လိုလီဇီလာ
Vol. 6 Ch. 280
ဇာရာဇိုရာမြို့ရဲ့မနက်ခင်းကာလ။
မီးဖိုချောင်ထဲမှာတော့ မော်လီက လုပ်နေကျအတိုင်းပဲ မနက်စာပြင်ဆင်နေတယ်။ အိမ်က ချေးများတဲ့ ကြောင်မကြီး ဆယ်ဗီအကြိုက်တွေ့စေဖို့အတွက် ကြက်ဥပေါင်းလုပ်နည်းကို စာအုပ်ထဲကအတိုင်း စမ်းလုပ်ကြည့်ရင်းနဲ့ပေါ့။
စားစရာတွေအားလုံးအသင့်ဖြစ်လို့ ထမင်းစားဝိုင်းကို သွားချတော့ အနံခံကောင်းတဲ့ကြောင်မကြီးဆယ်ဗီကို ဘယ်နားမှာမှမတွေ့ရဘူး။ စိတ်ညစ်နေတဲ့ပုံစံနဲ့မိုနီကာရယ်၊ မိုနီကာကိုစောင့်ရှောက်ပေးနေတဲ့ ဒေါ်ရသီရယ်နဲ့ ကြောင်အသစ်ဖြစ်လာတဲ့ ပါစီဗယ်ရယ်ပဲရှိတာ။
“မော်လီ၊ ဒါလင့်ဆီကနေ တစ်ခုခုကြားရသေးလား။”
မိုနီကာက သူ့ကိုတွေ့တွေ့ချင်းမေးပြန်တယ်။ နက်ဆန် ခရီးထွက်သွားတာ အတော်ကြာပြီဖြစ်ပြီးတော့ အခုဆိုရင် မေလ ဒုတိယပတ်ထဲကိုတောင်ရောက်တော့မယ်။ မော်လီက ခေါင်းခါပြလိုက်ရင်း အလိုက်သင့်ပဲ ပြောလိုက်လေရဲ့။
“သခင့်ဆီကရော နာတာရှာဆီကနေပါ ဘာသတင်းမှ မရသေးပါဘူး။ ဒါပေမဲ့ ကျွန်မနဲ့သခင့်ကြားမှာရှိနေတဲ့ ဝိညာဥ်စာချုပ်က အတော်အားကောင်းတဲ့အတွက် လုံခြုံတဲ့နေရာမှာ ရှိနေပုံပါပဲ။”
“ဒါလင်လည်း ကျွန်မအတွက် အလုပ်များနေမှာပဲနော်။” မိုနီကာက မော်လီ သူ့အတွက်ပြင်ဆင်ပေးထားတဲ့ အိမ်လုပ် ကြက်ဥပေါင်းကို စိုက်ကြည့်လိုက်ရင်း စိတ်မကောင်း ဖြစ်သွားပုံပါပဲ။ ဒီအိမ်မှာရှိနေတဲ့လူတိုင်းက သူ့အတွက် အလုပ်ရှုပ်နေတယ်ဆိုတဲ့ခံစားချက်ကို ခေါင်းထဲကနေ သူထုတ်လို့မရဘူး။
“ပြောခါမှ အိုလီရာနာလည်း ပျောက်နေပါလား။ ခါတိုင်းဆို သူတို့နှစ်ယောက်က မနက်စာ နောက်ကျတတ်တဲ့သူတွေ မဟုတ်ဘူး။”
အရေးကြီးပုဂ္ဂိုလ်နှစ်ယောက်ပျောက်နေတဲ့အတွက်ကြောင့် မော်လီမျက်ခုံးလှုပ်နေတယ်။ အထူးသဖြင့် ဆယ်ဗီဟာ စက္ကန့်ပိုင်းလောက်လေး မျက်စိလွှဲမိတာနဲ့တင် ပြဿနာပေါင်းစုံ ရှာတတ်တဲ့သူမျိုးလေ။
“မနက်ကတော့ မမလေးဆယ်ဗီနဲ့အိုလီရာနာတို့ အိမ်အပေါ်ထပ်ကို ပန်းပင်ရေလောင်းဖို့ဆိုပြီး တပ်သွားတာ တွေ့လိုက်သေးတယ်။”
