသေအလဲ တိုက်ပွဲဝင်လိမ့်မယ်လို့ ထင်ထားတာ" ဟု ဆိုလိုက်သည်။

ထိုသက်လတ်ပိုင်း အမျိုးသား၏ အရှိန်အဝါမှာ ပြင်းထန်လှပြီး၊ ငြိမ်သက်စွာဖြင့်...

"မဟာအခွင့်အလမ်း ကံတရားအမြောက်အမြားကို သူ ရရှိသွားခဲ့ပြီဆိုကတည်းက... ဒီကန်ယွမ်ကမ္ဘာရဲ့ ရေက ငါထင်ထားတာထက် ပိုပြီးတော့ နက်ရှိုင်းနေပြီဆိုတာ သက်သေပြနေတာပဲ၊ ငါကတော့ သူတစ်ပါးရဲ့ ကျင့်စဉ်နယ်ပယ် တိုးတက်ဖို့အတွက် ဓားသွေးကျောက် အဖြစ်မခံနိုင်ဘူး"

ဟု ဆိုသည်။

ဤသူသည် အလွန်ပင် ရဲရင့်လှပြီး ပြတ်သားလှသော်လည်း... ထိန်းချုပ်ရန်မူ အလွန်ပင် ခက်ခဲလှပေသည်။

ထိုအဖြူရောင်ဝတ်စုံဝတ် အဖိုးအိုကောင်းကင်လူသားသည် တိမ်စွန်းထက်သို့ ကြည့်လျက်...

"မင်း အခုမထွက်သွားရင်... အဲဒီလူငယ်တာအိုဆရာနဲ့ တိုက်ပွဲဝင်ရလိမ့်မယ်" ဟု ဆိုလိုက်သည်။

အမျိုးသားက အလွန်ပင် ယုံကြည်မှု ရှိလှစွာဖြင့် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး၊ လက်ကို ဝှေ့ယမ်းလျက် ကောင်းကင်တံခါးကို ဖွင့်ကာ ၎င်းအတွင်းသို့ ခြေချလိုက်ပြီး ပျောက်ကွယ်ရန် ပြင်ဆင်လိုက်သည်။

"တိုက်ပွဲ ရှိနေရင်တောင်မှ လူ့ပြည်လောကမှာ မဖြစ်သင့်ဘူး... ဆရာကြီးက ကျွန်တော်နဲ့အတူ မလိုက်ဘူးလား"

ဟု မေးမြန်းလိုက်သည်။

အဖိုးအိုကောင်းကင်လူသားက ခေါင်းခါယမ်းပြလိုက်ပြီး...

"အချို့အရာတွေကို ငါ ထပ်ပြီးတော့ ကြည့်ချင်သေးတယ်" ဟု ဆိုသည်။

ဤအဖြူရောင်ဝတ်စုံဝတ် အဖိုးအို၏ အဆင့်အတန်းမှာ အလွန်ပင် မြင့်မားလှသဖြင့်... သက်လတ်ပိုင်း အမျိုးသားသည်လည်း သူ မည်သည့်အရာကို ပြုလုပ်ချင်နေသည်ကို ရှင်းလင်းစွာ မသိရပေ။

သူသည် လက်ဟန်ပြနှုတ်ဆက်လိုက်ပြီးနောက်... လှည့်ထွက်သွားခဲ့တော့သည်။

လူ့ပြည်လောကမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မောက်ပေဒေသ ရွှေရောင်တဲနန်းတော်၏ လူဦးရေ သောင်းနဲ့ချီသော သက်ရှိများကို ယဇ်ပူဇော်ပြီးနောက်... ဤကောင်းကင်လူသားများကို ဆင်းသက်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကိုယ်ပွားသုံးခုသာ လူ့ပြည်လောကသို့ သွားရောက်ခဲ့ပြီး... ရန်သူ၏ လက်ချက်ဖြင့် တစ်ကွက်တည်းနှင့် အသတ်ခံရပြီးနောက်တွင်မူ၊ ဤကောင်းကင်လူသား အားလုံးသည် တပ်ခေါက်၍ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

ထိုအရေးကိစ္စမှာ... ကိုရင်လေးနှင့် လူငယ်ကျင့်ကြံသူ လျန်ရှီမင်တို့ ထင်မှတ်မထားသော လမ်းကြောင်းသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။

အဖြူရောင်ဝတ်စုံဝတ် အဖိုးအိုကောင်းကင်လူသားသည် ခြေတစ်လှမ်း ဖြည်းညှင်းစွာ လှမ်းလိုက်ရာ... တစ်ကိုယ်လုံး ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားခဲ့တော့သည်။

………………

စိုင်ပေ့မြက်ခင်းပြင်ကြီးထက်၌...

စာပေပညာရှင်အလား သန့်စင်စင်ကြယ်လှသော လူငယ်တစ်ဦးသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဟင်..."

လျန်ရှီမင်သည် အမြဲတမ်း တည်ငြိမ်ရင့်ကျက်သူ ဖြစ်သော်လည်း... ယခုအချိန်တွင်မူ မအောင့်နိုင်ဘဲ ကြောင်အသွားခဲ့ရသည်။

ထိုကောင်းကင်လူသားများသည် မဟာချန်နိုင်ငံသို့ သွားရောက်ခြင်း မရှိကြဘဲ... လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။

ခုနက တစ်ခဏအတွင်းမှာပင်... သူသည် ကောင်းကင်တံခါး၏ အရှိန်အဝါကို ထပ်မံ၍ အာရုံခံမိလိုက်ခြင်း ဖြစ်သည်။

"ထွက်သွားကြပြီလား..."

လူငယ်ကျင့်ကြံသူ လျန်ရှီမင်မှာ ခေတ္တမျှ ကြောင်အသွားခဲ့ရပြီး... သက်ရှိလူဦးရေ သောင်းနဲ့ချီ၍ သွေးယဇ်ပူဇော်ခဲ့ပြီး၊ အားစိုက်ထုတ်မှု အမြောက်အမြား ပြုလုပ်ခဲ့ရသော်လည်း...

ဒီလောက်ပဲလား...

သူ၏ မျက်နှာအမူအရာမှာ မသိမသာ ပြောင်းလဲသွားခဲ့ပြီး... အရေးကိစ္စများမှာ မိမိ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခဲ့ပြီ ဖြစ်ကြောင်း ရိပ်မိလိုက်သည်။

"ဘယ်နေရာက စည်းကမ်းချက်မှာ အမှားအယွင်း ဖြစ်သွားတာလဲ..."

ဤအစွမ်းထက်သော ကျင့်ကြံသူသည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိသည်။

ကြာနီကျောင်းတော်မှ ကိုရင်လေးမှာမူ ယခုအချိန်တွင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

လျန်ရှီမင်သည် မူလက ထိုနေရာ၌ နောက်ဆက်တွဲ အခြေအနေကို စောင့်ကြည့်ရန် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း... ထင်မှတ်မထားဘဲ ဤကဲ့သို့သော အပြောင်းအလဲကြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင်... လူငယ်တာအိုဆရာတစ်ဦးသည် တိမ်စီးလျက် ရောက်ရှိလာခဲ့ပြီး၊ သူ၏ ရှေ့မှောက်သို့ တိမ်ဦးခေါင်းကို နှိမ့်ချလျက် ဆင်းသက်လာခဲ့သည်။

ဤလူငယ်တာအိုဆရာလေးမှာ အပြာရောင်ဝတ်စုံကို ဆင်ယင်ထားပြီး... ကြည့်ရသည်မှာ ရိုးရှင်းလျက် ဆန်းကြယ်လှကာ၊ ခါးဘေးတွင်မူ ရှည်လျားလှသော ဓားတစ်လက်ကို ချိတ်ဆွဲထားပြီး၊ လက်နှစ်ဖက်ကိုမူ အင်္ကျီလက်အစွပ်အတွင်း ထည့်သွင်းထားလျက်... တိမ်စွန်းထက်၌ မတ်တတ်ရပ်ကာ အေးစက်လှသော မျက်ဝန်းများဖြင့် အောက်သို့ ကြည့်လိုက်သည်။

လျန်ရှီမင် ထင်မှတ်မထားမိသည်မှာ... ကျယ်ပြောလှသော စိုင်ပေ့မြက်ခင်းပြင်ကြီးထက်၌ ကောင်းကင်လူသား အမြောက်အမြား ရှိနေသည်ကို သွားရောက်မရှာဖွေဘဲ၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် မိမိနှင့် ကွက်တိ လာရောက်ဆုံတွေ့လိမ့်မည်ဟု ဖြစ်သည်။

လျန်ရှီမင်သည် အလွန်ပင် တည်ငြိမ်ရင့်ကျက်သူ ဖြစ်သဖြင့်... လက်ဟန်ပြ၍ နှုတ်ဆက်လိုက်သည်။

"ကျွန်တော့်နာမည်က ရန်ခွန်းပါ... လွတ်လပ်တဲ့ ကျင့်ကြံသူတစ်ယောက်ပါ၊ စိုင်ပေ့မြက်ခင်းပြင်မှာ အပြောင်းအလဲကြီး ဖြစ်ပေါ်နေပြီး... ဟူလူမျိုး အမြောက်အမြား ဘယ်ရောက်သွားမှန်းမသိဘဲ လူသူကင်းမဲ့နေတာကြောင့်၊ သေသေချာချာ လာရောက်စုံစမ်းတာပါ... ကျောင်းတော်သားကို ဘယ်လိုခေါ်ရမလဲ မသိဘူး"

ဟု ဆိုလိုက်သည်။

ခန့်ညားလှသော တာအိုဆရာလေးသည် မြေပြင်သို့ ခြေချလိုက်ပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်သည်။

"မင်းရဲ့ ခုနက မျက်နှာအမူအရာကို ကြည့်ရသလောက်တော့... သေချာပေါက် ငါ့ကို သိနေတဲ့ ပုံစံပဲ"

ဟု ဆိုလိုက်သည်။

လျန်ရှီမင်က...

