← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း (၁၄၆) - ပါးနပ်လွန်းသော ဧကရာဇ်

အခြားအဘိုးအိုက စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

“ဘာက မဖြစ်နိုင်တာလဲ...”

လင်းဖန်ကို လက်ညှိုးထိုးပြနေသော အဘိုးအိုက ပြန်ဖြေလိုက်သည်။

“သူ့ရဲ့ ကျင့်ကြံခြင်းအမြုတေတွေက... အရမ်းများလွန်းတယ်...”

စိတ်မရှည်သော အဘိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး လင်းဖန်ကိုလှမ်းကြည့်ကာ ပြောလိုက်သည်။

“ဟွန်း... အများကြီးထဲကမှ အတူတူပဲ ဖြစ်နေတာလား... ငါ ထင်ထားတဲ့အတိုင်းပါပဲ...”

သူက တွေးလိုက်မိသည်။

‘ဒီကျင့်ကြံသူလူငယ်လေးက အရမ်းချောမောလွန်းနေတာပဲ... နေ့ရက်တိုင်းကို ပျော်ပါးဆော့ကစားရင်းပဲ ဖြတ်သန်းနေခဲ့တာ ဖြစ်ရမယ်...’

“မဟုတ်ဘူး... သူ့ရဲ့ ကျင့်ကြံခြင်းအမြုတေက ငါတစ်ခါမှ မမြင်ဖူးတဲ့ အမျိုးအစားပဲ... သူက မတူညီတဲ့ သိုင်းကွက်အများကြီးကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်တယ်...”

“ဘာ...”

စိတ်မရှည်သော အဘိုးအိုသည် သူကြားလိုက်ရသော စကားကို မယုံကြည်နိုင် ဖြစ်သွားရသည်။

သူတို့သည် သိုင်းကွက်နှစ်မျိုးကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်စေသည့် နှစ်ထပ်ကျင့်ကြံခြင်းအမြုတေ ပိုင်ဆိုင်ထားသူများကိုသာ မြင်တွေ့ဖူးခဲ့ကြခြင်း ဖြစ်ပေသည်။

သို့သော် ထိုအခြေအနေမှာ အမြင့်ဆုံး ကန့်သတ်ချက်ပင်။

အကယ်၍ သိုင်းကွက်အသစ်တစ်ခုကို သင်ယူလိုပါက အခြားသိုင်းကွက်တစ်ခုကို စွန့်လွှတ်ရမည် ဖြစ်ချေသည်။

လင်းဖန်၏ ကျင့်ကြံခြင်းအမြုတေတွင်မူ ဤကဲ့သို့သော ကန့်သတ်ချက်မျိုး ရှိမနေခဲ့ပေ။

စိတ်မရှည်သော အဘိုးအိုသည် စက္ကူအပိုင်းအစကို လှမ်းယူလိုက်ပြီး လင်းဖန်၏အချက်အလက်များကို ကြည့်ရှုလိုက်လေသည်။

ချင်ဖုန်းဂိုဏ်း၊ ရုပ်ခန္ဓာကျင့်ကြံသူ၊ ရှစ်ကွက်အင်း သားရဲသံတူသိုင်း။

ထိုအချက်အလက်များအရ လင်းဖန်သည် သံတူသိုင်းကျင့်စဉ်တစ်ခုကို သင်ယူထားကြောင်း သူ သိရှိလိုက်ရသည်။

ရုပ်ခန္ဓာကျင့်ကြံသူများအတွက်မူ ဤသည်က အလွန်ထူးဆန်းလှပေသည်။

၎င်းတို့ထဲမှ အများစုမှာ ရုပ်ခန္ဓာကြံ့ခိုင်မှုနှင့် ကြမ်းတမ်းသောခွန်အားကိုသာ အသုံးပြု၍ ရန်သူများကို တိုက်ခိုက်လေ့ ရှိကြ၏။

ရုပ်ခန္ဓာကိုကျင့်ကြံရသည်မှာ အလွန်ခက်ခဲလွန်းလှသဖြင့် သိုင်းကွက်တစ်ခုကို သင်ယူရန်အတွက် အရင်းအမြစ် သို့မဟုတ် အချိန်ပိုရှိမနေကြတော့ပေ။

