← Chapters

အခန်း (၃၅၀)

Vol. 35 Ch. 350

အခန်း (၃၅၀)

Vol. 35 Ch. 350

“ ခင်များက ဘာမကောင်းတာမှ မလုပ်ထားဘူးဆိုရင် ဖီးနစ် နိုက်ကလပ်က ဝိတ်တာမလေး အာဟုန် အခုဘယ်မှာရှိနေလဲ ရှင်းစမ်းပါဦး ... ” ချန်ယွီ့ ပြောလိုက်သည်။

“ဘာအားဟုန်လဲ ... ဘယ်သူလဲ ... မင်းဘာတွေ လာပြောနေတာလဲ ... ”

“မင်းကရော ဘာ‌ကောင်လဲ ... " ကျန်းတာမောက် ဒေါသတကြီး အော်ဟစ် မေးခွန်းထုတ်လိုက်ပြီး " ဒီလာပြီး ပေါက်ကရတွေ ပြောနေရအောင် မင်းမှာ ဘာအခွင့်အရေးရှိလဲ ... "

" ငါ ဘာအမှားမှလည်း မလုပ်ထားဘူး ... ထွက်ပြေးဖို့လည်း မစဉ်းစားဖူးဘူး ... အားဟုန်က ဘယ်သူလဲတောင် ငါမသိဘူး ... "

မည်သူမဆို ကျန်းတာမောက်က ချန်ယွီ့အမေးကို ငြင်းဆိုနေခြင်းထက် ဖုံးကွယ်နေခြင်း ဖြစ်ကြောင်း အသေအချာ ပြောနိုင်သည်။

သူ့မျက်လုံးများထဲ အပြစ်ရှိစိတ်တို့က ပြည့်နှက်နေလျက် ရှိသည်။

" ခင်များက မပြောချင်ဘူးဆိုမှတော့ ကျုပ်ကပဲ ပြောလို့ရအောင် ကူညီပေးပါ့မယ် ... အဲ့လိုဆို ခင်များလည်း မသက်မသာ မဖြစ်ရတော့ဘူးပေါ့ ... "

ချန်ယွီ့ အမှန်တရားကို လှစ်ဟာဖော်ထုတ်တော့မည်မှန်း နားလည်နေသဖြင့် လီချန်ကျွင်းနှင့် သူ့အသင်းမှာ အသက်ပင်အောင့်ထားမိပြီး နားစိုက်ထောင်နေကြတော့၏။

" ခင်များရဲ့ ဇနီးက ကြမ်းတမ်းပြီး မနာလို၀န်တိုစိတ်ကြီးတဲ့ အမျိုးသမီးပဲ ... ခင်များကို သူ့ရဲ့ အမွှေးအတောင်တွေအောက်မှာ တင်းတင်းကြပ်ကြပ် ချုပ်ချယ်ထားတယ် ... "

" အရင် ဆယ်နှစ်တုန်းက အဖျားရောဂါနဲ့ ခင်များရဲ့ ဇနီး ဆုံးသွားပြီးကတည်းက တိုင်မှာချည်ခံထားရတဲ့ နွားသိုး ကြိုးလွှတ်ပေးလိုက်သလို ခင်များကိုယ်ခင်များ လုံး၀ ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့တာပဲ ... "

" မကြာခင်မှာပဲ ဖီးနစ် နိုက်ကလပ်မှာ ပုံမှန်ဖောက်သည် တစ်ဦး ဖြစ်လာခဲ့တယ် ... "

" သိပ်မကြာခင်တုန်းက ခင်များ အရင်အဆက်ဟောင်းနဲ့ ဖီးနစ်နိုက်ကလပ်မှာ ဒိတ်လုပ်နေတုန်း အသက်သုံးဆယ်အရွယ်လောက် ရှိဦးမယ့် ဆွဲဆောင်မှုရှိတဲ့ ဝိတ်တာမလေး တစ်ယောက်ကို ခင်များ သွားမြင်တယ် ... "

