အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း (၂၇၁) - မြင့်မြတ်နယ်မြေ၏ အင်အား
နန်ကုန်းယွီ၏ စကားကို ကြားချိန်တွင် သက်လတ်ပိုင်းအရွယ် တာဝန်ခံက ခေါင်းယမ်းလိုက်၏။
"ပြဿနာက ရှိတယ်... သေးသေးလေးတောင် မဟုတ်ဘူး"
နန်ကုန်းယွီ မျက်မှောင်ကြုတ်သွားသော်လည်း သက်လတ်ပိုင်းအရွယ် တာဝန်ခံက ဆက်ပြောလာသည်။
"ရှီးဖူကျွန်းနဲ့ ကျုံးဖူကျွန်းကြား အကွာအဝေးက အရမ်းဝေးလွန်းတယ်... နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသုံးပြုရတာ အရင်းအမြစ်တွေ အများကြီး ကုန်ကျတယ်... လက်ခံရေးဌာနက လူတွေပဲဖြစ်ဖြစ် အပြင်လူတွေပဲဖြစ်ဖြစ် တစ်ခါသုံးတိုင်း လူအရေအတွက်က တစ်ရာထက် မနည်းရဘူး"
"တစ်ယောက်ကို အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅ သိန်း ရှိရမယ်... အဲ့ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ ဘီလီယံ ဒါမှမဟုတ် အဆင့်မြင့် ဧကရာဇ်ဆေးလုံး တစ်လုံးရဲ့ တန်ဖိုးနဲ့ ညီမျှတယ်... မင်းက အဲ့လောက် မတတ်နိုင်ဘူးလို့ ငါထင်တယ်... ဒါကြောင့် မင်း သုံးလို့ မရဘူး"
ဤစကားကို ကြားချိန်၌ နန်ကုန်းယွီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တစ်ဖက်လူ ပြောသည့်စကားမှာ အမှန်ဖြစ်ကြောင်း သူ သဘာဝကျစွာပင် သိထားပေ၏။
သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သက်လတ်ပိုင်း တာဝန်ခံက ဆက်ပြောသည်။
"ဒါ့အပြင် ဒီတစ်ကြိမ် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို သုံးမယ့်သူက သွမ်းမူမိသားစုရဲ့ သူတော်စင်မ လို့ ပြောကြတယ်... မြင့်မြတ်နယ်မြေမှာ အသက်အငယ်ဆုံး ဧကရာဇ်အဆင့် ဆေးဆရာဖြစ်တဲ့ သွမ်းမူနျန်းချူးက မင်းကို အဖော်အဖြစ် ခေါ်သွားချင်မှာ မဟုတ်ဘူး"
"သူက ကျွန်တော့်ကို အတူလိုက်ခွင့်မပြုဘူးလား"
နန်ကုန်းယွီ အနည်းငယ် မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာ မေးလိုက်၏။
"သွမ်းမူမိသားစုရဲ့ သူတော်စင်မက တကယ်ပဲ အဲ့ဒီလောက်တောင် ဗိုလ်ကျစိုးမိုးတတ်တာလား"
"လျှောက်မပြောနဲ့!"
သက်လတ်ပိုင်း တာဝန်ခံက သူ့ကို အလျင်အမြန် တားဆီးလိုက်ပြီး တိုးညှင်းသော အသံဖြင့် အပြစ်တင်လိုက်သည်။
"သွမ်းမူမိသားစု ဆိုတာ မြင့်မြတ်နယ်မြေရဲ့ ကြီးမြတ်တဲ့ မိသားစုသုံးခုထဲက တစ်ခုဖြစ်တဲ့ ဆေးတာအို မိသားစုပဲ... သွမ်းမူနျန်းချူးက သွမ်းမူမိသားစုရဲ့ တစ်ဦးတည်းသော သူတော်စင်မ ဖြစ်သလို ဆေးဆရာများ အသင်းချုပ်ရဲ့ ဧကရာဇ်အဆင့် ဆေးဆရာလည်း ဖြစ်တယ်"
