အခန်း ၂၇၅
Vol. 28 Ch. 275
အခန်း (၂၇၅) - နောက်တစ်ခါ မိုက်မဲတဲ့ အလုပ်တွေ လုပ်ဖို့ မတွေးပါနဲ့
"နတ်မိမယ် ကျင်းရှန်... မင်းရဲ့ သခင်မလေးကို အရင်သွားပြီး အလုပ်အကျွေးပြုပါလား... သူ့ကို ဒီနေရာမှာ ဧည့်ခံဖို့ ငါ ကူညီပေးပါ့မယ်"
ကျင်းရှန် စကားမပြောနိုင်မီမှာပင် ရွှမ်ယွမ်ကျင်းဟုန်က ပြုံးလျက် ပြောဆိုလာ၏။
"ပြီးတော့ ဒီသီးသန့်ခန်းရဲ့ ကုန်ကျစရိတ်ကို ကျွန်မ ရှင်းပါ့မယ်... သခင်လေး ရှန်ကွမ်ကို ကျွန်မ တောင်းပန်တဲ့အနေနဲ့ ပေးတာလို့ သတ်မှတ်ပေးပါ"
ကျင်းရှန်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မေးခွန်းထုတ်သည့်အလား နန်ကုန်းယွီကို ကြည့်လိုက်သည်။
နန်ကုန်းယွီက ပြုံးကာ မတ်တတ်ရပ်လိုက်ပြီး ပြောဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် အစ်မ ကျင်းရှန်... ဒီနတ်မိမယ်က ကျွန်တော့်ကို အန္တရာယ်ပြုမယ့် ရည်ရွယ်ချက် ရှိပုံမပေါ်ပါဘူး... အစ်မ သွမ်းမူကို စောင့်မနေရအောင် သူမဆီကို အရင် သွားသင့်တယ်"
ကျင်းရှန်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီး အနည်းငယ် ခေါင်းညိတ်လိုက်ကာ သီးသန့်ခန်းထဲမှ ထွက်ခွာသွားပေသည်။
"ချီယန်ရှင်း ဂျူနီယာညီမ... ခဏလောက် ခွင့်ပြုပေးနိုင်မလား"
ရွှမ်ယွမ်ကျင်းဟုန်က ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးကို ကြည့်ကာ ပြောလိုက်၏။
ချီယန်ရှင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ရွှမ်ယွမ်ကျင်းဟုန်၏ စစ်မှန်သော မျက်နှာအမူအရာကို မြင်သောအခါ သူမက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"စီနီယာအစ်မ... ကျွန်မ အခန်းကို ပြန်သွားပြီး အစ်မကို စောင့်နေမယ်နော်"
ထိုသို့ ပြောပြီးသည်နှင့် သူမက နန်ကုန်းယွီကို တစ်ချက်ကြည့်ကာ သီးသန့်ခန်းထဲမှ ထွက်သွားပေ၏။
ရွှမ်ယွမ်ကျင်းဟုန်က သီးသန့်ခန်းအတွင်းရှိ ကုလားကာများကို ဖွင့်လိုက်ပြီး နန်ကုန်းယွီကို ချက်ချင်း ကြည့်လိုက်သည်။
"ကျင်းဟုန် က သခင်လေး ရှန်ကွမ်ကို နှုတ်ဆက်ပါတယ်... ကျွန်မ ထိုင်လို့ ရမလား"
နန်ကုန်းယွီက လက်လှမ်းလိုက်ပြီး ရယ်မောလိုက်၏။
