အခန်း ၇၅
Vol. 8 Ch. 75
အခန်း (၇၅) - နျဲ့ကျင့်ထိုင် တစ်ဖန်ပေါ်လာခြင်း (၁)
‘တည့်တိုးကြီးဟ…’
ချူချင်းက တွေးလိုက်မိသည်။
'ဒီမိန်းကလေးက ဘာလို့ ပုံမှန်လို မနေတာလဲ...'
'မင်းစရိုက်အတိုင်းဆိုရင် သေချာအတည်ပြုပြီးမှ ပြောရမှာမဟုတ်ဘူးလား... ဘာလို့ ဒီလိုစကားမျိုးကို တိုက်ရိုက်ကြီး ပြောချလိုက်ရတာလဲ...'
သူက နှုတ်ခမ်းထောင့်ကို အနည်းငယ်တွန့်ကွေးကာ ဟန်ဆောင်ရယ်မောရင်း ပြောလိုက်သည်။
"သခင်မလေးဝူရဲ့စကားက... ဘယ်ကနေ စပြောရမလဲ... မမေ့ပါနဲ့ဦး... မင်းမှာ စေ့စပ်ကြောင်းလမ်းထားတဲ့သူ ရှိနေပြီးသားလေ..."
ချွင်...
ဝူချန်းဟွမ်၏လက်ထဲမှ ရတနာဓားသည် ရုတ်တရက် ဓားအိမ်ထဲမှ ထွက်ပေါ်လာချေသည်။
ချူချင်းက မသိစိတ်အရ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ ဤမိန်းကလေးသည် ဒေါသအလွန်အမင်း ထွက်သွားပြီး တစ်ခုခုလုပ်တော့မည်လော။
သူမက ဒေါသတကြီးဖြင့် မိမိကိုယ်ကို သတ်သေရန် ကြံစည်နေခြင်းလော။
ထို့နောက် ဝူချန်းဟွမ်က ဓားကို သူမ၏လည်ပင်းထက်သို့ တင်လိုက်ပြီး ရုတ်တရက် ဆွဲလှီးရန် ပြင်လိုက်သည်ကို မြင်လိုက်ရလေသည်။
"ရပ်လိုက်စမ်း..."
ဤသည်ကို မြင်လိုက်ရသဖြင့် ချူချင်းမှာ အလွန်အမင်း ထိတ်လန့်သွားပြီး အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ ဆွဲယူလိုက်လေသည်။
မင်ယွိကျမ်းစာ၏ အတွင်းအားသည် လေဆင်နှာမောင်းတစ်ခုကဲ့သို့ ဖြစ်ပေါ်လာပြီး ဝူချန်းဟွမ်၏ဓားသွားကို ဆွဲယူကာ လည်ပင်းနှင့် ဝေးရာသို့ ဖယ်ရှားလိုက်တော့သည်။
ပြင်းထန်လှသော အားလှိုင်းကြောင့် သူမ၏လက်ထဲမှ ရတနာဓားသည် လွတ်ထွက်သွားပြီး ချူချင်း၏လက်ထဲသို့ ကျရောက်လာခဲ့သည်။
ဝူချန်းဟွမ်၏ ဖြူဖွေးနုနယ်သော လည်ပင်းထက်တွင် သွေးစက်အချို့ ထွက်ပေါ်လာပြီး အင်္ကျီကော်လာအတွင်းသို့ စီးကျကာ ပျောက်ကွယ်သွားလေသည်။
ချူချင်းက သူမ၏ဓားကို ဘေးရှိ ကျောက်စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် ရှေ့သို့တစ်လှမ်းတိုးကာ သူမ၏ဒဏ်ရာကို စစ်ဆေးလိုက်သည်။
ထို့နောက် သူက အတွင်းအိတ်ထဲမှ ပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ဤပုလင်းမှာ မေချန်လော့ထံမှ သိမ်းဆည်းရမိခဲ့သောဆေးပုလင်း ဖြစ်ပေသည်။
စမ်းသပ်ပြီးနောက် ဤအရာသည် ဒဏ်ရာများကို ကုသရန်အတွက် အသုံးပြုသော ဆေးဝါးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သူက ဆေးအချို့ကို ယူကာ သူမ၏ဒဏ်ရာပေါ်တွင် လိမ်းပေးလိုက်ပြီး ပတ်တီးစတစ်ခုဖြင့် သူမ၏လည်ပင်းကို သေချာစွာ ပတ်ပေးလိုက်သည်။
ဝူချန်းဟွမ်က ငြိမ်သက်နေကာ သူ့ကိုသာ အလိုရှိသလို လုပ်ခွင့်ပေးထားလေသည်။
ချူချင်းက သူမ၏လည်ပင်းထက်တွင် အလွန်ကြည့်ရဆိုးသောအထုံးတစ်ခုကို ချည်နှောင်ပြီးနောက်မှ ဝူချန်းဟွမ်က အေးစက်စွာ ပြောလိုက်သည်။
"ညဧကရာဇ်... ကိုယ့်ရဲ့ အလုပ်အပ်နှံသူအပေါ်မှာ ဂရုစိုက်လွန်းနေတာ မဟုတ်ဘူးလား..."
