အခန်း ၅
Vol. 1 Ch. 5
အပိုင်း (၅)
သူမ တွေ့နေရတဲ့ကောင်မလေးက ယွင်ယွီနဲ့ တော်တော်လေးတူတယ်။ သူမက နာမည်ကြီးဝတ်စုံကို ဝတ်ပြီး မိတ်ကပ်လှလှ လိမ်းထားတဲ့အတွက် ကြည့်ရတာ တစ်မျိုးလေး ချစ်စရာ ကောင်းနေတယ်။
ယွင်ယွီလဲ သူမကို သိတယ်။ သိတယ်ဆိုတာထက် သူမတို့က သွေးနီးလွန်းတဲ့ဆွေမျိုးလို့ ပြောရမယ်။ သူမက သူမရဲ့ ဖအေတူမအေကွဲညီမလို့ပြောရမှာပေါ့။ အဲ့တော့ မောင်နှမအရင်းတွေလောက် သွေးမနီး ဝမ်းကွဲတွေလောက် သွေးမဝေးဘူးပေါ့လေ။
သူမတို့အဖေ ယွင်မောက်လျန်က သူမအမေနဲ့ မကွာရသေးခင်မှာတင် တခြားမိန်းမနဲ့ ကလေးတောင်ရလို့ ကလေးက သူမထက် နှစ်ဝက်ပဲငယ်သတဲ့လေ။ အဲ့ကလေးက အခုသူမရှေ့က မိန်းကလေးပေါ့၊ နာမည်က ယွင်ဝေးဝေးတဲ့ သူမအမေကကျတော့ နီရွှယ်ကျောင်းတဲ့။
လွန်ခဲ့တဲ့နှစ်နည်းနည်းက ယွင်မောက်လျန်က သူ့ဇနီးနဲ့ သမီးတွေကိုထားပြီး မြို့ကြီးကိုတက် အလုပ်လုပ်တယ်လေ။ အဲ့မြို့မှာ သူနီရွှယ်ကျောင်းနဲ့ တွေ့တာပဲ။ ပြောရရင် ယွင်မောက်လျန်က အတော်လေး ကြည့်ကောင်းပြီး မိန်းကလေးတွေ သဘောကျကြတဲ့ ရုပ်ရည်မျိုး ပိုင်ဆိုင်ထားတယ်လေ။ အဲ့တော့ နီရွှယ်ကျောင်းက သူ့ကို သဘောကျသွားပါလေရော။ ယွင်မောက်လျန်ကလည်း သူမကို သဘောကျတယ်လေ။ နောက်ဆုံးတော့ သူတို့ လွန်ကြူးသွားပြီး ယွင်ဝေးဝေးကို ရလာတော့တယ်။
နီမိသားစုကလည်း အတော်ချမ်းသာပြီး အာဏာရှိတဲ့မိသားစုဆိုတော့ သူတို့သမီးကို ဇနီးရှိနေတဲ့လူနဲ့ မပတ်သက် စေချင်ကြဘူးလေ။ နောက်ဆုံးကျ နီရွှယ်ကျောင်းဆီမှာ ဒုတိယကိုယ်ဝန် ရလာတဲ့အချိန် ယွင်မောက်လျန်က သူလာခဲ့တဲ့ မြို့ငယ်ကိုပြန်လို့ ဖုန့်ရှုကျန်းနဲ့ ကွာရှင်းရတော့တယ်။