"နတ်မိမယ်က နောက်နေတာပါ... နတ်မိမယ်က ထိုင်ချင်ရင် ထိုင်နိုင်ပါတယ်... ကျွန်တော့်မှာ ငြင်းပယ်ပိုင်ခွင့် ဘယ်ရှိပါ့မလဲ"
ဤစကားကို ကြားချိန်၌ ရွှမ်ယွမ်ကျင်းဟုန်က သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ ကျောက်စိမ်းပြားကို ကောက်ယူကာ ဟင်းနှစ်ပွဲ ထပ်မှာလိုက်ပြီး ဝိညာဉ်ဝိုင်အရက် တစ်အိုးပါ မှာလိုက်ပေသည်။
ချက်ချင်းပင် သူမက မျက်လုံးများကို ပင့်ကာ နန်ကုန်းယွီကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။
"သခင်လေးက ကျွန်မကို သိရမယ် မဟုတ်လား"
"ကျွန်တော် အရင်က ခင်ဗျားကို မသိခဲ့ပါဘူး"
ဤအဖြေကို ကြားချိန်၌ ရွှမ်ယွမ်ကျင်းဟုန်က သူမ၏ နှုတ်ခမ်းနီနီလေးကို ညင်သာစွာ ကိုက်လိုက်ရာ မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေပေ၏။
"သခင်လေး... ရှင်က အခုထိ ဝန်မခံချင်သေးဘူးလား... ဒါပေမဲ့ ရှင့်ရဲ့ အနံ့၊ အဝတ်အစား ဒါမှမဟုတ် ခန္ဓာကိုယ်ပုံစံတွေက တစ်ခုခု ပြောင်းလဲသွားလို့လား"
နန်ကုန်းယွီက ခေါင်းယမ်းကာ ပြုံးလျက် ပြောဆိုလိုက်သည်။
"သဘာဝကျကျပဲ အဲ့ဒါက မပြောင်းလဲပါဘူး... လူတွေရဲ့ ခံစားချက်တွေက လူတိုင်းအတွက် မတူညီနိုင်သလို ပြောင်းလဲပစ်လို့လည်း မရဘူးလေ"
"ဒါဆို ဘာလို့ ကျွန်မ သိတဲ့လူနဲ့ တူနေရတာလဲ"
ရွှမ်ယွမ်ကျင်းဟုန်က နန်ကုန်းယွီကို တိုက်ရိုက် စိုက်ကြည့်ကာ မေးလိုက်၏။
နန်ကုန်းယွီက ခေါင်းယမ်းကာ ပြောဆိုလာသည်။
"ကျွန်တော် မသိဘူး... တစ်ယောက်ယောက်ကများ ကျွန်တော့်ကို ဟန်ဆောင်ထားတာလား"
ရွှမ်ယွမ်ကျင်းဟုန်က သက်ပြင်းချလိုက်၏။
"သခင်လေး ရှန်ကွမ်... ကျွန်မက ကျေးဇူးဆပ်ချင်ရုံ သက်သက်ပါ... အဲ့ဒါက ဒီလောက်တောင် ခက်ခဲနေလို့လား"
"ဘာလို့ နတ်မိမယ်က ဒီလောက်တောင် ဇွဲကောင်းနေရတာလဲ"
နန်ကုန်းယွီက ခေါင်းယမ်းကာ ပြုံးလိုက်သည်။
"နတ်မိမယ်က အဲ့ဒီလူကို သိတယ်လို့ ကျွန်တော် မထင်ဘူး... သူက နတ်မိမယ်ကို မသိစေချင်တဲ့အတွက် သဘာဝကျကျပဲ သူက ခင်ဗျားဆီကနေ ဘာဆုလာဘ်မှ မျှော်လင့်မှာ မဟုတ်ဘူး... ဘယ်လိုလဲ နတ်မိမယ်"
ရွှမ်ယွမ်ကျင်းဟုန်က သူ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြောဆိုလာ၏။
"အဲ့ဒါ အမှန်ပဲ... ဒါပေမဲ့ ကျေးဇူးမဆပ်ရရင် ကျွန်မ စိတ်အေးလက်အေး မနေနိုင်ဘူး"
