← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း (၇၈) - ချင်းရှီးရွာ (၂)

ကံကောင်းစွာဖြင့် ယခုအချိန်တွင် နေ့အလင်းရောင်မှာ အလွန်အားကောင်းနေသဖြင့် ဤမြူနှင်းများကို ဖြတ်ကျော်၍ ကောင်းကင်ပေါ်ရှိ နေမင်းကြီးကို ကြည့်ရှုရသည်မှာ မြူထဲတွင် ပန်းပွင့်များကို ကြည့်နေရသကဲ့သို့ ခံစားရစေသော်ငြား...

ပတ်ဝန်းကျင်ရှုခင်းများကိုမူ ရှင်းလင်းစွာ မြင်တွေ့နိုင်ဆဲဖြစ်ပြီး မြင်ကွင်းမှာ ကောင်းမွန်လှပေသည်။

"အစ်ကိုသုံး..."

ဝမ်ရို၏အသံထွက်ပေါ်လာသဖြင့် ချူချင်းက အသံလာရာသို့ ကြည့်လိုက်ရာ သူမသည် ကျောက်စာတိုင်တစ်ခု၏ရှေ့တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ချူချင်းက အနီးသို့ချဉ်းကပ်သွားရာ ထိုကျောက်စာတိုင်ပေါ်တွင် "ချင်းရှီးရွာ"ဟူသော စာလုံးကြီးသုံးလုံးကို ရေးထိုးထားသည်ကို တွေ့လိုက်ရ၏။

ရှေ့သို့လှမ်းကြည့်လိုက်သောအခါ မှုန်ဝါးနေသော မြူနှင်းများအကြားတွင် ရွာတစ်ရွာရှိနေသည်ကို တွေ့လိုက်ရပြီး ၎င်းမှာ ဝေဝေဝါးဝါး ဖြစ်နေပေသည်။

ဝမ်ရို၏ တည်ငြိမ်အေးဆေးသော မျက်နှာပေါ်တွင် ယခုအချိန်၌ ပျော်ရွှင်မှုအချို့ ဖြတ်သန်းသွားတော့သည်။

သူတို့သည် ဤလမ်းခရီးတစ်လျှောက်တွင် ရွာတစ်ရွာ သို့မဟုတ် မြို့ငယ်များတွင်သာ ရိက္ခာများကို ဖြည့်တင်းနိုင်ပြီး စားစရာနှင့် သောက်စရာအချို့ကို ဝယ်ယူနိုင်ခဲ့ကြသည်။

ရှင်တောက်အန်း၏နယ်မြေမှာ အလွန်ခြောက်သွေ့ဖုန်ထူပြီး လူအသက်ထက် အရိုးစုများက ပိုမိုများပြားလှပေသည်။

ကောင်းမွန်ခဲ့သော နယ်မြေတစ်ခုမှာ ငရဲဘုံကဲ့သို့ ဖြစ်ပျက်နေချေပြီ။

ရွာတစ်ရွာသို့ရောက်ရန် မလွယ်ကူသဖြင့် ပစ္စည်းကောင်းအချို့ကို ဝယ်ယူ၍ သယ်ဆောင်သွားရန် လိုအပ်ပေသည်။

သို့သော် ချူချင်း၏မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွားပြီး သူက ခေါင်းခါကာ တိုးညင်းစွာ ပြောလိုက်သည်။

"ပတ်သွားကြစို့..."

ဤမြူနှင်းများနှင့် ဤရွာသည် ချူချင်းအား မကောင်းသော အငွေ့အသက်တစ်ခုကို ပေးစွမ်းနေသကဲ့သို့ ခံစားရစေသည်။

ရာသီဥတု၏ သက်ရောက်မှုကြောင့် ဤအချက်ကို သက်သေပြရန် မည်သည့်အထောက်အထားမျှ မရှိသော်လည်း...

သတိထားခြင်းက အကောင်းဆုံးပင် ဖြစ်ပေသည်။

ဝမ်ရိုသည် ဤစကားကို ကြားသောအခါ မျက်ဝန်းထဲရှိ ပျော်ရွှင်မှုများ ချက်ချင်းပျောက်ကွယ်သွားသော်လည်း သူမက ငြင်းဆန်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ..."

