အခန်း ၈၀၁
Vol. 54 Ch. 801
အခန်း (၈၀၁) ဝမ်လုံနန်းတော်နှင့် ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ သတင်းအချက်အလက် (၃)
စုယွီ၏မျက်နှာအမူအရာမှာ အလွန်တရာလေးနက်သွားပြီး အရှင်သခင်ကြီးအန်းယွဲ့ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။
"စီနီယာဆိုလိုချင်တာက.. သူတို့ရဲ့ ရှေးဟောင်းသွေးမျိုးဆက် ဆက်ခံသူတွေ အခုထက်ထိ ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်လားခင်ဗျ"
အရှင်သခင်ကြီးအန်းယွဲ့က ခေါင်းညိတ်ပြလိုက်ပြီးနောက် လေးနက်စွာ ရှင်းပြလေသည်။
"မင်းပြောတာ မှန်တယ်.. ချန်ကျိုးနယ်မြေရဲ့ မြောက်ဘက်အစွန်အဖျားမှာရှိတဲ့ လက်ရှိ ဝမ်လုံအင်မော်တယ်မင်းဆက်ဆိုတာ ရှေးဟောင်းဟေးလုံမင်းဆက်နန်းတော်က သက်တော်ရှည်မင်းသမီးရဲ့ မျိုးဆက်တွေ တည်ထောင်ထားခဲ့တာပဲ"
"တစ်ဖက်လူတွေက ချန်ကျိုးနယ်မြေထဲမှာ မရှိဘူးဆိုပေမဲ့.. ရွှင်ပျော်ပျော် အင်မော်တယ်စံအိမ်တော်ရဲ့ အမွေအနှစ်တွေ ဒီမှာပေါ်လာတယ်ဆိုတာကိုသာ သူတို့သိသွားခဲ့ရင်.. တာ့ချန်ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံး.. ဒါမှမဟုတ် ချန်ကျိုးနယ်မြေတစ်ခုလုံးတောင်မှ ထပ်ပြီး ကမောက်ကမဖြစ်သွားနိုင်တယ်"
အရှင်သခင်ကြီးအန်းယွဲ့၏ လေသံကို နားထောင်ရင်း စုယွီက ဆက်လက်မေးမြန်းလိုက်၏။
"စီနီယာ.. အဲဒီဝမ်လုံအင်မော်တယ်မင်းဆက်ရဲ့ အင်အားက ဘယ်လောက်အထိ ရှိသလဲ"
အရှင်သခင်ကြီးအန်းယွဲ့က အတန်ကြာ စဉ်းစားတွေးတောနေပြီးနောက် ပြန်လည်ဖြေကြားလေသည်။
"ကောလာဟလတွေအရတော့ ဝမ်လုံအင်မော်တယ်မင်းဆက်ရဲ့ ဘိုးဘေးကြီးက တာအို ပေါင်းစည်းအဆင့် သခင်ကြီးတစ်ပါးလို့ ဆိုကြတယ်.. ဒါပေမဲ့ ငါတို့ ကောင်းကင်သိုင်းကျမ်း မျှော်စင်ရဲ့ သိထားသလောက်ကတော့ အဲဒီပုဂ္ဂိုလ်က ပျောက်ကွယ်နေတာ အနည်းဆုံး နှစ်ပေါင်းတစ်ထောင်လောက် ရှိနေပြီ"
"ဒါကြောင့် သူတို့ကို ပကတိ ဟင်းလင်းပြင်သခင်အဆင့်တွေကပဲ ထိန်းချုပ်ထားသေးတယ်လို့ ယူဆလို့ရတယ်.. ဒါပေမဲ့ အင်မော်တယ်မင်းဆက်ထဲမှာတင် ပကတိ ဟင်းလင်းပြင်သခင်အဆင့် ကျင့်ကြံသူအရေအတွက်က အယောက်နှစ်ဆယ်ထက်တောင် ကျော်လွန်နေတယ်"
ထိုစကားကြောင့် စုယွီ၏ရင်တွင်း၌ အကြီးအကျယ် တုန်လှုပ်သွားရတော့၏။
'တာအိုပေါင်းစည်းအဆင့် ဘိုးဘေးကြီးတစ်ပါးတောင် အမှန်တကယ် ရှိနေနိုင်တာလား...'
