အလင်းဗေဒနှင့် အခေါင်းပေါက် တံတိုင်း
Vol. 35 Ch. 343
" အဲ့လောက်ထိလည်း ကြောက်မနေကြစမ်းပါနဲ့ဗျာ ... နံရံပေါ်က အမျိုးသမီးက သရဲမဟုတ်ပါဘူး ... ဒီတိုင်း ပန်းချီပါ ... "
" မယုံဘူးဆို ကိုယ့်ဘာကိုယ် သွားကြည့်လိုက် ... " ချန်ယွီ့ ထပ်ပေါင်းပြောဆိုလိုက်၏။
နံရံပေါ်ရှိ အမျိုးသမီးက ပန်းချီပါဟု ချန်ယွီ့ ပြောသံကြားတော့ ဟူလျန်မှာ အံ့အားသင့်သွားခဲ့သည်။
" တကယ်လည်း ပန်းချီဆွဲထားတာနဲ့ တူသလိုပဲ ... "
ချန်ယွီ့ကို ယုံကြည်စိတ်ဖြင့် ကျိုးခဲ့ရှင်းမှာ ရှိသည့် သတ္တိလေးများကို စုစည်းပြီး နံရံဆီသို့ တစ်လက်မချင်း တိုးသွား၏။
တုန်ယီနေသည့် လက်များဖြင့် နံရံပေါ်က ပန်းချီကို ထိတွေ့ကြည့်လိုက်သည်။
ခေတ္တကြာပြီးနောက် တစ်ယောက်ကိုယ်တစ်ယောက် ပြန်ကြည့်လိုက်ကြ၏။
တကယ်လည်း ပန်းချီဆွဲထားတာ ဖြစ်နေတာပဲ ...
" ဒေါက်တာချန် ... ဒီရဲ့ ပန်းချီရုပ်ပုံကို အထူးနည်းလမ်းတစ်ချို့နဲ့ နံရံပေါ်မှာ ဖုံးကွယ်ထားတာများ ဖြစ်နေမလား ... "
ကျိုးခဲ့ရှင်းက ရှေ့တွင် ဖြစ်ပျက်နေသည့် ပြဿနာ အကြောင်းအရင်းကို အလျင်အမြန်ပဲ ရှာတွေ့သွားခဲ့သည်။
နံရံတံတိုင်းများက ဗလာကျင်းပြီး အဖြူရောင်ဖြစ်၏။
ဘာမျှ မရှိသည်မှာ သိသာသည်။ သို့သော် ချန်ယွီ့ ရေနှင့်ဖြန်းလိုက်တော့ ပန်းချီကားက ချက်ချင်းပဲ ထွက်ပေါ်လာခဲ့၏။
စာလုံးများ ပေါ်လာစေရန်အတွက် အရည်တစ်ချို့ဖြင့် သုတ်လိမ်းရသည့် စပိုင်ရုပ်ရှင်ကား တစ်ကားကိုပင် သူမ သွားအမှတ်ရမိသည်။
" နံရံပေါ်က ပန်းချီက သာမန် နံရံဆေးရေး ပန်းချီပဲ ... ဘာထူးခြားနေတာမျိုးမှ မရှိဘူး ... "ချန်ယွီ့က ရှေ့ရှိ နံရံကို လက်ညှိုးထိုးပြရင်း ပြောလိုက်ပြီး " စိတ်၀င်စားဖို့ကောင်းတာက ဖုံးကွယ်ဖို့ သုံးထားတဲ့ အရာပဲ ... "
" ဘယ်လိုအရာလဲ ... "
ဟူလျန် မေးမြန်းလိုက်၏။
" ထုံးမှုန့် ... "
အချိန်ဆွဲမနေဘဲ ချန်ယွီ့ ချက်ချင်း ဖြေပေးလိုက်၏။
နံရံတွင် ပန်းချီရေးဖို့ သုံးထားသည့် ဆေးသားနှင့် စပ်လျဉ်း၍ မည်သည့် ထူးခြားနေသည့်အရာမျှ မရှိချေ။
လူတို့ ပန်းချီကို မမြင်နိုင်သည့် အကြောင်းအရင်းက နံရံပေါ် သုတ်လိမ်းထားသည့် ထုံးပျော်ရည် တစ်လွှာကြောင့် ဖြစ်၏။