အိမ်စေအကူဖြစ်တဲ့ ဒေါ်ရသီက သူမှတ်မိတဲ့အတိုင်းပဲ မော်လီကိုပြောပြလိုက်တာပေါ့။ မော်လီကလည်း သက်ပြင်းချရင်း
“အပေါ်မှာ ဘာတွေမွှေနေလည်း တက်ကြည့်ဦးမှပါ။”
ဆယ်ဗီက ရူးကြောင်ကြောင်နဲ့ ကြပ်မပြည့်လို့ စိတ်မချရဘူးဆိုရင် အိိုလီရာနာကတော့ အူတူတူအတတနဲ့ ဆယ်ဗီလုပ်သမျှ အလိုက်သင့်လိုက်ရူးပေးမယ့်လူစားမျိုး။ သူတို့နှစ်ယောက်ကို တွဲထားပေးလို့ကိုမရတာ။ နောက်ထပ် ငါးမိနစ်လောက်လွှတ်ထားမိရင်ကို အိမ်ပြာကျသွားလိမ့်မယ် ဆိုတဲ့ခံစားချက်ကို မော်လီရနေတယ်။
မိုနီကာအတွက် အားလုံးပြင်ဆင်ပေးပြီးတဲ့နောက်မှာတော့ မော်လီက ထီးတစ်ချောင်းကိုယူပြီး အပေါ်ထပ်ကို လှေကားအတိုင်းတက်သွားတယ်။
....
“ဒါက ဘယ်လိုဖြစ်နေကြတာလဲ။”
အပေါ်ရောက်ရောက်ချင်းပဲ မော်လီမနေနိုင်မထိုင်နိုင် အော်လိုက်မိတော့တာ။ လက်ကိုခါးပေါ်တင်ထားပြီး သူ့ရှေ့ကမြင်ကွင်းကို ဒေါသနဲ့စိုက်ကြည့်နေမိတယ်။
ဆံပင်အညိုရောင်နဲ့မျက်လုံးစိမ်းတွေရှိတဲ့ ကောင်မလေး အိုလီရာနာက ဧရာမစည်ပိုင်းကြီးတစ်ခုထဲမှာ မြေဆီတွေနဲ့ အမြုပ်ခံထားရပြီး ခေါင်းလေးပဲပေါ်တော့တယ်။
“အစ်မကြီး မော်လီရေ၊ ကျွန်မကို ကယ်ပါဦး။” ကောင်မစုတ်လေးက မော်လီကိုတွေ့တာနဲ့ အားကိုးတကြီး အော်ဟစ်အကူအညီတောင်းရင်း စည်ပိုင်းထဲကရုန်းထွက်ဖို့ ကြိုးစားတယ်။ စိတ်မကောင်းစရာကတော့ အားသန်လှတဲ့ လက်ကြီးတစ်ဖက်က သူ့ခေါင်းကို ဆုပ်ကိုင်ထားတာပဲ။
“ဘယ်လိုဖြစ်တာလဲ ပဲပင်ပေါက်လေး၊ ငါနင့်ကို ပြောထားတယ်နော်။ ငါ့အတွက် မြေအောက်ကမ္ဘာ သစ်ဥတွေဥမပေးမချင်း စည်ပိုင်းထဲက မထွက်ရဘူး။”
ပြောစရာမလိုတာကတော့ အိုလီရာနာကို စည်ပိုင်းထဲ အရှင်လတ်လတ်မြေမြုပ်ထားတာက သူနာပြုဝတ်စုံ ဝတ်ဆင်ထားပေမဲ့ ဘာသူနာြပုအလုပ်မှမလုပ်တဲ့ ဆယ်ဗီပါပဲ။
