အခန်း ၇၉၈
Vol. 54 Ch. 798
အခန်း (၇၉၈) ကျိုလင် တာအိုသခင်ကြီးနှင့် ရှစ်ဝမ် တာအိုသခင်ကြီးအား ဖျောင်းဖျခြင်း (အပိုင်း ၃)
ကိုးဝိဉာဉ် တောင်တန်းတွင် အခြားရွေးချယ်စရာ လုံးဝမရှိချေ။
ထို့ပြင် ကျိုလင် တာအိုသခင်ကြီးက တာအိုသခင်ကြီးဟုန်ယွဲ့၏ အကာအကွယ်ကို ရှာဖွေနေချိန်တွင် သူကလည်း ကိုးဝိဉာဉ် တောင်တန်း၏ အခြေခံအုတ်မြစ်များကို မျက်စိကျနေခဲ့ပြီ ဖြစ်သည်။
သို့သော် တာအိုသခင်ကြီးဟုန်ယွဲ့က လောလောဆယ်တွင် အလျင်စလို မလုပ်ခဲ့ပေ။
ကျိုလင် တာအိုသခင်ကြီး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း သူက စိတ်ထဲမှ တွေးလိုက်၏။
'ဖြည်းဖြည်းချင်း လုပ်တာပေါ့... ငါတို့တွေ ကိုးဝိဉာဉ် တောင်တန်းကို တွန်းထုတ်ပစ်လို့ မဖြစ်သလို သူတို့ကို အင်မော်တယ် တစ်သောင်း နန်းတော်ဘက် ပြန်ရောက်သွားအောင် ဖိအားပေးတာမျိုးလည်း လုံးဝ လုပ်လို့ မဖြစ်ဘူး'
ထို့နောက်တွင် သူသည် အရှင်သခင် ဆယ်ပါး မြို့တော်၏ တာအိုသခင်ကြီးကို အချိန်အတော်ကြာအောင် ဆွေးနွေးတိုင်ပင်ရန်အတွက် ရှာဖွေခဲ့လေသည်။
အဆုံးတွင်မူ အားထုတ်မှုများစွာနှင့် ကတိကဝတ်များစွာ ပေးပြီးနောက် အရှင်သခင် ဆယ်ပါး မြို့တော်၏ အပြည့်အဝ ထောက်ခံမှုကို သူ ရရှိသွားခဲ့၏။
အရှင်သခင် ဆယ်ပါး မြို့တော်က မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့် အပြည့်အဝ ပူးပေါင်းသွားခဲ့ပြီ ဖြစ်သည်။
အင်မော်တယ်နန်းတော်မှ ထွက်ခွာလာချိန်တွင် တာအိုသခင်ကြီး ရှစ်ဝမ်က တိတ်ဆိတ်စွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏မျက်လုံးများကို မှေးကျဉ်းကာ စိတ်ထဲမှ တွေးလိုက်၏။
‘မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ တကယ့်ကို ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတာပဲ… ဒါပေမဲ့..ဟင်း..’
