အခန်း ၇၄
Vol. 8 Ch. 74
အခန်း (၇၄) - ဒါဆိုရင် ကျွန်မကရော (၂)
ချူယွန်ဖေးကမူ ဤတောင်းဆိုချက်ကို ကြားသောအခါ ခေါင်းကို တရစပ်ခါယမ်းလိုက်လေသည်။
သူက ပြောလိုက်သည်။
"အဖေက မင်းအတွက် စေ့စပ်ပွဲကို မဖျက်ပေးချင်လို့ မဟုတ်ဘူး... ဝူချန်းဟွမ်လည်း အသက်ကြီးလာပြီဖြစ်လို့ မင်းလို သားမိုက်ကြောင့် သူမရဲ့ အနာဂတ်ကို မပျက်စီးစေချင်ဘူး..."
"ဒါပေမဲ့ အဓိကက ဝူချန်းဟွမ်ကိုယ်တိုင်က သဘောမတူတာပဲ... ဝူမိသားစုက နာမည်ကြီး ဂိုဏ်းကြီးဂဏကြီး မဟုတ်ပေမဲ့လည်း သိက္ခာရှိတဲ့ မိသားစုလို့ သူမက ပြောတယ်..."
"ဒါကြောင့် စေ့စပ်ပွဲကိုဖျက်ပြီး တခြားလူနဲ့ လက်ထပ်ဖို့ အကြောင်းမရှိဘူး... မင်းကိုယ်တိုင် သူမဆီ သွားရင်သွား... မဟုတ်ရင်တော့ သူမက မင်းကို ဓားနဲ့သတ်ပြီး မုဆိုးမအဖြစ်ပဲ နေသွားမယ်တဲ့..."
ဤစကားများက ဖြစ်နိုင်ခြေအားလုံးကို ပိတ်ဆို့လိုက်သဖြင့် ချူချင်းလည်း ဆွံ့အသွားရလေသည်။
ထိုမိန်းကလေးသည် ငယ်စဉ်ကတည်းက ကိုယ်ပိုင်ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်သဖြင့် ဤကိစ္စကို မြို့တော်ဝန်ဝူကန်ချီ ကိုယ်တိုင်သွားရောက်ပြောဆိုလျှင်ပင် တူညီသောရလဒ်သာ ထွက်ပေါ်လာပေလိမ့်မည်။
နောက်ဆုံးတွင်မူ မနက်ဖြန်မနက်၌ သူလာရောက်ကာ ဝမ်ရိုနှင့်အတူ ထျန်းဝူမြို့မှ ထွက်ခွာမည်ဖြစ်ကြောင်း ချူယွန်ဖေးနှင့် ကတိပြုလိုက်ရတော့သည်။
ယခုတစ်ကြိမ်တွင်မူ ချူယွန်ဖေးက မည်သည့်စကားမျှ ထပ်မံမပြောတော့ပေ။
လူငယ်ချင်းကိစ္စဖြစ်သဖြင့် လူကြီးတစ်ယောက်အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်သော်လည်း ဝူချန်းဟွမ်ကို အလဟဿ စောင့်ဆိုင်းမနေစေရန်သာ ချူချင်းကို သတိပေးလိုက်လေသည်။
ထို့နောက်တွင်မူ သားအဖ သုံးယောက်သည် ကောင်းကင်မိစ္ဆာဂိုဏ်းအကြောင်းကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
သို့သော်လည်း ထိုလူများ၏နောက်ခံနှင့် ရည်ရွယ်ချက်ကို မည်သူမျှ မသိရှိကြသဖြင့် အလွန်လျှို့ဝှက်ဆန်းကြယ်နေဆဲ ဖြစ်၏။
သို့သော်လည်း လျိုမိသားစုအိမ်တော်၏ ခြံဝင်းအတွင်း၌ လျိုတာ့ဖု၏ အဝတ်အစားများကို ဝတ်ဆင်ထားသော ခြောက်သွေ့နေသည့် အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း ချူထျန်းက ချူချင်းကို ပြောပြခဲ့လေသည်။
ကောင်းကင်မိစ္ဆာဂိုဏ်းတွင် ရုပ်ဖျက်နိုင်သော သိုင်းပညာရပ်တစ်ခု ရှိနေနိုင်ပြီး ချူယန်သည် လျိုတာ့ဖု၏အသွင်ကိုယူကာ ထျန်းဝူမြို့အတွင်း၌ လျှို့ဝှက်သတင်းပေးအဖြစ် လှုပ်ရှားနေခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူတို့သံသယဝင်မိကြသည်။