လောလောဆယ် သူ့မျက်လုံးတွေက မာနကြီးတဲ့ စရိုက်အနေအထားမျိုးကို ဖော်ပြထားပြီး အင်နာနာဝင်ပူးထားတဲ့ပုံပဲ။ လက်တစ်ဖက်က အိုလီရာနာကို စည်ပိုင်းထဲက ထွက်မရအောင် ခေါင်းကိုဖိထားပြီးတော့ တခြားလက်တစ်ဖက်ကတော့ ပန်းပင်ရေလောင်းတဲ့ ရေခရားကိုကိုင်ပြီး အိုလီရာနာကို ရေလောင်းပေးနေတာ။
ဒီမြင်ကွင်းကို ကြည့်နေရင်းကနေ မော်လီက နဖူးကျောကို လက်နဲ့ဖိနှိပ်ထားရင်း မနည်းလုပ်ယူထားရတဲ့လေသံနဲ့ တလေးတစားပြောလိုက်လေရဲ့။
“မိုးမြေအရှင်မရှင့်၊ အိုလီရာနာက မြေအောက်ကမ္ဘာ သစ်မြစ်နဲ့ပေါင်းစပ်ထားတာဆိုပေမဲ့ လူသားလည်း ဖြစ်နေသေးတာမလို့ မုန်လာဥစိုက်သလိုစိုက်ထားလို့ မရဘူးလေ။ ပြီးတော့ လူ့ဘုံမှာက တမလွန်ဘုံကလိုမျိုး စတက်မြစ်ရေမရှိဘူးမဟုတ်လား။ မြေအောက်ကမ္ဘာ သစ်မြစ်က ဘယ်လိုလုပ်ကြီးလာပါ့မလဲ။”
အမှောင်ကျောင်းတော်ရဲ့မော်ကွန်းတိုက်ကို ထိန်းသိမ်းရသူ ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့် မော်လီကကိစ္စတချို့ကို သိထားပြီးပြီ။ တစ်ဖက်မှာတော့အင်နာနာရဲ့နှုတ်ခမ်းတွေက ကွေးညွှတ်သွားပြီး အခုလိုပြန်ဖြေလိုက်ပါလေရော။
“အဲဒီအတွက်ဆိုရင်တော့ စိတ်ပူစရာမလိုဘူး။ ငါက အချစ်နဲ့စစ်နတ်ဘုရားဖြစ်ရုံတင်မကဘဲ စိုက်ပျိုးရေး နတ်ဘုရားမလည်းဖြစ်နေသေးတယ်လေ။ ငါသာ ကောင်းချီးနည်းနည်းပေးလိုက်မယ်ဆိုရင် ဘယ်သီးနှံမဆို လူ့ဘုံမှာ ကြီးထွားလာမှာ။”
စကားဆုံးတဲ့နောက် အင်နာနာက အိုလီရာနာကို တန်ဖိုးကြီး ဂျင်ဆင်းပင်ကြီးတစ်ပင်ကို မြင်နေရသလိုမျိုးကြည့်ရင်း လျှာနဲ့နှုတ်ခမ်းသပ်လိုက်တယ်။
“ဒါကြောင့် မကြာခင် မြေအောက်ကမ္ဘာသစ်ဥတွေဥလာမှာ။ အဲဒီဥတွေကိုသုံးပြီး နင်က ငါ့အတွက် နတ်ဘုရားအဆင့် ပြင်သစ်အာလူးချောင်းကြော် ကြော်ပေးရမယ်။”
“.....” မော်လီတစ်ယောက် ရုတ်တရက်ကြီး ဆွံအနားမကြား ဖြစ်ချင်စိတ်ပေါက်လာတယ်။
အင်နာနာဆိုတဲ့ ကမ္ဘာ့ရှေးအကျဆုံးနတ်ဘုရားမက သူ့ကို ဘာပြောလိုက်တာလဲ။ သစ်သားကျောင်းတော်ရဲ့အမွေအနှစ်ဖြစ်တဲ့ မြေအောက်ကမ္ဘာသစ်မြစ်ကို အင်နာနာက အာလူးကြော်လုပ်စားချင်နေတာလား။
ကျီ... ကျွီ...
