အခန်း ၄
Vol. 1 Ch. 4
အပိုင်း (၄)
ယွင်ယွီရဲ့ဖုန်းက နှစ်အတော်ကြာနေပြီ။ သူမရဲ့ အမေနဲ့ အစ်မက သူမရယ် သူမအောက်ကမောင်ရယ်ကို ထောက်ပံ့ဖို့ အသားကုန်ကြိုးစားနေရတော့ သူမလည်း ဖုန်းမလဲနိုင်ဘူးလေ။
ခေါ်တဲ့နံပါတ်အရ ဒီနောက်ပိုင်း မိုဘိုင်းဖုန်းတွေနဲ့မဟုတ်ပဲ အထိုင်ဖုန်းနံပါတ်ကြီးလေ။ သူမကိုင်ဖို့ လက်တွန့်မိတယ်။ ဘယ်နားက အထိုင်ဖုန်းမှန်းမှ မသိတာကိုး။ ဒါပေမဲ့ ကိုင်လိုက်ပါသေးတယ်။ ကိုင်လိုက်တာနဲ့ ယောက်ျားသံက ပေါ်လာတော့တယ်။
“ဟယ်လို ကျောင်းသူယွင်ယွီလား။ မနေ့ကရဲစခန်းမှာတွေ့ခဲ့တဲ့ အရာရှိချန်း ပြောနေတာပါ။ မနေ့က ကူညီပေးတဲ့အတွက်ကျေးဇူးပါပဲ။ အဲဒါအသာထား။ ကလေးမိဘတွေက ကလေးရှာတွေ့တဲ့လူကို လူကိုယ်တိုင် ကျေးဇူးတင်ရင်း ဆုအဖြစ် ငွေသား ယွမ်တစ်သိန်းပေးဖို့ လုပ်နေကြတယ်။ အဲဒါကြောင့် စခန်းကိုလာယူပါလား”
မနေ့က ယွင်ယွီက ကလေးထိန်းကိစ္စကို ပြောလိုက်တဲ့အတွက် ဟန်ဟွေ့နဲ့ ဟယ်ဖန်းက တအားသွေးပျက်ပြီး လန့်သွားတာကြောင့် သူမကိုတောင် ကျေးဇူး မတင်လိုက်နိုင်ဘူးလေ။ သူတို့က ယွင်ယွီက ငွေကြေးအခက်အခဲ ဖြစ်နေတာ သိလိုက်တော့ သူတို့က တခြားတစ်ခုခုအစား ဆုငွေအဖြစ် ပြောင်းပေးဖို့ပဲ တွေးလိုက်ကြတော့တယ်။
တစ်နာရီလောက်ကြာတော့ ယွင်ယွီလဲ ရဲစခန်းကို ရောက်လာတယ်။ ဟန်ဟွေ့နဲ့ ဟယ်ဖန်းက ကြိုတောင် ရောက်လို့ သူမကိုစောင့်နေပြီ။ သူတို့က သူမကို ကျေးဇူးတင်စကားဆိုရင်း ထမင်းဖိတ်ကျွေးဖို့ ပြောပေမဲ့ ယွင်ယွီက သူမမှာ လုပ်စရာရှိကြောင်းပြောရင်း ငြင်းလိုက်တယ်။ အဲ့ဒါပြီးတော့ သူမက မနေ့က ကလေးထိန်းကိစ္စကို မေးတဲ့အခါမှာတော့ ဟန်ဟွေ့က
“မနေ့က ရှူချူးဟွားရဲ့နောက်ကြောင်းကို ရဲတွေ လိုက်စစ်တော့ သူမက အိမ်အကူကုမ္ပဏီမှာ ဝင်လုပ်ရင်း အိမ်ရှင်ကလေးတွေက အိမ်က ရှောင်ပေါင်လို တစ်ပုံစံတည်းဆိုတဲ့ နည်းမျိုးနဲ့ပျောက်တာတဲ့ အရာရှိချန်းက လူကုန်ကူးသမားနှစ်ယောက်ကိုစစ်တော့ သူတို့ကလည်း ရှူချုးဟွားကိုသိပြီး အရင်ကလေးကို အဲ့လိုတစ်ပုံစံတည်း ခိုးခဲ့တာတဲ့”