"တာအိုအစ်ကိုကြီးက နတ်ဘုရားတစ်ပါးအလား အဆင်းသဏ္ဌာန် ရှိပြီး တိမ်စီးလို့ ရောက်လာတာကို မြင်ရလို့... ကျွန်တော် အလွန်ပဲ အားကျသွားရတာကြောင့် ကြောင်အသွားမိတာပါ၊ အရင်က တစ်ခါမှ မမြင်ဖူးပါဘူး"

ဟု ဆိုသည်။

လီယန်ချူသည် အပေါ်အောက် သေသေချာချာ ကြည့်ရှုလိုက်ပြီး... မျက်ဝန်းအစုံ၌ စစ်ဆေးလိုသော အရိပ်အယောင်များ ရှိနေခဲ့သည်။

စိုင်ပေ့မြက်ခင်းပြင်အတွင်းသို့ ရောက်ရှိလာသည့်အခါ... ထင်မှတ်မထားဘဲ နေရာအမြောက်အမြားမှာ လူသူကင်းမဲ့နေခဲ့ပြီး၊ မျိုးနွယ်စုကြီး အမြောက်အမြားမှာ တဲနန်းများသာ ကျန်ရှိနေခဲ့ကာ လူရိပ်ပင် ရှိမနေခဲ့ပေ။

သူသည် ဤနေရာ၌ ထူးခြားသော လှုပ်ရှားမှုကို အာရုံခံမိလိုက်သဖြင့်... ထိုလူငယ်ကျင့်ကြံသူမှာ မှောင်မိုက်လှသော ညဘုံအတွင်းရှိ မီးရှူးတိုင်အလား ထင်ရှားနေခဲ့သဖြင့် သေသေချာချာ လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။

ထိုအချိန်တွင်... အဖြူရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းလျက်၊ အုန်းခနဲ မြည်ဟီးကာ မြေပြင်သို့ ဆင်းသက်လာခဲ့သည်။

အဆင်းသဏ္ဌာန် အလွန်ပင် အေးစက်လှပသော လူငယ်အမျိုးသမီးတစ်ဦး လျှောက်လှမ်းလာခဲ့ရာ... ဝတ်ဆင်ထားသော ကျပ်ထုတ်လှသည့် ဝတ်စုံမှာမူ သူမ၏ အဆီပိုမရှိလှသော ကိုယ်လုံးကိုယ်ပေါက်ကို အချိုးအစားကျကျ ထင်ဟပ်စေလျက် ရှိသည်။

သူမ၏ ခါးဘေးမှာ သေးသွယ်လှသော်လည်း စွမ်းအားများ ပြည့်နှက်နေဟန်တူပြီး... လက်ထဲတွင်မူ အလွန်ပင် ထက်မြက်လှသော လှံတစ်လက်ကို ကိုင်ဆောင်ထားကာ၊ အေးစက်လှသော အလင်းတန်းများ လင်းလက်နေလျက်... တစ်ကိုယ်လုံး၌ တောရိုင်းဆန်လှသော လှပမှုများ ပြည့်နှက်နေခဲ့သည်။

သူမ၏ ဘေးနားတွင်မူ... အလွန်ပင် သေးငယ်ပြီး ချစ်စရာကောင်းလှသော ရွှေကျီးကန်းတစ်ကောင် လိုက်ပါလာခဲ့ပြီး၊ တစ်ကိုယ်လုံး နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံလျက် အလွန်ပင် ခန့်ညားလှပေသည်။

"ငါ နင့်ကို စိတ်မချတာကြောင့်... လိုက်လာပြီး ကြည့်တာ"

ဤအမျိုးသမီးက ဆိုလိုက်သည်။

ဖန့်ချင်းလန်သည် မဟာချန်နိုင်ငံ၌ အခြေအနေကို စောင့်ကြည့်ရန် ကျန်ရှိနေခဲ့ပြီး... ကျွေ့ဟွာ ကမူ နောက်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

လီယန်ချူသည် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

"စိုင်ပေ့မြက်ခင်းပြင်က ဟူလူမျိုးတွေ... တစ်မျိုးနွယ်လုံး နီးပါး မျိုးတုံးသတ်ဖြတ်ခြင်း ခံထားရတာပဲ၊ ငါ ဒီနေရာမှာ အကြာကြီး ရှာဖွေခဲ့ပေမယ့်... သူ့တစ်ယောက်တည်းကိုပဲ မြင်တွေ့ရသေးတယ်"

"သူကတော့ လွတ်လပ်တဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့... ဒီအရေးကိစ္စကို လာရောက်စုံစမ်းတာလို့ ပြောတယ်"

ဟု ဆိုလိုက်သည်။

လျန်ရှီမင်သည် ကျွေ့ဟွာကို ကြည့်လိုက်ရာ... ဤအမျိုးသမီး၏ တစ်ကိုယ်လုံးတွင် တောရိုင်းဆန်လှသော ဆွဲဆောင်မှုများ ရှိနေခဲ့ပြီး၊ မေးစေ့ကိုမော့ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ဒီလောက်အထိ တိုက်ဆိုင်တဲ့ အရေးကိစ္စမျိုး ရှိလို့လား..."

လျန်ရှီမင်က ယဉ်ကျေးသိမ်မွေ့စွာဖြင့် လက်ဟန်ပြလျက် ရှင်းပြလိုက်သည်။

"ကျွန်တော်လည်း ဒီအရေးကိစ္စကို စုံစမ်းနေတာပါ... လူကြီးမင်းနှစ်ယောက်စလုံး အထင်မလွဲကြဖို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။

ရွှေကျီးကန်းငယ်လေးကမူ လူစကားဖြင့်...

"မင်းအမေလိုး..." ဟု ဆဲရေးလိုက်တော့သည်။

လျန်ရှီမင် "..............."

ထိုငှက်မှာ... ဘာဖြစ်လို့ ရောက်ရောက်ချင်း လူကို လာရောက်ဆဲရေးနေရသနည်း။

အခန်း (၁၁၆၀) ဝမ်ရှို့ချိုင့်ကြီး

ဤစာပေပညာရှင်ဟန်ရှိသော လူငယ်မှာ အနည်းငယ် အံ့ဩသွားခဲ့ပြီး၊ အပေါ်သို့ မော့လျက် ထိုသေးငယ်လှပသော ရွှေကျီးကန်းငယ်ကို ကြည့်လိုက်သည်။

ရွှေကျီးကန်းငယ်၏ မျက်ဝန်းအစုံမှာ အလွန်ပင် ကြည်လင်တောက်ပနေသော်လည်း နှုတ်မှမူ...

"ကောင်စုတ်..." ဟု ဆိုလိုက်တော့သည်။

လျန်ရှီမင် "..............."

ဤမျှ ကြည်လင်လှသော မျက်ဝန်းအစုံ ရှိနေသဖြင့် ငြိမ်သက်အေးဆေးသော အကျင့်စရိုက် ရှိသင့်သည်မဟုတ်ပါလော၊ အဘယ်ကြောင့် ရောက်ရောက်ချင်း ဆဲရေးတိုင်းထွာရသနည်း။

လျန်ရှီမင်က

"တာအိုအစ်ကိုကြီးရဲ့ ဘေးနားမှာ ရွှေကျီးကန်းတစ်ကောင် ခြံရံထားတာ တကယ့်ကို ထူးခြားလှပါတယ်... ဒါပေမဲ့ ဒီရွှေကျီးကန်းက ဘာဖြစ်လို့ ရောက်ရောက်ချင်း လူကို လာရောက်ဆဲရေးနေရတာလဲဆိုတာ မသိရဘူး"

ဟု မေးလိုက်သည်။

လီယန်ချူသည် လက်နှစ်ဖက်ကို အင်္ကျီလက်အစွပ်အတွင်း ထည့်သွင်းထားလျက် သူ့ကို မျက်စောင်းထိုးကြည့်ကာ...

"မင်းတစ်ကိုယ်လုံးမှာ လူသတ်သွေးညှီနံ့တွေ လွှမ်းခြုံနေတာတောင် အပြစ်ကင်းစင်သူလို ဟန်ဆောင်နေသေးတယ်" ဟု ဆိုလိုက်သည်။

လျန်ရှီမင်၏ စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ရသည်။

မိမိ၏ ကိုယ်ပေါ်၌ ကောင်းကင်ဘုံကို လှည့်စားနိုင်သော နတ်ဘုရားမန္တန်အဆောင် မရှိသော်လည်း၊ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သော ရတနာ ရှိနေခဲ့သည်မဟုတ်ပါလော။

၎င်းအပြင် တစ်ဖက်လူသည် နတ်မျက်စိကဲ့သို့သော မန္တန်အတတ်ပညာများကို အသုံးပြုခြင်းမရှိဘဲ အဘယ်ကြောင့် မိမိကို ရိပ်မိသွားရသနည်း။

အမှန်တကယ်တော့ လီယန်ချူလည်း အနည်းငယ် အံ့ဩမိခြင်း ဖြစ်သည်။

ဤသူသည် မိမိ၏ အရှိန်အဝါကို မည်သည့်ဖုံးကွယ်မှုမျှ မပြုလုပ်ဘဲ စိုင်ပေ့မြက်ခင်းပြင်ထက်၌ အရဟမ်းတိုက် လျှောက်လှမ်းနေခဲ့သဖြင့် သေချာပေါက် ကိုယ်ပိုင်အစွမ်းအစ အပြည့်ရှိဟန်တူသည်။

သေးငယ်လှပသော ရွှေကျီးကန်းငယ်က လျန်ရှီမင်ကို စိုက်ကြည့်လျက်...

