← Chapters

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် ကာကွယ်ခံရမည့် နေရာ

Vol. 35 Ch. 342

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် ကာကွယ်ခံရမည့် နေရာ

Vol. 35 Ch. 342

“ အဘိုး … ခင်များတို့ ရွာသားတွေက တော်တော် မရိုးသားကြတာပဲ ….”

ဟူလျန်မှာ အင်မတန် ဒေါသတကြီးနှင့် ဖြစ်နေလျက် ရှိသည်။

ရွာထဲရှိ လူတိုင်းက ဤအိမ်နှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ကို သူတို့ သိကြသည်။ သို့တိုင် နှုတ်ပိတ်ထားကြပြီး စကားတစ်ခွန်းမျှ မဟခဲ့ကြချေ။

သူကတော့ ပိုက်ဆံ အမြောက်အများ သုံးပြီး ဤနေရာကို ဝယ်ယူခဲ့ရ၏။ သရဲတစ်ကောင် ပေါ်လာတော့မှပဲ ဤနေရာက သရဲခြောက်သည့် နေရာဖြစ်မှန်း သိရှိလိုက်ရတော့လေသည်။

“ လူလေး … ဒေါသမထွက်ပါနဲ့ … ရွာထဲ တော်တော်များများက ဒီမှာ ဘာဖြစ်သွားခဲ့လဲဆိုတာကို မသိကြဘူး ….”

“ ငါတို့လို သင်္ချိုင်းကုန်း ခြေတစ်ဝှက်လှမ်းနေတဲ့ သက်ကြီးပိုင်းတွေလောက်ပဲ ဒီနေရာက သရဲခြောက်တဲ့နေရာဆိုတာ သိကြတော့တာ ….”

အဘိုးကျန်းက ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

“ သခင်ငယ်လေးက သက်ကြီးရောဂါနဲ့ ဆုံးပါသွားပြီး မျိုးဆက်လည်း မချန်ထားခဲ့တော့ သူသေတော့ အိမ်လည်း ရွာပိုင်ဖြစ်လာခဲ့တာပဲ ….”

“ မင်းတို့လို လူငယ်လေးတွေကတော့ အဲ့ခေတ်တုန်းက ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို သိကြမှာ မဟုတ်ဘူး …”

“ အယူသည်းတဲ့ သဘာဝလွန်ကိစ္စရပ်တွေ အကြောင်း ဘယ်သူပဲပြောပြော မနက်ဖြန် လမ်းပေါ်ထွက်လာတာနဲ့ အရှက်ခွဲခံရတယ် …. သန်ဘက်ခါဆိုရင်တော့ ထောင်ပါကျသွားနိုင်တယ် ….”

“ တကယ်လို့ တစ်ယောက်ယောက်က မင်းကို ရည်ရွယ်ချက်ရှိရှိ အယူသည်းမှု ဝါဒတွေ ဖြန့်ပါတယ်ဆိုပြီး စွပ်စွဲခဲ့ရင် သေနတ်နဲ့တောင် ပစ်ခံရနိုင်တယ် …..”

ယခု … ၊ ဤစံအိမ်အဟောင်းကြီး၏ အတွင်းဇာတ်လမ်းကို သိထားသူက ရွာထဲ အယောက်နှစ်ဆယ်ပင် မရှိတော့ချေ။

သူတို့ကလည်း သူတို့ရဲ့ သားမြေးမျိုးဆက်တွေ ဒုက္ခမရောက်စေလိုသည့်အတွက် ဘာတွေပဲဖြစ်ဖြစ် နှုတ်ပိတ်ထားကြ၏။

ဟူလျန်နှင့် သူ့ကောင်မလေးတို့ ဤအိမ်ကြီးကို ဝယ်ယူလိုက်ကြောင်း ကြားသိလိုက်ရချိန်၌ အဘိုးကျန်းမှာ ကြောက်ဖို့ကောင်းသည့် တစ်ခုခုတော့ ဖြစ်ပျက်တော့မည်ဖြစ်ကြောင်းကို စိတ်ထဲ အာရုံရနေသည်။

ဤနေရာက မြေကြမ်းသည့် နေရာပါဟု သတိပေးချင်သော်လည်း အနှီ ကောလဟာလများက ရွာ၏ ငွေဝင်လမ်းကြောင်းကို ဖြတ်တောက်သလို ဖြစ်မှာကိုလည်း စိုးရိမ်နေမိသည်။

ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက သူ့သားနှင့် သူ့မြေးတို့က တစ်ရွာလုံး၏ အမြင်တွင် အသားထဲ နစ်ဝင်နေသည့် ဆူးတစ်ချောင်း ဖြစ်လာနိုင်သည်။

“ ဖြန်း …”

ဟူလျန် သူ့ကိုယ်သူ ဖြတ်ရိုက်လိုက်သည်။

ဘာတွေ လာဖြစ်နေရတာလဲကွာ …

ဒီအိမ်ကြီးကို ဝယ်နိုင်ဖို့အတွက် သူနဲ့ သူ့ကောင်မလေးက စုဆောင်းထားတဲ့ ငွေတွေ အကုန်ထုတ်ခဲ့ရုံတင် မကဘူး၊ အိမ်ထောင်စုကိုပါ ရွာထဲ ပြောင်းထားပြီးနေပြီ။

စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ဒီအိမ်ကြီးက ရွာပိုင်ဖြစ်ပြီး အပြင်လူတွေကို ရောင်းခွင့် မရှိဘူး။

အိမ်ပွဲစားကလည်း သူတို့ကို ဒီရွာထဲ ပြောင်းလာဖို့ အကြံပြုခဲ့တယ်။

အဲ့လိုမှပဲ သူတို့တွေ အိမ်ကို ဝယ်နိုင်မှာ။

အိမ်ထောင်စုစာရင်းကို မြို့မှာပဲတင်တင် ၊ ကျေးလက်မှာပဲတင်တင် ၊ ဘာမှလည်း ကွာသွားတာမဟုတ်ဘူးဆိုတော့ အကူအညီတွေနဲ့ သူတို့လည်း အိမ်ထောင်စုကို ရွာစာရင်းထဲ ပြောင်းရွှေ့ခဲ့ကြတယ်။

“ အဲ့ဒီရဲ့ သခင်ငယ်လေး သေသွားခဲ့တာ ဆယ်စုနှစ်ကျော်ပြီ … ဒီနေရာကလည်း ဆယ်စုနှစ်နဲ့ချီ စွန့်ပစ်ခံထားရတာပဲ ….”

“ ဗိုက်ကြီးသည် တစ္ဆေက အခုထက်ထိ ဒီနေရာမှာ ရှိနေဦးမယ်လို့တော့ မျှော်လင့်မထားဘူး … ဘယ်လောက်တောင် အပြစ်ကြီးလိုက်လဲ ….”

“ ငါ အကြံပေးတာကို နားထောင် … မင်းတို့ ဒီမှာ ဆက်မနေကြနဲ့တော့ … ပစ္စည်းတွေ အားလုံး သိမ်းပြီး ထွက်သွားလိုက်တော့ …..”

“ မဟုတ်ရင် အသက်အန္တရာယ် ရှိလာလိမ့်မယ် ….”

ဟူလျန်နှင့် ပန်ယွဲ့လင်းတို့မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြသည်။

နှစ်ဦးသား စိုးရိမ်ပူပန်နေရခြင်းမှာ ဤအိမ်ကြီးကို လက်လွှတ်ဆုံးရှုံးမခံလိုသောကြောင့်ပင်။

ဒီနေရာကနေ ထွက်သွားရမယ်ပေါ့ …

အပြောကတော့ လွယ်တာပေါ့ …

ဒါပေမယ့် သူတို့ စုထားတဲ့ငွေတွေ၊ အိမ်ထောင်စု စာရင်းတွေပါ မကျန် ဒီအိမ်ကြီးထဲ ရင်းနှီးမြုပ်နှံထားခဲ့တာလေ …

“ သူ ပြောတာမှန်တယ် … ခင်များတို့တွေ ဒီနေရာကနေ တကယ်ပဲ ထွက်သွားသင့်တယ် …”

ဟူလျန်တို့နှစ်ဦးမှာ အဘိုးကျန်းသာလျှင် သူတို့ကို ထွက်သွားဖို့ အကြုံပြုလာရုံမျှမက ၊ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ဒေါက်တာချန်ကပါ ထိုစကားမျိုး ပြောလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပါချေ။

“ ဒေါက်တာချန် … မင်းတောင် ဒီက မကောင်းဆိုးဝါးကို မကိုင်တွယ်နိုင်ဘူးပေါ့ ….” ဟူလျန် မယုံကြည်နိုင်သည့် မျက်နှာထားဖြင့် မေးမြန်းလိုက်မိ၏။

“ လောကကြီးထဲ သရဲတစ္ဆေဆိုတာ မရှိဘူး ….”