ချူချင်းက ထိုစကားကို မကြားချင်ယောင်ဆောင်ကာ ဒေါသတကြီးဖြင့် သူမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းက ကိုယ့်အသက်ကို ကစားစရာ ထင်နေတာလား... ကျုပ်သာ ခုနက နည်းနည်းလေး နောက်ကျသွားရင် မင်းသေသွားပြီ..."
"အဲဒါ ဘာဖြစ်လဲ..."
ဝူချန်းဟွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်မစေ့စပ်ထားတဲ့သူက မျက်စိရှေ့မှာတင် ရှိနေတာ... နေ့တိုင်း အတူတူမရှိရင်တောင် တွေ့ရတဲ့အချိန်တွေ အများကြီးပဲ…”
“ဒါပေမဲ့ သူက ကျွန်မကို အမှန်အတိုင်း တစ်ခွန်းမှ မပြောခဲ့ဘူး... ကျွန်မကို ငတုံးလို သဘောထားပြီး ကစားရတာ အရမ်းပျော်ဖို့ကောင်းနေလား..."
"ငါ တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး..."
ချူချင်းက သူမကိုကြည့်ကာ နဖူးကို လက်ညှိုးဖြင့် အသာအယာ တောက်လိုက်ရင်း ပြောလိုက်သည်။
"ငါ့မှာ အခက်အခဲတွေ ရှိနေတယ်ဆိုတာ မင်း ခန့်မှန်းမိသင့်ပါတယ်..."
"အဲဒါ ဘာဖြစ်လဲ..."
ဝူချန်းဟွမ်က နဖူးကိုအုပ်ကာ ဒေါသထွက်လျက် ပြောလိုက်သည်။
"ရှင့်မှာ အခက်အခဲရှိတာကို ကျွန်မကဒုက္ခထပ်ပေးမယ် ထင်နေတာလား... ရှင့်စိတ်ထဲမှာ ဝူချန်းဟွမ်က ဘယ်လိုမိန်းကလေးမျိုးမို့လို့လဲ…”
“ရှင့်မှာ အခက်အခဲရှိတာ သိရက်နဲ့ နောက်ကို တကောက်ကောက် လိုက်နှောင့်ယှက်နေမယ်လို့ ထင်နေတာလား... ကျွန်မက အမှားအမှန်ကို မခွဲခြားတတ်တဲ့ လူမိုက်တစ်ယောက်လား..."
"မင်း အဲဒီလိုလူမျိုး မဟုတ်ဘူးဆိုတာ ငါသိပါတယ်..."
"ဒါဆို ဘာလို့ ရှင်က ထျန်းဝူမြို့ကနေ ထွက်သွားတော့မဲ့အချိန်မှာတောင် ကျွန်မကို တစ်ခေါက်လောက်တောင် တွေ့ဖို့မကြိုးစားခဲ့ရတာလဲ..."
ဝူချန်းဟွမ်က သူ့ကို စိုက်ကြည့်နေလေသည်။
"ဘာလို့လဲဆိုတော့ ငါကြောက်လို့..."
ချူချင်းက မျက်လုံးပင့်ကာ ဝူချန်းဟွမ်ကို ကြည့်ရင်း ပြောလိုက်သည်။
"မင်းကို ထပ်တွေ့ရင်... ငါ ထွက်မသွားနိုင်တော့မှာကို ကြောက်လို့ပါ..."