"မင်းအမေလိုး..." ဟု ထပ်မံဆဲရေးလိုက်ပြန်သည်။

ဤသည်မှာ လျန်ရှီမင်၏ အတွေးစများကို လုံးဝ ပျက်စီးသွားစေခဲ့သည်... ထိုရွှေကျီးကန်းက ဘယ်လိုဖြစ်နေရသနည်း။

သို့သော်လည်း တစ်ဖက်လူက မိမိ၏ အခြေအနေကို ရိပ်မိသွားခဲ့ပြီ ဖြစ်ရာ... သူသည် ဆက်လက်၍ ဖုံးကွယ်မနေတော့ပေ။

ဤလူငယ်ကျင့်ကြံသူသည် သူ၏ မန္တန်အတတ်ပညာကို ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး၊ လက်ဖဝါးတစ်ချက်ဖြင့် တည့်တည့်မတ်မတ် ရိုက်ချလိုက်တော့သည်။

တစ်ခဏအတွင်းမှာပင်... ကောင်းကင်နှင့် မြေပြင်ကြီးမှာ ပျောက်ကွယ်သွားသည့်အလား ထင်မှတ်ရပြီး၊ ထူးခြားသော မန္တန်စွမ်းအားများ ပြည့်နှက်နေသည့် ကြီးမားလှသော လက်ဖဝါးကြီးတစ်ခုသာ ကျန်ရှိတော့သည်။

မဟာတောအုပ်တာရောလက်ဖဝါး။

၎င်းမှာ နတ်ဘုရားလောကမှ ဆင်းသက်လာသော အထွတ်အထိပ် သတ်ဖြတ်ခြင်း အတတ်ပညာတစ်ခု ဖြစ်ပြီး၊ အပြောင်းအလဲ အမြောက်အမြား ပါဝင်ကာ... လက်ဖဝါးတစ်ချက်တည်းဖြင့်တင် လီယန်ချူ၏ နောက်ဆုတ်လမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်တော့သည်။

ဤသူ၏ နောက်ခံသမိုင်းကြောင်းမှာ ဆန်းကြယ်လှပြီး၊ သူ၏ နောက်ကွယ်မှ သခင်ကြီးမှာလည်း ပိုမို၍ နက်နဲဆန်းကြယ်လှသည်။

၎င်းအပြင် ထိုသူ၏ ကျင့်စဉ်နယ်ပယ်မှာလည်း အဆင့်ကိုး မြေပြင်နတ်ဘုရားထက် မနိမ့်ပေ။

သူသည် မြင့်မားလှသော တာအိုကျင့်စဉ်ကို ပိုင်ဆိုင်ထားသဖြင့် ယခုအချိန်တွင် လက်ဦးမှုရယူ လှုပ်ရှားလိုက်ရာ... သူ၏ မန္တန်စွမ်းအားများမှာ ဟုန်းဟုန်းတောက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလျက် အသက်ရှူရကျပ်မတတ် ဖိအားကြီးကို ပေးစွမ်းနေခဲ့တော့သည်။

လျန်ရှီမင်သည် ရှေ့မှောက်ရှိ လူငယ်တာအိုဆရာလေး၏ ရက်စက်ကြမ်းကြုတ်လှသော နာမည်ကျော်ကြားမှုကို သိရှိထားသဖြင့်... ရောက်ရောက်ချင်းမှာပင် သူ၏ အရှိန်အဝါ အားလုံးကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။

ဘုန်း...

လီယန်ချူက လက်ဖဝါးတစ်ချက် ပြန်လည်ရိုက်ထုတ်လိုက်ရာ... ခန့်ညားထည်ဝါလှသော ထိုမန္တန်နိမိတ်လက္ခဏာကြီးမှာ တစ်ခဏအတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရတော့သည်။

လျန်ရှီမင်၏ မျက်ဝန်းအစုံ၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့ပြီး... တစ်ကိုယ်လုံးမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်ယံထက်သို့ ရှောင်တိမ်းသွားခဲ့တော့သည်။

သူသည် ခုနက ထိုလူငယ်တာအိုဆရာလေး မည်သည့်မန္တန်အတတ်ပညာကို အသုံးပြုလိုက်သည်ကိုပင် အာရုံမခံမိလိုက်ပေ။

သို့သော်လည်း တစ်ဖက်လူ၏ သွေးသားစွမ်းအားမှာ အလွန်ပင် ထုထည်ကြီးမားလှပြီး... လက်ဝှေ့ယမ်းလိုက်ရုံမျှဖြင့်တင် ပြင်းထန်လှသော သတ်ဖြတ်ခြင်းစွမ်းအားများကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

'လူ့ပြည်လောကမှာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ကောင် ရှိနေလိမ့်မယ်လို့ ထင်မထားဘူး၊ ကောင်းကင်လူသားတွေအားလုံး ဒီနေရာမှာ သေဆုံးကုန်တာ မဆန်းတော့ပါဘူး' ဟု လျန်ရှီမင် စိတ်ထဲမှ တွေးလိုက်မိသည်။

လီယန်ချူသည် လက်ချောင်းများကို တွက်ချက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ...

"စိုင်ပေ့မြက်ခင်းပြင်က အရေးကိစ္စက မင်းရဲ့ လက်ချက် ဖြစ်နေတာပဲ... မဟုတ်သေးဘူး၊ နောက်ထပ် လူတစ်ယောက် ကျန်သေးတယ်"

ဟု ဆိုလိုက်သည်။

သူ၏ စကားလုံးများမှာ လျန်ရှီမင်၏ နားစည်အတွင်း၌ မိုးကြိုးတစ်ချက် ပစ်ချလိုက်သည့်အလား မြည်ဟီးသွားခဲ့တော့သည်။

'ဒီကောင်က ဒီလောက်အထိ ကောင်းကင်တွက်ချက်ခြင်းအတတ်ကို ကျွမ်းကျင်တာလား'

လျန်ရှီမင်သည် စာပေပညာရှင်အလား ချောမောခန့်ညားပြီး... အစွမ်းထက်လှသော မြေပြင်နတ်ဘုရားတစ်ဦး ဖြစ်ရာ၊ ယခုအခါ သူ၏ မျက်ဝန်းအစုံ၌ သတ်ဖြတ်လိုသော အရှိန်အဝါများ လွှမ်းခြုံသွားခဲ့တော့သည်။

သူက ခပ်တိုးတိုး အော်ဟစ်လိုက်ရာ... သူ၏ ရှေ့မှောက်၌ ကြီးမားလှသော အနက်ရောင် ချိုင့်ကြီးတစ်လုံး ပေါ်ပေါက်လာခဲ့ပြီး၊ ရှေးဟောင်းဆန်းကြယ်လှကာ ချိုင့်ကိုယ်ထည်ပေါ်၌ မန္တန်သင်္ကေတ အမြောက်အမြားနှင့် ကြောက်မက်ဖွယ် သားရဲကြီးများ၏ ပုံသဏ္ဌာန်များကို အသက်ဝင်လှစွာ ထုဆစ်ထားလေသည်။

ဤအနက်ရောင်ချိုင့်ကြီး ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက်... ကြောက်မက်ဖွယ် သားရဲအရှိန်အဝါများမှာ ကောင်းကင်သို့ တက်လှမ်းသွားခဲ့ပြီး၊ ၎င်းအတွင်းမှ သောင်းနဲ့ချီသော နာကျင်အော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် လူကို စိတ်ခြောက်ခြားသွားစေခဲ့သည်။

"တစ်ယောက်နဲ့တစ်ယောက် ဖဲချပ်တွေ လှန်ပြပြီးပြီဆိုမှတော့... ငါ့ရဲ့ မန္တန်စွမ်းအားကို မင်း မြင်တွေ့စေရတာပေါ့"

သူ စကားတစ်လုံး ပြောဆိုလိုက်တိုင်း... ဤအနက်ရောင်ချိုင့်ကြီး၏ အရှိန်အဝါမှာ တစ်ဆထက်တစ်ဆ ပိုမိုပြင်းထန်လာခဲ့ပြီး၊ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

၎င်းမှာ နတ်ဘုရားလောက၏ တံခါးကြီးကို ဖွင့်လှစ်နိုင်သော အလွန်ပင် ယုတ်မာကောက်ကျစ်လှသည့် ရတနာတစ်ပါး ဖြစ်သည်။

ဤရတနာ၏ နာမည်မှာ ဝမ်ရှို့ချိုင့် ဖြစ်ပြီး... အပေါ်တွင် ကြောက်မက်ဖွယ် သားရဲများစွာကို ထုဆစ်ထားသော်လည်း "သက်တမ်းတစ်သောင်းတိုင် အသက်ရှည်ပါစေ" ဟူသော အဓိပ္ပာယ်ကို သယ်ဆောင်ထားကာ၊ ရှေးဟောင်းကာလက မျိုးနွယ်စုကြီးများ နတ်ပူဇော်ရာတွင် အသုံးပြုခဲ့သော ရတနာ ဖြစ်သည်။

နောင်တွင် လျန်ရှီမင်၏ နောက်ကွယ်မှ သခင်ကြီးက ၎င်းကို ပြန်လည်သန့်စင်မွမ်းမံပြီး လျန်ရှီမင်ကို ကိုယ်ပိုင်အဆောင်အဖြစ် ပေးသနားခဲ့ခြင်း ဖြစ်ရာ... သူသည် ၎င်း၏ စွမ်းအားအားလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသော်လည်း လူ့ပြည်လောက၌ မင်းမူရန်အတွက်မူ လုံလောက်နေပြီ ဖြစ်သည်။

လီယန်ချူ၏ မျက်နှာအမူအရာမှာ အေးစက်တည်ငြိမ်နေခဲ့သည်။

ခုနက သူ တွက်ချက်ကြည့်ရာတွင်... ဤလျန်ရှီမင်နှင့်အတူ ပူးပေါင်းကြံစည်နေသူ နောက်ထပ် တစ်ဦး ရှိနေသေးပြီး၊ ထိုသူ၏ အရှိန်အဝါမှာမူ အလွန်ပင် ဝေဝါးလွန်းလှသည်။

ထိုလျန်ရှီမင်မှာ အစွမ်းထက်လှသော မြေပြင်နတ်ဘုရားတစ်ဦး ဖြစ်ပြီး... ကြည့်ရသည်မှာ ကြီးမားလှသော နောက်ခံနောက်ရိုး ရှိနေဟန်တူသည်။

"လာစမ်း..."

