အခန်း ၈၀၂
Vol. 54 Ch. 802
အခန်း (၈၀၂) ချန်ကုအင်မော်တယ်မြို့တော်၊ သရုပ်မှန်အသစ် (၁)
"ရှေးဟောင်းယွဲ့အင်မော်တယ်စံအိမ်တော်ရဲ့ ရန်ငြိုးတွေနဲ့ ပတ်သက်ရင်တော့.. ဝမ်လုံအင်မော်တယ်မင်းဆက်က သူတို့ရဲ့ ဘိုးဘေးတွေအတွက် တကယ်ပဲ လက်စားချေချင်တယ်ဆိုရင်တော့ စောင့်ကြည့်ရုံပဲ ရှိတာပေါ့"
"သူတို့က တာ့ချန်ကျင့်ကြံခြင်းကမ္ဘာကို လာပြီးတော့ လက်စားချေဖို့ အဆုံးမဲ့ အင်မော်တယ်ကမ္ဘာကြီးကို တကယ် ဖြတ်သန်းနိုင်မလား ဆိုတာကို စောင့်ကြည့်ကြတာပေါ့"
'ဒါ့အပြင်.. ရှေးဟောင်းယွဲ့အင်မော်တယ်စံအိမ်တော်ရဲ့ အမွေအနှစ်တွေကို စိတ်ဝင်စားနေနိုင်တဲ့ အင်အားစုတွေ ရှိနေနိုင်တယ်ဆိုတဲ့ ကောင်းကင်သိုင်းကျမ်း မျှော်စင်က ပြောတဲ့စကားတွေရော.. တာ့ချန်ကျင့်ကြံခြင်းကမ္ဘာကို လျှို့ဝှက်ထောက်လှမ်းနေဆဲဖြစ်တဲ့ မိစ္ဆာမျိုးနွယ်စုနဲ့ ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုတို့ကိုပါ သတိထားပြီး ချဉ်းကပ်ရမယ်'
စုယွီက တိတ်တဆိတ် တွေးတောလိုက်၏။
'အင်မော်တယ်ဂိုဏ်းတွေက အခုဆိုရင် အင်မော်တယ်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး အာဏာစက်ကြီးမားလာလို့ အထင်သေးလို့မရတဲ့ အင်အားစုတစ်ခု ဖြစ်လာခဲ့ပြီဆိုပေမဲ့လည်း'
'အင်မော်တယ်ဂိုဏ်းတွေက ထာဝရအေးချမ်းနေနိုင်ပြီလို့ ဆိုလိုတာတော့ လုံးဝမဟုတ်ဘူး'
သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ကျင့်ကြံခြင်းတွင် ကြိုးစားအားထုတ်ရမည်ပင်။
အရှင်သခင်ကြီးအန်းယွဲ့နှင့် ဤသို့တွေ့ဆုံခြင်းက စုယွီ၏ ယခင်အစီအစဉ်များအပေါ် အနည်းငယ် သက်ရောက်မှုရှိခဲ့ပြီး သူသည် အင်မော်တယ်မြို့တော်ဆယ်ခုတွင် ဆက်မနေတော့ဘဲ မြေကမ္ဘာအင်မော်တယ်စံအိမ်တော်သို့ ပြန်လာခဲ့လေသည်။
မြေကမ္ဘာနန်းတော်၏ လျှို့ဝှက်နယ်မြေ။
စုယွီသည် ထိုကိစ္စများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို စဉ်းစားကာ သူ၏ နောက်ဆက်တွဲ လှုပ်ရှားမှုအချို့ကို ပြုပြင်ပြောင်းလဲရန် ထပ်မံခွဲခြမ်းစိတ်ဖြာပြီး အစီအစဉ်ဆွဲနေ၏။
အခြားတစ်ဖက်တွင်မူ စုယွီ ကောင်းကင်သိုင်းကျမ်း မျှော်စင်မှ ထွက်ခွာသွားပြီးနောက် အရှင်သခင်ကြီးအန်းယွဲ့သည် ပြုံးလိုက်လေသည်။