ဟယ်ဖန်းက သူ့ကလေးကို တင်းတင်းဖက်လိုက်တယ်။ ဆယ်လအရွယ်ကလေးက ဘာသိမှာလဲ။ သူ့အဖေလက်ပေါ်မှာ ငြိမ်ငြိမ်လေး လဲနေရုံလေးပေါ့။
“အဲလိုလူကို အဲ့ကုမ္ပဏီက ဘယ်လိုတောင် ငှားရတာလဲ”
ဟန်ဟွေ့က ဒေါသထွက်ပြီး တုန်နေတယ်။ “သူက ရောက်ပြီး ဘယ်လောက်မှ မကြာသေးဘူး။ သူ့သားလက်ထပ်ဖို့ ငွေလိုလို့ဆိုပြီး ကျွန်မတို့ဆီ ယွမ်တစ်သိန်း တောင်းချေးတယ်။ ကျွန်မလဲ ငြင်းတာပေါ့။ ပြီးတာနဲ့ အဲ့လိုလုပ်တော့တာပဲ ယွမ်တစ်သိန်း အရေးတကြီးလိုလိုများ ရှောင်ပေါင်ကို ခိုးတာလား”
အဲ့အချိန်မှာ အရာရှိချန်းက ထွက်လာပြ ရှင်းပြရတော့တယ်။
“ဒါက သူ့ဒုတိယအကြိမ်လေ။ အရင်သုံးနှစ် လေးနှစ်လောက်က အိမ်တစ်အိမ်မှာ သူကလေးထိန်း ဝင်လုပ်သေးတယ်။ အဲ့အိမ်ကလည်း တော်တော် ပိုက်ဆံရှိသား။ ဒီလိုပဲ ယွမ်တစ်သိန်း တောင်းချေးတယ်။ ငြင်းတော့ သူသတိမထားမိလို့ဆိုပြီး ကလေးက ပျောက်တယ်။ ခိုးတာကလည်း အခုနှစ်ယောက်က သွားခိုးတာပဲ။ အဲ့တုန်းက သာမန်ကလေးပျောက်မှုလောက်လို့ ထင်ခဲ့တာ။ လူကုန်ကူးမှုနဲ့ ပတ်သက်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။ အဲ့မိသားစုဆိုရင် အခုအထိ သူတို့ကလေးကို ရှာနေတုန်းလေ”
ယွင်ယွီမျက်ရည် ဝဲသွားတော့တယ်။ အရာရှိချန်းက ဆက်ပြောတယ်။
“အဲ့မိသားစုက မြို့တော်က မဟုတ်ဘူးလေ။ အခု သူတို့ကို ဆက်သွယ်ထားတော့ အခု လာနေလောက်ပြီ။ ဒီနှစ်ယောက်က ကလေးပေါင်း အများကြီး ခိုးခဲ့ဖူးတော့ သူတို့ဆီကနေစပြီး ဒီအမှုကို ရေမြေအဆုံးအထိ လိုက်နိုင်လိမ့်မယ်။ တစ်ခုခု ရှာတွေ့ရင်တော့ လာသတင်းပေးကြပါ။ ကျွန်တော်တို့ အဲဒါ တကယ်လိုအပ်တာမလို့”
ဟန်ဟွေ့က သူမမျက်ရည်တွေကို သုတ်ပြီး “အရာရှိချန်းက တိုက်ရိုက် လှမ်းဆက်လို့ရပါတယ်။ ကျွန်မလည်း အလုပ်ထွက်ပြီး ကလေးကို ဂရုစိုက်ဖို့ တွေးထားတယ်။ ကလေးထိန်းနဲ့ မလွှတ်ထားရဲတော့ဘူးလေ”