ထို့နောက်တွင်မူ သူသည် ထန်ယင်ဖုန်းနှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့သဖြင့် မနေ့ညက ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ပြီး ထန်ယင်ဖုန်း၏အလောင်းကိုလည်း မြေအောက်အချုပ်ခန်းအတွင်း၌ တွေ့ရှိခဲ့ရချေသည်။
ဤအချက်များက ချူချင်းအား ကောင်းကင်မိစ္ဆာဂိုဏ်းအပေါ် ပိုမို၍ သတိထားမိစေခဲ့လေသည်။
ကုန်စုံဆိုင်အတွင်း၌ ကျိုးယီ၏နဖူးထက်တွင် ချွေးစေးပြန်နေချေသည်။
ချူချင်း၏ခန္ဓာကိုယ်မှမူ အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။
သူသည် မင်ယွိကျမ်းစာကို အသုံးပြု၍ ကျိုးယီ၏ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးကျန်ရှိနေသော မိစ္ဆာမျိုးစေ့၏ အတွင်းအားများကို ဖယ်ရှားပေးနေခြင်း ဖြစ်သည်။
သူ၏မင်ယွိကျမ်းစာအတွင်း၌ ဇီရှားနတ်သိုင်းနှင့် ရော့ရွှီကျမ်းစာတို့၏ ထူးခြားသော စွမ်းရည်များ ပေါင်းစပ်ပါဝင်နေသဖြင့် အခြားအတွင်းအားများကို ဖယ်ရှားရန်မှာ မခက်ခဲလှဘဲ ယခုအခါတွင်မူ သူသည် ဤအတတ်ပညာကို အလွန်ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီ ဖြစ်၏။
ချူချင်း၏မျက်လုံးများအတွင်း၌ စိမ်းဖန့်ဖန့် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်ကို မြင်တွေ့လိုက်ရပြီးနောက် ကျိုးယီသည် သွေးတစ်လုပ်ကို အရှိန်အဟုန်ဖြင့် အန်ထုတ်လိုက်ရကာ ရင်ဘတ်ထဲတွင် ပိတ်ဆို့နေသော အသက်ရှူရခက်ခဲမှုများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သူသည် လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရာ တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရချေသည်။
သူသည် လှည့်လိုက်ပြီး ချူချင်း၏ရှေ့တွင် ဒူးထောက်ကာ ဝတ်ပြုလိုက်လေသည်။
"ကျွန်တော့်ကို အခုလို ကယ်တင်ပေးလို့ အတိုင်းမသိ ကျေးဇူးတင်ပါတယ်ဗျာ..."
"ထလိုက်ပါ..."
ချူချင်းသည် အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးအောက်တွင် မိမိကိုယ်ကိုယ် ဖုံးကွယ်ထားသဖြင့် သူ၏အသံက ငရဲပြည်မှ အသူရာနတ်ဆိုးကဲ့သို့ အေးစက်လှချေသည်။
သို့သော်လည်း ဤအချိန်ကာလအတွင်း၌ ကျိုးယီသည် ဤအသံကို ကြားရသည်မှာ ယဉ်ပါးနေပြီဖြစ်သဖြင့် ကြောက်ရွံ့ခြင်းမရှိသည့်အပြင် ရင်းနှီးမှုပင် ခံစားနေရချေသည်။
သူသည် စကားအတိုင်း ထရပ်လိုက်ရာ ချူချင်းက စားပွဲဘေးတွင် ထိုင်ကာ တစ်စုံတစ်ခုကို တွေးတောနေသည်ကို မြင်တွေ့လိုက်ရသည်။
ကျိုးယီသည်လည်း စကားမပြောဝံ့ဘဲ ဘေးတွင် ငြိမ်သက်စွာ ရပ်၍ စောင့်ဆိုင်းနေမိလေသည်။
အချိန်အတော်ကြာပြီးနောက် ချူချင်းက ပြောလိုက်သည်။
"မင်းခန္ဓာကိုယ်က မိစ္ဆာမျိုးစေ့ရဲ့သန့်စင်မှုကို ခံယူခဲ့ရတာကြောင့် သွေးကြောတွေက သာမန်လူတွေနဲ့ မတူတော့ဘူး..."
