← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အပိုင်း (၂)

ကောချွင်က အကြောင်သား ရပ်နေမိပြီးမှ သူမမျက်နှာက ဒေါသကြောင့် စိမ်းလုနီးပါး။ သူမက အံကြိတ်ပြီး ပြောလိုက်တယ်။ “နင် ဘာလို့ အဲ့လောက် မာနကြီးနေတာလဲ ဟမ် နင် အဲ့လူအိုကြီးဆီမှာ အဖျက်ဆီးခံသင့်တာ။ နင်က လွတ်လာသေးတယ်”

လေအေးပေးစက်ကို ဖွင့်မထားပေမဲ့ အခန်းကရုတ်တရက်ကြီး အေးစက်လာတဲ့အတွက် ကောချွင် ကြက်သီး ထလာတယ်။ “ဘာဖြစ်တာလဲ” သူမက အပေါ်ထပ်အင်္ကျီကို ယူပြီး အမြန်ထွက်သွားတော့တယ်။

ယွင်ယွီကို အသံတစ်ခုက ထဖို့ နိုးနေတယ်။

“ရှောင်ယွီ.....ရှောင်ယွီ ထတော့ဟာ”

“ဒီမင်းသမီးကို ဘယ်သူ လာနှောက်ယှက်ရဲတာလဲ”

ယွင်ယွီ မျက်မှောက် ကြုတ်မိလိုက်တယ်။ ဒီလူ အတော် သတ္တိကောင်းတယ်ပေါ့။

သူမမျက်လုံး ဖွင့်လိုက်မှ မျက်နှာဝိုင်းဝိုင်းနဲ့ ကောင်မလေးတစ်ယောက် သူမကို ကြည့်နေတာ မြင်လိုက်ရတယ်။ အဲဒီကောင်မလေးက လက်ကိုမြှောက်ပြီး သူမမျက်နှာရှေ့ ရမ်းပြလာတယ်။

“ရှောင်ယွီ နင် ဘာတွေ ပြောနေတာလဲ”

သူမမှတ်ဉာဏ်ထဲမှာ ဒီကောင်မလေးက စုန့်ကျင်းဆိုတာ သိလိုက်တယ်။

“ဘာမှမဟုတ်ဘူး။ အိပ်မက်ဆိုးတွေ မက်နေရုံလေး”

သူမရဲ့အသိတွေ အလေ့အကျင့်တွေ ကွဲသွားပေမဲ့ သူမက တစ်သီးတစ်သန့် ဆက်ဆံကြမှာကို သဘောမကျဘူး။ သူမဒီဘဝကို တန်ဖိုးထားရမယ်။

စုန့်ကျင်းက လက်ထဲကအထုတ်ကို သူမဆီ ကမ်းပေးလာတယ်။

“နင် မနေ့ညက ဘယ်သွားလိုက်တာလဲ။ နင် ပြန်မလာမှန်း ငါမနက်ရောက်မှ သိလိုက်တာ။ ငါနင့်ကို ဖုန်းခေါ်နေတာလဲ နင် မကိုင်ဘူး။ ငါ့ကို စိတ်ပူပြီး သေစေချင်လို့လား။ ဘေးအခန်းက ရှန်းရှန်းက နင် ပြန်ရောက်နေပြီပြောလို့ ငါနင့်အတွက် ညစာဝယ်လာတယ်။ နင် မအိပ်ခင် စားလိုက်”

စုန့်ကျင်းက ယွင်ယွီရဲ့ ဖြူဖျော့နေတဲ့မျက်နှာကြောင့် စိုးရိမ်တကြီးနဲ့

“ရှောင်ယွီ နင် အဆင်ပြေတာရော သေချာလား”

ယွင်ယွီက ခေါင်းသာ ညိတ်ပြလိုက်တော့တယ်။ သူမက ညစာဘူးကို ဖွင့်လိုက်တယ်။ အဲ့ဒါက ထမင်းကြော်ဆိုပေမဲ့ သူ မတစ်ဝက်ပဲ စားနိုင်ခဲ့တယ်။ သူမဗိုက်ထဲနေရတာ မကောင်းဘူးလေ။

ဒီခေတ်မှာ လေနဲ့ရေက ညစ်ညမ်းနေပြီး အရောင်အဝါ ကင်းမဲ့နေတယ်။ အစားအသောက်ကလည်း မကောင်းတော့ဘူး။ သူမ ဒါတွေကို နားလည်ပေမဲ့ စားတော့ မစားနိုင်ဘူး။ သူမက ထမင်းကြော်ကို လက်ကချပြီး ညဝတ်အင်္ကျီကိုယူပြီး ရေချိုးဖို့ လုပ်တော့တယ်။

ဘာမှမပြောတောင် ညက တစ်ခုခုဖြစ်ခဲ့မှန်း စုန့်ကျင်း မှန်းလို့ရတယ်။ ဒါပေမဲ့ ယွင်ယွီက ဘာမှမပြောတော့ သူမလည်း မေးမနေတော့ဘူး။

ယွင်ယွီက ရေချိုးခန်းမှန်ရှေ့မှာရပ်ပြီး သူမခန္ဓာကိုယ်ကို စစ်ဆေးနေတယ်။ မူလကိုယ်ရဲ့ မျက်ခုံး၊ နှာခေါင်း၊ နှုတ်ခမ်းနဲ့ တခြားအစိတ်အပိုင်းအားလုံးက သူမနဲ့တူနေမယ်လို့ သူမ မထင်ထားဘူး။ အရပ်၊ အသားအရေနဲ့ မျက်နှာကျပုံကတောင် တူနေတယ်။ ဆိုးတာက မူလကိုယ်က တအား ပိန်နေတာပဲ။

