← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

18 01

အပိုင်း (၁၈)

မိဘအုပ်ထိန်းသူများအား မလွဲဧကန် ခေါ်ရမည်ဖြစ်သည်။ ယခုကိစ္စသည် ပေါ့သေးသေး ပြဿနာမဟုတ်ပေ။

အမှတ်(၁) အထက်တန်းကျောင်းသည် ဟဲ့ရှန်းမြို့တွင် နာမည်ကြီးကျောင်းတစ်‌ကျောင်း ဖြစ်သည်။ စာအသင်အပြ ကောင်းသဖြင့်လည်း မြို့၏ထိပ်တန်းကျောင်းများစာရင်းတွင် အပါအဝင်ဖြစ်သည်။ ကျောင်းတွင်း အကြမ်းဖက်မှုဖြစ်ရပ်သည် ဆိုရှယ်မီဒီယာတွင် လူအများ အာရုံစိုက်လွယ်သော ဖြစ်စဥ်တစ်ခု ဖြစ်လေသည်။ သေချာစွာ ကိုင်တွယ်မဖြေရှင်းပါက သတင်းပေါက်ကြားသွားလျှင် ကျောင်း၏ နာမည်ဂုဏ်သတင်းသည် ကျဆင်းနိုင်ပေသည်။

ကျောင်းအုပ်ကြီးသည် မိဘများအား ခေါ်ယူတွေ့ဆုံရန် ဆုံးဖြတ်လိုက်ပြီး ပြဿနာအား စစ်ဆေးလေသည်။

ကျောင်းအုပ်ကြီးသည် ယွင်ယွီအား “ ယွင်ရှန်းအစ်မ၊ မင်းရော မိဘခေါ်လို့ ရလား။ အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုတယ်။ တကယ်လို့ ယွင်ရှန်းသာ အနိုင်ကျင့်ခံနေရတာ သေချာတယ်ဆိုရင် သူတို့ကို တောင်းပန်ခိုင်းပြီးတော့ အပြစ်ပေးမယ်” ဟုပြောလိုက်သည်။

ယွင်ယွီသည် ခေါင်းညိတ်ပြလိုက်ပြီး တစ်ချက်ဝေ့ကြည့်လိုက်သည်။ အခြားကျောင်းသားများ မိဘ မခေါ်ချင်ကြရသည့် အကြောင်းအရင်းကို သူ(မ)သိသည်။ သူတို့၏ မိဘများသည် သာမန်မိသားစုအသိုင်းအဝိုင်းမှသာ ဖြစ်ကြသည်။ ထောင့်၌ ရပ်နေသည့် အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်သည်တော့ သူတို့နှင့် မတူချေ။ သူ၏မိသားစုသည် ချမ်းသာလေသည်။ မည်သို့ပင်ဖြစ်စေကာမူ ယွင်ယွီသည် မျက်ခုံးတစ်ချက်ပင့်၍ “မင်းမိဘတွေကို ခေါ်ချင်နေတာ ထောင့်က ကောင်လေးကြောင့် ဟုတ်တယ်မလား။ သူ့မိသားစုက ချမ်းသာလို့လေ။ ဒါပေမဲ့ သူ့မိဘတွေက သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်လို့ မကြာသေးခင်ကမှ ဒုက္ခရောက်ထားကြတာ။ ကျစ်.. နေနဲ့လရဲ့ ထောင့်တွေက မှိန်ဖျော့နေတယ်။ မင်းမိသားစု ရှင်သန်နိုင်ပါ့မလားဆိုတာတောင် ပြောဖို့ခက်တယ်” ရှိနေသော ကျောင်းသားများနှင့် ဆရာ၊ဆရာမများသည် အမူအရာများ ပြောင်းကုန်ကြလေသည်။

ယွင်ရှန်းသည် ကူကယ်ရာ မဲ့သွား၏။ သူ့အစ်မလတ်သည် ဘာကြောင့်မှန်းမသိ ရုပ်လွန်ပညာတတ်ကျွမ်းသူ တစ်ဦးဖြစ်လာလေသည်။ သူ(မ)သည် ဘယ်သောအခါတွင်မှ ဒီအကြောင်းအရာကို ရှောင်ဖယ်နေခြင်း မရှိ။ သူသည် သူ့အစ်မလတ်၏ အင်္ကျီ‌ထောင့်နားအား ဆွဲလိုက်ပြီး “မမ...”

