နောက်ဆုံးပေါ် တန်ပြန်တိုက်ခိုက်မှု
Vol. 14 Ch. 203
လက်စားချေဖို့ မဟုတ်ဘူးတဲ့လား။
ဘယ်သူက သူ့ကို ယုံမည်နည်း။
ဖန်သားပြင်တွင် မှတ်ချက်များ ချက်ချင်း ပြည့်လာပြန်သည်။ နားထောင်သူတိုင်း ဘာဖြစ်နေသလဲ ရိပ်မိကြသည်။
ဟူယွီ ထုတ်လွှင့်ရေးက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို စတင်ဖြန့်ဖြူးရန် အတော်လေး အကုန်အကျ ခံထားခဲ့သည်။ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း မူပိုင်ခွင့်အား ဖြန့်ဝေတော့မည့်အချိန်၌ ဝိုင်နတ်ဘုရားက သူတို့ကို သွယ်ဝိုက်၍ တိုက်ခိုက်လာပါတကား။
တစ်ဇွတ်ထိုး လုပ်တတ်ခြင်း၊ ထိုစကားလုံးဖြင့်သာ သူ့ကို ဖော်ပြနိုင်ပေတော့မည်။
အမှန်အတိုင်း ပြောရမည်ဆိုလျင် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း မူပိုင်ခွင့် ရောင်းထွက်သွားသည်နှင့် မီးအိမ်မှုတ် တစ္ဆေ၏ မူပိုင်ခွင့်ပါ မြင့်တက်လာပြီး ပိုမြင့်သောဈေးဖြင့် ရောင်းထွက်နိုင်လောက်သည်။ သို့သော် ဝိုင်နတ်ဘုရားက ချက်ချင်း ကြေညာချက်ထုတ်၍ မူပိုင်ခွင့်ကို ရာသက်ပန် အခမဲ့ထားမည်ဟု ထုတ်ဖော်လာ၏။
ဤသည်က ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ဆွဲချလိုက်ခြင်းသာ ဖြစ်သည်။ ဤသို့သော အခြေအနေ၌ ဘယ်သူက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ဈေးကြီးပေး၍ ဝယ်ပါမည်နည်း။
[အိုး … လခွမ်း ဝိုင်နတ်ဘုရားက ကြမ်းလိုက်တာ]
[ဖိနှိပ်လွန်းလိုက်တာ၊ ဝိုင်နတ်ဘုရားကို ရန်စတဲ့လူတွေအတွက် ဒါ ဘယ်လို အဆုံးသတ်လဲဆိုတာပဲ၊ သောက်ရမ်း မိုက်တယ်]
[ဟားဟားဟား သူ ဒေါသ ဖြေနေတာပဲ၊ ချီးပဲ ငါ ဟူယွီက လူတွေကို အစကတည်းက တစ်ခါမှ မကြိုက်ခဲ့ဖူးဘူး]
[မကြာသေးခင်က ဟူယွီက ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းရဲ့ နောက်ပိုင်း ရုပ်ရှင်အဖြစ်နဲ့ ဇာတ်လမ်းတွဲအဖြစ် အသက်သွင်းဖို့ လုပ်သွားမယ်လို့ ကြော်ငြာနေသေးတယ်၊ သူတို့အတွက် ဘယ်လိုဖြစ်မလဲ ကြည့်ရသေးတာပေါ့]
[ဝိုင်နတ်ဘုရားက မီးအိမ်မှုတ်တစ္ဆေကို ဖန်တီးခဲ့တာက အံ့ဩစရာ မရှိတော့ဘူး၊ ဟူယွီကို ပစ်မှဝ်ထားခဲ့တာပဲ၊ ဝိုင်နတ်ဘုရားက ထူးချွန်လွန်းတယ်၊ ငါ စကားကြောဖြတ်ပြီး သူ့ကို ဒုံးပျံ ဆုကြေး ပေးလိုက်ဦးမယ်]
[အပေါ်ကလူ၊ မင်းက မိုက်လှချည်လား၊ ငါလည်း မြင့်မြတ်တဲ့ ဝိုင်နတ်ဘုရားကို ဒုံးပျံဆုကြေး ပေးဦးမယ်]
…
“ခွေးမသား၊ ခွေးမသား”