သူတို့ အရှင်သခင် ဆယ်ပါး မြို့တော်မှာ မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့် မဟာမိတ်ဖွဲ့ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ လုံးဝမရှိတော့ပေ။
'ပကတိ ဟင်းလင်းပြင်အဆင့် အလယ်အလတ်အဆင့်မှာရှိတဲ့ ဗုဒ္ဓသခင်ကြီးနှစ်ပါးကို ဖိနှိပ်နိုင်တဲ့ စွမ်းအားကို ထည့်မတွက်ရင်တောင် အရှင်သခင် ဆယ်ပါး မြို့တော်က ဟင်းလင်းပြင်တာအိုစွမ်းအားတွေ အများကြီးကို ကျွမ်းကျင်ထားတဲ့သူ၊ တာ့ယန်အင်မော်တယ်မင်းဆက် ဒါမှမဟုတ် မီးဖီးနစ် ကောင်းကင်နန်းတော်တို့နဲ့ ဘာမှမပတ်သက်ဘဲ မြေကမ္ဘာအင်မော်တယ်စံအိမ်က တာအိုဆရာ ထျန်းယွီရဲ့ တပည့်ဖြစ်နေတဲ့ ယွင်ရှောင်ဆေးလုံးစံအိမ်ရဲ့ ခန်းမဆောင်သခင် စုယွီကိုပဲ စဉ်းစားကြည့်'
'တာအိုစွမ်းအားတွေ အများကြီးကို ထိန်းချုပ်နိုင်တယ်... ဟူး.. သူက'
တာအိုသခင်ကြီး ရှစ်ဝမ်မှာ ကြက်သီးထသွားသလို ခံစားလိုက်ရပြီး တံတွေးများကို အကြိမ်ကြိမ် ခိုးမြိုချလိုက်မိသည်။ သူသည် ယွင်ရှောင်ဆေးလုံးစံအိမ်ကို အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့ပြီး လျှို့ဝှက်ချက်အချို့ကို သတိပြုမိခဲ့ပြီးသား ဖြစ်၏။
သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုအရာများကို ထုတ်ဖော်မပြောရဲကြချေ။
တာအိုစွမ်းအားများစွာကို ထိန်းချုပ်နိုင်ခြင်း၊ ဤသည်က အလှည့် ကိုးကြိမ် ရွှေအမြုတေ၏ အခြေခံအုတ်မြစ်ပင်။
ရှေးဟောင်းခေတ်ကာလများကတည်းက ဤကဲ့သို့သော အခြေခံအုတ်မြစ်မျိုးကို ရရှိနိုင်သည့် မိစ္ဆာဆန်သော ပါရမီရှင်မည်မျှများ ရှိခဲ့ဖူးပါသနည်း။
ယနေ့တွင်မူ မြေကမ္ဘာအင်မော်တယ်စံအိမ်က ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
သူတို့တွင် အသက်တစ်ထောင်မပြည့်မီ ပကတိ ဟင်းလင်းပြင်အဆင့်သို့ ရောက်ရှိခဲ့သော တာအိုသခင်ကြီးဟုန်ယွဲ့ ရှိနေပြီး၊ ထို့နောက်တွင် ဟင်းလင်းပြင်တာအိုစွမ်းအား အပါအဝင် တာအိုစွမ်းအားများစွာကို ထိန်းချုပ်နိုင်ကာ ကိုးကြိမ်ပြောင်းလဲခြင်း ရွှေအမြုတေကို ပိုင်ဆိုင်ထားသည့် မိစ္ဆာဆန်သော ပါရမီရှင်တစ်ဦး ရှိနေသေးသည်။
ထို့အပြင် ပကတိ ဟင်းလင်းပြင်အဆင့် အလယ်အလတ်အဆင့်မှ ဗုဒ္ဓသခင်ကြီးနှစ်ပါးကိုပါ ဖိနှိပ်နိုင်စွမ်းရှိနေသေး၏။
ဤကဲ့သို့သော မြေကမ္ဘာအင်မော်တယ်စံအိမ်မျိုးကို ရင်ဆိုင်ရချိန်တွင် တာအိုသခင်ကြီး ရှစ်ဝမ်က သူတို့နှင့် မဟာမိတ်ဖွဲ့ဖို့ ဘယ်လိုလုပ်ပြီး မရွေးချယ်ဘဲ နေနိုင်မည်နည်း။
ဤကဲ့သို့ စွမ်းအားကြီးမားလှသော အဖွဲ့အစည်းမျိုးကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး ဘယ်တော့မှ လက်မလွှတ်သင့်ပေ။