ဝူချန်းဟွမ်၏လက်ချောင်းလေးများ တုန်ယင်သွားပြီး မူလက တောက်လောင်နေသော ဒေါသတရားများသည် ချက်ချင်းပင် ငြိမ်းအေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမက နှုတ်ခမ်းကိုကိုက်ကာ ရုတ်တရက် ချူချင်းကို တွန်းထုတ်လိုက်ပြီး ပျာပျာသလဲဖြင့် ကျောခိုင်းလိုက်ရင်း ပြောလိုက်သည်။
"ရှင်... ရှင် ဘာတွေ လျှောက်ပြောနေတာလဲ..."
ချူချင်းက ရင်ဘတ်ကို ပွတ်သပ်လိုက်ရင်း တွေးလိုက်မိသည်။
'ကံကောင်းလို့ ငါ့မင်ယွိကျမ်းစာက အောင်မြင်ထားလို့သာ တော်တော့တယ်... မဟုတ်ရင် အရင်ခန္ဓာကိုယ်မျိုးနဲ့ဆိုရင် အခုတွန်းလိုက်တာနဲ့တင် ဒဏ်ရာရသွားနိုင်တယ်...'
သို့သော် ဝူချန်းဟွမ်၏တုံ့ပြန်မှုကို ကြည့်၍ ဤအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဟု ချူချင်းက တွေးလိုက်မိသည်။
သူက သက်ပြင်းတစ်ချက်ကို အသာချကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ချန်းဟွမ်... ငါ အခု အန္တရာယ်တွေပြည့်နေတဲ့ ဝဲဂယက်ထဲကို ရောက်နေလို့ ရုန်းထွက်ဖို့ ခက်ခဲနေတယ်... မင်းကိုလည်း ဒီကိစ္စတွေထဲ မဆွဲသွင်းချင်ဘူး…”
“ဒါကြောင့် အမှန်တရားကို ဖုံးကွယ်ထားခဲ့တာပါ... ဒါက ငါ့အမှားဆိုတာ ဝန်ခံပါတယ်... မင်းကို ငါတောင်းပန်ပါတယ်..."
ပြောပြီးနောက် သူက မတ်တတ်ရပ်ကာ လက်နှစ်ဖက်ကို စုစည်း၍ အရိုအသေ ပေးလိုက်သည်။
ဝူချန်းဟွမ်က သူ့ကို ရှုပ်ထွေးသောမျက်ဝန်းများဖြင့် ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြောလိုက်သည်။
"ကောင်းပြီ... ရှင် ဘယ်လိုဝဲဂယက်ထဲ ရောက်နေလဲဆိုတာ မမေးတော့ဘူး... ကျွန်မကို မပြောပြချင်ဘူးဆိုကတည်းက ဒါက ကျွန်မ ရင်ဆိုင်နိုင်တဲ့အရာမဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ…”
“ရှင့်ရဲ့ အခု သိုင်းပညာအဆင့်နဲ့ဆိုရင် ကျွန်မ ကူညီချင်ရင်တောင် ကူညီနိုင်မှာ မဟုတ်ဘူး... ဦးလေးချူက ရှင့်ကို ထွက်သွားခွင့်ပေးလိုက်တာကလည်း ဒီအကြောင်းကြောင့် ဖြစ်လိမ့်မယ်... ဒါကြောင့် ကျွန်မ ရှင့်ကို စကားတစ်ခွန်းပဲ မေးမယ်..."
"မေးပါ..."
ဝူချန်းဟွမ်က နှုတ်ခမ်းကို အသာဟကာ မေးလိုက်သည်။
"ရှင် ဘယ်တော့ပြန်လာပြီး... စေ့စပ်ပွဲကို အကောင်အထည်ဖော်မှာလဲ..."
ဤစကားလုံးများက သူ၏နှလုံးသားထဲသို့ တိုးဝင်သွားသဖြင့် ချူချင်းမှာ ယခင်က စကားများကို ဟန်ဆောင်ပြောဆိုခဲ့သော်လည်း ယခုအချိန်တွင် ရင်ထဲ၌ လှုပ်ခတ်သွားရလေသည်။
သို့သော် သူက ချက်ချင်းပင် ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။
"ငါလည်း မသိဘူး..."