ယနေ့ ဝမ်ယွမ်၏ စိတ်အခြေအနေက အတက်အကျဖြစ်နေသည်ဟု ပြောရပေမည်။ ယင်းက ရိုလာကိုစကာ စီးသကဲ့သို့ အမြင့်သို့ တက်လိုက်၊ အောက်သို့ ပြန်ကျလိုက် ဖြစ်နေလေသည်။ သူ့မျက်နှာက အလွန်အမင်း ကြည့်ရဆိုးနေ၏။
ကျိုးမင်က သူ့ဘေး၌ ရပ်နေသည်။ သူမနှုတ်ခမ်းက တုန်နေပြီး သူ့နည်းတူ ထိတ်လန့်မှုကြောင့် ပြောစရာ စကား မဲ့နေလေသည်။
ရဲ့လင်းချန်က ဤမျှ ရက်စက်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။
ရူးနေသူသာလျင် သူ၏ ဖန်တီးမှုအား နောက်ထပ် သူကိုယ်တိုင် ဖန်တီးထားသော လက်ရာဖြင့် ဖျက်ဆီးပေလိမ့်မည်။
“စီအီးအိုဝမ်”
ထိုသို့သောအချိန်၌ ဝန်ထမ်းတစ်ယောက်က ဖြူဖပ်ဖြူရော် မျက်နှာထားနှင့် အပြေးအလွှား ရောက်လာသည်။
“ရှင်းယွဲ့ မီဒီယာက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း ဝယ်ယူမှုကို နောက်ဆုတ်မယ်လို့ ဖုန်းဆက်ပြီး အကြောင်းကြားလာပါတယ်”
“စီအီးအိုဝမ်”
နောက်ထပ် ဝန်ထမ်းတစ်ယောက် ဝင်လာသည်။
“Tencent Animation က အခုလေးတင် ဖုန်းဆက်လာပါတယ်၊ ဂူသင်္ချိုင်း ဖောက်သူ၏ သမိုင်းမှတ်တမ်း ရုပ်ပြကာတွန်း ထုတ်လုပ်မှုကို ယာယီ ဆိုင်းငံ့ထားပါမယ်တဲ့”
“စီအီးအိုဝမ်၊ ပန်ဒါရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုအပြီးမှာ ကျွန်တော်တို့ ပလက်ဖောင်းက လူအရေအတွက် လျော့လာပါတယ်၊ အခုအထိဆို ငါးရာခိုင်နှုန်း လျော့သွားပါတယ်”
“ဘာ”
ထိုသတင်းက နေသာနေသော နေ့၌ မိုးကြိုးပစ်ချလိုက်သလိုပင်။ ဝမ်ယွမ် ချက်ချင်း ထခုန်မိသွားသည်။
“ထပ်ပြောစမ်း”
ဝန်ထမ်းက တုန်တက်သွားပြီး စကားမပြောရဲတော့ချေ။
ပန်ဒါ၏ တိုက်ရိုက် ထုတ်လွှင့်ရေးသည် စတင်ခါစကသာ ရှိသေးသော်လည်း ဟူယွီ၏ အသုံးပြုသူ အရေအတွက်အား ငါးရာခိုင်နှုန်း လျော့သွားအောင် လုပ်နိုင်နေလေပြီ။ အားလုံးက နာရီပိုင်းအတွင်းလေးမှာ ဖြစ်သွားသည်တဲ့လား။
ကျော်ကြားမှုသည် ပလက်ဖောင်းတစ်ခု၏ အသက်သွေးကြောပင်။
ဝမ်ယွမ် အလျင်အမြန် ဆောင်ရွက်မှ ဖြစ်ပေမည်။
“မျိုးမစစ်ကောင်၊ ဝိုင်နတ်ဘုရားက သောက်ကျိုးနည်း မျိုးမစစ်ကောင်ပဲ”
ဝမ်ယွမ် စားပွဲကို တဖြန်းဖြန်း ရိုက်ပြီး ဒေါသကြောင့် သတိလစ်လုနီးပါး ဖြစ်နေ၏။
သူသည် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ကျော်ကြားလာစေရန် ပိုက်ဆံ အများကြီး သုံးခဲ့ရပြီး ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား လုပ်ခဲ့ရသည်။ စိုက်ပျိုးမှု၏ ရလဒ်ကို သူ သူ မြင်နေရပြီ ဖြစ်သော်လည်း ဝိုင်နတ်ဘုရားက ရုတ်တရက် ဤသို့သော လှုပ်ရှားမှုမျိုး ပြုလုပ်လာသည်။
