အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄) - ဟိုမင်၏တာအို
အရေခွံရုပ်သေးတျောင်သည် အပ်များကိုအသုံးပြုကာ ကျန်းရီနျန်ထံသို့ ပစ်လွှတ်လိုက်လေသည်။
ဝှီး...
ကျန်းရီနျန်သည် ရှောင်တိမ်းရန်ပင်မကြိုးစားသဖြင့် အပ်များသည် သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားချေသည်။
သူသည် တိုက်ခိုက်ခွင့် ပေးလိုက်ခြင်းပင်။
အရေခွံရုပ်သေးတျောင်သည် ကြိုးများကိုဆွဲငင်ကာ ကျန်းရီနျန်ကို မြေပြင်ပေါ်သို့ရိုက်ချရန် ကြိုးပမ်းလိုက်သည်။
သို့သော် ကျန်းရီနျန်သည် ကြိုးကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး အရေခွံရုပ်သေးတျောင်ကို သူ့ထံသို့ ပြန်လည်ဆွဲယူလိုက်လေသည်။
အရေခွံရုပ်သေးတျောင်သည် တစ်ခုခုကို အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိသွားလေသည်။
သူသည် ခန္ဓာကိုယ်ကို နောက်သို့ယိုင်ကာ ဆွဲငင်ခံရခြင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
ထို့နောက် သူသည် ကျန်းရီနျန်ကိုတိုက်ခိုက်ရန် အရေခွံရုပ်သေးများကို ဆင့်ခေါ်လိုက်လေသည်။
အသက်ရှင်ကျန်ရစ်သေးသော တပည့်များသည် ကျန်းရီနျန်ကိုဝိုင်းရံကာ ကာကွယ်ပေးလိုက်ပြီး အရေခွံရုပ်သေးများကို တားဆီးလိုက်ကြသည်။
ကျန်းရီနျန်သည် အရေခွံရုပ်သေးတျောင်နှင့် ခဏမျှ တိုက်ခိုက်ပြီးနောက် ရုတ်တရက် အရေခွံရုပ်သေးတျောင်ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားချေသည်။
ဒုန်း...
ရုတ်တရက် ပြောင်းလဲသွားသော အင်အားကြောင့် အရေခွံရုပ်သေးတျောင်မှာ အံ့အားသင့်သွားရသည်။
သူသည် လက်ကို မြှောက်၍ ကျန်းရီနျန်၏လက်သီးချက်အား မျက်နှာသို့မကျရောက်စေရန် ကာကွယ်လိုက်သော်လည်း သူ၏လက်မှာ ကြေမွပျက်စီးနေသော အသားစများနှင့် အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အရေခွံရုပ်သေးတျောင်သည် ကျန်းရီနျန်၏အာရုံကို လွှဲရန်အတွက် အရေခွံရုပ်သေးများကို အမြန်ဆုံး ဆင့်ခေါ်လိုက်ပြန်သည်။
ဝုန်း...
ကျန်းရီနျန်သည် လက်သီးတစ်ချက် ထိုးလိုက်တိုင်း အရေခွံရုပ်သေးများကို အမည်းရောင် မီးခိုးငွေ့များအဖြစ်သို့ ကြေမွသွားစေသည်။
ကျန်းရီနျန်က သူ၏ အရေခွံရုပ်သေးများအား အလွယ်တကူ ရှင်းလင်းနေသည်ကို မြင်သောအခါ အရေခွံရုပ်သေးတျောင်သည် မျက်လုံးများ ပြူးကျယ်သွားရသည်။
သူသည် အမှောင်သခင်ထံသို့ သွားရောက်ပူးပေါင်းရန် ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ပေ။
ကျန်းရီနျန်သည် ခြေထောက်ဖြင့် ဝှေ့ယမ်းကန်လိုက်ပြီး သူ့ကို မြေပြင်ပေါ်သို့ လှဲချလိုက်လေသည်။
အရေခွံရုပ်သေးတျောင် နောက်ဆုံး မြင်တွေ့လိုက်ရသည်မှာ သူ့မျက်နှာထံသို့ ဦးတည်လာသော ကျန်းရီနျန်၏ လက်သီးချက်ပင် ဖြစ်ချေသည်။
ဖျန်း...