အဲ့အချိန်တုန်းက ယွင်ယွီက လေးနှစ်သမီးအရွယ်လေးဖြစ်ပြီး ယွင်ဝေးဝေးကတော့ သုံးနှစ်ခွဲအရွယ်လို့ ပြောရမယ်။ ယွင်ဝေးဝေးက ယွင်မောက်လျန်နဲ့ နီရွှယ်ကျောင်းနောက်ကနေ မြို့ငယ်ကို လိုက်လာတယ်။ သူမက ချစ်စရာကောင်းပြီး အားလုံးက သူ့ကိုချစ်သွားစေလောက်အောင် မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ပြည့်တယ်ဆိုပေမဲ့ နီရွှယ်ကျောင်းက အဖွားယွင်ကို “ဖွားဖွား” လို့ခေါ်ခိုင်းတဲ့အခါ အဖွားယွင်က လက်မခံတဲ့အပြင် ယွင်မောက်လျန်ကိုပါ လူပုံအလယ်မှာ ပါးရိုက်ပစ်ခဲ့တယ်လေ။
ယွင်ယွီက အဲ့အချိန်မှာ တအားငယ်နေသေးတော့ ဘာဖြစ်ခဲ့လဲ သေချာမမှတ်မိဘူး။ ဒါပေမဲ့ ချစ်စရာဝတ်စုံလေးနဲ့ ယွင်ဝေးဝေးက သူမအဖေကို ဖက်ထားတာကို မြင်လိုက်ရတာက သူမရဲ့ မှတ်ဉာဏ်အနက်ဆုံးအထိ တိုးဝင်သွားပြီး ဘယ်တော့မှ မငြိမ်းမဲ့ မီးတောက်တစ်ခုလို ဖြစ်လာခဲ့တယ်။
ဒီနှစ်တွေအတွင်းမှာ ယွင်ယွီက သူမအဖေရဲ့ ခွဲထွက်သွားတဲ့မိသားစုနဲ့ ဘာအဆက်အဆံမှကို စမလုပ်ခဲ့ဘူး။ ဒါပေမဲ့ ယွင်ဝေးဝေးနဲ့တော့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံမှုပေါင်း အများကြီး ရှိခဲ့တာပေါ့လေ။
သူမတို့က အသက်တူတူလောက်ပဲ။ ယွင်ဝေးဝေးက မြို့ပြရပ်ကွက်တွေမှာနေရင် သူမက မြို့ငယ်လေးမှာ နေတယ်။ အသက်တူတယ်ဆိုပေမဲ့ ယွင်ယွီက ကျောင်းစောတက်တော့ သူမက ယွင်ဝေးဝေးထက် ကျောင်းတစ်နှစ် စောတာပေါ့။ ဒါပေမဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အားလုံးမှာ သူမတက်တဲ့ကျောင်းက ယွင်ဝေးဝေးရဲ့ကျောင်းနဲ့ သိပ်မဝေးတတ်ဘူး။ နောက်ဆုံးမှာတော့ သူမတို့တက်တဲ့ တက္ကသိုလ်တွေက တစ်ခုတည်းဖြစ်လာတော့တာပဲ။ ကွာသွားတာဆိုလို့ ယွင်ယွီက ဘွဲ့လွန်ပြီးခါနီးဆိုပေမဲ့ ယွင်ဝေးဝေးက တတိယနှစ်မှာပဲရှိသေးတာမျိုးပေါ့။
အခုကိစ္စကတော့ ယွင်ယွီက ယွင်ဝေးဝေး ဘာပြောနေလဲ နားကိုမလည်နေတာပဲ။
“နင် ဘာပြောတာလဲ” ယွင်ယွီကမေးလိုက်တယ်။