ယွင်ယွီသည် သူ(မ)ပြောသင့်သည်များကို ပြောပြီးလေပြီဖြစ်သဖြင့် ပခုံးတစ်ချက် တွန့်ပြလိုက်သည်။ သူ(မ)သည် သူ(မ)မောင်လေးအား နှစ်သိမ့်သည့်အပြုံးဖြင့် “စိတ်မပူပါနဲ့၊ ရှောင်းရှန်း။ မမလတ်တစ်ယောက်လုံး ရှိပါတယ်” သူ(မ)သာ သူတို့အား ရိုက်နှက်ခြင်း မရှိခဲ့လျှင် သူ(မ)ကို ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟု တွေးထင်နိုင်သည်။

ဗုဒ္ဓဘာသာဝင်ဟူသော စကားသည် သူ(မ) မကြာသေးမီကမှ အွန်လိုင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများသည် နောက်ထပ် ဘာမှမပြောနိုင်ကြတော့သော်လည်း ယန်ထျန်းလန်၏ မျက်နှာသည်တော့ ပြောင်းလဲသွားခဲ့သည်။ ဖီထျန်းလေ့သည် “အကိုယန်၊ သူ(မ)ရဲ့ မဟုတ်တရုတ် စကားတွေကို နားထောင်မနေနဲ့။ ဦးလေးယန်ရဲ့ ဗီလာဆောက်လုပ်ရေး လုပ်ငန်းအကြောင်းကို တစ်မြို့လုံး သိတယ်။ အဲဒါပြဿနာ အသေးစားလေးပါ။ မကြာခင် အဆင်ပြေသွားလိမ့်မယ်။ ဒီမိန်းကလေးက အစ်ကို့ကို ခြောက်ဖို့ လုပ်နေတာ” ဟုအော်ပြောခဲ့သည်။

ယွင်ယွီသည် ရုတ်တရက် သဘောပေါက်သွားပြီး “ ဒီမြို့က ဆောက်လုပ်ရေးလုပ်ငန်းက မင်းအဖေရဲ့ လုပ်ငန်းပေါ့” သူ(မ)သည် မတော်တဆမှု ဖြစ်ပွားခဲ့ချိန်တုန်းက ဗီလာကိုသွားခဲ့ပြီး သူ(မ)အား ဆက်သွယ်နိုင်မည့် လိပ်စာကို ချန်ထားပေးခဲ့သည်။ သို့သော် သူ(မ)အား မည်သူမှ ဆက်သွယ်မလာပါ။ သူတို့သည် သူ(မ)အား အတုအယောင်ဟု ထင်နေကြပုံ ပေါ်သည်။ သူ(မ)သည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး “လူတော်တော်များများနဲ့ တွေ့ပြီးပြီဆိုပေမဲ့ မင်းအဖေ အခုထိ မဖြေရှင်းနိုင်သေးဘူးဆိုတာ ငါခန့်မှန်းလို့ရတယ်”

ကမ္ဘာကြီးသည် တကယ်ကို ကျဥ်းကျဥ်းလေးဖြစ်သည်။ မူလတုန်းက သူ(မ)သည် ဗီလာကို ကြည့်ပြီး ကူညီပေးခဲ့ချင်သော်လည်း ယခုတော့ ထိုအကြောင်းအား စဥ်းစာမနေတော့ချေ။

ယန်ထျန်းလန်သည် ဘာမျှမပြောသော်လည်း သူ၏ နဖူးကြောများသည်တော့ တွန့်နေလေသည်။

အတန်းတစ်တန်းစီမှ အတန်းမှုးဆရာ၊ဆရာမများသည် ကျောင်းသားမိဘများကို ဖုန်းဆက်ခေါ်လိုက်ပြီး ယွင်ယွီသည်လည်း ဖွားဖွားယွင်အား ခေါ်လိုက်လေသည်။ သူ(မ)သည် ဖွားဖွားယွင်အား ကျောင်းသို့လာရန် ‌‌ပြောလိုက်သည်။

ဖီထျန်းလေ့သည် လှောင်ပြောင်သရော်လိုဟန်ဖြင့် “မင်းရဲ့ဒုက္ခိတအမေရော ဘယ်မှာလဲ”

18 02

“ထျန်းလေ့၊ ပြဿနာမရှာနဲ့တော့” ယန်ထျန်းလန်သည် ရပ်ကြည့်မနေနိုင်တော့ဘဲ သူ့အား တားလိုက်သည်။

