← Chapters

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း (၂၇၆) - မထွက်ခွာခင် နောက်ထပ် နှစ်ရက်လောက် နေသင့်သလား

နန်ကုန်းယွီက ခေါင်းကုတ်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။

"ကျွန်တော် မငယ်တော့ပါဘူး... ဒီနှစ်ဆို ဆယ့်လေးနှစ် ရှိနေပါပြီ"

"ဘာ!"

သွမ်းမူနျန်းချူးက အံ့အားသင့်စွာ မတ်တတ်ရပ်လိုက်ပြီး သံသယဖြင့် ကြည့်ကာ မေးလိုက်၏။

"ဆယ့်လေးနှစ်ဆိုတာ သေချာရဲ့လား... တစ်ရာ့လေးဆယ် မဟုတ်ဘူးလား... ဒါမှမဟုတ် မင်းက တကယ်ပဲ သေမျိုးနယ်ပယ်ကနေ လာတာလား"

အမျိုးသမီးနှစ်ဦး၏ အံ့အားသင့်နေသော အမူအရာများကို မြင်ချိန်တွင် နန်ကုန်းယွီက သူတို့၏ အတွေးများကို နားလည်သွားပြီး ရှင်းပြလိုက်သည်။

"အစ်မ သွမ်းမူ... မအံ့ဩပါနဲ့... ကျွန်တော့်အမေက ကျွန်တော့်ကို အရမ်းချစ်တော့ သေမျိုးနယ်ပယ်ရဲ့ ထိပ်တန်း ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ကျွန်တော့်အတွက် သုံးပေးခဲ့တယ်... အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက တခြားသူတွေထက် နည်းနည်း ပိုမြန်နေတာပါ"

"နည်းနည်းပိုမြန်တာလား!"

သွမ်းမူနျန်းချူးက ထောက်ခံခြင်းလည်း မရှိသလို ငြင်းဆိုခြင်းလည်း မပြုဘဲ သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် သံသယများ ပြည့်နှက်နေဆဲ ဖြစ်ပေ၏။

အဲ့ဒါက သေမျိုးနယ်ပယ် လေ။ အဲ့ဒါက ဝိညာဉ်စွမ်းအင် ရှားပါးတဲ့ နေရာတစ်ခုပဲ။ ဘယ်လို ထိပ်တန်း ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရှိနိုင်မှာလဲ။ ဆယ့်တစ်နှစ်အတွင်းမှာ ဝိညာဉ်အရှင်မြတ်အဆင့်အထိ ကျင့်ကြံနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုလိုပဲ။

ဒါ့အပြင် သူက အဆင့် ၉ ဆေးဆရာ တစ်ယောက်လေ။

ဆေးဖော်စပ်ခြင်း၊ အဆောင်၊ ဝင်္ကပါ နဲ့ လက်နက်သွန်းလုပ်ခြင်းဆိုတဲ့ ဒုတိယအသက်မွေးဝမ်းကျောင်းပညာ လေးခုမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခုခု ရဖို့ဆိုရင် ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံချိန် ထက်ဝက်ကျော်ကို အသုံးပြုရလေ့ရှိတယ်။ ဤမျှ တိုတောင်းတဲ့ အချိန်တိုလေးအတွင်းမှာ အောင်မြင်ဖို့ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်သေးတယ်။

ဤကောင်လေးမှာ လျှို့ဝှက်ချက် တစ်ခု ရှိနေတယ်။

သွမ်းမူနျန်းချူးက လျှပ်တစ်ပြက် ရွေ့လျားကာ နန်ကုန်းယွီရှေ့သို့ ရောက်လာပြီး သူ၏လက်ကို ဖမ်းဆုပ်လျက် အင်မော်တယ်ဝိညာဉ်စွမ်းအင် အနည်းငယ်ကို စေလွှတ်စစ်ဆေးလိုက်၏။

နန်ကုန်းယွီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း သူမကို မတားဆီးခဲ့ဘဲ သူမ ဘာလုပ်နေသည်ကို ယခုမှ သိလိုက်ရသည့်အလား မေးလိုက်သည်။

"အစ်မ သွမ်းမူ... ဘာလုပ်နေတာလဲ"