“နင်မသိဘူးလား။ နင့်အမေ လယ်ကွင်းထဲ မူးလဲပြီး ခြေထောက် နောက်တစ်ဖက်ပါ ဒဏ်ရာ ရသွားတယ်ဆိုလား။ ငါလည်း သေချာမသိဘူး။ အရင်နှစ်ရက်လောက်က အဖေနဲ့အမေ ပြောနေတာကို နားစွန်နားဖျား ကြားတာဆိုတော့ ငါလည်း မသေချာဘူးလေ။ နင့်အမေက ဘယ်ဖက်ခြေထောက် မသန်တာမလား။ အခုက ညာဖက်ပါ ထိသွားလို့ အိပ်ယာပေါ် လဲနေရတဲ့အခြေအနေတဲ့ နင်သိတယ်မလား။ အဖွားလည်း အသက်ကြီးလာပြီ။ ပြီးတော့ နင့်မောင်ကလည်း အထက်တန်း မပြီးသေးဘူးလေ။ အဲ့တော့ မိသားစုလယ်ကွင်းကလည်း ဘာမှ ဆက်မလုပ်နိုင်ဘူးလေ။ အဖေကတော့ လူငှားပေးမယ် ပြောတာပဲ”
ယွင်ရှင်းက ယွင်ယွီရဲ့မောင်။၊ ဖုန့်ရှုကျန်းနဲ့ နီရွှယ်ကျောင်းက တစ်ချိန်ထဲနီးပါး ကိုယ်ဝန်ရခဲ့တာလေ။ ကွာရှင်းတာရဲ့နောက်ဆက်တွဲကြောင့် ယွင်ရှင်းက ယွင်ဝေးဝေးရဲ့မောင် ယွင်ဟောက်ယွီထက် နှစ်လ စောမွေးခဲ့တယ်လေ။ ဒါပေမဲ့ ယှဉ်ကြည့်ရင် ယွင်ရှင်းက ညှက်ပြီး ယွင်ဟောက်ယွီကတော့ ထွားတယ်လေ။
တကယ်တန်းကျတော့ ယွင်ဝေးဝေးက လိမ်မနေခဲ့ဘူး။ အရင်နှစ်ရက်က သူမအိမ်ကို ပြန်သွားတော့ သူမမိဘတွေက ရန်ဖြစ်နေကြတယ်လေ။ သူမအဖေက ဖုန့်ရှုကျန်းက ဒဏ်ရာ ရသွားတော့ ရိတ်သိမ်းချိန်ကြီးမှာ အလုပ်လုပ်မဲ့လူ မရှိတဲ့အတွက် သူက မြို့ကိုပြန် အလုပ်သမားငှားပြီး လယ်ကို ရိတ်သိမ်းချင်တယ်လို့ ပြောတဲ့အခါ သူမအမေက သဘောမတူဘူးလေ။ သူမပြောတာကလည်း ကွာရှင်းထားတာ ဆယ်နှစ်လောက် ရှိပြီဆိုပေမဲ့ အဲ့မိန်းမအိုကြီးက သူမကို ချွေးမအဖြစ် အသိအမှတ် မပြုသေးဘူး။ ပြန်သွားတာက အလကား အဆဲခံရုံသက်သက် ဖြစ်မှာပဲလေ။ သူမကျောင်းပြန်လာတဲ့အချိန်အထိ သူတို့က ရန်ဖြစ်နေတုန်းပဲလေ။
ယွင်ယွီက ဘာမှမပြောပဲ လှည့်ထွက်သွားခဲ့တယ်။ ယွင်ဝေးဝေးက သူမအင်္ကျီစကို လှမ်းဆွဲရင်း ပြောလာတယ်။
“နင် ငါပြောတာ မကြားဘူးလား။ နင်ဘွဲ့ရပြီးပြီလေ။ အလုပ်မရသေးရင်လည်း ကျောင်းအဆောင်မှာ အပျင်းတစ်မနေပဲ အိမ်ပြန်ကြည့်စမ်းပါ။ နင် မသွားကြည့်ရင် ငါ့မိဘတွေက ရန်ဆက်ဖြစ်နေဦးမှာပဲ”
ယွင်ယွီက ဘာမှမပြောပေမဲ့ အိပ်ဆောင်ကို ဒေါသတကြီး ပြန်သွားတယ်။ ယွင်ဝေးဝေးကတော့ ခြေဆောင့်ရင်း ကျန်ခဲ့ပါလေရော။