ချန်ယွီ့ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်လေသည်။

စစချင်းတော့ နှစ်ဦးလုံး ရှော့ခ်ရသွားခဲ့ကြ၏။ သို့သော် လိုက်စထွင်းထဲတွင် လောကကြီးထဲ တစ္ဆေသရဲဟူသည် မရှိကြောင်း ချန်ယွီ့ မည်သို့ပြောပြခဲ့ဖူးသည်ကို ပြန်ပြီး အမှတ်ရသွားခဲ့ကြသည်။

သူပြောသည်ကတော့ လောကကြီးထဲ အထူးစွမ်းအင် ခန္ဓာနှင့် ပြုလုပ်ထားသည့် သက်ရှိများပဲ ရှိသည်ဆိုပင်။

“ ဒေါက်တာချန် …. တကယ်ပဲ ဒီနေရာရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် တစ်ခြား နည်းလမ်းတွေ မရှိတော့ဘူးလား …..”

“ ဒီအိမ်ကြီးကို ဝယ်နိုင်ဖို့အတွက် ကျွန်မနဲ့ ဟူလျန်က စုဆောင်းထားတဲ့ ငွေတွေ အကုန်လုံးကို အသုံးပြုခဲ့ရုံတင် မကဘူး … အများကြီးလည်း အားစိုက်ထုတ်ခဲ့ရသေးတယ် ….”

“ အခုမှတော့ ဒီတိုင်းကြီး မထွက်သွားချင်တော့ဘူး ….”

ပန်ယွဲ့လင်း မျက်ရည်ဝိုင်းလာသည်။

ဤနေရာတွင် အချိန်ကြာမြင့်စွာ မနေခဲ့ရဘဲ နေခဲ့ရသည့် နေ့ရက်တိုင်းက စိတ်ကို နှိပ်စက်ညှင်းပန်းသည့်နှယ် ဖြစ်နေသော်ငြား နှစ်ဦးက ဤအိမ်ကြီးနှင့် သံယောဇဉ်တွယ်နေပြီး ဖြစ်၏။

အိမ်ကို စစဝယ်ယူချင်းတုန်းက ခေါင်မိုးမှာလည်း အပေါက်ဗရပွနှင့်၊ နေရာတိုင်းက စုတ်ပြတ်သပ်နေသည်။

ထိခိုက်ပျက်စီးမှုတို့ကလည်း နေရာအနှံ့၌ ရှိနေကြ၏။

ရွာထဲက အလုပ်သမားများ၏ အကူအညီဖြင့် ချစ်သူနှစ်ယောက်မှာ လဝက်ကျော်မျှကြာအောင် အချိန်ပေးပြီး အိမ်ကြီးကို ယခုလို အခြေအနေဖြစ်အောင် ကြိုးစား ဖန်တီးခဲ့ကြရသည်။

နှစ်ရက်အတွင်းမှာပဲ ထူးဆန်းသည့် ကိစ္စရပ်တို့က တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။

သို့တိုင် ဤအိမ်ကြီးကိုတော့ ဒီတိုင်း လက်မလျှော့လိုခဲ့ပေ။

“ ဒေါက်တာချန် … ရှင် တကယ်ပဲ သူတို့ကို မကူညီနိုင်တော့ဘူးလား ….”

ကျိုးခဲ့ရှင်းက ချန်ယွီ့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်၏။

ဗိုက်ကြီးသည် တစ္ဆေက ဘယ်လောက်တောင် အစွမ်းထက်နေလို့ ချန်ယွီ့လို လူစားမျိုးကတောင် သူ့ကို လက်မြှောက်အရှုံးပေးရတယ်လား …

“ ဒီက ပြဿနာတွေကို ငါ ကူပြီး ဖြေရှင်းပေးလို့ရတယ် ….” ချန်ယွီ့ ခါးသက်စွာ ပြုံးလိုက်ပြီး “ ဒါပေမယ့် သူတို့ ဒီမှာ ဆက်နေလို့ရအောင်တော့ မကူညီပေးနိုင်ဘူး …”

“ ဒီနေရာကနေ မကြာခင် ထွက်သွားရမှာပဲ ….”