" ထုံးပျော်ရည်က ခြောက်သွေ့သွားတာနဲ့ ပန်းချီကို ဖုံးသွားတယ် ... "
" ရေနဲ့ ထိတွေ့လိုက်တဲ့ အခါမှာကျ ဓာတ်ပြုမှု နည်းနည်း ဖြစ်ပေါ်လာပြီး ပန်းချီကားကို ထွက်ပေါ်လာစေတာပဲ ... "
" ရေခြောက်သွားရင်တော့ နံရံက သူ့နဂို အဖြူရောင် ပြန်ဖြစ်သွားမှာ .... "
" အဲ့ခါကျ ပန်းချီကို မမြင်ရတော့ဘူး ... "
" လူကြီးမင်းဟူ၊ မိန်းကလေးပန် ... " ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး " ခင်များတို့တွေ အလင်းဗေဒအကြောင်းတော့ နည်းနည်း နားလည်ကြမှာပါ ... "
" ထုံးကျောက်မှုန်လေးတွေမှာ အပေါက်တွေ အများကြီးရှိပြီး ရေမော်လီကျူးတွေက အပေါက်တွေနေရာမှာ ပြည့်နှက်သွားတဲ့အခါ ထုံးကျောက်ရဲ့ မျက်နှာပြင်က အလင်းပြန်လာတယ် ... "
" ဒီနည်းလမ်းနဲ့ နံရံပေါ်က ပန်းချီကားက ထင်ထင်ရှားရှားကြီး ထွက်ပေါ်လာခဲ့တာပဲ ... "
ထိုသို့ ပြောပြီးနောက် ချန်ယွီ့က တစ်ခုခုပြောဖို့ရာ တုံ့ဆိုင်းနေသည့် ကျိုးခဲ့ရှင်းကို ကြည့်လိုက်သည်။
" ထုံးကျောက်မှုန့်နဲ့ နံရံပေါ်က ပန်းချီကို ဖုံးကွယ်တာက စပိုင်ရုပ်ရှင်ကားတွေမှာ လျှို့ဝှက်သတင်းအချက်အလက်တွေကို လူမသိအောင် ထိန်းသိမ်းတာနဲ့ ဆင်တယ် ... "
ကျိုးခဲ့ရှင်း ရှော့ခ်ရသွားခဲ့၏။
ချန်ယွီ့က အနာဂတ်ကို ခန့်မှန်းနိုင်ရုံမျှမက၊ စိတ်ဖတ်နည်းပါ ကျွမ်းကျင်နေကြောင်းကို သူမ သေချာသွားခဲ့လေပြီ။
" ဒါ သိပ္ပံပညာလား ၊ သဘာ၀လွန် ပညာလား ... "
ပန်ယွဲ့လင်း ရေရွတ်လိုက်၏။
" သိပ္ပံ ...၊ ထင်တာပဲ .... "
ဟူလျန်လည်း မသေချာပေ။
နွမ်းပါးသည့် မိန်းကလေး သေဆုံးပြီး နှစ်အနည်းငယ်ကြာပြီးနောက် စံအိမ်ကြီးတွင် သရဲစခြောက်ခဲ့သည်။ အချိန်အခါအားဖြင့် ချင်မင်းဆက် ပျက်သုန်းပြီးချိန် ဖြစ်၏။
အကယ်၍ ချန်ယွီ့သာ သူတို့ကို လိမ်ညာနေခြင်း မရှိဘူးဆိုလျှင်တော့ ... နံရံဆေးရေးပန်းချီကို ဖုံးကွယ်ထားသည့် နည်းလမ်းသည် အလင်းဗေဒနှင့် သက်ဆိုင်နေပြီး ရူပနှင့် ဓာတုဗေဒ သဘောတရားများလည်း ပေါင်းစပ်ပါ၀င်နေသည်။
ချင်မင်းဆက် နှောင်းပိုင်း။
ရူပဗေဒ။
ဓာတုဗေဒ။
ဘာလို့ ဒီစကားလုံး သုံးလုံးက ထူးဆန်းနေတယ်ဆိုပြီး ခံစားနေရတာပါလိမ့် ...