ချူချင်းနှင့်အတူ လိုက်ပါလာသဖြင့် ချူချင်း၏စကားကို နားထောင်ရန်မှာ သဘာဝပင် ဖြစ်ပေသည်။

ဤအချက်ကို ဝမ်ရိုက ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့သည်။

သူတို့နှစ်ဦးသည် ချက်ချင်းပင် ရွာကိုပတ်၍ ရှေ့သို့ ဆက်လက်လျှောက်လှမ်းခဲ့ကြသည်။

ဤသို့ လျှောက်လှမ်းခဲ့သည်မှာ တစ်မောင်းခန့် ကြာမြင့်သွားသော်လည်း ပတ်ဝန်းကျင်ရှိ မြူနှင်းများမှာ ပျောက်ကွယ်မသွားဘဲ ပိုမိုထူထပ်လာဟန် ရှိနေပေသည်။

ရုတ်တရက် ဝမ်ရိုနှင့် ချူချင်းတို့မှာ တစ်ပြိုင်နက်တည်း ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။

သူတို့၏ရှေ့တွင် ကျောက်စာတိုင်တစ်ခု ပေါ်လာပြန်သည်။

ကျောက်စာတိုင်ပေါ်တွင် "ချင်းရှီးရွာ"ဟူသော စာလုံးကြီးသုံးလုံးကို ရေးထိုးထားချေသည်။

ချူချင်းနှင့် ဝမ်ရိုတို့မှာ အချင်းချင်း ကြည့်လိုက်မိကြသည်။

ဤသိုင်းလောကတွင် နတ်ဆိုးတစ္ဆေများ မရှိသော်လည်း မျက်စိရှေ့မှ ဤမြင်ကွင်းမှာ တစ္ဆေတစ်ကောင်က လမ်းလွှဲထားသကဲ့သို့ ခံစားရစေသည်။

ဝမ်ရိုက ကျောက်စာတိုင်အနီးသို့ လျှောက်သွားပြီး သေချာကြည့်ရှုကာ ပြောလိုက်သည်။

"ဒါက စောစောက ကျောက်စာတိုင်ပဲ..."

"ပြီးတော့ ဒီမှာ ကျွန်မတို့နှစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူး..."

ချူချင်းက ကျောက်စာတိုင်အနီးသို့ လျှောက်သွားရာ မူလက ချောမွေ့နေသော ကျောက်စာတိုင်ပေါ်တွင် ယခုအခါ လက်ဝါးရာတစ်ခု ထပ်မံပေါ်နေသည်ကို တွေ့လိုက်ရသည်။

လက်ဝါးရာမှာ မနက်သော်လည်း အသေးစိတ်အချက်အလက်များအထိ ထင်ရှားစွာ မြင်တွေ့နေရပေသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထိုလူ၏လက်ဝါးအားမှာ သာမန်မဟုတ်ကြောင်း သိသာလှပေသည်။

"ဒီလူလည်း ပိတ်မိနေတာလား... ဒါကြောင့် ကျောက်စာတိုင်ပေါ်မှာ အမှတ်အသား လုပ်ထားတာ ဖြစ်ရမယ်..."

ဝမ်ရိုက စဉ်းစားတွေးတောရင်း ပြောလိုက်သည်။

ချူချင်းက သူမကို မေးလိုက်သည်။

"မင်း အင်းကွက်တွေအကြောင်း နားလည်လား..."

ဝမ်ရိုက ပြတ်သားစွာ ခေါင်းခါပြလိုက်သည်။

"အင်းကွက်တွေက အရမ်းရှုပ်ထွေးလွန်းတယ်... ကောင်းကင်စွမ်းအားတွေ၊ မြေကမ္ဘာစွမ်းအားတွေနဲ့ ရှစ်မျက်နှာအင်းကွက်တွေအထိ ပါနေတာ..."

"ကျွန်မကတော့ အဲဒီလို သိုင်းကျမ်းတွေကို ဖွင့်လိုက်တာနဲ့ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံက ချက်ချင်းရန်ဖြစ်ပြီး အိပ်ပျော်သွားတာပဲ... ဘယ်လိုလုပ် သင်ယူနိုင်မှာလဲ..."

