← Chapters

အခန်း ၈၀၇

Vol. 54 Ch. 807

အခန်း ၈၀၇

Vol. 54 Ch. 807

အခန်း (၈၀၇) ချန်ကုအင်မော်တယ်မြို့တော် တာအိုသခင်ပိုင်ယီ (၃)

လင်းလုံအဆောင်လက်ဖွဲ့စံအိမ်အတွင်း၌ စုယွီ၏ အဆင့်အတန်းမှာ ယာယီဆိုင်ရှင်နှင့် သခင်မလေး ကုန်းစွန်းတို့၏ အောက်တွင်သာ ရှိလေသည်။

“ဝှီး…”

အလွန်ဝေးကွာသော ပင်လယ်နယ်မြေ၏ အနက်ရှိုင်းဆုံးတစ်နေရာ..

စုယွီက ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို ချန်ကုအင်မော်တယ်မြို့တော်အတွင်းသို့ ခေါ်ဆောင်လာပြီး ၎င်း၏ သွေးမျိုးဆက်အငွေ့အသက်များကို မဖုံးကွယ်တော့သည့် အခိုက်အတန့်မှာပင်.. အမှောင်ထုဖုံးလွှမ်းနေသော ပင်လယ်အောက်ခြေ ချောက်ကမ်းပါးကြီးတစ်ခုအတွင်းမှ မျက်လုံးတစ်စုံ ရုတ်တရက် ပွင့်လာခဲ့၏။

ထိုမျက်လုံးများမှာ ကြယ်ရောင်များကဲ့သို့ တောက်ပနေပြီး ပင်လယ်အောက်ခြေ ချောက်ကမ်းပါးကြီး တစ်ခုလုံး ချက်ချင်း တုန်ခါသွားတော့သည်။

အထက်ပိုင်း ပင်လယ်ရေမျက်နှာပြင်တွင် ယခင်က ငြိမ်သက်နေခဲ့သော်လည်း ရုတ်တရက် လှိုင်းလုံးကြီးများ ဆူပွက်လာခဲ့သည်။ ပင်လယ်နယ်မြေ တစ်ခုလုံး "နိုးထ" လာသကဲ့သို့ပင်။

သူက မြေပြင်ပေါ်မှ ဖြည်းညင်းစွာ ထလာသည်။

သူ၏ ကျောပေါ်ရှိ ထူထဲသော ရွှံ့နွံများနှင့် ကျောက်တုံးများမှာ ပြိုကျပျက်စီးသွားပြီး နောက်တစ်ခဏတွင် တောင်တန်းကြီးတစ်ခုလို ဧရာမ ရွှမ်လိပ်ကြီးတစ်ကောင် လောကကြီးသို့ ထွက်ပေါ်လာလေသည်။

ပင်လယ်ရေမျက်နှာပြင်အထက်တွင် လေနှင့်တိမ်များ အကြီးအကျယ် ပြောင်းလဲသွား၏။ လေပြင်းများ တိုက်ခတ်လာသည်နှင့်အမျှ ထူထဲသော တိမ်တိုက်များက ထိုဒေသကို ဖုံးလွှမ်းသွားခဲ့ပြီး ဤပင်လယ်နယ်မြေရှိ ရာသီဥတုသည် ပင်လယ်အောက်ခြေမှ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသကဲ့သို့ပင်။

သူ၏ ဧရာမမျက်လုံးကြီးများက ချန်ကျိုးနယ်မြေ၏ ကျင့်ကြံခြင်းကမ္ဘာ ရှိရာသို့ စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ တိုးညင်းစွာ ရေရွတ်လိုက်လေသည်။

“ပင်လယ်လွှမ်းမိုး ရွှမ်လိပ် သွေးမျိုးဆက်က လောကကြီးထဲ ပြန်ပေါ်လာပြီပဲ...”

