← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း (၁၄၂) - ဓားအစီအရင်

တစ်ချိန်တည်းမှာပင် ချင်ဖုန်းဂိုဏ်း၌…

ကောင်းကင်ယံထက်တွင် အုံ့မှိုင်းနေပြီး ညှိုးငယ်ခြောက်ကပ်သော နေ့တစ်နေ့ ဖြစ်ချေသည်။

ချင်ဖုန်းဂိုဏ်း၏ လှေကားထစ်များကို စောင့်ကြပ်နေသော တပည့်များထဲမှ တစ်ဦးက သူ့ကံကြမ္မာကို ကျိန်ဆဲနေလေသည်။

“ကင်းစောင့်ရတဲ့နေ့မှ ရာသီဥတုကလည်း အရမ်းဆိုးတာပဲ...”

အခြားကင်းစောင့်တစ်ဦးက ပြန်လည်ပြောဆိုလိုက်သည်။

“သတိရှိရှိနေစမ်းပါ... ဂိုဏ်းချုပ်မထွက်ခွာခင် မှာခဲ့တဲ့ စကားတွေကို မှတ်မိတယ်မလား...”

“ဘာကို စိုးရိမ်နေတာလဲ... ဘယ်သူက ရူးရူးမိုက်မိုက်နဲ့ လာတိုက်ခိုက်ရဲမှာလဲ...”

ပထမကင်းစောင့်က ခေါင်းကိုခါယမ်းကာ ဆက်လက်ကျိန်ဆဲနေပြန်သည်။

သူက ကောင်းကင်ယံသို့ မော့ကြည့်နေစဉ် အခြားကင်းစောင့်က သူ့ကို တံတောင်ဖြင့် လာတို့သည်ကို ခံစားလိုက်ရသည်။

သူက ငုံ့ကြည့်ကာ မေးလိုက်သည်။

“ဘာလဲ...”

အခြားကင်းစောင့်မှာမူ ပါးစပ်အဟောင်းသားဖြစ်နေပြီး ရှေ့သို့ လက်ညှိုးထိုးပြနေချေသည်။

မြေပြင်ကြီး တုန်ခါသွားလေသည်။

ဝေးလံသောနေရာမှ ခြေသံများကို ကြားလိုက်ရပြီး ၎င်းခြေသံများမှာ တဖြည်းဖြည်း ပိုမိုကျယ်လောင်လာလေသည်။

၎င်းတို့ထံသို့ ဦးတည်ကာ ချီတက်လာနေသော အမျိုးသား၊ အမျိုးသမီး အုပ်စုကြီးတစ်စု ရှိနေပေသည်။

ထိုအမျိုးသား၊ အမျိုးသမီးများမှာ သာမန်လူသားများနှင့် လုံးဝမတူချေ။

၎င်းတို့၏ တစ်ကိုယ်လုံးတွင် ချုပ်ရိုးချုပ်ကွက်များဖြင့် ပြည့်နှက်နေပြီး အရေပြားများမှာလည်း မတူညီသော အရောင်အမျိုးမျိုးဖြင့် ကပ်ဖာထားသကဲ့သို့ ဖြစ်နေလေသည်။

မတူညီသော အစိတ်အပိုင်းများကိုစုစည်းကာ အပ်နှင့် ချုပ်စပ်ထားသကဲ့သို့ပင်။

ကင်းစောင့်များက အော်ဟစ်တားဆီးလိုက်ကြသည်။

“ရပ်စမ်း... မင်းတို့ ဘာလုပ်ဖို့ ကြံစည်နေတာလဲ...”

သို့သော် ထိုလူအုပ်ကြီးမှာ သူတို့အား ဂရုပင်မစိုက်ကြချေ။

၎င်းတို့သည် လက်ထဲတွင် ဓားများနှင့် အခြားလက်နက်များကိုကိုင်ဆောင်ကာ ကင်းစောင့်များထံသို့ အတင်းတိုးဝင် တိုက်ခိုက်လာကြလေသည်။

ကင်းစောင့်တစ်ဦးက အော်ပြောလိုက်သည်။

“မြန်မြန်သွားပြီး သိုင်းဦးလေးကို အကြောင်းကြားလိုက်တော့...”

