← Chapters

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ခန့်က ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်း

Vol. 35 Ch. 341

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ခန့်က ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်း

Vol. 35 Ch. 341

“ အချစ် မင်းကလည်းကွာ … ဟိုတယ်မှာ နေပါဆို ဘာလို့ လိုက်လာတာတုန်း ….”

“ ပြီးတော့ ဒီအဘိုးကြီးကရော ဘယ်သူတုန်း …”

ဟူလျန် အလျင်အမြန် မတ်တပ်ထရပ်၍ ကောင်မလေးဖြစ်သူအား သွားရောက်ကြိုဆိုပြီး အဘိုးကြီးကို ဇဝေဇဝါ ဖြစ်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

“ အိမ်မှာ ဒီလောက်ထိ ပြဿနာတွေ ရှုပ်နေတာကို ကျွန်မက ဟိုတယ်မှာ ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး နားနေနိုင်မှာလဲရှင့် ….” ဟူလျန်၏ ကောင်မလေး ပန်ယွဲ့လင်းက ပြောလိုက်ပြီး “ ဒါက အဘိုးကျန်း … အနီးနားရွာကပဲ … ကျွန်မတို့ကို သနားပြီး အမှန်အတိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်တာ ….”

ယနေ့ မနက်ခင်းတွင် ပန်ယွဲ့လင်း အတော်လေး စိတ်မသက်မသာ ခံစားနေရ၏။

အိမ်တွင် ကျန်နေရစ်သည့် ဟူလျန်တစ်ယောက် အန္တရာယ်တစ်ခုခု ဖြစ်မှာကို စိုးရိမ်သဖြင့် ဟိုတယ်က ထွက်လာခဲ့ပြီး သူနှင့်အတူ အဖော်လာလုပ်ပေးဖို့ရာ ဆုံးဖြတ်လိုက်သည်။

စိတ်ဓာတ်ကျကျဖြင့် ကျေးလက်ဘက်သို့ ဘက်စ်စကား စီးပြီး ပြန်ရောက်လာသည်။

သူတို့တွေ စုငွေများအားလုံး ထုတ်သုံးပြီး ဝယ်ထားသည့် ငွေက သရဲခြောက်သည့် အိမ် ဖြစ်နေခဲ့၏။

သရဲငိုသံများ၊ နံရံပေါ်ရှိ အမျိုးသမီးတစ်ယောက်၊ အိမ်ပြင်ပေးသည့် အလုပ်သမားများ ကြုံတွေ့နေရသည့် ထူးဆန်းသည့် ဖြစ်ရပ်မျိုးစုံ။

မှတ်ဉာဏ်များက ဦးနှောက်မျက်စိထဲ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။

မြို့တွင် အလုပ်လုပ်စဉ်တုန်းက အထက်လူကြီး၏ မမျှမတ ဆက်ဆံခြင်းကို ခံခဲ့ရပြီး ယခု အေးအေးချမ်းချမ်း စထွင်မာ လုပ်ဖို့ရာ ရွေးချယ်ခဲ့သော်လည်း သရဲတစ္ဆေများက လိုက်လံနှောင့်ယှက်နေပြန်သည်။

ပန်ယွဲ့လင်းမှာ စိတ်ဓာတ်ကျလွန်းသည့်အဆုံး သစ်ပင်တစ်ပင်အောက်တွင် ထိုင်၍ ငိုကြွေးနေမိတော့၏။

တိုက်ဆိုင်စွာဖြင့် အနီးနားရွာထဲမှ အဘိုးကျန်းက မြို့ပေါ်တက်၍ ကိစ္စတစ်ခုခု လုပ်စရာရှိသည်နှင့်ကြုံပြီး သစ်ပင်အောက်တွင် ထိုင်ငိုနေသည့် ပန်ယွဲ့လင်းကို မြင်တော့ လာပြီး နှစ်သိမ့်ပေးလာသည်။

သူမတို့ ဝယ်ယူထားသည့် အိမ်အဟောင်းကြီးက သရဲခြောက်သည့် အိမ်ကြီးဖြစ်ကြောင်း ပြောပြလိုက်တော့ အဘိုးကျန်း သက်ပြင်းချလိုက်၏။