အင်မော်တယ် တစ်သောင်း နန်းတော် ဟု ခေါ်သည့် အရာအတွက်ကတော့... ဟွန့်.. အရှင်သခင် ဆယ်ပါး မြို့တော်က သူတို့အကြောင်း ဘာတစ်ခုမှ မသိပါချေ။
တာအိုသခင်ကြီး ရှစ်ဝမ်နှင့် တွေ့ဆုံပြီးနောက် တာအိုသခင်ကြီးဟုန်ယွဲ့က ခေတ္တမျှ စဉ်းစားချင့်ချိန်လိုက်ပြီး မီးတောက်နန်းတော်နှင့် အခြားအင်အားစုများကို ဆွေးနွေးရန် ဆက်လက် မဖိတ်ခေါ်တော့ချေ။ ထိုအစား သူက အင်အားစုများအားလုံး လုံးဝမငြင်းဆန်နိုင်လောက်မည့် စည်းကမ်းချက်အချို့ကို စဉ်းစားနေခဲ့သည်။
ညနေခင်း အချိန်သို့ ရောက်ရှိလာပြီး နေမင်းကြီးက အနောက်ဘက်သို့ ဝင်ရောက်သွားချိန်တွင် နူးညံ့သော ရွှေရောင်နေရောင်ခြည်များက မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ပင်မခန်းမဆောင်ကြီးထဲသို့ ဖြာကျနေခဲ့လေ၏။
အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသခင်ကြီး ထျန်းယန် အပါအဝင် တာ့ချန်ကျင့်ကြံခြင်းကမ္ဘာမှ ထိပ်တန်းအင်မော်တယ် ဆယ်ပါးနှင့် အရှင်သခင် ဆယ်ပါး မြို့တော်ကဲ့သို့သော အခြား အင်အားကြီး အဖွဲ့အစည်းများ အားလုံးက ယခုအခါ ရှေ့ဆုံးတွင်ရှိနေသော တာအိုသခင်ကြီးဟုန်ယွဲ့ထံသို့ ကြည့်နေကြလေတော့သည်။
*
အခြားတစ်နေရာတွင် တာ့ယန်အင်မော်တယ်မင်းဆက်မှ ပါထျန်းမြို့စားကြီးနှင့် အပေါင်းအပါများသည် မြေကမ္ဘာအင်မော်တယ်နန်းတော်၏ ကောင်းကင်ဂိတ်တံခါးမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြပြီပင်။
အပြင်ဘက်သို့ ခြေချလိုက်သည်နှင့် ပါထျန်းမြို့စားကြီး၏ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲနစ်သွားခဲ့ပြီး သူ၏မျက်နှာအမူအရာမှာလည်း သိသိသာသာ ပျက်ယွင်းနေတော့သည်။
မြေကမ္ဘာအင်မော်တယ်နန်းတော်သို့ ဝင်ရောက်လာစဉ်က မောက်မာဝင့်ကြွားခဲ့သလောက် ယခု ထွက်ခွာသွားရချိန်တွင်တော့ ခွေးသေဝက်သေပမာ အရှက်တကွဲ အကျိုးနည်း ဖြစ်နေရလေသည်။
သူတို့သည် မြေကမ္ဘာအင်မော်တယ်နန်းတော်၏ ပွဲခံအခမ်းအနားကို ဖျက်ဆီးရန်နှင့် အင်မော်တယ်နန်းတော်အား အရှက်ရစေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။
ထို့နောက် နှစ်ဖက်ဂိုဏ်းများမှ ဘိုးဘေးတာအိုသခင်ကြီးများက တာအိုသခင်ကြီးဟုန်ယွဲ့ကို စိန်ခေါ်ကာ အကောင်းဆုံးအခြေအနေတွင် အသက်ပါ နှုတ်ယူသွားရန် သို့မဟုတ် အဆိုးဆုံးအခြေအနေတွင် ကျင့်ကြံခြင်းအခြေခံများ ပျက်စီးသွားစေရန် အကွက်ချကြံစည်ထားခဲ့ကြသည်။
မြေကမ္ဘာအင်မော်တယ်နန်းတော်အား ထိုးနှက်ချေမှုန်းခြင်းဖြင့် အင်မော်တယ်တစ်သောင်းနန်းတော်၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ရန် ဖြစ်၏။ ထိုမှတစ်ဆင့် တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့၏ အစီအစဉ်များကို ထိန်းချုပ်ကာ အာဏာကို သိမ်းပိုက်ရန်ပင်။