၎င်းတို့ထဲမှ ခြေအမြန်ဆုံးကင်းစောင့်တစ်ဦးက လှေကားထစ်များအတိုင်း အပေါ်သို့ အပြေးတက်သွား‌လိုက်သည်။

ကျန်ရှိသော ကင်းစောင့်များသည် ကျောက်စိမ်းဆွဲပြားများကိုထုတ်ယူကာ ၎င်းတို့၏ချီစွမ်းအင်များကို ထည့်သွင်းပြီးနောက် ချေမွလိုက်ကြလေသည်။

ကျောက်စိမ်းဆွဲပြားများ ကွဲကြေသွားပြီးနောက် ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ ချက်ချင်းပင် အသက်ဝင်လာလေသည်။

မြေပြင်မှ ဖြူဖွေးသော အလင်းတန်းတစ်ခုထိုးထွက်လာပြီး ၎င်းနှင့် နီးကပ်နေသော အမျိုးသား၊ အမျိုးသမီးများမှာ ချက်ချင်းပင် ပြာအဖြစ်သို့ ကြေမွပျက်စီးသွားကြလေသည်။

ထို့နောက် ဖြူဖွေးသောအလင်းတန်းသည် ဂိုဏ်းတစ်ခုလုံးကိုလွှမ်းခြုံသွားပြီး ကာကွယ်ရေး အလင်းအကာအကွယ်အဖြစ် တည်ရှိသွားလေသည်။

ရင်းနှီးနေသော စူးရှရှရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

“ဟီးဟီး... ထင်တဲ့အတိုင်းပါပဲလား...”

အရေခွံရုပ်သေးတျောင်သည် ဖြူဖွေးသော အလင်းတံတိုင်းဆီသို့ လျှောက်လှမ်းလာစဉ် ထိုလူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြသည်။

သူသည် ကြာပန်းပုံစံ အနက်ရောင်ရုပ်တုငယ်ကို ထုတ်ယူလိုက်သည်။

ထိုအနက်ရောင်ရုပ်တုငယ်ထံမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

နောက်တစ်ခဏ၌ အမှောင်သခင်၏ပုံရိပ်ယောင်သည် ဖြူဖွေးသော အလင်းတံတိုင်း၏ရှေ့တွင် မတ်တတ်ရပ်လျက် ပေါ်ထွက်လာချေသည်။

အမှောင်သခင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အလင်းတံတိုင်းကို ထိုးနှက်လိုက်ရာ မြေပြင်ကြီးတစ်ခုလုံး တုန်ခါသွားလေသည်။

ဝင်္ကပါတောင်ထွတ်အတွင်းရှိ အခန်းတစ်ခန်းထဲတွင် အကြီးအကဲများ ထိုင်နေကြသည်။

၎င်းတို့အောက်ရှိ မြေပြင်တွင် ကျမ်းစာများ ရေးထွင်းထားပြီး မိစ္ဆာသားရဲအမြုတေများမှာလည်း တောက်ပစွာ လင်းလက်နေလေသည်။

အမှောင်သခင်က အလင်းတံတိုင်းကို ဆက်တိုက်ထိုးနှက်နေသဖြင့် အကြီးအကဲများသည် မျက်မှောင်ကြုတ်လိုက်ကြပြီး ဂိုဏ်းကာကွယ်ရေးအစီအရင်ကို တည်ငြိမ်စေရန်အတွက် ချီစွမ်းအင်များကို ပိုမိုထည့်သွင်းပေးလိုက်ကြရသည်။

အမှောင်သခင်သည် စိတ်မရှည်တော့ဘဲ သူ့တွင် အချိန်သိပ်မရှိတော့သည်ကို သိရှိလိုက်သည်။

အခြားတစ်ဖက်တွင် အမှောင်တမန်တော်၏ အခြေအနေမှာလည်း သိပ်မကောင်းလှချေ။

သူက လက်ကိုမြှောက်လိုက်ရာ နောက်ကွယ်တွင်ရပ်နေသော အမျိုးသား၊ အမျိုးသမီးများ၏ ခန္ဓာကိုယ်ထဲမှ မည်းနက်သော အရည်များ စိမ့်ထွက်လာလေသည်။

၎င်းတို့မှာ အရေခွံရုပ်သေးတျောင် ဖန်တီးထားသော အရေခွံရုပ်သေးများဖြစ်ကြပြီး အမှောင်သခင်က ၎င်းတို့ထံမှ စွမ်းအင်များကို တတ်နိုင်သမျှ စုပ်ယူလိုက်သည်။

အမည်းရောင်အရည်များ စုပ်ယူခြင်းခံလိုက်ရသော အရေခွံရုပ်သေးများသည် မြေပြင်ပေါ်သို့ လှုပ်ရှားမှုမရှိဘဲ လဲကျသွားကြလေသည်။

အမည်းရောင်အရည်များ အမှောင်သခင်၏ ပုံရိပ်ယောင်ထဲသို့ စီးဝင်သွားသည်နှင့်အမျှ သူ၏ ပုံရိပ်မှာ ပိုမိုထင်ရှားလာလေသည်။

