← Chapters

နောက်ထပ် ထူးဆန်းတဲ့ အမှုတစ်ခု

Vol. 35 Ch. 347

နောက်ထပ် ထူးဆန်းတဲ့ အမှုတစ်ခု

Vol. 35 Ch. 347

" ဘယ်လို ကပ်ဘေးမျိုးလဲ ... "

ကျိုးခဲ့ရှင်း မည်သို့မျှ မအောင့်အီးနိုင်ဘဲ မေးမြန်းလိုက်၏။

" လူကြီးတွေ ကိစ္စထဲ ၀င်မပါနဲ့ ... " ချန်ယွီ့ ပြောလိုက်သည်။

" အဘိုးကျန်းရဲ့ အဘိုးက သူ့အထောက်အထားကို မထုတ်ဖော်ခဲ့ဘူးဆိုတာကလည်း သူ့အခက်အခဲနဲ့သူမလို့ ... "

ကျိုးခဲ့ရှင်း နှုတ်ခမ်း ဟစိဟစိ ဖြစ်သွားခဲ့၏။ သို့သော် ဘာမျှတော့ မပြောပေ။

သူမကိုယ်သူမ လူကြီးဖြစ်နေပါပြီဟု ပြောချင်နေသည်။

သို့သော် ချန်ယွီ့၏ သဘောထားကို ကြည့်ရသလောက်တော့ သူမ ဤမေးခွန်းကို ဆက်ပြီး မစပ်စုသင့်တော့သည့်ပုံပင်။

" လူကြီးမင်းဟူ ...၊ မိန်းကလေးပန် ၊ အမှန်တရားက ဒါပဲ ... "

" ဒီနေရာက မကြာခင်မှာ ကာကွယ်ပေးခံရတဲ့ နေရာ ဖြစ်လာတော့မယ် ... ဘာလို့ဆို ရှေးဟောင်းပစ္စည်း ကုန်သည်တွေ ခိုးသွားတဲ့ ပစ္စည်းတွေကို မကြာခင် ဖမ်းမိတော့မှာ မလို့ပဲ ... "

" သဲလွန်စတွေနောက် လိုက်ရင်း ဒီရဲ့ စံအိမ်ကြီးကို သူတို့တွေ ရှာတွေ့သွားကြမယ် ... "

" အဘိုးကျန်းက ခင်များတို့အပေါ် လှည့်ကွက်တွေ ထွင်ပြီး ခင်များတို့ရဲ့ လူနေမှုဘ၀အပေါ် အတော်လေး သက်ရောက်မှု ရှိခဲ့တယ်ဆိုပေမယ့် နားလည်ပေးလို့ ရတဲ့ အခြေအနေပါပဲ ... " ချန်ယွီ့က ထူးမခြားနားသည့် အမူအရာဖြင့် ဆိုလိုက်ပြီး " သူ့ကို ခွင့်လွှတ်တာ ၊ ခွင့်မလွှတ်တာကတော့ ခင်များတို့ အပိုင်းဖြစ်သွားပြီ ... "

" ဟင်း "..

ဟူလျန်နှင့် ပန်ယွဲ့လင်းတို့ သက်ပြင်းချလိုက်ကြ၏။

" အဘိုးကျန်း ... "ချန်ယွီ့က ညင်သာစွာ ပြုံးလျက် " ကျုပ်လည်း ခင်များကို ပြောချင်တာ နည်းနည်းရှိတယ် ..."

" ခင်များသူတို့ကို ခြောက်လှန့်ပြီး ထွက်ပြေးသွားစေချင်တာက သူတို့တွေ ဒီအိမ်ကြီးကို ဖျက်စီးပစ်မှာ .. ဒါမှမဟုတ် တန်ဖိုးမထားတာကို စိုးရိမ်လို့ မဟုတ်လား ... "

" တကယ်တော့ သူတို့နှစ်ယောက်က ရှေးဟောင်း အဆောက်အဦးတွေကို အတော်လေး ချစ်မြတ်နိုးကြတဲ့လူတွေ ဆိုတာတော့ ကျုပ် သေချာပေါက် ပြောရဲတယ် ... "

" အခု ဒီအကြောင်းတွေ သိသွားပြီဆိုတော့ ဒီနေရာကို ပိုပြီးတောင် တန်ဖိုးထားမိကြဦးမှာ ... မြက်တစ်ပင်၊ သစ်ပင်တစ်ပင်တောင် ပျက်စီးစေမှာ မဟုတ်ဘူးဆိုတာ ကျိန်းသေတယ် ..."