"သူမက အသက် ၅၂ နှစ်ပဲ ရှိသေးပေမယ့် ဝိညာဉ်ဧကရာဇ်အဆင့်ကို ဝင်ရောက်နေပြီဖြစ်သလို ဧကရာဇ်အဆင့် ဆေးဆရာအဖြစ်ကိုပါ ရောက်ရှိနေပြီလို့ ပြောကြတယ်... အဲ့ဒါက တော်တော်လေး အထင်ကြီးစရာကောင်းတယ်... ပါရမီရှင်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ပဲ"
"မင်းလို ကောင်လေးက ဒီလိုမျိုး လျှောက်ပြောရဲတယ်ဆိုတော့ သေချင်နေတာလား"
ဤစကားကို ကြားချိန်၌ နန်ကုန်းယွီမှာ ဂရုမစိုက်သော်လည်း အပြင်ပန်းတွင်မူ အံ့အားသင့်သွားဟန် ဟန်ဆောင်လိုက်၏။
သူက အလျင်အမြန် ပြုံးကာ လက်အုပ်ချီ၍ ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ... ဒါပေမဲ့ ကျွန်တော့်ကို စာရင်းသွင်းပြီး ထွက်သွားဖို့ ကူညီပေးပါ... ပြီးတော့ ဖြစ်နိုင်ရင် သွမ်းမူမိသားစုရဲ့ သူတော်စင်မနဲ့ မိတ်ဆက်ပေးပါ"
သက်လတ်ပိုင်း တာဝန်ခံ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပေ၏။
"မင်းက ငါ့ကို တကယ် အထင်ကြီးတာပဲ... ငါတို့ ဂိုဏ်းချုပ်သာဆိုရင်တော့ ဖြစ်နိုင်ချေရှိတယ်... ဒါပေမဲ့ မင်းက ငါ့ကို အကူအညီတောင်းပြီး လုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး"
"အဲ့ဒီလိုလား"
နန်ကုန်းယွီ မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် စိတ်ပျက်သွားသည်။
"ဒါဆိုရင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက ဘယ်မှာလဲ... ကျွန်တော် သွားကြည့်ဖို့ အခွင့်အရေး ရနိုင်မလား"
ဤစကားကို ကြားချိန်၌ သက်လတ်ပိုင်း တာဝန်ခံက ခေါင်းယမ်းလိုက်၏။
"မင်းက တကယ် ခေါင်းမာတာပဲ... မမြင်ရသရွေ့ လက်လျှော့မယ့်ပုံ မပေါ်ဘူး... အန်းရှင်း... သူ့ကို အဲ့ဒီကို ခေါ်သွားလိုက်... ပြဿနာ မရှာအောင် သူ့ကို တားထားလိုက်"
"ဟုတ်ကဲ့ပါ စီနီယာဦးလေး"
အန်းရှင်းက သဘောတူလိုက်ပြီး နန်ကုန်းယွီကို ကြည့်ကာ ပြုံးရယ်လိုက်၏။
"ငါ မင်းကို ခေါ်သွားပေးမယ်"
နန်ကုန်းယွီက လက်ယှက်ဂါဝရပြုကာ ပြုံးလျက် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ... အစ်မ အန်းရှင်းကိုလည်း ကျေးဇူးတင်ပါတယ်"
သူသည် အန်းရှင်းနောက်သို့ လိုက်သွားရာ မကြာမီ အရှေ့ဘက်ရှိ လက်ခံရေးဌာန အပြင်ဘက် ကွင်းပြင်တစ်ခုသို့ ရောက်ရှိသွားကြသည်။
နေရာရွှေ့ပြောင်းခြင်း ကွင်းပြင်။
ဤနေရာတွင် ဝင်္ကပါ ဆယ့်နှစ်ခု ရှိပြီး အများစုမှာ ဧကရာဇ်အဆင့်များ ဖြစ်ကြသည်။ ထိုအထဲတွင် သူတော်စင်အဆင့် ဝင်္ကပါ နှစ်ခုနှင့် တာအိုအဆင့် ဝင်္ကပါ တစ်ခု ပါဝင်ပေ၏။
ကျုံးဖူကျွန်းသို့ ရွှေ့ပြောင်းပေးနိုင်သည်မှာ တာအိုအဆင့် ဝင်္ကပါတစ်ခုတည်းသာ ဖြစ်ပုံရသည်။
သို့ရာတွင် ဤတာအိုအဆင့် ဝင်္ကပါသည် အနည်းငယ် ထူးဆန်းနေသလို သူ ခံစားလိုက်ရသည်။ မဟုတ်မှလွဲရော...