" စုံစမ်းကြည့်တော့ ခင်များ မျက်စိကျတဲ့ ဝိတ်တာမလေးရဲ့နာမည်က အားဟုန် ... ဖီးနစ် နိုက်ကလပ်မှာ အလုပ်လာလုပ်တာ ဘယ်လောက်မှ မကြာသေးဘူး ... "

" အားဟုန်က နတ်သမီးလေးတစ်ယောက်လို လှတယ်ဆိုပေမယ့် ဝိတ်တာပဲ လုပ်ဖို့ ဆန္ဒရှိတာ ... ကတ်စတန်မာတွေနဲ့ အရက်အတူ မ‌သောက်ပေးသလို ဖောက်သည်တွေနဲ့ အပြင်ကို လိုက်ပြီး ဟိုလို ၀န်ဆောင်မှုမျိုးလည်း မပေးဘူး ... "

" လူတော်တော်များများ ကြိုးစားပြီး မအောင်မြင်တာ မြင်တော့ ခင်များလည်း နည်းပရိယာယ်ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ရတော့တာပေါ့ ... "

" ခင်များ အားဟုန်နဲ့ ဆက်ဆံရေး တစ်ခု တည်ဆောက်ဖို့ ကြိုးစားတယ် ... "

" ဒါပေမယ့် အားဟုန်ကတော့ လက်မခံဘူး ... ခင်များဘက်က ဘယ်လောက်ပဲ ကောင်းမွန်တဲ့ စိတ်သဘောထားတွေကိုပဲ ပြပြ ၊ ခင်များရဲ့ ကောင်မလေးဖြစ်လာဖို့ကိုတော့ သဘောမတူဘူး ... "

" အလွန်ဆုံးရှိလှ ခင်များကို မိတ်ဆွေတစ်ယောက်လိုပဲ သဘောထားတယ် ... "

" အားဟုန်က ငြင်းလေလေ ၊ သူ့အပေါ် ပိုင်ဆိုင်ချင်တဲ့ ခင်များရဲ့ စိတ်ဆန္ဒတွေကလည်း ကြီးထွားလာလေလေ ဖြစ်လာတယ် ... "

" အားဟုန်က ကြောင်သူတော်လုပ်ပြီး ရဖို့ခက်တဲ့ မိန်းကလေးတစ်ယောက်လိုမျိုး ဟန်ဆောင် မူပိုနေတာပါပေါ့ ... ခင်များက အဲ့လို ထင်တယ် ... "

" တဖြည်းဖြည်းနဲ့ အားဟုန် အပေါ် ပိုင်ဆိုင်လိုစိတ်တွေက ထိန်းချုပ်မရနိုင်တော့တဲ့ အဆင့်ထိအောင် ရောက်လာတယ် ... ဒီအတွက် ခင်များက ထောင်ချောက်ဆင်ပြီး အားဟုန်ကို အတင်းအကြပ် ရယူဖို့ ပြင်ဆင်ခဲ့တယ် ... "

" ပြီးတာနဲ့ ခင်များက ဓာတ်ပုံတွေ ၊ ဗွီဒီယိုတွေ ရိုက်ထားပြီး အားဟုန်ကို ခြိမ်းခြောက်မယ် ... "

ထိုသို့ ပြောဆိုပြီးနောက် ချန်ယွီ့က ကျန်းတာမောက်ကို တွေးဆဆနှင့် ကြည့်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျန်းတာမောက်သည် သူ အပြင်းဖျားနေသည်ဟု ဆင်ခြေပေးပြီး ကုသမှု မခံယူမီ အားဟုန်နှင့် ထမင်းအတူစားချင်သည်ဟု ဆိုခဲ့၏။