ချန်ယွီ့ စကားနောက် လိုက်ပါရင်း ဟူလျန်လည်း အဘိုးကျန်း ယခင်တုန်းက လုပ်ရပ်များကို ခွင့်လွှတ်ကြောင်းနှင့် ဤအိမ်ကြီးကို သေချာ ထိန်းသိမ်း ကာကွယ်ပေးပါ့မည်ဟု ကတိပေးလာသည်။

အဘိုးကျန်း ခေါင်းညိတ်လိုက်၏။ ရင်ထဲ နှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရသည့် ဇာတ်လမ်းများကို ယခုလို ရင်ဖွင့်ပြောဆိုလိုက်ရသည့် အတွက် သူ့စိတ်၀န်လည်း အတော်လေး ပေါ့ပါးသွားခဲ့သည်ဟု ခံစားနေရ၏။

ထိုခေတ်က သူသည် အိမ်ရှင် မိသားစုနှင့် ဆက်နွယ်မှု ရှိခဲ့၏။

အကယ်၍ အမှန်တရားကိုသာ ထိုသူတို့ သိရှိသွားခဲ့မည်ဆိုပါက မသေလျှင်ပင် အရေခွံတစ်လွှာတော့ အနွှာခံရနိုင်သည်။

" ကလင် ကလင် ကလင် ... "

ထိုအချိန်မှာပဲ ချန်ယွီ့ဖုန်းက အသံမြည်လာခဲ့သည်။

လီချန်ကျွင်းထံက ဖြစ်ကြောင်း မြင်လိုက်ရတြေ့ ချန်ယွီ့ပြုံးပြီး ခေါင်းအသာ ခါယမ်းလိုက်သည်။

" ကဲ ကိုယ့်လူတို့ ... ကျုပ်မှာ လုပ်စရာ ကိစ္စလေးပေါ်လာလို့ အရင်ပြန်နှင့်တော့မယ် ... "

" နာ့စ်ကျိုး ... ပိုက်ဆံယူပြီး တက္ကစီနဲ့ ပြန်သွားလိုက်တော့နော် ... "

ထိုသို့ ပြောဆိုပြီးနောက် ချန်ယွီ့သည် အိမ်အပြင်ဘက်သို့ တစ်ကိုယ်တည်း ထွက်ခွာသွားခဲ့၏။

" ဒေါက်တာချန် ... မင်းအခု ဘယ်မှာလဲ .... ငါ ချက်ချင်း လူလွှတ်ပြီး မင်းကို လာကြိုခိုင်းလိုက်မယ် ...."

" တစ်ခုခု ထူးဆန်းတာ ထပ်ဖြစ်ပြန်ပြီလား ...."

ချန်ယွီ့ ပြုံးလျက် မေးလိုက်၏။

" ရှုပ်ထွေးတဲ့ကိစ္စပဲ ... လူချင်းတွေ့မှပဲ စကားပြောကြတာပေါ့ ... "

လီချန်ကျွင်း၏ အသံက အင်မတန် လေးနက်နေသည်။

" ကောင်းပြီလေ ... ကျုပ် ဖုန်းချပြီးတာနဲ့ ခင်များဆီ လိပ်စာပို့လိုက်မယ် ... "

နာရီ၀က်နီးပါးခန့် ကြာပြီးနောက် အနက်ရောင် ကားတစ်စင်းက အဝေးမှ ချဉ်းကပ်လာသည်။

ကားက ချန်ယွီ့ရှေ့တွင် ရပ်တန့်သွားခဲ့ပြီးနောက် လီချန်ကျွင်းက ခရီးသည် ထိုင်ခုံမှ ဆင်းလာခဲ့သည်။

ထို့နောက် ဒရိုင်လာ ထိုင်ခုံကနေ လူငယ် တစ်ဦး ဆင်းလာခဲ့၏။

လူငယ်လေးကို ကြည့်ရင်း ချန်ယွီ့ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