ယွင်ယွီသည် သူ့အား ခံစားချက်မဲ့စွာ ကြည့်လိုက်လေသည်။

ကျောင်းအုပ်ကြီးသည် ဒေါသအမျက်ချောင်းချောင်း ထွက်သွားပြီး “ဆရာမာ၊ ခင်ဗျားအတန်းထဲက ကျောင်းသားတွေကို ကြည့်ပါအုံး။ ဘယ်လိုအပြုအမူတွေ သင်ပေးထားတာလဲ။ အကျင့်စာရိတ္တ ပျက်ပြားနေလိုက်ကြတာ။ ရှက်စရာကောင်းပါဘိ”

ဆရာမာ၏မျက်နှာသည်လည်း အတော်ပျက်နေလေပြီ။

ဖီထျန်းလေ့သည် ယွင်မိသားစုမှ မောင်နှမနှစ်ယောက်အား တမင်စိတ်ဆွပေးသော မချေမငံ အပြုံးတစ်ခု ပြုံးပြလိုက်သည်။ ထို့နောက် သူသည် ယွင်မိသားစုမှ သမီးလတ်၏ လက်သည် မြောက်တက်လာပြီး သူ့အား ထူးဆန်းသော လက်ဟန်အနေအထားတစ်ခု ပြုလုပ်လိုက်သည်ကို တွေ့လိုက်ရသည်။ ထိုအရာသည် စိတ်လှည့်စားမှုတစ်ခု ဖြစ်သည်ကို မသိဘဲ သူသည် ရုတ်တရက် ပို၍မည်းမှောင်လာပြီး အေးစက်လာသည်ဟု ခံစားလိုက်ရသည်။ သူသည် သူ့လက်မောင်းများအား ပွတ်သပ်နေလေ၏။

ရုံးခန်းသည် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ကျောင်းအုပ်ကြီးသည် စောင့်စားနေခဲ့သည်။

နာရီဝက်မရှိတရှိအချိန်တွင် မိဘများသည် တစ်ယောက်ပြီး တစ်ယောက် ကျောင်းသို့ ရောက်လာကြသည်။ တချို့မိဘများသည် သူတို့ကလေး၏ လုပ်ရပ်ကို သိပြီးဖြစ်ကြပြီး တောင်းပန်ရန် ရောက်လာကြခြင်းဖြစ်သည်။ တချို့ကမူ အပြစ်ကို ဝန်မခံချေ။ ဥပမာအားဖြင့် ဖီထျန်းလေ့၏အမေသည် ရုံးခန်းထဲသို့ ဝင်ဝင်ချင်းတွင် ရုတ်ရုတ်သဲသဲ လုပ်လိုက်သေးသည်။

“ကျွန်မသားက သူများကို ရိုက်တယ်လို့ ဘယ်သူပြောတာလဲ။ သက်သေရှိလို့လား။ ကိုယ်တိုင်မျက်စိနဲ့ မြင်လို့လား။ ကျွန်မကတော့ ကျွန်မသား ဒီလောက်ထိဖြစ်အောင် အရိုက်ခံထားရတာပဲ မြင်တယ်။ ဆရာမာ၊ ကျွန်မသားအတွက် ရှင်တာဝန်ယူရမယ်မှတ်ပါ။ မျက်နှာပေါ်က ဒဏ်ရာတွေကို ကြည့်ပါအုံး”

ကျောင်းအုပ်ကြီး၏ မျက်နှာသည် အတော်ပျက်နေလေပြီ။ “ ဒီကကျောင်းသားမိဘ၊ ကျေးဇူးပြုပြီး အသံမကျယ်ပါနဲ့။ ကျွန်တော်တို့ ပြဿနာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်‌အထိ ဖြေရှင်းပေးမှာပါ”

ဖီထျန်းလေ့၏အမေသည် တိတ်သွားသော်လည်း သူ(မ)မျက်နှာသည်တော့ အလွန်ကြည့်ရဆိုးနေလေသည်။ သူ(မ)သားမျက်နှာအား ဝမ်းနည်းနာကျင်မှုအပြည့်ဖြင့် ကြည့်နေလေသည်။

ဖီထျန်းလေ့သည် တလှုပ်လှုပ်ဖြစ်လာပြီး “မားမား၊ သားအရမ်းချမ်းတယ်” ဘယ်လိုလုပ်ပြီး ချမ်းရမှာလဲ။ အအေးဒဏ်များသည် သူ့အရိုးထဲမှ စိမ့်ထွက်လာနေသကဲ့သို့ ဖြစ်နေလေသည်။