သူတို့နှစ်ယောက် စကားပြောနေတဲ့အချိန်မှာပဲ စည်ပိုင်းကြီးက တအိအိနဲ့ပြန့်ကားလာတယ်။ အင်နာနာက ပျော်လွန်းလို့ ထကတော့မယ့်ရုပ်ဖြစ်နေပြီး မော်လီကတော့ အိုလီရာနာကို ကယ်လို့ရပါဦးမလားဆိုတဲ့မျက်နှာနဲ့။
ဘုန်း...
စက္ကန့်ပိုင်းလောက်ကြာတော့ စည်ပိုင်းကြီးပေါက်ကွဲပြီး အတွင်းထဲကနေ ဧရာမအဆမတန်ကြီးထွားနေတဲ့ ချစ်စရာ လိုလီလေး... အဲလေ... ချစ်စရာ လိုလီကြီး ထွက်ပေါ်လာပါလေရောလား။
....
ဇာရာဇိုရာမြို့ရဲ့အထပ်မြင့် ဟိုတယ်တစ်ခုမှာတော့ အယ်မာက အွန်လိုင်းမီတင်တစ်ခုတက်နေပါတယ်။ သူ့လက်တော့ကို စားပွဲပေါ်မှာတင်ထားပြီး ဆုံလည် ကုလားထိုင်တစ်လုံးမှာထိုင်ကာ ဗိုက်ပေါ်ကို လက်တင်ထားတယ်။ မေလလယ်ပိုင်းဖြစ်တာမလို့ ခြောက်လဗိုက်က ထပ်ပြီးထွားလာပြန်ပြီ။ ထိုင်လိုက်ရင် သူဝတ်ထားတဲ့ ရှပ်အင်္ကျီ ကြယ်သီးတွေတောင် ပြုတ်ထွက်လုနီးပါးပဲ။
“အခုဆိုရင် ကောင်မရှင်နာမင်းကြီး အာလ္လုင် အမှန်တကယ်သေဆုံးသွားတဲ့အကြောင်း ငါတို့တွေ အတည်ပြုလိုက်နိုင်ပြီ။ လောလောဆယ် ဥရောပ သဘာဝလွန်ကောင်မရှင်က ခေါင်းဆောင်မဲ့နေတယ်။”
“ဒါကြောင့် ငါတို့တွေက မင်းကို ကောင်မရှင်နာအသစ် တာဝန်ထမ်းဆောင်ဖို့အတွက် အဆိုပြုချင်တယ်။”
အယ်မာက ဒါရိုက်တာလူကြီးတွေရှေ့မှာ အတတ်နိုင်ဆုံး ပြုံးနေပေမဲ့လို့ စိတ်ထဲလေးနေတယ်။ ပြင်သစ်နဲ့ဂျာမန်လို အဓိကကျတဲ့နိုင်ငံတွေက လူကြီးတချို့က သူ့ကို ရာထူးဆက်ခံဖို့ ထောက်ခံလိုက်ကြပေမဲ့လို့ အယ်မာက ယဥ်ကျေးမှုအရ အသံလွင်လွင်လေးနဲ့ရယ်လိုက်ပြီး ငြင်းလိုက်ပါတယ်။
“လူကြီးမင်းတို့က ကျွန်မကိုယုံကြည်တဲ့အတွက် ဝမ်းသာမိတယ်ဆိုပေမဲ့ ကျွန်မက အားနည်းတဲ့ မိန်းမသားတစ်ယောက်ပါ။ ဒီတာဝန်နဲ့သင့်တော်မယ့် တခြားတစ်ယောက်ယောက်ကို ရွေးသင့်တယ်လို့ ကျွန်မထင်တာပဲ။”