လီယန်ချူ၏ မျက်ဝန်းအစုံမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာခဲ့သည်။

ဤလျန်ရှီမင်မှာ မည်သည့်အရာကိုမျှ မကြောက်ရွံ့သည့်အလား မိမိ၏ အရှိန်အဝါကို ထုတ်ဖော်ကာ စိုင်ပေ့မြက်ခင်းပြင်ထက်၌ ရဲရဲတင်းတင်း လျှောက်လှမ်းနေခဲ့ခြင်း ဖြစ်ရာ... တကယ့်ကို မောက်မာလွန်းလှသည်။

သူသည် မြေကျုံ့အတတ်ပညာကို အသုံးပြုကာ ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် ရှေ့သို့ ရောက်ရှိသွားပြီး သတ်ဖြတ်ရန် ပြင်ဆင်လိုက်တော့သည်။

ထိုအနက်ရောင်ချိုင့်ကြီးသည် ဝုန်းခနဲ ကျဆင်းလာခဲ့ပြီး... ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးဖြင့် လီယန်ချူကို ဖိနှိပ်လိုက်တော့သည်။

ဒေါင်...

လီယန်ချူက ထိုအနက်ရောင်ချိုင့်ကြီးကို လက်သီးတစ်ချက်ဖြင့် တည့်တည့်မတ်မတ် ရိုက်နှက်လိုက်ရာ... ကြောက်မက်ဖွယ်ကောင်းသော ထိုဝမ်ရှို့ချိုင့်ကြီးမှာ တစ်ခဏအတွင်းမှာပင် တုန်ခါသွားခဲ့ရတော့သည်။

ဝမ်ရှို့ချိုင့်၏ စွမ်းအားကို ကောင်းစွာသိရှိထားသော လျန်ရှီမင်မှာ စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ရသည်။

တစ်ဖက်လူသည် မည်သည့်နတ်ဘုရားရတနာကိုမျှ အသုံးပြုခြင်း မရှိသေးပေ။

'လူသားမျိုးနွယ်မှာ ဒီလောက်အထိ သန်မာတဲ့ ရုပ်ခန္ဓာ ရှိနေနိုင်တာလား' ဟူသော အတွေးမှာ လျန်ရှီမင်၏ စိတ်ထဲ၌ ပေါ်ပေါက်လာခဲ့သည်။

ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူများ တိုက်ပွဲဝင်ကြသည့်အခါ... အများစုမှာ မန္တန်အတတ်ပညာများကို အသုံးပြု၍ သော်လည်းကောင်း၊ ပျံသန်းဓားနှင့် ရတနာများကို ထုတ်ဖော်၍ သော်လည်းကောင်း တိုက်ခိုက်ကြခြင်း ဖြစ်သည်။

သို့သော်လည်း လီယန်ချူမှာမူ... တိုက်ရိုက်ပင် အနီးကပ် လာရောက်သတ်ဖြတ်ခြင်း ဖြစ်သည်။

သူ၏ လက်သီးနှင့် ခြေကန်ချက်များအတွင်း၌ ပြင်းထန်လှသော စွမ်းအားများ ပြည့်နှက်နေပြီး... တစ်ကိုယ်လုံး၏ သွေးသားစွမ်းအားများမှာ သိုင်းပညာ၏ အပြင်ဘက်နိမိတ်လက္ခဏာနှင့် ပေါင်းစပ်လျက်... လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်တိုင်းမှာပင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှကာ လူကို လေးလံထိုင်းမှိုင်းသွားစေခဲ့သည်။

ဒေါင်... ဒေါင်... ဒေါင်...

ကြောက်မက်ဖွယ် အရှိန်အဝါများ ရှိနေသော ဝမ်ရှို့ချိုင့်ကြီးမှာ အဆက်မပြတ် ရိုက်နှက်ခြင်း ခံလိုက်ရသဖြင့် တုန်ခါနေခဲ့တော့သည်။

လျန်ရှီမင်သည် သူ၏ အမြန်ဆုံး ကိုယ်ရောင်ဖျောက်အတတ်ပညာကို အသုံးပြုကာ... ကောင်းကင်ယံထက်၌ ပုံရိပ်ယောင် အမြောက်အမြားကို ဖန်တီးလိုက်သည်။

ထို့နောက်တွင်မူ ဓားတစ်လက်ကို ထပ်မံထုတ်ဖော်လိုက်ရာ... ထိုဓားမှာ အိတ်ထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံအထိ ထိုးဖောက်နိုင်မည့်အလား အေးစက်လှသော ဓားအရှိန်အဝါများ ထွက်ပေါ်လာခဲ့တော့သည်။

ထိုဓားအပြင်... သူသည် ၎င်းအပြင် ဆည်းလည်း၊ ရှေးဟောင်းတံဆိပ်တုံးနှင့် အလံငယ် စသည့် ရတနာအမြောက်အမြားကို ထပ်မံထုတ်ဖော်လိုက်ရာ... ရတနာတိုင်းတွင် ပြင်းထန်လှသော စွမ်းအားများ ပြည့်နှက်နေခဲ့သည်။

၎င်းအပြင် သူ၏ ပတ်ပတ်လည်၌ ထူးခြားလှသော တာအိုနယ်ပယ်တစ်ခု လွှမ်းခြုံလာခဲ့ပြီး... ၎င်းအတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် တောင်းပန်တိုးလျှိုးသံများ၊ သောင်းနဲ့ချီသော လူများ တရားရွတ်ဖတ်သံများ ထွက်ပေါ်လာခဲ့တော့သည်။

၎င်းမှာ လူကို ခေါင်းမူးဝေသွားစေကာ... စိတ်ဝိညာဉ်ကို ထိခိုက်စေပြီး မန္တန်စွမ်းအားများကိုပါ ကမောက်ကမ ဖြစ်သွားစေနိုင်သည်။

ဤသည်မှာ ကောင်းကင်လူသားတစ်ဦး သေဆုံးပြီးနောက် ပေါ်ပေါက်လာသော ညစ်ညမ်းမှုနှင့် အလွန်ပင် ဆင်တူလှသည်။

ဤထူးဆန်းသော တာအိုနယ်ပယ်ကို အသုံးပြုခြင်းဖြင့်တင်... သာမန်မြေပြင်နတ်ဘုရားများမှာ သူ၏ ပြိုင်ဘက် မဟုတ်တော့ပေ။

မန္တန်စွမ်းအားများကိုပင် ထုတ်ဖော်ရန် ခက်ခဲလှပြီး၊ စိတ်ဝိညာဉ် မတည်ငြိမ်ပါက မည်ကဲ့သို့ ရန်သူကို ရင်ဆိုင်နိုင်မည်နည်း။

အထူးသဖြင့် အနီးကပ် တိုက်ခိုက်လိုသော သိုင်းနတ်ဘုရားများနှင့် မိစ္ဆာနတ်ဘုရားများကို မနီးကပ်ဝံ့အောင် ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း လီယန်ချူ၏ စိတ်အာရုံအတွင်းရှိ ကျောက်စိမ်းဆွဲပြားလေးမှာ လင်းလက်တောက်ပလာခဲ့ပြီး... နတ်ဘုရားအလင်းတန်းများဖြင့် သူ၏ စိတ်ဝိညာဉ်ကို ကာကွယ်လိုက်သဖြင့် ထိုကဲ့သို့သော ညစ်ညမ်းမှုများနှင့် ကမောက်ကမ ဖြစ်မှုများကို လုံးဝ ဖြတ်တောက်လိုက်တော့သည်။

စိတ်ဝိညာဉ်ကို တည်ငြိမ်စေကာ... မကောင်းဆိုးဝါး အားလုံးကို မဝင်ရောက်နိုင်စေခြင်း ဖြစ်သည်။

ဘုန်း... ဘုန်း... ဘုန်း...

လီယန်ချူက လက်သီးတစ်ချက်ဖြင့် ရတနာအိုးကို ရိုက်ထုတ်လိုက်ပြီး... ညာဘက်ခြေဖြင့် ကန်ကာ ဆည်းလည်းကို ခွာထုတ်လိုက်တော့သည်။

ဤမျှ အစွမ်းထက်လှသော ရတနာအမြောက်အမြားမှာ အရိပ်ပမာ လိုက်ပါလာခဲ့သော်လည်း... လီယန်ချူ၏ လက်ချက်ဖြင့် ဘေးသို့ လွင့်စင်သွားခဲ့ရတော့သည်။

ဤရတနာများမှာ နတ်ဘုရားလောက၏ ရတနာများ မဟုတ်သော်လည်း... ပြင်းထန်လှသော မန္တန်အမှတ်အသားများ ပါဝင်သဖြင့်၊ သန့်စင်သောသူ၏ အစွမ်းအစမှာ သာမန်ထက် ထူးခြားလှပေသည်။

လျန်ရှီမင်သည် ရတနာများကို ထိန်းချုပ်လျက်... လီယန်ချူကို သတ်ဖြတ်ရန် ရှေ့သို့ တက်လာခဲ့သည်။

သူကိုယ်တိုင်ကမူ လီယန်ချူ၏ လိုက်လံသတ်ဖြတ်မှုကြောင့် ကောင်းကင်ယံထက်၌ အမျိုးမျိုးသော ကိုယ်ရောင်ဖျောက်အတတ်ပညာများကို အသုံးပြုကာ ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲနေခဲ့ရသည်။

မဟာဓာတ်ငါးပါး ပြောင်းရွှေ့ခြင်းအတတ်။

သူ ဖန်တီးလိုက်သော ပုံရိပ်ယောင် အသီးသီး၏ အရှိန်အဝါမှာ သူ၏ အစစ်အမှန်ကိုယ်ထည်နှင့် အတူတူပင် ဖြစ်ပြီး... စွမ်းအားများကိုလည်း တစ်ခဏအတွင်းမှာပင် ပြောင်းရွှေ့နိုင်သည်။

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...