"အရိုးသက်တမ်း ဆယ့်လေးနှစ်... ကျင့်စဉ်အဆင့် အခြေခံအုတ်မြစ်က တည်ငြိမ်ပြီး ကျင့်ကြံခြင်း အရင်းအမြစ်တွေကို အလွန်အကျွံ သုံးစွဲထားတဲ့ ဘေးထွက်ဆိုးကျိုး အရိပ်အယောင် လုံးဝ မရှိဘူး... အခု ငါ နည်းနည်း သိချင်လာပြီ... မင်းအမေက မင်းအတွက် ဘယ်လို ထိပ်တန်း ကျင့်ကြံခြင်း အရင်းအမြစ်တွေကို သုံးပေးခဲ့တာလဲ"

သွမ်းမူနျန်းချူးက သူ့ကို လွှတ်ပေးလိုက်ပြီး ပြန်ထိုင်ကာ သိချင်စိတ်ဖြင့် ကြည့်လျက် မေးလိုက်၏။

"ဒါမှမဟုတ် မင်းက သေမျိုးနယ်ပယ်က ကျင့်ကြံသူ မဟုတ်တာများလား"

နန်ကုန်းယွီက စဉ်းစားဟန်ဆောင်လိုက်ပြီးနောက် ခေါင်းယမ်းကာ ပြောဆိုလိုက်သည်။

"ကျွန်တော်က တကယ်ပဲ သေမျိုးနယ်ပယ်က လာတာပါ... အဲ့ဒါက ငြင်းလို့မရပါဘူး... ကျွန်တော့်အမေ ကျွန်တော့်ကို ပေးခဲ့တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေဆိုရင်တော့ ကျင့်ကြံမှုကို တိုးတက်စေတဲ့ ဆေးလုံးတချို့ရယ် ဝိညာဉ်ခြင်ဆီ သုံးစက်ရယ်ပါပဲ"

"ဝိညာဉ်ခြင်ဆီ"

သွမ်းမူနျန်းချူး အနည်းငယ် အံ့အားသင့်သွားပေ၏။

"အံ့ဩစရာ မရှိပါဘူး... လိုဏ်ဂူထဲကို ဝိညာဉ်ခြင်ဆီ ထည့်သွင်းတာက ကျင့်ကြံခြင်းဖြစ်စဉ်ကို တကယ်ပဲ မြန်ဆန်စေနိုင်တယ်... မင်းအမေက အဲ့ဒါမျိုးလုပ်ပေးဖို့ တော်တော်လေး ရက်ရောတာပဲ"

"ကျွန်တော့်အမေမှာက သားဆိုလို့ ကျွန်တော်တစ်ယောက်တည်း ရှိတာလေ... ဒါကြောင့် ကျွန်တော့်ကို အလိုလိုက်တာ သာမန်ပဲ မဟုတ်ဘူးလား"

နန်ကုန်းယွီက ရယ်မောလိုက်သည်။

သွမ်းမူနျန်းချူးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်၏။

"မင်းရဲ့ ဝိညာဉ်အမြစ်ကို စမ်းသပ်ဖူးလား... ဘယ်အဆင့် ရှိလဲ"

နန်ကုန်းယွီက ခေါင်းအနည်းငယ် ယမ်းလိုက်ပြီး သူ၏ မျက်လုံးများ တောက်ပသွားကာ ပြုံးလျက် ပြောဆိုလိုက်သည်။

"အစ်မ သွမ်းမူကို ကျွန်တော် မလိမ်ရဲပါဘူး... အစတုန်းကတော့ အလယ်အလတ်အဆင့်မှာပဲ ရှိတာပါ... ဒါပေမဲ့ နောက်ပိုင်းမှာ အခွင့်အရေးတချို့ ရခဲ့တယ်... ကျွန်တော့်ရဲ့ ဝိညာဉ်အမြစ်က အစားထိုးခံလိုက်ရပြီး စမ်းသပ်ချိန်မှာ ဝိညာဉ်ကြော တိုင်းတာရေး ကျောက်တုံးရဲ့ မြေကြီးအဆင့် ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့တယ်"

ဤစကားကို ကြားချိန်၌ သွမ်းမူနျန်းချူး၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပေ၏။