သူမအိပ်ဆောင်ပြန်ရောက်တော့ ယွင်ယွီရဲ့မျက်နှာက ဖြူဖျော့နေပြီ သူမရင်ဘတ်ထဲက တစ်ဆစ်ဆစ် နာနေတာကို ခံစားလို့ရတယ်။ သူမက ယွင်ယွီရဲ့ ခန္ဓာနဲ့မှတ်ဉာဏ်ကို လက်ခံခဲ့တော့ မိသားစုနဲ့ ဆက်နွယ်မှုလေးတွေ ရှိနေတုန်းပဲလေ။ သူမက ဝေ့မင်းဆက်က သူမမိသားစုကို သတိရတယ်ဆိုပေမဲ့ ယွင်ယွီရဲ့ အမေ၊ အစ်မ၊ အဖွားနဲ့ မောင်ကလည်း သူမမိသားစုပဲလေ။ သူမ ယွင်ဝေးဝေးကို မြင်တော့လည်း စိတ်ထဲမှာ အော်ဂလီ ဆန်သွားတာတော့ အမှန်ပဲ။
သူမအမေ ခြေထောက် ထိသွားတာကို သိရတော့ သူမဘယ်လိုလုပ်ပြီး အလုပ်လည်း မရှိဘဲနဲ့ မြို့တော်မှာ ဘယ်လိုနေမဲ့အစား အိမ်ပြန်ပြီး အမေနဲ့အဖွားကိုတွေ့ရင်း မိသာစုအခက်အခဲကို ကူညီရမှာပေါ့။
သူမက ဖန့်ရှန်းရှန်းကိုခေါ်ပြီး နောက်နေ့အိမ်ပြန်မဲ့အကြောင်းကို ပြောလိုက်တယ်။ စုန့်ကျင်းကလည်း ကုမ္ပဏီ အိပ်ဆောင်မှာ နေနေသေးတယ်။
ရှန်းရှန်းက အမေယွင် ခြေထောက်ထိတာ သိလိုက်တော့ ခပ်လောလောလေသံနဲ့ “ရှောင်ယွီအာ နင့်ပစ္စည်းတွေကို သေချာထုတ်ပြီး လက်မှတ် ဖြတ်ဖို့ပါသတိရနော်။ ငါ အလုပ်ပြီးတာနဲ့ ကျင်းကျင်းနဲ့ ဖုချန်းကို နင့်ပစ္စည်းတွေ ကူရွေ့ဖို့ ချောဆွဲလာခဲ့မယ်။ အဲလိုမှ မြန်မြန်ပြီးပြီး အန်တီ့ကို သွားကြည့်လို့ရတာပေါ့။ နင်အလုပ်ရဖို့ မလောရင် အိမ်မှာ ကြာကြာနေပေးလိုက်ပေါ့”
ဖုချန်းက ဖန့်ရှန်းရှန်းရဲ့ ရည်းစားကောင်လေးပေါ့။ ယွင်ယွီလည်း သူမကို ကျေးဇူးတင်ပြီး အထုတ်ပြင်တော့တယ်။
သူမက အထုတ်ပြင်ပြီးမှ အမြန်ရထားလက်မှတ် မှာဖို့ကြံတော့ နောက်ဆုံးရထားက ညနေ ခြောက်နာရီ ခုနစ်နာရီဖြစ်နေတော့ မမှီတော့ဘူးလေ။ နောက်နေ့မနက် ခြောက်နာရီခွဲအချိန်ကိုပဲ လက်မှတ် ဖြတ်လိုက်ရတော့တယ်။ သူမအိမ်က မြို့တော်ကနေဆို ကီလိုမီတာတစ်ရာလောက် ဝေးတယ်။ အရင်ဘဝလိုသာဆို အိမ်ပြန်ရောက်ဖို့ ဘယ်လောက်တောင် ကြာမလဲမသိဘူး။ အခုကတော့ အမြန်ရထားတွေရှိတော့ ရထားစီးချိန် လေးနာရီ ရထားပြောင်းချိန် တစ်နာရီပါပါမှ ငါးနာရီပေါ့။
