← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) - တိုက်ပွဲအဆုံးသတ်နှင့် နောက်ဆက်တွဲရလဒ်

တောင်တန်းများထဲတွင်…

ဂူတစ်ခုအတွင်း၌ ဆီမီးခွက်များမှ ထွက်ပေါ်နေသော မီးတောက်မီးလျှံများသည် လှုပ်ခါနေပြီး မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲကာ မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်နေချေသည်။

ဂူ၏အလယ်ဗဟိုရှိ ဧရာမအိုးကြီးတစ်လုံးသည် ပြင်းထန်စွာ တုန်ခါနေလေသည်။

မျက်နှာပြင်ပေါ်တွင် ကျမ်းစာများထွင်းထုထားသော ထိုဧရာမအိုးကြီးသည် တစ်ကိုယ်လုံးတွင်လည်း မည်းနက်သော အမှတ်အသားများဖြင့် ပြည့်နှက်နေသည်။

လူရိပ်နှစ်ခုသည် ထိုဧရာမအိုးကြီးဆီသို့ လျင်မြန်စွာပြေးဝင်သွားကြပြီး အတွင်းသို့ ငုံ့ကြည့်လိုက်ကြသည်။

အိုးအတွင်း၌ သွေးနီရောင်အရည်များနှင့် လူသားတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါလောပေါ်ကာ ရောနှောနေသည့် ကြောက်မက်ဖွယ် မြင်ကွင်းကို တွေ့လိုက်ရသည်။

ထိုသွေးနီရောင်အရည်များသည် ငြိမ်သက်ခြင်းမရှိဘဲ အိုးထဲတွင်ဝဲကရက်သဖွယ် လှည့်ပတ်နေချေသည်။

၎င်းတို့က လက်များကို မြှောက်လိုက်ပြီး အိုးထဲသို့ချီစွမ်းအင်များ ထည့်သွင်းပေးလိုက်ကြသည်။

တောက်ပသော အလင်းတန်းတစ်ခုက အိုးကြီးကိုလွှမ်းခြုံသွားပြီးနောက် ထိုအရည်များသည် တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။

အရည်များ ငြိမ်သက်သွားသည်ကိုမြင်လိုက်ရသောအခါ သူတို့နှစ်ဦးလုံး သက်ပြင်းအသာ ချနိုင်တော့သည်။

သူတို့ထဲမှ တစ်ဦးက စိုးရိမ်ပူပန်သော လေသံဖြင့် ခေါ်လိုက်သည်။

“အမှောင်သခင်...”

သူတို့သည် အပြန်အလှန် ကြည့်လိုက်ကြရင်း အဖြေကို စောင့်ဆိုင်းနေကြသည်။

ခေတ္တမျှကြာပြီးနောက် အမှောင်သခင်၏အသံက တိုးညင်းစွာ ထွက်ပေါ်လာသည်။

“မြောက်ပိုင်းဒေသကို ရွှေ့ပြောင်းဖို့ ပြင်ဆင်ကြတော့...”

ထိုလူကပင် ပြန်လည်မေးမြန်းလိုက်သည်။

“မြောက်ပိုင်းဒေသ ဟုတ်လား...”

အမှောင်သခင်က ဆက်လက်ပြောကြားလိုက်သည်။

“ဟုတ်တယ်... မြောက်ပိုင်းဒေသက လျှို့ဝှက်မှော်ရတနာက ငါ့အတွက် နောက်ဆုံးအခွင့်အရေးပဲ...”

“အမှောင်တမန်တော်နဲ့ အရေခွံရုပ်သေးတျောင်တို့ ကျရှုံးသွားခဲ့ပြီ...”

“ငါ ဒီတစ်ခေါက် လောင်းကြေးထပ်တာ ရှုံးနိမ့်သွားခဲ့ပေမဲ့ အဲဒီလျှို့ဝှက်မှော်ရတနာကိုရပြီးရင် ပြန်လာခဲ့မယ်...”

“လီရုံ... မင်းက ချွမ်နယ်မြေမှာကျန်ခဲ့ပြီး မင်းလူတွေကို ငြိမ်ငြိမ်လေး ပုန်းအောင်းနေဖို့ စီစဉ်လိုက်ပါ...”

“အခွင့်အရေးရတဲ့အချိန်ကျမှပဲ နှောင့်ယှက်ဖျက်ဆီးတာတွေ လုပ်ကြ...”