စိတ်မရှည်သော အဘိုးအိုသည် ပြန်လည်ထိုင်ချလိုက်ပြီး ချင်ဖုန်းဂိုဏ်း၏ ကံကောင်းမှုကို စိတ်ထဲမှ ကျိန်ဆဲနေမိတော့သည်။

ထို့နောက် သူတို့သည် ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာများ၊ လင်းဖန် မည်သည့်နေရာသို့ရောက်ရှိနေခဲ့ပြီး မည်သည်တို့ကို လုပ်ဆောင်ခဲ့သည်ဟူသော အချက်များကို ဆက်လက်မေးမြန်းကြလေသည်။

လင်းဖန်သည်လည်း သူမြင်တွေ့ခဲ့ရသမျှနှင့် လုပ်ဆောင်ခဲ့သမျှတို့ကို ရိုးသားစွာပင် ပြန်လည်ဖြေကြားလိုက်သည်။

ဤအဘိုးအိုနှစ်ဦးတွင် တစ်စုံတစ်ဦးက လိမ်ညာပြောဆိုနေခြင်း ရှိ၊မရှိကို စမ်းသပ်နိုင်သော မှော်ရတနာတစ်ခုခု ရှိနေရမည်ဟု သူ ခန့်မှန်းမိလိုက်သည်။

ဤစစ်ဆေးမေးမြန်းမှုသည် တစ်ညလုံးနီးပါးကြာမြင့်ခဲ့ပြီး အချို့သူများမှာ ကြာနက်ဂိုဏ်းမှ စေလွှတ်ထားသော သူလျှိုများဖြစ်ကြောင်း ဖော်ထုတ်ခံခဲ့ရလေသည်။

သတ်ဖြတ်အပြစ်ပေးမှုများသည် တစ်ညတာပတ်လုံး ဆက်တိုက်ဖြစ်ပွားနေခဲ့တော့သည်။

…

ပင်မတဲကြီးအတွင်း…

ဧကရာဇ်မင်းမြတ်သည် ဒေါသတကြီးဖြင့် ကိုယ်လုပ်တော်ကို စိုက်ကြည့်နေလေသည်။

သူမသည် တစ်ကိုယ်လုံးတွင် ဖူးယောင်ညိုမည်းနေသော ဒဏ်ရာများဖြင့် ဧကရာဇ်၏ရှေ့မှောက်တွင် ဒူးထောက်နေလေသည်။

တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော ပိုးထည်ဝတ်ရုံပေါ်တွင် သွေးကွက်များဖြင့် ပြည့်နှက်နေလေသည်။

သူမက ရှိုက်ကြီးတငင်ငိုကြွေးရင်း တောင်းပန်တိုးလျှိုးလိုက်သည်။

“အပြစ်ပေးတော်မူပါ အရှင်မင်းကြီး... ဒါတွေအားလုံးက ထန်မိသားစုက ကျွန်တော်မျိုးမကို အတင်းအကျပ် ခိုင်းစေခဲ့လို့ပါ...”

ဒုန်း…

ဧကရာဇ်မင်းမြတ်သည် ဝိုင်ခွက်ကို သူမထံသို့ပစ်ပေါက်လိုက်ပြီး ပြောလိုက်သည်။

“မင်းကို အရင်ဆုံး အပြစ်ပေးပြီးတာနဲ့ ထန်မိသားစုကိုဆက်ပြီး ရှင်းပစ်မယ်”

“မင်းကို ယုံကြည်ခဲ့မိတာကိုက မှားတာပဲ...”

“နန်းရင်းဝန်ပြောတာတကယ်မှန်တယ်... မင်းရဲ့ စကားတွေကို ငါကိုယ်တော် မယုံခဲ့သင့်ဘူး...”