သူ၏ လက်သီးနှစ်ဖက်လုံးတွင် အမှောင်ထုများလွှမ်းခြုံသွားပြီး အလင်းတံတိုင်းကို လက်သီးနှစ်ဖက်လုံးဖြင့် ထပ်မံထိုးနှက်လိုက်ပြန်သည်။

ဝုန်း…

မြေပြင်ကြီး ထပ်မံတုန်ခါသွားပြီး ယခုတစ်ကြိမ်တွင်မူ အခန်းထဲရှိ အကြီးအကဲများမှာ သွေးအန်သွားကြလေသည်။

ဖြူဖွေးသော အလင်းတံတိုင်းမှာ စတင်ပျောက်ကွယ်သွားချေပြီ။

သို့သော် ပေးဆပ်ခဲ့ရသော အဖိုးအခမှာလည်း မနည်းလှပေ။ အမှောင်သခင်၏ပုံရိပ်ယောင်မှာ ယခင်ကထက် ပိုမိုမှုန်ဝါးသွားပြီး တစ်ဖက်သို့ မြင်နိုင်လောက်သည်အထိ ဖြစ်သွားလေသည်။

အရေခွံရုပ်သေးအုပ်ကြီးက ၎င်းတို့ထံသို့ ဆက်လက်တိုးဝင်လာစဉ် ကင်းစောင့်များက အော်ဟစ်လိုက်ကြသည်။

“ထွက်သွားစမ်း...”

သူတို့သည် ဓားများဖြင့် ခုတ်ပိုင်းရန်ကြိုးစားသော်လည်း အရေခွံရုပ်သေးများသည် နာကျင်မှုကိုမခံစားရသဖြင့် တိုက်ခိုက်မှုများကိုခံယူကာ ရှေ့သို့သာ တိုးဝင်လာကြသည်။

မကြာမီပင် ကင်းစောင့်များမှာ အရေခွံရုပ်သေးများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရလေသည်။

ဂျုန်း…

ဂျုန်း…

အရေခွံရုပ်သေးများက ရှည်လျားသော လှေကားထစ်များအတိုင်းတက်လာစဉ် ကျမ်းစာများ ရေးထွင်းထားသော ဧရာမသစ်လုံးကြီးများမှာ အောက်သို့ လိမ့်ဆင်းလာသည်။

၎င်းသစ်လုံးကြီးများသည် လှေကားထစ်များပေါ်ရှိ အရေခွံရုပ်သေးများကို ကြိတ်ခြေပစ်လိုက်ကြလေသည်။

နောက်ကွယ်မှ ရုပ်သေးများသည် လှေကားထစ်များ၏ ဘေးဘက်သို့ အမြန်ရှောင်တိမ်းလိုက်ကြသည်။

အရေခွံရုပ်သေးတျောင်က လိမ့်ဆင်းလာသော သစ်လုံးကြီးများကို ကြည့်ကာ ရယ်မောလိုက်သည်။

“ဟီးဟီး... သူတို့က ငါတို့ကို ကြိုတင်ပြင်ဆင်ထားပုံပဲ...”

သူသည် သွေးကြောများပေါ်နေသည့် ပိန်လှီလှသော လက်ကိုမြှောက်ကာ သစ်လုံးကြီးထံသို့ အပ်တစ်စင်းကို ပစ်လွှတ်လိုက်သည်။

အပ်သည် သစ်လုံးကြီးကို ဖောက်ထွက်သွားပြီး အရေခွံရုပ်သေးတျောင်က ကိုယ်ကိုလှည့်ကာ ထိုသစ်လုံးကြီးကို လမ်းဘေးသို့ လွှဲထုတ်ပစ်လိုက်လေသည်။

မကြာမီ အပေါ်မှ လိမ့်ဆင်းလာသော သစ်လုံးကြီးများ မရှိတော့ချေ။

အတားအဆီးများ ကင်းစင်သွားပြီးနောက် ကျန်ရှိနေသော ရာနှင့်ချီသည့် အရေခွံရုပ်သေးများသည် လှေကားထစ်များအတိုင်း ဆက်လက်တက်လှမ်းလာကြသည်။

ဝှစ်…

ထို့နောက်တွင်မူ မြားမိုးများ ရွာသွန်းချလာလေသည်။

မြားဦးများတွင် ဖြူဖွေးသော အလင်းတန်းများ တောက်ပနေပြီး အရေခွံရုပ်သေးများပေါ်သို့ ကျရောက်လာလေသည်။

မြားများသည် အရေခွံရုပ်သေးများကို ဖောက်ထွက်သွားပြီး ကြီးမားသော အပေါက်များကို ချန်ရစ်ခဲ့လေသည်။