"ကျေးဇူးဆပ်တတ်တာက မွန်မြတ်တဲ့ စိတ်ထားတစ်ခုပါ"
နန်ကုန်းယွီက မှတ်ချက်ပေးလိုက်သော်လည်း ဘာမျှ ဆက်မပြောတော့ချေ။
ထိုအချိန်မှာပင် စားပွဲထိုးက ဟင်းပွဲများနှင့် ဝိညာဉ်ဝိုင်အရက်ကို ယူဆောင်လာပြီး ပြောလိုက်သည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်တို့... သုံးဆောင်ကြပါဦး"
ထိုသို့ ပြောပြီးသည်နှင့် သူက ဦးညွှတ်ကာ သီးသန့်ခန်းထဲမှ ထွက်ခွာသွားပေ၏။
ရွှမ်ယွမ်ကျင်းဟုန်က မတ်တတ်ရပ်ကာ နန်ကုန်းယွီအတွက် ဝိညာဉ်ဝိုင်အရက် တစ်ခွက် ငဲ့ပေးလိုက်ပြီး ညင်သာစွာ ပြောဆိုလာသည်။
"ဘာပဲဖြစ်ဖြစ် အခု သခင်လေးနဲ့ တွေ့ဆုံရပြီဆိုတော့ ဒီဝိုင်တစ်ခွက်က သခင်လေးအတွက် ဂုဏ်ပြုလိုက်တာပါ"
နန်ကုန်းယွီက ဟန်ဆောင်ပန်ဆောင် လုပ်မနေတော့ဘဲ ဝိုင်ခွက်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ဝိညာဉ်ဝိုင်အရက်က သူ၏ လည်ချောင်းထဲသို့ ဝင်ရောက်သွားချိန်တွင် နွေးထွေးသော ခံစားမှုတစ်ခု ပျံ့နှံ့သွားပေသည်။
"လွန်ခဲ့တဲ့ တစ်လက ရွှမ်ယွမ် လျှို့ဝှက်နယ်မြေ ကနေ ထွက်လာပြီးကတည်းက ကျွန်မ အဲ့ဒီလူကို ရှာတွေ့ဖို့ ကြိုးစားနေခဲ့တာ"
ရွှမ်ယွမ်ကျင်းဟုန်၏ မျက်လုံးများက အနည်းငယ် တွေဝေသွား၏။
"တကယ်လို့ သူ့ရဲ့ အကူအညီသာ မပါခဲ့ရင် ကျွန်မ သေသွားတာ ကြာလောက်ပြီ... ပြီးတော့ ဒီလောကမှာ ရွှမ်ယွမ်ကျင်းဟုန် ဆိုတာလည်း ရှိလာမှာ မဟုတ်တော့ဘူး"
နန်ကုန်းယွီ၏ စိတ်နှလုံး အနည်းငယ် လှုပ်ရှားသွားသော်လည်း သူ၏ မျက်နှာကတော့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
"ဒီလောကမှာ အခွင့်အရေးတွေနဲ့ တိုက်ဆိုင်မှုတွေ အများကြီး ရှိပါတယ်... ဒါပေမဲ့ နတ်မိမယ်က အဲ့ဒီလူကို တကယ် ရှာတွေ့ခဲ့ရင် သူ့ကို ဘယ်လို ကျေးဇူးဆပ်ဖို့ စီစဉ်ထားလို့လဲ"
ရွှမ်ယွမ်ကျင်းဟုန် မျက်နှာ အနည်းငယ် နီမြန်းသွား၏။
"ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ကျေးဇူးဆပ်ပြီး သူ့ဘေးမှာ တစ်သက်လုံး နေသွားမှာပါ"
နန်ကုန်းယွီ၏ လက်က အနည်းငယ် ရပ်တန့်သွားပြီးနောက် ခေါင်းယမ်းကာ ရယ်မောလိုက်သည်။
"နတ်မိမယ်... ခင်ဗျားရဲ့ ရုပ်ရည်သွင်ပြင်ကြောင့် ကျွန်တော် သွေးဆောင်ခံရပြီး အဲ့ဒီလူအဖြစ် ဟန်ဆောင်သွားမှာကို မကြောက်ဘူးလား"