ထိုအချိန်တွင် ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ ဆိုင်ရှင်ပေါ်လာပြီး အရှင်သခင်ကြီးအန်းယွဲ့ကို ကြည့်ကာ မျက်မှောင်ကုတ်လျက် မေးမြန်းလိုက်၏။
"သူ့ကို ဒီလို ကောင်းကင်သိုင်းကျမ်းအမိန့်ပြား ပေးလိုက်တာက နည်းနည်းလေး.. လွယ်လွန်းအားကြီးနေတယ်မလား.. သူက ဒါကို တန်ဖိုးထားချင်မှ ထားမှာပေါ့"
ကောင်းကင်သိုင်းကျမ်းအမိန့်ပြား။
ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ ထူးချွန်ပြောင်မြောက်သော ပါရမီရှင်များပင် ထိုအမိန့်ပြားတစ်ခုကို ရရှိရန် ရုန်းကန်ကြရပေသည်။
သို့သော် ယခုအခါတွင် အရှင်သခင်ကြီးအန်းယွဲ့သည် ထိုအမိန့်ပြားကို စုယွီထံသို့ ပေါ့ပေါ့ပါးပါးပင် ပေးအပ်ခဲ့ပြီး မျှော်စင်၏ ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းကင်တပည့်များထက်ပင် ကျော်လွန်သော ထည့်သွင်းစဉ်းစားမှုကို ပြသခဲ့လေသည်။
ထိုအရာက သူ့ကို အံ့အားသင့်သွားစေပြီး အနည်းငယ် တွေဝေသွားစေသည်။
မြေကမ္ဘာအင်မော်တယ်စံအိမ်တော်၏ တပည့်ဖြစ်သော ဤစုယွီသည် ထူးကဲသော ပါရမီရှိပြီး ဟင်းလင်းပြင်တာအိုစွမ်းအားကို ထိန်းချုပ်နိုင်သည်ဟု ကောလာဟလ ထွက်နေသော်လည်း သူသည် ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ တပည့်မဟုတ်ပေ။
သို့သော် အရှင်သခင်ကြီးအန်းယွဲ့က တည်ငြိမ်စွာ ပြန်ပြောလေ၏။
"ဆေးဖော်စပ်တာအပြင်.. ငါက နိမိတ်ဖတ်တာကိုလည်း နားလည်တယ်ဆိုတာ မင်းသိသားပဲ"
"ငါ တစ်ခါက နိမိတ်ဖတ်ဖို့ ငါ့ရဲ့စွမ်းအားအကုန်ထုတ်ပြီး ကြိုးစားခဲ့ဖူးတယ်.. ရလဒ်က ငါတို့ ချန်ကျိုးနယ်မြေ ကောင်းကင်သိုင်းကျမ်း မျှော်စင်က ဘေးဒုက္ခတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ပြသနေတယ်"
ဆိုင်ရှင်၏ မျက်နှာအမူအရာက သိမ်မွေ့စွာ ပြောင်းလဲသွားပြီး အံ့အားသင့်မှုနှင့် တွန့်ဆုတ်မှုတို့ ရောယှက်နေသည်ကို သူ၏မျက်နှာပေါ်တွင် မြင်တွေ့ရပေသည်။
သူ စကားပြောရန် ရပ်တန့်လိုက်၏။ အရှင်သခင်ကြီးအန်းယွဲ့ကို မယုံကြည်၍တော့ မဟုတ်ပေ။ သို့သော်လည်း..