"သိုင်းပညာကို ကျင့်ကြံမယ်ဆိုရင် အချိန်တိုအတွင်းမှာ အောင်မြင်မှု ရရှိနိုင်လိမ့်မယ်..."
"ဒါပေမဲ့... မင်းကော သိုင်းပညာကို ကျင့်ကြံချင်ရဲ့လား..."
"သခင့်အမိန့်အတိုင်းပါပဲ..."
ကျိုးယီက ဦးညွှတ်ကာ ပြောလိုက်သည်။
"ဒါဆိုရင် ငါ မင်းကို ကျင့်စဉ်တွေသင်ပေးမယ်... မင်းက စိတ်နှစ်ပြီး လေ့လာရမယ်..."
ချူချင်းက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"သိပ်မကြာခင် ငါ ထျန်းဝူမြို့ကနေ ထွက်ခွာတော့မယ်... ဘယ်တော့ ပြန်လာမလဲဆိုတာ မသေချာဘူး... မင်းကတော့ ဒီထျန်းဝူမြို့ထဲမှာပဲနေပြီး ကောင်းကောင်း ကျင့်ကြံနေပါ..."
ပြန်လာမည့်အချိန်က မသေချာ...
ကျိုးယီ၏နှလုံးသားထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားရလေသည်။
"သခင်... ဒါဆို... ဒါဆို သခင်က..."
ချူချင်းက လက်ကိုဝှေ့ယမ်းပြလိုက်သည်။
"ငါ မင်းကို ဒီအတိုင်းပစ်ထားခဲ့မှာ မဟုတ်ပါဘူး... အပြောင်းအလဲတစ်ခုခုရှိလို့ ငါ ပြန်မလာနိုင်ရင်တောင် လူလွှတ်ပြီး မင်းကို ရှာခိုင်းပါ့မယ်..."
"မှတ်ထား... ငါတို့ စတွေ့ခဲ့တာက အဲဒီနေ့ရဲ့ 'မော်ရှီအချိန် သုံးမောင်း' မှာ ဖြစ်ပြီး အဲဒီအချိန်တုန်းက မိုးရွာနေခဲ့တယ်…”
“တကယ်လို့ တစ်နေ့နေ့မှာ တစ်ယောက်ယောက်က မင်းဆီလာပြီး 'မော်ရှီအချိန် သုံးမောင်းမိုး' လို့ ပြောလာရင် မင်းက 'တွေ့ဆုံခြင်း' လို့ ပြန်ဖြေရမယ်... ပြီးရင် မင်းက 'ချိုရှီအချိန် တစ်မောင်းသတ်ဖြတ်ခြင်း' လို့ ထပ်ပြောရမယ်... အဲဒါက ငါ လော့ယွီခန်းမဆောင်ကိုသွားပြီး ထန်ရှီးကို သတ်ခဲ့တဲ့အချိန်ပဲ... သူက 'မိုးရွာခြင်း' လို့ ပြန်ဖြေလိမ့်မယ်..."
"အဲဒီလူကို မင်း ယုံကြည်လို့ရတယ်... အဲဒီအချိန်ကျရင် သူ့ကို အထဲကိုခေါ်သွားပြီး စကားပြောပါ..."
"တကယ်လို့ ပြန်မဖြေနိုင်ရင်တော့ အဲဒီလူက သံသယဖြစ်စရာပဲ... အဲဒီလိုဆိုရင် မင်းမှာ အစွမ်းရှိရင် သူ့ကို ငါ့ကိုယ်စား သတ်ပစ်လိုက်ပါ..."