ထိုပုံရိပ်ယောင် အသီးသီးမှာ လီယန်ချူ၏ လက်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရပြီး... သေဆုံးမှုပုံစံမှာလည်း အမျိုးမျိုး ကွဲပြားနေခဲ့သည်။

အချို့မှာ ဦးခေါင်းများ ပေါက်ကွဲသွားခဲ့ပြီး... အချို့မှာ ရင်ဘတ်တွင် သွေးပေါက်ကြီးတစ်ခု ဖြစ်သွားကာ... အချို့မှာမူ အပြင်ပန်းတွင် မည်သည့်ဒဏ်ရာမျှ မရှိသော်လည်း အတွင်းကလီစာ အားလုံး ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။

လျန်ရှီမင်မှာ မျက်မှောင်ကြုတ်သွားခဲ့ရပြီး... လီယန်ချူ၏ မန္တန်လမ်းစဉ်ကို လုံးဝ ရိပ်မိခြင်း မရှိပေ။

'သိုင်းပညာရှင်တွေထဲမှာ မြေပြင်နတ်ဘုရားအဆင့် ရောက်တဲ့သူ အလွန်ရှားပေမဲ့... သူက ဒီလိုမျိုး တိုက်ခိုက်တာလား'

လျန်ရှီမင်သည် ယခင်က သိုင်းနတ်ဘုရားတစ်ဦးနှင့် တိုက်ပွဲဝင်ဖူးပြီး... ထိုသူကို သတ်ဖြတ်ခဲ့ဖူးသည်။

ထိုသူ၏ ရုပ်ခန္ဓာမှာ သန်မာလှပြီး သွေးသားစွမ်းအားများ ပြည့်နှက်နေကာ... သိုင်းပညာမန္တန်မှာလည်း အလွန်ပင် မောက်မာခန့်ညားလှသည်။

၎င်းမှာ လီယန်ချူနှင့် လုံးဝ မတူညီပေ... လီယန်ချူ၏ လက်သီးနှင့် ခြေကန်ချက်များအတွင်း၌ ပြင်းထန်လှသော စွမ်းအားများ ပြည့်နှက်နေပြီး အလွန်ပင် လေးလံလှသော်လည်း... မည်သည့်မန္တန်နိမိတ်လက္ခဏာမျှ မပြဘဲ လူကို ထိမှန်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း အသက်ပျောက်သွားစေခြင်း ဖြစ်သည်။

ထိုနေရာရှိ ကောင်းကင်အထိ ထိုးဖောက်နိုင်မည့်အလား ထက်မြက်လှသော ဓားမှာမူ... လီယန်ချူ၏ ခြေထောက်အောက်တွင် နင်းခြေခြင်း ခံထားရပြီး၊ တုန်ခါနေခဲ့တော့သည်။

ဆည်းလည်းကိုမူ လီယန်ချူက လက်ဖဝါးအတွင်း၌ ဆုပ်ကိုင်ထားပြီး... သူ၏ လက်ဖဝါးအတွင်းမှ ကြောက်မက်ဖွယ် မီးလျှံများ ထွက်ပေါ်လာခဲ့သည်။

ဆည်းလည်းမှာ အလွန်ပင် ခိုင်မာလှပြီး အတွင်း၌ ပြင်းထန်သော မန္တန်အမှတ်အသား ရှိသော်လည်း... မကြာမီမှာပင် အရည်ပျော်သွားခဲ့ရတော့သည်။

ဘုန်း...

လီယန်ချူက လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ... ထိုဆည်းလည်းမှာ အပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...

တစ်ခဏအတွင်းမှာပင်... လျန်ရှီမင်၏ အစွမ်းထက်လှသော ရတနာအမြောက်အမြားမှာ လီယန်ချူ၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရပြီး၊ မန္တန်စွမ်းအားများ ဆုံးရှုံးလျက် မြေပြင်သို့ ကျဆင်းသွားခဲ့ရတော့သည်။

လျန်ရှီမင်၏ မျက်ဝန်းအစုံမှ နီရဲလှသော အရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့ပြီး... လက်ဖဝါးတစ်ချက် ပြန်လည်ရိုက်ထုတ်လိုက်ရာ... ဟင်းလင်းပြင်ထဲ၌ ကြီးမားလှသော လက်ဝါးကြီးတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။

သွေးနတ်ဘုရားတံဆိပ်တုံး။

၎င်းမှာ အစွမ်းထက်လှသော သိုင်းနတ်ဘုရား သို့မဟုတ် မိစ္ဆာနတ်ဘုရားများကို အထူးနှိမ်နင်းနိုင်သော အတတ်ပညာ ဖြစ်ပြီး... တစ်ခဏအတွင်းမှာပင် တစ်ဖက်လူ၏ သွေးသားစွမ်းအား အားလုံးကို စုတ်ယူနိုင်ခြင်း ဖြစ်သည်။

ဤမန္တန်အတတ်မှာ အလွန်ပင် ယုတ်မာကောက်ကျစ်လှပြီး... ထိုစဉ်က သိုင်းနတ်ဘုရားမှာ သူ၏ လက်ချက်ဖြင့် သွေးသားစွမ်းအားများ ခမ်းခြောက်သွားခဲ့ရကာ အခြေခံအင်အား ပျက်စီးသွားခဲ့ရဖူးသည်။

တစ်ကွက်တည်းဖြင့်တင် ကျင့်စဉ်နယ်ပယ် ကျဆင်းသွားခဲ့ရခြင်း ဖြစ်သည်။

လီယန်ချူသည် ကျန့်ကျောင်းဓားကို ထောင်လိုက်ရာ... ထက်မြက်လှသော ဓားအလင်းတစ်လိုင်းသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့တော့သည်။

သွေးနတ်ဘုရားတံဆိပ်တုံး၏ ကြောက်မက်ဖွယ် မန္တန်သင်္ကေတများမှာ တစ်ခဏအတွင်းမှာပင် ဖြတ်တောက်ခြင်း ခံလိုက်ရတော့သည်။

၎င်းအပြင် တစ်ခဏအတွင်းမှာပင် လုံးဝ ဥဿုံ ပျက်စီးလျက် ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားခဲ့ရတော့သည်။

ရှူး...

လျန်ရှီမင်၏ လက်ဖဝါးတစ်ဖက်မှာလည်း နှစ်ခြမ်းကွဲသွားခဲ့ရပြီး... ဤဓားချက်မှာ သူ၏ မန္တန်နိမိတ်လက္ခဏာကို ဖျက်ဆီးလိုက်ရုံမျှမက သူ၏ အစစ်အမှန်ကိုယ်ထည်ပေါ်သို့ပါ သက်ရောက်သွားခြင်း ဖြစ်သည်။

သူသည် နာကျင်မှုကို အံကြိတ်ခံကာ... နောက်သို့ အမြန်ဆုတ်ခွာသွားခဲ့တော့သည်။

ဤလူငယ်တာအိုဆရာလေး၏ နည်းလမ်းများနှင့် ပတ်သက်၍... သူသည် တကယ့်ကို စိတ်ခြောက်ခြားသွားခဲ့ရပြီ ဖြစ်သည်။

လီယန်ချူသည် ကျန့်ကျောင်းဓားကို ထပ်မံ၍ မြှောက်ကာ ခုတ်ချလိုက်ရာ... ကောင်းကင်နှင့် မြေပြင်အကြား၌ ခရမ်းရောင်အရှိန်အဝါများ လွှမ်းခြုံသွားခဲ့တော့သည်။

လျန်ရှီမင်၏ စိတ်ဝိညာဉ်မှ ကြိုတင်အချက်ပေးသံ ထွက်ပေါ်လာခဲ့ပြီး... ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါကို ခံစားလိုက်ရသည်။

သူသည် ဝမ်ရှို့ချိုင့်ကြီးကို သူ၏ ရှေ့မှောက်၌ အမြန်ကာကွယ်လိုက်ရာ... ထိုရှေးဟောင်းချိုင့်ကြီးတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပြည့်နှက်နေခဲ့သည်။

ဓားချက်တစ်ချက် ကျရောက်သွားသည့်အခါ... ပေါ်တွင် လွှမ်းခြုံနေသော ကြောက်မက်ဖွယ် သားရဲအရှိန်အဝါများမှာ ချက်ချင်းပင် မှေးမှိန်သွားခဲ့ရတော့သည်။

အနက်ရောင်ချိုင့်ကြီးတစ်ခုလုံးမှာ အဆက်မပြတ် မြည်ဟီးနေခဲ့သည်။

ချိုင့်ဟူသည်မှာ အလွန်လေးလံသော လက်နက် ဖြစ်ပြီး... ရတနာများထဲတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။

ဝမ်ရှို့ချိုင့်မှာ တိုက်ခိုက်နိုင်သလို ကာကွယ်လည်း ရသဖြင့် အပြောင်းအလဲ အမြောက်အမြား ရှိကာ... အလွန်ပင် ခိုင်မာလှသည်။

သို့သော်လည်း ယခုအချိန်တွင်မူ... လျန်ရှီမင်သည် ချိုင့်ကိုယ်ထည်ပေါ်၌ အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာသည်ကို အထင်အရှား မြင်တွေ့လိုက်ရတော့သည်။

လျန်ရှီမင်မှာ မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ရပြီး... မယုံကြည်နိုင် ဖြစ်နေခဲ့ရသည်။

၎င်းအပြင် ချိုင့်ပေါ်ရှိ မန္တန်သင်္ကေတ တစ်နေရာမှာလည်း ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

'ဒီဓားက လူ့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို ဖြတ်တောက်နိုင်ရုံတင်မကဘူး... ရတနာတွေကိုပါ ဖျက်ဆီးနိုင်တဲ့ အစွမ်း ရှိနေတာပဲ'

လျန်ရှီမင်၏ စိတ်ထဲ၌ အတွေးများစွာ ဖြတ်သန်းသွားခဲ့ပြီး... ဝမ်ရှို့ချိုင့်ကို ကျန့်ကျောင်းဓားနှင့် ဆက်လက်၍ မထိတွေ့စေရန် ဆုံးဖြတ်လိုက်သည်။

ဆက်တိုက်ကျရောက်လာသော ဓားချက်နှစ်ချက်၏ သတ်ဖြတ်ခြင်းအရှိန်အဝါမှာ ပြင်းထန်လွန်းလှသဖြင့်... ဤလူငယ်ကျင့်ကြံသူကို လန့်ဖျန့်သွားစေခဲ့သည်။