"ဝိညာဉ်အမြစ်ကို အစားထိုးတယ် ဟုတ်လား... ကောင်းကင်အလိုကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲတာလား"

"ကျွန်တော်လည်း ဒီ​ေလိုပဲ ထင်တယ်"

နန်ကုန်းယွီက ခေါင်းညိတ်လိုက်သည်။ ယခုအခါ သူသည် နတ်ဘုရားအရိပ် တပ်မတွင် ယှဉ်ပြိုင်နိုင်သူမရှိသလောက် အင်အားကြီးမားနေပြီ ဖြစ်၏။ သူသည် အလွန်အမင်း ထင်ပေါ်အောင် နေမည်မဟုတ်သော်လည်း လုံးဝ နှိမ့်ချနေမည်လည်း မဟုတ်ပေ။

သူ့ကို ပြဿနာရှာဝံ့သူတိုင်း သေဖို့ ပြင်ထားသင့်သည်။

"ဒါက လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး... မင်းရဲ့ အခွင့်အရေးက တော်တော်လေး ထူးခြားတာပဲ"

သွမ်းမူနျန်းချူးက နန်ကုန်းယွီကို ဖောက်ထွင်းမြင်နိုင်တော့မည့်အလား စူးစိုက်ကြည့်နေ၏။

နန်ကုန်းယွီက ရှက်ရွံ့သည့်ဟန် အနည်းငယ် ပြသကာ ခေါင်းကုတ်လိုက်သည်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ စီနီယာတစ်ယောက်နဲ့ တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ရတာပါ... ပြောရမယ်ဆိုရင် သူ့မှာ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်တဲ့သူနဲ့ ဂိုဏ်းတစ်ဂိုဏ်းတည်းက ဆင်းသက်လာတဲ့သူတွေလို ခံစားရတယ်။”

ဤစကားကို ကြားချိန်၌ သွမ်းမူနျန်းချူး၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူသားကို မနေနိုင်ဘဲ တွေးတောမိသွားပေ၏။

သူမက အနည်းငယ် ရှေ့သို့ တိုးလာပြီး မျက်တောင်ခတ်ကာ မေးလိုက်သည်။

"မင်းရဲ့ ကျင့်စဉ်အဆင့်က အရမ်း တည်ငြိမ်ပြီး အခြေခံအုတ်မြစ်ကလည်း အရမ်း ခိုင်မာတယ်... ကျင့်ကြံဖို့အတွက် ကျင့်စဉ်ကိုလည်း အဲ့ဒီစီနီယာကပဲ ပေးခဲ့တာ ဖြစ်ရမယ်"

နန်ကုန်းယွီက ခေါင်းကုတ်ကာ ပြုံးလျက် ချီးကျူးလိုက်၏။

"အစ်မ သွမ်းမူက တကယ် အံ့ဩဖို့ကောင်းတာပဲ... အဲ့ဒါကိုတောင် ခန့်မှန်းနိုင်တယ်"

သွမ်းမူနျန်းချူးက နန်ကုန်းယွီကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သည်။ သူ့ကို သွမ်းမူ မိသားစုထဲသို့ ခေါ်သွင်းချင်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူသားကို တွေးမိပြီးနောက် ထိုအကြံကို လက်လျှော့လိုက်ပေ၏။

သူမက မတ်တတ်ရပ်လိုက်ပြီး သူမ၏ အေးစက်စက် အသံက ဆက်လက် ထွက်ပေါ်လာသည်။

"မထွက်ခွာခင် သွမ်းမူ မိသားစုဆီမှာ နောက်ထပ် နှစ်ရက်လောက် လိုက်နေပါလား"

နန်ကုန်းယွီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ပြုံးလျက် ပြောဆိုလိုက်၏။

"မနေတော့ပါဘူး... ကျွန်တော့်အမေကို အရင် တွေ့ချင်လို့ပါ... အခွင့်အရေးရတဲ့ နောက်တစ်ကြိမ်ကျမှ အစ်မ သွမ်းမူဆီ လာလည်ပြီး ကျေးဇူးတင်စကား ပြောပါ့မယ်"

"မင်း သဘောပါပဲ"