သူမရဲ့ မင်းသမီးယွင်ယွီအဖြစ် တစ်ဘဝလုံးမှာ သူမစားသမျှ ဝတ်သမျှအားလုံးက အကောင်းတကာ့ အကောင်းဆုံးတွေပဲ။ သူမဟာ သိမ်မွေ့ပြီး ဝဖြိုးနေခဲ့တယ်။

ဒါ့အပြင် သူမဆီမှာ ရောင်ဝါပြည့်ဝတဲ့ ဝိဉာဉ်စမ်းရေ ရှိတယ်လေ။ သူမဝိဉာဉ်စမ်းရေအကြောင်း တွေးမိတဲ့အခါ သူမမျက်လုံးကို ပိတ်လို့ တဖြည်းဖြည်း သက်ပြင်းချလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ သူမရဲ့ရှေ့မှာ စိမ်းလဲ့လဲ့အရောင်နဲ့ ရှေးခေတ်ရေတွင်းတစ်ခုပေါ်လာတယ်။ သူမရဲ့စိတ်အလိုအတိုင်း စမ်းရေတွေက ရေတွင်းထဲက လျှံထွက်တော့မလို လှိုင်းထသွားခဲ့တယ်။ သူမမျက်လုံးဖွင့်ပြီး တွေးလိုက်မိတယ်။ 'ဝိဉာဉ်စမ်းရေက ငါ့နောက်ကနေ ဒီခေတ်အထိ လိုက်လာတာလား'

ယွင်ယွီဝိဉာဉ်စမ်းရေတွင်းကို သူမအသက် သုံးနှစ် လေးနှစ်သမီးမှာ ရခဲ့တာ။ အဲ့တုန်းက သူမရဲ့ ခမည်းတော်က သူမကို ကျောက်စိမ်းပုတီးစေ့လေး ပေးခဲ့တယ်။ ကျောက်စိမ်းက တအားလှတော့ သူမက တချိန်လုံး ဝတ်ထားတော့တာပဲလေ။

ခပ်ဆိုးဆိုး ကလေးတစ်ယောက်အနေနဲ့ ကစားရင်း မတော်တဆဖြစ်ပြီး သူမ လဲကျသွားတော့တယ်။ အဲ့လိုလဲသွားတော့ သူမနဖူးကွဲပြီး အဲ့က သွေးတွေထဲကို ကျောက်စိမ်းပုတီးစေ့က ကျသွားပြီး ပျောက်သွားတော့တယ်။ ပြီးတော့ ဝိဉာဉ်စမ်းရေတွေ ပြည့်နေတဲ့ ရေတွင်းကလည်း ပေါ်လာတော့တယ်။

အဲ့မတော်တဆမှုက ယွင်ယွီကို တော်တော်လေး လန့်သွားစေတယ်လေ။ အလန့်ပြေလောက်တဲ့အချိန်မှာတော့ ဘေးနားက ရောင်ဝါတွေကို သူမ မြင်နေရမှန်း သတိထားမိလာတယ်။ မိုးမြေကြားက စွမ်းအင်တွေအားလုံးကို သူမ မြင်နိုင်လာတော့တယ်။

အဲဒီနောက်မှာတော့ သူမဟာ ဝိဉာဉ်ရေတွင်းရဲ့အကူအညီနဲ့ စပြီးရုပ်လွန်ပညာကို လေ့လာတော့တယ်။ သူမက လူအများကြီးကို သူမရဲ့ပညာနဲ့ ကူညီခဲ့တယ်။ ဝေ့မင်းဆက်ရဲ့ ပြည်သူအားလုံးက သူမကို ချစ်ခင်ကြတယ်။ နောက်ဆုံး သူမက ဝေ့မင်းဆက်အတွက် သူမကိုယ်သူ မစတေးခဲ့တော့တယ်။ အဲ့ဒီအချိန်တုန်းက သူမဟာ ခေါင်းတလားအတွင်းမှာ နာကျင်မှုတွေနဲ့ တွန့်လိမ်နေခဲ့ပြီး သူမရဲ့သွေးတွေဟာလည်း ခမ်းခြောက်သွားတဲ့အထိ ဖောက်ထုတ်ခံခဲ့ရတယ်။ နောက်ဆုံးမှာတော့ အဆုံးမဲ့တဲ့ အမှောင်ထုက သူမကို ဝါးမျိုသွားတော့တယ်။

ယွင်ယွီက သက်ပြင်းတစ်ချက် ရှိုက်ပြီး သူမအဝတ်အစားတွေကို ချွတ်လိုက်တယ်။ သူမတစ်ကိုယ်လုံး ကိုက်ရာတွေ ကုတ်ရာတွေနဲ့ ပြည့်နေတယ်။ သူမက အဲ့ဒါတွေကို ရေဆေးပြီး ပွတ်ပစ်လိုက်ပေမဲ့ ပိုရဲလာတာပဲ အဖတ်တင်တယ်။ အဲ့တော့ သူမဝိဉာဉ်စမ်းရေကို ထုတ်ပြီး ဆေးလိုက်တော့တယ်။ ရောင်ဝါပြည့်နေတဲ့ ဝိဉာဉ်စမ်းရေက ကိုက်ရာတွေကို မှိန်ဖျော့ပြီး ပျောက်သွားစေတယ်။ ခြေထောက်ကြားက ရောင်ရမ်းနေတာတွေလည်း ပျောက်သွားတော့တယ်။

ရေချိုးပြီးပေမဲ့ ယွင်ယွီက ထွက်မသွားသေးပဲ အိမ်သာအဖုံးပေါ် ထိုင်ချလိုက်တယ်။ ပြီးတော့ သူမရဲ့ ခြေထောက်နှစ်ဖက်ကို ဖက်ပြီး ငိုတော့တယ်။

“ခမည်းတော် မယ်တော် ယွင်ယွီ ကြောက်တယ်....”