ထိုဘိုးဘေးကြီးက နှစ်ပေါင်းများစွာ ထွက်ပေါ်မလာခဲ့သည်မှာ မှန်သော်ငြား အယောက်နှစ်ဆယ်ထက်မကသော ဟင်းလင်းပြင်သခင်များ၏ အင်အားကပင် မြေကမ္ဘာအင်မော်တယ်စံအိမ်တော်ထက် များစွာ သာလွန်နေခဲ့လေပြီ။
ဝမ်လုံအင်မော်တယ်မင်းဆက်တစ်ခုတည်းကပင် တာ့ချန်ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံးကို အပြတ်အသတ် ကျော်လွန်နေပေသည်။
ထိုအခိုက် အရှင်သခင်ကြီးအန်းယွဲ့က ဆက်လက်ပြောပြလေ၏။
"ဝမ်လုံအင်မော်တယ်မင်းဆက်အပြင်.. ရှေးဟောင်းဟေးလုံမင်းဆက်နန်းတော်ကြီး ပြိုကွဲသွားပြီးတဲ့နောက် တခြားအမွေဆက်ခံတဲ့ အဖွဲ့အစည်းခွဲတွေလည်း ရှိသေးတယ်"
"ဒါ့အပြင်.. ဝမ်လုံအင်မော်တယ်မင်းဆက်တင် မကဘူး.. ရွှင်ပျော်ပျော် အင်မော်တယ်စံအိမ်တော်နဲ့ ရန်ငြိုးရှိခဲ့တဲ့ အမွေအနှစ်ဆက်ခံသူတွေလောက်ပဲ ဒီကိစ္စကို သတိထားမိကြမှာ မဟုတ်ဘူး"
"ရွှင်ပျော်ပျော် အင်မော်တယ်စံအိမ်တော်ရဲ့ အမွေအနှစ်ကို မက်မောနေကြတဲ့ တခြားအင်အားစုတွေလည်း အနည်းအကျဉ်းတော့ သေချာပေါက် ရှိမှာမဟုတ်ဘူး"
"ဒါကြောင့် မြေကမ္ဘာအင်မော်တယ်စံအိမ်တော်က ခေတ္တခဏ ငြိမ်းချမ်းရေးကို ရရှိထားပေမဲ့.. ဒါက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားမယ့် အချိန်တိုလေးတစ်ခု ဖြစ်ဖို့များတယ်"
ထိုစဉ် စုယွီက အရှင်သခင်ကြီးအန်းယွဲ့ကို တိတ်ဆိတ်စွာပင် စိုက်ကြည့်နေမိ၏။ ကောင်းကင်သိုင်းကျမ်း မျှော်စင်သည် ထူးကဲသော အင်အားများကို ပိုင်ဆိုင်ထားပြီး နေရာများစွာ၌ အကိုင်းအခက်များ ရှိနေကာ ထူးချွန်ပြောင်မြောက်သော အင်မော်တယ်မျိုးစေ့များကို လျှို့ဝှက်စွာ စုဆောင်းလေ့ရှိပေသည်။
အချို့မှာ ကောင်းကင်သိုင်းကျမ်း မျှော်စင်ထဲသို့ တိုက်ရိုက်ခေါ်ဆောင်ခံရပြီး သူ့ကဲ့သို့သော အခြားလူများမှာမူ ပြင်ပအဖွဲ့ဝင်များ ဖြစ်လာခဲ့ကြသည်။
သူတို့အကြားရှိ ဆက်ဆံရေးသည် အနည်းငယ် ထူးခြားနေပြီး မိသားစုဝင်များကဲ့သို့ ရင်းနှီးမှုမျိုး မရှိသော်ငြား အနည်းဆုံးတော့ အကြောင်းအကျိုး ဆက်စပ်မှုတစ်ခု ရှိနေဆဲပင် ဖြစ်၏။
ထို့ကြောင့် ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ အစစ်အမှန်အင်အားမှာ လက်ရှိစုယွီ မှန်းဆ၍မရနိုင်သော အရာတစ်ခုပင် ဖြစ်နေတော့သည်။
စိမ်းပြာငရဲအင်မော်တယ်နန်းတော်နှင့် ပတ်သက်၍လည်း အလားတူပင်။ အမှန်တကယ်တော့ စုယွီသည် စိမ်းပြာငရဲအင်မော်တယ်နန်းတော်၏ အစစ်အမှန်အင်အားနှင့် အခြေခံအုတ်မြစ်များကို လုံးဝမသိရှိခဲ့ပေ။
စုယွီတိတ်ဆိတ်သွားသည်ကို မြင်သောအခါ အရှင်သခင်ကြီးအန်းယွဲ့က အရေးမစိုက်ဘဲ လက်တစ်ချက်ဝှေ့ယမ်းလိုက်ကာ အမိန့်ပြားအသစ်တစ်ခုကို ထုတ်ယူလိုက်ပြီး စုယွီရှေ့သို့ ချပေးရင်း စကားဆိုလေသည်။
"ကောင်းကင်သိုင်းကျမ်း မျှော်စင် ချန်ကျိုးနယ်မြေရဲ့ သခင်.. အရှင်သခင်ကြီးကျီယန်က မင်းရဲ့ ထူးကဲတဲ့ ပါရမီနဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို သိထားလို့ ဒီကောင်းကင်သိုင်းကျမ်းအမိန့်ပြားကို ချပေးလိုက်တာပဲ"