သူက ပန်ယွဲ့လင်းကို ဝမ်းနည်းဖွယ်ရာကောင်းသည့် အချစ်ဇာတ်လမ်းပုံပြင် တစ်ပုဒ် ပြောပြခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ခန့်က ရွာထဲရှိ မိန်းကလေးတစ်ဦးမှာ ထိုစံအိမ်တွင်နေသည့် သခင်လေး တစ်ဦးနှင့် ချစ်ကျွမ်းဝင်သွားခဲ့၏။

တစ်ဦးက သာမန် လယ်သမား မိသားစု၏ သမီးပျိုလေး တစ်ဦး ဖြစ်ပြီး အခြား တစ်ဦးကတော့ ထင်ရှားသည့် မိသားစုကြီးတစ်ခုက ငယ်ရွယ်သည့် သခင်လေးပင်။

နှစ်ဦးချင်း အဆင့်အတန်းက မိုးနှင့်မြေလို ကွာခြားလှ၏။

နောက်ပြီး သူတို့၏ အချစ်ရေးကလည်း စမ်းသပ်မှု အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။

ငယ်ရွယ်သည့် သခင်လေးက ပညာတတ် ဖြစ်သဖြင့် အင်မတန် ပွင့်လင်းသည့် စိတ်သဘောထားရှိ၏။

အချစ် ဆိုသည်မှာ လူနှစ်ဦးကြား ကိစ္စဖြစ်ပြီး အနှီ အဆင့်အတန်းတို့က သူတို့နှစ်ဦးကို ခွဲခြားနိုင်မှာ မဟုတ်ဟု ယုံကြည်သည်။ သူ့မိသားစုက သူ့ကို ဘယ်လိုပဲ တားမြစ်ပိတ်ပင်ဖို့ ကြိုးစားပါစေ၊ မိန်းကလေးအပေါ် သူ့ရဲ့ အချစ်များကတော့ လျော့ကျမသွားခဲ့ချေ။

မိန်းကလေးကလည်း ကတိပေးရှာသည်။ ထိုသခင်လေးကလွဲပြီး အခြား မည်သည့် ယောက်ျားလေးကိုမျှ သူမ လက်ထပ်လိမ့်မှာ မဟုတ်ချေ။

အကယ်၍ အတင်းအကြပ် ချောင်ပိတ်ခံရပါက သူမကိုယ်သူမ မြစ်ထဲ ခုန်ချပြီး အဆုံးစီရင်လိုက်မည်။

သို့တိုင် ၊ နှစ်ဘက်မိဘများကတော့ သူတို့အိမ်ထောင်ရေးကို သဘောမတူခဲ့ကြချေ။

မကြာခင်မှာပဲ စီရင်စုမြို့တော်တွင် နေထိုင်သည့် သခင်ငယ်လေး၏ အဘိုးဖြစ်သူက ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေပြီး တစ်မိသားစုက သူနှင့် သွားရောက်တွေ့ဆုံဖို့ ထွက်ခွာရမည်။

မသွားမီ သခင်ငယ်လေးနှင့် မိန်းကလေးတို့က ထာဝရချစ်ကြောင်း ကတိပြုပြီး သီးသန့် သစ္စာထူခဲ့ကြသည်။

သူ စီရင်စုမြို့တော်က ပြန်လာသည်နှင့် မိန်းကလေးကို ခိုးပြေးပြီး လက်ထပ်ယူပါမည်ဟု ကတိပေးခဲ့၏။

ထိုစဉ်အချိန်က ချင်အင်ပါယာ ပြိုလဲလုနီးပါး အချိန်ဖြစ်ပြီး မည်သူကမဆို လောကကြီး တစ်ခု ပြောင်းလဲလုနီးပါး ဖြစ်နေပြီကို မြင်နိုင်သည်။

သူ ကျောင်းတော်တွင် သင်ယူထားသည့် အရည်အချင်းများနှင့် သခင်ငယ်လေးက သူ့မိန်းကလေးကို ကောင်းမွန်သည့် ဘဝတစ်ခုတွင် ထားရှိနိုင်မည်မှာ ကျိန်းသေသည်။

သခင်ငယ်လေး၏ မိသားစုတို့ စီရင်စုမြို့တော်သို့ ထွက်ခွာသွားပြီးနောက် မိန်းကလေးက တောင်ကုန်းပေါ်တွင် နေ့တိုင်းနေ့ မတ်တပ်ရပ်၍ ချစ်သူအလာကို စောင့်မျှော်ခဲ့သည်။