သူမ ဒီကမ္ဘာသစ်ကြီးကို ကြောက်တယ်။ သူမ အဆင့်မတက်နိုင်တော့မှာကို ကြောက်တယ်။ သူမရဲ့ မိသားစုနဲ့ ဝေ့မင်းဆက်ကို လွမ်းတယ်။ သူမက တံခါးခေါက်သံ အကျယ်ကြီး မကြားခင်အထိ သူမအတွေးတွေထဲ သူမ ပိတ်မိနေတော့တယ်။

“ယွင်ယွီ နင် ဘယ်လောက်ကြာအောင် ရေချိုးချင်နေတာလဲ။ တခြားလူတွေလည်း ချိုးချင်တာပေါ့။ နင် တစ်ကိုယ်ကောင်းမဆန်ဘဲ နေကြည့်ပါလား” ကောချွင်ရဲ့ အသံက အကျယ်ကြီး ထွက်လာတော့တယ်။

ခြေသံတချို့ ထပ်ကြားရပြီး “ကောချွင် ရေချိုးခန်းထဲမှာ နင် နေ့တိုင်း နာရီချီကြာနေတာ ငါတို့ ဘာမှမပြောခဲ့ဘူး။ ယွင်ယွီက အခုမှ တစ်ကြိမ်ထဲ ရှိသေးတာကို နင်က ပြဿနာရှာချင်တာလား”

“စုန့်ကျင်း နင့်ပါးစပ်ကို နင်ပိတ်မလား။ ငါ ပိတ်ပေးရမလား”

ဖျောင်းဖျနေတဲ့ အသံနောက်တစ်သံကလည်း ထွက်လာတယ်။ “နင်တို့ ရန်ဖြစ်မနေကြနဲ့လေ” အဲ့ဒါက သူတို့ရဲ့ အခန်းဖော်နောက်တစ်ယာက်ဖြစ်တဲ့ ကျူးကျားပဲ။

ယွင်ယွီက အဝတ်ဝတ်ပြီး တံခါးကို တွန်းဖွင့်လိုက်တော့ စုန့်ကျင်းနဲ့ ကောချွင်က သူတပြန်ငါတပြန် ငြင်းနေကြပြီ။ ယွင်ယွီက စုန့်ကျင်းအဝတ်တွေကို ဆွဲရင်း “ကျင်းအာ သူ့နဲ့ပြို င်ငြင်းမနေနဲ့ လာ”

သူမတို့က အိပ်ယာတွေဆီ ပြန်ရောက်သွားမှ ကျူးကျားလည်း သက်ပြင်း ချနိုင်တော့တယ်။ စုန့်ကျင်းမျက်နာက ဒေါသနဲ့ နီရဲနေပြီ။ ယွင်ယွီက စုန့်ကျင်းကို ရေနွေးတစ်ခွက် ထည့်ပေးလိုက်ရင်း ဝိဉာဉ်စမ်းရေ နှစ်စက်လောက်ကို သူမလက်ညိုးကနေတစ်ဆင့် အစက် ချပေးလိုက်တယ်။

“ရေနွေးလေး သောက်ပြီး အိပ်တော့ မနက်ကျရင် နင့်မှာ အင်တာဗျူးရှိတယ် မဟုတ်ဘူးလား”

စုန့်ကျင်းက ခွက်ကိုယူပြီး သောက်လိုက်တယ်။ ရေနွေးက ချိုချိုလေးဖြစ်နေပြီး သောက်ပြီးတာနဲ့ သူမဗိုက်ထဲမှာ နွေးပြီးနေလို့ ကောင်းလာတာကို ခံစားလိုက်မိတယ်။ ဒေါသတောင် ပြေသွားသလိုပဲ။ သူနက သက်ပြင်းကိုအသာချပြီး။

“ယွီအာ ငါ ရေအရင်ချိုးဦးမယ်လေ။ ပြီးမှ အိပ်မယ်။ နင်လည်း စောစောအိပ်သင့်တယ်။ ပေကျင်းညနေခင်း သတင်းဌာနနဲ့ နင် အင်တာဗျူး ရှိတယ်မလား”

အင်တာဗျူးအကြောင်း ကြားတော့ ယွင်ယွီက အပြစ်ရှိသလို ခံစားလိုက်ရတယ်။ အခုကမေလဆိုတော့ နောက်လဝက်လောက်ဆို အတန်းဖော်တော်တော်များများက အလုပ်အင်တာဗျူးတွေ ဖြေပြီးနေလောက်ပြီ။

မူလယွင်ယွီက ဂျာနယ်လစ်အဖြစ် တကယ်ပါရမီပါပြီး ရလဒ်ကောင်းတွေရှိတယ်။ သူမက ပေကျင်းညနေခင်းသတင်းကို ဝင်ရောက်ဖို့ ကြိုးစားနေတာ။ အဲ့ဒါက တကယ်ကောင်းပြီး ရဖို့ခက်ခဲတဲ့ အလုပ်မျိုးပဲ။

သူမက အင်တာဗျူးဖြေပြီးပြီ အလုပ်ခန့်ဖို့လည်း သေချာသလောက်ပဲဆိုပေမဲ့ အဲ့ဒါက ဂျာနယ်လစ်အဖြစ် ပါရမီပါတဲ့ ကျောင်းသူယွင်ယွီလေ။ သူမကရော ဘာလဲ။ မွေးကတည်းက အလိုလိုက်ခံထားရပြီး ရုပ်လွန်ပညာကလွဲရင် ဘာမှမတတ်တဲ့ မင်းသမီးလေးယွင်ယွီဖြ စ်နေတယ်။

စုန့်ကျင်းက သူမရဲ့ ညဝတ်အင်္ကျီကိုယူပြီး အများသုံးရေချိုးခန်းမှာ ရေသွားချိုးတော့တယ်။ ယွင်ယွီက ဝိဉာဉ်စမ်းရေကို ရေထဲ နည်းနည်းထည့်ပြီး သောက်လိုက်တယ်။ ပြီးတာနဲ့ အိပ်ယာပေါ် လဲအိပ်လိုက်ပြီး စကျင့်ကြံတော့တယ်။