သဘောကတော့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ထမင်းတစ်နပ်နှင့်အတူ ကောင်းသော ခွဲခွာခြင်းဖြင့် အဆုံးသတ်လိုက်မည်ဆိုသည့် သဘောပင်။

အားဟုန်လည်း ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမျှ မခံစားမိဘဲ အလုပ်ပြီးနောက် တက္ကစီစီး၍ ဘိလပ်စက်ရုံသို့ ရောက်ရှိလာသည်။

အားဟုန်ကို ပိုင်ဆိုင်နိုင်ဖို့ရာအတွက် ကျန်းတာမောက်က အီတာ(ether) ပမာဏ အများအပြားကို သူမ၏ စားစရာထဲသို့ ထည့်လိုက်၏။

ယခုလို လုပ်ရပ်မျိုး ပြုလုပ်သည်က သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သဖြင့် ကျန်းတာမောက်လည်း ပမာဏ ဘယ်လောက် ထည့်သင့်သည်ကို မသိခဲ့ချေ။

ထို့ကြောင့် သူမ၏ အစားအသောက်ထဲသို့ အကုန်လုံး ထည့်ဖို့ ဆုံးဖြတ်လိုက်၏။

အီတာလွန်ကဲမှုက အားဟုန်ကို သတိလစ် မေ့မြောသွားစေရုံမျှမက ၊ သူမ၏ အသက်ကိုပါ ယူငင်သွားခဲ့သည်။

အားဟုန်နှင့် ကစားပြီးနောက် ကျန်းတာမောက်သည် အားဟုန် အသက်မရှိတော့မှန်းကို သတိပြုမိသွားခဲ့သည်။

“ ခွေးမသား မျိုးမစစ် ….”

ဖန့်ကွမ်း ဒေါသတကြီး ဖြစ်သွားခဲ့သည်။

အကယ်၍ ဘေးတွင် အခြားလူများသာ ရှိမနေခဲ့ဘူးဆိုပါက သူ့လက်တစ်ဖက်နှင့် ကျန်းတာမောက်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မိလောက်သည်။

“ မနက်လေးနာရီ အချိန် ….” ချန်ယွီ့ အေးစက်စွာ ဆက်ပြော၏။ “ ခင်များက အားဟုန်ကို ဘယ်သူမှ သတိမပြုမိအောင် ကျောက်ခဲကြိတ်စက်ထဲ ထည့်ဖို့ ဆုံးဖြတ်လိုက်တယ် …”

“ ကျောက်တုံးကြိတ်စက် အသက်ဝင်လာတာနဲ့ အားလုံးက အမှုန့်ဖြစ်သွားမှာပဲ …”

“ နိုက်ကလပ်တွေမှာက ဝန်ထမ်းအပြောင်းအလဲ များတတ်တော့ အားဟုန် ပျောက်သွားခဲ့ရင်တောင် ဘယ်သူမှ သံသယ ဖြစ်မိမှာ မဟုတ်ဘူး ….”

“ ဒါပေမယ့် ခင်များ ဘယ်လောက်ပဲ တွက်ချက်ထားပါစေ ၊ စက်ရုံကနေ မပြန်တဲ့လူတွေ ရှိနေဦးမယ်လို့တော့ ဘယ်ထင်ထားမှာ ….”

“ သူတို့တွေက နေ့ခင်းပိုင်းမှာ နာရီအနည်းငယ်လောက် အချိန်ပိုလုပ်ပြီး ညကိုလည်း အလုပ်ရုံမှာပဲ အိပ်ကြတယ် ….”