သို့သော် ၎င်းပေါ်လာသည့် နေရာက ပြောင်းလဲသွားပုံရသည်။

သွေးမျိုးဆက် အငွေ့အသက်များကို ခံစားရသည့်ဘက်သို့ သူ ငေးကြည့်လိုက်၏။ ဝိုးတဝါးဖြစ်နေသော်လည်း ပင်လယ်လွှမ်းမိုး ရွှမ်လိပ်၏ ရှေးဟောင်းသွေးမျိုးဆက် စွမ်းအားတည်ရှိနေခြင်းကို သူ အမှန်တကယ်ပင် ခံစားသိရှိနိုင်ပေသည်။

“ဒီလမ်းကြောင်းက ချန်ကျိုးနယ်မြေက လူသားကျင့်ကြံခြင်းကမ္ဘာရဲ့ အဓိကနေရာဖြစ်ပုံရတယ်...”

ခဏတာမျှ တိတ်ဆိတ်သွား၏။

ရွှမ်လိပ်ပင်လယ်မျိုးနွယ်စု အကြီးအကဲက ဖြည်းညင်းစွာ ပြန်လည် လှဲချလိုက်လေသည်။

ချန်ကျိုးနယ်မြေ၏ အဓိကနေရာဆိုသည်မှာ သူ သတိလက်လွတ် ကျူးကျော်ဝင်ရောက်နိုင်သည့် နေရာမျိုး မဟုတ်ပေ။

“အဲဒါကို ရှာဖို့ အင်အားစုတချို့ကို ထပ်လွှတ်လိုက်... ပင်လယ်လွှမ်းမိုး ရွှမ်လိပ် သွေးမျိုးဆက်ရဲ့ နေရာကို အရင်ဆုံး အတည်ပြုရမယ်... အကယ်၍ မဖြစ်နိုင်ဘူးဆိုရင်တော့ ငါတို့ မိစ္ဆာမျိုးနွယ်စုနဲ့ ထပ်ပြီး ပူးပေါင်းရမှာပဲ... ရှေးဟောင်းဝိညာဉ်သားရဲရဲ့ သွေးမျိုးဆက်ကို လူသားတွေလက်ထဲ ကျရောက်သွားဖို့ မိစ္ဆာမျိုးနွယ်စုကတောင် ခွင့်ပြုမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်...”

ယခင်က ပင်လယ်လွှမ်းမိုး ရွှမ်လိပ် သွေးမျိုးဆက်နှင့် ပတ်သက်သည့် သတင်းများကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော ရွှမ်လိပ်ပင်လယ်မျိုးနွယ်စု အကြီးအကဲသည် တိတ်ဆိတ်စွာ စဉ်းစားနေလိုက်လေသည်။

သို့သော် ၎င်းတို့ ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုကသာ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်၏ သွေးမျိုးဆက်ကို ကိုယ်တိုင် ပြန်လည်မရယူနိုင်ပါက..

သူ အခြားနည်းလမ်းများကို ကြိုးစားရပေလိမ့်မည်။

မကြာမီအချိန်အတွင်းမှာပင် မလှမ်းမကမ်းရှိ ဧရာမရေအောက်မြို့တော်ကြီး တစ်ခုအတွင်း ဧရာမလိပ်ကြီးများ၏ စိတ်ထဲတွင် ရွှမ်လိပ်ပင်လယ်မျိုးနွယ်စု အကြီးအကဲ၏ အသံ ပဲ့တင်ထပ်သွားလေသည်။

“ချန်ကျိုးနယ်မြေက လူသားကျင့်ကြံခြင်းကမ္ဘာကို သွားပြီး အဲဒီ ရှေးဟောင်းဝိညာဉ်သားရဲ သွေးမျိုးဆက်ကို ရှာဖွေကြ...”

အကြီးအကဲ၏ အသံကို ကြားလိုက်ရသောအခါ လိပ်ကြီးများသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပုံရိပ်များ တလက်လက် တောက်ပသွားကာ လူပုံစံများအဖြစ်သို့ ပြောင်းလဲသွားကြ၏။

ရေနက်ပိုင်း ချောက်ကမ်းပါးကြီးရှိရာသို့ လေးစားစွာ အရိုအသေပေးလိုက်ကြပြီး..