မပြည့်စုံဘူးလား။
ထူးဆန်းပေ၏။
နန်ကုန်းယွီက ခေါင်းယမ်းလိုက်ပြီးနောက် အန်းရှင်းကို ကြည့်ကာ မေးလိုက်သည်။
"အစ်မ အန်းရှင်း... ကျုံးဖူကျွန်းကို နေရာရွှေ့ပြောင်းပေးနိုင်တာက အဲ့ဒီ တာအိုအဆင့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါလား"
"ဟုတ်တယ်"
အန်းရှင်းက ခေါင်းညိတ်လိုက်ပြီး အတော်လေး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလာ၏။
"မင်းကို ငါပြောပြမယ်... ငါတို့ လက်ခံရေးဌာနက ကြားနေအင်အားစု ဖြစ်ပေမယ့်လည်း မဟာအင်အားစုကြီး ကိုးခုရဲ့ လက်အောက်မှာရှိတဲ့ ထိပ်တန်း အင်အားစုတစ်ခုပဲ... တာအိုအရှင်မြတ်အဆင့် စွမ်းအားရှင်ကြီးက ဌာနမှာ ရှိတယ်"
"ဒါကြောင့် ငါ့တို့ရဲ့ လက်ခံရေးဌာနမှာရှိတဲ့ ရေပေါ်ကျွန်း ငါးခုစလုံးမှာ အချင်းချင်း နေရာရွှေ့ပြောင်းနိုင်တဲ့ တာအိုအဆင့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတွေ အသီးသီးရှိတယ်... တခြား ထိပ်တန်း အင်အားစုတွေထက် အများကြီး ပိုကောင်းတယ်"
"မဟာအင်အားစုကြီး ကိုးခု"
တာအိုယန်နတ်ဆိုးမျက်လုံးဖြင့် အကြမ်းဖျင်းလေ့လာကြည့်ပြီးဖြစ်သဖြင့် နန်ကုန်းယွီ တွေးတောလိုက်သည်။
ထို့ပြင် ထိုအင်အားစုကိုးခု၏ အမည်များကို မြင့်မြတ်နယ်မြေရှိ သက်ရှိအများစုက ရင်းနှီးကျွမ်းဝင်ကြပေ၏။ မဟာမြင့်မြတ်မင်းဆက် နှစ်ခု၊ ကြီးမြတ်သော မိသားစု သုံးခုနှင့် နတ်ဘုရားနယ်မြေ လေးခုတို့ ဖြစ်ကြသည်။
တိတိကျကျ ဆိုရသော် မဟာရှ နှင့် မဟာချန်ဆိုသည့် မဟာမြင့်မြတ်မင်းဆက် နှစ်ခု၊ ဆေးလုံးဖော်စပ်ရေးတွင် ကျွမ်းကျင်သော သွမ်းမူ မိသားစု၊ ဝင်္ကပါတွင်ကျွမ်းကျင်သော ကျူးကော့ မိသားစု၊ အဆောင်ပညာတွင် ကျွမ်းကျင်သော ရှန်ကွမ် မိသားစု ဟူသော ကြီးမြတ်သည့် မိသားစု သုံးခု၊ ထို့ပြင် ဖျောင်မြောင်၊ ယောင်ချီ၊ မိစ္ဆာတစ်သောင်း နှင့် မော့ယွမ် ဟူသော မြင့်မြတ်နယ်မြေ လေးခုတို့ ဖြစ်သည်။
ထိုအကြောင်းကို ပြောရလျှင် နန်ကုန်းယွီသည် မဟာရှမြင့်မြတ်မင်းဆက်မှ ရွှမ်ယွမ်လင်ယွင်၊ ယောင်ချီနတ်ဘုရားနယ်မြေမှ ရွှမ်ယွမ်ကျင်းဟုန် နှင့် မိစ္ဆာတစ်သောင်း မြင့်မြတ်နယ်မြေမှ ချီရှောင် စသည့် အဓိက အင်အားစု သုံးခုမှ လူများနှင့် ထိတွေ့ဆက်ဆံဖူးပေ၏။
များများစားစား မတွေးတောတော့ဘဲ နန်ကုန်းယွီက သိချင်ဟန်ဆောင်ကာ မေးလိုက်သည်။
"အစ်မ အန်းရှင်း... မဟာအင်အားစုကြီး ကိုးခုအပြင် မြင့်မြတ်နယ်မြေမှာ တခြား အင်အားစုတွေ အများကြီး ရှိသေးလား"
"ဒါပေါ့"
အန်းရှင်းက ခေါင်းညိတ်လိုက်ပြီး ပြောဆိုလာ၏။
"မြင့်မြတ်နယ်မြေက ကျယ်ဝန်းပြီးတော့ အဆုံးအစမရှိဘူး... လက်ခံရေးဌာန တည်ရှိတဲ့ အနောက်ဘက်အစွန်အဖျားကတောင် မြင့်မြတ်နယ်မြေရဲ့ နယ်နိမိတ် မဟုတ်သေးဘူး... မြင့်မြတ်နယ်မြေရဲ့ စစ်မှန်တဲ့ နယ်နိမိတ်ကို ဘယ်သူမှ မရောက်ဖူးကြသေးဘူး"
"ဒီကျယ်ဝန်းပြီး အဆုံးအစမရှိတဲ့ နယ်မြေပေါ်မှာ မဟာအင်အားစုကြီး ကိုးခုအပြင် နောက်ထပ် သာလွန်ထူးကဲတဲ့ အင်အားစု ငါးခု ရှိသေးတယ်... ဆေးဆရာများ အသင်းချုပ်၊ ရတနာဖန်တီးရှင်များ မဟာမိတ်အဖွဲ့၊ အဆောင်ပညာရှင်များ အသင်းချုပ်၊ ဝင်္ကပါပညာရှင်များ မဟာမိတ်အဖွဲ့နဲ့ ကောင်းကင်လျှို့ဝှက်ချက်ခန်းမတို့ပဲ"