လက်သီးချက်သည် အရေခွံရုပ်သေးတျောင်၏ ဦးခေါင်းခွံကိုထိုးခွဲကာ ဖောက်ထွက်သွားလေသည်။
အသားစများနှင့် ဦးနှောက်အမြှေးပါးများသည် မြေပြင်ပေါ်သို့ လွင့်စင်သွားရလေသည်။
နောက်တစ်ဆက်တည်းမှာပင် အရေခွံရုပ်သေးများသည် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားကြသည်။
“ဟုတ်ပြီ... ငါတို့ လွတ်ပြီ...”
“နောက်တစ်ခါ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်အကြောင်း မကောင်းပြောရဲတဲ့သူရှိရင် ငါနဲ့ အရင်တွေ့ရမယ်...”
“ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ် အဓွန့်ရှည်ပါစေ...”
အရေခွံရုပ်သေးများ မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိတော့သည်ကိုမြင်သောအခါ တပည့်များသည် သက်ပြင်းချလိုက်ကြပြီး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ကျန်းရီနျန်သည် သူ၏ အာရုံကို အမှောင်သခင်ထံသို့ အမြန်ဆုံး လွှဲပြောင်းလိုက်လေသည်။
အမှောင်သခင်၏ ပုံရိပ်ယောင်သည် ယခင်ကထက် ပိုမို၍ ဖောက်ထွင်းမြင်နိုင်လုနီးပါး ဖြစ်နေချေပြီ။
ကျောက်ချင်းယင်သည် အမှောင်သခင်ကို ပြင်းထန်သော တိုက်ခိုက်မှုအချို့ ပြုလုပ်ခဲ့လေသည်။
သို့သော် သူကိုယ်တိုင်မှာလည်း အခြေအနေ သိပ်မကောင်းလှပေ။
ကျောက်ချင်းယင်သည် ရင်ဘတ်ကို လက်ဖြင့်ဖိထားရင်း နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလေသည်။
ဝုန်း...
ကျန်းရီနျန်သည် အမှောင်သခင်ထံသို့ တိုးဝင်သွားပြီး လက်သီးချင်း အပြန်အလှန် ဖလှယ်လိုက်ကြသည်။
ဒုန်း...
ကျန်းရီနျန်၏မျက်နှာအား လက်သီးတစ်ချက် ထိမှန်သွားသကဲ့သို့ အမှောင်သခင်၏ မျက်နှာကိုလည်း လက်သီးတစ်ချက် ပြန်လည်ထိမှန်သွားချေသည်။
ကျန်းရီနျန်၏မျက်နှာမှာ ပြင်းထန်သောရိုက်ခတ်မှုကြောင့် ချိုင့်ဝင်သွားသော်လည်း ခဏအတွင်းမှာပင် မူလပုံစံအတိုင်း ပြန်လည်ကောင်းမွန်လာလေသည်။
သူသည် အမှောင်သခင်နှင့် လက်သီးချင်း ဆက်လက်ဖလှယ်နေလေသည်။
ဒုန်း...
ဒုန်း...
ဒုန်း...
နောက်ဆုံးတွင် ကျန်းရီနျန်၏လက်သီးချက်သည် အမှောင်သခင်၏ဦးခေါင်းကို ဖောက်ထွက်သွားလေသည်။
ထို့နောက် ပုံရိပ်ယောင်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။
အမှောင်သခင်၏ ချင်ဖုန်းဂိုဏ်းအတွင်း သောင်းကျန်းနိုင်သောအချိန်မှာ ကုန်ဆုံးသွားချေပြီ။
အမှောင်သခင်သည် ဧကရာဇ်မင်းမြတ်ထံသို့ တိုးဝင်လာသောအခါ သူ၏ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်ကို လင်းဖန် မြင်တွေ့လိုက်ရသည်။
သို့သော် အမှောင်သခင်၏ လက်သီးချက်မှ အမည်းရောင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာစေရန် လုံလောက်သောစွမ်းအား ရှိနေဆဲပင်။
ပွဲကြည့်စင်ရှိ ထိုင်ခုံများမှာ လွင့်စင်ပျက်စီးသွားရလေသည်။
ဧကရာဇ်မင်းမြတ်သည် အမှောင်သခင် နီးကပ်လာသည်နှင့်အမျှ မျှော်လင့်ချက်မဲ့စွာဖြင့် မော့ကြည့်နေသည်။
ဟွမ်ယွမ်ခွန်းသည် အရေးကြုံလာချိန်တွင် ဧကရာဇ်မင်းမြတ်ကို သူ့နောက်သို့ ဆွဲခေါ်လိုက်လေသည်။
ဝုန်း...