“အကြီးအကဲရဲ့ အမိန့်တော်ကို သစ္စာရှိရှိ အကောင်အထည်ဖော်ပါ့မယ်...”

ပဉ္စမအဆင့် လိပ်မိစ္ဆာအရှင်သခင် နှစ်ပါးနှင့် စတုတ္ထအဆင့် ထိပ်တန်း လိပ်ပညာရှင် သုံးဦးတို့ အချိန်တိုအတွင်း စုရုံးရောက်ရှိလာကြလေသည်။

နှစ်နှစ်ခန့် အကြာတွင် ချန်ကုအင်မော်တယ်မြို့တော် အပြင်ဘက် မိုင်ထောင်ချီအကွာရှိ ရုပ်ခန္ဓာရွှေ့ပြောင်းခြင်း အခင်းအကျင်းတစ်ခုမှ ပြင်းထန်သော အာကာပြင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာချိန်တွင် လူပုံစံပြောင်းလဲထားသော ရွှမ်လိပ်ပင်လယ်မျိုးနွယ်စုဝင် တစ်စု ရောက်ရှိလာ၏။ ၎င်းတို့နှင့်အတူ လူသားကျင့်ကြံသူတချို့လည်း ပါဝင်နေပေသည်။

ချန်ကျိုးနယ်မြေအနီးတစ်ဝိုက်ရှိ ကျင့်ကြံသူအချို့သည် ဤအုပ်စု လွှင့်ထူထားသော အလံများကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။

“အဲဒါ ပင်လယ်နယ်မြေက ရွှမ်ဝူကုန်သွယ်ရေးအဖွဲ့အစည်း မဟုတ်လား...”

ရွှမ်ဝူကုန်သွယ်ရေးအဖွဲ့အစည်း။

ပင်လယ်နယ်မြေ၏ အလွန်ထင်ရှားသော အထင်ကရ ကုန်သွယ်ရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ၎င်း၏ နောက်ကွယ်တွင် လူသားမျိုးနွယ်စု မဟုတ်ဘဲ ပင်လယ်မျိုးနွယ်စု၏ ကြီးစိုးသောအင်အားစုများထဲမှ တစ်ခုဖြစ်သည့် ရွှမ်လိပ်ပင်လယ်မျိုးနွယ်စု ရှိနေလေသည်။

ဤကုန်သွယ်ရေးအဖွဲ့အစည်းသည် ချန်ကျိုးနယ်မြေတွင် တွေ့ရခဲသော်လည်း ၎င်း၏ ရောက်ရှိလာမှုသည် ချန်ကုအင်မော်တယ်မြို့တော်ကို တုန်လှုပ်သွားစေမည့် အဖြစ်အပျက်တစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။

မည်သို့ပင်ဆိုစေ ထိုသို့သော ကြီးမားသည့် ပင်လယ်နယ်မြေ ကုန်သွယ်ရေးအဖွဲ့အစည်းကြီးတစ်ခု၏ ကြီးကျယ်ခမ်းနားသော လာရောက်လည်ပတ်မှုသည် မျှော်လင့်ချက်များကို လှုံ့ဆော်ပေးနိုင်လောက်အောင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ရတနာများ သို့မဟုတ် အရင်းအမြစ်များကို သယ်ဆောင်လာမည်မှာ သေချာလှ၏။

ရွှမ်လိပ်ပင်လယ်မျိုးနွယ်စု ရောက်ရှိလာမှုသည် ချန်ကုအင်မော်တယ်မြို့တော် တစ်ခုလုံးသို့ မကြာမီ ပျံ့နှံ့သွားတော့သည်။