"ရှင် လုပ်နိုင်လို့လား"
ရွှမ်ယွမ်ကျင်းဟုန်က နန်ကုန်းယွီကို မေးခွန်းထုတ်ချင်နေသော သူမ၏ လှပသည့် မျက်လုံးများဖြင့် ကြည့်လိုက်ရာ အသေးစိတ်အချက်လေး တစ်ခုကိုမျှ သူမ လက်လွတ်မခံချင်သည့်အလားပင်။
နန်ကုန်းယွီက သူမကို သေချာစွာ ကြည့်လိုက်သော်လည်း ခေါင်းယမ်းကာ ပြောလိုက်၏။
"မလုပ်နိုင်ပါဘူး... နတ်မိမယ်က အရမ်း အံ့ဩဖို့ကောင်းလွန်းတယ်... ကျွန်တော့်လို ဝိညာဉ်အရှင်မြတ်အဆင့် ကျင့်ကြံသူတစ်ယောက် အိပ်မက်တောင် မမက်ဝံ့တဲ့ သူမျိုးပါ"
ရွှမ်ယွမ်ကျင်းဟုန်က သူမ၏ လှပသော မျက်လုံးများဖြင့် သူ့ကို တိုက်ရိုက် စိုက်ကြည့်လိုက်ပြီး တိတ်တဆိတ် အံ့အားသင့်သွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
သူက အရမ်းကို တည်ငြိမ်နေတာပဲ။
သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ သူမ၏ ရင်သားများ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီးနောက် ပြုံးလျက် ပြောဆိုလာ၏။
"သခင်လေး... အရင်စားပါဦး... ထျန်းရှန် စားသောက်ဆိုင်က ဟင်းပွဲတွေက တကယ်ကို ရှားပါးတာတွေပါ"
"ကျေးဇူးတင်ပါတယ် နတ်မိမယ်"
နန်ကုန်းယွီက နှိမ့်ချခြင်းလည်း မရှိသလို မာနထောင်လွှားခြင်းလည်း မရှိဘဲ ပြုံးလျက် ပြောဆိုလိုက်သည်။
"အနာဂတ်မှာ အခွင့်အရေး ရခဲ့ရင် နတ်မိမယ်ကို ပိုပြီး အရသာရှိတဲ့ အစားအစာတွေနဲ့ ကျွေးမွေးဧည့်ခံပါ့မယ်"
ရွှမ်ယွမ်ကျင်းဟုန်က တိတ်တဆိတ် ကျေနပ်သွားပြီး ပြုံးလိုက်၏။
"ဒါဆိုရင် သခင်လေးကို ကြိုပြီး ကျေးဇူးတင်ထားမယ်နော်"
နန်ကုန်းယွီ၏ စိတ်နှလုံးထဲတွင် အနည်းငယ် ထိတ်ခနဲ ဖြစ်သွားပေသည်။ သူက ပေါ့ပေါ့ပါးပါးသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ဤအမျိုးသမီးက အတည်ယူသွားသလို ဘာလို့ ခံစားနေရတာလဲ။
သူက ခေါင်းငုံ့ကာ စားလိုက်သော်လည်း သူ၏ မျက်လုံးများက ဝိညာဉ်ဝိုင်အရက်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးတောလိုက်၏။
'ယစ်မူးဖွယ်ရာ လေပြေညင်း ဝိုင်အရက် - ဝိုင်နာမည်က ဒီဟာထက် နည်းနည်းလေးပဲ ပိုကောင်းတာ... အဆင့်မြှင့်တင်ဖို့ အချိန်တန်ပြီပဲ...'