သို့သော် ၎င်းမှာ အရေခွံရုပ်သေးများကို မတားဆီးနိုင်ချေ။

၎င်းတို့သည် ခန္ဓာကိုယ်တွင် ကြီးမားသော အပေါက်ကြီးများ ဖြစ်နေသော်လည်း ရှေ့သို့သာ ဆက်လက်ချီတက်နေကြသည်။

ရုပ်သးများ အပေါ်ဆုံးသို့ ရောက်ရှိလာချိန်တွင် ဂိုဏ်း၏ တပည့်များသည် ဗဟိုရင်ပြင်တွင် အဆင်သင့် စောင့်ဆိုင်းနေကြလေသည်။

၎င်းတို့သည် တိကျသော နေရာများတွင်ရပ်နေကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စောင့်ရှောက်ပေးနိုင်ရန် အာရုံစိုက်ထားကြလေသည်။

၎င်းမှာ ချင်ဖုန်းဂိုဏ်း၏ ဓားအစီအရင်ပင်။

ရှေ့ဆုံးမှ အရေခွံရုပ်သေးများ နီးကပ်လာသောအခါ လေပွေဓားသိုင်းများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။

ရုပ်သေးအချို့မှာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း ထိမှန်သွားကြပြီး လေပွေဓားသိုင်းများက ၎င်းတို့၏ ခန္ဓာကိုယ်များကို ဖောက်ထွင်းကာ ဆွဲဖြဲပစ်လိုက်လေသည်။

လွတ်မြောက်သွားသော ရုပ်သေးများသည် အနီးဆုံးရှိ တပည့်များထံသို့ အတင်းတိုးဝင်သွားကြသည်။

သို့သော် တပည့်များသည် မိမိတို့၏ တည်နေရာများကို ချက်ချင်းပြောင်းလဲလိုက်ကြသဖြင့် နောက်ကွယ်မှစောင့်ဆိုင်းနေသော တပည့်များအတွက် တိုက်ခိုက်ရန် လမ်းကြောင်းသစ်တစ်ခု ပွင့်သွားချေသည်။

ဗုန်း…

အခြားသော လေပွေဓားသိုင်းတစ်ခုသည် အရေခွံရုပ်သေးများထံသို့ ထပ်မံပစ်လွှတ်လိုက်ပြန်သည်။

၎င်းတို့သည် ယခင်အတိုင်းပင် အပိုင်းပိုင်းအစစ ပြတ်တောက်သွားကြသည်။

မကြာမီ ဗဟိုရင်ပြင်တစ်ခုလုံးတွင် အသားစများနှင့် ပြတ်တောက်နေသောခြေလက်များဖြင့် ပြည့်နှက်သွားလေသည်။

တပည့်များသည် နောက်ထပ်ရောက်ရှိလာမည့် ရုပ်သေးလှိုင်းလုံးကြီးကိုစောင့်ဆိုင်းရင်း ဓားများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။

ယခုတစ်ကြိမ်တွင်မူ အရေအတွက်မှာ ယခင်ကထက် ပိုမိုများပြားလှချေသည်။

ဝှီး…

အခြားသော လေပွေဓားသိုင်းတစ်ခုသည် ဝင်ရောက်လာသော အရေခွံရုပ်သေးများထံသို့ ထပ်မံပစ်လွှတ်လိုက်ပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းတိုက်ကွက်သည် အရေခွံရုပ်သေးအားလုံးကို မဖျက်ဆီးနိုင်သဖြင့် အချို့သော အရေခွံရုပ်သေးများမှာ အစီအရင်ကို ဖောက်ထွက်လာကြလေသည်။

၎င်းတို့သည် တပည့်များနှင့် လုံးထွေးသတ်ပုတ်ကြလေတော့သည်။

“ဒီအကောင်တွေက သတ်ရတာ အရမ်းခက်တာပဲ...”

တပည့်များသည် အရေခွံရုပ်သေးများကို ခုတ်ပိုင်းလိုက်သော်လည်း ၎င်းတို့မှာ ဒဏ်ရာများကို ဂရုမစိုက်ဘဲ ဆက်လက်တိုက်ခိုက်နေကြသည်။

ဗုန်း…

နောက်ဆုံးတွင်မူ တပည့်များသည် များပြားလှသော အရေခွံရုပ်သေးများကို မခုခံနိုင်တော့ချေ။

ဓားအစီအရင် ပျက်စီးသွားသဖြင့် ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မကာကွယ်ပေးနိုင်တော့ပေ။

“အား...”

အရေခွံရုပ်သေးများက တပည့်များကို မြေပြင်ပေါ်သို့ ဆွဲလှဲလိုက်စဉ် သွေးများ ပန်းထွက်သွားလေသည်။

All Chapters