ထို့နောက် သူက လက်ဝှေ့ယမ်းပြလိုက်ရာ စစ်သည်များဝင်ရောက်လာပြီး သူမကို ဆွဲခေါ်သွားကြလေသည်။

ထို့နောက် ဧကရာဇ်မင်းမြတ်သည် သူ၏ရှေ့တွင် ဘယ်ညာနှစ်တန်းခွဲ၍ ထိုင်နေကြသော ဂိုဏ်းချုပ်များနှင့် အရာရှိများကို လှမ်းကြည့်လိုက်သည်။

“ကတိပေးထားတဲ့အတိုင်း ပြိုင်ပွဲအတွက် ဆုလာဘ်တွေကို ပေးအပ်သွားမယ်... ဧကရာဇ်တစ်ပါးရဲ့စကားက မဖောက်ဖျက်နိုင်တဲ့ အမိန့်ပဲ...

“အနိုင်ရရှိသူအနေနဲ့ ချင်ဖုန်းဂိုဏ်းက ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ရရှိလိမ့်မယ်...

“သူတို့က ထန်ခွန်းနဲ့ ကြာနက်ဂိုဏ်းတို့ရဲ့ ပူးပေါင်းကြံစည်မှုကို အချိန်မီမတားဆီးနိုင်ခဲ့ပေမဲ့ အန္တရာယ်ကြုံတွေ့ရချိန်မှာ ငါ့ကို ကောင်းကောင်းမွန်မွန် ကာကွယ်ပေးနိုင်ခဲ့ကြတယ်...

“ဒါကြောင့် အရင်းအမြစ်တွေကို ကတိပေးထားတဲ့အတိုင်း ခွဲဝေပေးသွားမယ်...”

ဧကရာဇ်မင်းမြတ်က သူ၏ဆုလာဘ်များကို ကြေညာလိုက်ရာ မည်သူမျှ ကန့်ကွက်ခြင်းမပြုဝံ့ကြပေ။

အခြားသောဂိုဏ်းချုပ်များမှာမူ အမှောင်သခင်နှင့် အမှောင်တမန်တော်တို့ကို ရင်ဆိုင်ရန်မဝံ့ရဲခဲ့ကြသဖြင့် ရှက်ရွံ့စွာ ခေါင်းငုံ့ထားကြလေသည်။

ချင်းယန်ဇီသည် ထိုကြေညာချက်ကို ကြားလိုက်ရပြီးနောက် ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ရှိလှပါတယ် အရှင်မင်းကြီး...”

“ကဲ... အဲဒီကိစ္စ ပြီးသွားပြီဆိုတော့...”

ဧကရာဇ်မင်းမြတ်သည် စားပွဲကို လက်သီးဖြင့်ထုလိုက်ပြီး ပြောလိုက်သည်။

“ထန်မိသားစုကို ရှင်းပစ်ရမယ့်အချိန်ရောက်ပြီ...”

ထန်ခွန်း၏ပြစ်မှုမှာ ဆွေမျိုးကိုးဆက်တိုင်အောင် ကွပ်မျက်ရမည့်အထိ ကြီးလေးလှပေသည်။

ထို့အပြင် ထန်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ထန်ရှောင်ယောင်သည် သူ သဘောကျသည်ထက် ပိုမိုအင်အားကြီးမားလာနေခဲ့ပြီ ဖြစ်သည်။

အရာရှိများသည် ဧကရာဇ်မင်းမြတ်၏စကားကို ကြားလိုက်ရသောအခါ သေချာစွာ စဉ်းစားဆင်ခြင်ရန်အတွက် ဝိုင်းဝန်းဖျောင်းဖျကြလေသည်။

“အရှင်မင်းကြီး... မြောက်ပိုင်းစစ်သူကြီးဖြစ်တဲ့ ထန်ရှောင်ယောင်က မြောက်ဘက်ကာကွယ်ရေးစစ်မျက်နှာပြင်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်”

“တကယ်လို့ သူ့ကို အပြစ်ပေးဖို့ကြိုးစားရင်းကနေ ပုန်ကန်အောင် တွန်းအားပေးသလိုဖြစ်သွားပြီး ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရင် ကျွန်တော်တို့ရဲ့ အင်အားတွေ ဆုတ်ယုတ်သွားနိုင်ပါတယ်...”