"သခင်လေး... ကျွန်မ ဝိုင်ငဲ့ပေးပါ့မယ်"
ရွှမ်ယွမ်ကျင်းဟုန်က မတ်တတ်ရပ်ကာ ဝိုင်အိုးထဲမှ နန်ကုန်းယွီအတွက် ဝိုင်ငဲ့ပေးလိုက်သည်။
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး မငြင်းဆန်ခဲ့ချေ။
ခဏအကြာတွင်။
နန်ကုန်းယွီက သူ၏ ခံတွင်းမြိန်စေရန် အနည်းငယ် စားသုံးလိုက်ပြီးနောက် မတ်တတ်ရပ်ကာ ပြောဆိုလိုက်၏။
"နတ်မိမယ်ရဲ့ ဧည့်ခံကျွေးမွေးမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် အခု ပြန်သွားလိုက်ပါဦးမယ်"
ရွှမ်ယွမ်ကျင်းဟုန် မတ်တတ်ရပ်လိုက်ပြီး နန်ကုန်းယွီကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
"သခင်လေး... ကျွန်မမှာ သံသယတချို့ ရှိနေတယ်... ကျွန်မကို ဖြေပေးဖို့ မေးခွင့်ပြုပါလား"
နန်ကုန်းယွီက သူမကို လှည့်ကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ အဓိပ္ပါယ်ပါပါ ပြောဆိုလိုက်၏။
"နတ်မိမယ်ရဲ့ မေးခွန်းတွေကို ကျွန်တော် ဖြေနိုင်မှာ မဟုတ်ဘူး... နတ်မိမယ်... အဲ့ဒီလူကို ဆက်ပြီး မစုံစမ်းပါနဲ့တော့... ပြီးတော့ သူ့ကိုလည်း ဖော်မထုတ်ပါနဲ့"
"ဒါနဲ့... နောက်တစ်ခါ မိုက်မဲတဲ့ အလုပ်တွေ လုပ်ဖို့ မတွေးပါနဲ့"
ထိုသို့ ပြောပြီးသည်နှင့် နန်ကုန်းယွီက သီးသန့်ခန်းထဲမှ လျှောက်ထွက်သွားပေသည်။
ရွှမ်ယွမ်ကျင်းဟုန်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး အံ့အားသင့်မှုများ ပြည့်နှက်သွား၏။
‘သူပဲ!’
‘သံသယဖြစ်စရာ မလိုဘူး... အဲ့ဒါ သူပဲ’
သို့ရာတွင် နန်ကုန်းယွီ ထွက်သွားချိန်၌ သူမ နောက်မှ လိုက်မသွားခဲ့ချေ။
သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထားကာ နန်ကုန်းယွီ၏ စကားများနောက်ကွယ်မှ နက်ရှိုင်းသော အဓိပ္ပါယ်ကို စဉ်းစားတွေးတောလိုက်သည်။
‘သူက တစ်ခုခုကို ဖုံးကွယ်ထားပုံရတယ်။’
ဤအရာက အဘယ်ကြောင့် တစ်ဖက်လူက သူမကို အသိအမှတ်မပြုချင်ရသနည်းနှင့် အဘယ်ကြောင့် သူက သေမျိုးနယ်ပယ်ကလူအဖြစ် ခရီးသွားနေရသနည်း ဆိုသည်ကိုလည်း ရှင်းပြနေပေ၏။
သူ့နာမည်ကတောင် အတု ဖြစ်နိုင်သည်။ သို့မဟုတ် အမည်ဝှက် တစ်ခုသာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။
ထို့ကြောင့် သူမက မဆင်မခြင် ပြုမူ၍မရသလို သူ၏ ခွန်အားနှင့် မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ဖော်ထုတ်၍ မရနိုင်ချေ။
ဤအချက်ကို နားလည်သွားသောအခါ ရွှမ်ယွမ်ကျင်းဟုန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမ၏ စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ကြိုးစားကာ ဂရုမစိုက်သည့်ဟန် ပေါ်လာစေရန် ပြုလုပ်လိုက်၏။