"အဲ့ဒါတွေကို သာလွန်ထူးကဲတယ်လို့ ဖော်ပြရတဲ့ အကြောင်းအရင်းက အဆန်းကြယ်ဆုံးနဲ့ အထူးခြားဆုံးဖြစ်တဲ့ ကောင်းကင်လျှို့ဝှက်ချက်ခန်းမကလွဲလို့ ကျန်တဲ့လေးခုက မြင့်မြတ်နယ်မြေ အရပ်ရပ်က ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာကြောင့်ပဲ... တခြား အဓိက အင်အားစုတွေက လူတွေလည်း ဝင်ရောက်နိုင်တာမို့ ဘယ်မဟာအင်အားစုကမှ မရန်စချင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာတယ်"
"အဲ့ဒီအောက်တွင်တော့ ထိပ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနဲ့ အဆင့်မရှိတဲ့ အင်အားစုတွေဆိုပြီး ရိုးရှင်းစွာ ခွဲခြားနိုင်တဲ့ အင်အားစုပေါင်း ရေတွက်လို့မရအောင် ရှိတယ်... လက်ခံရေးဌာနက ထိပ်တန်း အင်အားစုတွေထဲက တစ်ခုပဲ"
"ဒါပေါ့... ငါတို့ရဲ့ လက်ခံရေးဌာနနဲ့ ကောင်းကင်လျှို့ဝှက်ချက်ခန်းမကလွဲရင် တခြား ထိပ်တန်း အင်အားစုတွေက သူတို့ ရပ်တည်နိုင်ဖို့အတွက် မဟာအင်အားစု ကိုးခုကို မှီခိုနေရတယ်... တခြား အင်အားစုတွေအကြောင်းတော့ ပြောစရာတောင် မလိုတော့ဘူး"
ဤစကားကို ကြားချိန်၌ နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏စိတ်ထဲတွင် ယေဘုယျအခြေအနေကို နားလည်သဘောပေါက်သွားပေ၏။
မဟာအင်အားစု ကိုးခုက မြင့်မြတ်နယ်မြေကို ထိန်းချုပ်ထားတာလား။
ပိုပြီး ယဉ်ကျေးစွာ ပြောရမည်ဆိုလျှင် လက်အောက်ခံ ဆက်ဆံရေးမျိုးနှင့် ပိုတူပေသည်။
သဘာဝကျကျပင် နှိုင်းယှဉ်ရလျှင် လွတ်လပ်သော အဖွဲ့အစည်းများလည်း ရှိနိုင်သော်လည်း အားလုံးမှာ မဟာအင်အားစုကြီးများ၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်း၌ပင် ရှိနေမည် မဟုတ်ပါလော။
နန်ကုန်းယွီက ပြုံးလိုက်ပြီး ပြောဆိုလိုက်၏။
"အစ်မ အန်းရှင်း... အစ်မ သွားပြီး အလုပ်လုပ်ပါလား... ကျွန်တော် တစ်ယောက်တည်း လျှောက်ကြည့်လိုက်ပါ့မယ်"
အန်းရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
"စီနီယာဦးလေးက မင်းကို စောင့်ကြည့်နေဖို့ ပြောထားတယ်... ပြီးတော့ ငါ့အကူအညီမပါဘဲ မင်းရဲ့ အဆင့်အတန်းနဲ့ ခွန်အားအရ နေရာရွှေ့ပြောင်းခြင်း ကွင်းပြင်အနားကို ချဉ်းကပ်နိုင်မှာ မဟုတ်ဘူး"
ဤစကားကို ကြားချိန်၌ နန်ကုန်းယွီက ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင် အစ်မ အန်းရှင်းကို ကျေးဇူးအများကြီး တင်ပါတယ်... ကျွန်တော်တို့ ဒီနေရာမှာ ခဏစောင့်ပြီး ဘာဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့"
အန်းရှင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ထိုအလယ်အလတ်အဆင့် ဝိညာဉ်ရတနာ အင်္ကျီကို သတိရသွားသဖြင့် မည်သည့်စကားမျှ မဆိုတော့ချေ။
မည်သို့ပင်ဖြစ်စေ ညနေ ၃ နာရီ ၄၅ မိနစ် ရှိနေပြီဖြစ်ပြီး ညနေ ၅ နာရီ မထိုးမီ ၁နာရီနဲ့ ၁၅မိနစ် ခန့်သာ လိုတော့ပေ၏။
နန်ကုန်းယွီသည် နေရာရွှေ့ပြောင်းခြင်း ကွင်းပြင်၏ အပြင်ဘက်တွင် ထိုင်နေပြီး မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို မည်သို့ အသုံးပြုရမည်ကို တွေးတောနေလေသည်။
...