ကလေးရဲ့ လန့်ပြီး လိပ်ပြာလွှင့်နေသလို ရုပ်ကိုမြင်တော့ ယွင်ယွီလည်း အရာရှိချန်းဆီကနေ စာရွက်ဖြူတစ်ရွက်နဲ့ ရေနည်းနည်း တောင်းလိုက်တယ်။ သူမ ဘာလုပ်ချင်လဲ တခြားလူတွေကနားမလည်ဘူး။ သူမက လက်ညိုးကို ရေထဲနှစ်ပြီး အဲ့ရေနဲ့ စာရွက်ဖြူပေါ်မှာ တစ်ခုခုဆွဲတော့တယ်။ သူမ ဆွဲတာကမြန်တော့ တခြားလူတွေက ယွင်ယွီ ဆွဲပြီသွားတဲ့အချိန် စာရွက်က ရွှေရောင် လက်သွားသလိုခံ စားရပေမဲ့ တကယ်လား မှားမြင်တာလား မသိကြဘူး။
သူမက စာရွက်ကို ခေါက်ရင်း ဟန်ဟွေ့ကို ကမ်းပေးလိုက်တယ်။ “ကလေးက လန့်နေသလိုပဲ။ လိပ်ပြာလွှင့်ပြီး ညညထငိုတာတွေ မဖြစ်အောင် ဒီအကာအကွယ် အဆောင်ကို သူ့အိတ်ကပ်ထဲ ခေါက်ထည့်ထားပေး”
ရဲတွေက နှာခေါင်းကို ပွတ်လိုက်မိတယ်။ ဒီရှေးရိုးစွဲ အဆောင်ဆွဲတာလို ဆိုရှယ်လစ်လမ်းစဉ် ဆန့်ကျင်နေတာမျိုးကို ဒီအရွယ် ကလေးမလေးက လုပ်လိမ့်မယ်လို့ သူတို့ ထင်မထားဘူး။ သေချာတွေးကြည့်မှ ဒီကလေးမ တကယ်သတ္တိကောင်းတာပဲ။ ရဲစခန်းထဲလာပြီး ဒီကိစ္စမျိုး လုပ်ရဲတယ်ဆိုတော့လေ။
ယွင်ယွီအတွေးကတော့ ရိုးပါတယ်။ သူမယွမ်တစ်သိန်းရလိုက်တော့ တစ်ခုခု ပြန်လုပ်ပေးချင်တဲ့အတွက် အဲလို လုပ်လိုက်တာပဲလေ။ ကျင့်စဉ်မရှိသေးပေမဲ့ ဝိဉာဉ်စမ်းရေနဲ့ ဆွဲလဲရတာပဲလေ။ ရေတစ်ခွက် တောင်းတာက စမ်းရေကို ဖုံးဖို့သက်သက်ပဲ။ တကယ်တနကျ ရုပ်လွန်ပညာက လွယ်ကူမနေဘူးလေ။ သူမ ဒီလမ်းလိုက်ခဲ့တာက ဝိဉာဉ်စမ်းရေကြောင့်ပဲဆိုပေမဲ့ သူမတကယ် သဘောကျသွားခဲ့တာ။
သူမက ကျမ်းကြီး လေးကျမ်း၊ရှေးမူ ငါးမျိုး၊ အတတ်ပညာ ခြောက်မျိုး၊ ဂဏန်းဗေဒင်၊ ယင်ယန်နဲ့ ဓာတ်သဘာဝငါးမျိုးနဲ့ ရှေ့ဖြစ်ဟောစာတမ်းကျမ်းတွေ အားလုံး လေ့လာခဲ့ရတယ်။ အဲဒါတွေအပြင် သူမက လူ့ခန္ဓာကိုယ်သွေးကြောအလုပ်လုပ်ပုံ၊ ဖုန်းရွှေနဲ့ အစီအရင်ရေးဆွဲတာတွေအထိ သူမ လေ့လာတယ်။ သူမကြိုးစားမှုရဲ့ရလဒ်အနေနဲ့ အဆောင်တွေကို လွယ်လွယ်ဆွဲနိုင်လာပြီလေ။ အဆောင်ဆွဲတယ်ဆိုတာ ဖြတ်လမ်းနဲ့ အလွယ်နည်းမရှိဘူး သူမ လွယ်လွယ်ဆွဲနိုင်တာက သူမတောင် မမှတ်မိလောက်အောင် ဆွဲကျင့်ခဲ့တဲ့ အကျိုးကျေးဇူးပဲလေ။ အခုဆို ဝိဉာဉ်စမ်းရေအကူအညီနဲ့ သူမအခုအဆင့်နဲ့မဆွဲနိုင်မဲ့ အဆောင်တွေတောင် ဆွဲလို့ရတယ်။