“ချင်ဖုန်းဂိုဏ်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ကိုလည်း စောင့်ကြည့်ထားဦး... ငါပြန်လည်ရှင်သန်ဖို့အဖြေက အဲဒီရုပ်ခန္ဓာကျင့်ကြံသူတွေဆီမှာ ရှိနေနိုင်တယ်...”

လီရုံက ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပါပြီ အမှောင်သခင်... ကျွန်မ အဲဒါကို အောင်မြင်အောင် လုပ်ဆောင်လိုက်ပါ့မယ်...”

သူမသည် တောက်လောင်နေသော မီးတောက်မီးလျှံကဲ့သို့ ရဲရဲတောက်နေသည့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူမ၏ဘေးတွင် အဖြူရောင်ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသော သန်မာထွားကျိုင်းသည့် အမျိုးသားဖြစ်သူ ဟော်ရန်ယိက သူမကို တစ်ချက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

သူသည် နောက်ဆုံးတွင် အမှောင်သခင်၏ယုံကြည်မှုကို ရရှိခဲ့သူ ဖြစ်ချေသည်။

လီရုံက နှုတ်ခမ်းကိုကိုက်လိုက်ပြီး သူ့ကို လျစ်လျူရှုကာ ဧရာမအိုးကြီးဆီသို့သာ လှည့်ကြည့်လိုက်တော့သည်။

….

တော်ဝင်အမဲလိုက်ကွင်းအတွင်း၌…

သိုင်းပြိုင်ကွင်းအတွင်း…

စစ်သူကြီးဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက စစ်သည်များကိုဦးဆောင်ကာ ပြိုင်ကွင်းအတွင်းသို့ ပြေးဝင်လာရင်း အော်ဟစ်လိုက်သည်။

“အရှင်မင်းကြီး...”

ဧကရာဇ်မင်းမြတ်က လက်ကိုမြှောက်ပြလိုက်ပြီး အော်ပြောလိုက်သည်။

“ငါ ဒီမှာရှိတယ်...”

စစ်သူကြီး၏ဘေးရှိ မိန်းမစိုးများသည် ဧကရာဇ်မင်းမြတ်ထံသို့ လျင်မြန်စွာ ပြေးသွားကြပြီး တွဲထူပေးလိုက်ကြသည်။

လင်းဖန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း အစောပိုင်းက ပြင်းထန်သောတိုက်ပွဲကြောင့် မောဟိုက်နေသဖြင့် အသက်ကိုဝဝရှူရန် ကြိုးစားနေရသည်။

သူက လှည့်ကြည့်လိုက်သောအခါ ထိုစစ်သူကြီးကို မှတ်မိသွားသည်။ သူကား ကျားမာန်စွယ်စစ်တပ်မှ စစ်သူကြီးလျိုဖုန်းပင် ဖြစ်ချေသည်။

သိုင်းပြိုင်ကွင်းတစ်ခုလုံးသည် ပရမ်းပတာ ဖြစ်နေချေသည်။

ဂိုဏ်းအသီးသီးမှ တပည့်များကို နန်းတွင်းမှ ဆေးဆရာများက ပြုစုစောင့်ရှောက်ပေးနေကြသည်။

အသက်ရှင်ကျန်ရစ်သူများသည် လင်းဖန်ကို ကွဲပြားခြားနားသောအကြည့်များဖြင့် ကြည့်နေကြသည်။

၎င်းတို့လဲကျနေစဉ် မြင်တွေ့ခဲ့ရသော မြင်ကွင်းများကြောင့် လင်းဖန်အပေါ် အလွန်ပင် လေးစားအားကျသွားကြခြင်း ဖြစ်သည်။

အထူးသဖြင့် လင်းဖန်မှ အမှောင်သခင်အား မည်သို့တိုက်ခိုက်ခဲ့သည်ကို မြင်တွေ့ခဲ့ရခြင်းကြောင့်ပင်။

ချင်ဖုန်းဂိုဏ်းမှ အခြားအဖွဲ့ဝင်များမှာလည်း ထပ်တူပင် လေးစားဖွယ် ကောင်းလှသည်။

ကျန်းရှီ၊ ဟွမ်ယွမ်ခွန်းနှင့် ဟိုမင်တို့သည် ကြာနက်ဂိုဏ်းဝင်များကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ကြသည်။

သို့သော် လင်းဖန်ကမူ ဧကရာဇ်မင်းမြတ်ကိုစိုက်ကြည့်နေရင်း အခြားအတွေးများ ဝင်ရောက်နေချေသည်။