“ ခင်များက အလောင်းကို အလုပ်ရုံထဲ သယ်လာခဲ့တဲ့အချိန် သူတို့ လေးယောက်လုံးက နိုးစ ပြုနေပြီ …”

လေးဦးလုံးကလည်း မြို့ခံများ ဖြစ်ပြီး ကျန်းတာမောက်ကလည်း သူတို့ မိသားစု အခြေအနေကို ကောင်းစွာ သဘောပေါက်ထားသည်။

သူ့ ရာဇဝတ်မှုကို အခြားသူ သိသွားပြီဆိုတော့ ကျန်းတာမောက်လည်း အကျိုးအမြတ်တွေ ပေးပါမည်ဟု ကတိပေး၏။

ဤကိစ္စကို သူတို့ကြား ထိန်းသိမ်းထားသရွေ့ ကျန်းတာမောက်က တစ်ယောက်ကို ယွမ်ငါးသိန်းစီ ပေးမည်။

ကျန်းတာမောက်၏ စက်ရုံက သန်း ဆယ်နှင့်ချီ ဝင်နေသဖြင့် ထိုငွေပမာဏလေးလောက်ကတော့ ဘာမျှ မပေါက်ပေ။

ထို့ပြင် လူမိုက်တစ်ချို့နှင့်လည်း သိထား၏။

ခြိမ်းခြောက်မှု ၊ လာဘ်ထိုးမှုကနေတစ်ဆင့် ထိုလေးဦးလည်း ကြံရာပါများ ဖြစ်လာခဲ့ကြသည်။

ကျန်းတာမောက် တစ်ကိုယ်လုံး ကြက်သီးဖြန်းသွားခဲ့ပြီး ချွေးစေးတို့က နဖူးထက်မှနေပြီး ကျဆင်းလာခဲ့သည်။

“ အဲ့လေးယောက်ကို သူတို့ မိဘတွေက ကောင်းကောင်း မသွန်သင်ခဲ့ကြဘူးလားကွ … မကောင်းတဲ့လုပ်ရပ်ကို ဖော်ထုတ်ရမယ့်အစား လူသတ်သမားနဲ့တောင် ကြံရာပါ လုပ်လိုက်သေးတယ် ….”

ဖန့်ကွမ်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ချန်ယွီ့ သက်ပြင်းချလိုက်၏။ “ လူက သေပြီးနေပြီလေ … ဒီတော့ သူတို့လည်း ကျန်းတာမောက် ပြောတာကို နာခံလိုက်ကြတာပေါ့ …”

“ ဒါပေမယ့် သူက ရက်စက်တဲ့လူလို့ ပြောရမယ် … ငွေကို ယွမ်ငါးသိန်းကနေ ဆယ်သိန်းအထိ တိုးလိုက်ပြီး တကယ်လို့ သူတို့ ဆယ်သိန်းရချင်တယ်ဆိုရင် ဒီနေ့ ကိစ္စကို မဖြစ်ခဲ့သလို သဘောထားရမယ့်အပြင် အလောင်းကို ကြိတ်စက်ထဲ ထည့်မယ်ကိစ္စ ကူညီပေးရမယ် ….”

တစ်ဖက်တွင် ဆယ်သိန်းဟူသော အကျိုးအမြတ်ကြီး ၊ တစ်ဖက်တွင်က ကျန်းတာမောက်၏ ခြိမ်းခြောက်မှု။

သို့နှင့် သူတို့လည်း ကျန်းမာမောက်ကို ကူညီပေးလိုက်ကြသည်။

အလောင်းကို ကျောက်တုံးကြိတ်စက်ထဲ ပစ်ထည့်လိုက်ကြပြီး အလောင်းအကျွင်းအကျန်များကို ရှင်းလင်းလိုက်ကြ၏။

ဤနည်းလမ်းဖြင့် သူတို့လည်း ကျန်းတာမောက်နှင့်အတူ ကြံရာပါများ ဖြစ်လာလေသည်။

ယင်းက ရာဇဝတ်မှုမှန်း သိကြသော်လည်း မည်သူကမျှ တိုင်ကြားဖို့ စိတ်မကူးခဲ့ကြချေ။

ထိုလေးဦးလုံးကလည်း ကျန်းတာမောက် ကတိပေးထားသည့် ငွေဆယ်သိန်းကို အသီးသီး ရရှိသွားခဲ့ကြ၏။