သူမမှာ ဘာကျင့်စဉ်အခြေခံမှ ရှိမနေဘူးလေ။ သူမခန္ဓာကိုယ်က ဘာဝိဉာဉ်စွမ်းအင်ကိုမှ မသိမ်းဆည်း ထားနိုင်ဘူးလေ။ ဗေဒင်ဟောတာ၊ ဖုန်းရွှေအစီအရင်၊ ဂဏန်းဗေဒင်၊ ကုသတာ၊ ရှေ့ဖြစ်ဟောတာနဲ့ အဆောင်ရေးဆွဲတာ အားလုံးက ဝိဉာဉ်စွမ်းအင်ကို သုံးကြတယ်။ ဘာမဟုတ်တဲ့ ဗေဒင်ပညာရဲ့အခွဲလေးတွေကစလို့ ဗေဒင်ပညာသုံးပြီး နိုင်ငံ့ကံကြမ္မာဖတ်တာမျိုးအထိ ဝိဉာဉ်စွမ်းအင်က အနည်းနဲ့အများ လိုအပ်တာပဲ။
ရုပ်လွန်ပညာလေ့လာတဲ့လူတွေက ကောင်းကင်ဆန္ဒကို တအားမဖော်ထုတ်၊ မဆိုးယုတ်သ၍ အားနည်းမှုငါးမျိုးနဲ့ ချို့တဲ့မှုသုံးသွယ်ကို ကြောက်စရာ မလိုဘူးလေ။ ပြောရရင် ဖြစ်လာမဲ့ ကိစ္စကြီးကြီးတွေကို ထုတ်မပြောသ၍ပေါ့။ ကိစ္စကြီးကြီးဆိုတာမျိုးက လူလုပ်ကပ်ဘေး သဘာဝဘေးတွေလိုပေါ့ တကယ်လို့ထုတ်ပြောရင် ဒဏ်ပြန်ခံရတတ်တယ်လေ။ အဲ့လိုမခံစားချင်လို့ သူမလည်း လူတွေကို ကံကြမ္မာဖတ် ဖုန်းရွှေနဲ့ကူညီဆိုတာလောက်ပဲ လုပိပြီး ဒီတစ်ဘဝတော့ အပျင်းတစ်နေချင်တော့တယ်လေ။
သူမအရင်ဘဝက မင်းသမီးဆိုတော့ သူမမှာ စားဝတ်နေရေး တွေးပူစရာ ဘာမှမလိုဘူးလေ။ ဆီဦးထောပတ်တွေစား အကောင်းဆုံးအထည်ကိုဝတ် ကိုယ်ရံတော်တွေခြံရံရင်း သူမ ကူညီချင်တဲ့လူကို လိုက်ကူညီရုံပဲ ဘာမှလောကဓံကို တွေးပူစရာ မလိုဘူး။
သူမက မာနကြီးတဲ့ ပညာရှင်မဟုတ်ပဲ အချစ်ခံမင်းသမီးလေးလေ။ ဒါပေမဲ့ အခုတော့ အရင်ဘဝရဲ့ဆန့်ကျင်ဖက်ကို နေရတော့မယ်။
ဟန်ဟွေ့က သူမရှောင်ပေါင် မနေ့ည ပြန်ရောက်တော့ တအားငိုနေတာကို သတိရလိုက်တော့ ခေတ်လူငယ်ပီပီ မယုံပေမဲ့ အဆောင်ကို ကလေးအိတ်ကပ်ထဲ ထိုးထည့်ရင်း မေးလိုက်တယ်။ “ကျောင်းသူယွင် အဆောင်တွေက ရေနဲ့စာရွက်နဲ့ ဆွဲလို့ရတယ်ပေါ့”