ဖွားဖွားယွင်သည် ကျောင်းသို့ နောက်ဆယ်မိနစ်အကြာတွင် ရောက်လာချေသည်။ သူ(မ)သည် အိမ်မှ ကမန်းကတမ်း ထွက်လာြခင်းဖြစ်သည်။ ဖြစ်ကြောင်း ကုန်စင်သိရပြီးနောက်သည် သူ(မ)သည် “ကျောင်းအုပ်ကြီးရှင့်၊ သေချာစစ်ဆေးပြီးသွားရင် သူတို့ ယွင်ရှန်းကို တောင်းပန်ကြဖို့ ကျွန်မ မျှော်လင့်ပါတယ်” ဟုပြောခဲ့သည်။

ဖီထျန်းလေ့၏အမေ ဝမ်ဖန်းသည် ရပ်ကြည့်မနေနိုင်တော့ချေ။ သူ(မ)သည် ဖွားဖွားယွင်အား လက်ညှိုးထားကာ “ ရှင့်ရဲ့မြေးမက ကျွန်မသားကို ရိုက်ထားမှန်း ဒီလောက် သိသာနေတယ်လေ။ ဘာလို့ ရှင့်မြေးမကို ကျွန်မတို့ကို မတောင်းပန်ခိုင်းရတာလဲ။ အမှားနဲ့ အမှန် လွဲနေတယ်”

တချို့မိဘများသည် သူ(မ)အပြောအား ထောက်ခံကြလေသည်။ အမှန်တွင် သူတို့သည်လည်း သူတို့ကလေးများသည် ကျောင်း၌ အတန်းဖော်များကို အနိုင်ကျင့်သည်ကို ဝန်မခံချင်ကြပေ။

ကျောင်းအုပ်ကြီးသည် ခေါင်းကိုက်လာပြီး “ အားလုံးပဲ စိတ်လျှော့ကြပါ။ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျောင်းသားတစ်ယောက်ယောက်များ မြင်ဖူးလားဆိုတာကို အတန်းတစ်တန်းစီရဲ့ အတန်းမှုးတွေကို ကလေးတွေဆီ ကျွန်တော် လိုက်မေးခိုင်းလိုက်ပါ့မယ်” ဟုပြောလိုက်သည်။

“ကျောင်းအုပ်ကြီး၊ ကျွန်မသွားမေးလိုက်ပါ့မယ်” ဟု ကျန်း‌ရှောင်းရှင်းသည် ယွင်ရှန်း၏ အတန်းမှုးဆရာမ ဖြစ်သည်။ သူ(မ)သည် ထိုကလေးငယ်အား အလွန်သဘောကျသည်။ သူသည် စာကြိုးစားပြီး စိတ်မချရသော လျှို့ဝှက်ကြံစည်တတ်သော အကြံသမားလည်း မဟုတ်ချေ။ သူသည် လက်တွေ့ကျသူတစ်ဦး ဖြစ်ပြီး လုံ့လဝီရီယရှိသူတစ်ဦးလည်း ဖြစ်သည်။ သူသည် မွေးရာပါ သေးကွေးသည့်ကလေးဖြစ်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးလေသည်။ အမှန်စင်စစ်တွင်တော့ ထိုကလေးသည် ချောမောလွန်းလှပေသည်။ ကံမကောင်းလှစွာဖြင့်သာ အနည်းငယ် အရပ်ပုနေလေသည်။ အရပ်သာ ပိုရှည်လာမည်ဆိုလျှင် ‌ကျောင်း၏အချောဆုံးကျောင်းသား ဖြစ်နိုင်ပေသည်။

18 03

ကျောင်းအုပ်ကြီးသည် စစ်‌ဆေးရန် အတန်းတိုင်း၏ အတန်းမှုးဆရာ၊ဆရာမများကို ခိုင်းလိုက်လေသည်။ မိဘများအားလုံးသည်တော့ ရုံးခန်းထဲတွင်သာ ထိုင်နေကြသည်။ ယန်ထျန်းလန်၏ဖခင် ယန်မင်ခမ်သည် နောက်ကျမှ ရောက်လာလေသည်။ သူသည် ရုပ်ရည်အသင့်အတင့်ရှိပြီး အလယ်အလတ် အရပ်အမောင်းရှိသူ တစ်ဦးဖြစ်ပြီး မျက်တွင်းများကတော့ ချောင်ကျနေလေသည်။ အဖြစ်အပျက်အလုံးစုံကို ကြားသိရပြီးနောက် သူသည် ယန်ထျန်းလန်အား စူးစိုက်ကြည့်လိုက်သည်။