ချူချင်းမှာ တစ်ခဏမျှ စကားမဲ့သွားသော်လည်း စာကျက်ချိန်တွင် မျက်ခွံချင်းရန်ဖြစ်ခြင်းမှာ လူသားတို့၏သဘာဝပင် ဖြစ်ပေသည်။

သူသည် မလှမ်းမကမ်းရှိရွာကို တစ်ချက်ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"ဒါဆိုရင်တော့ အဲဒီရွာထဲကိုပဲ သွားကြည့်ကြစို့..."

အင်းကွက်များကို နားမလည်သောလူနှစ်ဦးမှာ အပြင်ဘက်တွင် နာရီပေါင်းများစွာ လျှောက်လည်နေသော်လည်း အသုံးဝင်မည် မဟုတ်ပေ။

နောက်ဆုံးတွင် အင်းကွက်၏လမ်းညွှန်မှုကြောင့် မူလနေရာသို့သာ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပြီး လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ အဓိကနေရာသို့ တိုက်ရိုက်သွားရောက်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။

သို့သော် သူတို့နှစ်ဦး ရွာထဲသို့ ရောက်ရှိသွားသောအခါ မျက်စိရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြရပြန်သည်။

ပတ်ဝန်းကျင်ရှိအိမ်များမှာ ပြိုကျပျက်စီးခြင်း မရှိသော်လည်း အချိန်အတော်ကြာ လူသူကင်းမဲ့နေပုံရပေသည်။

အိမ်တိုင်း၏တံခါးများမှာ ပွင့်ဟနေပြီး အိမ်တွင်းရှိ စားပွဲများနှင့် ကြမ်းပြင်ပေါ်တွင် ဖုန်မှုန့်များ ထူထပ်စွာ ဖုံးလွှမ်းနေချေသည်။

"ဒီရွာထဲမှာ လူတစ်ယောက်မှ မရှိဘူးလား..."

ချူချင်း၏မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွားသည်။

ဝမ်ရိုက နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာတွင် ဇဝေဇဝါဖြစ်သွားကာ ပြောလိုက်သည်။

"ဒီမှာ ထူးဆန်းတဲ့အနံ့တစ်ခု ရနေတယ်..."

"လူနံ့လား..."

"မဟုတ်ဘူး..."

ဝမ်ရိုက ပြောလိုက်သည်။

"အတိအကျပြောရရင်... ဓားနံ့နဲ့ တူတယ်..."

ဓားနံ့...

ချူချင်းမှာ တစ်ခဏမျှ အံ့အားသင့်သွားစဉ် ပြင်းထန်သော ရေစီးသံကြီး ထွက်ပေါ်လာခဲ့သည်။

သူသည် အသံလာရာသို့ ကြည့်လိုက်ရာ ဤနေရာမှာ ချင်းရှီးရွာ၏အလယ်ဗဟို ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ထိုနေရာတွင် ကြီးမားသော ကွင်းပြင်ကျယ်ကြီးတစ်ခု ရှိပြီး တစ်ဖက်တွင် ရေတံခွန်ကြီးတစ်ခု စီးဆင်းနေကာ ချူချင်းကြားလိုက်ရသော ရေစီးသံမှာ ထိုနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

စီးဆင်းလာသော ရေစီးကြောင်းမှာ ချင်းရှီးရွာတစ်ခုလုံးကို နှစ်ပိုင်း ပိုင်းခြားထားချေသည်။

ရေတံခွန်၏အောက်ခြေတွင် ကြီးမားသော ရေဒိုင်ခွက်ကြီးတစ်ခု ရှိနေသည်။

၎င်းမှာ ရေတံခွန်၏ရိုက်ခတ်မှုကြောင့် တဂျိဂျိနှင့် ကျယ်လောင်သောအသံများကို ထုတ်လွှတ်နေပေသည်။

၎င်းနှင့်ဆက်စပ်နေသည်မှာ ကြီးမားသော လေမှုတ်စက်နှင့် ဧရာမမီးဖိုကြီးတစ်ခု ဖြစ်သည်။

မီးဖို၏ဘေးတွင် ပန်းပဲပေတုံးများ၊ သစ်သားပုံးများ၊ သံတူများနှင့် အမျိုးမျိုးသောစားပွဲများမှာ ဖရိုဖရဲ ပြန့်ကျဲနေချေသည်။

"သူတို့က ဒီမှာ... လက်နက်တွေ သွန်းလုပ်နေကြတာလား..."