အပြင်ပန်းမှာ အယ်မာက လိမ္မာယဥ်ကျေးတဲ့ ရင့်ကျက်တဲ့ အမျိုးသမီးလို ဟန်ဆောင်နေပေမဲ့ စိတ်ထဲမှာတော့ ၂၇ နှစ်ယောက်သော ဒါရိုက်တာအဖွဲ့ဝင်တွေကို ကျိန်ဆဲနေတယ်။
‘ဘာရာထူးတိုးပေးမှာလဲ။ ရာထူးတိုးရင် ပိုပြီးတော့ အလုပ်ရှုပ်လာတော့မှာ ငါမသိဘူးများ မှတ်နေလား။ ဌာနမှူး ဖြစ်လာရုံနဲ့တောင် တော်တော်ပင်ပန်းနေပြီ။ ကောင်မရှင်နာ ဖြစ်လာလို့ကတော့ တစ်ခါတည်း အသက်ထွက်သွားလိမ့်မယ်။’
ပုံမှန်ဆိုရင်တော့ ရာထူးတိုးလာတာကောင်းတဲ့ကိစ္စပေမဲ့ အခုတလော လောကကြီးက ငြိမ်းချမ်းတာမဟုတ်ဘူးလေ။ အဖွဲ့အစည်းတစ်ခုလုံးရဲ့ခေါင်းဆောင်ဖြစ်သွားပြီဆိုရင် ပြဿနာတွေက ပုစွန်ဆိတ်ခေါင်း ချေးစုသလိုမျိုး သူ့အပေါ်ပုံကျလာတော့မှာ။
အတတ်နိုင်ဆုံး တာဝန်ယူရမယ့်ဘေးကနေ ရှောင်ပြေးချင်ပေမဲ့လို့...
“ကြည့်ပါဦး၊ မစ်အယ်မာက နှိမ့်ချနေတတ်လိုက်တာ။” အီတလီကိုယ်စားလှယ်။
“အဖွဲ့ထဲမှာရှိတဲ့ တစ်ယောက်တည်းသော အယ်ဒါလည်းဖြစ်တယ်။” ပိုလန်။
“ပြီးတော့ အသက်သုံးဆယ်ကျော်လေးနဲ့ လှလည်းလှသေးတယ်။” စပိန်။
“ပြီးတော့ အရင်ကောင်မရှင်နာမင်းကြီးကိုယ်တိုင်က သူ့ကို တံဆိပ်ပြားပေးသွားတာပဲ။” ချက်သမ္မတနိုင်ငံ။
‘နင်... နင်တို့တွေတော်ကြပါတော့။' အယ်မာက ခုံအောက်မှာ စတော့ကင် အနားစကို လက်နဲ့တင်းတင်း ဆုပ်ကိုင်ထားရင်း ဇောချွေးတွေပြန်လာတယ်။
“သောက်ကျိုးနည်း၊ ဒီအတိုင်းဆိုရင်တော့....”
မကြာခင်မှာပဲ ဘုတ်အဖွဲ့ဝင်တွေ မဲပေးလို့ပြီးသွားတယ်။ ကန့်ကွက်သူမရှိ ထောက်ခံမဲတွေပဲ ဖြစ်ကြပြီးတော့ အယ်မာ ငြင်းလို့မရတော့ဘူး။
“ဟိုလေ၊ အနည်းဆုံးတော့ ရှင်တို့တွေ ကျွန်မကို မီးဖွားခွင့်ယူခွင့်ပေးလို့ရမလား။ ကလေးယူပြီးမှ ပြန်လာလုပ်မယ်လေ။” အယ်မာက ငြင်းမရတဲ့အဆုံး သဘာဝကျကျပဲ သူလိုချင်တဲ့အချက်ကိုတောင်းဆိုတယ်။ ဒါပေမဲ့ ဘုတ်အဖွဲ့ဝင်တွေ ကြားလားမကြားလားတောင် မသိရသေးခင်မှာပဲ...
ဘုန်း....