မကြာသေးမီအချိန်က သူ့လုပ်ငန်းတွင် မတော်တဆမှု တစ်ခုရှိခဲ့သည်။ သူသာ လုပ်ငန်းဆက်မလုပ်နိုင်လျှင် ဒေဝါလီခံရတော့မည်ဖြစ်သဖြင့် သူသည် အလုပ်အရမ်းများနေလေသည်။

ဝမ်ဖန်းသည် ယန်မင်ခမ်ကို သွားရောချင်သော်လည်း သူသည် ထရပ်လိုက်ပြီး “ ကျောင်းအုပ်ကြီး၊ ကျွန်တော် အပြင်ဘက်မှာ စီးကရက် သွားသောက်လိုက်အုံးမယ်။ ပြီးမှပြန်ဝင်ခဲ့ပါ့မယ်” ဟုပြောကာ ထွက်သွားလေသည်။

ယန်မင်ကွန်း ရောက်လာကတည်းက ယွင်ယွီသည် သူ့မျက်နှာအား နမိတ်ဖတ်ပြီးလေပြီ။ သူ၏ ယင်ဓာတ်များသည် မည်းမှောင်နေလေ၏။ အဓိပ္ပါယ်မှာ သူ့၌ ကြီးမားသော ဘေးဒုက္ခတစ်ခု ရှိနေခြင်းဖြစ်သည်။ မှန်ကန်သော သဘာဝလွန်ပညာရပ်တတ်စွမ်းသူထံမှ အကူအညီ မရဘူးဆိုလျှင် သူ၏ ချမ်းသာကြွယ်ဝမှုများသည် အဆုံးသတ် သွားတော့မည်ဖြစ်သည်။

နာရီဝက်ကြာပြီးနောက်၊ ကျန်းရှောင်းရှင်းသည် သူ(မ)လက်ကိုင်ဖုန်းအာ ကိုင်ဆောင်၍ ရုံးခန်းသို့ ပြန်ဝင်လာလေသည်။ သူ(မ)သည် ပျော်ရွှင်စွာဖြင့် “ကျောင်းအုပ်ကြီး၊ ဖီထျန်းလေ့နဲ့ တခြား‌ကျောင်းသားတွေပါဝင်တယ်ဆိုတာ သက်သေပြနိုင်တဲ့ ဗွီဒီယိုတစ်ပုဒ် ရလာပါတယ်။ သင်ကြားရေးအဆောက်အအုံရဲ့ လှေကားထောင့်မှာ ရိုက်မိထားတာပါ။ ဖီထျန်းလေ့က ခုလက်ရှိ ဒီရုံးခန်းထဲမှာ ရှိနေတဲ့ ကျောင်းသားတွေကို ခေါ်ပြီး ယွင်ရှန်းကို ထိုးကြိတ်ကန်ကျောက် ကြတာပါ။ ယွင်ရှန်းက မြေကြီးပေါ် လဲကျသွားပြီး သူ့ခေါင်းကို ကာထားပါတယ်။ ယန်ထျန်းလန်ကတော့ စိတ်မဝင်စားတဲ့ပုံနဲ့ လက်ရန်းကို မှီပြီး ရပ်နေခဲ့ပြီးတော့ သူ့ဖုန်းကိုပဲ ဆော့နေခဲ့တာပါ၊ သူ ဘာမှဝင်မလုပ်ခဲ့ပါဘူး” ဟုပြောလိုက်သည်။

ကျောင်းသားတစ်ဦးမှ ခိုးကြောင်ခိုးဝှက် ရိုက်ယူထားခြင်းဖြစ်သည်။ ကျန်းရှောင်းရှင်းအား အဘယ်ကြောင့် ဒီဗွီဒီယို လာပေးမှန်းမသိသော်လည်း သူ(မ)သည် မည်သူလာပေးသည်ဆိုတာကို ထုတ်ပြောမည် မဟုတ်ချေ။

ကျောင်းအုပ်ကြီး၏ မျက်နှာသည် ဒေါသကြောင့် တင်းမာနေလျက် “မင်း ဘယ်လိုလုပ်ရပ်တွေ လုပ်ထားလဲဆိုတာ ကြည့်လိုက်စမ်း။ စာကောင်းကောင်း မသင်ရုံတင်မကဘဲ တခြားကလေးတွေပါ အနိုင်လိုက်ကျင့်နေသေးတယ်” သူသည် ကျန်းရှောင်းရှန်းအား “ဆရာမကျန်း၊ ဒီဗွီဒီယိုကို.....” ဟု ထပ်မေးလိုက်သည်။ ထိုအရာသာ အင်တာနက်ပေါ်၌ ပျံ့နှံ့သွားလျှင် ကျောင်းဂုဏ်သိက္ခာသည် ဆိုးဝါးစွာ ထိခိုက်သွားမည်ကို သူစိတ်ပူနေလေသည်။