အရှင်သခင်ကြီးအန်းယွဲ့သည် မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး ချန်ကျိုးနယ်မြေ ကောင်းကင်သိုင်းကျမ်း မျှော်စင်သည် ဘေးဒုက္ခနှင့် ရင်ဆိုင်ရမည်ဟု သူတွက်ချက်ထားကြောင်း ပြောဆိုခြင်းက အနည်းငယ်တော့ ယုံရခက်လွန်းလှသည်။
သို့သော် အရှင်သခင်ကြီးအန်းယွဲ့က ကောင်းကင်သိုင်းကျမ်းအမိန့်ပြားကို ရယူနိုင်ခဲ့သည်ကို စဉ်းစားမိသောအခါ ဆိုင်ရှင်သည် နောက်ဆုံးတွင် သူ၏ သံသယအားလုံးကို မြိုချလိုက်ပြီး အိုမင်းနေသော အရှင်သခင်ကြီးအန်းယွဲ့ကို ကြည့်ကာ သက်ပြင်းချလိုက်လေ၏။
"သူ့အတွက် ခင်ဗျား လုပ်ပေးနေတာတွေအကုန်လုံးနဲ့ တန်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့"
ထို့နောက် အရှင်သခင်ကြီးအန်းယွဲ့သည် ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ လမ်းကြောင်းကို အသုံးပြု၍ တာ့ယွဲ့ပြည်နယ်သို့ ပြန်သွားလေသည်။
တာ့ယွဲ့ပြည်နယ်သို့ ပြန်ရောက်ပြီး သိပ်မကြာမီတွင် အရှင်သခင်ကြီးအန်းယွဲ့သည် အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပြီး တာ့ယွဲ့ပြည်နယ်ရှိ ကိစ္စရပ်များကို အရှင်သခင်ကြီးအန်းယွဲ့နှင့် အနည်းငယ်ဆင်တူသော သူ၏တပည့် တာအိုဆရာချန်ရီက တာဝန်ယူခဲ့လေသည်။ နှစ်ဦးစလုံးသည် စာဖတ်ခြင်းကို နှစ်သက်ကြပြီး လှုပ်ရှားခြင်းထက် တိတ်ဆိတ်ခြင်းကို ပိုနှစ်သက်ကြပေသည်။
အရှင်သခင်ကြီးအန်းယွဲ့ ကွယ်လွန်သွားသည့် သတင်းသည် မပေါက်ကြားသွားဘဲ ကောင်းကင်သိုင်းကျမ်း မျှော်စင်အတွင်းရှိ လူအနည်းငယ်သာ သိရှိခဲ့ကြသည်။
*
တာ့ယွီ တောင်ထိပ်တွင် စုယွီ၏ တာအိုရုပ်သေးသည် ဟွမ်ကျူး စုဆောင်းထားသော ချန်ကျိုးနယ်မြေရှိ အင်အားစုအသီးသီး၏ သတင်းအချက်အလက်များနှင့် အင်မော်တယ်ဂိုဏ်း၏ မှတ်တမ်းတိုက်မှ ချန်ကျိုးနယ်မြေနှင့် ပတ်သက်သည့် စာအုပ်များစွာကို ယူဆောင်လာခဲ့ပြီး ၎င်းတို့ကို တစ်အုပ်ပြီးတစ်အုပ် ဖတ်ရှုနေ၏။
"ချန်ကျိုးနယ်မြေက မူလက ရှေးဟောင်းကောင်းကင်အင်မော်တယ်စံအိမ်တော် နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြိုင်ဘက်ကင်း အင်အားစုကြီးတွေ အများအပြား ပေါ်ထွန်းခဲ့တယ်.. မသိနိုင်တဲ့ ဘေးအန္တရာယ်ကြီးတစ်ခုကနေ လွတ်မြောက်လာပြီးတဲ့နောက်မှာတော့.. ရှေးဟောင်းကောင်းကင်အင်မော်တယ်စံအိမ်တော်က အဲဒီလို ပြိုကွဲသွားခဲ့တယ်..."