“ ဘာလို့လဲ ….”

ကျိုးခဲ့ရှင်း ၊ ဟူလျန် နှင့် ပန်ယွဲ့လင်းတို့အားလုံး တစ်ပြိုင်နက်တည်း မေးလာခဲ့ကြသည်။

“ ဘာလို့ဆို ဒီနေရာက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာနရဲ့ ကာကွယ်ပေးခံရမယ့် နေရာ ဖြစ်လာမှာမလို့ပဲ …”

ချန်ယွီ့ ပခုံးတွန့်ပြလိုက်သည်။

ထိုစကားကြားတော့ အဘိုးကျန်းမှာ ကြက်သေသေသွားခဲ့တော့သည်။

“ ဆယ်စုနှစ်လောက် လူမနေလို့ သရဲခြောက်တဲ့ အိမ်က ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးဌာနရဲ့ ကာကွယ်ပေးခံရတဲ့ နေရာ ဖြစ်လာမယ် ... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ ….” ဟူလျန် အံ့အားသင့်သွားခဲ့သည်။

“ ဒီအိမ်ကြီးကို ချင်မင်းဆက်ခေတ် နှောင်းပိုင်းမှာ တည်ဆောက်ခဲ့တာ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ရှင်းပြလိုက်ပြီး “ နှစ်ပေါင်း ၁၃၀ ကျော် သမိုင်းကြောင်းရှိတယ် ….”

“ ဒီစံအိမ်ကြီးကို တည်ဆောက်ဖို့အတွက် အဲ့ဒီ သခင်ငယ်လေးရဲ့ အဖေက ငွေတေး သောင်းချီ အကုန်ကျ ခံခဲ့ရတယ် …..”

“ အခုခေတ်နဲ့ ယှဉ်လိုက်ရင် အဲ့ငွေပမာဏက ဧရာမ များပြားလွန်းတဲ့ ငွေကြေးအမောင့်ပဲ …”

“ ဒီစံအိမ်ကြီးကိုလည်း ကျွမ်းကျင်ပါတယ်ဆိုတဲ့ လက်မှုပညာသည်တွေကို ခေါ်ယူပြီး သေချာဆောက်လုပ်ထားခဲ့တာ …”

“ ဒီအိမ်ကြီးကို ကျေးလက်ဘက်မှာ ရှိလို့ဆိုပြီး သွားအထင်မသေးလိုက်နဲ့ …. ဒီစံအိမ်ကြီးကို အဲ့ခေတ်တုန်းက ကျွမ်းကျင်သူတွေက သွေးနဲ့ချွေးနဲ့ရင်းပြီး ကြိုးစား ဆောက်လုပ်ခဲ့ကြတာ ….”

“ တန်ဖိုးက လက်ရှိခေတ် ဒေါ်လာဘီလီယမ်တန်တဲ့ စံအိမ်တွေထက်တောင် အများကြီး ပိုတန်ကြေးရှိတယ် ….”

“ မကြာခင်မှာ ရှေးဟောင်းသုတေသန လေ့လာရေးအဖွဲ့က ဒီကို ရောက်လာကြလိမ့်မယ် …”

“ သုတေသီတွေက ဒီမှာနေပြီး လေ့လာကြမယ် ….”

“ အဲ့ခါကျရင် ခင်များတို့ ဒီနေရာမှာ ဆက်နေလို့ ရမယ်ထင်လား …..”

“ နေချင်ရင်တောင် သုတေသနလုပ်ပြီးမှပဲ ပြန်လာလို့ရမှာ …. အဲ့ခါကျရင်လည်း ဒီနေရာက ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ ကာကွယ်ပေးမှုအောက်မှာ ရှိသွားပြီ ….”