အခြားသူများက ဧကရာဇ်၏ အသက်ကိုကယ်တင်ရန် တိုက်ပွဲဝင်နေကြစဉ် ဧကရာဇ်မင်းမြတ်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပုန်းအောင်းနေခဲ့ပုံကို သူ မှတ်မိနေသေးသည်။

ကျင့်ကြံသူတစ်ဦးအနေဖြင့် အစွမ်းထက်ရုံနှင့် မလုံလောက်ပေ။

လူတစ်ယောက်၏ အရည်အချင်းမရှိမှုကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြရသည်။

ထိုလူတစ်ယောက်တည်းကပင် လူပေါင်းများစွာ၏ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း ရှိနေချေသည်။

သူက ချင်းယန်ဇီကို ကြည့်လိုက်ရင်း တွေးတောလိုက်သည်။

‘ငါသာ ဂိုဏ်းချုပ်ဖြစ်ခဲ့ရင် ကောင်းမှာပဲ...’

လင်းဖန်သာဂိုဏ်းချုပ်ဖြစ်ပါက ချင်ဖုန်းဂိုဏ်းအား ဧကရာဇ်အပေါ်မှီခိုနေရခြင်းမှ လွတ်မြောက်အောင် ပြုလုပ်မည် ဖြစ်သည်။

သူ့စိတ်ထဲတွင် ချင်းယန်ဇီသည် အရည်အချင်းမရှိသူတစ်ဦး မဟုတ်ပေ။

သို့သော် သူ၏လမ်းစဉ်က အရာအားလုံးကို မျှတအောင် ထိန်းညှိရန်သာ ကြိုးစားနေခဲ့သည်။

လင်းဖန်အတွက်မူ ကောက်ကျစ်စဉ်းလဲသောရန်သူများနှင့် အခွင့်အရေးရလျှင်ရသလို သစ္စာဖောက်မည့်မဟာမိတ်များကို ရင်ဆိုင်ရသည့်အခါ ထိုသို့သော နည်းလမ်းသည် အသုံးမဝင်လှပေ။

ထို့နောက် လင်းဖန်သည် ဟိုမင်နှင့် ကျန်းရှီတို့ ပြုစုပေးနေသော ဟွမ်ယွမ်ခွန်းကို ကြည့်လိုက်သည်။

သူသည် ယခုအချိန်မှစ၍ အထက်သို့ တက်လှမ်းရန် ဆုံးဖြတ်လိုက်တော့သည်။

ခွန်အားများ ပြန်လည်ပြည့်ဝလာပြီးနောက် လင်းဖန်သည် ဟိုမင်၏အခြေအနေကို သွားရောက်ကြည့်ရှုလိုက်သည်။

ဂိုဏ်းချုပ်ဖြစ်လာရန်အတွက် သူ၏ဘေးတွင် မဟာမိတ်များရှိနေရန် လိုအပ်ပေသည်။

“ဟိုမင်... မင်း အဆင်ပြေရဲ့လား...”

“ငါကတော့ အဆင်ပြေပါတယ်... ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီးကတော့...”

ဟိုမင်က ဟွမ်ယွန်းခွန်းကို လှမ်းကြည့်လိုက်သည်။

အမှောင်သခင်၏ လက်သီးချက်သည် ဟွမ်ယွမ်ခွန်းကို ပြင်းထန်စွာ ထိခိုက်သွားစေခဲ့သည်။

ဟွမ်ယွမ်ခွန်းသည် နံရိုးများကျိုးကြေသွားသဖြင့် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားရရှာသည်။

နန်းတွင်းဆေးဆရာများပေးသော ဆေးလုံးများကို သောက်သုံးပြီးသည့်တိုင်အောင် ဒဏ်ရာမှာ လုံးဝ သက်သာပျောက်ကင်းခြင်း မရှိသေးပေ။

“ဂိုဏ်းတူအစ်ကိုကြီး... အဆင်ပြေရဲ့လား...”

လင်းဖန်က မေးလိုက်သည်။ လင်းဖန်အနေဖြင့် သူ ဤမျှ ငြိမ်သက်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ဟွမ်ယွမ်ခွန်းက ချောင်းဆိုးလိုက်ရင်း တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

“ငါ အဆင်ပြေပါတယ်... ချင်ဖုန်းဂိုဏ်းက သိုင်းဦးလေးကြီးလည်း အဆင်ပြေပါစေလို့ မျှော်လင့်ရတာပဲ...”

“အရာအားလုံး အဆင်ပြေသွားမှာပါ...”