ကျိုးယီသည် စကားလုံးတိုင်းကို စိတ်ထဲတွင် သေချာစွာ မှတ်သားထားပြီး ခေါင်းညွှတ်လိုက်လေသည်။
"ကျွန်တော် နားလည်ပါပြီ..."
ချူချင်းက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ဘယ်လိုလုပ်ရမလဲဆိုတာ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ..."
ကျိုးယီက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင်မူ ချူချင်းက သူ့ကို ဇီရှားနတ်သိုင်းမှ ကောက်နုတ်ထားသော ကျင့်စဉ်အချို့ကို သင်ကြားပေးခဲ့လေသည်။
ထိုကျင့်စဉ်အတိုင်း ကျင့်ကြံပါက အတွင်းအားကို တိုးပွားစေနိုင်သော်လည်း ၎င်းကို အသုံးပြု၍ တိုက်ခိုက်သည့် နည်းလမ်းများမူ မပါဝင်ပေ။
"ငါ့ဓားသိုင်းကို မင်း သင်ယူနိုင်မှာ မဟုတ်ဘူး... ဓားမသိုင်းကလည်း အချိန်တိုအတွင်းမှာ အောင်မြင်ဖို့ မလွယ်ကူဘူး..."
"ဒါကြောင့် မင်းက အတွင်းပိုင်းမှာ ငါသင်ပေးတဲ့ အတွင်းအားကျင့်စဉ်ကို ကျင့်ကြံပြီး အပြင်ပိုင်းမှာတော့... ထျန်းဝူမြို့က သိုင်းသင်တန်းကျောင်းတွေမှာ သာမန်သိုင်းကွက်ကို သွားသင်လိုက်..."
"အတွင်းအား ရှိနေသရွေ့ သာမန်လက်သီးသိုင်းတွေကလည်း ကြီးမားတဲ့ စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်..."
"ဒါပေမဲ့ သတိထားပါ... လူတွေရှေ့မှာ အလွယ်တကူ ထုတ်မပြပါနဲ့..."
"ဟုတ်ကဲ့... ကျွန်တော် စိတ်ထဲမှာ သေချာမှတ်ထားပါ့မယ်..."
ကျိုးယီက ရိုသေစွာဖြင့် ဦးညွှတ်ကာ ပြန်လည်ဖြေကြားလိုက်လေသည်။
ကျိုးယီ၏ကိစ္စရပ်များကို သေချာစွာ စီစဉ်ပေးပြီးနောက် ချူချင်းသည် သူ၏ လျှို့ဝှက်ပုန်းအောင်းရာနေရာသို့ ပြန်လာခဲ့တော့သည်။
ထိုညသည် အေးချမ်းစွာ ကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့ မိုးမလင်းမီအချိန်တွင်မူ ချူချင်းသည် ချူအိမ်တော်သို့ ရောက်ရှိလာခဲ့ချေသည်။
မိန်းမပျိုတစ်ဦးသည် ကျောပိုးအိတ်ကို လွယ်ထားပြီး မြေပြင်ပေါ်တွင် ဒူးနှစ်ဖက်ပိုက်ကာ ထိုင်နေသည်မှာ တစ်စုံတစ်ဦး၏စွန့်ပစ်ခြင်းကို ခံထားရသကဲ့သို့ သနားဖွယ်ကောင်းလှပေသည်။
သို့သော်လည်း သူမ၏နောက်ကွယ်တွင် လူနှစ်ဦး ရှိနေသေး၏။
တစ်ဦးမှာ အိမ်တော်ထိန်းကျိုးမြောင် ဖြစ်ပြီး အခြားတစ်ဦးမှာမူ ချူထျန်း ဖြစ်သည်။
ချူချင်းကို မြင်လိုက်ရသောအခါ ချူထျန်းသည် အံ့အားသင့်သွားရလေသည်။
ယနေ့တွင်မူ ချူချင်းသည် ထူးထူးခြားခြား ရုပ်ဖျက်ထားခြင်းမရှိဘဲ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဓားသမားတစ်ဦးအဖြစ်သာ ပြင်ဆင်ထားချေသည်။