ဧကရာဇ်မင်းမြတ်သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကြောင့် ဒေါသထွက်နေဆဲဖြစ်သဖြင့် အရာရှိများက သတိထား၍ လျှောက်တင်နေကြခြင်း ဖြစ်ပေသည်။

ဧကရာဇ်သည် မျက်လုံးများကိုမှိတ်လိုက်ပြီး နက်နက်နဲနဲ စဉ်းစားလိုက်လေသည်။

ခေတ္တမျှကြာပြီးနောက် မျက်လုံးများကို ပြန်လည်ဖွင့်လိုက်ပြီး ပြောလိုက်သည်။

“သဘောတူတယ်”

“ငါ့ရဲ့ ချစ်လှစွာသော တိုင်းသူပြည်သားတွေ ဒုက္ခမရောက်စေဖို့အတွက် ထန်မိသားစုကိုရင်ဆိုင်ဖို့ ကျင့်ကြံသူတွေကိုပဲ ငါကိုယ်တော် တောင်းဆိုရလိမ့်မယ်”

“ဂိုဏ်းချုပ်တွေအားလုံးပူးပေါင်းပြီး အစီအစဉ်တစ်ခုဆွဲကြဖို့ ငါကိုယ်တော် လွှဲအပ်လိုက်မယ်”

“တော်ဝင်နန်းတော်ကလည်း တတ်နိုင်သမျှ ကူညီပေးသွားမှာပါ”

“ကြာနက်ဂိုဏ်းရဲ့ ကျန်ရှိနေတဲ့ အင်အားစုတွေကိုတော့ စစ်တပ်နဲ့ တော်ဝင်နန်းတော်ကပဲ ဆက်လက်နှိမ်နင်းသွားမယ်...”

ထို့နောက် ဧကရာဇ်မင်းမြတ်သည် အနားယူရန်အတွက် တဲတော်ဆီသို့ ချက်ချင်းပင် ထွက်ခွာသွားလေသည်။

ဂိုဏ်းချုပ်များကိုကန့်ကွက်ရန် မည်သည့်အခွင့်အရေးမျှ ပေးမသွားခဲ့ပေ။

ဂိုဏ်းချုပ်အများစုမှာ တိတ်ဆိတ်နေကြသည်။

ချင်းယန်ဇီသည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်မိသည်။

ဧကရာဇ်မင်းမြတ်သည် မြင်တွေ့ရသည်ထက် ပိုမိုပါးနပ်လွန်းလှပေသည်။

ယခုအခါ အင်အားများစွာ ဆုတ်ယုတ်သွားခဲ့ပြီဖြစ်သော ကြာနက်ဂိုဏ်းကို နှိမ်နင်းရန်အတွက် သူ၏ကိုယ်ပိုင်စစ်တပ်နှင့် အရာရှိများကို တာဝန်ပေးအပ်လိုက်သည်။

ကျင့်ကြံသူများကို ထန်မိသားစု၏ ခေါင်းဆောင်နှင့် ရင်ဆိုင်ခိုင်းခြင်းဖြင့် နှစ်ဖက်လုံးမှ လူအင်အားနှင့် အရင်းအမြစ်များကို ဆုံးရှုံးစေရန် ဖန်တီးလိုက်ခြင်းပင်။

နောက်ဆုံးတွင်မူ ချွမ်မင်းဆက်၌ အင်အားအကြီးဆုံးအဖွဲ့အစည်းမှာ စစ်တပ်သာ ဖြစ်လာပေလိမ့်မည်။

“ချင်းယန်ဇီ... ငါတို့လည်း ကူညီချင်ပါတယ်... ဒါပေမဲ့ ငါတို့ဂိုဏ်းက တော်တော်လေး အထိနာသွားတယ်...”