'မဖြစ်ဘူး... ဒီအတိုင်း ဆက်တိုက်ရင် ငါ့အသက်ပါ ဒီကောင်တိုက်ခိုက်မှုအောက်မှာ ပျက်စီးရလိမ့်မယ်'

'ဒီလောက်အထိ ရက်စက်ကြမ်းကြုတ်တဲ့ကောင်က... ဘာဖြစ်လို့ တာအိုဆရာ သွားလုပ်နေရတာလဲ၊ အရှင်မြတ်သုံးပါး ဆရာသခင်ကြီးတွေ သိရင် ဘယ်လိုတွေးမလဲ မသိဘူး'

လျန်ရှီမင်သည် အနက်ရောင်ချိုင့်ကြီးကို လှုပ်ရှားလိုက်ရာ... ၎င်းမှာ ချက်ချင်းပင် သေးငယ်သွားခဲ့ပြီး ရေစည်ပိုင်းတစ်ခုခန့် ပမာဏဖြင့် သူ၏ ဦးခေါင်းထက်၌ မျောလွင့်လျက်... သူ၏ တာအိုနယ်ပယ်ကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်တော့သည်။

ယခုအချိန်တွင် သူ၏ အခြားရတနာများမှာ လီယန်ချူ၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရပြီ ဖြစ်ပြီး... ထိုထက်မြက်လှသော ဓားမှာလည်း လီယန်ချူ၏ ခြေထောက်အောက်တွင် နင်းခြေခြင်း ခံထားရကာ မန္တန်အမှတ်အသားများ ပျက်စီးလျက် အရှိန်အဝါ မှေးမှိန်နေခဲ့ရပြီ ဖြစ်သည်။

လျန်ရှီမင်သည် ကိုယ်ကို လှုပ်ရှားလိုက်ရာ... အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်ယံသို့ ထွက်ပြေးသွားခဲ့တော့သည်၊ လီယန်ချူနှင့် ဆက်လက်၍ တိုက်ပွဲမဝင်ဝံ့တော့ပေ။

သို့သော်လည်း ထိုအချိန်တွင်... အဆင်းသဏ္ဌာန် အလွန်ပင် အေးစက်လှပသော အမျိုးသမီးတစ်ဦးသည် လက်သီးတစ်ချက်ဖြင့် တည့်တည့်မတ်မတ် ရိုက်နှက်လိုက်တော့သည်။

ဒေါင်...

ကြီးမားလှသော ခေါင်းလောင်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး... ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများမှာ ပြင်ပသို့ ရိုက်ခတ်သွားခဲ့တော့သည်။

လျန်ရှီမင်သည် ကိုယ်ကို လှုပ်ရှားကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သော်လည်း... ထင်မှတ်မထားဘဲ ဤအမျိုးသမီး၏ တားဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

'တကယ့်ကို မာကျောတဲ့ လက်သီးပါလား'

သူသည် ကျပ်ထုတ်လှသော ဝတ်စုံကို ဆင်ယင်ထားသည့် လူငယ်အမျိုးသမီးကို ကြည့်လျက်... စိတ်ထဲမှ ကောက်ချက်ချလိုက်သည် - 'သေချာတယ်... ဒီကောင်တွေ အားလုံးက တစ်အုပ်စုတည်းပဲ၊ အားလုံးက ဒီလောက်အထိ ကြမ်းကြုတ်ကြတာပဲ'

ကျွေ့ဟွာ၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

"တိုက်ပွဲမပြီးသေးဘဲနဲ့ ထွက်ပြေးဖို့ ကြံနေတာလား"

ဟု ဆိုလိုက်သည်။

လျန်ရှီမင် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး၊ ပြုံးလျက်...

"လူတစ်ယောက်ကို ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်သင့်ပါတယ်... မိန်းကလေးက ဘာဖြစ်လို့ ဒီလောက်အထိ အတင်းအကျပ် ဖိအားပေးနေရတာလဲ"

ဟု ဆိုလိုက်သည်။

ကျွေ့ဟွာက မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ... ခြေတစ်လှမ်း တက်လှမ်းလိုက်ရုံမျှဖြင့်တင် လက်သီးတစ်ချက်ဖြင့် တည့်တည့်မတ်မတ် ရိုက်နှက်လိုက်တော့သည်၊ ၎င်းမှာ တကယ့်ကို စံနမူနာပြ သားရဲလက်သီးချက် ဖြစ်သည်။

လှုပ်ရှားမှုမှာ စံနှုန်းမီလှပြီး စွမ်းအားမှာလည်း ပြင်းထန်လှရာ... တစ်ခဏအတွင်းမှာပင် လျန်ရှီမင်၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့တော့သည်။

လျန်ရှီမင်သည် မန္တန်အတတ်ပညာကို ထုတ်ဖော်ကာ ကာကွယ်လိုက်သော်လည်း... ပေတစ်ရာခန့်အထိ နောက်သို့ လွင့်စင်သွားခဲ့ရတော့သည်။

'ဒီအမျိုးသမီးက အစွမ်းထက်လှတယ်... တကယ်လို့ နှစ်ယောက်ညှပ်တိုက်ရင် ငါ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်'

လျန်ရှီမင် စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ရသည်။

သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...

"နှစ်ယောက်တစ်ယောက် တိုက်တာလား... ငါက မင်းတို့ကို ဒီခေတ်ရဲ့ သူရဲကောင်းတွေလို့ ထင်နေတာ၊ အခုတော့ လူများစုနဲ့ လူနည်းစုကို နှိပ်စက်နေတာပဲ"

ဟု ဆိုလိုက်သည်။

လူငယ်ပါရမီရှင်တစ်ဦးအနေဖြင့်... သူ၏ စိတ်ထဲ၌ မောက်မာမှု ရှိနေဆဲ ဖြစ်သည်။

သူ ထိုသို့ ပြောဆိုခြင်းမှာ တစ်ဖက်လူကို စိတ်ဆတ်အောင် လုပ်ခြင်း ဖြစ်ပြီး... တစ်ယောက်ချင်းစီ ရင်ဆိုင်ရပါက သူ လွတ်မြောက်ရန် ပိုမိုလွယ်ကူမည် ဖြစ်သည်။

သို့သော်လည်း ထိုလူငယ်တာအိုဆရာလေးက ကြားရသဖြင့် လှောင်ပြုံးပြုံးလိုက်သည်။

"သူ ပြောတာ မှန်တယ်... လူများစုနဲ့ လူနည်းစုကို နှိပ်စက်တာပဲ၊ အတူတူ တက်ကြစမ်း... အတူတူ ပူးပေါင်းပြီး သူ့ကို သတ်ရအောင်" ဟု ဆိုလိုက်သည်။

လျန်ရှီမင် "..............."

ဤတာအိုဆရာက ငါ ပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကို နားမလည်တာလား။

ဘာဖြစ်လို့ အထွတ်အထိပ် ပညာရှင်တစ်ယောက်ရဲ့ ဟန်ပန် လုံးဝမရှိရတာလဲ။

ဆန့်ကျင်ဘက်အနေနဲ့ ငါ့ရဲ့ စကားကြောင့် ပိုပြီး သတိရသွားတဲ့ ပုံစံမျိုး ဖြစ်နေခဲ့သည်။

လျန်ရှီမင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...

"ဒီလိုဆိုရင်လည်း... မင်းတို့ အတူတူ တက်လာခဲ့ကြစမ်း၊ ငါ လျန်ရှီမင်က ဘာကို ကြောက်ရမှာလဲ"

ဟု ဆိုလိုက်သည်။

ဝမ်ရှို့ချိုင့်ကြီးထက်၌ နတ်ဘုရားအရှိန်အဝါများ လွှမ်းခြုံလာခဲ့ပြီး... ထိုအရှိန်အဝါများအတွင်း၌ ကြောက်မက်ဖွယ် ဘေးအန္တရာယ်များ ပြည့်နှက်နေကာ၊ သူ၏ တာအိုနယ်ပယ်နှင့် ပူးပေါင်းလိုက်သည့်အခါ ပြင်းထန်လှသော စွမ်းအားများကို ထုတ်ဖော်လိုက်သဖြင့်... သူတစ်ကိုယ်လုံးမှာ လူ့ပြည်လောကသို့ ဆင်းသက်လာသော မိစ္ဆာနတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့တော့သည်။

အတားအဆီးမရှိ တိုးဝှေ့နိုင်ခြင်း ဖြစ်သည်။

သူသည် ထိုကြီးမြတ်လှသော ပုဂ္ဂိုလ်အတွက် လူ့ပြည်လောက၌ လှုပ်ရှားပေးနေသူ ဖြစ်သဖြင့်... သဘာဝကျကျပင် ပြင်းထန်လှသော စွမ်းအား ရှိသလို ပါရမီလည်း ထူးချွန်လှသည်။

ဝမ်ရှို့ချိုင့်နှင့် သူ၏ တာအိုနယ်ပယ်မှာ အကောင်းဆုံး ပေါင်းစပ်မှု ဖြစ်ပြီး... ၎င်းကို လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် လီယန်ချူတွင် စိတ်ဝိညာဉ်ကို ကာကွယ်နိုင်သော နတ်ဘုရားရတနာ ရှိနေလျှင်ပင် ဝမ်ရှို့ချိုင့်၏ ဖိနှိပ်မှုစွမ်းအားကို တားဆီးရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ရုတ်တရက်...