ကျန်းရှောင်းရှန်းသည် “ကျောင်းအုပ်ကြီး၊ ဒါက ဒီဗွီဒီယိုရဲ့ ကျွန်မလက်ထဲမှာ တစ်ခုတည်းသောကျန်တဲ့ ကော်ပီတစ်ခုပါပဲ။ ကျန်တာတွေက ဖျက်ပြီးသွားပါပြီ”ဟု ပြောလိုက်သည်။ ဗွီဒီယိုလာပေးသော ကျောင်းသားသည် သူ(မ)အတန်းထဲမှ ဖြစ်လေသည်။ သူတို့သည် ထိုအရာအား တိုးတိုးတိတ်တိတ် သိမ်းထားပြီး အခုမှ သူ(မ)အား လျှို့ဝှက်စွာ လာပေးခြင်းဖြစ်သည်။

‌ကျောင်းအုပ်ကြီးသည် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး မိဘများအား “ခုဆိုရင် အမှန်တရားက ရှင်းရှင်းလင်းလင်း ပေါ်လာပြီ။ ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ကလေးတွေကို ယွင်ရှန်းကို တောင်းပန်ခိုင်းပေးပါ။ ဒါ့အပြင် ဒီကိစ္စကိုလည်း အပြစ်ဒဏ်ပေးအုံးမှာပါ။ နောက်တစ်ကြိမ် ထပ်ဖြစ်ခဲ့ရင် ‌ကျောင်းထုတ်ပစ်ပါ့မယ်။ ကျောင်းမှာ ဒီလိုကိစ္စမျိုးဖြစ်တာကို လုံးဝခွင့်မပြုနိုင်ပါဘူး” ဟု ပြောလိုက်သည်။

ဝမ်ဖန်းသည် “ကျောင်းအုပ်ကြီး၊ ကျွန်မတို့ကရော သူ(မ)က ကျွန်မတို့ကလေးတွေကို ရိုက်နှက်တဲ့အတွက် ဘာလုပ်သင့်သလဲရှင့်” ဟုထအော်လေသည်။

ကျောင်းအုပ်ကြီးသည် သူတို့နှင့် ထိုက်တန်သည့်အရာကို ပြောပစ်ချင်နေလေပြီ။ မင်းတို့ကလေးတွေသာ သူများမောင်လေးကို သွားအနိုင်မကျင့် သွားမလှောင်ရင် သူ(မ)ကလည်း သူတို့ကို ရိုက်မှာ မဟုတ်ဘူးလေ။ သူတို့သည် မိန်းကလေးတစ်ယောက်နဲ့ ရန်ဖြစ်ရုံတင်မက ရှုံးပါရှုံးလာသေးပြီး ခုထိ အရှက်တကွဲတောင် မဖြစ်ရသေးပေ။

ထိုအကြောင်းအား စဥ်းစားလိုက်ပြီးနောက် ကျောင်းအုပ်ကြီးသည် “ မင်းတို့ကလေးတွေက အရင်အမှားလုပ်ပြီး ရန်သွားစတာလေ။ မင်းတို့ ဒီကိစ္စအတွက် တောင်းပန်ကို တောင်းပန်ရမယ်။ ငါ့အနေနဲ့ဆိုရင်တော့ ယွင်ရှန်းအစ်မမှန်တယ်”ဟုသာ ပြောလိုက်သည်။

ဝမ်ဖန်းသည် ဆက်ငြင်းချင်သေးသော်လည်း ယန်မင်ခမ်သည် ယန်ထျန်းလန်၏ ခြေထောက်အား ဖြတ်ကန်လိုက်ပြီး မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် “ မြန်မြန်တောင်းပန်လိုက်လေ။ လောင်ရှီးက မင်းကို စာသင်ဖို့ ကျောင်းလာခိုင်းတာ၊ သူများတွေကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ အသုံးမကျတဲ့ကောင်တွေပဲ အတန်းဖော်အချင်းချင်း ဒီလိုလုပ်တာ။ ယန်ထျန်းလန်၊ ငါမင်းကို ဒီလိုသင်ပေးထာတာလား။ မင်း ဘယ်လိုကောင် ဖြစ်နေပြီလဲဆိုတာ ကြည့်လိုက်စမ်း “ ဟု ပြောလိုက်သည်။