ချူချင်းက မျက်တောင်ခတ်လိုက်ပြီး ဝမ်ရို၏နှာခေါင်းမှာ တကယ်ပင် ဆန်းကြယ်လွန်းလှသည်ဟု ခံစားလိုက်ရသည်။

သူမသည် စောစောက ဓားနံ့ရကြောင်းပြောခဲ့ပြီး ဤနေရာတွင် လက်နက်သွန်းလုပ်သည့်ပစ္စည်းများစွာ ရှိနေသဖြင့် ဤကဲ့သို့သောအနံ့မျိုးကိုပင် သူမက အနံ့ခံနိုင်ပါသလော။

"ဝမ်ရို... မင်း ဒီနေရာကို အနံ့ခံကြည့်ဦး..."

ချူချင်းက ဤစကားကိုပြောလိုက်စဉ် ရုတ်တရက် မျက်ခုံးများတွန့်ကွေးသွားသည်။

ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကောင်းပြီလေ... မင်းတို့က ဒီမှာ ပုန်းနေတာကိုး..."

ထိုစကားနှင့်အတူ လူရိပ်တစ်ခုက လေထဲမှ ပျံသန်းလာပြီး လက်ဝါးတစ်ချက်ဖြင့် သူတို့နှစ်ဦးထံသို့ တိုက်ရိုက်ရိုက်ခတ်လိုက်တော့သည်။

ဝမ်ရိုသည် ချူချင်း၏စကားကို စောင့်ဆိုင်းနေစဉ် ဤရုတ်တရက်တိုက်ခိုက်မှုကို အလွန်မကျေမနပ် ဖြစ်သွားပြီး သူမက နောက်သို့တစ်လှမ်းဆုတ်ကာ တံတောင်ဆစ်ကိုမြှောက်၍ ထိုလူ၏ "နေကွမ်း"နှင့် "ချွီကျီ"သွေးကြောဆုံမှတ်များကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

ထိုလက်ဝါးချက်မှာ ရှေ့သို့ ဆက်လက်မတိုးဝံ့တော့ပေ။ သို့မဟုတ်ပါက တစ်ဖက်လူကို မထိမှန်မီ မိမိ၏သွေးကြောဆုံမှတ်ကို တံတောင်ဆစ်ဖြင့် အရင်ဆုံးအတိုက်ခံရမည် ဖြစ်သည်။

သူသည် ချက်ချင်းပင် လက်ဝါးကိုမြှောက်ကာ ခြေထောက်ဖြင့် ကန်ကျောက်လိုက်ပြန်သည်။

သို့သော် ဝမ်ရိုက လက်မောင်းကိုဆန့်ထုတ်ကာ လက်တစ်ဖက်ဖြင့် အောက်သို့ဖိချလိုက်ပြီး ထိုလူ၏ခြေကျင်းဝတ်ကို အမိအရ ဖမ်းဆုပ်လိုက်ကာ လက်ငါးချောင်းဖြင့် ခြေကျင်းဝတ်တစ်လျှောက် ရွေ့လျားပြီး လက်ချောင်းနှစ်ချောင်းဖြင့် အားစိုက်ကာ ထိုလူ၏ "ဝိုက်ချိုး"နှင့် "ယန်ကျောင်း"သွေးကြောဆုံမှတ်နှစ်ခုကို ပိတ်ဆို့လိုက်လေသည်။

အတွင်းအားများ စီးဆင်းသွားသောအခါ ထိုလူ၏ ခြေထောက်သဲခြေသွေးကြောမကြီးတစ်ခုလုံး ထိခိုက်သွားတော့သည်။

သူ၏ခန္ဓာကိုယ်တစ်ခြမ်းမှာ ချက်ချင်းပင် ထုံကျင်သွားပြီး ဝမ်ရို၏ဆွဲကိုင်ခြင်းကို ခံလိုက်ရကာ အဝေးသို့ လွင့်စင်သွားတော့သည်။

သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျ၍ ဦးခေါင်းကွဲလုနီးပါးဖြစ်နေစဉ် လက်တစ်ဖက်က ထိုလူ၏ပခုံးပေါ်သို့ ဖိကပ်လိုက်သည်။

ထိုလူသည် စိတ်သက်သာရာရသွားပြီး ဝမ်ရိုကိုကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဦးလေးနှစ်... သူတို့က ပြန်တိုက်ရဲသေးတယ်..."