အချို့သော ဂိုဏ်းများမှာ တပည့်အများအပြားသေဆုံးခဲ့ရသဖြင့် များစွာမကူညီနိုင်ကြောင်း တောင်းပန်စကား ဆိုကြလေသည်။

ကူညီနိုင်သည့်ဂိုဏ်းများမှာ အနောက်ဘက်ဘုန်းတော်ကြီးကျောင်း၊ ရိမေဂိုဏ်းနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့သာ ရှိတော့သည်။

ရိမေဂိုဏ်းနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းတို့အတွက်မူ ၎င်းတို့၏ဂိုဏ်းချုပ်များမှာ အမှောင်သခင်နှင့် အမှောင်တမန်တော်တို့၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည့်အတွက် ကလဲ့စားချေရပေလိမ့်မည်။

ထို့နောက် ချင်းယန်ဇီသည် သူတို့နှင့်အတူ အစီအစဉ်တစ်ခုကို ဆက်လက်ဆွေးနွေးလိုက်လေသည်။

…

နောက်တစ်နေ့တွင်…

ဂိုဏ်းအားလုံးသည် တတ်နိုင်သမျှ အမြန်ဆုံးပင် စတင်ထွက်ခွာသွားကြတော့သည်။

လင်းဖန်နှင့် အခြားသူများသည် ရက်အနည်းငယ်ခန့်ခရီးနှင်ပြီးနောက် ချင်ဖုန်းဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည်။

သူတို့ ရောက်ရှိလာချိန်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွားကြရသည်။

အောက်ခြေသိမ်းတပည့်များသည် ဗဟိုရင်ပြင်ပေါ်ရှိ သွေးကွက်များကို ဆေးကြောနေကြဆဲ ဖြစ်ပေသည်။

အဝေးတစ်နေရာတွင်မူ အရေခွံရုပ်သေးများကို မီးရှို့ဖျက်ဆီးနေသဖြင့် မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို မြင်တွေ့နေရသည်။

လင်းဖန်သည် သူတို့ကိုစောင့်ကြိုနေသော ကျောက်ချင်းယင်ကိုမြင်တွေ့လိုက်ရပြီး သူ၏ဘေးတွင်မူ သူ မသိကျွမ်းသော အမျိုးသားတစ်ဦး ရှိနေချေသည်။

ထိုသူသည် အသက်လေးဆယ်ကျော်အရွယ်ခန့်ရှိပြီး သပ်ရပ်သောနှုတ်ခမ်းမွှေးနှင့်အတူ ဟောင်းနွမ်းသောဝတ်ရုံကို ဝတ်ဆင်ထားသည်။

ကျန်းရှီသည် ထိုအမျိုးသားကို မြင်လိုက်ရသောအခါ သူ့ထံသို့ ဝမ်းသာအားရပြေးသွားပြီး အော်ဟစ်လိုက်လေသည်။

“ဖေဖေ...”

ကျန်းရီနျန်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

“ရှီအာ... တခြားတပည့်တွေရဲ့ရှေ့မှာ ငါ့ကို တောင်ထွတ်သခင်လို့ခေါ်ဖို့ ငါ ဘယ်နှစ်ခါ ပြောထားဖူးလဲ...”

သူမက နှုတ်ခမ်းဆူလိုက်သော်လည်း တောင်ထွတ်သခင်ဟု ပြောင်းလဲခေါ်ဆိုလိုက်သည်။

“တောင်ထွတ်သခင်... ကျွန်မ တောင်ထွတ်သခင်နဲ့ မိတ်ဆက်ပေးချင်တဲ့သူရှိတယ်... သူက ကျွန်မတို့ရဲ့တပည့်သစ် လင်းဖန်ပဲ...”

ကျန်းရီနျန်သည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်အတွက် တပည့်သစ် ရရှိခဲ့ပြီဟူသောစကားကြောင့် သူ့နားကိုပင် မယုံကြည်နိုင် ဖြစ်သွားရသည်။

“တပည့်သစ်ဟုတ်လား... ဒါက တကယ့်ကိုသတင်းကောင်းပဲ... ငါကြည့်ပါရစေဦး...”

ကျန်းရှီသည် လင်းဖန်ထံသို့ အမြန်ပြေးသွားပြီး ဆွဲခေါ်လာခဲ့တော့သည်။

All Chapters