" မဟုတ်ဘူး ၊ သရဲခြောက်တာက သရဲခြောက်တာပဲ ... ဘာသိပ္ပံနည်းလမ်းမှ မဟုတ်ဘူး ... "
" သေချာစဉ်းစားကြည့် ၊ မင်းတို့တွေ ဒီမှာနေတုန်းက သရဲငိုသံတွေ ခဏခဏ ကြားခဲ့ကြတယ် မဟုတ်ဘူးလား ... " အဘိုးကျန်းက ရုတ်တရက် မေးလာသည်။
ဟူလျန်နှင့် ပန်ယွဲ့လင်းတို့ နှစ်ဦးလည်း နည်းနည်း ပြန်ကြောက်သွားခဲ့ကြသည်။
" ဒေါက်တာချန် ... တကယ်လို့ ငါတို့တွေခဲ့တဲ့ သရဲမက တကယ်ပဲ ဒီရဲ့ နံရံဆေးရေး ပန်းချီဆိုရင် ... "
" သရဲငိုသံတွေ၊ အော်ဟစ်သံတွေ ကြားနေရတာကရော ဘယ်လိုရှင်းပြမှာ .... "
ဟူလျန် ချက်ချင်းပဲ အသေးစိတ်ကျကျ ရှင်းပြလာခဲ့၏။
ထူးဆန်းသည့် အသံဗလံများကို ကြားရပြီးနောက် သူနှင့် သူ့ကောင်မလေးတို့က သရဲခြောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး သံသယဖြစ်မိရုံမျှသာ ရှိကြသေးသည်။
အိမ်တွင်း၊ အိမ်ပြင် နေရာအနှံ့၌ စောင့်ကြည့်ရေး ကင်မရာများကို လိုက်လံတပ်ဆင်ထားခဲ့၏။
ထူးဆန်းသည့် အော်သံများ ထွက်ပေါ်လာသည့် အချိန် ၊ အနီးနားတွင် မည်သူမျှလည်း ရှိမနေချေ။
ဤသည်ကို ကြားတော့ ချန်ယွီ့က ပန်းအိုးများ ထားရှိသည့် နေရာနားသို့ သွားပြီး အလယ်အလတ်စားလောက်ရှိသည့် ကျောက်စရစ်ခဲတစ်လုံးကို ကောက်ယူလိုက်သည်။
ပြီးနောက် အရှေ့ဘက် နံရံသို့သွားပြီး ကျောက်စရစ်ခဲနှင့် နံရံကို ခေါက်ပြလိုက်၏။ ထိုသို့ ခေါက်လိုက်သည်နှင့် အခေါင်းပွသံက ထွက်ပေါ်လာသည်။
" အခေါင်းပေါက် နံရံလား ... "
ဟူလျန်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
နံရံအခိုင်အမာတစ်ခု ဖြစ်မည်ဆိုပါက ယခုလို ခေါင်းပွပွ အသံမျိုး ထွက်ပေါ်လာမှာ မဟုတ်ချေ။
ပန်ယွဲ့လင်းလည်း ထွက်ပေါ်လာသည့် အသံကနေ တစ်ဆင့် တစ်ခုခု မှားယွင်းနေသည်ကို တပ်အပ်ပြောနိုင်လေသည်။
“ အားလုံးမြင်ကြတဲ့အတိုင်းပဲ …၊ တကယ်တော့ နံရံက နှစ်ထပ်ဖြစ်နေတာ ….”