အကျိုးအမြတ် ရလိုခြင်းက အဓိက အကြောင်းရင်းပင်။
ဤသို့သော အခြေအနေအောက်၌ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း တန်ဖိုးက သိသိသာသာ ကျဆင်း လာလောက်သည်။
ကျော်ကြားမှု ဆုံးရှုံးလာလျင် ဟူယွီထုတ်လွှင့်ရေး ပလက်ဖောင်းအတွက် ကြီးမားသော ရိုက်ချက် ဖြစ်ပေလိမ့်မည်။
ယခုအခြေအနေတွင် ဟူယွီ ထုတ်လွှင့်ရေးသည် ဆိုးရွားသော အဆင့်တွင် ရောက်နေလေပြီ။
ဝမ်ယွမ်၏ မျက်လုံးများ နီရဲလာပြီး ထအော်တော့သည်။
“ပန်ဒါ ထုတ်လွှင့်ရေးကို သေချာ အနီးကပ် စောင့်ကြည့်ထား၊ သေလုနီးပါး ဖြစ်နေတဲ့ ထုတ်လွှင့်ရေး ပလက်ဖောင်းက ဒီလို လှိုင်းထအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ မယုံဘူး”
ထိုအခိုက်တွင် ရဲ့လင်းချန်က သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်သွားလေပြီ။
“ကလင် ကလင် ကလင်”
စုန့်ချမ် ဖုန်းခေါ်လာသည်ကို မအံ့ဩမိတော့ပါ။
“ဝိုင်နတ်ဘုရားရေ၊ ငါတို့ တိုက်ရိုက် ထုတ်လွှင့်ရေး ပလက်ဖောင်းကတော့ ဟိုးလေးတကျော်ကျော် ဖြစ်နေပြီ”
စုန့်ချမ်ထံမှ ပထမဆုံး ထွက်လာသော စကားက ဝမ်းမြောက်ဝမ်းသာ ဖြစ်သော စကားပင်။ သူသည် စိတ်အား ထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် တုန်ယင်နေ၏။
“ထင်ထားတဲ့အတိုင်းပဲ”
ရဲ့လင်းချန်က ခံစားချက် ကင်းမဲ့စွာ တုံ့ပြန်လာသည်။
“ဝိုင်နတ်ဘုရား၊ မင်းက တော်တော် အရည်အချင်း ရှိတာပဲ”
စုန့်ချမ် မျှော်မှန်းထားသည်ထက် ပို၍ စိတ်လှုပ်ရှားနေမိသည်။ ဝိုင်နတ်ဘုရားနောက်ကို လိုက်ရန် ရွေးချယ် လိုက်ခြင်းက သူ့တစ်ဘဝလုံးတွင် ချဖူးခဲ့သော ဆုံးဖြတ်ချက်များ၌ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်မည်ဟု ခံစားနေမိသည်။ အကြောင်းမှာ ဝိုင်နတ်ဘုရားက ရည်မှန်းချက် ရှိသည်ထက် ပိုလှသည်။
“ငါတို့ ပလက်ဖောင်းက အခုမှ ဝယ်ပြီးခါစပဲ ရှိသေးပေမယ့် ဒီည ကျော်ကြားမှုက ငါးသန်း ရောက်နေပြီ၊ ပြီးတော့ ငါတို့ ဧကရာဇ်အဆင့် အယောက်ငါးဆယ်ပါ ထပ်ရလိုက်တယ်”
စုန့်ချမ်သည် ရဲ့လင်းချန်အား အချက်အလက်များနှင့် ပတ်သက်၍ မပြောရ မနေနိုင် ဖြစ်နေသည်။
“ဒါ အစပဲ ရှိသေးတယ်၊ ငါတို့မှာ တင်ဆက်သူ များများ မရှိသေးဘူး၊ ငါတို့ လုပ်ငန်း ကြီးမားလာတဲ့အခါကျရင် ဟူယွီကို သေချာပေါက် ကျော်တက်နိုင်တယ်”