ရှင်းလင်းအောင် ပြောရရင် သူမက မူလယွင်ယွီ မဟုတ်ဘူး။ သူမက ဂျာနယ်လစ်အလုပ်နဲ့ အဆင်မပြေဘူး။ မြို့ကြီးမှာလည်း မနေချင်ဘူး။ သူမက ရုပ်လွန်ပညာကို ဆက်လေ့လာပြီး ဗေဒင်ဟောစားဖို့ ပိုစိတ်ပါတယ်။ ဖုန်းရွှေကလည်း မိသားစုကို ထောက်ပံ့နိုင်တာပဲလေ။

ဝိဉာဉ်စမ်းရေရောင်ဝါက သန်မာလွန်းတယ်။ အများကြီးသောက်ရင် ဒီခန္ဓာကိုယ်က မခံနိုင်လောက်ဘူးမလို့ သူမဖြည်းဖြည်းပဲ ကျင့်ကြံနိုင်တော့တယ်။

အချိန်က ည 11နာရီ ထိုးသွားတယ်။ မီးတွေမှိတ်လိုက်ကြပြီး အားလုံးက အိပ်ပျော်သွားကြပြီ။ ယွင်ယွီကတော့ ဝိဉာဉ်စမ်းရေရောင်ဝါတွေကို သူမရဲ့ သွေးကြောဆုံမှတ်တွေဆီ ဖြေးဖြေးချင်း လမ်းညွန်ပေးနေတော့တယ်။

ကောချွင်က စောစောအိပ်တဲ့လူတွေထဲ ပါတယ်။ ဒါပေမဲ့ သူမကတော့ အိပ်မက်ဆိုးနဲ့ကြုံရတော့မှာ သေချာပေါက်ပဲ။

ရုပ်လွန်ပညာ ဆရာတစ်ဆူဖြစ်ချင်တဲ့လူဟာ ရုပ်လွန်ပညာရဲ့ ကျင့်ကြံခြင်း၊ ဆေးပညာ၊ ဂဏန်းဗေဒင်၊ ကံကြမ္မာဖတ်ခြင်းနှင့် ဂမ္ဘီရပညာ စတဲ့ ပညာရပ်ခွဲ ငါးမျိုးကို တတ်ကျွမ်းရလိမ့်မယ်။

သူမ အရင်ဘဝကတော့ ယွင်ယွီက အားလုံးကို ကျွမ်းကျင်ခဲ့တယ်။ သူမတွက်ချက်မှုအရ နဂါးသွေးကြောက ပျက်သုန်းနေပြီး ဝေ့မင်းဆက်ကလည်း အဆုံးသတ်တော့မယ်။ သွေးစတေးခြင်းကပဲ ပြဿနာရဲ့အဖြေ ဖြစ်နေခဲ့တယ်။ မဟုတ်ရင် ဝေ့မင်းဆက်က ခက်ခဲမှုတွေ ကြုံမယ်။ တိုင်းသူပြည်သားတွေ ငတ်မွတ်ခေါင်းပါး ကြလိမ့်မယ်။ သူမတို့မိသားစုကတော့ အဆိုးဆုံးပဲ အလောင်းတောင် ပြန်မရတဲ့ သေဆုံးမှု။ အဲ့ကိစ္စကို သူမမြင်ချင်တဲ့အတွက် သူမဘဝကို သူမစတေးဖို့ပဲ ရှိတော့တယ်။

သူအသက်နှစ်ဆယ်အထိနေခဲ့ပေမဲ့ ကြင်ယာတစ်ယောက်မှမ တွေ့ခဲ့ဘူး။

သူမမိသားစုကတော့ ဝမ်းနည်းနေတော့မှာပဲ။

ယွင်ယွီက သတိလက်လွတ် အိပ်ပျော်သွားခဲ့တယ်။ သူမအိပ်မက်တွေက အရင်ဘဝရဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဝိဉာဉ်စမ်းရေကို သောက်ပြီးတဲ့နောက် သူမရဲ့ခန္ဓာကိုယ်က ပြန်ပြီးလန်းဆန်းလာတော့တယ်။

စုန့်ကျင်းက စွမ်းအင်အပြည့်နဲ့ နိုးလာခဲ့တယ်။

“ရှောင်ယွီ ငါမနေ့ညက အိပ်လို့ တအားကောင်းတာပဲ။ တစ်ချက်တောင် မနိုးလာဘူး”

ဘွဲ့လွန်စာတမ်းက သူတို့အတွက် ဖိအားတအားများတော့ သူမ ကောင်းကောင်း မအိပ်ရတာ တော်တော်ကြာလှ‌နေပြီ။

“မြန်မြန်ပြင်ဆင်တော့ ဒီမနက် အင်တာဗျူးရှိတယ်”

စုန့်ကျင်းက ယွင်ယွီရဲ့ ၄နှစ်လောက် အတူနေလာတဲ့ သူငယ်ချင်း သူမရဲ့မိသားစုက ပြည့်စုံပြီး သူမကပဲ တစ်ဦးတည်းသော ကလေးလေ။ သူမက မြို့တော်က မဟုတ်ဘူးဆိုပေမဲ့ ဒီမှာအလုပ်လုပ်ဖို့ ပြင်ထားပြီးသား။

ကျူးကျားလည်း ထလာတယ်။ သူမက ကောင်းကောင်း အိပ်ရတဲ့ပုံမပေါ်ဘဲ မျက်ကွင်းတွေ ညိုနေတယ်။ သူမကလည်း ဒီနေ့အင်တာဗျူးရှိတယ်။