ဤနည်းလမ်းဖြင့်သာလျှင် အင်မော်တယ်တစ်သောင်းနန်းတော်သည် နှစ်ပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ရသော အခြေခံအုတ်မြစ်များနှင့် အင်အားများကို ပြန်လည်ကုစားနိုင်မည်ဟု တွေးတောထားခဲ့ကြသည်။
သို့သော် မည်သူ ထင်မှတ်ထားခဲ့မည်နည်း။ မြေကမ္ဘာအင်မော်တယ်နန်းတော်တွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြပေ။ ဘယ်ဆီကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသော ကောင်းကင်ပင့်ရွှေချိုဆုတောင်းဆင်ကြီးသည် ခြေတစ်ချက် နင်းချလိုက်ရုံဖြင့် အင်မော်တယ်တစ်သောင်းနန်းတော်နှင့် တာ့ယန်အင်မော်တယ်မင်းဆက်တို့၏ ဖိနှိပ်မှုများကို အမှုန့်ကြိတ်ဖျက်ဆီးပစ်ခဲ့ပြီး သူတို့၏ ရဲရင့်မှုနှင့် သတ္တိများကိုပါ အစအနမကျန် ဆွဲဖြဲပစ်လိုက်လေသည်။
ပါထျန်းမြို့စားကြီးသည် သူ၏အပေါင်းအပါများကို ဦးဆောင်ကာ မြေကမ္ဘာအင်မော်တယ်နန်းတော်မှ အရှက်တကွဲ ထွက်ခွာလာပြီးနောက် နန်းတော်အတွင်း သူပြောဆိုခဲ့သော စကားများကို ပြန်လည်တွေးတောမိချိန်တွင် မျက်နှာတစ်ခုလုံး ပူထူရဲတက်သွားတော့သည်။
မြေကမ္ဘာအင်မော်တယ်နန်းတော်၏ ကောင်းကင်ဂိတ်တံခါးအတွင်း၌ပင် နန်းတော်၏ ပါရမီရှင်အား တာ့ယန်အင်မော်တယ်မင်းဆက်သို့ လိုက်ပါကျင့်ကြံရန် သူက ရဲတင်းစွာ သွေးဆောင်ဖြားယောင်းခဲ့သေးသည် မဟုတ်ပါလော။
ယခုမူကား ပါထျန်းမြို့စားကြီးအား သတ္တိဆယ်ဆ ထပ်မံပေးအပ်လျှင်ပင် မြေကမ္ဘာအင်မော်တယ်နန်းတော်၌ ထိုစကားမျိုးကို ထပ်မံဟဟဝံ့တော့မည် မဟုတ်ပေ။
“ဒီအင်မော်တယ်နန်းတော်က အနာဂတ်မှာ ငါတို့တာ့ယန်အင်မော်တယ်မင်းဆက်ရဲ့ အာဏာကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်တစ်ခု ဖြစ်လာနိုင်တယ်...”
မြေကမ္ဘာအင်မော်တယ်နန်းတော်၏ ကောင်းကင်ဂိတ်တံခါးကို နောက်ကြောင်းပြန်လှည့်ကြည့်ရင်း ပါထျန်းမြို့စားကြီးသည် နှလုံးသားထဲတွင် အထူးသတိထားကာ တာ့ချန်ကျင့်ကြံခြင်းကမ္ဘာမှ ထွက်ခွာသွားလေတော့သည်။
ပွဲခံအခမ်းအနားသည် လဝက်တိုင်တိုင် ဆက်လက်ကျင်းပခဲ့၏။
တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့၏ ကိစ္စရပ်များနှင့် ပတ်သက်၍မူကား လဝက်ကြာပြီးနောက် တာအိုသခင်ကြီးဟုန်ယွဲ့ တာအိုသခင်ကြီးထျန်းယန်နှင့် တာအိုသခင်ကြီးထျန်းဟော့တို့အကြား အချေအတင် ဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာ တညီတညွတ်တည်းသော မဟာမိတ်စည်းမျဉ်းများကို သတ်မှတ်နိုင်ခဲ့လေသည်။