မြို့ကြီးတစ်ခုလုံး ပေါက်ကွဲသံကြီးတစ်ခုကြောင့် တုန်ခါသွားပြီး အယ်မာရှေ့က လက်တော့မှန်ချပ်က ပင့်ကူအိမ်လိုအက်ကြောင်းထလာပြီး ကြွေကျသွားတယ်။ ပြတင်းပေါက်မှန်တွေလည်း အလားတူကွဲကုန်ရော။
ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါမှာတော့ တရားခံကို တန်းတွေ့ရတော့တာပဲ။ မီတာခြောက်ဆယ်၊ တစ်နည်းအားဖြင့် ရှိုးဝခေတ်ရုပ်ရှင်တွေထဲက ဂေါ်ဇီလာ အရွယ်အစားလောက်ရှိတဲ့ ဧရာမလိုလီမလေးက မြို့လယ်ခေါင်မှာ ထိုင်လျက်အနေအထားနဲ့ရှိနေပြီး အော်ကြီးဟစ်ကျယ်နဲ့ငိုနေတယ်။
“ဝါး... ဝါး.... ကျွန်မက အာလူးမဟုတ်ဘူး... ဝါး....”
ငိုသံကြီးက ကျယ်လွန်းလို့ မြို့ထဲကလူတွေအကုန်လုံး နားကန်းတော့မယ်။ ကောင်မလေးရဲ့အညိုရောင်ဆံပင် ခပ်ကောက်ကောက်နဲ့ အစိမ်းရောင်မျက်လုံးတွေကို မြင်လိုက်ရချိန်မှာတော့ အယ်မာက ဘယ်သူလဲဆိုတာ ချက်ချင်းမှတ်မိသွားပြီး မှော်နှင်တံကို အင်္ကျီအိတ်ထဲက ဆွဲထုတ်လိုက်တယ်။
“နင်တို့တွေ... ငါ့ကို တစ်ရက်လောက်တောင် အနားမပေးနိုင်ကြဘူးလားဟဲ့။”
....
ညနေစောင်းတော့ အင်နာနာပြန်ထွက်သွားပြီး ပတ်ဝန်းကျင်မှာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့ ဆယ်ဗီနဲ့ ပုံမှန် အရွယ်အစားအတိုင်းပြန်ဖြစ်နေတဲ့ အိုလီရာနာတို့က ကြမ်းပြင်မှာ ဒူးထောက်ပြီးတော့ အယ်မာကို တောင်းပန် နေကြရတယ်။
အယ်မာကိုယ်တိုင်ကတော့ ဆုံလည်ကုလားထိုင်ပေါ်မှာ ထိုင်နေပြီး သူတို့ကို လက်ပိုက်ကြည့်နေတာ။
“နင်တို့တွေ၊ ငါဘယ်လောက် အလုပ်ရှုပ်သွားတယ်မှတ်လဲ။ တစ်မြို့လုံးကလူတွေ လိုလီဇီလာကြီးကိုမြင်ပြီး အထိတ်တလန့်ဖြစ်ကုန်တယ်။ နားစည်ထိခိုက်ပြီး ဆေးရုံတင်ထားရတဲ့သူတင် ထောင်နဲ့ချီတယ်။ မှတ်ဉာဏ်ဖျောက်ဖို့ရော အပျက်အစီးတွေပြန်ပြင်ဖို့ရော အေးဂျင့်သောင်းဂဏန်းလောက်လွတ်ထားရတယ်။
ပြီးတော့ အဲဒီသောက်ပြဿနာတွေအားလုံးရဲ့အစက နင်အာလူးကြော်စားချင်ရာကနေ စတယ်လို့ ပြောချင်တာလား။”
အယ်မာက ဆယ်ဗီကိုကြည့်လိုက်တော့ ဆယ်ဗီက ကိုယ်လုံးလေးကို ကျုံ့ထားတယ်။ အိုလီရာနာကို ရေလောင်းတုန်းက သူမဟုတ်တဲ့အတိုင်းပဲ။
“ဒါ... ဒါပေမဲ့ အဲဒါက ကျွန်မလုပ်တာမဟုတ်ဘူးလေ။”
ဆယ်ဗီက အထွန့်တက်ပေမဲ့ အယ်မာက လုံးဝလက်မခံဘဲ ဆယ်ဗီရဲ့ခေါင်းကို ခွပ်ခနဲခေါက်လိုက်တယ်။
“အဲဒီအင်နာနာလည်း နင်ပဲမဟုတ်လား။နင်ပေါက်ကရတွေ တွေးလွန်းအားကြီးလို့ နင့်တစ်ဖက်ခြမ်းက အဲဒီလိုဖြစ်နေတာနေမှာ။ အလကားနဲ့ စားဖို့ချည်း စဥ်းစားမနေနဲ့။”
“ဟုတ်... ဟုတ်ကဲ့ရှင့်...”