သုံးလကျော် ကြာသွားခဲ့၏။

သခင်ငယ်လေး၏ မိသားစု ပြန်မလာနိုင်မီ မိန်းကလေး၏ ဝမ်းဗိုက်က ဖြည်းဖြည်းချင်း ဖောင်းကားလာသည်။

သခင်ငယ်လေးနှင့် မိန်းကလေးတို့၏ တိတ်တိတ်ပုန်း လက်ထပ်ထားမှုက တစ်ရွာလုံးအတွက် အရှက်ရစရာ ဖြစ်လာခဲ့၏။

မိဘများ၏ အိမ်က မောင်းထုတ်ခြင်းကို ခံရရုံမျှမက တစ်ရွာလုံးကလည်း သူမကို ရွာထဲနေဖို့ ကန့်ကွက်ကြသည်။

ကိုယ်ဝန်နှင့် မိန်းကလေးက တောင်ကုန်းပေါ်တွင် တဲလေးတစ်ခုဆောက်ပြီး နေထိုင်သည်။

သခင်ငယ်လေး ပြန်လာမည်ကို‌ မျှော်လင့်ချက်အပြည့်ဖြင့် ဆက်ပြီး စောင့်ဆိုင်းနေခဲ့၏။

လအနည်းငယ်ကြာပြီးသည့်နောက် တစ်စုံတစ်ယောက်က စံအိမ်သို့ ပြန်ရောက်လာခဲ့သည်။ ထိုသူက မိန်းကလေးထံသို့ သတင်းဆိုးတစ်ခုကိုလည်း သယ်ဆောင်လာသည်။

အဘိုးဖြစ်သူ၏ ကံဆိုးမှုများနှင့် နာမကျန်းဖြစ်မှုများ ပပျောက်စေရေးအတွက် ၊ သူ့မိသားစု၏ စီစဉ်မှုအောက်တွင် သခင်ငယ်လေးက စီရင်စုမြို့တော်ထဲရှိ ချမ်းသာသည့် မိသားစု တစ်ခုက မိန်းမငယ်လေးနှင့် လက်ထပ်ရတော့မည် ဟူ၍ပင်။

အစေခံများက သူတို့၏ သခင်မကို ကြိုဆိုရန်အတွက် စံအိမ်ကို သန့်ရှင်းရေးလုပ်ဖို့ ကြိုပြီး ပြန်လာခဲ့ကြတာ ဖြစ်၏။

မိုးထစ်ချုံးပြီး မုန်တိုင်းထန်သည့် ညတစ်ညတွင် မိန်းကလေးက တောင်ကုန်းလေးပေါ်တွင် သူ၏ ကလေးနှင့်အတူ ကိုယ့်ကိုယ်ကို ဆွဲကြိုးချသွားခဲ့သည်။

မိန်းကလေး ကွယ်လွန်သွားခဲ့ပြီး နှစ်အနည်းငယ်ကြာပြီးသည့်နောက် စံအိမ်ကြီးက စတင်သရဲခြောက်လာသည်။

မိုးထစ်ချုန်းသည့် ညတိုင်း စံအိမ်ထဲရှိ လူတိုင်းက မိန်းကလေး၏ ဝိဉာဏ်ကို မြင်တွေ့ကြရ၏။

“ ဟင်း ….”

ပန်ယွဲ့လင်းက မိန်းကလေးနှင့် သခင်ငယ်လေး၏ ဝမ်းနည်းဖို့ကောင်းသည့် ပုံပြင်ကို ပြောဆိုပြီးနောက် အဘိုးကျန်းက သက်ပြင်းချလိုက်သည်။

“ ဟင် ဒေါက်တာချန်လား …”

လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ချန်ယွီ့ကို မြင်တော့ ပန်ယွဲ့လင်း၏ မျက်လုံးအရောင်တို့က တလက်လက် တောက်ပသွားခဲ့၏။

တစ်ချိန်တည်းမှာပဲ သူ့ဘေးရှိ ကျိုးခဲ့ရှင်းကို သတိပြုမိသွားခဲ့လေသည်။

“ မမလေးကျိုး … ရှင်လည်း ဒီရောက်နေတယ် …..”