သုံးဦးက စက်ရုံကနေ အလုပ်ထွက်ဖို့ရာ ဆုံးဖြတ်ခဲ့ကြသည်။

ထိုကိစ္စနှင့် ပတ်သက်၍လည်း ကျန်းတာမောက် စိတ်မပူမိပေ။

၎င်းတို့ လေးဦးက ရိုးသားသည့် ကိုယ်ကျင့်စရိုက် ရှိသူများဖြစ်ပြီး သူတို့ကိုယ်တိုင်ကလည်း အလောင်းဖျောက်သည့် ကိစ္စရပ်တွင် ပါဝင်ပတ်သက်နေသဖြင့် ရဲတိုင်မည်ဆိုပါက သူတို့ပါ အတူ ထောင်နန်းစံရလိမ့်မည်။

“ မင်း ငါ့ကို စော်ကားနေတာ … ငါ အဲ့လို တစ်ခါမှ မလုပ်ခဲ့ဖူးဘူး ….”

“ လူတစ်ယောက်ကို သတ်တာက ဘယ်လို အကျိုးဆက်တွေ ရှိတယ်ဆိုတာ ငါသိတယ် … မင်းငါ့ကို ရိုက်သတ်ရင်တောင် ငါမလုပ်ဘူး ….” ကျန်းတာမောက် အော်ဟစ်လိုက်၏။

“ ခင်များ ဝန်ခံသည် ဖြစ်စေ၊ ဝန်မခံသည် ဖြစ်စေ … “ ချန်ယွီ့ ပြောလိုက်ပြီး “ ဒါတွေ အားလုံးက ခင်များကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်တွေပဲ ….”

“ အဓိက လက်သည်တရားခံ ဖြစ်တဲ့ ခင်များလည်း မကြာတော့ပါဘူး …”

“ ပထမ သုံးဦး သေသွားကတည်းက ခင်များ တစ်ခုခုတော့ မှားနေပြီဆိုတာ သတိထားမိတယ် … အားဟုန် သရဲဖြစ်သွားပြီး ခင်များတို့ အသက်တွေ လာနှုတ်ယူမှာကို တောက်လျှောက် စိုးရိမ်နေခဲ့တာ …..”

“ အဲ့ဒါကြောင့် … ခွေးနက်သွေးတွေ အများကြီးနဲ့ သရဲနှင်တဲ့ အဆောင်တွေကို ဝယ်ယူခဲ့တယ် ….”

“ လွန်ခဲ့တဲ့ နာရီအနည်းငယ်လောက်တုန်းကပဲ လျန်ယွီ့ထျန်း အိမ်မှာ သေဆုံးသွားခဲ့ပြီဆိုတဲ့ သတင်းကို ခင်များ သိလိုက်ရတယ် … သိတာနဲ့ ချက်ချင်း အထုပ်အပိုးတွေ ပြင်ပြီး ဒီနေရာကနေ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာပဲ ….”

“ တံခါးအပြင်ဘက်က ဆူဆူညံညံ အသံတွေကို ကြားတော့ အာဏာပိုင်တွေ ရောက်လာပြီဆိုတာကို ခင်များ ချက်ချင်းပဲ တွေးမိတယ် ….”

“ အဲ့ဒါကိုမှ တိတ်တိတ်လေး ထွက်ပြေးသွားခဲ့မယ်ဆိုရင် ခင်များရဲ့ အပြစ်တွေကို သွယ်ဝိုက်ပြီး ဝန်ခံလိုက်တာနဲ့ မခြားဘူး ….”