ကျန်းရှီက ဝင်ပြောလိုက်သည်။ သူမသည် သူမ၏ဖခင်အပေါ် ယုံကြည်မှုအပြည့်ရှိပေသည်။

ကျန်းရီနျန်သည် အရေခွံရုပ်သေးတျောင်၏ တိုက်ခိုက်မှုမတိုင်မီ တံခါးပိတ်ကျင့်ကြံရာမှ အချိန်မီ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ချင်းယန်ဇီက ချင်ဖုန်းဂိုဏ်းရှိ အခြေအနေများကို ၎င်းတို့အား စိတ်ချလက်ချ လွှဲအပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိသော ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး ရှိနေခြင်းက မည်မျှအစွမ်းထက်သည်ကို ချင်းယန်ဇီ ကောင်းစွာ သိရှိထားသည်။

သတ်ရန် အလွန်ခက်ခဲလှပေသည်။

…

အရာအားလုံးကို ရှင်းလင်းပြီးသွားသောအခါ တပည့်များသည် မိမိတို့၏ တဲများဆီသို့ ပြန်သွားကြပြီး အနားယူလိုက်ကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် စစ်သည်များကိုသာ တွေ့မြင်နေရသည်။

မေးမြန်းစုံစမ်းစရာများစွာ ကျန်ရှိနေသေးလေသည်။

တပည့်များထဲတွင် သူလျှိုများ ပုန်းအောင်းနေနိုင်သေးသည်။

၎င်းတို့ကို တစ်ဦးချင်းစီ ခေါ်ယူကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြသည်။

လင်းဖန်က တဲအနီးသို့ ချဉ်းကပ်သွားစဉ် စစ်သူကြီးလျိုဖုန်း၏အသံကို ကြားလိုက်ရသည်။

“ဝင်ခဲ့ပါ...”

တဲအတွင်း၌ လျိုဖုန်းနှင့်အတူ စားပွဲတစ်ဖက်တွင်ထိုင်နေကြသော အနီရောင်ဝတ်ရုံဝတ် အဘိုးအိုအချို့ကို တွေ့လိုက်ရသည်။

“ငါတို့ ဘာအချက်အလက်တွေရထားလဲ ကြည့်ရအောင်... လင်းဖန်...”

အဘိုးအိုများထဲမှ တစ်ဦးက လင်းဖန်၏အချက်အလက်များ ရေးသားထားသော စက္ကူစာရွက်ကို ဖတ်လိုက်သည်။

သူသည် လင်းဖန်ကို သာမန်တပည့်တစ်ဦးဟုသာ ထင်မှတ်ထားခဲ့သော်လည်း လင်းဖန် လုပ်ဆောင်ခဲ့သည်များကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရသည်။

လင်းဖန်သည် ပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ရုံသာမက အမှောင်သခင်၏တိုက်ခိုက်မှုမှလည်း အသက်ရှင်လွတ်မြောက်ခဲ့သည်။

သူအသုံးပြုခဲ့သော တိုက်ကွက်အရေအတွက်မှာလည်း အံ့ဩစရာ ကောင်းလှပေသည်။

ထို့အပြင် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်မျှသာ ရှိသေးသည်။

“ရှေ့ကို တိုးခဲ့ပါ...”

အဘိုးအိုက ပြောလိုက်သည်။

လင်းဖန်က စစ်သူကြီးလျိုဖုန်းကို လှမ်းကြည့်လိုက်သည်။

သူ လိုချင်သောအဖြေကို ရရှိခဲ့သည်။ လျိုဖုန်းက သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

လျိုဖုန်း၏ အာမခံချက်ကြောင့် လင်းဖန်သည် ရှေ့သို့ လှမ်းတက်လိုက်သည်။

“ငါ အခု မင်းရဲ့ ကျင့်ကြံခြင်းအမြုတေကို စစ်ဆေးမယ်...”

အဘိုးအိုက လက်များကို မြှောက်လိုက်ရာ စိမ်းလဲ့သောအလင်းတန်းတစ်ခုက လင်းဖန်ကို လွှမ်းခြုံသွားလေသည်။

ခေတ္တမျှ ကြာပြီးနောက် ထိုအလင်းတန်းသည် ရပ်တန့်သွားသည်။

အဘိုးအိုက လင်းဖန်ကို လက်ညှိုးထိုးကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“မင်း... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

အခြားအဘိုးအိုများအားလုံးသည်လည်း မည်သည့်အရာဖြစ်ပျက်လာမည်ကို မသိရှိကြသဖြင့် စိတ်ဝင်စားစွာ လှမ်းကြည့်လိုက်ကြတော့သည်။

All Chapters