ထိုအောင်မြင်မှု၏ အဓိက သော့ချက်က ဝိုင်နတ်ဘုရားဖြစ်ကြောင်း စုန့်ချမ် ကောင်းကောင်းကြီး သိပါ၏။
တစ်ခဏမျှ ငြိမ်သွားပြီးနောက် သူ ဆက်ပြောလိုက်သည်။
“ဝိုင်နတ်ဘုရား၊ မီးအိမ်မှုတ်တစ္ဆေအတွက် မူပိုင်ခွင့်ကို အခမဲ့လို့ ကြော်ငြာလိုက်တာက နည်းနည်း အလျင်စလို ဖြစ်လွန်းတယ်လို့ မထင်ဘူးလား၊ ဟူယွီကို မကျေနပ်တာလောက်နဲ့ ဒီလိုလုပ်ဖို့ ထိုက်တန်လို့လား”
မီးအိမ်မှုတ်တစ္ဆေသာ အောင်မြင်ပါက မူပိုင်ခွင့်အတွက် ပိုက်ဆံ များစွာ ရလာပေလိမ့်မည်။ ယင်းကို အခမဲ့ ထားလိုက်ခြင်းက နှမျောစရာ ကောင်းသည်ဟု စုန့်ချမ် မြင်မိသည်။
“ကိစ္စမရှိဘူး”
ရဲ့လင်းချန် ပြုံးလိုက်သည်။ သူ ဆန္ဒရှိသည့်အချိန်တိုင်း မီးအိမ်မှုတ်တစ္ဆေနှင့် ဆင်တူသော လက်ရာများကို သူ ဖန်တီးနိုင်သည်။ ယင်းက ပါရမီရှင်တစ်ယောက်ဖြစ်သော သူ့ကိုယ်သူ ယုံကြည်မှုပင်။
ဟူယွီအား သူတို့အတွက် သူ အောင်မြင်မှုကို အလွယ်တကူ သယ်ဆောင်လာပေးသကဲ့သို့ မြေကြီးသို့ ဆွဲချနိုင်ကြောင်း သူ သက်သေပြချင်နေ၏။
“ပလက်ဖောင်းကို ကောင်းကောင်း စီမံပါ၊ ဪ ဒါနဲ့ စကားမစပ် ဟူယွီက နာမည်ကြီး တင်ဆက်သူ တော်တော်များများကလည်း ကျွန်တော်တို့ ပန်ဒါ ထုတ်လွှင့်ရေးကို ပြောင်းလာလိမ့်မယ်၊ သူတို့ကို ဟူယွီတုန်းက ရခဲ့တဲ့အတိုင်း အတူတူ ပေးလိုက်ပါ၊ အဲ့ထက်မလျော့အောင် သေချာလုပ်ပါ”
ရဲ့လင်းချန် အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ”
တင်ဆက်သူ အများစုက ပန်ဒါ ထုတ်လွှင့်ရေးထံ လာမည်ဆိုသည်ကို ကြားလိုက်ရသဖြင့် စုန့်ချမ် ပိုပျော်သွားသည်။ သူ အလွန် ပျော်ရွှင်စွာ ပြန်ပြောလိုက်လေသည်။
ထို့နောက် ရဲ့လင်းချန်က ပန်ဒါ ထုတ်လွှင့်ရေး၏ ကုမ္ပဏီအကောင့်ထဲသို့ ယွမ်ခြောက်သန်း ထည့်သွင်းလိုက်ပြီး ပလက်ဖောင်း၏ အခြေခံ လည်ပတ်ရေးနှင့် အသုံးစရိတ်တို့ ကာမိစေရန် အသုံးပြုစေ၏။ တစ်ခဏအတွင်း ယွမ်ရှစ်သိန်းသာ ကျန်တော့သည်။
ခြောက်သန်းတွင် သုံးသန်းက သီချင်းမူပိုင်ခွင့်များမှ ရလာခြင်း ဖြစ်သည်။ ချန်ရှောင်ယန်က ပိုက်ဆံ ရသည်နှင့် ရဲ့လင်းချန်ကို ချက်ချင်း ဆက်သွယ်ခဲ့သည်။
သူ အောင့်သက်သက်ဖြင့် ခေါင်းခါလိုက်မိသည်။ ပိုက်ဆံကို သုံးလိုက်ခြင်းက အလွန် လွယ်လွန်းလှသည်။