သူ၏ကျောပြင်ထက်တွင် ကျောပိုးအိတ်နှင့် ချင်းယဲ့ဓားကို လွယ်ထားပြီး ချင်းယဲ့ဓားကိုမူ အဝတ်စများဖြင့် သေချာစွာ ပတ်ထားသဖြင့် ဓားပုံစံကိုပင် မမြင်ရပေ... ခါးတွင်မူ ဓားတစ်လက်ကို ဆင်မြန်းထားချေသည်။
သို့သော်လည်း သူ၏မျက်နှာက နူးညံ့သိမ်မွေ့လွန်းသဖြင့် သာမန်အိမ်တော်မှ ချမ်းသာသော သခင်လေးတစ်ဦးကဲ့သို့ ဖြစ်နေကာ ဓားသမားတစ်ဦး၏ အေးစက်ကြမ်းကြုတ်မှုများ မရှိဘဲ အပျော်ခရီးထွက်လာသည့် သခင်လေးတစ်ဦးနှင့် ပိုတူနေလေသည်။
ဤမျက်နှာမျိုးနှင့် စာပေကျောင်းသားဝတ်စုံကို ဝတ်ဆင်ကာ လက်ထဲတွင် ယပ်တောင်တစ်လက်ကို ကိုင်ထားပါက မည်မျှအထိ မိန်းကလေးများကို ဆွဲဆောင်နိုင်မည်ကို မသိနိုင်ပေ။
ဝမ်ရိုသည် သံသယစိတ်ဖြင့် ခေါင်းကို မော့လိုက်ပြီး ချူချင်းကို ကြည့်ကာ နှာခေါင်းကို တရှုံ့ရှုံ့ လုပ်လိုက်လေသည်။
"ရှင်က... ဘယ်သူလဲ..."
"ဒါက ငါ့မိတ်ဆွေပဲ..."
ချူထျန်းက ညင်သာစွာ ပြောလိုက်သည်။
"မင်းရဲ့ဂိုဏ်းတူအစ်ကိုက လောလောဆယ် ထျန်းဝူမြို့ကနေ ထွက်လို့မရသေးဘူး... ဒါကြောင့် မင်းကို အိမ်ပြန်ပို့ပေးဖို့ ငါ တောင်းဆိုထားတာ..."
"အင်း..."
ဝမ်ရိုက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ ချူအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်..."
ထို့နောက် သူမက ချူချင်းကို ကြည့်ကာ မေးလိုက်သည်။
"ကျွန်မတို့ ဘယ်တော့ထွက်ကြမလဲ..."
"အခုပဲ..."
ချူချင်းက ပြောရင်းနှင့် ချူထျန်းကို တစ်ချက်ကြည့်လိုက်လေသည်။
ချူထျန်းက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ချူအိမ်တော်ကို လှမ်းကြည့်လိုက်သည်။
ထိုနေရာသည် ချူအိမ်တော်၏ အဓိကအဆောက်အအုံကြီး ရှိရာနေရာဖြစ်ပြီး သုံးထပ်အမြင့်ရှိသဖြင့် ထိုအဆောက်အအုံပေါ်မှ ကြည့်ပါက အပြင်မြင်ကွင်းများကို ကောင်းစွာ မြင်တွေ့နိုင်ချေသည်။
ချူချင်းသည် ထိုအဆောက်အအုံကြီးကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် လှည့်ကာ ထျန်းဝူမြို့ပြင်သို့ ဦးတည်၍ ထွက်ခွာလာခဲ့တော့သည်။
ဝမ်ရိုသည်လည်း စကားတစ်ခွန်းမျှ မပြောဘဲ ချူချင်း၏နောက်ကွယ်မှ ငြိမ်သက်စွာ လိုက်ပါလာခဲ့၏။
ထျန်းဝူမြို့၏မြို့တံခါးဝသို့ ရောက်ရှိလုနီးပါး အချိန်တွင်မူ ဝမ်ရိုသည် မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
"ကျွန်မ ရှင့်ကို ဘယ်လိုခေါ်ရမလဲ..."
ချူချင်းက တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
"မင်း ငါ့ကို... အစ်ကိုသုံးလို့ပဲ ခေါ်ပါ..."