အမှောင်သခင်သည် ဟွမ်ယွမ်ခွန်းကို လက်သီးဖြင့် ထိုးလိုက်သဖြင့် သူသည် လွင့်ထွက်သွားရလေသည်။
ပြန်လည်မတ်တတ်ရပ်ရန်ရုန်းကန်ရင်း ဟွမ်ယွမ်ခွန်းသည် မြေပြင်ပေါ်သို့ သွေးများ အန်ထုတ်လိုက်လေသည်။
ထို့နောက် အမှောင်သခင်သည် သူ့အာရုံကို လင်းဖန်ထံသို့ လွှဲပြောင်းလိုက်သည်။
‘ဒီ စိတ်အနှောင့်အယှက်ပေးတဲ့ ကောင်တွေ...’
အမှောင်သခင်က လက်သီးကိုမြှောက်လိုက်ပြီး အမည်းရောင်လျှပ်စီးများ ပြန်လည်တောက်ပလာသောအခါ လင်းဖန်သည် သံတူများကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အသင့်ပြင်လိုက်သည်။
စနစ်မှ သူ့အား မည်သည့်သတိပေးချက်မျှ မထုတ်ပြန်ခဲ့ပေ။
လင်းဖန်သည် အမှောင်သခင်တစ်ယောက် မည်မျှအထိအစွမ်းထက်သည်ကို မသိရှိနိုင်သော်လည်း ဟွမ်ယွမ်ခွန်းအား တိုက်ခိုက်လိုက်သောဒဏ်ရာကို ကြည့်ခြင်းအားဖြင့် အမှောင်သခင်သည် သူ ရင်ဆိုင်နိုင်စွမ်းရှိသည်ထက် ပိုမိုအစွမ်းထက်ကြောင်း သိနိုင်ပေသည်။
ဟိုမင်သည် လင်းဖန်၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
“လင်းဖန်... မြန်မြန်ပြေးပြီး ဧကရာဇ်မင်းမြတ်ကို ခေါ်သွားတော့...”
ဟိုမင်၏ လက်ထဲရှိ ဓားများ တုန်ယင်နေသည်ကို လင်းဖန် မြင်တွေ့လိုက်ရသည်။
သို့သော် ဟိုမင်သည် အမှောင်သခင်ကို အချိန်ဆွဲရန်အတွက် မတ်တတ်ရပ်နေဆဲပင်။
ဤသည်မှာ သူ၏ တာအို ဖြစ်ချေသည်။
လင်းဖန်သည် ဟိုမင်ကို ဆွဲဖယ်လိုက်ပြီး ဧကရာဇ်မင်းမြတ်ရှိရာသို့ တွန်းပို့လိုက်လေသည်။
“မင်း ဘာတွေ လျှောက်တွေးနေတာလဲ...”
“ဧကရာဇ်မင်းမြတ်ကို ခေါ်သွားလိုက်...”
ဧကရာဇ်မင်းမြတ် ကြောက်ရွံ့တုန်လှုပ်နေသည်ကို မြင်သောအခါ လင်းဖန်က စိတ်ထဲတွင် တွေးလိုက်သည်။
‘ငါသာ ဧကရာဇ်နဲ့အတူသွားရင် ငါကိုယ်တိုင် သူ့ကို မသတ်မိဘူးလို့ မပြောနိုင်ဘူး...’
ဟိုမင်သည် လင်းဖန်ထံသို့ ပြန်လာရန် ကြိုးစားသော်လည်း အမှောင်သခင်မှာ လင်းဖန်ထံသို့ တိုးဝင်သွားခဲ့ပြီ ဖြစ်ချေသည်။
ဒေါင်...
လင်းဖန်သည် သူ၏ ရှစ်ကွက်အင်း အသံလှိုင်း တိုက်ကွက်ဖြင့် အမှောင်သခင်ကို တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော် ၎င်းက မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။
အမှောင်သခင်သည် သူ၏ လမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားကာ လင်းဖန်၏ ရှေ့သို့ ရောက်ရှိလာလေသည်။
ဝှစ်...
လက်သီးချက် ကျရောက်လုနီးပါးအချိန်တွင် လင်းဖန်သည် မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး အမှောင်သခင်ကို ဖြတ်သန်းသွားချေသည်။
အမှောင်သခင်သည် ချက်ချင်းလှည့်ကာ လင်းဖန်၏လည်ပင်းကို လက်သီးဖြင့်ထိုးရန် ကြိုးစားလိုက်သည်။
ဝုန်း...