ဆယ်ဗီကို ဆူလို့ပြီးသွားတော့ အယ်မာက အိုလီရာနာကို ကြည့်လိုက်တယ်။ “ပြီးတော့နင်၊ နင်ကရော ဘာကိစ္စ ပြန်မခုခံတာလဲ။ အင်နာနာက နင့်ထက်အားကြီးတယ် ဆိုရင်တောင်မှ အောက်ကိုပြေးဆင်းတာဖြစ်ဖြစ် မော်လီကို အော်ခေါ်တာဖြစ်ဖြစ်လုပ်လေ။ ငြိမ်ခံနေစရာလား။”
“သူ... သူက အော်ရင်ကျွန်မကို မြေကြီးထဲ ဇောက်ထိုးစိုက်ထားမှာတဲ့။”
“.....” အယ်မာလည်း ပြောစရာစကားမဲ့သွားတယ်။ တကယ်တော့ ဆူသာဆူနေရတာ အင်နာနာသာ လုပ်ချင်စိတ်ရှိရင် ဒီနေရာကသူဘယ်သူမှ သူ့ကို တားလို့ရတာမဟုတ်ဘူး။ ဒီအတိုင်း စိတ်ထဲကောင်းသွားရုံ ဆူနေတာ။
နောက်ဆုံးစိတ်ပြေလက်ပျောက်ရှိပြီဆိုမှ တရှုံ့ရှုံ့နဲ့ငိုရင်း အိမ်ပြန်သွားတယ်။ “နက်ဆန်ပြန်မလာမချင်း ဒီဟာမလေးတွေကို ငါထိန်းရမှာဆိုတော့ ခွင့်ယူလို့ရတော့မယ့်ပုံမပေါ်ဘူး။ အီးဟီးဟီး....”
အယ်မာ ပြန်သွားပြီးတဲ့နောက်မှာ အိုလီရာနာနဲ့ဆယ်ဗီက မော်လီဘက်ကို လှည့်ကြည့်လိုက်တယ်။ မော်လီက အနက်ရောင်ထီးကိုစောင်းရင်း ပြိုကျပျက်စီးသွားပြီဖြစ်တဲ့ စံအိမ်ကြီးကိုစိုက်ကြည့်ကာ တရွတ်ရွတ်ရေရွတ်နေလေရဲ့။
“သခင်လေးရေ၊ ဒီအသုံးမကျတဲ့အစေခံကြောင့် ကျွန်မတို့တွေအကုန်လုံး အိမ်ခြေရာမဲ့ဖြစ်ကုန်ပြီ။ သခင်လေးပြန်လာရင် ကျာပွတ်နဲ့ရိုက်ရိုက်၊ ကြိုးနဲ့တုပ်တုပ် ကြိုက်တဲ့အပြစ်သာပေးပါတော့။”
“ဒါပေမဲ့ ဘာလို့အပြစ်ပေးခံချင်ရတဲ့နည်းလမ်းတွေက ထူးဆန်းနေရတာလဲ။” ဆယ်ဗီက မော်လီကို ငါးသေ မျက်လုံးတွေနဲ့ကြည့်ရင်း ပြောလိုက်တာ။