သွမ်းမူနျန်းချူးက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ကောင်းကင်ဆေးလုံး မြို့တော်က တာအိုအဆင့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက မနက်ဖြန် နေ့လယ်ကျရင် အသက်ဝင်မယ်လို့ ငါ အခုလေးတင် သတင်းရတယ်... ကျင်းရှန်ကို မင်းဆီ လိုက်ပို့ခိုင်းလိုက်မယ်"

ထိုသို့ ပြောပြီးသည်နှင့် သူမသည် မတ်တတ်ရပ်ကာ သီးသန့်ခန်းထဲမှ ထွက်ခွာသွားပေ၏။

နန်ကုန်းယွီက အလျင်အမြန် ဦးညွှတ်ကာ ကျေးဇူးတင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်မ သွမ်းမူ"

ကျင်းရှန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန် လိုက်သွားလေ၏။

နန်ကုန်းယွီ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး သီးသန့်ခန်းထဲမှ အထွက်တွင် အခြားသီးသန့်ခန်းမှ ထွက်လာသော ရှန်ကွမ်ကျင်းဟွာနှင့် ဆုံမိပေသည်။

ရှန်ကွမ်ကျင်းဟွာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သတိပေးလိုက်၏။

"ကောင်လေး... အသိဉာဏ်ရှိရှိနေပြီး ပြဿနာ သွားမရှာဖို့ ငါ အကြံပေးချင်တယ်"

နန်ကုန်းယွီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။ သူ့ကို ငြင်းခုံရန် ပျင်းရိနေသဖြင့် လှည့်ထွက်သွားကာ ပေါ့ပေါ့ပါးပါးပင် ပြောချလိုက်၏။

"ကျွန်တော် မနက်ဖြန် အလယ်ပိုင်းတိုက်ကြီးကနေ ထွက်သွားတော့မှာ... ခင်ဗျားဘာသာ ပျော်ပျော်ပါးပါးသာ နေရစ်ခဲ့ပါတော့"

"မင်း!"

ရှန်ကွမ်ကျင်းဟွာမှာ ဒေါသထွက်ပြီး စိတ်တိုသွားသော်လည်း မိမိကိုယ်ကိုယ် တည်ငြိမ်စေရန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ရပေသည်။

လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူသားဟု ခေါ်သည့်ကိစ္စမှာ ရှင်းလင်းမှု မရှိသေးသဖြင့် သတိထားပြီး ဆက်လက်ဆောင်ရွက်ခြင်းက အကောင်းဆုံး ဖြစ်သည်။

သူက နှာခေါင်းရှုံ့လိုက်ပြီး သူ၏အခန်းသို့ ပြန်သွားလေ၏။

...

ရွှမ်ယွမ်ကျင်းဟုန် သူမ၏ အခန်းသို့ ပြန်ရောက်လာချိန်တွင် ချီယန်ရှင်းက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပေ၏။

"စီနီယာအစ်မ... အစ်မ အဲ့ဒီလူကို တကယ် သိတာလား"

ရွှမ်ယွမ်ကျင်းဟုန်က ခေါင်းအနည်းငယ် ယမ်းလိုက်ပြီး ပြောဆိုလာသည်။

"လူမှားသွားတာပါ... သူ မဟုတ်ပါဘူး... ဒါပေမဲ့ သူက တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားရတယ်... ငါတို့ သူငယ်ချင်း ဖြစ်နိုင်ပါတယ်"

ချီယန်ရှင်းက သံသယမရှိဘဲ သိချင်စိတ်ဖြင့် မေးလိုက်၏။

"စီနီယာအစ်မ... အစ်မ ရှာနေတဲ့လူက အစ်မအတွက် အရမ်း အရေးကြီးလို့လား"

ရွှမ်ယွမ်ကျင်းဟုန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး စဉ်းစားတွေးတောလိုက်သည်။

"သူက ငါ့ကို ရွှမ်ယွမ် လျှို့ဝှက်နယ်မြေထဲမှာ ကယ်တင်ခဲ့တာဆိုတော့ ငါ့မှာ သူ့အပေါ် အသက်ကယ်ကျေးဇူး ရှိနေတယ်... ပြီးတော့ သူက ဒီလူငယ်လေးနဲ့ တူညီမှုတချို့ ရှိနေလို့ ငါ သူ့ကို လူမှားသွားတာ"