လင်းဖန်သည် သူ၏ ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုကာ လေထဲသို့ ခုန်တက်လိုက်လေသည်။
အမှောင်သခင်သည်လည်း လေထဲသို့ ခုန်တက်ကာ လင်းဖန်၏ ခြေထောက်ကို ဖမ်းဆွဲရန် ကြိုးပမ်းလိုက်သည်။
ဝုန်း...
အံ့ဩစရာကောင်းသည်မှာ လင်းဖန်သည် လေထုကို ခိုင်မာသော မြေပြင်ကဲ့သို့ နင်းခြေလိုက်ခြင်းပင်။
သူသည် ခုန်ပျံကာ လမ်းကြောင်းပြောင်းလဲပြီး လေထဲတွင် ဆက်လက်ခုန်ပျံသွားလေသည်။
အမှောင်သခင်သည်လည်း ထိုနည်းတူ ပြုလုပ်ကာ လင်းဖန်ထံသို့ နီးကပ်လာချေသည်။
ရုတ်တရက် အမှောင်သခင်သည် သူ၏နောက်ကွယ်မှ ချင်းယန်ဇီ၏ အသံကို ကြားလိုက်ရသည်။
“အဲဒီမှာတင် ရပ်လိုက်စမ်း...”
အမှောင်သခင်သည် လေထဲတွင် ရပ်တန့်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
သို့သော် သူ့နောက်တွင် မည်သူမျှ ရှိမနေပေ။
လင်းဖန်သည် အမှောင်သခင်၏နောက်တွင် ချင်းယန်ဇီရှိနေသကဲ့သို့ ဟန်ဆောင်ရန်အတွက် အသံမှတ်ဉာဏ်စွမ်းရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်ချေသည်။
အမှောင်သခင်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ့အာရုံကို လင်းဖန်ထံသို့ ပြန်ပြောငလိုက်သည်။
ဝုန်း...
လင်းဖန်သည် လေထဲတွင်ခုန်ပျံကာ လမ်းကြောင်းကို ထပ်မံပြောင်းလဲလိုက်ပြန်သည်။
အမှောင်သခင်သည်လည်း ထိုနည်းတူပြုလုပ်ကာ လက်များဖြင့် လင်းဖန်၏ လည်စကို ဖမ်းဆွဲလိုက်လေသည်။
ချင်းယန်ဇီ၏အသံသည် အမှောင်သခင်၏ နားထဲတွင် ထပ်မံထွက်ပေါ်လာပြန်သည်။
“သေပေတော့... လူမိုက်...”
သူသည် လှောင်ပြုံးပြုံးလိုက်ပြီး ဂရုမစိုက်ရန် ဆုံးဖြတ်လိုက်သည်။
လင်းဖန်သည် သူ့ကို လှည့်စားရန်အတွက် သူ၏ လှည့်ကွက်ကို ထပ်မံအသုံးပြုနေခြင်းသာ ဖြစ်ရမည်ဟု သူက တွေးလိုက်သည်။
သို့သော် သူ မှားယွင်းသွားခဲ့ချေပြီ။
အစိမ်းနုရောင်သန်းနေသော ဓားသွားတစ်စင်းသည် အမှောင်သခင်၏ဦးခေါင်းကို နောက်ကွယ်မှ ဖောက်ထွက်သွားလေသည်။
၎င်းမှာ ချင်ဖုန်းဓားပင် ဖြစ်ချေသည်။
ယခုတစ်ကြိမ်တွင် ချင်းယန်ဇီသည် အမှန်တကယ် ရောက်ရှိလာပြီး အမှောင်သခင်၏ ဦးခေါင်းကို ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အမှောင်သခင်၏စွမ်းအားများ ကုန်ဆုံးသွားသည်နှင့်အမျှ သူ၏ပုံရိပ်ယောင်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားရလေသည်။
သူသည် လောင်းကြေးထပ်ခဲ့သော်လည်း ရှုံးနိမ့်သွားခဲ့ရချေပြီ။
အားနည်းနေသောအခြေအနေတွင် နွေဦးနှောင်းပိုင်းအမဲလိုက်ပွဲနှင့် ချင်ဖုန်းဂိုဏ်းတို့၌ တစ်ပြိုင်နက်တည်း တိုက်ခိုက်ရခြင်းမှာ သူ့အတွက် အလွန်ပင် ဝန်ပိလွန်းလှပေသည်။