ဟော်ရန်ကျားကို ရုံတင်သည်နှင့် box office ကနေ အမြတ် ရလောက်သည်။ ပန်ဒါ ထုတ်လွှင့်ရေးသာ ဖြည်းဖြည်းနှင့် ပုံမှန်သာ ဆက်သွားနေပါက ၎င်းတွင်လည်း ကြီးမားသော အလားအလာကောင်း ရှိသည်။ တစ်ဖက်တွင် ဝိုင် အလှကုန်ပစ္စည်းက လုပ်ငန်းစနေပြီဖြစ်ပြီး ကျန်းယွင်ရှီက ဦးစီးနေသည်။ လက်ရှိတွင် ဆိုင်က လုံလောက်ရုံမျှလောက်သာ ရှိပေသည်။
သူ မသိလိုက်မသိခင်မှာပင် သူ့လက်အောက်၌ လုပ်ငန်းများစွာ ရှိနေလေပြီ။
*လခွမ်း အရာအားလုံးက ပိုက်ဆံနဲ့ တည်ဆောက်ရတာပါလား*
ထိုသို့တွေးနေချိန်တွင် ရဲ့လင်းချန်၏ မျက်နှာက အခက်အခဲကြောင့် ရှုံ့မဲ့နေ၏။
နောက်တစ်နေ့သို့ ရောက်ရှိလာပြီး ကျောင်းသို့သွားရန် ပြင်ဆင်လေသည်။
လမ်းတစ်လျှောက်၌ မကြာခဏ ကြားနေရသော ခေါင်းစဉ်က မီးအိမ်မှုတ် တစ္ဆေဖြစ်နေသည်ကို သူ မအံ့ဩမိတော့ပါ။ များသောအားဖြင့် လူတော်တော်များများက ဝိုင်နတ်ဘုရားနှင့် ဟူယွီကြား၌ ဘာဖြစ်ခဲ့သလဲ ပြောဆိုနေကြသည်။
ဝိုင်နတ်ဘုရားအကြောင်း ဆွေးနွေးသောအခါ အခြားဝိုင်များလည်း ပါလာပြီး ဆွေးနွေးကြလေသည်။ အကြောင်းအရာက ပို၍ပင် အသက်ဝင်လာ၏။
ရဲ့လင်းချန် တစ်ဖက်၌ ငြိမ်ငြိမ်လေးထိုင်၍ နားထောင်နေမိသည်။ သူ့ဘေးပတ်ဝန်းကျင်မှ လူများအားလုံးက ဝိုင်နတ်ဘုရားကို သဘောကျကြောင်း ပြောသည်ကို ကြားရသောအခါ သူ ကျေနပ်အားရနေလေသည်။
ထိုဝိုင်များအားလုံး တစ်ယောက်တည်းဖြစ်ကြောင်း သူတို့ သိသါားပါက ဘာဖြစ်မလဲ သူ သိချင်မိသည်။ ထိုဝိုင်များအားလုံးက မစ္စတာယဲ့ဟူသော တစ်ယောက်သောသူသာ ဖြစ်ကြောင်း သိသွားပါက သူတို့ အမူအရာက ဘယ်လို ဖြစ်သွားမလဲ။
ရဲ့လင်းချန် ညစ်ကျယ်ကျယ် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
နောက်ရက်များက မထူးခြားနားပင်။
အတန်းချိန်ရှိချိန်တိုင်း သူ ကျောင်းသွားတက်ပြီး အတန်းတက်စရာ မလိုသောအခါ သူ ဝတ္ထု ထိုင်ရေးလေသည်။ တစ်ချိန်တည်းမှာပင် ညအချိန်၌ တိုက်ရိုက် ထုတ်လွှင့်ခြင်း ပြုလုပ်သည်။ အရာအားလုံးကို အစီအစဉ်တကျ လည်ပတ်နေ၏။
နတ်ဘုရားများကို သုတ်သင်ခြင်းသည် စာအုပ်သစ် စာရင်း၏ ထိပ်ဆုံး၌ ခိုင်ခိုင်မာမာ ရပ်တည်နေပြီး စာဖတ်သူများ အလုံးအရင်းလိုက် ရရှိနေသည်။ လူသိရှင်ကြားဖြစ်ရန် သိပ်မလိုတော့ဟု သူ ခန့်မှန်းမိသည်။ ပန်ဒါ ထုတ်လွှင့်ရေးသည်လည်း ပုံမှန်လည်ပတ်နေ၏။ ဟော်ရန်ကျားသည် နောက်ဆုံးအပိုင်းများ ပြင်ဆင်ခြင်း ပြုလုပ်နေပြီး တရုတ်နိုင်ငံ၏ အမျိုးသားနေ့၌ ရုံတင်ရန် ပြင်ဆင်ထားသည်။
သို့သော် ထိုသို့သောအချိန်၌ ထိတ်လန့်စရာ သတင်းတစ်ပုဒ် ပျံ့နှံ့လာ၏။