သူမက ရှန်းရှန်းနဲ့ ကျင်းကျင်းကို သူမ မနက်ထွက်မဲ့အကြောင်း ပြောထားလိုက်တယ်။
သူမတို့နှစ်ယောက်ရောက်လာတော့ ယွင်ယွီက ရေပြင်ထားပေးတယ်။ ပြောရရင် ဝိဉာဉ်စမ်းရေ ထည့်ထားမှာတော့ သေချာပေါက်ပေါ့။ သူမဘယ်အချိန်မှ ပြန်လာမလဲမသိတော့ ထည့်ထားရတာပေါ့ယ ဝိဉာဉ်စမ်းရေဆိုတာက လူတစ်ယောက်အတွက် အကျိုးတွေ အများကြီးရှိတယ်လေ။ အရေပြားကို သန့်စင်ပေးတယ်၊ သွေးကြောတွေ ရှင်းစေတယ်၊ တချို့ရောဂါတွေကို အလိုလိုကုသပြီးသား ဖြစ်စေတယ်ပေါ့။ ပြောရရင် မိုးမြေတစ်ခွင် လူ့ခန္ဓာကိုယ်ကို အကျိုးအပြုဆုံးပစ္စည်းက ဝိဉာဉ်စမ်းရေပဲလေ။
ဝိဉာဉ်စမ်းရေက တအား ပြင်းတာမလို့ သူမက ရှန်းရှန်းတို့ကို တိုက်ရိုက် မပေးသောက်ရဲဘူးလေ။ ဖုချန်းကလည်း မလာခဲ့ဘူး ဖန့်ရှန်းရှန်းကတော့ သူက အချိန်ပို ဆင်းနေရတယ်လို့ပြောပေမဲ့ ယွင်ယွီကတော့ သူမမျက်နှာကိုကြည့်ပြီး သက်ပြင်းသာ ချမိတော့တယ်။
အစကတော့ ဒီကပဲ သွားမယ်ကြံခဲ့ပေမဲ့ ယွင်ယွီက ရုတ်တရက် ထပြောလိုက်တယ်။ “ငါတို့ ရှန်းရှန်းအိမ် သွားနေရအောင်။ ငါ ဘယ်အချိန်မှ ပြန်လာနိုင်မလဲ မသိတော့လေ။ အဲ့ကနေပဲ ငါ့အထုတ်နဲ့ ရထားဘူတာကိုပဲ တန်းသွားတော့မလို့” ရှန်းရှန်းနဲ့ ကျင်းကျင်းကလည်း သဘောတူတယ်။ ဘာလို့ဆို သူမတို့ လူကုန်ကူးသမားတွေနဲ့တွေ့တဲ့ အချိန်ကလွဲရင် ထပ်မတွေ့မိကြတော့ဘူးလေ။
ရှန်းရှန်းရဲ့အိမ်က နည်းနည်းဝေးတော့ သူမတို့က တက္ကစီ ခေါ်လိုက်ကြတယ်လေ။
တကယ်တန်းကျ ဖန့်ရှန်းရှန်းက မြို့တော်မှာ အိမ်တစ်လုံး ပိုင်ထားတယ်လေ။ ပြောရရင် သူမမိဘတွေက တော်တော်လည်း ချမ်းသာတယ်လေ သူမကို ဝယ်ပေးထားတဲ့အိမ်က ဝယ်ပေးတာစောပြီး အလုပ်လုပ်တဲ့နေရာနဲ့ကျ ဝေးပြီလေ။ သူမက အဲ့မှာနေမဲ့အစား အလုပ်နားမှာ အခန်းငှားထားတယ်လေ။
သူတို့အားလုံးပြီးမှ ဖုချန်းက ဖုန်းဆက်လာပြီး နောက်ကျမှ လာမယ်လို့ ပြောလာတယ်လေ။
******