"အိုး... သဘောပေါက်ပြီ"

ချီယန်ရှင်းက နားလည်သွားဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် အာမေဍိတ်သံဖြင့် ပြောဆိုလာ၏။

"စီနီယာအစ်မ... အဲ့ဒီလူက အစ်မအပေါ် ကျေးဇူးရှိနေမှတော့ သူ ဘယ်မှာရှိလဲဆိုတာ စီနီယာဦးလေး လဲ့ ကို ရှာခိုင်းလို့ရတာပဲ"

"မလိုပါဘူး"

ရွှမ်ယွမ်ကျင်းဟုန်က ခေါင်းအနည်းငယ် ယမ်းလိုက်ပြီး ပြောဆိုလာသည်။

"သူက နာမည် ဒါမှမဟုတ် တခြား ဘာအချက်အလက်ကိုမှ ချန်မထားခဲ့တာဆိုတော့ ပြဿနာ မရှာချင်လို့ ဖြစ်ပါလိမ့်မယ်... ကံကြမ္မာအပေါ်မှာပဲ ပုံချထားလိုက်ပါတော့မယ်"

"ကောင်းပါပြီလေ"

ချီယန်ရှင်းက ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင် တွေးတောနေသည့် အရိပ်အယောင်တစ်ခု ရှိနေပေ၏။

ရွှမ်ယွမ်ကျင်းဟုန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... အနားယူလိုက်ပါဦး... မနက်ဖြန် ပြန်ကြမယ်"

"ဟုတ်ကဲ့ပါ"

...

သေမျိုးနယ်ပယ်။ ချင်းယိုအင်ပါယာ။

ရှင်းဟွေး နန်းဆောင်အတွင်း၌ ကျူးကော့ချင်းဟွေးသည် ငိုရင်း အိပ်ပျော်သွားသော နန်ကုန်းယွီရှင်းကို ကြည့်ကာ မနေနိုင်ဘဲ ညင်သာစွာ သက်ပြင်းချလိုက်မိ၏။

ဤမိန်းကလေးက နန်ကုန်းကျင်းချီထက် နန်ကုန်းယွီနှင့် အဘယ်ကြောင့် ပိုပြီး ရင်းနှီးနေရသနည်းဆိုသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေပေသည်။

"ကလေးတွေက အရာရာကို အလွယ်တကူ မေ့တတ်တယ်လို့ ပြောကြတယ်... ရှင်းအာလည်း မြန်မြန် မေ့သွားဖို့ မျှော်လင့်ပါတယ်လေ"

သူမက ညင်သာစွာ သက်ပြင်းချလိုက်ပြီး နန်ကုန်းယွီရှင်းဘေးတွင် ဖြည်းညင်းစွာ လှဲလျောင်းလိုက်၏။

ပုံမှန်အားဖြင့် သူမသည် နန်ကုန်းယွီရှင်း အိပ်ပျော်သွားပြီးနောက် ကျင့်ကြံရန် အချိန်ခဏသွားလေ့ရှိသော်လည်း ဤနေ့တွင် တွေးတောမိပြီးနောက် မသွားရန် ဆုံးဖြတ်လိုက်သည်။

သူမ ကျင့်ကြံခြင်း အခန်းသို့ သွားနေစဉ် နန်ကုန်းယွီရှင်း ရုတ်တရက် နိုးလာပြီး သူမ မရှိသည်ကို တွေ့ပါက ပို၍ ပြင်းထန်စွာ ငိုကြွေးမည်ကိုလည်း စိုးရိမ်မိပေ၏။

တစ်ခဏချင်းပင် အခန်းလေးသည် တိတ်ဆိတ်သွားလေသည်။

ထိုအခိုက်အတန့်၌ လျှို့ဝှက်ဆန်းကြယ်သော အရိပ်မည်းတစ်ခုသည် အခန်းထဲတွင် တိတ်တဆိတ် ထွက်ပေါ်လာပြီး သူတို့နှစ်ဦးကို ကြောက်မက်ဖွယ်ကောင်းသော အကြည့်ဖြင့် စူးစိုက်ကြည့်နေပေ၏။

All Chapters