သူမတို့လေးယောက်က တက္ကသိုလ်ပထမနှစ်ကတည်းက ဒီအိပ်ဆောင်မှာပဲ နေခဲ့ကြတာ။ ကောချွင်က လုံးဝကို ဘုရင်မကြီးအတိုင်းပြုမူပြီး ရိုင်းစိုင်းပြီး လူတွေကို ပြဿနာ လိုက်ရှာတတ်တဲ့ စိတ်ထားရှိတယ်။

သူမက စုန့်ကျင်းနဲ့ ယွင်ယွီတို့နဲ့ အတူမနေနိုင်ဘူး။ ဒါပေမဲ့ ကျူးကျားနဲ့ဆိုရင်တော့ သူ့စိတ်ထားက နူးညံ့ပြီး ရင်းနှီးနေတယ်။

“ရှောင်ယွီ ဘယ်ဟာလှလဲ။ အညိုလား သနပ်ခါးရောင်လား”

“ရှောင်ယွီ ငါဆံပင်ကို ကလစ်နဲ့တွယ်သွားရမလား မဟုတ်ဘူး ပိုနီတေးပဲစည်းတော့မယ်”

“ရှောင်ယွီ....”

မပြီးနိုင် မဆုံးနိုင်ထွက်လာတဲ့ အသံတွေကြောင့် ကောချွင်က ငေါက်ကနဲ ထထိုင်ပြီး အော်တော့တယ်။

“နင်တို့ တအားဆူညံတာပဲ။ ငါ ကောင်းကောင်းအိပ်လို့ကို မရဘူး”

သူမက ညက တစ်ညလုံး အိပ်မက်ဆိုးနဲ့ နပမ်းလုံးနေတော့ သေချာတောင် မအိပ်ရဘူးလေ။

ကောချွင်ရဲ့အသံကိုကြားတော့ စုန့်ကျင်းက သူမဖက်ကို လှည့်ကြည့်လိုက်ပြီး တအား လန့်သွားတော့တယ်။

သပ်သပ်ရပ်ရပ်မရှိ ခေါင်းမွေးစုတ်ဖွာ နီရဲနေတဲ့မျက်လုံးနဲ ညိုမည်းနေတဲ့မျက်ကွင်းတွေက စုန့်ကျင်းကို တအားလန့်သွားစေတယ်။

ယွင်ယွီက ကောချွင်ရဲ့ပုံစံအသစ်ကို သဘောတကျ ကြည့်လိုက်တယ်။ သူမမနေ့က ကောချွင်ထဲကို ယင်အငွေ့တချို့ ပေါင်းပေးလိုက်တာ။ စစချင်းတော့ အိပ်မက်ဆိုးလေး မက်ရုံဆိုပေမဲ့ ကြာရင်တော့ ပိုဆိုးဝါးတာတွေ လာလိမ့်မယ်။

ယွင်ယွီက နှစ်နှစ်ဆယ်ကြာအောင် ရုပ်လွန်ပညာကို လေ့လာခဲ့ပေမဲ့ အလွန်ဆုံးမှ ရုပ်လွန်ပညာနဲ့ တစ်ယောက်ယောက်ကို ပညာပေးရုံလောက်သုံးခဲ့တာ ဘယ်သူ့ကိုမှ မသတ်ဖူးဘူးလေ။ ကောချွင်ကတော့ ပထမဆုံးဖြစ်လိမ့်မယ်။ သူမက ရှောင်ယွီရဲ့ ခန္ဖာကိုယ်ကို ယူထားမှတော့ ရှောင်ယွီအစား လက်စားချေပေးသင့်တယ်မလား။

အတန်းသားတွေ့ဆုံပွဲက အတန်းကိုယ်စားလှယ်ဖြစ်တဲ့ ဒုတိယမျိုးဆက် သူဌေးသား မုန့်ကျန်းက‌ ကျင်းပခဲ့တာ သူက မျက်ခုံးကောင်းပြီး နဖူးကျယ်တယ်။ တစ်ဘဝလုံး ချမ်းချမ်းသာသာ နေရလိမ့်မယ်။

သူ့ပုံစံက မိန်းကလေးအတန်းဖော်တွေဆီ ဆေးခပ်ထားတဲ့ဝိုင်ပေးမဲ့ ရုပ်မျိုးတော့ မဟုတ်ဘူး။

နောက်ကြံရာပါတစ်ယောက်ကို မသိပေမဲ့ သူမ သိရဝါနဲ့ အဲ့လူကိုပါ အလွတ်ပေးတော့မှာ မဟုတ်ဘူး။

ယွင်ယွီက ရဲသွားမတိုင်နိုင်ဘူး။ ကလပ်ကလည်း သီးသန့်ကလပ်ဖြစ်သလို သူမကလည်း ငွေအင်အား လူအင်အား မပြည့်ဝနေဘူး။ တကယ်လို့ သူမသာလုပ်ရင် သူမမိသာစုက တံထွေးခွက်မှာ ပက်လက်မျောရလိမ့်မယ်လေ။

ရှေးခေတ်ကဆို အတင်းပြောတယ်ဆိုတာက ပုံမှန်အလုပ်ပဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်၊ ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်တာပဲလေ။

စကားနှစ်ခွန်း ပြောပြီးတာနဲ့ ကောချွင်က ပြန်အိပ်ပျော်သွားတယ်။ သူမက ဒီကိစ္စကိုပါ အိပ်မက်ဆိုးလို့ တွေးနေမိလောက်တယ်။

ကျန်တဲ့သုံးယောက်က အဝတ်အစားဝတ်ပြီးတော့ ထွက်ဖို့ပြင်ကြတော့တယ်။ ယွင်ယွီက စုန့်ကျင်းကို ရေဘူးကမ်းပေးပြီး “လမ်းမှာ ရေဆာနေဦးမယ်။ ရေဘူး ယူသွားဦး” အဲ့ရေက ဝိဉာဉ်စမ်းရေ ရောထားပြီးသား။