"ယနေ့ ချန်ကျိုးနယ်မြေမှာတော့ ချန်ကုအင်မော်တယ်မြို့တော်ကို ဗဟိုပြုပြီး ပတ်ဝန်းကျင်က အင်မော်တယ်နယ်မြေတွေကို စုစုပေါင်း ဆယ့်ခုနစ်ခုအဖြစ် ခွဲခြားထားတယ်.. ကောင်းကင်နတ်ဘုရား ဓားဂိုဏ်းရဲ့ ကောင်းကင်ဓားကျင့်ကြံခြင်းနယ်မြေ.. တာ့ယန်အင်မော်တယ်မင်းဆက်ရဲ့ တာ့ယန်ကျင့်ကြံခြင်းနယ်မြေ.. ဝူဝေ့တောင်ကြားရဲ့ ဝူဝေ့ကျင့်ကြံခြင်းနယ်မြေ စတာတွေ ပါဝင်တယ်..."
"ဒီကျင့်ကြံခြင်းနယ်မြေတွေရဲ့ နယ်နိမိတ်တွေကို မြစ်တွေ ဒါမှမဟုတ် မြေရိုင်းတွေနဲ့ ခွဲခြားထားတာ မဟုတ်ဘဲ.. အထပ်ထပ်အခါခါရှိနေတဲ့ ဝိညာဉ်ကင်းမဲ့မြေတွေနဲ့ ခွဲခြားထားတာပဲ"
"ဒီဝိညာဉ်ကင်းမဲ့မြေတွေက ရှေးဟောင်းခေတ်မှာ ကောင်းကင်အင်မော်တယ်စံအိမ်တော်က ချထားခဲ့တဲ့ မဟာအခင်းအကျင်းကြီးတွေရဲ့ အကြွင်းအကျန်တွေပဲ၊ ချန်ကုအင်မော်တယ်မြို့တော်ကို ဗဟိုပြုတဲ့ ကောင်းကင်အင်မော်တယ်စံအိမ်တော် နယ်မြေတစ်ခွင်မှာ ဖြန့်ကျက်နေကာ အမြင့်မြတ်ဆုံး အင်မော်တယ်အခင်းအကျင်းကြီးတစ်ခု ဖွဲ့စည်းထားတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတယ်"
ဤမှတ်တမ်းကို ဖတ်ပြီးသောအခါ စုယွီ လန့်ဖြန့်သွား၏။ မည်ကဲ့သို့သော အခင်းအကျင်းမျိုးက ချန်ကျိုးနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားနိုင်လောက်အောင် ဤမျှကြီးမားနေရသနည်း။
တာ့ချန်ကျင့်ကြံခြင်းကမ္ဘာ တစ်ခုတည်းကပင် အဆုံးမရှိကျယ်ဝန်းနေပြီဖြစ်ကာ နေရာ ရွှေ့ပြောင်း အခင်းအကျင်း မရှိဘဲ ၎င်းကို ဖြတ်ကျော်ရန်မဆိုထားနှင့်။
မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးတစ်ပါးတောင် ဖြတ်ကျော်ဖို့အတွက် အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်လောက် ကြာနိုင်ပေသည်။
ချန်ကျိုးနယ်မြေ တစ်ခုလုံးကို ကျင့်ကြံခြင်းနယ်မြေများကြားရှိ နယ်နိမိတ်များကို မထည့်သွင်းဘဲ တာ့ချန်ကျင့်ကြံခြင်းကမ္ဘာ တစ်ဆယ့်ရှစ်ခု ဒါမှမဟုတ် ထို့ထက်မကရှိသည်ဟု မှတ်ယူနိုင်ပေသည်။
မည်ကဲ့သို့သော အခင်းအကျင်းမျိုးက ဤမျှကျယ်ဝန်းနိုင်မည်နည်း။