ထိုအဆင်းသဏ္ဌာန် အလွန်ပင် အေးစက်လှပသော လူငယ်အမျိုးသမီး၏ နောက်ကွယ်၌ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာခဲ့ပြီး... ၎င်းမှာ ကြီးမားလှသော ကြောင်ကြီးတစ်ကောင် ဖြစ်ကာ ရှေးဟောင်းဆန်းကြယ်လှသည်။

ရှေးဟောင်းမိစ္ဆာမျိုးနွယ်စု၏ မဟာအရှင်သခင်။

တစ်ခဏအတွင်းမှာပင်... လျန်ရှီမင်သည် မိမိ၏ အတွေးစများ နှေးကွေးသွားသလို ခံစားလိုက်ရပြီး၊ အချိန်စီးဆင်းမှုမှာလည်း နှေးကွေးသွားသည့်အလား ဖြစ်နေခဲ့သည်။

၎င်းအပြင် သူ၏ ကြောက်မက်ဖွယ် တာအိုနယ်ပယ်မှာလည်း တုံ့ဆိုင်းသွားခဲ့ရပြီး... ဝမ်ရှို့ချိုင့်ကြီးမှာလည်း လည်ပတ်ခြင်း မရှိတော့ပေ။

ရှေးဟောင်းမိစ္ဆာမျိုးနွယ်စု မဟာအရှင်သခင်၏ ပင်ကိုယ်မန္တန်အတတ်ပညာ။

လျန်ရှီမင်၏ စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ရပြီး... ထိုလူငယ်တာအိုဆရာလေး ကိုယ်ကို လှုပ်ရှားကာ ရောက်ရှိလာပြီး ဓားဖြင့် ခုတ်ချလိုက်သည်ကို မြင်တွေ့လိုက်ရတော့သည်။

ရှူး...

လီယန်ချူက ဓားကို မြှောက်၍ ခုတ်ချလိုက်ရာ... လျန်ရှီမင်၏ ဦးခေါင်းမှာ ချက်ချင်းပင် မြေသို့ လွင့်စင်သွားခဲ့ရတော့သည်။

သူသည် ရှေးဟောင်းမိစ္ဆာမျိုးနွယ်စု မဟာအရှင်သခင်၏ မန္တန်အတတ်ဖြင့် ချည်နှောင်ခြင်း ခံထားရသဖြင့်... သူ၏ အစွမ်းထက်လှသော မန္တန်အတတ် အမြောက်အမြားကို ထုတ်ဖော်ခွင့်ပင် မရလိုက်ပေ။

လျန်ရှီမင်သည် စိုင်ပေ့မြက်ခင်းပြင်၏ မျိုးနွယ်စုကြီးတစ်ခုလုံးကို မျိုးတုံးသတ်ဖြတ်ခဲ့သူ ဖြစ်ပြီး... ကျင့်စဉ်နယ်ပယ် အလွန်မြင့်မားသဖြင့် ယခုတစ်ကြိမ်တွင် အေးဆေးစွာ ဆုတ်ခွာနိုင်ရမည် ဖြစ်သော်လည်း... ထင်မှတ်မထားဘဲ အကြည့်ခံလိုက်ရပြီး မိမိ၏ အရှိန်အဝါကို ထုတ်ဖော်မိကာ ဓားဖြင့် ခုတ်သတ်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

သူ၏ ရုပ်အလောင်းမှာ သွေးအိုင်အတွင်းသို့ လဲကျသွားခဲ့တော့သည်။

လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်။

သူ၏ အကြည့်မှာ ဘေးနားသို့ ကျရောက်သွားခဲ့ပြီး... လက်ကို ဝှေ့ယမ်းလျက် ဝမ်ရှို့ချိုင့်ကြီးကို ဖမ်းဆီးရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း ကြောက်မက်ဖွယ် သားရဲများ ထုဆစ်ထားသော ထိုအနက်ရောင်ချိုင့်ကြီးထက်၌ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး... လျန်ရှီမင်၏ ရုပ်အလောင်းမှာ တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သလို၊ ထိုအနက်ရောင်ချိုင့်ကြီးမှာလည်း တစ်ပါးတည်း ပျောက်ကွယ်သွားခဲ့ရတော့သည်။

"သူ့ကို သန့်စင်မွမ်းမံပေးခဲ့တဲ့သူက... ပြင်းထန်တဲ့ မန္တန်အစီရင် ချန်ထားခဲ့တာပဲ၊ သူတစ်ပါး အသုံးမပြုနိုင်အောင် ပြုလုပ်ထားတာ"

လီယန်ချူက ဆိုလိုက်သည်။

လီယန်ချူသည် ကျန့်ကျောင်းဓားကို ဓားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်သည်။

ခုနက ဓားချက်မှာ လျန်ရှီမင်၏ ရုပ်ခန္ဓာကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သော်လည်း... မည်သည့်ကုသိုလ်အရှိန်အဝါမျှ ပေါ်ပေါက်မလာခဲ့ပေ၊ ဤသည်မှာ ထိုသူ သေဆုံးခြင်း မရှိသေးကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

"ကောင်းကင်လူသားတွေလိုပဲပေါ့"

သူ၏ မျက်ဝန်းအစုံမှာ အေးစက်တည်ငြိမ်နေခဲ့သည်... ယခုတစ်ကြိမ် ကောင်းကင်လူသားများ လူ့ပြည်လောကသို့ ဆင်းသက်လာခြင်းမှာ ယခင်အကြိမ်များနှင့် လုံးဝ မတူညီပေ။

သူသည် ခုနက စိုင်ပေ့မြက်ခင်းပြင်တစ်ခုလုံးကို သူ၏ စိတ်အာရုံဖြင့် ရှာဖွေခဲ့သော်လည်း... ကောင်းကင်လူသားများ၏ အရှိန်အဝါကို မတွေ့ရှိခဲ့ရပေ။

"စိုင်ပေ့မြက်ခင်းပြင်က ဟူလူမျိုးတွေ... တစ်မျိုးနွယ်လုံး နီးပါး မျိုးတုံးသတ်ဖြတ်ခြင်း ခံထားရတာပဲ"

လီယန်ချူက ခပ်တိုးတိုး ဆိုလိုက်သည်။

ရှေးဟောင်းပထဝီဝင်မန္တန်အစီရင်ကြီး မလွှမ်းခြုံနိုင်သေးသော နေရာမှာ... အမှန်တကယ်ပင် ဟာကွက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လီယန်ချူသည် ကျွေ့ဟွာကို တစ်ချက်ကြည့်လိုက်ပြီး...

"အနောက်ဘက်ဒေသက နိုင်ငံတွေဆီ သွားပြီး ကြည့်ရအောင်" ဟု ဆိုလိုက်သည်။

ယခုတစ်ကြိမ် ကြံစည်မှုအတွင်း၌ ဤလူငယ်ကျင့်ကြံသူ လျန်ရှီမင်အပြင်... နောက်ထပ် လူတစ်ဦး ကျန်ရှိနေသေးသည်။

သို့သော်လည်း သူသည် ထိုသူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို တွက်ချက်၍ မရသဖြင့်... နေရာအနှံ့ သွားရောက်ရှာဖွေပြီး ၎င်းတို့နှစ်ဦးအကြားရှိ ကံကြမ္မာအဆက်အသွယ်ကို လှုံ့ဆော်ရမည် ဖြစ်သည်။

ယခုအခါ သူသည် ကိုယ်ကို လှုပ်ရှားလိုက်ရာ... အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကျွေ့ဟွာနှင့်အတူ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့တော့သည်။

………………

ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးထက်၌... အဖြူရောင်ဝတ်စုံဝတ် အဖိုးအိုတစ်ဦးသည် လျှောက်လှမ်းနေခဲ့သည်။

ယခင်က လီယန်ချူသည် သူ၏ စိတ်အာရုံဖြင့် ရှာဖွေခဲ့သော်လည်း... ဤအဖိုးအိုမှာ ဤနေရာ၌ ရှိမနေသည့်အလား မြက်ခင်းပြင်ကြီးနှင့် လုံးဝ ဥဿုံ ပေါင်းစပ်နေခဲ့ခြင်း ဖြစ်သည်။

ထိုအဖိုးအိုမှာ အလွန်ပင် နှေးကွေးစွာ လျှောက်လှမ်းနေခဲ့ပြီး... ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးထက်၌ ဖြည်းညှင်းစွာ သွားလာနေခြင်း ဖြစ်သည်။

"လူ့ပြည်လောကရဲ့ တရားဥပဒေတွေ ပျက်စီးနေတာတောင်... သူက ဒီလောက်အထိ ကျင့်ကြံနိုင်တာကတော့ တကယ့်ကို ထူးခြားတယ်"

ဟု အဖြူရောင်ဝတ်စုံဝတ် အဖိုးအိုက တည်ငြိမ်စွာ ဆိုလိုက်သည်။

သူသည် ခုနက ထိုလူငယ်ကျင့်ကြံသူ ဝမ်ရှို့ချိုင့်ကို ထုတ်ဖော်လိုက်သည်ကို သတိရမိလိုက်ပြီး... ၎င်းအပြင် အခြားသော မန္တန်အမှတ်အသားပါဝင်သည့် ရတနာ အမြောက်အမြားကိုပါ ထုတ်ဖော်ခဲ့သဖြင့် အစွမ်းထက်လှသော်လည်း... နောက်ဆုံးတွင်မူ လီယန်ချူ၏ ဓားချက်အောက်၌ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

"ဒီလူငယ်ရဲ့ နောက်ကွယ်ကလူက တကယ့်ကို သတိကြီးတာပဲ... တိုက်ပွဲတစ်ခုလုံးကို ကြည့်လိုက်တာတောင်မှ သူ့ရဲ့ တပည့်ဆီကနေပြီးတော့ သူတို့ရဲ့ နောက်ခံကို ရိပ်မိဖို့ ခက်ခဲတယ်"

အဖိုးအိုက ဖြည်းညှင်းစွာ လျှောက်လှမ်းနေခဲ့သည်... ယခင်က လူငယ်ကျင့်ကြံသူ လျန်ရှီမင်၏ အရှိန်အဝါမှာ မှောင်မိုက်လှသော ညဘုံအတွင်းရှိ မီးရှူးတိုင်အလား ထင်ရှားနေခဲ့ခြင်း ဖြစ်ရာ... ၎င်းမှာ သူ၏ လက်ချက်ဖြင့် အမှတ်အသား ပြုလုပ်ခြင်း ခံလိုက်ရသဖြင့် အရှိန်အဝါ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူသည် ဤလူငယ်နှစ်ဦး၏ တိုက်ပွဲကို ကြည့်ရှုလိုခြင်း ဖြစ်ပြီး... မည်သူက ပိုမိုအစွမ်းထက်သည်ကို သိရှိလိုခြင်း ဖြစ်သည်။