တာအိုသခင်ကြီးဟုန်ယွဲ့၏ တင်းကျပ်စွာ တောင်းဆိုမှုအောက်တွင် တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့သည် ယာယီမဟာမိတ်အဖွဲ့မှ အမြဲတမ်းမဟာမိတ်အဖွဲ့အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ နှစ်တစ်ရာလျှင် တစ်ကြိမ် မဟာမိတ်အကြီးအကဲကို ရွေးချယ်တင်မြှောက်မည် ဖြစ်ပြီး အကြီးအကဲရာထူးအပြင် အခြားသော အထွတ်အထိပ်အကြီးအကဲ ဆယ်နေရာကိုလည်း သတ်မှတ်ထားရှိခဲ့၏။
မဟာမိတ်အဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ ပြင်ပရန်သူများကို စည်းလုံးညီညွတ်စွာ တွန်းလှန်ချေမှုန်းရန်ပင်။
အဖွဲ့ခေါင်းဆောင်သည် အကြီးအကဲများကို ခေါ်ယူစည်းဝေးကာ အကြံပြုချက်များ တင်ပြနိုင်ခွင့်ရှိပြီး အကြီးအကဲငါးဦးအထက် သဘောတူညီပါက ထိုအကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရှိပေသည်။
အခြားသော အကြီးအကဲများသည်လည်း လုပ်ဆောင်ချက်များကို တင်ပြနိုင်ခွင့်ရှိသော်လည်း အဖွဲ့ဝင် ခြောက်ဆယ်ရာခိုင်နှုန်းကျော်၏ သဘောတူညီမှုနှင့် အဖွဲ့ခေါင်းဆောင်၏ ခွင့်ပြုချက်ကို ရယူရန် လိုအပ်လေသည်။
တစ်ချိန်တည်းမှာပင် မဟာမိတ်အဖွဲ့ဝင်များသည် မဟာမိတ်များ၏ အကျိုးစီးပွားကို ထိခိုက်စေရန် သို့မဟုတ် ဆန့်ကျင်ရန်အတွက် တာ့ချန်ကျင့်ကြံခြင်းကမ္ဘာမှ ပြင်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ခြင်း လုံးဝမပြုလုပ်ရဘဲ ဖောက်ဖျက်ပါက မဟာမိတ်အဖွဲ့၏ တုံ့ပြန်ချေမှုန်းခံရမည်ဖြစ်ကြောင်း အတိအကျ သတ်မှတ်ထားရှိခဲ့သည်။
ဤအချက်သည် အင်မော်တယ်တစ်သောင်းနန်းတော်အား တိုက်ရိုက်ရည်ရွယ်ထားသည်ပင်မှာ ယုံမှားဖွယ်မရှိချေ။
နောက်ဆုံးတွင် အင်မော်တယ်တစ်သောင်းနန်းတော်သည် ကိုးဝိညာဥ်တောင်၌ သိမ်းပိုက်ထားသော အင်မော်တယ်မြို့တော်နှစ်မြို့ကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခံခဲ့ရသည်။ ဤအချက်နှင့် ပတ်သက်၍ အချိန်အတော်ကြာ အချေအတင် ငြင်းခုံခဲ့ကြရ၏။
နောက်ဆုံးတွင် အင်မော်တယ်တစ်သောင်းနန်းတော်က သဘောမတူခဲ့သလို လီဟော့နန်းတော် ၊ ယွီလုံနန်းတော်နှင့် အခြားသော အင်အားစုများမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုးဝိညာဥ်တောင်ဘက်မှ ရပ်တည်ကာကွယ်ပေးခြင်း မရှိခဲ့ကြပေ။ သူတို့အားလုံး ဤကိစ္စနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့ကြသဖြင့် ထိုကိစ္စကို ခေတ္တဆိုင်းငံ့ထားလိုက်ရတော့သည်။
တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့၏ စည်းမျဉ်းများကို သတ်မှတ်ပြီးနောက် တာအိုသခင်ကြီးဟုန်ယွဲ့က တာ့ချန်ကျင့်ကြံခြင်းကမ္ဘာရှိ အင်အားစုအားလုံးကို မဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် တံခါးဖွင့်ပေးရေး အဆိုပြုခဲ့သော်လည်း အင်မော်တယ်တစ်သောင်းနန်းတော် ၊ လီဟော့နန်းတော်နှင့် ယွီလုံနန်းတော်တို့က ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ မဟာမိတ်အဖွဲ့သည် အမြဲတမ်းအင်အားစုတစ်ခု ဖြစ်လာပြီးနောက် သူတို့ချည်းသာ ပါဝင်နေမည်ဆိုပါက တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့ကြီးသည် အချိန်မရွေး အလှပြရုပ်သေးရုပ်သက်သက်သာ ဖြစ်သွားနိုင်ချေ ရှိနေသည်။