ချန်ယွီ့က ခါးကိုင်း၍ နံရံအောက်ခြေရှိ အုတ်ခဲတစ်လုံးကို ဆွဲထုတ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ အုတ်ခဲများစွာကို ဆွဲထုတ်ပြီးသွားခဲ့၏။
အောက်ခြေတွင် လူတစ်ဦး တွားသွားနိုင်လောက်သည်အထိ ကျယ်ဝန်းသည့် အပေါက်တစ်ပေါက် ရှိနေသည်။ ချန်ယွီ့ ထိုအပေါက်ထဲသို့ တွားသွား ဝင်ရောက်သွားခဲ့သည်။ ပြန်ထွက်လာသည့်အချိန်၌ လက်ထဲတွင် စပီကာအသေးလေးတစ်လုံးလည်း သူနှင့်အတူ ပါလာသည်။
“ ခင်များတို့ ကြားနေရတဲ့ သရဲအော်သံတွေဆိုတာ ဒီစပီကာကနေ လာတာပဲ ….”
ချန်ယွီ့က စပီကာ အသေးလေးကို ဟူလျန်ထံသို့ ပစ်ပေးရင်း ပြောလိုက်သည်။
စပီကာ အသေးလေးက အတော်လေး သစ်လွင်လှပြီး ဝယ်ထားည်မှာ သိပ်မကြာသေးသည့်ပုံပင်။
ဟူလျန်နှင့် ပန်ယွဲ့လင်းတို့နှစ်ဦးလုံး အဆုတ်များ ပေါက်ကွဲလုမတတ် ဒေါသထွက်လာခဲ့ကြ၏။
လက်စသတ်တော့ ထူးဆန်းတဲ့ အသံဗလံတွေက ဒီစပီကာကနေ ထွက်လာတာကိုး …
အဘိုးကျန်းမှာ ချန်ယွီ့ကို ရှော့ခ်ရစွာ ကြည့်လိုက်မိသည်။ ၎င်းနောက် ချက်ချင်းပဲ သတိမပြုမိနိုင်လောက်သည့် ထူးဆန်းသည့် အမူအရာတစ်ချက်က သူ့မျက်နှာထက်တွင် ဖြတ်ပြေးသွားခဲ့၏။
ကျိုးခဲ့ရှင်းက အဘိုးကျန်း၏ ထူးဆန်းသည့် အမူအရာကို မျက်လုံးထောင့်မှတစ်ဆင့် အမှတ်မထင် မြင်တွေ့သွားခဲ့လေသည်။
စပီကာ သေးသေးလေးနှင့် အခေါင်းပေါက်ဖြစ်နေသည့် နံရံကို တစ်ချက်ကြည့်ရင်း …
ထိုအချိန်မှာပဲ ကျိုးခဲ့ရှင်း အကြံတစ်ခုရသွားပြီး မေးမြန်းလိုက်၏။
“ ဒေါက်တာချန် … ဒီမှာ ဘာတစ္ဆေသရဲမှ မရှိဘဲ တစ်ယောက်ယောက်က လူတွေကို ရည်ရွယ်ချက်ရှိရှိ ခြောက်လှန့်နေတာ မဟုတ်လား ….”
“ ငါ အရင်ကလည်း ပြောခဲ့ပြီးပြီ … လောကကြီးထဲ သရဲတစ္ဆေတွေဆိုတာ မရှိဘူး …. ဒီမှာ ဘာထူးဆန်းတဲ့ သဘာဝလွန် ဖြစ်ရပ်မျိုးမှ မရှိဘူး …..”
“ ဒီအခေါင်းပေါက် နံရံကလည်း ဒီအိမ်ကြီးနဲ့အတူ တည်ဆောက်ထားတာ … အကြောင်းအရင်းကတော့ သူခိုးဓားပြတွေ လူသတ်၊ မီးရှို့တဲ့ ရန်ကနေ ထွက်ပြေးလို့ရအောင် အရေးပေါ်အနေနဲ့ အသုံးပြုဖို့ပဲ ….”