" စိတ်ကျန်းမာရေးဆရာ၀န်လုပ်ရတာ တကယ် မလွယ်ကြောပဲနော် ... "

" တကယ် မလွယ်တာ ... "

ဤသည်ကို ကြားတော့ လူငယ်လေးမှာ စစချင်းတော့ ရှော့ခ်ရသွားခဲ့၏။ ထို့နောက် သူ့ရှေ့တွင် ရပ်နေသူက ချန်ယွီ့ဖြစ်ကြောင်းကို ပြန်အမှတ်ရသွားခဲ့သည်။

သူ သုံးသပ်မိသလောက်တော့ ချန်ယွီ့က တာအိုဂိုဏ်း၏ ပထမတန်းစား ထိပ်တန်းကျွမ်းကျင်သူ တစ်ဦး ဖြစ်မည်မှာ ကျိန်းသေသည်။ မဟုတ်ဘူးဆိုပါက ဤမျှ မြင့်မားလှသည့် ရှေ့ဖြစ်ဟော စွမ်းရည်ကို ပိုင်ဆိုင်ထားမှာ မဟုတ်ချေ။

" ဒေါက်တာချန် .. မင်းတို့နှစ်ယောက်က အချင်းချင်း သိကြတာလား ..."

လီချန်ကျွင်း ဖြတ်မေးလာခဲ့၏။

" မသိဘူး ... " ချန်ယွီ့ ခေါင်းခါလိုက်သည်။ " ဒါပေမယ့် သူက ကျုပ်ကို အတုခိုးနေတဲ့လူဆိုတာတော့ သိတယ် ... "

" ဒေါက်တာချန် ပြောတာ မှန်တယ် ... ဖန့်ကွမ်းက တကယ်လည်း မင်းကို အတုခိုးနေတာ ... " လီချန်ကျွင်း ခါးသက်စွာ ပြုံးလျက် " ဒါပေမယ့် သူ့ရဲ့ လက်ရှိ အထောက်အထားကတော့ အထူးစစ်ဆင်ရေး အသင်း၀င်ပဲ ... "

" ဒီတစ်ခေါက် ခေါ်လာခဲ့တာက ဒေါက်တာချန်ဆီကနေ ကြည့်ပြီး သင်ယူလို့ရအောင်ပဲ ... "

အချိန်ကြာလာသည်နှင့်အမျှ အင်တာနက်ပေါ်တွင် ချန်ယွီ့၏ ဂုဏ်သတင်းက ကြီးမားသည်ထက် ကြီးမားလာပြီး လူတိုင်းက နတ်ဘုရားသဖွယ် ယုံကြည်အားကိုးရလောက်သည့် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

ယင်းက များပြားလှသည့် အင်တာနက် သုံးစွဲသူများကို စွဲဆောင်ရုံမျှမက ၊ အမျိုးမျိုးသော ပုံတူကူးသမားများကိုလည်း မြင့်တက်လာစေခဲ့သည်။

သူတို့ကိုယ်သူတို့ ဂမ္ဘီရ တတ်ကျွမ်းသည်ဟု အထင်ရောက်နေသူများ အားလုံးက စိတ်ပညာရှင်များ အဖြစ်သို့ ကူးပြောင်းသွားခဲ့ကြသည်။

ဖန့်ကွမ်းဆိုသည့် လူငယ်လေးကလည်း ထိုအနက် တစ်ဦးဖြစ်၏။

ဆောက်လုပ်ရေးဆိုက်တွင် ၂ နှစ်ခွဲကြာ အုတ်သယ်ပြီး စုဆောင်းထားသည့် ပိုက်ဆံများကို ထုတ်ယူ၍ နေရာတစ်နေရာငှားယမ်းပြီး စိတ်ကျန်းမာရေး ဆေးခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။

နှစ်ရက်အတွင်းမှာပဲ အာဏာပိုင်များ ဘန်းတာကို ခံလိုက်ရလေသည်။

ဖန့်ကွမ်းက ဝိဉာဏ်ရိုက်နှက်ခြင်း နည်းစနစ်၏ အမွေဆက်ခံသူ ဖြစ်နေကြောင်းကို သိလိုက်ရတော့ လီချန်ကျွင်းလည်း သူ့ကို အထူးစစ်ဆင်ရေး အသင်းထဲသို့ ခေါ်ယူထားလိုက်သည်။