အကယ်၍ တာ့ချန်ကျင့်ကြံခြင်းကမ္ဘာရှိ အင်အားစုအားလုံးကိုသာ ဝင်ရောက်ခွင့်ပြုလိုက်ပါက တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့၏ လွှမ်းမိုးနိုင်စွမ်းသည် သူတို့လောက်သာ အကန့်အသတ် ရှိနေတော့မည် မဟုတ်ပေ။
တစ်ခါတစ်ရံ မဟာမိတ်အဖွဲ့သည် သူတို့ကိုပါ ဆွဲသွင်းလာနိုင်ပြီး ရွေးချယ်စရာလမ်းမရှိအောင် ဖိအားပေးလာနိုင်ကာ ထိန်းချုပ်မှု ကင်းလွတ်သွားနိုင်ပေသည်။
သို့သော် ထို့နောက်တွင် တာအိုသခင်ကြီးဟုန်ယွဲ့က အကြီးအကဲများအတွက် နတ်ဘုရား ချပ်ဝတ်များ ထောက်ပံ့ပေးရန်နှင့် အကြီးအကဲများအား ဝိညာဉ်မဲ့မြေရိုင်းပြင် အင်မော်တယ်စစ်တပ် ပြန်လည်တည်ဆောက်ရာတွင် ကူညီထောက်ပံ့ပေးရန် အစရှိသော စည်းကမ်းချက်အချို့ကို တင်ပြလာခဲ့လေသည်။
ထိုအရာများကို မြင်တွေ့လိုက်ရသောအခါ အင်မော်တယ်တစ်သောင်းနန်းတော် လီဟော့နန်းတော်နှင့် အခြားအင်အားစုများမှာ အကြီးအကျယ် သွေးဆောင်ဖြားယောင်းခံလိုက်ရပြီး နောက်ဆုံးတွင် အလျှော့ပေးလိုက်လျောရန် ရွေးချယ်လိုက်ကြတော့သည်။
သတင်းများ ထွက်ပေါ်လာသည်နှင့် တာ့ချန်ကျင့်ကြံခြင်းကမ္ဘာရှိ အင်အားစုအသီးသီးမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြတော့၏။ တာ့ချန်ကျင့်ကြံခြင်းကမ္ဘာ၌ ယာယီမဟာမိတ်အဖွဲ့နှင့် အမြဲတမ်းမဟာမိတ်အဖွဲ့ဆိုသည်မှာ လုံးဝကွဲပြားခြားနားသော ကိစ္စရပ်များပင်။
လက်ရှိ တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့သည် ပြင်ပရန်သူများကို တွန်းလှန်ရန် စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားခြင်း ဖြစ်သော်ငြားလည်း အမြဲတမ်း တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့ကြီး တည်ရှိလာခြင်းက တာ့ချန်ကျင့်ကြံခြင်းကမ္ဘာကြီးသည် ဤအချိန်မှစ၍ ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းရောက်ရှိသွားပြီဖြစ်ကြောင်း ပြသနေလေသည်။
တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့ကြီး၏ လွှမ်းမိုးအုပ်ချုပ်မှုအောက်မှ ခေတ်သစ်တစ်ခုပင် ဖြစ်ပေ၏။
တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့ တည်ထောင်ခြင်း အခြေစိုက်စခန်းများ တည်ဆောက်ခြင်း အဖွဲ့ဝင်များ စုဆောင်းခြင်းနှင့် အခြားသော ကိစ္စရပ်များတွင် စုယွီ ပါဝင်ပတ်သက်ရန် မလိုအပ်ချေ။ မြေကမ္ဘာအင်မော်တယ်နန်းတော်၏ ပွဲခံအခမ်းအနား ပြီးဆုံးသွားပြီးနောက် သူ၏ဘဝသည် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။