ချန်ယွီ့က ကျိုးခဲ့ရှင်းမေးသည့် မေးခွန်းကို ဖြေဆိုဖို့ အလျင်လိုနေခြင်း မရှိဘဲ နံရံ၏ မူလဇစ်မြစ်အကြောင်း ဖြည်းညင်းစွာ ရှင်းပြသည်။
ပဒေသရာဇ်ခေတ်တွင် ချမ်းသာသည့် မိသားစုများက များသောအားဖြင့် သူတို့အိမ်တွင် အသက်ကယ်နိုင်သည့် စက်ကောမ ယန္တရားများကို တည်ဆောက်ထားလေ့ရှိသည်။
လျှို့ဝှက်လိုဏ်ခေါင်းများ၊ နံရံများ၊ တံခါးများ စသည်ဖြင့် မျိုးစုံနေအောင် ရှိ၏။ ထောင်ချောက်များ တပ်ဆင်ထားချင်လျှင်ပင် အဆင်ပြေသည်။
ရှေးခေတ်တုန်းက ကျွမ်းကျင်သည့် လက်မှုပညာရှင်တို့ ပေါများလှပြီး သူတို့ ဆောက်လုပ်သည့် လျှို့ဝှက်လိုဏ်ခေါင်းများနှင့် နံရံများကို သာမန်လူတို့ ရှာတွေ့ဖို့ရန်မှာ အင်မတန် ခဲယဉ်းလှသည်။
“ ဆိုတော့ ….၊ တစ်ယောက်ယောက်က နံရံကို ဖွင့်ပြီး စပီကာ အသေးလေးကို အထဲမှာ ထည့်ထားခဲ့တယ် ….”
“ ကင်မရာတွေ ဘယ်လောက်ပဲ များနေအောင် တပ်တပ်၊ အမှန်တရားကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး ….”
ဟူလျန်နှင့် ပန်ယွဲ့လင်းတို့ လေးပင်စွာ ခေါင်းညိတ်လိုက်ကြ၏။
နှစ်ဦးမှာ ရှာတွေ့ဖို့ကို မဆိုထားနှင့်။ စဉ်းပင်မစဉ်းစားမိကြချေ။
“ အဘိုးကျန်း … ကျုပ်ပြောတာ မှန်တယ်မလား….”
ချန်ယွီ့က ရယ်သွမ်းလျက် တိတ်ဆိတ်နေသည့် အဘိုးကျန်းကို တစ်ချက် ကြည့်လိုက်သည်။
ဤစကားကြားတော့ ဟူလျန်နှင့် ကျိုးခဲ့ရှင်းတို့ အဘိုးကျန်းကို ပြိုင်တူ ကြည့်လိုက်ကြ၏။
အဘိုးကျန်း၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး မျက်နှာထက်ရှိ ကြွက်သားများက သဘာဝမကျစွာ တသိမ့်သိမ့် လှုပ်ရှားနေလျက်ရှိသည်။
“ အဘိုးကျန်း … ကျုပ်တို့ချင်း ဘာရန်ငြှိုး အာဃာတမှလည်း ရှိတာ မဟုတ်ဘူး … ခင်များ ဘာကြောင့် ကျုပ်တို့ကို ဒီလိုမျိုး လုပ်ရက်ရတာလဲ ….”
ဟူလျန် ဒေါသတကြီးနှင့် မေးသည်။
အကယ်၍ အဘိုးကျန်းနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေခြင်း မရှိဘူးဆိုပါက သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေစရာအကြောင်းလည်း မရှိပေ။
ယင်းတို့က အပြစ်ရှိစိတ် ခံစားနေရသည့် အမူအရာများဖြစ်ကြောင်း ကျိန်းသေသည်။
“ လူလေး … မင်း ဒီကောင် ပေါက်ကရတွေ လျှောက်ပြောနေတာကို နားမယောင်နဲ့ ….”
“ ငါ့လို အဘိုးကြီးက မင်းတို့ကို ဘာကိစ္စ ထိခိုက်အောင် လုပ်ရမှာလဲ ….”
အဘိုးကျန်းက တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ကိုယ်သူ ခုခံကာကွယ် ပြောဆိုလိုက်သည်။