သူ ဆက်ဖတ်လိုက်သောအခါ အို.. ဒါက ခန့်မှန်းချက်သက်သက်သာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဒေသများကို ပိုင်းခြားထားသည့် ဝိညာဉ်ကင်းမဲ့မြေ နယ်နိမိတ်များမှလွဲ၍ ချန်ကျိုးနယ်မြေတွင် အမှန်တကယ် တည်ရှိနေသည့် ထိုကဲ့သို့သော အခင်းအကျင်းမျိုးကို မည်သူမျှ မတွေ့ရှိခဲ့ရသလို အခင်းအကျင်းတစ်ခု၏ အခြားခြေရာလက်ရာများကိုလည်း မတွေ့ရှိခဲ့ရပေ။
စာအုပ်တစ်အုပ်ကို ဖတ်ပြီးသောအခါ စုယွီက အခြားတစ်အုပ်ကို ကောက်ကိုင်ပြီး လှန်လှောဖတ်ရှုလိုက်၏။
"ချန်ကျိုးနယ်မြေ၏ လူများနှင့် ကိစ္စရပ်များ"
"ချန်ကုအင်မော်တယ်မြို့တော်ရဲ့ ဘိုးဘေးဖြစ်တဲ့ ချန်ကုကြောင့် ချန်ကျိုးနယ်မြေလို့ အမည်တွင်ခဲ့တာပါ.. သူက ရှေးဟောင်းကောင်းကင်အင်မော်တယ်စံအိမ်တော်ရဲ့ တိုက်ရိုက်အမွေဆက်ခံသူလို့ ကောလာဟလ ထွက်ပေါ်နေတယ်.. သူက ကောင်းကင်အင်မော်တယ်စံအိမ်တော်ရဲ့ ဘေးဒုက္ခကနေ လွတ်မြောက်လာခဲ့ပြီး ရှေးဟောင်းကောင်းကင်အင်မော်တယ်စံအိမ်တော်ရဲ့ ဂုဏ်ကျက်သရေကို ဆက်လက်ထိန်းသိမ်းထားဖို့ ယခင်ကောင်းကင်အင်မော်တယ်စံအိမ်တော်ရဲ့ နယ်မြေအလယ်ဗဟိုမှာ ချန်ကုအင်မော်တယ်မြို့တော်ကို ပြန်လည်တည်ဆောက်ခဲ့တယ်"
"ဒါပေမဲ့ ယနေ့ခေတ်မှာတော့ တာအိုသခင်ကြီးတွေ မပေါ်လာကြတဲ့အတွက် ချန်ကုအင်မော်တယ်မြို့တော်ရဲ့ ဂုဏ်သတင်းက အရင်ကလို မဟုတ်တော့ဘူး.. ကောင်းကင်နတ်ဘုရားဓားဂိုဏ်း.. တာ့ယန်အင်မော်တယ်မင်းဆက်.. ဝူဝေ့တောင်ကြားစတဲ့ ကျင့်ကြံခြင်းနယ်မြေတွေ ပေါင်းစည်းလာတာက ချန်ကျိုးနယ်မြေထဲက ချန်ကုအင်မော်တယ်မြို့တော်ရဲ့ အဆင့်အတန်းနဲ့ ရပ်တည်ချက်ကို စိန်ခေါ်နေကြတယ်"
"ချန်ကျိုးပြက္ခဒိန် နှစ် (၈၁၃၄၁) ခုနှစ်မှာ ကောင်းကင်နတ်ဘုရားဓားဂိုဏ်းရဲ့ နတ်ဘုရားသားတော် မွေးဖွားလာခဲ့ပြီး ချန်ကုအင်မော်တယ်မြို့တော်အပြင်ဘက်မှာ ဓားအင်မော်တယ်သိုင်းကွက် သုံးကွက်နဲ့ ပဉ္စမမြောက်မိသားစု တာအိုသားတော်ရဲ့ တာအိုခန္ဓာကိုယ်ကို သတ်ဖြတ်ခဲ့တာကြောင့် ဘက်ပေါင်းစုံမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်"
"ချန်ကျိုးပြက္ခဒိန် နှစ် ၈၁၃၄၈ ခုနှစ်မှာ ပဉ္စမမြောက်မိသားစုရဲ့ ဘိုးဘေးကြီးဟာ ကောင်းကင်ဓားကျင့်ကြံခြင်းနယ်မြေမှာ အပြတ်အသတ် ရှုံးနိမ့်သွားပြီး ပြန်လာခဲ့တာကြောင့် ချန်ကုအင်မော်တယ်မြို့တော်က တိတ်ဆိတ်သွားခဲ့တယ်”