18 04

ဝမ်ဖန်းသည် ထပ်မပြောရဲတော့ဘဲ ရှက်ကိုးရှက်ကန်းဖြင့် ဘေးသို့ကပ်ပြီး ရပ်နေလေသည်။

ယန်ထျန်းလန်သည် တစ်ခုခုပြောရန် ပြင်ပြီးမှ မပြောဖြစ်တော့ချေ။ သူသည် သူဘာမှမလုပ်ခဲ့ဘူးဟု ပြောလိုက်ချင်သော်လည်း ယွင်ရှန်းသည် သူ့ကြောင့် အရိုက်နှက်ခံထားရလေသည်။ သူသည် နေရင်းထိုင်ရင်း ဒုက္ခတွေ့နေရသည်။ သူသည် ‌အခန်းAမှ ကျောင်း၏အလှဆုံးကျောင်းသူအား သဘောကျသော်လည်း သူ(မ)သည် သူ့အား အရပ်ရှည်သည်မှလွဲ၍ အမှတ်လည်း မကောင်းချေ။ သူသာ ယွင်ရှန်းအမှတ်၏တစ်ဝက် ရနိုင်မယ်ဆိုရင် သူ(မ)သည် သူ့အား စဥ်းစားပေးမည် ဖြစ်သည်။ စာလုပ်ရန်မှာ သူ့အတွက် အနည်းငယ်ခက်ခဲ၏။ ဖီထျန်းလေ့နှင့် အခြားကျောင်းသားများ ထိုကိစ္စအား သိသွားသောအခါ ယွင်ရှန်းအား ဒုက္ခပေးရန်သာ ဆုံးဖြတ်ခဲ့ကြသည်။

ယွင်ရှန်း ထိုအကြောင်းအား သိမသိ သူမသေချာသော်လည်း ထိုကျောင်းသူနှင့် ယွင်ရှန်းသည် အဆက်အဆံရှိပြီး တစ်ခါတရံစကားပြောလေ့ရှိသည်။ ထိုအချက်သည် သူ့အတွက် ယွင်ရှန်းအပေါ် သူ့ဒေါသများ ပုံချရန် ဆင်ခြေကောင်းတစ်ခု ဖြစ်လေသည်။

ယန်ထျန်းလန်သည် ထသွားလိုက်ပြီး သဘောရိုးဖြင့် ယွင်ရှန်းအား တောင်းပန်လိုက်လေသည်။ “ယွင်ရှန်း၊ ငါတောင်းပန်ပါတယ်။ ဒီကိစ္စက ငါ့အမှားတွေပါပဲ။ ငါဝင်မပါခဲ့ပေမဲ့ သူတို့ကိုလည်း မတားခဲ့မိဘူး။ ငါ မင်းအစ်မဆီကနေ အရိုက်ခံရသင့်ပါတယ်။ စိတ်မပူပါနဲ့။ ဒါမျိုး နောက်ထပ်မဖြစ်စေရပါဘူး”

သူသည် ခါးကို ကိုင်းညွတ်လိုက်လေသည်။

ယန်ထျန်းလန် တောင်းပန်လိုက်ပြီးနောက် ဖီထျန်းလေ့သည် စိတ်မပါလက်မပါဖြင့် တောင်းပန်စကား ပြောလေသည်။

လူတိုင်းသည် တလှည့်စီ တောင်းပန်လေသည်။ မိဘများသည် ရှက်ကိုးရှက်ကန်းဖြင့် သူတို့ကလေးများ တောင်းပန်နေသည်ကို ကြည့်ပြီးနောက် ပြန်သွားကြလေသည်။

ဆရာမာသည်လည်း ရှက်ကိုးရှက်ကန်း ကသိကအောက် ဖြစ်နေလေသည်။ ထိုကျောင်းသားများသည် သူ၏အတန်းမှ ကလေးများဖြစ်သည်။ သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် “မင်းတို့ကောင်တွေ အတန်းထဲကို ပြန်ပြီး စာလုံးရေသုံးထောင် သွားရေးချည်ကြစမ်း” ဟုပြောလိုက်သည်။

ကျန်းရှောင်းရှန်းသည် ယွင်ယွီနှင့် ဖွားဖွားယွင် အနားသို့ရောက်လာပြီး “ယွင်ရှန်းအစ်မနဲအဖွားရှင့်၊ ဒီကိစ္စကို စိတ်မပူပါနဲ့။ နောက် ဒါမျိုးကိစ္စ ထပ်မဖြစ်တော့ပါဘူး” ဟုပြောလိုက်သည်။ ယွင်ရှန်းသည် အနိုင်ကျင့်ခံရသော်လည်း ထုတ်မပြောချေ။ သူ၏ အကျင့်စရိုက်သည် အတော်လေးကို တစ်သီးတစ်သန့် ဆန်လှသည်။