ထို့နောက် သူမသည် သီးသန့်ခန်းထဲမှ ထွက်ခွာသွားပေသည်။
ဤအခိုက်အတန့်၌ နန်ကုန်းယွီကို ကျင်းရှန်က သွမ်းမူနျန်းချူး၏ သီးသန့်ခန်းဆီသို့ ခေါ်ဆောင်သွား၏။
သွမ်းမူနျန်းချူးက သူ့ကို တိုက်ရိုက် စူးစိုက်ကြည့်နေပြီး သူမ၏ အေးစက်စက် အသံက လွင့်ပျံလာသည်။
"ရွှမ်ယွမ်ကျင်းဟုန်ကို မင်း ဘယ်လို သိတာလဲ"
နန်ကုန်းယွီက အနည်းငယ် ခေါင်းယမ်းလိုက်ပြီး ရှင်းပြလိုက်၏။
"နတ်မိမယ် ကျင်းဟုန် က လူမှားသွားတာပါ... ပြီးတော့ အဲ့ဒါကိုလည်း ရှင်းပြပြီးသွားပါပြီ"
"အဲ့ဒီလိုလား"
သွမ်းမူနျန်းချူးက သူ့ကို တစ်ဝက်တစ်ပျက် အပြုံးဖြင့် ကြည့်လိုက်သော်လည်း ဆက်လက်၍ မစူးစမ်းတော့ချေ။ ထို့အစား သူမက မေးလိုက်သည်။
"မင်းက အဆင့် ၉ ဆေးဆရာ လို့ ယခုလေးတင် ပြောလိုက်တာလား"
"ဟုတ်တယ်"
နန်ကုန်းယွီက မငြင်းဆိုခဲ့သလို ငြင်းဆိုရန်လည်း မလိုအပ်ပေ။ ဤသည်မှာ သူ တမင်တကာ ထုတ်ဖော်ပြသခဲ့သောအရာ ဖြစ်၏။
"ဆေးမီးတောက် ကို ဘယ်လို ဖွဲ့စည်းရလဲဆိုတာ ငါ့ကို ပြပါ"
သွမ်းမူနျန်းချူးက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
နန်ကုန်းယွီက ပေါ့ပေါ့ပါးပါးပင် အဆင့် ၉ ဆေးမီးတောက် တစ်ခုကို ဖန်တီးလိုက်ပြီး ခေါင်းကုတ်ကာ ရယ်မောလိုက်၏။
"အစ်မ သွမ်းမူက ဧကရာဇ်အဆင့် ဆေးဆရာ တစ်ယောက်လို့ ကျွန်တော် ကြားထားတယ်... ဒါကြောင့် ကျွန်တော်လို အောက်ခြေအဆင့် ဆေးဆရာတစ်ယောက်ကို သူမက အထင်သေးလောက်မှာပါ"
သွမ်းမူနျန်းချူးက အဆင့် ၉ ဆေးမီးတောက်ကို မြင်သောအခါ သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပေသည်။
'ထင်တဲ့အတိုင်းပဲ... သူက အဆင့် ၉ ဆေးဆရာပဲ...'
သူမက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ရှားပါးလှသော သဘောတူလက်ခံသည့် အရိပ်အယောင်တစ်ခု သူမ၏ မျက်လုံးများထဲတွင် ရှိနေ၏။
"ဆေးဆရာများ အသင်းချုပ် က မြင့်မြတ်နယ်မြေက ပိုကြီးတဲ့ မြို့အများစုမှာ ဌာနခွဲတွေ ရှိတယ်... မင်း အသိအမှတ်ပြု လက်မှတ်သွားယူဖို့ ကြိုးစားကြည့်သင့်တယ်... အဲ့ဒါက မင်းအတွက် အကျိုးရှိနိုင်တယ်"
"အစ်မ သွမ်းမူရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"
နန်ကုန်းယွီက ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
သွမ်းမူနျန်းချူးက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း ထို့နောက် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ပြောဆိုလာ၏။
"မင်းက အသက် တော်တော်ကြီးပြီ မဟုတ်လား... ဘာလို့ လူတိုင်းကို 'အစ်မ' လို့ အမြဲ ခေါ်နေရတာလဲ"