ယွင်ယွီက ခေါင်းညိတ်ပြရင်း “အဝါရောင်စာရွက်နဲ့ ဟင်းရိုင်းသုံးဆွဲရင် ပိုကောင်းတာပေါ့။ ဘာလို့ဆို ဘယ်ပေါ်ဆွဲတယ်အပေါ် မူတည်ပြီး အဆောင်ရဲ့အလုပ်လုပ်ချိန်က ကွာသွားမှာ”
ဒါပေါ့ သူမမေးတဲ့အဆောင်က ကလေးလန့်တာပြေတဲ့အထိတော့ ခံပါသေးတယ်။ အများကြီး ဖြစ်ခဲ့ပေမဲ့ သူမစာကြည့်တိုက်ကိုသွား ထောင့်ကပ်ပြီး ဝိဉာဉ်စမ်းရေသောက်ဖို့ မမေ့ဘူးလေ။ ပြီးတော့ ညမမှောင်ခင်အထိ ကျင့်ကြံတာပေါ့။ ပြီးမှ အိပ်ဆောင်ကို ပြန်လာတော့တယ်။
ကျူးကျားက ပြန်မရောက်သေးပေမဲ့ ကောချွင်ကတော့ ရှိနေတယ်။ သူမကရေချိုးပြီးတဲ့ပုံပဲဆိုပေမဲ့ မျက်နှာက ဖြူဆုတ်နေတယ်။ သူမနှစ်ရက်ဆက် အိပ်မက်ဆိုး မက်ထားတာဆိုတော့ အဲလောက်တော့ ရှိမှာပေါ့လေ။ ယွင်ယွီက သူ့ကို ဂရုစိုက်မနေဘဲ အဝတ်တွေယူလို့ ရေသွားချိုးတော့တယ်။
သူမ ရေချိုးပြီးတော့ ဖန့်ရှန်းရှန်းက ထမင်းစားလာဖိတ်တယ်လေ။ ထမင်းစားကြတဲ့အချိန်မှာ ဖန့်ရှန်းရှန်းက အင်တာဗျူး အောင်သွားကြောင်း အလုပ်နဲ့နီးတဲ့နားမှာ အခန်းငှားနေကြောင်းတွေ ပြောပြတယ်။ သူမက နောက်နေ့အိပ်ဆောင်ကနေ ထွက်တော့မှာမလို့ ယွင်ယွီကို ထမင်းဖိတ်ကျွေးတာ။ ယွင်ယွီက ယွမ်တစ်သိနိးကို ခွဲပေးဖို့ကိစ္စကို ပြောပေမဲ့ ရှန်းရှန်းက လက်မခံဘူး။
“အဲ့ကလေးကို သတိပြုမိတာက နင်လေ ယွင်ယွီရဲ့ ငါတို့က ဘေးကကူရုံလေးပါဟာ။ ငါလည်း မယူသလို ကျင်းကျင်းလည်းယူမှာမဟုတ်ဘူး။ ပိုက်ဆံကို စုထားစမ်းပါ။ နင်လည်း အလုပ်ရရင် အိမ်ငှားနေရတာတွေရှိလာမှာ အဲ့ကျမှသုံး”
ကျူးကျားဆိုရင်တော့ အဲ့ကလေးမက ဘာမှမကူပဲ ချောင်ကပ်နေတာလေ။ ယွင်ယွီက သူမကို ချူးတစ်ပြား ပေးစရာလား။ ယွင်ယွီလည်း မီဒီယာအလုပ် မလုပ်လောက်ပေမဲ့ သူမအဲဒါကို ထုတ်မပြောနိုင်တော့ စကားလမ်းကြောင်းပဲ လွှဲရတော့တယ်။