"ဒီအမိန့်ပြားနဲ့ဆိုရင် မင်းက သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအတွင်းမှာရှိတဲ့ အင်မော်တယ်မြို့တော် အသီးသီးက စံအိမ်သခင်တွေနဲ့ ဆက်သွယ်နိုင်ပြီး မင်းလိုချင်တဲ့ သတင်းအချက်အလက်နဲ့ ရတနာတွေကို ဖလှယ်နိုင်တယ်"
"အရေးအကြီးဆုံးက.. တစ်နေ့နေ့ မင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုနဲ့ ကြုံလာရရင်.. ဒီကောင်းကင်သိုင်းကျမ်းအမိန့်ပြားကိုယူပြီး ချန်ကျိုးအင်မော်တယ်မြို့တော်ကိုသွားပါ.. နယ်မြေသခင်ကိုရှာပြီး အကာအကွယ်ရယူဖို့ ကောင်းကင်သိုင်းကျမ်း မျှော်စင်ထဲကို ဝင်ရောက်နိုင်တယ်"
"အများအားဖြင့်တော့ ငါတို့ ကောင်းကင်သိုင်းကျမ်း မျှော်စင်က အဲဒီလို ပြဿနာသေးသေးလေးတွေကို ဖြေရှင်းပေးနိုင်ပါတယ်"
အချိန်အနည်းငယ် အကြာတွင် စုယွီသည် လေးနက်သော မျက်နှာအမူအရာဖြင့် ကောင်းကင်သိုင်းကျမ်းအမိန့်ပြားကို ယူဆောင်ကာ ကောင်းကင်သိုင်းကျမ်း မျှော်စင်မှ ထွက်ခွာလာခဲ့တော့၏။
အရှင်သခင်ကြီးအန်းယွဲ့သည် သတင်းအချက်အလက် အများအပြားကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်တော် မစုဆောင်းနိုင်ခဲ့သော အရာများကိုပင် အားစိုက်ထုတ်စရာမလိုဘဲ ရှင်းပြခဲ့လေသည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် မြေကမ္ဘာအင်မော်တယ်စံအိမ်တော်နှင့် ကောင်းကင်သိုင်းကျမ်း မျှော်စင်အကြားရှိ အင်အားကွာဟချက်မှာ အလွန်တရာ သိသာထင်ရှားနေပေသည်။
ထိုသတင်းအချက်အလက်များသည် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် မြေကမ္ဘာအင်မော်တယ်စံအိမ်တော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါလှပေ၏။
အရေးအကြီးဆုံးအချက်မှာ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး၏ ရုပ်တုသည် ရှေးဟောင်းမှတ်တမ်းများတွင် အမှန်တကယ်ပင် မှတ်တမ်းတင် ချန်ရစ်ခံခဲ့ရသည်ဟူသော အချက်ပင်။
အကယ်၍ ယခုအချိန်တွင် ကောင်းကင်သိုင်းကျမ်း မျှော်စင်က ၎င်းကို သိရှိသွားပြီဆိုပါက အခြားအင်အားစုများလည်း သိရှိသွားနိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
'ကံကောင်းလို့ သူတို့က မြေကမ္ဘာအင်မော်တယ်စံအိမ်တော်က ရွှင်ပျော်ပျော် အင်မော်တယ်စံအိမ်တော်ရဲ့ အမွေအနှစ် အနည်းအကျဉ်းကို ရထားတယ်လို့ပဲ သံသယရှိနေကြတာ...'
စုယွီက ရင်တွင်း၌ တိတ်တဆိတ် တွေးတောလိုက်၏။
'ငါက ရွှင်ပျော်ပျော် အင်မော်တယ်စံအိမ်တော်ရဲ့ အမွေအနှစ် အနည်းအကျဉ်းကို ရထားတာမဟုတ်ဘဲ.. အမွေအနှစ် တစ်ခုလုံးကို ရထားတယ်ဆိုတာကို သူတို့ မသိကြသေးဘူး...'
'ပြီးတော့.. အဲဒီအမွေအနှစ်ထဲမှာ အင်မတန် ကြောက်ဖို့ ကောင်းတဲ့ ရှေးဟောင်းပုဂ္ဂိုလ်ကြီး နှစ်ပါး ကိန်းအောင်းနေတယ် ဆိုတာကိုလည်းပေါ့...'
ပထမရွှေရောင်ချပ်ဝတ်ခေါင်းဆောင်နှင့် ဒုတိယရွှေရောင်ချပ်ဝတ်ခေါင်းဆောင်တို့၏ တည်ရှိမှုကို တွေးတောမိလိုက်သောအခါ အနာဂတ်တွင် ကြုံတွေ့လာရမည့် ခြိမ်းခြောက်မှုများအတွက် စုယွီအနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။