စုန့်ကျင်းက မူလရှောင်ယွီရဲ့သူငယ်ချင်းကောင်းပဲ။ ရှောင်ယွီရဲ့မိသားစုက အဆင်မပြေတော့ တစ်ခါတလေဆို သူမစားစရိတ်တောင် မလောက်ဘူး။ အဲ့လိုဆို စုန့်ကျင်းက သူမကို အမြဲကူညီသလို သူမရဲ့ဆင်းရဲတာကိုလည်း တစက်မှ ဂရုစိုက်တဲ့ပုံ မပေါ်ဘူးလေ။

မူလကိုယ်သာ အသက်ရှင်နေရင် သူငယ်ချင်းတွေ မိသားစုတွေနဲ့ တကယ်ပျော်စရာကောင်းမှာပဲ။ မူလကိုယ်အတွက် ကုသိုလ်ကောင်းမှုတွေ များများလုပ်ပေးမှ ရမယ်။

“ကျေးဇူး‌နော် ရှောင်ယွီ န င်ရှိနေလို့ တော်သေးတယ်။ ငါမေ့တောင် မေ့နေတာ”

စုန့်ကျင်းကလည်း ဂျာနယ်လစ်အဖြစ် လေ့လာခဲ့ပေမဲ့ သူမက သတင်းထောက် ဂျာနယ်လစ်အဖြစ် မလုပ်ဘဲ အင်တာနက်ကုမ္ပဏီတစ်ခုမှာ ကွန်ယက်အယ်ဒီတာအဖြစ် ဝင်လုပ်ဖို့ ကြံထားတယ်။

“မပူပါနဲ့ နင် အလုပ်ရမှာပါ”

ယွင်ယွီအမြင်အရတော့ စုန့်ကျင်းရဲ့မျက်နှာရောင်ဝါက ရဲရဲတောက်နေတယ်။ ဒီနေ့အင်တာဗျူးက သူမအတွက် ခက်မှာ မဟုတ်ဘူး။

ယွင်ယွီက စုန့်ကျင်းနဖူးကို ပုတ်ရင်းနဲ့ သူမရဲ့ ကျင့်စဉ်ရောင်ဝါတစ်စကို ထည့်ပေးလိုက်တယ်။

စုန့်ကျင်းက သူမရဲ့တွေးခေါ်နိုင်စွမ်းတွေ ပိုထက်မြက်လာသလို ခံစားလိုက်ရတယ်။ သူမအင်တာဗျူးဖြေမဲ့ကုမ္ပဏီက အကျိုးအမြတ် ကောင်းတယ်။ သူမသာအလုပ်ရခဲ့ရင် ကုမ္ပဏီက အဆောင်ခန်းတစ်ခုပါ ပေးငှားမှာဆိုတော့ အိမ်ခန်းငှားခတွေ အများကြီး စုမိတော့မှာလေ။

စုန့်ကျင်းက ရေဘူးကို အိတ်ထဲထည့်ပြီး ယွင်ယွီကို ဖက်လိုက်တယ်။

“ရှောင်ယွီ ဖိုက်တင်း”

“ဖိုက်တင်း...”

စုန့်ကျင်း ထွက်သွားပြီးတော့ ယွင်ယွီလည်း အဝတ်လဲပြီး ထွက်သွားတော့တယ်။ ကျူးကျားလည်း ယွင်ယွီရဲ့ သာမန်ကာလျှံကာပဲ ဝတ်ထားတဲ့ပုံကို မြင်ပေမဲ့ ဘာမှမပြောခဲ့ဘူး။

မေလဆိုတော့ အပူဒဏ်က တော်တော်ကျန်သေးတယ်။ နည်းနည်းကြပ်တဲ့ အဝတ်တွေဝတ်ထားမိတဲ့ ယွင်ယွီကတော့ ချွေးတောင် ပြန်ချင်လာပြီ။ သူမက တက္ကသိုလ်ဝင်ပေါက်မှာ ရပ်ပြီး ခမ်းခမ်းနားနား ရေးထိုးထားတဲ့ ရွှေရောင် စာလုံးကြီးတွေကို မော့ကြည့်လိုက်တယ်။ “နိုင်ငံ့မီဒီယာတက္ကသိုလ်”

သူမရဲ့ခံစားချက်တွေက ရှုပ်ထွေးနေခဲ့တယ်။

သူမ အင်တာဗျူးဖြေဖို့ မတွေးထားဘူး။ ယွင်ယွီရဲ့မှတ်ဉာဏ်တွေ ရထားတယ်ဆိုရင်တောင် သူမဒီကမ္ဘာနဲ့ အသားကျသေးတာ မဟုတ်ဘူး။ မီဒီယာနဲ့ပတ်သက်ပြီးလည်း နကန်းတစ်လုံးမှ မသိတော့ ဆက်တွေးနေရင် သူမ‌ဦးနှောက် ပျက်တော့မယ်။ မူလကိုယ်က စာတမ်းပြုစုတာ ပြီးသွားတာကိုပဲ သူမကျေးဇူးတင်ရမယ်။ မဟုတ်ရင် သူမဘွဲ့တောင်ရဖို့ မသေချာဘူး။