ချန်ယွီ့၏ အကြောင်းစုံ ပြောပြမှုအောက်တွင် ကျန်းတာမောက်၏ မျက်နှာက ဖြူလျော်လာခဲ့သည်။

သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်နေသည်။

“ အယူသည်းမှုကလည်း ခင်များကို မကယ်တင်နိုင်ဘူး ….” ချန်ယွီ့ အေးစက်စွာ ဆိုလိုက်၏ “ ပြစ်ဒဏ်ကို ခင်များ ဘယ်နည်းနဲ့မှ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး ….”

“ သူ့ကို လွှတ်ပေးလိုက် …” ချန်ယွီ့က ကျန်းတာမောက်ကို ချုပ်ထားသည့် ရဲသားနှစ်ဦးကို ပြောလိုက်သည်။

“ ညသန်းခေါင်ရောက်ရင် တစ်စုံတစ်ယောက်က တရားမျှတမှုကို လာယူလိမ့်မယ် ….”

ရဲသားနှစ်ဦးက ကျန်းတာမောက်ကို ချက်ချင်း မလွှတ်ပေးသေးဘဲ လီချန်ကျွင်းထံ မေးခွန်းထုတ်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

“ လွှတ်လိုက် …. ကျန်းတာမောက်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ငါတို့မှာ သက်သေ အခိုင်အမာ မရှိသေးဘူး … လျန်ယွီ့ထျန်းရဲ့ အိမ်ကို အရင်သွားပြီး ရှာဖွေစုံစမ်းကြတာပေါ့ … မနက်ဖြန်ကျမှ ဒီစက်ရုံကို နောက်တစ်ခေါက် ပြန်လာကြမယ် ….”

ရဲသားနှစ်ဦးလုံး သူတို့လက်များကို လွှတ်ပေးလိုက်ကြပြီး အသင်းသို့ ပြန်ပူးပေါင်းလိုက်ကြသည်။

လီချန်ကျွင်း ထွက်သွားတော့မည်ကို မြင်တော့ ကျန်းတာမောက်၏ ပျော်ရွှင်ဝမ်းသာသည့် အမူအရာက မည်သို့မျှ ဖုံးဖိလို့ မရတော့ချေ။ သူ လှည့်ထွက်ပြီး စက်ရုံအနက်ပိုင်း အတွင်းသို့ ပြေးဝင်သွားခဲ့၏။

သောက်ရူးတွေ ..

မင်းတို့ မနက်ဖြန် လာရင် ငါက မြို့ပြင်တောင် ရောက်နေပြီကွ …

ချန်ယွီ့ အေးစက်သည့် အပြုံးတစ်ခုကို လှစ်ဟာလာသည်။

မကြာမီတွင် … ကောင်းကင်ကို ကိုယ်စားပြု၍ တရားမျှတမှုကို ရှာဖွေပေးပြီး ကောင်းမှုကုသိုလ်များကို လက်ခံယူရတော့မည်။

စာစဉ် (၃၅)ပြီး၏။

( 21 June, 2026 9:30 PM )

( ဒီလအတွက် ချန်ယွီ့ စာစဉ်ကိုတော့ ဒီလောက်နဲ့ပဲ ရပ်နားပါရစေခင်ဗျ။ လင်းရီ ပြန်ရေးလိုက်ပါဦးမယ်။ ဒါပေမယ့် ချန်ယွီ့လည်း လင်းရီ ရေးရင်းနဲ့ တစ်ရက်တစ်ပိုင်းတော့ ရေးသွားမှာပါ။ အဲ့လိုဆို တစ်လ ခြောက်အုပ် လောက်အထိ ထွက်ဖြစ်သွားလိမ့်မယ်။

နောက်တစ်အုပ်ကျရင်တော့ ဆယ့်ငါးပိုင်း ထည့်ပေးမယ်နော်။

ongoing လိုက်ဖတ်ပေးနေတဲ့ ရောင်းရင်းတွေအတွက် လက်ဆောင်ပေါ့။ ဖတ်ရှုအားပေးကြတဲ့အတွက် ကျေးဇူးပါဗျ။ ☘️)

All Chapters