လက်ရှိတွင်တော့ အစမ်းခန့် သဘောမျိုး ဖြစ်၏။

" ကဲ ကျုပ်ကိုပြော ...၊ ဘယ်လို ထူးဆန်းတဲ့ အမှုတွေ ဖြစ်နေလို့လဲ ... "

ချန်ယွီ့ မေးလိုက်သည်။

" ကားထဲ၀င်ပြီး ပြောကြတာပေါ့ ... "

ပတ်၀န်းကျင်ကို တစ်ချက်သေချာ အကဲခတ်ပြီးနောက် လီချန်ကျွင်းက လျှို့ဝှက်ဆန်းကြယ်နေသလို လုပ်ပြီး ချန်ယွီ့ကို ကားထဲသို့ ဖိတ်ခေါ်လိုက်သည်။

ကားထဲရောက်တော့ လီချန်ကျွင်းက အမှုအသေးစိတ်ကို ဖြည်းဖြည်းချင်း ရှင်းပြ၏။

လွန်ခဲ့သော လေးရက်ခန့်က ပထမဦးဆုံး နစ်နာသူသည် လမ်းမပေါ် လမ်းလျှောက်နေရင်း အဲကွန်းတစ်လုံးက အပေါ်မှ ပြုတ်ကျလာပြီး ခေါင်းပေါ် တည့်တည့် ထိမှန်ကာ သေဆုံးသွားခဲ့သည်။

မတော်တဆမှုဟု ထင်ရသော်လည်း ရဲအရာရှိများ အခင်းနေရာကို စစ်ဆေးကြည့်သည့် အချိန်၌ တစ်စုံတစ်ယောက်က ၀က်အူများကို ဆွဲဖြုတ်ထားသည့် အရာများ မြင်တွေ့ခဲ့ရလေသည်။

စုံစမ်းရေးအသင်းခေါင်းဆောင်ကတော့ ယင်းအမှုသည် မတော်တဆမှုသပ်သပ် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုအဖြစ် အမှုဖွင့်ခဲ့၏။

သို့သော် ပြဿနာက ...

၀က်အူများကို ဆွဲဖြုတ်လိုက်လျှင်ပင် အဲကွန်း၏ အပြင်ယူနစ်က ပြင်ပတွန်းအား တစ်ခုခု မပါရှိဘဲ သူ့အလိုလို ပြုတ်ကျဖို့က မဖြစ်နိုင်။

နောက်ကို တစ်လှမ်းဆုတ်ပြီး ထပ်စဉ်းစားကြည့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က အားဖြင့် တွန်းထုတ်စေခဲ့ဦးတော့ နစ်နာသူ၏ ဦးခေါင်းထိပ်တည့်တည့်သို့ ကျရောက်ပါမည်ဟု အာမ မခံနိုင်ချေ။

ထို့ပြင် အခင်းဖြစ်သည့် နေရာ အနီးတစ်ဝိုက်ရှိ စောင့်ကြည့်ရေးကင်မရာ မြင်ကွင်းများထဲတွင်လည်း မည်သူ့ကိုမျှ မမြင်တွေ့ခဲ့ရပေ။ နောက်ပြီး ထိုနေ့က လေငြိမ်သည့် နေ့တစ်နေ့လည်း ဖြစ်၏။

သက်ဆိုင်ရာ ဌာနများက သဲလွန်စများ မရှာတွေ့နိုင်ခင်မှာပဲ နောက်တစ်နေ့မှာတွင် နောက်ထပ် အက်စီးဒင့်တစ်ခုက ဖြစ်ပေါ်လာပြန်သည်။

အမျိုးသားတစ်ဦးက ကျေးလက်ဘက်ရှိ သူ၏ သစ်သီးခြံမှ သစ်သီးများကို ခူးယူရန်အတွက် သစ်သီးခြံသို့ ထွက်ခွာလာခဲ့သည်။

တစ်နာရီခန့်မျှ အလုပ်လုပ်ပြီးနောက် သူ့ခန္ဓာကိုယ်က ရုတ်တရက်ဆိုသလို သစ်ပင်ကိုင်းတစ်ခုနှင့် ၀င်တိုက်မိပြီး လည်ချောင်းသို့ ထုတ်ချင်းပေါက် ၀င်ရောက်ကာ အသက်ဆုံးရှုံးသွားခဲ့သည်။