*

လင်းလုံအဆောင်လက်ဖွဲ့စံအိမ် ဒုတိယထပ်ရှိ အဆောင်လက်ဖွဲ့အခန်းတစ်ခုအတွင်း၌

စုယွီသည် တတိယအဆင့် အလယ်အလတ်အရည်အသွေး အရိပ်ဖမ်းအဆောင်လက်ဖွဲ့နှစ်ခုကို ရေးဆွဲပြီးစီးကာ အဆောင်လက်ဖွဲ့အခန်းထဲမှ ထွက်၍ ကပ်လျက်ရှိ နားနေခန်းသို့ ဝင်လာခဲ့လေ၏။ အေးအေးဆေးဆေး စကားစမြည်ပြောနေကြသော ဒုတိယအဆင့် အဆောင်လက်ဖွဲ့ဆရာနှစ်ဦးကို တွေ့လိုက်ရသည်။

“ရွှမ်ဝူကုန်သွယ်ရေးအဖွဲ့အစည်းက ချန်ကုအင်မော်တယ်မြို့တော်ကို ရောက်လာတာ သူတို့ပုံစံက အတော်လေး အရေးကြီးပုံပေါ်တယ်... ဘာကိစ္စလဲဆိုတာတော့ မသိရသေးဘူး...”

“ကျင့်ကြံခြင်းကို တိုးတက်စေနိုင်တဲ့ ပင်လယ်ရပ်ခြားက ထူးဆန်းတဲ့ ပစ္စည်းတွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်... အဆောင်လက်ဖွဲ့တွေအတွက် ပစ္စည်းတွေကတောင် ဒီကထက် ပိုသက်သာတယ်တဲ့လေ... အဲဒါ တကယ်လား မသိဘူးနော်...”

“မပြောနဲ့တော့... ဟဲဟဲ... ကျုပ် တစ်ခါက ရှေးဟောင်းကျမ်း တစ်အုပ်ကို ဖတ်ဖူးတယ်... အဲဒီမှာ ရှေးဟောင်းဝိညာဉ်သားရဲဖြစ်တဲ့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ရဲ့ ဝိညာဉ်သွေးက ဝိညာဉ်ကြောရဲ့ ပါရမီကိုတောင် ပြောင်းလဲပေးနိုင်တယ်လို့ ရေးထားတယ်... အဲဒီလို ဝိညာဉ်သားရဲတွေ မျိုးသုဉ်းပျောက်ကွယ်သွားတာ ကြာပြီဆိုတာက နှမြောစရာပဲ...”

လင်းလုံအဆောင်လက်ဖွဲ့စံအိမ်မှ ဒုတိယအဆင့် အဆောင်လက်ဖွဲ့ဆရာနှစ်ဦးသည် သက်လတ်ပိုင်းအရွယ်များ ဖြစ်ကြပြီး ချန်ကုအင်မော်တယ်မြို့တော်တွင် နေထိုင်လာခဲ့သည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်ကာ တစ်ဦး၏ မျိုးရိုးအမည်မှာ ထူ ဖြစ်ပြီး အခြားတစ်ဦးမှာ ယွီ ဖြစ်လေသည်။

သူတို့၏ ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ထိပ်ဆုံးအဆင့်တွင်သာ ရှိသေးပြီး ရွှေအမြုတေအဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။

သို့သော်လည်း ဤခြေတစ်လှမ်းသည် ရေတွက်မရနိုင်သော သာမန် တသီးပုဂ္ဂလ ကျင့်ကြံသူများ၏ ကံကြမ္မာကို ပိတ်ဆို့ရန် လုံလောက်နေပေသည်။

အဆောင်လက်ဖွဲ့ရေးဆွဲခြင်း အတတ်ပညာအပေါ် မှီခို၍ သူတို့သည် ချန်ကုအင်မော်တယ်မြို့တော်တွင် အခွင့်အရေး အနည်းငယ် ရှိနေသေးပြီး ရွှေအမြုတေဆေးလုံး တစ်လုံးအတွက် လုံလောက်အောင် စုဆောင်းနိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် မျှော်လင့်ချက်များကတော့ နည်းပါးနေဆဲပင်။