၎င်းအပြင် လျန်ရှီမင်၏ မန္တန်အတတ်ပညာများနှင့် ရတနာများဆီမှနေ၍... တစ်စုံတစ်ရာသော သဲလွန်စကို ရှာဖွေလိုခြင်း ဖြစ်သည်။

သို့သော်လည်း လျန်ရှီမင်၏ နောက်ကွယ်မှလူသည် သူ့ကို နည်းလမ်းမျိုးစုံ သင်ကြားပေးထားခဲ့ပြီး... ၎င်းတို့မှာ မတူညီသော အမွေအနှစ်များဆီမှ လာခြင်း ဖြစ်သည်။

သွေးနတ်ဘုရားတံဆိပ်တုံး၊ မဟာတောအုပ်တာရောလက်ဖဝါး၊ မဟာဓာတ်ငါးပါး ပြောင်းရွှေ့ခြင်းအတတ်။

ရတနာအမြောက်အမြားမှာလည်း အလွန်ပင် ထူးခြားလှပြီး... ရတနာတိုင်းတွင် မတူညီသော မန္တန်အမှတ်အသားများ ရှိကာ၊ ဝမ်ရှို့ချိုင့်မှာလည်း ထိုနည်းတူပင် ဖြစ်သည်။

အဖိုးအိုက ခေါင်းခါယမ်းပြလိုက်သည်။

မကြာမီမှာပင်... သူသည် လူငယ်တာအိုဆရာတစ်ဦးကို မြင်တွေ့လိုက်ရပြီး၊ သူ၏ ဘေးနားတွင်မူ အပြာရောင် ဝံပုလွေငယ်တစ်ကောင် လိုက်ပါလာခဲ့သည်။

၎င်းမှာ ခုနက ခါးဘေးတွင် ဓားရှည်ကြီးကို ချိတ်ဆွဲထားသော တာအိုဆရာနှင့် မတူညီပေ။

ရှေ့မှောက်ရှိ လူငယ်တာအိုဆရာလေးမှာ နှုတ်ခမ်းနီကာ သွားဖြူပြီး အလွန်ပင် ချောမောလှပလှသည်... အတိအကျပြောရလျှင် မိန်းကလေးဆန်လှသည်။

လီယန်ချူမှာလည်း အလွန်ပင် ချောမောခန့်ညားသော်လည်း... မျက်ခုံးအကြား၌ ရဲရင့်သော အရှိန်အဝါများ ရှိပြီး၊ ကိုယ်လုံးကိုယ်ပေါက်မှာလည်း ထုထည်ကြီးမားလှသည်။

တကယ်လို့ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်လျက် လက်နက်ကို ကိုင်ဆောင်ထားပါက... စစ်မြေပြင်ထက်၌ သတ်ဖြတ်နေသော သိုင်းနတ်ဘုရားတစ်ပါး သို့မဟုတ် ရဲရင့်လှသော စစ်ဗိုလ်ချုပ်ကြီးတစ်ဦးအလား ဖြစ်နေပေလိမ့်မည်။

ထိုသူ၏ ဘေးနားတွင် မိစ္ဆာအရှင်သခင်တစ်ကောင် လိုက်ပါလာခဲ့သဖြင့်... သူသည် ကျန်းချောင်ကျုံး ဖြစ်ပေသည်။

ကျန်းချောင်ကျုံး သည် အဖြူရောင်ဝတ်စုံဝတ် အဖိုးအိုကို မြင်တွေ့လိုက်ရသဖြင့်၊ တည်ငြိမ်စွာဖြင့်...

"မကြာခင်မှာ ကောင်းကင်ယံ ကပ်ဘေးငါးပါး ကျရောက်တော့မှာကို... မင်းက ဒီနေရာကို လာဖို့ စိတ်ကူးရှိနေသေးတာပဲ"

ဟု ဆိုလိုက်သည်။

အဖိုးအိုက ထိုချောမောလှပသော တာအိုဆရာကို စိုက်ကြည့်လျက်...

"ဒီနေရာမှာ တာအိုကျင့်စဉ်လမ်းစဉ်က အလွန်ပဲ ထွန်းကားနေပြီး၊ ပါရမီရှင်တွေလည်း အမြောက်အမြား ထွက်ပေါ်နေတာပဲ... အဖိုးကြီးကတော့ ဒီအတိုင်း လာရောက်ကြည့်ရှုရုံသက်သက်ပါပဲ"

ဟု ဆိုလိုက်သည်။

ကျန်းချောင်ကျုံး မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီလိုဆိုရင်တော့... ကောင်းကင်လူသားတွေ ဆုတ်ခွာသွားတာက မင်းရဲ့ အလိုတော်ကြောင့်ပေါ့"

အဖြူရောင်ဝတ်စုံဝတ် အဖိုးအိုက ခေါင်းခါယမ်းပြလိုက်သည်။

"ဟုတ်လည်းဟုတ်တယ်... မဟုတ်လည်းမဟုတ်ဘူး" ဟု ဆိုသည်။

အဖိုးအိုသည် ကျန်းချောင်ကျုံးကို စိုက်ကြည့်လျက် မျက်မှောင်ကြုတ်ကာ...

"ငါတို့ အရင်က ဆုံဖူးကြလား..." ဟု မေးလိုက်သည်။

ကျန်းချောင်ကျုံး ကလည်း သူနှင့် အတူတူပင်ဖြစ်သော လေသံဖြင့်...

"ဟုတ်လည်းဟုတ်တယ်... မဟုတ်လည်းမဟုတ်ဘူး" ဟု ပြန်လည်ဖြေကြားလိုက်သည်။

အဖြူရောင်ဝတ်စုံဝတ် အဖိုးအို၏ အရှိန်အဝါမှာ တည်ငြိမ်လှပြီး... မျက်ဝန်းအစုံမှာ တစ်ချက်အတွင်းမှာပင် ကျုံ့သွားခဲ့ကာ၊ ထို့နောက်တွင်မူ စိတ်အေးသွားသည့်အလား ခေါင်းခါယမ်းပြလိုက်သည်။

"ထားလိုက်ပါတော့... အတိတ်က အရေးကိစ္စတွေက ပြီးဆုံးသွားခဲ့ပြီပဲ၊ ငါလည်း အခုအခါမှာ ဆက်ပြီးတော့ မမေးမြန်းချင်တော့ဘူး"

ဟု ဆိုလိုက်သည်။

သူသည် လှည့်ထွက်၍ ထွက်ခွာရန် ပြင်ဆင်လိုက်ရာ... ကျန်းချောင်ကျုံးက...

"မင်း ဘာဖြစ်လို့ လူ့ပြည်လောကမှာ ကျန်နေသေးတာလဲ" ဟု မေးလိုက်သည်။

အဖိုးအိုက...

"ကြီးမားလှတဲ့ အခွင့်အလမ်း ကံတရားအချို့ကို သူတစ်ပါး ရရှိသွားခဲ့ပြီလေ... အခုအခါမှာတော့ ဒီနေရာမှာ သူငယ်ချင်းဟောင်းတစ်ယောက်ကိုပဲ တွေ့ဆုံချင်တော့တာ"

ဟု ဆိုလိုက်သည်။

ကျန်းချောင်ကျုံး၏ ဝတ်စုံမှာ လေပြေကြောင့် လွင့်ပျံနေခဲ့ပြီး၊ အေးစက်စွာဖြင့်...

"ဒီအချိန်မှာ လူ့ပြည်လောကမှာ လျှောက်လှမ်းနေတာက... မင်းရဲ့ သက်တမ်းကို ထိခိုက်မှာကို မကြောက်ဘူးလား"

ဟု ဆိုလိုက်သည်။

အဖိုးအိုက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး...

"ဒီလိုဆိုရင်လည်း တစ်နှစ် ဒါမှမဟုတ် ခြောက်လလောက်ပဲ ကျန်တော့တာပဲ... ဘာဖြစ်နိုင်မှာလဲ"

ဟု ဆိုလိုက်သည်။

သူသည် လှည့်ထွက်သွားခဲ့ပြီး... တစ်ကိုယ်လုံးမှာ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးထက်၌ ပျောက်ကွယ်သွားခဲ့တော့သည်။

ချောမောလှပသော တာအိုဆရာ ကျန်းချောင်ကျုံးသည် တားဆီးခြင်း မပြုဘဲ၊ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

'ကံကောင်းတာက ဒီလူက စိတ်ကုန်နေလို့ပဲ... မဟုတ်ရင် နောက်ထပ် အခက်အခဲတွေ အမြောက်အမြား ပေါ်ပေါက်လာလိမ့်မယ်'

သူ၏ ဘေးနားရှိ မိစ္ဆာအရှင်သခင်မှာမူ မျက်နှာအမူအရာ တည်ငြိမ်နေခဲ့ပြီး၊ ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေခဲ့သည်... ခုနက ထိုအဖိုးအိုကို ရင်ဆိုင်ရစဉ်က မည်သည့်ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျှ မရှိသော်လည်း၊ သူသည် မအောင့်နိုင်ဘဲ တုန်လှုပ်ချောက်ချားသွားခဲ့ရပြီး စိတ်ဝိညာဉ်ပါ လန့်ဖျန့်သွားခဲ့ခြင်း ဖြစ်သည်။

သူသည် မိမိ၏ ဘေးနားရှိ လူငယ်တာအိုဆရာ၏ အဆင့်အတန်းနှင့် ပတ်သက်၍... ပိုမို၍ ထိတ်လန့်တုန်လှုပ် ဖြစ်နေရတော့သည်။

'ကောင်းကင်လူသားတွေက လူ့ပြည်လောကကို ဆင်းသက်ပြီး လူ့ပြည်လောကရဲ့ ကံတရားအရှိန်အဝါတွေကို ထိန်းချုပ်ဖို့ ကြံစည်နေကြတာပဲ... ငါ လိုက်ပါနေတဲ့ ဒီသခင်ကြီးက အဲဒီအထဲမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေတာလဲ မသိဘူး'

ဟု မိစ္ဆာအရှင်သခင်က စိတ်ထဲမှ တွေးလိုက်မိတော့သည်။

All Chapters