“ ဟယ်လို ….” ကျိုးခဲ့ရှင်း ပြုံးလျက် နှုတ်ဆက်လိုက်ပြီး “ ဒေါက်တာချန်နဲ့ငါက နင်တို့ မိသားစု ပြဿနာကို ဖြေရှင်းပေးဖို့ ဒီရောက်နေတာလေ …..”

သူမကိုယ်သူမ ချန်ယွီ့၏ နာ့စ်အဖြစ် မိတ်ဆက်ပေးပြီးနောက် ကျိုးခဲ့ရှင်းက ပန်ယွဲ့လင်းကို အလျင်အမြန် မေးမြန်းလိုက်၏။

မဟုတ်မှလွဲရော နံရံပေါ်က အမျိုးသမီးက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က တောင်ကုန်းပေါ်မှာ ကိုယ့်ကိုယ်ကို ဆွဲကြိုးချခဲ့တဲ့ မိန်းကလေးများလား …

“ ဟုတ်လောက်မယ် ….”

ပန်ယွဲ့လင်းက နောက်ရှိ အဘိုးကျန်းကို တစ်ချက်ကြည့်လိုက်၏။

အဘိုးကျန်း ပြောပုံအရဆိုလျှင် ထိုမိန်းကလေး၏ မျက်နှာထက်၌ အလှမှဲ့တစ်လုံးရှိ၏။

သူမကိုယ်သူမ ကြိုးဆွဲချစဉ်တွင် မြစိမ်းရောင် ချုံဆမ် အဝတ်အစားကို ဝတ်ဆင်ထားသည်။

ပန်းယွဲ့လင်းနှင့် ဟူလျန်တို့ မိုးသည်းသည့် ညတွင် မြင်တွေ့ခဲ့သည့် မိန်းကလေးက ချုံဆမ်ဝတ်ဆင်ထားတာပဲ ဖြစ်၏။ အရောင်ကို သေချာ ရှင်းလင်းစွာ မမြင်လိုက်ရသော်လည်း အမျိုးသမီး၏ မျက်နှာကိုတော့ သေချာ မြင်တွေ့လိုက်ရသည်။

ပြန်မြင်ယောင်ကြည့်လိုက်တော့ မျက်လုံးထောင့်စွန်းနားလေးတွင် မျက်ရည်ခံမှဲ့တစ်လုံး ရှိနေသည်။

“ ငါလည်း တုံးလိုက်တာနော် … အစတုန်းကတည်းက နင်တို့ကို လာရှာလိုက်ရင် ပြီးနေတဲ့ဟာ ….”

“ ငါတို့သာ ဒေါက်တာချန်ကို အစောကြီးကတည်းက ဖိတ်ခေါ်လိုက်ရင် ငါနဲ့ ဟူလျန်လည်း ဒီလိုမျိုး ကြံရာမရ ဖြစ်နေစရာလည်း မလိုတော့ဘူး ….”

ဟူလျန်နှင့် ပန်ယွဲ့လင်းတို့က စထွင်မာများ ဖြစ်ရုံမျှမက ဒေါက်တာချန်၏ ပရိသတ်များလည်း ဖြစ်၏။

“ အချစ် …. ကိုယ်တို့ အရေးကြီး ကိစ္စလေးတွေ အရင်ပြောကြရင် ပိုမကောင်းဘူးလား ….”

သူ့ကောင်မလေးက ကျိုးခဲ့ရှင်းနှင့် ပျော်ရွှင်စွာ စကားဝိုင်းကျနေတာကို မြင်တော့ ဟူလျန် ငိုချင်သွားသည်။

အိမ်က သရဲပြဿနာကိုတောင် မဖြေရှင်းပြီးသေးဘူးလေ … အဲ့တာကို ဘယ်လိုဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောနေနိုင်ရသေးတာလဲ …

သူ့ကောင်မလေးလို နှလုံးသားကြီးသည့် မိန်းကလေးက အရေးကြီး ကိစ္စများကို နောက်ပစ်ထားလိမ့်ဟု မယုံကြည်နိုင်ခဲ့ချေ။

“ အဘိုးကျန်း … ကျုပ် ခင်များတို့ရွာက လူတွေကို ခေါ်ပြီး အိမ်ပြင်တုန်းက ဒီအိမ်အကြောင်း မေးခဲ့သေးတယ် … အဲ့တုန်းကတော့ ပြောသံကြားတာ ခင်များတို့ရွာမှာ စည်းမျဉ်းတစ်ခု ရှိတယ်ဆို ….”