သူမ အင်တာဗျူးဖြေရင်လည်း ကျမှာဆိုတော့ သွားမနေတော့ဘူး။ အိမ်ကိုလည်း မပြန်ရဲဘူး။

မူလယွင်ယွီရဲ့ မိသားစုအခြေအနေက နည်းနည်း ရှုပ်နေတယ်။ သူမက မိသားစုအထဲမှာ ဒုတိယကလေး ဖြစ်နေတယ်။ သူမအထက်မှာ အသက်နှစ်ဆယ့်လေးနှစ်အရွယ် အစ်မဖြစ်တဲ့ ယွင်လန်ရှိတယ်။ ပြီးတော့ အထက်တန်းဒုတိယနှစ်တက်လက်စ ဆယ့်ခုနစ်နှစ်သားအရွယ် မောင် ယွင်ရှင်းပေါ့။ မူလယွင်ယွီရဲ့အမေ ဖုန့်ရှုကျန်းက လွန်ခဲ့တဲ့ဆယ်နှစ်က သူမခင်ပွန်းနဲ့ ကွာရှင်းခဲ့တယ်။ အကြောင်းက သူမခင်ပွန်း ယန့်မောက်လျန်က ဖောက်ပြန်ခဲ့ပြီး မယားငယ်က အသက်လေးနှစ်အရွယ် သမီးတစ်ယောက်ပါ ရနေတာကို သိလိုက်ရတယ်။ အဲ့ဒါအပြင် သူမက လက်ထပ်ဖို့တောင် ဖိအားပေးလိုက်သေးတယ်လေ။

အဲ့အချိန်မှာ ဖုန့်ရှုကျန်းကလည်း ယွင်ရှင်းကို လွယ်ထားရတဲ့အချိန် ဖြစ်နေတော့ ကွာရှင်းလို့လည်းပြီးရော ရင်ကွဲနာနဲ့ ယွင်ရှင်းကို လမစေ့ခင်မွေးတော့တာပဲ။ အဲ့တော့ ယွင်ရှင်းက ကျန်းမာရေး သိပ်မကောင်းဘူးလေ။ ဖုန့်ရှုကျန်းကလည်း မွေးဖွားပြီး စိတ်ကျရောဂါ ဝင်သွားတယ်။ ကားနဲ့ အတိုက်ခံလိုက်ရပြီး ဘယ်ခြေထောက် ကျိုးသွားတဲ့အတွက် မသန်စွမ်း ဖြစ်သွားတော့တယ်။ အဲ့နှစ်အပိုင်းအခြားမှာ သူမကိုယ်သူမတောင် ဂရုမစိုက်နိုင်တော့ အဖွားယွင်က သူမတို့ဆီ အတူလာနေပြီး ဂရုစိုက်ရတော့တယ်။

အဖွားယွင်က တကယ်ကောင်းတဲ့လူပဲ။ သူ့သားက သူ့ချွေးမကိုပစ်ပြီး နောက်မိန်းမ ယူသွားတော့ သူ့သားနဲ့ အဆက်အသွယ် လုံးဝဖြတ်ပြီး သူမချွေးမနဲ့ လာနေတော့တယ်။

ယွင်ရှင်းနည်းနည်းကြီးလာတော့ ဖုန့်ရှုကျန်းလည်း သက်သာလာပြီး သူမကိုယ်သူမရော ကလေးတွေကိုရော ဂရုစိုက်နိုင်လာတော့တယ်။

ယွင်ယွီရဲ့ အစ်မက အထက်တန်းအပြီးမှာ ယန့်ယွီနဲ့ ယွင်ရှင်းအတွက် အထက်တန်းအပြီးမှာ အလုပ် ဝင်လုပ်တော့တယ်။

တစ်မိသားစုလုံးက ထောက်ပံ့ထားခဲ့တဲ့ ကျောင်းသူအနေနဲ့ သူမကသာ အလုပ်မရှာဘဲ မွေးရပ်မြေပြန် ဗေဒင် ဟောစားမယ်လို့ပြောရင် သူမမိသားစုက လက်ခံမယ် မထင်ဘူး။

သူမ အလုပ်မရှာဘဲ နေရဲပါ့မလား။

ယွင်ယွီက လမ်းဆုံမှာ ရပ်နေရသလို ခံစားရတယ်။ သူမက အလိုလိုက်ခံခဲ့ရတဲ့ မင်းသမီး ဖုယွီဖြစ်ခဲ့တာ ရုပ်လွန်ပညာလေ့လာချိန်ကလွဲရင် ကျန်တဲ့အချိန်က သက်တောင့်သက်သာ နေခဲ့ရတာ။ (T/N- Fu Yu ဖုယွီက ကောင်းချီးခံကျောက်စိမ်း လို့အဓိပ္ပါယ်ရသတဲ့) သူမရဲ့ မိဘနဲ့ အစ်ကိုကြီးက သူမကို အလွန်အမင်း ကာကွယ်ပေးခဲ့တော့ အခုလိုအချိန် မြို့ကြီးထဲမှာ ဘာသက်မွေးပညာမှ မတတ်ဘဲ နေနိုင်ပါတော့မလဲ။ သူမကရော ဗေဒင်ဟောတာနဲ့ ဖုန်းရွှေအလုပ်ကလွဲရင် ဘာများ လုပ်တတ်လို့လဲ။

ယွင်ယွီသက်ပြင်းချပြီး ဒီတစ်ရက်တော့ စာကြည့်တိုက်ကိုပဲသွားဖို့ လုပ်တော့တယ်။

နိုင်ငံ့အဆင့်မှီစာကြည့်တိုက်က အနီးမှာရှိတော့ သူမအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားတယ်။ စာကြည့်တိုက်ထဲမှာက သက်တောင့်သက်သာနဲ့ ငြိမ်းချမ်းတယ်။ သူမက စာကြည့်တိုက်ကဒ် ယူသွားပြီး လူရှင်းတဲ့ထောင့်ကိုရှာ ဝိဉာ‌ဉ်စမ်းရေ နည်းနည်းသောက်ပြီး စကျင့်ကြံတော့တယ်။ ညလည်းရောက်ရော ပေါင်မုန့်နည်းနည်းပဲ စားခဲ့တဲ့သူမက ဗိုက်ဆာနေပါတော့တယ်။

အိပ်ဆောင်ကို ပြန်ရောက်တော့ စုန့်ကျင်းက ပြန်ရောက်နေပြီးပြီ အူမြူးနေပုံထောက်တော့ အင်တာဗျူး အောင်လာတဲ့ပုံပဲ။