"ကျွန်မဝူချန်းဟွမ်က ဘယ်တုန်းကမှ ဝေဝေဝါးဝါး လုပ်တတ်တဲ့သူ မဟုတ်ဘူး... ချူချင်း... သေချာနားထောင်...ရှင့်ကို အချိန်သုံးနှစ်ပေးမယ်..."
ဝူချန်းဟွမ်က ချူချင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"သုံးနှစ်ပြည့်လို့ ရှင်ပြန်လာရင် ကျွန်မ ရှင့်ကို လက်ထပ်မယ်..."
"ငါသာ... ပြန်မလာနိုင်တော့ရင်ကော..."
ချူချင်းက တိုးညင်းစွာ မေးလိုက်သည်။
"ဒါဆိုရင် ကျွန်မ ရှင့်ဆီကို လိုက်လာခဲ့မယ်..."
ဝူချန်းဟွမ်က လေးနက်စွာ ပြောလိုက်သည်။
"ရှင် အိမ်ကနေ ခုနစ်နှစ်တောင် ထွက်သွားတာက ရှင့်စိတ်ထဲမှာ ကျွန်မရှိမနေဘူးလို့ ထင်ခဲ့တာ... အခုတော့ ရှင့်စိတ်ထဲမှာ ကျွန်မရှိနေပြီး မတတ်သာလို့ ထွက်သွားရတာဆိုတာ သိလိုက်ရပြီ... ဒါကြောင့် ထွက်သွားခွင့်ပေးမယ်... ဒါပေမဲ့ ရှင်မှတ်ထားပါ..."
သူမက ပြောရင်းနှင့် ရှေ့သို့တစ်လှမ်းတိုးကာ လက်နှစ်ဖက်ဖြင့် ချူချင်း၏အင်္ကျီကော်လာကို ဆွဲကိုင်လိုက်သည်။
သူမက သူ့ကို မိမိ၏အနီးသို့ ဆွဲခေါ်လိုက်ပြီးနောက် ပြောလိုက်သည်။
"အဲဒီအချိန်ကျလို့ ရှင်အသက်ရှင်နေသေးရင် ကျွန်မ ရှင်နဲ့အတူ ရင်ဘောင်တန်း ရပ်တည်မယ်... အဲဒီအချိန်မှာ ရှင်သေသွားခဲ့ရင်တော့... ရှင့်အတွက် ကလဲ့စားချေပေးပြီး ကျွန်မသေတဲ့အထိ တိုက်ခိုက်သွားမယ်... ကျွန်မတို့တွေ တမလွန်မှာ ပြန်ဆုံကြတာပေါ့..."
ပြောပြီးနောက် သူမက မျက်လုံးများကိုပိတ်ကာ ရုတ်တရက် တိုးကပ်လာခဲ့သည်။
ချူချင်းမှာ နှုတ်ခမ်းထက်တွင် နူးညံ့မှုကို ခံစားလိုက်ရပြီးနောက် မာကျောသော အရာတစ်ခုနှင့် ပြင်းထန်စွာ တိုက်မိသွားသဖြင့် နာကျင်မှုက နှုတ်ခမ်းမှတစ်ဆင့် နှလုံးသားထဲသို့ တိုးဝင်သွားလေသည်။
သူက သေချာစွာ မခံစားရသေးမီမှာပင် ဝူချန်းဟွမ်က သူ့ကိုလွှတ်လိုက်ပြီး ကျောခိုင်းကာ ထွက်ခွာသွားရင်း ပြောလိုက်သည်။
"ကျွန်မရဲ့ဆရာမကြီးယဲ့ထန်ဆီကို သွားပြီးတော့ သူမရဲ့ပညာရပ်တွေကို သင်ယူမယ်... ရှင့်အတွက် ဘယ်တော့မှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး..."
ချူချင်းက သူ၏နှုတ်ခမ်းကို အံ့အားသင့်စွာဖြင့် ပွတ်သပ်လိုက်ပြီး အပြင်ပန်းတွင် အေးစက်တည်ငြိမ်ဟန်ဆောင်ထားသော်လည်း လက်တွေ့တွင်မူ ပျာပျာသလဲဖြင့် ခြေလှမ်းများပင် မှားယွင်းနေသော ဝူချန်းဟွမ်ကို ကြည့်နေမိတော့သည်။