“ ဒါ ခင်များတို့ရွာက လူကြီးတွေ သူတို့ ကလေးတွေကို ဒီအိမ်ကြီးအနား ပေးမကပ်ရတဲ့ အကြောင်းပြချက်လား … “

အဘိုးကျန်းက ဤအိမ်ကြီးတွင် သရဲရှိနေကြောင်း ပြောဆိုနေပုံကို ထောက်ချင့်ကြည့်လိုက်တော့ ဟူလျန်လည်း ယင်းက လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်က နွမ်းပါးသည့် မိန်းကလေး၏ ဝိဉာဏ်ဖြစ်မည်ဟု တွေးတောမိသွားခဲ့သည်။

“ သူ သေပြီး နှစ်တွေသိပ်မကြာခင်မှာပဲ ဒီအိမ်ကြီးက သရဲစခြောက်လာတယ် ….” အဘိုးကျန်းက ခေါင်းညိတ်လျက် “ မိသားစုကလည်း သူ သရဲဖြစ်သွားပြီး သူတို့ အသက်တွေကို လာနှုတ်မှာကြောက်လို့ သရဲနှင်တဲ့ တာအိုဆရာတွေကို ငှားခဲ့ကြတယ် ….”

“ ကံဆိုးချင်တော့ မိန်းကလေးရဲ့ အငြှိုးအတေးတွေက သိပ်ကို ကြီးမားလွန်းနေတယ်လေ …”

“ မိသားစုက သရဲနှင်တဲ့ တာအိုဆရာ ဆယ်ယောက်ကျော် ငှားခဲ့တာတောင် ဘယ်သူကမှ သူ့ရဲ့ အငြှိုးအတေးတွေကို မထိန်းချုပ်နိုင်ခဲ့ကြဘူး ….”

အဘိုးကျန်းမှာ ထိုစဉ်အချိန်တုန်းက ဖြစ်ရပ်များကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့်အတိုင်း သရုပ်ဆောင်ရင်း ထိုအချိန်တုန်းက မိသားစုအခြေအနေ အသေးစိတ်ကို စတင် ဖော်ပြတော့သည်။

အကယ်၍ သူတို့သာ သူတို့သားကို ချမ်းသာသည့် မိသားစုက ကောင်မလေးတစ်ယောက်နှင့် အတင်းအကြပ် လက်ထပ်ပေးခဲ့ခြင်း မရှိဘူးဆိုပါက မိန်းကလေးသည်လည်း သူမ၏ ကလေးနှင့်အတူ သေဆုံးသွားခဲ့မှာ မဟုတ်သလို အငြှိုးကြီး တစ္ဆေအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ အသက်ဝိဉာဏ်ကို လာနှုတ်ယူလာစရာ အကြောင်းမျိုးလည်း ရှိလာမှာ မဟုတ်ချေ။

ပရောဂဆရာ တစ်ဦး၏ ပြောကြားချက် အရဆိုလျှင် သူမ ထိုမျှ အစွမ်းသတ္တိကြီးမားနေသည်က သူမဝမ်းထဲရှိ ကလေးဖြစ်သူနှင့် သက်ဆိုင်နေသည်။

“ သူ့ဝမ်းထဲက ကလေး ဟုတ်လား …. ဘာကို ပြောချင်နေတာ ….”

ကျိုးခဲ့ရှင်း စူးစမ်းချင်စိတ်အပြည့်နှင့် မေးမြန်းလိုက်၏။

“ ပရောဂဆရာပြောတာတော့ တကယ်လို့ အမျိုးသမီးတစ်ယောက်က ဝမ်းထဲက သန္ဓေသားနဲ့အတူ မုန်းတီးမှုနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့မယ်ဆိုရင် အင်အားကြီးတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်လာနိုင်ချေ အလားအတာ အင်မတန် များတယ် …” အဘိုးကျန်းက လေးနက်တည်ကြည်သည့် အမူအရာနှင့် ရှင်းပြလိုက်၏။