သေမျိုးနယ်ပယ်။
ချင်းယိုအင်ပါယာ။
နန်ကုန်းယွီရှင်းသည် သူမ၏မိခင်ကို ကျန်းပေ့မင်းသားစံအိမ်ဆီသို့ ခေါ်ဆောင်လာခဲ့ရာ ကြီးမားလှသော တွင်းကြီးတစ်ခုကို မြင်တွေ့လိုက်ရသဖြင့် သူတို့မှာ အံ့အားသင့်သွားကြပေ၏။
"ဦးရီးတော်က... ဦးရီးတော်က ဘယ်မှာလဲ"
နန်ကုန်းယွီရှင်းက သတိဝင်လာပြီး မျက်လုံးများ နီရဲသွားကာ သနားစရာကောင်းလှသော အသံဖြင့် မေးလိုက်သည်။
"မယ်တော်...နန်းတော်အကြီးကြီးက ဘယ်ရောက်သွားတာလဲ"
ကျူးကော့ချင်းဟွေးသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမကို ပွေ့ချီကာ နှစ်သိမ့်ပေးလိုက်၏။
"ရှင်းအာ... ဦးရီးတော်က သူ့အမေကို သွားရှာတာလေ... မနေ့က မယ်တော် မပြောခဲ့ဘူးလား"
"သူ ဘယ်ကို သွားတာလဲ... ဘယ်တော့ ပြန်လာမှာလဲ"
"သူက မြင့်မြတ်နယ်မြေကို သွားတာ... ပြန်မလာနိုင်တော့ဘူး... ဒါကြောင့် ရှင်းအာ သေချာ ကျင့်ကြံပြီးတော့ သူ့ကို သွားရှာဖို့ပဲ စောင့်နိုင်တော့မယ်"
"သူ ပြန်မလာတော့ဘူးလား"
နန်ကုန်းယွီရှင်း ထပ်မံ၍ ငြိမ်သက်သွားပြီးနောက် သူမ၏ မျက်နှာပေါ်တွင် ပုံဆောင်ခဲနှင့်တူသော
မျက်ရည်များ ထိန်းချုပ်မရစွာ စီးကျလာပေ၏။
"ဝါး! ဦးရီးတော်! ရှင်းအာက ဦးရီးတော်ကို လိုချင်တယ်"
"လိမ္မာတယ်နော်... သမီးက မြင့်မြတ်နယ်မြေကို သွားတာနဲ့ ဦးရီးတော်ကို မြင်ရမှာပါ"
ကျူးကော့ချင်းဟွေးက နှစ်သိမ့်လိုက်သည်။
ရှင်းအာသည် အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်လည်း နန်ကုန်းယွီကို အဘယ်ကြောင့် ဤမျှ သဘောကျနေရသနည်းဟု သူမကိုယ်တိုင်လည်း နားမလည်နိုင်အောင် ဖြစ်နေမိ၏။
သူမသည် ကျန်းပေ့မင်းသားစံအိမ် တည်ရှိခဲ့သော တွင်းကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ နန်ကုန်းယွီရှင်းကို ပွေ့ချီလျက် နန်းတော်သို့ ပြန်လာခဲ့လေသည်။