ဖွားဖွားယွင်သည် သူမအား ကျေးဇူတင်စွာဖြင့် “ ဆရာမကျန်း၊ ကျေးဇူးတင်ပါတယ်ရှင့်။ ဒီကလေးက ကျွန်မတို့ကို ဘာမှပြန်မပြောပြပါဘူး။ ဟူး.....”

ယွင်ရှန်းသည်လည်း ဆရာမကျန်းအား ခေါင်းငုံ့ကျေးဇူးတင်စကား ပြောလိုက်သည်။ ယွင်ယွီသည် သူ့အား တစ်ချက်ပုတ်လိုက်ပြီး “ခေါင်းကိုမော့ထား။ ခေါင်းကိုငုံ့ငုံ့ပြီး ဘာလုပ်တာလဲ။ မင်းဘာမှမမှားပါဘူး။ ပြီးတော့ မင်းကအကောင်းဆုံးကလေးပဲ”

သူ(မ)မောင်လေးသည် နောက်နောင်တွင် ခြင်္သေ့တစ်ကောင်၊ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရှားကျော်ကြားလာတော့မည် ဖြစ်သည်။

ကိစ္စအားလုံး ပြီးသွားပြီးနောက် ယွင်ယွီနှင့် ဖွားဖွားယွင်သည် အိမ်ပြန်ရန် ပြင်လိုက်လေသည်။ သူတို့ကျောင်းအပေါက်ဝသို့ ရောက်သောအခါ ယန်မင်ကွန်း၊ ယန်ထျန်းလန်တို့နှင့် မထင်မှတ်ဘဲ ဆုံလေသည်။ ယန်မင်ခမ်သည် ယန်ထျန်းလန်အား မျက်မှောင်ကြုတ်လျက် တစ်ခုခုပြောနေလေသည်။ သူတို့သည် အနောက်မှ အသံကြားသဖြင့် အဖေရောသားပါ လှည့်ကြည့်လာလေသည်။ ယန်မင်ခမ်သည် သူတို့အား မြင်သွားပြီး ဖွားဖွားယွင်အား “အန်တီ၊ ကျွန်တော် တကယ်တောင်းပန်ပါတယ်ဗျ။ ကျွန်တော့်မိသားစုက ကိုယ့်ကလေးကို သေချာမဆုံးမမိတဲ့အတွက် အန်တီတို့ကလေးကို အများကြီးနစ်နာသွားစေခဲ့ပါတယ်” ဟုပြောလိုက်သည်။

“မှန်ပါတယ်” ဖွားဖွားယွင်သည် ပြေပြေလည်လည်ဖြင့် “ဒီကိစ္စကို ထားလိုက်ပါတော့”

ယန်မင်ခမ်သည် ခေါင်းညိတ်ပြလိုက်ပြီး “ကျေးဇူးတင်ပါတယ်၊အန်တီ”

ထွက်သွားခါနီးတွင် ယွင်ယွီသည် ယန်ထျန်းလန်အား တစ်ချက်ကြည့်လိုက်ပြီး အပြုံးမမည်သော အပြုံးတစ်ခု ပြုံးပြသွားလေသည်။ ယန်ထျန်းလန်သည် ဟွန်းခနဲနှာတစ်ချက်မှုတ်လိုက်၏။ ဒီကိစ္စမပြီးသေးဘူးဆိုတာကို သူခံစားမိပါသည်။

ယွင်ယွီသည် ယခုတစ်ကြိမ်တွင် ယန်မင်ခမ်အား ကူညီရန် အစီအစဉ် မရှိသေးသောကြောင့် နေအိမ်ဆောက်လုပ်ရေးနှင့်ပတ်သက်၍ သူ့အား တစ်ခွန်းမှ မပြောဘဲထားလိုက်သည်။ ယန်ထန်းလျန်နှင့် ဖီထျန်းလေ့အား လွယ်လွယ်ကူကူ လွှတ်ပေးရန် အစီအစဉ်မရှိပေ။ ပိုကောင်းသည့် မှတ်ဉာဏ်များ ထင်ကျန်နေစေရန် သူတို့အား ပိုခံစားခိုင်းမည်ဖြစ်သည်။

******

All Chapters