မျက်မြက်သက်သေ၏ ဖော်ပြချက်အရတော့ ထိုအမျိုးသားက မသေဆုံးမီ တစ်စုံတစ်ရာကို အင်မတန် ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာဖြင့် ' မလုပ်နဲ့ ...' ဟု အော်ဟစ်ပြီး သစ်ပင်ကိုင်းနှင့် တိုက်မိသွားခဲ့သည်။

တတိယ နစ်နာသူကတော့ ... သူ၏ သေဆုံးမှုက ပို၍ပင် ယုတ္တိနှင့် မညီပေ။

မနေ့တုန်းက နစ်နာသူသည် လမ်းပေါ်တွင် E-bike စီးနေရင်း မြစ်အနီးနားကို ရောက်တော့ ဆိုင်ကယ်ကို ရုတ်ချည်း အရှိန်မြင့်ကာ မြစ်ထဲသို့ ထိုး၀င်မောင်းချသွားခဲ့သည်။

စောင့်ကြည့်ကင်မရာ မြင်ကွင်းကို စစ်ဆေးကြည့်တော့ ထူးဆန်းသည်ဟု လီချန်ကျွင်း ခံစားလိုက်ရ၏။

မြစ်ထဲသို့ မောင်းချသွားသည့် နစ်နာသူက ဆိုင်ကယ်ကို တစ်စုံတစ်ယောက်နှင့် အပြိုင်မောင်းနေသည့်နှယ် အရှိန်တင်ထားလေသည်။

ဆိုင်ကယ်၏ အမြန်နှုန်းက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းလှ၏။

" ဒေါက်တာချန် ... ဒီရဲ့ မတော်တဆမှု သုံးခုလုံးက ထူးဆန်းလွန်းတယ် ... တစ်နေ့ကို တစ်ယောက်နှုန်းနဲ့ သေနေသလိုပဲ ... "

လီချန်ကျွင်း လူသတ်မှု သုံးခုလုံးကို အတူ စစ်ဆေးပြီး ဖြစ်၏။

အသေးစိတ် ဆန်းစစ်လေ့လာသုံးသပ်မှုတို့ကတစ်ဆင့် နစ်နာသူ သုံးဦးတွင် တူညီနေသည့် အရာတစ်ချက်က ဘိလပ်မြေစက်ရုံ အသေးစားလေးတစ်ခုတွင် အလုပ်လုပ်ကိုင်ဖူးသည့် အလုပ်သမားများပင်။

အနှီ ဘိလပ်မြေစက်ရုံက ဟန်ကျိုးမြို့ထဲရှိ မြို့ငယ်လေး တစ်မြို့တွင် တည်ရှိသည်။

မသေဆုံးမီ တစ်ပတ်အလိုမှာပဲ သုံးယောက်လုံးက တစ်ယောက်ပြီးတစ်ယောက် အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြ၏။

" ခင်များ ဒီအမှုတွေကို ထူးဆန်းတဲ့ သဘာ၀လွန်အမှုလို့ တွေးထင်နေတာ သူတို့သေဆုံးတဲ့အချိန် ထူးဆန်းတဲ့ ပတ်၀န်းကျင်အခြေအနေကြောင့် မဟုတ်ဘဲ ... " လီချန်ကျွင်းကို စကားဖြတ်ပြောရန်အတွက် ချန်ယွီ့ လက်မြှောက်လိုက်ပြီး " သူတို့ ဘယ်လို သေသွားလဲဆိုတဲ့ ပုံစံကြောင့်ပဲမလား ... "

လီချန်ကျွင်း လေးပင်စွာ ခေါင်းညိတ်လိုက်သည်။

လွန်ခဲ့သော တစ်နာရီခန့်ကပဲ လီချန်ကျွင်း နောက်ထပ်ပြဿနာ တစ်ရပ်ကို ရှာတွေ့ခဲ့၏။

၎င်းကြောင့်လည်း ချန်ယွီ့ထံသို့ အကူအညီ တောင်းလာရခြင်းပင်။

All Chapters