နေ့စဉ်နေ့တိုင်း ကျင့်ကြံအားထုတ်ခြင်းမှလွဲ၍ သူသည် ရုပ်သေး ဖန်တီးခြင်း၊ အဆောင်လက်ဖွဲ့များ ရေးဆွဲခြင်း သို့မဟုတ် မှော်ရတနာများ သန့်စင်ခြင်းတို့ကိုသာ ပြုလုပ်နေခဲ့သည်။
အကြိမ်ကြိမ် ကြိုးစားအားထုတ်ပြီးနောက် စုယွီသည် ပဉ္စမအဆင့်နိမ့် ဝိညာဉ်ဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေပြီ။
သို့သော် သူ၏ မှော်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအား ပြဿနာများကြောင့် လက်ရှိတွင် စုယွီ၏ ပဉ္စမအဆင့်နိမ့် ဝိညာဉ်ဆေးလုံးများ ဖော်စပ်အောင်မြင်မှုနှုန်းမှာ သိပ်မမြင့်မားလှဘဲ တိုးတက်လာစေရန်အတွက် အရင်းအမြစ်မြောက်မြားစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်နေသေးသည်။
အဆောင်လက်ဖွဲ့များနှင့် ပတ်သက်၍မူ စုယွီသည် မြေကမ္ဘာ ဂိတ်တံခါးအတွက် စတုတ္ထအဆင့် အဆောင်လက်ဖွဲ့များကို လုံလောက်စွာ စုဆောင်းပြင်ဆင်နေသလို ပဉ္စမအဆင့် ကြေးမုံလမင်းအဆောင်လက်ဖွဲ့နှင့် လခြမ်းအဆောင်လက်ဖွဲ့တို့ကို ဖန်တီးနိုင်ရန် မျှော်လင့်ချက်ဖြင့် ပဉ္စမအဆင့်နိမ့် အဆောင်လက်ဖွဲ့များကိုလည်း အာရုံစိုက် လေ့လာနေခဲ့သည်။
ထို့အပြင် အရိပ်တစ်ထောင် အဆောင်လက်ဖွဲ့ လမ်းစဉ်သည်လည်း အဆင့်တက်လာစေရန် ကျွမ်းကျင်မှုများကို ဆက်လက်စုဆောင်းနေရန် လိုအပ်နေသေး၏။
မှော်လက်နက်ရတနာများ သန့်စင်ခြင်းအပိုင်းတွင် စုယွီသည် သူ၏ ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်ကို အဓိကထား တိုးတက်စေခဲ့ပြီးနောက် နတ်ဘုရား ချပ်ဝတ် အပါအဝင် နတ်ဘုရားပန်းပဲဂိုဏ်း၏ မှော်လက်နက်များနှင့် ရတနာများကို သန့်စင်ဖန်တီးရန် ကြိုးစားနေခဲ့သည်။
မြေကမ္ဘာအင်မော်တယ်နန်းတော်သည် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များကို ပိုမိုစုဆောင်းနိုင်ရန်နှင့် အင်မော်တယ်နန်းတော်၏ အခြေခံအုတ်မြစ်ကို မြှင့်တင်နိုင်ရန်အတွက် တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့၏ အင်အားကို အသုံးပြုကာ နတ်ဘုရား ချပ်ဝတ်များကို ရောင်းချရန် စီစဉ်ထားခဲ့သည်။
နတ်ဘုရား ချပ်ဝတ်သည် အလွန်အစွမ်းထက်ပြီး အထူးသဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံသူစစ်တပ်အဖြစ် ဖွဲ့စည်းလိုက်သောအခါ ပို၍ကြောက်မက်ဖွယ်ကောင်းသော်လည်း နတ်ဘုရား ချပ်ဝတ်၏ အရည်အသွေးကို ထိန်းချုပ်ထားနိုင်သရွေ့ တတိယအဆင့် နတ်ဘုရား ချပ်ဝတ် အမြောက်အမြားနှင့် စတုတ္ထအဆင့် နတ်ဘုရား ချပ်ဝတ် အနည်းငယ်ကို ရောင်းချနိုင်ပေလိမ့်မည်။