ယွင်ယွီ ပြန်ရောက်လာတာမြင်တော့ စုန့်ကျင်းသူမရဲ့ တစ်နေ့တာကို ပြန်ဖောက်သည်ချလာပြီး သူမရဲ့ အင်တာဗျူးအခြေအနေကိုပါ မေးလာတယ်။ စုန့်ကျင်းကို မလိမ်ချင်တဲ့အတွက် ယွင်ယွီလည်း “ငါဒီနေ့ သွားမဖြေဘူး။ ငါ တခြားလုပ်စရာရှိလို့ ပြီးမှ ငါပြောပြမယ်”

စုန့်ကျင်းက အင်တာဗျူး အောင်ခဲ့ပြီး နောက်ရက်ကစ အလုပ်ဝင်ရမယ်။ သူမက သူမရဲ့ပစ္စည်းတွေ ပြန်လာသိမ်းတာ။ သူမက ယွင်ယွီ၊ ကျူးကျားနဲ့ ဘေးအခန်းက ဖန့်ရှန်းရှန်းကို ပုစွန်အစပ်စားဖို့ ခေါ်သွားတော့တယ်။ ကျောင်းနားမှာလည်း စားစရာအစုံရတဲ့ အစားအသောက်တန်းရှိတော့ သူမတို့အတွက် ရေကန်အသင့် ကြာအသင့်ပဲလေ။ နွေရာသီဆိုတော့ ပုစွန်အစပ်က တရုတ်ရဲ့ မြို့ကြီးမြို့ငယ်မချန် ချက်နည်းအမျိုးမျိုးနဲ့ လူကြိုက်အများဆုံးဟင်းပဲပေါ့။

ဒါပေမဲ့ ကောချွင်ကိုတော့ သူမ မဖိတ်ခဲ့ဘူး။

သူမတို့နှစ်ယောက်က လုံးဝသဟဇာတ မဖြစ်နိုင်တဲ့ အခြေအနေကို ရောက်သွားပြီလေ။ အားလုံးအိပ်ဆောင်ထဲကထွက်သွားတော့ ကောချွင်က စိတ်လွတ်တော့မလို ဖြစ်နေပြီ။ သူ တစ်နေ့လုံးဘာလို့ ပျာယာခတ်နေပြီး တနေကုန် အေးစက်ထိုင်းမှိုင်းနေလဲ နားမလည်နေဘူး။

ဖန့်ရှန်းရှန်းက ယွင်ယွီ၊ စုန့်ကျင်းနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးရှိပြီ အိပ်ဆောင်ဘေးအခန်းမှာ နေတာ။ သူမရဲ့ မိသားစုအခြေအနေကလည်း အဆင်ပြေတယ် ပြောရမယ်။

သူမတို့လေးယောက်က အစားအသောက်တန်းထဲမှာ ပုစွန်လက်ရာကောင်းတဲ့ဆိုင် သွားတွေ့တယ်။ လူကျနေတော့ သူမတို့က အပြင်ဘက်အစွန်ဝိုင်းပဲ ရတော့တယ်။ သူမတို့က ပုစွန်နည်းနည်း၊ ခုံးကောင်တချို့နဲ့ အသီးအရွက်ကြော်တချို့ မှာလိုက်တယ်။ ဟင်းပွဲတွေ လာချမှာ စောင့်နေတဲ့အချိန်မှာ ဖန့်ရှန်းရှန်းက သက်ပြင်းချပြီး ပြောလိုက်တယ်။ “ငါက အစီအစဉ်ကြေငြာသူ ဖြစ်ချင်တာ။ ဒါပေမဲ့ ငါ့အမေက သူ့ကုမ္ပဏီမှာပဲ အလုပ်ဝင်စေချင်နေတယ်။ အရင်ကတော့ ငါဝါသနာပါတဲ့ မေဂျာယူ။ ငါ ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ပေးမယ်လို့ပြောခဲ့တာပဲ။ အခုကျတော့ သူတို့ ပြောခဲ့တာတွေကို မသိချင်ယောင် ဆောင်နေပြီ။ အိမ်ကိုတောင် မပြန်ရဲလို့ အိပ်ဆောင်မှာပဲ ခဏလောက်ခိုနေဦးမယ်”

“ငါလည်းပဲ အဲ့လိုသက်တောင့်သက်သာနဲ့ အလုပ်လေး ရလိုက်ချင်တာပေါ့” စုန့်ကျင်းက ညည်းတော့တယ်။

ယွင်ယွီက သူမရဲ့ သူငယ်ချင်းတွေကို ကြည့်တယ်။ ပြီးတော့ အစားအသောက်တန်းကို ကြည့်တယ်။ လုံးဝဆူညံပြီး လူတန်းစားပေါင်းစုံနဲ့ ပြည့်နှက်နေတယ်။ နေ့ခင်ပိုင်းနဲ့မတူတဲ့ ကမ္ဘာသစ်တစ်ခုကို ကြုံတွေ့လိုက်ရတော့ သူမကို လန်းဆန်းသွားစေတယ်။

ကြည့်နေမိတုန်း ယွင်ယွီက အသက်လေးဆယ်လောက်ရှိတဲ့ မိန်းမတစ်ယောက်က ကျီးကန်းတောင်မှောက်နဲ့ ကြည့်နေရင်း ကလေးငယ်လေးတစ်ယောက်ကို ပွေ့ထားတာကို တွေ့လိုက်ရတယ်။ ကလေးက တစ်နှစ်သားအရွယ်လောက်ပဲရှိသေးပြီး အဲ့မိန်းမရဲ့ လက်မောင်းထဲမှာ အိပ်နေတယ်။

ယွင်ယွီမျက်မှောင်ကျုံ့ပြီး မိန်းမနဲ့ ကလေးရဲ့မျက်နှာကို စိုက်ကြည့်လိုက်တော့တယ်။

******

All Chapters