အဘိုးကျန်း၏ အဘိုးက ဤမိသားစု၏ လယ်သမား တစ်ဦး ဖြစ်ခဲ့ဖူးသည်။

သူ အသက်ကြီးလာတော့ စိတ်ဖောက်ပြန်လာပြီး ငယ်စဉ်က အကြောင်းကိစ္စများကို မကြာခဏ ပြန်ပြောပြတတ်၏။

နားကြားပြင်းကပ်ရလောက်အောင် နားထောင်ခဲ့ရသဖြင့် အဘိုးကျန်းမှာ ထိုစဉ်အချိန်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပေါ် အခြေခံ နားလည်မှုလောက်တော့ ရှိသည်။

ဗိုက်ကြီးသည် တစ္ဆေများက သာမန် ရက်စက်သည့် သရဲများထက် အဆပေါင်းများစွာ ပိုကြောက်ဖို့ ကောင်း၏။

သန္ဓေသားက မိခင်ဝမ်းထဲ ဆယ်လမျှ နေပြီး၊ မွေးဖွားခါနီးအချိန်တွင် မိခင်က မုန်းတီးမှုဖြင့် သေဆုံးသွားခဲ့ပြီး သန္ဓေသားလည်း အတူသေဆုံးသွားခဲ့ရသည်။

ဤနည်းလမ်းဖြင့် စွမ်းအားကြီးမားလှသည့် အငြှိုးတေး အော်ရာမျာက အင်အားကြီး မကောင်းဆိုးဝါး တစ်ကောင်ကို ဖန်တီးလာသည်။

နေရာမျိုးစုံက ပရောဂဆရာများလည်း တစ်ယောက်ပြီး တစ်ယောက် ဤနေရာတွင် လက်မြှောက်အရှုံးပေးသွားခဲ့ကြရသည်။

အကယ်၍ သူတို့သာ ဗိုက်ကြီးသည် တစ္ဆေကို ကိုင်တွယ်ချင်သည်ဆိုပါက မောင်တောင်တန်းနှင့် လုံဟူတောင်က ကျွမ်းကျင်သူများကို ဖိတ်ခေါ်ဖို့လိုသည်။

“ အဲ့တုန်းက လောကကြီးတစ်ခုလုံး ပရမ်းပတာတွေ ဖြစ်ပြီး စစ်မီးပွားတွေကလည်း နေရာအနှံ့ပဲ …” အဘိုးကျန်းက ခါးသက်သည့် အမူအရာဖြင့် ပြောဆို၍ “ ကျွမ်းကျင်သူ တစ်ယောက်ကို ဖိတ်ခေါ်ဖို့ မပြောနဲ့ ၊ မိုင်ဂဏန်း အနည်းငယ်လောက်လေးပဲ လမ်းလျှောက်ရမယ်ဆိုရင်တောင် လမ်းတစ်ဝက်မှာတင် ဓားပြတိုက်ခံရပြီး အသတ်ခံရလောက်တယ် ….”

“ အခြားရွေးချယ်စရာ မရှိတော့ ချမ်းသာတဲ့ မိသားစုလည်း စီရင်စုမြို့တော်ဆီ ရွေ့ပြောင်းသွားခဲ့ကြတယ် ….”

“ သိပ်မကြာခင်မှာပဲ သခင်ငယ်လေးရဲ့ မိဘတွေလည်း စိတ်ရောဂါနဲ့ လုံးပါးပါးပြီး ဆုံးသွားခဲ့ကြတယ် ….”

“ လက်ထပ်ထားတဲ့ သခင်မလေးလည်း သခင်ငယ်လေးက သူ့မိဘတွေဆုံးတော့ တစ်ဖက်မိဘတွေအိမ်ဆီ ပြန်ပို့လိုက်တယ် ….”

“ နောက်ပိုင်း … သခင်ငယ်လေးလည်း ဒီအိမ်ကို ပြန်ရောက်လာပြီး အိမ်စေတွေ အားလုံးကို အလုပ်ထုတ်ပစ်လိုက်တယ် …”

“ သူ့ဘဝ နေဝင်ချိန်ရောက်တဲ့အထိ ဒီမှာ တစ်ယောက်တည်း နေသွားခဲ့တာပဲ ..”

All Chapters