"ပါးစပ်ပိတ်စမ်း..."

ထိုလူ၏အနောက်တွင် ရပ်နေသော အသက်လေးဆယ်ခန့်ရှိ လူလတ်ပိုင်းအမျိုးသားက ပခုံးကို အနည်းငယ်ဖိညှစ်လိုက်ပြီး ဝမ်ရိုကိုကြည့်ကာ ပြောလိုက်သည်။

"မိန်းကလေး အသုံးပြုတဲ့သိုင်းပညာက ထိုက်ရိဂိုဏ်းရဲ့သိုင်းပညာနဲ့ တူနေတယ်..."

"ထိုက်ရိဂိုဏ်းနဲ့ ဘယ်လိုပတ်သက်မှုရှိလဲဆိုတာ သိပါရစေ..."

ဝမ်ရိုက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

"ရှင့်ဘေးကလူက အကြောင်းရင်းမရှိဘဲ ကျွန်မတို့ကို အရင်တိုက်ခိုက်တာ..."

"ရှင်ပေါ်လာပြီးတော့လည်း ကိုယ့်ကိုယ်ကို ဘယ်သူလဲဆိုတာမပြောဘဲ ကျွန်မရဲ့ ဂိုဏ်းနောက်ခံကို တိုက်ရိုက်မေးနေတယ်..."

"ရှင့်အသက်အရွယ်နဲ့ လုပ်ပုံကိုင်ပုံတွေက ဘာလို့ ဒီလောက်တောင် စည်းကမ်းမရှိရတာလဲ..."

"ပါးစပ်ပိတ်စမ်း..."

စောစောက လွင့်စင်သွားသောလူငယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါတို့က ဘယ်သူလဲဆိုတာ မင်းသိလား... ငါတို့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့..."

"ငါတို့ လွတ်မြောက်ဖို့အတွက် ပတ်ဝန်းကျင်က အင်းကွက်တွေကို အမြန်ဆုံးဖြည်ပေးစမ်း..."

"ငါတို့က စိန့်တောက်ထန်ရဲ့ ဖိတ်ကြားချက်အရ 'ထျန်းရှာရီဖင်'ညီလာခံကို သွားဖို့ ရှိနေတာ... အချိန်နှောင့်နှေးသွားရင် မင်းတို့ တာဝန်ယူနိုင်မှာလား..."

စိန့်တောက်ထန်၏ဖိတ်ကြားချက်နှင့် ထျန်းရှာရီဖင်ညီလာခံလော...

ချူချင်းက ဤစကားလုံးများကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး ထိုလူလတ်ပိုင်းအမျိုးသားက လူငယ်ကိုလွှတ်ပေးလိုက်ကာ ဝမ်ရိုကိုလက်အုပ်ချီ၍ ပြောလိုက်သည်ကို တွေ့လိုက်ရ၏။

"မိန်းကလေး ပြောတာမှန်ပါတယ်... ဒါက ကျွန်တော့်အမှားပါ..."

"ကျွန်တော့်နာမည်က တုန်ရှင်းကျီပါ... ဒါကတော့ ကျွန်တော့်တူတုန်ယွိပိုင် ဖြစ်ပါတယ်..."

"စောစောက မိန်းကလေးကို စော်ကားမိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."

"ဒါပေမဲ့ မိန်းကလေးက ထိုက်ရိဂိုဏ်းရဲ့ ဘယ်ဆရာသခင်ရဲ့ တပည့်လဲဆိုတာ သိပါရစေ..."

ဝမ်ရိုက ခေါင်းညိတ်လိုက်ပြီး တုန်ရှင်းကျီ၏စကားများမှာ အတော်အတန် ယဉ်ကျေးကြောင်း ခံစားလိုက်ရသည်။

သူမ စကားပြောရန်ပြင်လိုက်စဉ် ရုတ်တရက် မြင်းခွာသံများ ထွက်ပေါ်လာခဲ့သည်။

ထိုအသံနှင့်အတူ အမျိုးသမီးအချို့၏ အော်ဟစ်သံများလည်း ပါဝင်နေချေသည်။

"မြန်မြန် တားလိုက်ဦး..."

"သူ့ကို ထွက်ပြေးခွင့် မပေးနဲ့…”

All Chapters