ညစာစားပြီးတော့ သူတို့ ရုပ်ရှင်သွားကြည့်ကြတယ်လေ။ ဇာတ်ကားက အာကာသရဲ့ ကြယ်ကောင်းကင်အလှကို တကယ်ပြနိုင်တဲ့ ဇာတ်အိမ်ခိုင်ခိုင် သိပ္ပံရုပ်ရှင်မျိုးလေ။ ယွင်ယွီက မျက်တောင်တောင် မခတ်ချင်ဘူး။ မူလကိုယ်မှတ်ဉာဏ်ကနေ သိခဲ့ရတာတွေ ရှိတာတောင် ကိုယ့်မျက်လုံးနဲ့ကိုယ်မြင်ရတာက ပိုအံ့ဩစရာ ကောင်းတယ်လေ။ ရုပ်ရှင်ကြည့်ပြီး မုန့်တွေစားရင်း ဒီခေတ်မိန်းကလေးတွေရဲ့ အပျော်ကို သူမ ခံစားနိုင်ခဲ့တယ်။
သူမအိပ်ဆောင် ပြန်ရောက်တော့ အားလုံးကအိပ်နေပြီ။ သူမလည်း ဝိဉာဉ်စမ်းရေနဲ့ တစ်ကိုယ်လုံး ပွတ်တိုက်ပြီး အိပ်ဖို့လုပ်တော့တာ်။ မအိပ်ခင် သူမနေ့လယ်ကရခဲ့တဲ့ ယွမ်တစ်သိန်းရဲ့တစ်ဝက်ကို ပရဟိတမှာ လှူလိုက်တော့တယ်။
နောက်တစ်နေ့မှာတော့ သူမက ရှန်းရှန်းကို အထုတ်ကူပြင်ပေးပြီး နေ့လယ်မှာ စာကြည့်တိုက်ကို သွားတယ်။ ဒီရက်ပိုင်းက တအားပူတဲ့အပြင် သူမမှာ သွားစရာနေရာလည်း မရှိဘူးလေ။ အနည်းဆုံးတော့ စာကြည့်တိုက်က လေအေးပေးစက်ရှိပြီး သူမကျင့်ကြံတာကို လာနှောက်ယှက်မဲ့လူလည်း မရှိဘူး။
နှစ်ရက်လောက်ကြာတော့ ကျူးကျားလည်း အလုပ်ရပြီး ပြောင်းသွားတော့တယ်။ ကျန်ခဲ့တာက သူမနဲ့ ကောချွင်ပေါ့။ သူမကတော့ နေ့လယ်မှာ စာကြည့်တိုက် သွားကျင့်ကြံ၊ ညမှာ အဆောင်ပြန်အိပ်ဆိုတာနဲ့ သံသရာလည်နေတော့တယ်။ မေလနှောင်းမှာ သူမ တကယ်သောကရောက်ရတာ အကြီးတန်းအိပ်ဆောင်တွေက ပိတ်တော့မယ်။ သူမဒီရက်ပိုင်းအတွင်း အလုပ်မရရင် သူမ ငိုရကိန်း ဆိုက်နေပြီ။
အကောင်းဖက်ကတွေးရင် လဝက်လောက် ကျင့်ကြံပြီးတော့ သူမမိုးမြေကြားက ချီတွေကို မြင်နိုင်လာပြီလေ။ သူမနောက်လိုက်လာတဲ့ ဝိဉာဉ်စမ်းရေကြောင့်လည်း ပါပေမဲ့ သူမဝမ်းသာလို့တော့ ရပါတယ်။ ဒါပေမဲ့ ပြောင်သလင်းခါလုနီးပါး အကြီးတန်း မိန်းကလေးအဆောင်ကို မြင်တော့ သူမ သောက ရောက်ရပြန်ရော။
သူမအိပ်ဆောင်ထဲဝင်လာတော့ ခပ်လှလှဝတ်စားထားတဲ့ ကောင်မလေးတစ်ယောက်နဲ့ သွားတိုးတယ်။ သူမက ယွင်ယွီကိုတွေ့တော့
“ယွင်ယွီ နင့်အမေ တစ်ခုခု ဖြစ်သွားတာ နင်မသိဘူးလား။ နင် ပြန်သွားကြည့်သင့်တယ်နော်”
သူမလေသံက အူမြူးနေသလို ခံစားရတယ်။
******