ဝမ်ရိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"အော်..."
ပြီးနောက် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
ဤမိန်းကလေးသည် အလွန်အေးဆေးငြိမ်သက်လှသဖြင့် ဤခရီးစဉ်သည် ထင်ထားသည်ထက် ပိုမိုလွယ်ကူနိုင်ပေသည်။
သို့သော်လည်း သူသည် ထျန်းဝူမြို့ပြင်သို့ ထွက်လာပြီး မြောက်ဘက်သို့ ဦးတည်ကာ 'ဆယ်မိုင်အကွာ နေရပ်မျှော်မဏ္ဍပ်' သို့ ရောက်ရှိလာသောအခါ သက်ပြင်းတစ်ချက်မချဘဲ မနေနိုင်တော့ပေ။
ဘေးတွင်ရှိနေသော ဝမ်ရိုကို တစ်ချက်ကြည့်ကာ သူက ညင်သာစွာ ပြောလိုက်သည်။
"မင်း ရှေ့မှာ ခဏသွားစောင့်နေ... ငါ လူတစ်ယောက်နဲ့တွေ့ဖို့ ရှိလို့..."
မဏ္ဍပ်အတွင်း၌ လူတစ်ဦးရှိနေသည်ကို ဝမ်ရိုလည်း မြင်တွေ့လိုက်ရသည်။
အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားတစ်လက်ကို ကိုင်ဆောင်ထားသော မိန်းကလေးတစ်ဦး ဖြစ်သည်။
သူမသည် မြို့တော်ဝန်၏သမီး ဝူချန်းဟွမ်ပင် ဖြစ်၏။
ဝမ်ရိုသည် စပ်စုတတ်သူ မဟုတ်သဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရှေ့သို့ ဆက်လက်ထွက်ခွာသွားတော့သည်။
ချူချင်းသည် လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် မဏ္ဍပ်အတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
ဝူချန်းဟွမ်သည် သူ့ကိုလှည့်မကြည့်ဘဲ ထျန်းဝူမြို့ရှိရာဘက်သို့သာ ငေးမောကြည့်ရှုနေရင်း ပြောလိုက်သည်။
"ဆယ်မိုင်အကွာ နေရပ်မျှော်မဏ္ဍပ်ဆိုတာ... ခရီးဝေးသွားမဲ့သူတွေအတွက် ဒီနေရာကနေ နေရပ်ကို နောက်ဆုံးတစ်ခေါက် ပြန်ငေးကြည့်နိုင်တဲ့ နေရာပဲ..."
"ဒါ့အပြင် အိမ်ပြန်လာတဲ့သူတွေအတွက်လည်း နေရပ်နဲ့ နီးကပ်လာတဲ့အခါ စိတ်လှုပ်ရှားမှုတွေကို ငြိမ်သက်စေနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်တယ်..."
ချူချင်းသည် စကားမပြောဘဲ နှာခေါင်းထဲမှသာ ခပ်တိုးတိုး တုံ့ပြန်လိုက်လေသည်။
ဝူချန်းဟွမ်သည် လှည့်၍ သူ့ကို ကြည့်လိုက်သည်။
"ညဧကရာဇ်... ကျွန်မကို ပြောစရာစကားတစ်ခွန်းမှ မရှိတော့ဘူးလား..."
"ရှင်က ဒီလောက်အထိ အလျင်စလို ထွက်သွားတော့... လုပ်အားခတွေကိုကော မလိုချင်တော့ဘူးလား..."
"မလိုချင်တော့ဘူး..."
ချူချင်းသည် ခေါင်းငုံ့လိုက်လေသည်။ လိုချင်ပါက မည်သို့ကြောင့် ထွက်ခွာသွားပါမည်နည်း။
ဝူချန်းဟွမ်သည် သူ့ကို စူးစိုက်ကြည့်လိုက်ရာ ဓားကို ဆုပ်ကိုင်ထားသော သူမ၏လက်ချောင်းများက အနည်းငယ် တုန်ယင်နေချေသည်။
"ဒါဆိုရင်... ကျွန်မကိုကော... မလိုချင်တော့ဘူးလား…”