ထို့ကြောင့် လင်းလုံအဆောင်လက်ဖွဲ့စံအိမ်မှ ဒုတိယအဆင့် အဆောင်လက်ဖွဲ့ဆရာနှစ်ဦးစလုံးသည် အေးအေးဆေးဆေး သဘောထားရှိကြလေသည်။

သူတို့၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်မှာ စံအိမ်မှ တာဝန်များကို ပြီးမြောက်အောင် အဆောင်လက်ဖွဲ့များ ရေးဆွဲခြင်းဖြစ်ပြီး ထို့နောက် ဤနားနေခန်းတွင် စကားစမြည် ပြောဆိုနေကြလေ့ရှိရာ အမှန်တကယ်ပင် ဆားနယ်ထားသော ငါးခြောက်နှစ်ကောင် (ပျင်းရိသူများ) ဖြစ်ပေသည်။

စုယွီ ဝင်လာသည်ကို မြင်သောအခါ ဒုတိယအဆင့် အဆောင်လက်ဖွဲ့ဆရာနှစ်ဦးသည် သူတို့၏ မျက်နှာထားများကို ပြင်လိုက်ပြီး အမြန်မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်ကြ၏။

“အဆောင်လက်ဖွဲ့ဆရာပိုင်...”

စုယွီက သူတို့ကို ထိုင်ရန် လက်ဟန်ပြလိုက်ပြီး သူ့ကိုယ်သူလည်း နေရာယူလိုက်၏။

ထို့နောက် သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ လက်လှမ်းမမီနိုင်သော ဝိညာဉ် လက်ဖက်ရည်တစ်မျိုးကို ဖျော်စပ်လိုက်သော်လည်း ထိုလက်ဖက်ရည်မှာ ရွှေအမြုတေအဆင့် ရှိသူများအတွက်တော့ အထူးတလည် တန်ဖိုးရှိလှသည်တော့ မဟုတ်ပေ။

“ကျုပ်ကို ခွင့်ပြုပါ...”

အသက်ပိုကြီးပုံပေါ်သော အဆောင်လက်ဖွဲ့ဆရာယွီက ပြောလိုက်ပြီး လက်ဖက်ရည်ဖျော်သည့် တာဝန်များကို ချက်ချင်း လွှဲယူလိုက်လေသည်။

ပြီးစီးသွားသောအခါ သူက စုယွီအတွက် ပထမဆုံး စိတ်ဝိညာဉ် လက်ဖက်ရည်တစ်ခွက်ကို အလွန် ရိုသေလေးစားစွာ ငှဲ့ပေးလိုက်၏။

ထို့နောက် သူကိုယ်တိုင်နှင့် သူ၏ အဖော်အတွက် ငှဲ့လိုက်သည်။

နှစ်ဦးစလုံးသည် စိတ်ဝိညာဉ် လက်ဖက်ရည်၏ ထူးကဲသော ရနံ့ကို ရှူရှိုက်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် သာယာယစ်မူးနေသော အမူအရာများ ပေါ်လွင်လာတော့သည်။

အခြားသော အဆောင်လက်ဖွဲ့ဆရာထူက ဖားယားပြီး အံ့ဩဟန်ဖြင့် မှတ်ချက်ချလိုက်လေသည်။

“အဆောင်လက်ဖွဲ့ဆရာပိုင်ပဲ ဒီလောက် ရက်ရောနိုင်တာ... ကျုပ်တို့ ဒီမှာ နေလာတာ အတော်ကြာပြီ... ဒီလို အဆင့်မြင့် စိတ်ဝိညာဉ် လက်ဖက်ရည်မျိုးကို မြည်းစမ်းခွင့်ရဖို့ဆိုတာ တော်တော်လေး ခဲယဉ်းပါတယ်ဗျာ…”

All Chapters