ဟူလျန်နှင့် ပန်ယွဲ့လင်းတို့ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့ဝယ်ယူလိုက်သည့် ဤအိမ်ကြီးက ရှေးဟောင်း အမွေအနှစ် ဌာန၏ ကာကွယ်ပေးမှုအောက်သို့ ရောက်သွားသည်ကို ပျော်ရွှင်ရမလား၊ ဝမ်းနည်းရမလား မသိတော့ပေ။

“ ဒေါက်တာချန် ….” ကျိုးခဲ့ရှင်းက အလျင်အမြန် အသိစိတ်ပြန်ဝင်လာပြီး နှုတ်က လွှတ်ခနဲ မေးမြန်းလိုက်၏။ “ ရှင် ပြောသလိုဆို သူတို့ ဒီကထွက်သွားရမှာ ယာယီပဲမလား … ဒီနေရာကို ယဉ်ကျေးမှု အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ပြီးရင် သူတို့ ပြန်လာနေလို့ရမယ်မလား ….”

“ သူတို့ ဒီကနေ တစ်သက်လုံး ထွက်သွားရမယ်လို့လည်း ငါ မပြောမိခဲ့ပါဘူး …” ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်၏။

“ မရဘူး … အဲ့လို ဖြစ်သွားမယ်ဆိုရင်တောင် မင်းတို့ ဒီမှာ ဆက်နေလို့ မရဘူး ….”

အဘိုးကျန်းက မျက်မှောင်ကြုတ်ပြီး ဤနေရာတွင် ပြဿနာရှာနေသည့် ဗိုက်ကြီးသည် တစ္ဆေအကြောင်း ပြောလာသည်။

သူတို့ အခုပဲနေနေ၊ နောက်ပိုင်း ပြန်လာပြီးမှနေနေ ၊ အဲ့ဒီ ဗိုက်ကြီးသည် တစ္ဆေကို မနှင်ဘူးဆို သေမှာပဲ …

“ ဗိုက်ကြီးသည် တစ္ဆေ … ဟားဟားဟား …..”

ချန်ယွီ့ ရုတ်တရက်ဆိုသလို အားပါးတရ ဟားတိုက်ရယ်မောလိုက်ပြီး အပြင်သို့ ထွက်သွားခဲ့၏။

၎င်းနောက် ချက်ချင်းပဲ တံခါးဘေးရှိ နံရံရှေ့သို့ ရောက်သွားခဲ့သည်။

သူ ကျိုးခဲ့ရှင်း၏ နားထဲသို့ တီးတိုး ပြောဆိုလိုက်၏။

ကျိုးခဲ့ရှင်းလည်း ခေါင်းညိတ်ပြီး ကျောပိုးအိတ်ကို ချ၍ ဇစ်ဖွင့်ပြီး ရေသန့်ဘူး တစ်ဘူး ထုတ်ပေးလိုက်၏။

ရေသန့်ဘူး လက်ထဲရောက်လာတော့ သာမန်လျှံကာပဲ အဖုံးဖွင့်ပြီး နံရံပေါ်သို့ ရေပက်ဖြန်းလိုက်လေသည်။

“ အားးးး သရဲ ….”

ချက်ချင်းဆိုသလို ဗလာကျင်းနေသည့် နံရံပေါ်၌ အမျိုးသမီးတစ်ဦး၏ ပုံရိပ်က ထွက်ပေါ်လာသည်။

သူမ မျက်နှာထက်တွင် လှပသည့် မျက်ရေခံမှည့်နှင့် မြစိမ်းရောင် ချုံဆမ် ဝတ်စုံကို ဝတ်ဆင်ထားသည့် ကံဆိုးသွားရှာသည့် မိန်းကလေးပင်။

ကျိုးခဲ့ရှင်း ၊ ဟူလျန် ၊ ပန်ယွဲ့လင်းနှင့် အဘိုးကျန်းတို့အားလုံး ကြောက်လန့်မှုကြောင့် မျက်နှာများ ဖြူလျော်သွားခဲ့ကြ၏။

နေရာတစ်ခွင်လုံး တိတ်ဆိတ်နေသည်။

ကောင်းကင်ကလည်း မှောင်ရီပျိုးလာပြီ။

လေအေးတစ်ဝှေ့ကလည်း ညင်သာစွာ တိုက်ခတ်သွား၏။

ဟူလျန်နှင့် ပန်ယွဲ့လင်းတို့၏ အံချင်းရိုက်ခတ်သံ ‘တဂတ်ဂတ်’ကို ချန်ယွီ့ ကြည်လင်ရှင်းလင်းစွာ ကြားနေရသည်။

All Chapters